Thursday, December 29, 2011

ဝင်းဖေဝင်း ဘာသာပြန် စိန်မင်းသမီး အဆက် အပြိုင်အဆိုင်အနိုင်, အပိုင်း (၃၅)

(၃၅)

ဟင်းဒရစ်အဖို့ သူ့ဘ၀တွင် ပထမဆုံးအကြိမ် မြေအောက်သို့ ဆင်းခြင်း ဖြစ်၍ ကြောက်ရွံ့ထိတ်လန့် ကာ စကားပင် ပြောမရဘဲ ဖြစ်နေသည်
လူမည်းသတ္တုတွင်း တူးသမားများ စတင် တန်းစီးရပ်ရစဉ်ကပင် ဟင်းဒရစ် ကြောက်ရွံ့စ ပြုလာသည်။ မြေအောက်ဆင်းမည့်သူ အားလုံးသည် အညိုရောင် အပေါ်အောက် ၀တ်စုံနှင့် ရော်ဘာဖိနပ်အနက် ရှည်တို့ကို ၀တ်ထားသည်။ ငွေသံခမောက်များ ဆောင်းထားပြီး သံခမောက်ပေါ်တွင် ဘက်ထရီမီးလုံး တပ်ထားသည်။ ဟင်းဒရစ်သည် လူတန်းအတိုင်း လိုက်ပါသွားရာ တဖြည်းဖြည်းနှင့် ရှေ့ဆုံးရောက် သွားသည်။ သူ့ရှေ့အတွက်တွင် သံဆန်ခါ ဆီးကာထားသည့် ဂိတ်ဝသို့ ရောက်သွားသည်။

သံဆန်ခါ ကို ကျော်ကြည့်လိုက်ရာ သံမဏိကြိုးလုံးကြီးများနှင့် သံထည်များကို တွေ့ရသည်။ သံဆန်ခါ တံခါး ရုတ်တရက် ပွင့်သွားပြီး ဟင်းဒရစ်လည်း လူအုပ်နှင့်အတူ ဓာတ်လှေကားအိမ်ထဲသို့ ကျပ်ညပ်ပါ သွားသည်။ လူ ၇၀ ပြည့်သွားသောအခါ တံခါးပိတ်သွားသည် ဓာတ်လှေကားသည် အောက်သို့ အနည်း ငယ် ရုတ်တရက် နိမ့်ဆင်းသွားပြီး ရပ်သွားပြန်သည်။ သူ့ခေါင်းပေါ်မှ ခြေသံများကြာ၍ မော့ကြည့်လိုက် ရာ ဓာတ်လှေကားမှာ နှစ်ထပ်ဖြစ်ကြောင်း သိလာရပြီး အပေါ်ထပ်တွင်လည်း လူ ၇၀ ထပ်တင် ပြန် သည်။ ထို့နောက်မှ ဓာတ်လှေကားသည် မြေအောက်သို့ တရွေ့ရွေ့ နိမ့်ဆင်းသွားရာ ဟင်းဒရစ်အဖို့ ကြောက်စိတ် ထဲက နေဆဲ ဖြစ်သည်။

ဓာတ်လှေခါး သည် တဖြည်းဖြည်း မြန်လာကာ မြေအောက်လိုဏ်ခေါင်းအတွင်း အမြန်ရထားသဖွယ် တစ်မိုင်ပြီး တစ်မိုင် သွားနေရာ ဟင်းဒရစ် ကြောက်စိတ်များက လျော့မသွားပေ။ မြေအောက်သို့ နှစ်မိုင် အနက် ရောက်သွားမှ ရပ်သွားသည်။ ဓာတ်လှေကားတံခါး ပွင့်သွားပြီး မြေအောက်တွင်းကြီးထဲသို့ သူတို့ ဆင်းလိုက်ကြသည်။ လိုဏ်ခေါင်ကြီးတွင် စွတ်စိုပြီး အရောင်တောက်နေသော ကျောက်နံရံများ ကာဆီးထားသည်။ ထိုလိုဏ်ဂူထဲ၌ လူများရာချီပြီး ပြည့်နှက်နေသည်။ ထိုအလုပ်သမားများသည် ဤနေရာမှ နေ၍ အသွယ်သွယ်တန်းနေသော လိုဏ်ခေါင်းပေါက်များအတွင်းသို့ အလျှိုအလျှို ၀င်နေကြ သည်။

နေရာတိုင်းတွင် ရေများ ရှိနေပြီး လျှပ်စစ်မီးရောင်တွင် ရေအရောင်က တလက်လက် ဖြစ်နေသည်။ လေမှာ စိုထိုင်းဆ များ နေသည်။ ဟင်းဒရစ်သည် သူတို့ အလုပ်ဂိုဏ်းအဖွဲ့ သွားရမည့် လိုဏ်ခေါင်း လမ်းသွယ်တစ်ခုအတွင်း လိုက်ပါသွားသည်။ ထိုနေရာသို့ ရောက်သောအခါ လျှပ်စစ်မီးတစ်လုံးအောက် တွင် လူဖြူအလုပ်ကြပ်တစ်ယောက်နှင့် လူမည်းအလုပ်သမားခေါင်း နှစ်ယောက်ကို တွေ့ရသည်။
လိုဏ်ခေါင်းထိပ်၌ နံရံသုံးဘက်ဖြင့် တြိဂံလုပ်ထားသော အလုပ်နေရာ ဖြစ်သည်။ ထိုအလုပ်စခန်းနေရာ နံပါတ် ကို အ၀င်အ၀၌ ရေးထိုးထားသည်။ အုတ်နံရံတစ်ဘက်တွင် ရှိသော ထိုင်ခုံတန်း၌ သူတို့ ထိုင် လိုက်ကြသည်။ လူမည်း အလုပ်သမားခေါင်းက တစ်ဦးချင်းနာမည်ခေါ်ကာ လူစစ်သည်။ ထို့နောက် လူဖြူ အလုပ်ကြပ်က မေးလာသည်။

