Wednesday, December 28, 2011

မောင်သော်က ၏ ညနေခင်းများ, အပိုင်း (၂၉)

ပင်စင်နာတစ်ဦး၏ အာလူးမှတ်တမ်း (၁၈)
စာတတ်လာပြီဖြစ်သော ကြွက်နှင့် ဘီလူး

စာရေးသူ ဒါရိုက်တာသာဓုက စာတိုက်မှတစ်ဆင့် သူ့ထံသို့ ရောက်လာသော ရွှေပေလွှာများအကြောင်းကို ရေးသား ခဲ့သည်။ ရွှေပေလွှာပေးပို့သူများသည် သက်သက်မဲ့ လက်အညောင်းခံ၊ စာရေးစက္ကူ အကုန်ခံ၊ တံဆိပ် ခေါင်းဖိုးအကုန်ခံ၍ သူများကို စိတ်ညစ်စေရန် ဖန်တီးနေကြသူများဖြစ်သည်။ တော်ပါသေးသည် ဟု ဆိုရမည်။

ကျွန်တော်တို့ မြန်မာလူမျိုးများတွင် သန့်သန့်ရှင်းရှင်း၊ ဖြူဖြူဖွေးဖွေးမြင်ရလျှင် မနေတတ် မထိုင်တတ်၊ ဖျက်လိုဖျက်ဆီး ပြုလိုသော၊ လက်ကမြင်းချင်သောစိတ်က ဗီဇကပင် ပါလာသလောဟု တွေးမိသည်။ ကြည့်ပါ။ ရန်ကုန်မြို့ရှိ အုတ်နံရံဖြူဖြူဖွေးဖွေးဟူသမျှ လက်ကမြင်းဝါဒီသမားများ၏ ဘေးအန္တရာယ် မလွတ် ကင်းနိုင်အောင်ရှိရသည်။ သင်္ချိုင်းဇရပ်များမှာ မီးသွေးခဲနှင့် ကင်းလွတ်သည့်နေရာမရှိ။ အစိုးရ ရုံးအိမ်သာ များ အတွင်း၌ပင်လျှင် အယုတ္တ အနတ္တ စုံလင်အောင် ရေးခြစ်ထားကြသည်။

သို့ကြောင့် မြန်မာ လူမျိုးတို့၏ အကျင့်များတွင် ကျွန်တော် အမုန်းဆုံး တစ်ခုမှ အုတ်နံရံပေါ် လက်ကမြင်း သည့် အကျင့် တစ်ခုပါဝင်သည်။ ယခုမူ ကျွန်တော်သည် လမ်းဘေးအုတ်နံရံပေါ်တွင် သာမက၊ ကျွန်တော့် အိမ်တွင်း၌ပင် ဤလက်ကမြင်းဝါဒကို အလူးအလဲ ခံနေရသည်။
တစ်နေ့ အိမ်အပြန်တွင် ကျွန်တော်၏ နေအိမ်တံခါးဝ တံခါးချပ်တစ်ခုပေါ်၌ လက်ကမြင်းဝါဒသမားတစ်ဦး ၀င်ရောက်ကာ၊ မြေဖြူခဲဖြင့် အောက်ပါအတိုင်း ရေးခြစ်သွားခဲ့သည်ကို စိတ်ဆိုးစွာ တွေ့မြင်ရသည်။

ကလေးအသား ခါးတယ်၊ ခွေးအသား ချိုတယ်။
ကျွန်တော့် နေအိမ်တွင် ကျွန်တော် မရှိစဉ်ကာလ သမီးဖြစ်သူနှင့် မြေးငယ်တစ်ဦးသာ ကျန်ရစ်ခဲ့သည်။
" ဟေ့ ... သမီး လာစမ်း။ ဒီမှာ ဘယ်သူလာ လက်ကမြင်းသွားသလဲ။ ကြည့်စမ်း၊ အ၀တ်စုတ်တစ်ခု ရေဆွတ်ယူခဲ့၊ ဖျက်ပစ်ရအောင်"ဟု လှမ်းအော်လိုက်သည်။
သမီးဖြစ်သူသည် နောက်ဖေးမီးဖိုချောင်မှ ကပျာကသီ ပြေးထွက်လာသည်။

" ဘာလဲ ပါပါရဲ့၊ ဘာဖြစ်လာတာလဲ၊ ဒီမှာ ကလေးက တစ်နေ့လုံး အီနေလို့ ခုမှ ချော့သိပ်ထားရတဲ့အထဲ ပါပါ က လာအော်နေပြန်ပြီ"
" ဟ ... ဘာရ မလဲဟ၊ ဒီတံခါးချပ်ပေါ်မှာ ဘယ်သူလာပြီး၊ ဘာတွေ ရေးသွားတာလဲ၊ ကြည့်စမ်းပါဦး ... ဒီမျာ "
" အို ... ပါပါကလဲ ... အဲဒါ သမီးရေးထားတာပါ " သမီးက အေးတိအေးစက် ပြန်ဖြေလိုက်သည်။
" ဘာပြောတယ်၊