"တူကိုင်အလုပ်သမားသစ် ဘယ်သူလဲကွ"
ဟင်းဒရစ်က နေရာမှ ထလိုက်သည်။ လူဖြူအလုပ်ကြပ် ကဂွန်ဂျေးက ဟင်းဒရစ် ရှေ့တွင် လာရပ် သည်။ သူတို့နှစ်ယောက်မှာ ကိုယ်လုံးကိုယ်ပေါက်ချင်း၊ အရပ်အမောင်းချင်း အတူတူလောက်ပင် ဖြစ် သည်။ တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြသည်။ လူဖြူနှာခေါင်းမှာ ကောက်ပြီး ကျိုးနေ သည်။ အချိန်အတော်ကြာကြာကပင် ခိုက်ရန် ဖြစ်ပြီး ကျိုးခဲ့ပုံရသည်။ သူက ဟင်းဒရစ်ကို သေသေ ချာချာ ကြည့်သည်။ ရှေ့သွားနှစ်ချောင်းကျိုးနေပြီး ခေါင်းပေါ်၌ အမာရွတ်ကို တွေ့ရသောအခါ လေးစား သွားသည်။ နှစ်ယောက်စလုံး လူထွားလူကြမ်းများချည်းဖြစ်ကြောင်း တစ်ယောက်နှင့် တစ်ယောက် အသိအမှတ်ပြုကြသည်။

မြေပြင်ပေါ်မှ နေရောင်အောက် လေတဖြူးဖြူးတွင်မူ သူတို့သည် လူဖြူနှင့်လူမည်း ဟူ၍ ကွဲပြားနေမည် ဖြစ်သည်။ ယခု မြေအောက်အနက်ကြီးထဲတွင်မူ နှစ်ယောက်စလုံး သာမန်လူသားချည်း ဖြစ်ပေသည်။
"မင်း တူကိုင် တူထု လုပ်တတ်တယ် မဟုတ်လား"
ကဂွန်ဂျေးက မေးသည်။
"လုပ်တတ်ပါတယ်"
ဟင်းဒရစ်က ပြန်ဖြေသည်။ သူသည် မြေပြင်လေ့ကျင့်ရေး စခန်းတွင် ထိုအလုပ်ကို ရက်သတ္တပတ် နှစ်ပတ် သင်ကြား လေ့ကျင့်လာခဲ့ပြီး ဖြစ်သည်။
"ဒီရန်းကုမ္ပဏီမှာ ကျောက်ခွဲတဲ့အလုပ်ကို ငါ့အလုပ်ဂိုဏ်းက အကောင်းဆုံး လုပ်ပြနေတာ၊ ဒီတော့မင်း မင်း ငါတို့စံချိန်မီအောင် ကြိုးစားလေ့ကျင့်ပြီး လုပ်ပေတော့၊ တို့စံချိန်ကို မမီယင်တော့ မင်းခေါင်းကို ရိုက်ခွဲရလိမ့်မယ်၊ နားလည်ရဲ့လား"

"နားလည်ပါတယ်"
"ကဲ ... တူကိုင် အလုပ်သမားတွေ တန်းစီ" ကဂွန်ဂျေးက အမိန့်ပေးလိုက်သည်။
ခုံတန်းရှည်တွင် ထိုင်နေသူများထဲမှ ငါးဦးက မတ်တတ်ရပ်လိုက်သည်။ သူတို့အားလုံးသည် ဟင်းဒရစ် လိုပင် လူထွားကြီးများချည်း ဖြစ်သည်။ ကျောက်တုံးကြီးများကို တူဖြင့် ထုခွဲရသော အလုပ်မှာ အလွန် ပင် ကာယအားစိုက်ထုတ်ရသော လုပ်ငန်း ဖြစ်သည်။ ကျောက်ခွဲအလုပ်ဂိုဏ်း အဖွဲ့များတွင် ဤအဖွဲ့ သည် လက်ရွေးစင် ဒေါင်ဒေါင်မြည် အဖွဲ့ ဖြစ်သည်။ သူများ နှစ်ဆခန့် လုပ်အားခရပြီး အပိုဆုကြေး ဘောနပ်လည်း ရသေးသည်။ ထို့အပြင် ဂုဏ်ရှိသော၊ အထင်ကြီးခံရသော အလုပ်လည်း ဖြစ်သည်။

လျှပ်စစ်မီးသီးအောက်ရှိ ကျောက်သင်ပုန်းကြီးတွင် ကဂွန်ဂျေးက သူတို့နာမည်များကို တန်းစီရေးသည်။ ဟင်းဒရစ်၏ နာမည် ဟင်နရီတာဘာနာမှာ အောက်ဆုံးမှ ဖြစ်သည်။ ဇူးလူး လူထွားကြီး ဇာမာ၏နာမည် က ထိပ်ဆုံးမှ ရှိသည်။ ဇာမာက ဂျာကင်အင်္ကျီကို ချွတ်လိုက်ပြီး ဘေးမှ ကောင်လေးတစ်ယောက်ကို ပေးလိုက်သည်။ လုံးထစ်ဖုကြွနေသော သူ၏ ကြွက်သားများက မီးရောင်တွင် တပြောင်ပြောင် တလက် လက် ရှိနေသည်။
သူက ဟင်းဒရစ်ကို လှမ်းကြည့်ပြီး ပြောလိုက်သည်။
"သဲကန္တာရထဲက အိုဘမ်ဗိုခွေးကလေး အူပြီး တို့ဆီရောက်လာပြီဟေ့"
ကျန်လူအားလုံးက ရယ်လိုက်ကြသည်။ သူသည် ဤအဖွဲ့၌ ခေါင်းဆောင်ဖြစ်ရာ ကျန်လူများက သူရယ်စရာ ပြောလျှင် လိုက်ရယ်ကြရသည်။

"ဇူးလူး မျောက်လွှဲကျော်ကြီး သန်းကိုက်တို့ ကုတ်ပြီး အော်လိုက်ကာ အဝေးကြီးကတောင် ကြားရမယ် ထင်တယ်"
ဟင်းဒရစ်က ခပ်အေးအေးပင် ပြန်ပြောလိုက်ရာ အားလုံး အံ့အားသင့်ပြီး ခေတ္တငြိမ်သွားသည်။ တအောင့်ကြာမှ မရွံ့မရဲဖြင့် ခပ်သဲ့သဲ့ ရယ်ကြသည်။
"မင်းတို့နှစ်ယောက် တယ်စကာများတာပဲ၊ ကဲ ... ကျောက်တွေ ခွဲကြကွာ" ကဂွန်ဂျေးက အမိန့်ပေး လိုက်သည်။

ကျောက်ခွဲရသော အလုပ်မှာ အလွန်ပင်ပန်းသော အလုပ် ဖြစ်သည်။ အလုပ်ကြပ်က ခွဲရမည့်နေရာများ ကို ပြပေးသည်။ စို့ကိုင်အကူတစ်ယောက်က ကူပေးသည်။ ကျောက်ခွဲသမားက လေးလံသောတူကြီး များဖြင့် အားကုန်သုံးပြီး ရိုက်ခွဲရသည်။ ထိုအလုပ်မှာ အလွန်ပင်ပန်းသော အလုပ် ဖြစ်သည်။ ဟင်းဒရစ် ကိုယ်လက်များကိုက်ခဲနာကျင်လာသည်။
အလုပ်ပြီးသွားသောအခါ တစ်ကိုယ်လုံး ရွံ့အ၀ါများ ပေကျံကုန်သည်။ ဇူးလူးလူထွားကြီး ဇာမာပင် ခြေထောက်များ ခွေယိုင်ကာ ယိုင်ထိုးနေသည်အထိ ခြေကုန်လက်ပန်းကျသွားသည်။ မျက်လုံးများပင် မှေးစင်းရီဝေနေသည်။ အလုပ်ကြပ်က ဂွန်ဂျေးက ကျောက်သင်ပုန်း၌ ရေးထားသော လူနာမည်များ ဘေးတွင် တစ်ဦးချင်းပြီးစီးသော လုပ်ငန်းပမာဏကို မှတ်တမ်းတင်သည်။
ထိုနေ့က ဇူးလူးလူထွားကြီးဇာမာက ၁၂တုံးပြီးသည်။ ဟင်းဒရစ်က ဒုတိယအများဆုံးဖြင့် ဆယ်တုံးပြီးသည်။

"ဟ ... ပထမဆုံးနေ့မှာတောင် ဒီခွေးအက ဒုတိယနေရာလိုက်ပါလား" ဇူးလူးက ပြောလိုက်သည်။
"ဒုတိယနေ့ကျယင် ထိပ်ဆုံးကို ရောက်လိမ့်မယ်" ဟင်းဒရစ်က ကျန်ရှိသမျှအားကို ဖျစ်ညှစ်ပြီး ပြောလိုက်သည်။
သို့သော် ဒုတိယနေ့တွင် ဟင်းဒရစ် ပြောသလို ဖြစ်မလာ။ နောက်လည်း ဖြစ်မလာ။
သို့ရာတွင် ပထမ တစ်လကုန်သောနေ့၌ ဟင်းဒရစ်သည် ကုမ္ပဏီ၏ ဘီယာခန်းထဲ၌ အခြားမျိုးတူ အိုဘမ်ဗိုလူမည်းများနှင့် ထိုင်နေစဉ်တွင် ဇူးလူးလူထွားကြီးဇာမာက တစ်ဂါလံဝင် ဘီယာခွက်ကြီး နှစ်ခွက်ကို ကိုင်ပြီး သူတို့စားပွဲသို့ လာသည်။ ကုမ္ပဏီမှ ရောင်းသော ထိုဘီယာသည် အာဟာရဓာတ် များပြီး အမူးဓာတ်နည်းနည်းသာပါသည်။

ဇူးလူးကြီးက ဘီယာခွက်တစ်ခွက်ကို ဟင်းဒရစ်ရှေ့ ချပေးလိုက်ပြီး ပြောလိုက်သည်။
"တို့ ဒီလမှာ ကျောက်တုံးတွေ အတူတူ ခွဲဦးမယ် မဟုတ်လားဟေ့ မျောက်လွှဲကျော်ကြီး"
သူတို့နှစ်ယောက် အားရပါးရ ရယ်လိုက်ကြပြီး ဘီယာခွက်များကို ပြိုင်တူမြှောက်ကာ တရှိန်ထိုး အကုန် သောက်လိုက်ကြသည်။
ဇာမာသည် ဟင်းဒရစ်၏ ညီအစ်ကိုတော် ကျွဲအဖွဲ့ထဲသို့ ပထမဆုံး ၀င်လာသော ဇူးလူးအမျိုးသား ဖြစ် သည်။ လူမျိုးစုတစ်ခုနှင့်တစ်ခု အစဉ်အလာက ကွဲပြားနေသော အခက်အခဲ အဟန့်အတားကို ယခု သူတို့ ကျော်လွှားလိုက်ပြီ ဖြစ်သည်။

ဟင်းဒရစ်သည် သူ့ညီမိုးဇက်နှင့် ပြန်မတွေ့ခင် သုံးလအတွင်း ကုမ္ပဏီ၏ လူမည်းသတ္တုတွင်းတူး အလုပ်သမားများအပေါ် အတော်ပင် သြဇာလွှမ်းမိုးဖြန့်ကြက်နိုင်ခဲ့သည်။
ဇူးလူးလူထွားကြီးဇာမာက ဟင်းဒရစ်၏လက်ထောက်ဖြစ်နေပြီး ကျွဲညီအစ်ကိုတော်များတဲသို့ ဇူးလူး၊ ရှန်ဂန်၊ မာတာဘယ်လီ စသော လူမည်းများအားလုံး ပါဝင်လာအောင် စည်းရုံးသိမ်းသွင်းနိုင်ခဲ့သည်။ ကျွဲညီအစ်ကိုတော်များထဲသို့ ပါဝင်အောင် ချဉ်းကပ်စည်းရုံးရာတွင် ဆန့်ကျင်သူများမှာ တစ်နည်းနည်း ဖြင့် ဒုက္ခဖြစ်ကြရသည်။ လုသက်အနှစ် ၃၀ ရှိသော ၀ါရင့် ဇူးလူးအလုပ်သမားခေါင်းဆောင် တစ်ယောက်သည် ကျွဲထဲဝင်ရန် ငြင်းဆန်ပြီး နောက်တစ်နေ့တွင် မြေအောက်အဆင်း ၁၇ထပ်မှ အောက်သို့ လက်သည်မပေါ်ဘဲ ပစ်ကျကာ သေဆုံးခဲ့ရသည်။
ကျွဲညီအစ်ကိုတော်များ၏ စည်းရုံးသိမ်းသွင်းမှုကို ငြင်းဆန်ခဲ့သော ကုမ္ပဏီမှ ရဲသားတစ်ဦးသည် သူ၏ အစောင့်ရုံးထဲ၌ ဓားထိုးခံရပြီး သေဆုံးခဲ့သည်။ နောက်တစ်ဦးမှာ မီးဖိုထဲ ပစ်ကျပြီး သေဆုံးခဲ့သည်။ နှစ်မှုစလုံး လက်သည်မပေါ်ခဲ့ပေ။

နောက်ဆုံး မိုးဇက်ထံမှ အကြောင်းကြားချက် ရောက်လာသည်။ ဟင်းဒရစ်က သူ့လူများအား အစည်း အဝေးခေါ် ပြောလိုက်သောအခါ ဟင်းဒရစ်သည် သတ္တုတွင်း ၀င်းကြီးထဲမှ အဟန့်အတားမရှိ ထွက်လာ နိုင်ခဲ့သည်။ လူမည်းသတ္တုတွင်း အလုပ်သမားများသည် မိမိတို့အတွက် သတ်မှတ်ထားသော သံဆူကြိုး ကာ ၀င်းအတွင်း၌သာနေရန် အစိုးရက အမိန့် ထုတ်ပြဋ္ဌာန်းထားသည်။ သောင်းချီများပြားသော လူမည်း မိုင်းအလုပ်သမားများအား ထိုသို့ ကန့်သတ်မထားဘဲ ရွှေတွင်းများ နယ်ပယ်၌ ကြိုက်သလို သွားခွင့် ပြုထားပါက ရာဇ၀တ်မှုများ၊ မုဒိမ်းမှုများ မှိုလိုပေါက်လာမည်စိုး၍ ဖြစ်သည်။ ထို့ကြောင့် စနစ် တကျ ၀င်းခတ်ပြီး အ၀င်အထွက်ကို ကြပ်မတ်ထားသည်။

သို့ရာတွင် ဟင်းဒရစ်အဖို့ ကိုယ်ပျောက်ပြီး ထွက်သွားသလိုပင် အလွယ်တကူ ထွက်သွားနိုင်ခဲ့သည်။ ညဘက်ကြယ်ရောင်အောက်တွင် ၀င်းထဲမှ ထွက်လာခဲ့သည်။ လမ်းနှင့်အတော်ဝေးဝေး ဖို့ဒ် ကားကို တွေ့သောအခါ အနားသို့ သတိဝီရိယဖြင့် ချဉ်းကပ်သွားသည်။ ကားရှေ့မီးလင်းလာပြီး မိမိအား မီးမောင်းသဖွယ် ထိုးလိုက်သောအခါ ဟင်းဒရစ်တုံ့ခနဲ ရပ်လိုက်သည်။
ကားမီးပြန်ငြိမ်းသွားပြီး မိုးဇက်၏ ခေါ်သံက အမှောင်ထုထဲက ထွက်လာသည်။
"ကျွန်တော် အစ်ကို့ကို မြင်နေရတယ် အစ်ကို"
မိုးဇက်က လှမ်းပြောသည်။ ညီအစ်ကိုနှစ်ယောက် ပွေ့ဖက် နှုတ်ဆက်လိုက်ပြီး ဟင်းဒရစ်က ရယ်မော ပြောလိုက်သည်။

"ဟား ... ဟား .... မင်း အခု လူဖြူတွေလို မော်တော်ကား မောင်းနေပြီပေါ ဟုတ်လား"
"ဒီမော်တော်ကားက ကျွန်တော့်ဆရာရဲ့ ကားပါ"
မိုးဇက်က ဟင်းဒရစ်အား ကားဆီသို့ ခေါ်သွားသည်။ ဟင်းဒရစ်သည် ကားရှေ့ခန်းမောင်းသူဘေးရှိ သားရေဆိုဖာ ထိုင်ခုံ၌ ၀င်ထိုင်လိုက်ရင်း ပြောလိုက်သည်။
"လမ်းလျှောက်ရတာထက်တော့ အများကြီးသာ အများကြီး ငြိမ့်ပေါ့ကွာ"
"ကဲ ... အစ်ကိုတို့မိင်းက အခြေအနေ ပြောပါဦး"
ဟင်းဒရစ်က သူ၏ အစီရင်ခံစာကို အရှည်ကြီး ပြောပြရာ ပြီးဆုံးသည်အထိ မိုးဇက်က ၀င်မစွက်ဘဲ နားထောင်သည်။ ပြီးသွားမှသာ ခေါင်းညိတ်ပြီး ပြန်ပြောသည်။

"ကျွန်တော့် လိုလားချက်တွေကို အစ်ကိုသဘောပေါက်သားပဲ၊ ကျွန်တော် လိုချင်တာ အဲဒါပဲ၊ ကျွန်တော် တို့ ညီအစ်ကိုတော် အဖွဲ့အစည်းဟာ အိုတန်ဗိုလူမျိုးစုတစ်ခုတည်း မဟုတ်ဘဲ လူမည်း လူမျိုးစုအားလုံး သွေးစည်း ညီညွတ်ရမယ်၊ ဒီရွှေတွင်းမြေတစ်ဝှမ်းလုံးကို ကျွန်တော်တို့ ခြေတံလက်တံ တွေ ဖြန့်ထား နိုင်ရမယ်"
"မင်းအလျင်ကလဲ ဒီအတိုင်း ပြောခဲ့တာပါပဲ၊ ဒါပေမယ့် ဘာ့ကြောင့် ဒီလိုလုပ်ရတယ်ဆိုတာ မင်းမပြော သေးဘူး၊ ငါ မင်းကို ယုံပါတယ်၊ မင်းပြောတဲ့အတိုင်း ငါ လူတွေစုထားပြီးပြီ၊ သူတို့က ငါ့ကို မေးခွန်း တစ်ခုမေးတယ်၊ ဘာဖြစ်လို့ အခုလို ညီအစ်ကိုတော် ဖွဲ့ရတာလဲတဲ့၊ ဘာအကျိုးအမြတ် ရမလဲတဲ့

"အစ်ကိုက ဘယ်လိုဖြေလိုက်သလဲ"
"ငါက ဖိန့်လိုက်ရတာပေါ့၊ နည်းနည်းသည်းခံပြီး စောင့်ကြပါဦးလို့၊ တကယ်တော့ ဘာဖြေရမှန်း ငါလဲ သိမှ မသိဘဲ၊ သိသယောင်ဆောင်ပြီး ဖိန့်လိုက်ရတာပေါ့ကွာ၊ အကြာကြီးဆက်ဖိန့်ဖို့တော့ မလွယ်ဘူး ဟေ့"
ဟင်းဒရစ်စကားကြောင့် မိုးဇက် ရယ်လိုက်သည်။
"အစ်ကို အကြာကြီး ဆက်ဖိန့်နေစရာ မလိုတော့ပါဘူး၊ ကဲ ... ကျွန်တော့်ကို တစ်ခု ပြောစမ်းပါဦး၊ အခု အစ်ကို သတ္တုတွင်းမှာ လာလုပ်နေတဲ့ သုံးလအတွင်း၊ ဘာကို သတိအရဆုံး၊ အတောင်းတဆုံး၊ အလိုချင်ဆုံးလဲ"
"ဟင်း ... ငါအတောင်းတဆုံးကတော့ မိန်းမပဲ"
ဟင်းဒရစ်က သက်ပြင်းမောကြီးချပြီး ဖြေလိုက်သည်။

"ကဲ ... ဒီညအစ်ကို အဲဒါရမယ် ဆိုပါတော့၊ နောက်ထပ် ဘာတောင်းတသေးသလဲ"
"ဗိုက်ထဲမှာ ပူနွေးသွားမယ့် အရက် ကောင်းကောင်းလေးပေါ့ကွာ၊ ကုမ္ပဏီက ရောင်းတဲ့ ဘီယာ ပျော့ပျော့ကြီးမျိုး မဟုတ်ဘူး"
"အစ်ကို ... အစ်ကို့ မေးခွန်းကို အစ်ကိုပဲ ဖြေနေပြီပဲ၊ အဲဒီ အစ်ကိုလိုချင်တဲ့ အရာနှစ်ခုကို အစ်ကို့ လူတွေဟာ ညီအစ်ကိုတော် အဖွဲ့ကတစ်ဆင့် ရနိုင်မယ်လေ၊ သူတို့အဖို့ မိန်းမရယ်၊ အရက်ရယ်၊ ငွေရယ် ရစေ့မယ်၊ ဒါပေမယ့် အစ်ကိုတို့ ကျွန်တော်တို့ ခေါင်းဆောင်တွေအတွက်တော့ ဒီထက်မက အများကြီး ရစရာတွေ ရှိပါသေးတယ်"

မိုးဇက်က မော်တော်ကားစက်ကို နှိုးပြီး မောင်းထွက်လိုက်သည်။ ရွှေတွင်းမြေဖြစ်သော စစ်ဝါတာစထရင်းတောင်တန်းသည် ကီလိုမီတာ ၁၀၀ကျော် ရှည်သည်။ မိုးဇက်သည်ကားကို တောင်ဘက်သို့ ဦးတည် မောင်းလာသည်။ ရွှေတွင်းများ၊ လူဖြူတို့ နေသော ရပ်ကွက်နှင့် အိမ်များ၊ လမ်းများကို ကျော်ဖြတ်လာသည်။ လမ်းက ကျဉ်းသွားပြီး ပိုကြမ်းလာသည်။ မြို့၏ လမ်းဓာတ်မီးတိုင် များက နောက်ဘက်တွင် ကျန်ရစ်ခဲ့သည်။ လူမည်းများ၏ ပျံကျရပ်ကွက်များမှ ထင်းမီးဖိုလေးများမှာ အတော် များများ ရှိနေသည်။ လမ်းဟူ၍ မည်မည်ရရ မရှိတော့ဘဲ ထိုမီးဖိုများမှ မီးရောင်ဖြင့် ကားမောင်း လာကြသည်။ မီးဖိုများ၊ မီးပုံများကို မြင်နေရသော်လည်း လူများကိုမူ ကားပေါ်မှ မြင်ရ။ မီးပုံများ ၀န်းကျင် ၌ လူများ ရှိနေသည်မှာ သေချာသည်။

"တို့ ဘယ်နေရာ ရောက်နေလဲကွ"
ဟင်းဒရစ်က မအောင့်နိုင်တော့ဘဲ မေးလိုက်သည်။
"ဘယ်သူမှ မသိတဲ့ အလေးမထားတဲ့ မြို့ကို ကျွန်တော်တို့ ရောက်နေတယ်"
ကျူးကျော်ရပ်ကွက်သဖွယ် တဲများကြားမှ ကားဖြတ်မောင်းသွားရာ လူရိပ်များကို ဟင်းဒရစ် လှမ်းမြင်ရ သည်။ ကားမီးရောင်ဖြင့် မြင်ရသော မြင်ကွင်းတချို့ကို ကြည့်လိုက်သည်။ လူမည်းကလေးငယ် တစ်စု က ခွေးတစ်ကောင်ကို ခဲနှင့် လိုက်ပေါက်နေသည်။

လမ်းဘေး၌ လူတစ်ယောက်လဲနေရာ မူးနေ သလား၊ သေနေမလားမသိ။ သွက်ကာထားသော နံရံတစ်ခုထောင့်တွင် လူမည်းအမျိုးသမီး တစ်ယောက် ထိုင်ပြီး အပေါ့သွားနေသည်။ တစ်နေရာတွင် လူနှစ်ယောက် သတ်ပုတ်ထွေးလုံးနေသည်။ မီးပုံတစ်ပုံဘေးတွင် မိသားစုတစ်စု ထိုင်ပြီး အမဲသားဘူးကို ဖောက်စားနေသည်။ ကားမီးရောင်ကို မြင်သောအခါ အံ့အားသင့်ပြီး မျက်လုံးပြူး ကြည့်နေကြသည်။ ပတ်ဝန်းကျင်၌ မှုန်ဝါးဝါး တွေ့ရသော လူရိပ်များက ရာဂဏန်းမက ထောင်ဂဏန်းအထိ ရှိမည် ထင်ရသည်။
"ဒီနေရာက ဒရိတ်ဖမ်းလို့ ခေါ်တယ်၊ လူဖြူတွေရဲ့ ရွှေတွင်းမြေ ပတ်ပတ်လည်မှာ ရှိတဲ့ လူမည်းပျံကျ ကျူးကျော်မြို့ကလေးတွေထဲက မြို့တစ်မြို့ပေါ့" မိုးဇက်က ပြောလိုက်သည်။
ထင်းမီးအနံ့များ၊ ရေမြောင်းပုပ်အနံ့များစသော အနံ့ဆိုးများကို ဟင်းဒရစ် ရှူရှိုက်လိုက်မိသည်။

"ဒီမှာ လူဘယ်လောက်ရှိမလဲ" ဟင်းဒရစ်က မေးသည်။
"ငါးထောင်လဲ ရှိနိုင်တယ်၊ တစ်သောင်းလဲ ရှိနိုင်တယ်၊ ဘယ်သူမှလဲ အတိအကျ မသိဘူ၊ ဘယ်သူကမှ လဲ ဂရုမစိုက်ဘူး"
မိုးဇက်က မော်တော်ကား ရပ်လိုက်သည်။ ရှေ့မီးကို ငြိမ်းလိုက်ပြီး အင်ဂျင်စက်ကိုပါ သတ်လိုက်သည်။
ငြိမ်သက်နေသည် ထင်ရသော်လည်း တကယ်တော့ မငြိမ်။ ကလေးငိုသံ၊ ခွေးဟောင်သံ၊ မိန်းမ သီချင်းဆိုသံ၊ ယောက်ျားများ မူးရူးစားသောက် ပျော်ပါးနေသံ စသည်များကို အမှောင်ထုထဲမှ ကြားနေ ရသည်။

မိုးဇက်သည် ကားပေါ်မှ ဆင်းလိုက်ပြီး အမှောင်ထဲသို့ လှမ်းခေါ်လိုက်သည်။ တဲများ ရှိသော အမှောင် ထုထဲမှ ကလေးခြောက်ယောက်ခန့် ထွက်လာကြသည်။
"ငါ့မော်တော်ကားကို စောင့်ကြည့်ထားကြဟေ့"
မိုးဇက်က အမိန့်ပေးလိုက်ပြီး ပိုက်ဆံစေ့တစ်စေ့ကို ပစ်ပေးလိုက်ရာ ကလေးတစ်ယောက်က လေထဲ တွင်ပင် ဖမ်းယူလိုက်သည်။ ထို့နောက် ၀မ်းသာအားရ အော်ဟစ်လိုက်သည်။
မိုးဇက်က ဟင်းဒရစ်အား တဲများဆီသို့ ခေါ်သွားရာ သီချင်းသံကို ပိုပြီးပီသစွာ ကြားလာရသည်။ ထို့အပြင် ဗလုံးဗထွေးပြောသံများ၊ အစားသောက် အနံ့များလည်း ရလာသည်။ ရှည်လျား၍ အမိုးနိမ့် သော အဆောက်အအုံ တစ်ခု သူတို့ ရောက်သွားသည်။ မိုးဇက်က တံခါးခေါက်လိုက်သည်။ လက်ဆွဲ မီးအိမ် တစ်ခု၏ အလင်းရောင်က မျက်နှာပေါ်သို့ ကျရောက်လာပြီး တံခါးပွင့်သွားသည်။

"လာ ... အစ်ကို ... ဒါ ကျွန်တော်တို့ရဲ့ ပထမဆုံး ချမ်းမြေ့ ရိပ်မြုံပဲ၊ ကျွန်တာ် အစ်ကို့ကို ကတိပေးထား တဲ့အတိုင်း ဒီမှာ အမျိုးသမီးကော အရက်ကော နှစ်မျိုးစလုံး ရတယ်"
မိုးဇက်က ဟင်းဒရစ်အား တဲများဆီသို့ ခေါ်သွားရာ သီချင်းသံကို ပိုပြီးပီသစွာ ကြားလာရသည်။ ထို့အပြင် ဗလုံးဗဌေးပြောသံများ၊ အစားအသောက်အနံ့များလည်း ရလာသည်။ ရှည်လား၍ အမိုးနိမ့်သော အဆောက်အအုံ တစ်ခု သူတို့ ရောက်သွားသည်။ မိုးဇက်က တံခါးခေက်လိုက်သည်။ လက်ဆွဲမီးအိမ်တစ်ခု၏ အလင်းရောင် မျက်နှာပေါ်သို့ ကျရောက်လာပြီး တံခါးပွင့်သွားသည်။

"လာ ... အစ်ကို ... ဒါ ကျွန်တော်တို့ရဲ့ ပထမဆုံး ချမ်းမြေ့ရိပ်မြုံပဲ၊ ကျွန်တော် အစ်ကို့ကို ကတိပေးထား တဲ့အတိုင်း ဒီမှာ အမျိုးသမီးကော အရက်ကော နှစ်မျိုးစလုံး ရတယ်"
မိုးဇက်က ဟင်းဒရစ်လက်ကိုဆွဲပြီး တံခါးပေါက်မှအထဲသို့ ၀င်သွားသည်။ တဲထဲတွင် လူများဖြင့် ပြည့်ကျပ်နေသည်။ ဆေးလိပ်မီးခိုးများက တထောင်းထောင်းထပြီး အုံ့မှိုင်းနေသည်။ အသံဗလံများ လည်း ဆူညံနေသည်။ လူမည်းအမျိုးသားများ၏ မျက်နှာများက ချွေးရောင်ဖြင့် ပြောင်နေသည်။ သတ္ထု တွင်းထူး လူမည်းအလုပ်သမားများ ဖြစ်ပြီး အရက်သောက်သူသောက်၊ သီချင်းဆိုသူ၊ ရယ်သူရယ်၊ မိန်းမများနှင့် အကြည်ဆိုက်သူဆိုက် ဖြစ်နေကြသည်။ အချို့က ရေချိန်လွန်နေကြပြီ။ လူအနည်းငယ် ကမူ အမူးလွန်ကာ အံဖတ်ပုံထဲတွင် အိပ်ပျော်နေကြသည်။

အမျိုးသမီးများမှာ လူမည်း လူမျိုးစုပေါင်းစုံမှ ပါဝင်သည်။ လူဖြူမများလို မျက်နှာများကို ခြယ်သထားပြီး အ၀တ်အစား ပါးပါးလွှာလွှာများကို ၀တ်ကြသည်။ သီချင်းဆိုပြီး ကကြရာတွင် လှုပ်ယမ်းပြမှုက ပိုကဲ နေသည်။ အမျိုးသားများက ကြိုက်ရာကို ထတွဲပြီး ပိုက်ဆံပေးကာ တဲတန်းရှည်ကြီး၏ နောက်ဘက် အပေါက်မှ ထွက်သွားကြသည်။
လူများ ကျပ်ညပ်နေသော်လည်း မိုးဇက်အဖို့ တိုးဝင်စရာ မလိုပါချေ။ မိုးဇက်ကိကု မြင်လိုက်သည်နှင့် လူများက အံ့သြစရာကောင်းအောငေ် လမ်းဖယ်ပေးကြသည်။ မိန်းမများကလည်း တရိုတသေ လှမ်းနှုတ်ဆက်ကြသည်။ ဟင်းဒရစ်သည် မိုးဇက်နောက်မှ ကပ်လိုက်သွားသည်။ ဤနေရာဒေသို့ ရောက်သည်မှာ သုံးလသာ ရှိသေးသော်လည်း လူများ၏ လေးစား ရိုသေမှုကို ဤမျှရရှိထားသော ညီတော်မောင်အား စိတ်ထဲက အရမ်းချီးကျူးမိသည်။

တဲတန်းရှည်ကြီး၏ အနောက်ဘက် တံခါးပေါက်တွင် အစောင့်တစ်ယောက် ရှိသည်။ အရုပ်ဆိုးဆိုးနှင့် ခက်ထန်ပုံရသော်လည်း မိုးဇက်ကိုမူ အရိုအသေပေးသည်။ ကျွဲညီအစ်ကို နှုတ်ဆက်နည်းဖြင့် နှုတ်ဆက်ပြီး တာရပတ်လိုက်ကာစကို မဖွင့်ပေးလိုက်ုသည်။ အနောက်ဘက်က အခန်းသည် အရှေ့ ဘက် အခန်းရှည်ကြီးလောက် လူများများ မရှိပေ။ ထိုအခန်းထဲတွင် ဧည့်သည်များအတွက် စားပွဲနှင့် ခုံရှည်များ ခင်းထားသည်။ ဤအခန်းလေးထဲမှ အမျိုးသမီးများက ဟိုဘက်အခန်းကြီးထဲက အမျိုးသမီး များထက် ပိုငယ်၊ ပိုချော၊ ပိုတောင့်ပြီး ပို၍ ပြုံးချိုသည်။

အခန်းထောင့်က သီးသန့်စားပွဲ တစ်လုံးတွင် ၀၀ဖိုင့်ဖိုင့် ဧရာနန္ဒလူမည်းမကြီး ထိုင်နေသည်။ မျက်နှာ ၀ိုင်းဝိုင်း၊ ပါးစုံ့မို့မို့နှင့် ဇူးအမျိုးသမီး ဖြစ်သည်။ အသားက မည်းနက်နေသည်။ ရွှဲအိနေသော ဗိုက်ကြီးက ရှေ့သို့ တွဲကျနေသည်။ သူ့ရှေ့စားပွဲပေါ်တွင် ပိုက်ဆံပြားကို အပုံလိက် သေသေသပ်သပ် ထပ်ပြီး ပုံထားသည်။ အရောင်မျိုးစုံ ငွေစက္ကူများကိုလည်း အမျိုးတူရာ အထပ်လိုက်ထပ်ထားသည်။ မိန်းကလေးများက ပိုက်ဆံများ ယူလာပြီး သူ့ကို မေးကြရသည်။

လူမည်းမကြီးက မိုးဇက်ကို မြင်လိုက်သည်နှင့် သွား ၃၂ချောင်းပေါ်အောင် ပြုံးလိုက်ပြီး ထိုင်ရာမှ ထကာ ခရီးဦးကြိုပြုသည်။ မိုးဇက်အား လူမျိုးစုအကြီးအကဲသဖွယ် အရိုအသေပေးသည်။
မိုးဇက်က ဟင်းဒရစ်အား လူမည်းမကြီးနှင့် မိတ်ဆက်ပေးသည်။
"ဒါ ... မာမာနဂျင်ဂျာတဲ့၊ ဒီရွာမှာရှိတဲ့ ချမ်းမြေ့ရိပ်မြုံတွေထဲက အကြီးဆုံးရဲ့ ပိုင်ရှင်ပေါ့၊ မကြာခင် ဒီမှာ သူ့ဂေဟာတစ်ခုပဲ ရှိတော့မှာပါ"
ဟင်းဒရစ်သည် ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ စားပွဲများမှ လူအများစုကို သူသိနေသည်။ သူနှင့် မီးရထားတစ်စီးတည်း စီးလာသူများထဲမှ ကျွဲညီအစ်ကိုတော် အဖွဲ့ဝင်များ ဖြစ်ကြသည်။ သူတို့က ဟင်းဒရစ်အား ၀မ်းသာအားရ နှုတ်ဆက်ပြီး လူစိမ်းများနှင့် မိတ်ဆက်ပေးသည်။

"သူက ဟင်နရီတာဘာနာ၊ အစဉ်အလာကြီးမားတဲ့လူပေါ့ ရထားပေါ်က လူဖြူအလုပ်ကြပ်ကို ရှင်းပစ် လိုက်တာ သူပေါ့"
ကျွဲအဖွဲ့ဝင်သစ်များက သူ့အားချက်ချင်း အရိုအသေပေးလာကြသည်။ အခြားသတ္တုတွင်းများမှ လက်ရွေးစဉ်များကို မူလလက်ဟောင်း ကျွဲများက သိမ်းသွင်း စည်းရုံးထားခြင်း ဖြစ်သည်။
"ကျွန်တော့်အစ်ကိုဟာ အရက်ကောင်းလဲ မသောက်ရ၊ မိန်းမလဲ မတွေ့ရတာ သုံးလရှိပြီ" အခန်း အလယ်ကောင် မှ စားပွဲထိပ်တွင် ၀င်ထိုင်လိုက်ရင်း မိုးဇက်က ကျွဲများကို ပြောလိုက်သည်။ ထို့နောက် လူမည်းမကြီး ဆီသို့ လှမ်းပြီး ပြောလိုက်သည်။

"ကဲ ... မာမာနဂျင်ဂျာရေ၊ ခင်ဗျားရဲ့ ချက်အရက်ပုန်းတော့ မလုပ်နဲ့ဗျာ၊ အရက်ကောင်းကောင်းနဲ့ ကောင်မလေးချောချောပေါ့"
လူမည်းမကြီးက အပျံစား ကောင်မလေး တစ်ယောက်ကို ကိပ်ဘရန်ဒီအရက်ပုလင်းတစ်လုံးနှင့် သူတို့ဆီ လွှတ်လိုက်သ်ည။ မိုးဇက်က ကောင်မကလေးကို ခါးမှနေ၍ ဆီးဖက်ထားလိုက်သည်။ ဥရောပ စတိုင် ဘလောက်အင်္ကျီကို ဖွင့်ဝ ၀တ်ထားသော ကောင်မလေး၏အလှက ကြွရွပေါ်လွင်နေသည်။

"ကဲ ... ရဲဘော်ကျွဲတို့၊ မိန်းကလေးတစ်ယောက်နဲ့ ဘရပ်ဒီတစ်လုံးက စရတာပဲ၊ ဒီရွှေတွင်းမြေမှာ လူငါးသောင်းဟာ ဇနီးမယားတွေနဲ့ခွဲပြီး အထီးကျန် လာနေရတယ်။ ဒီလူတွေရဲ့ တကယ့်လိုအပ် ချက်တွေကို လူဖြူတွေက တားမြစ်ထားတယ်။ သူတို့အိတ်ထဲမှာ ပိုက်ဆံတွေ ရှိကြတယ်။ ဒီတော့ ငါတို့ ကျွဲတွေဟာ သူတို့လိုချင်တာကို ဆောင်ကျဉ်းပေးရမယ်"
မိုးဇက်က သူ့လူများကို ပြောလိုက်ပြီးနောက် သူဖက်ထားသော ကောင်မလေးကို ဟင်းဒရစ်ပေါင်ပေါ် သို့ တွန်းပို့လိုက်သည်။ ကောင်မလေးက ဟင်းဒရစ်ပေါင်ပေါ်တွင် တက်ထိုက်ပြီး ဟင်းဒရစ်လည်ပင်း ကို လက်နှစ်ဖက်ဖြင့် အားပါးတရ ဖက်လိုက်သည်။ ဟင်းဒရစ်ကလည်း ကောင်မလေးခါးကို သူ့လက်နှစ်ဖက် ဖြင့် သိမ်းကျုံးပွေ့ဖက်လိုက်သည်။

ဆက်ရန်
.

No comments: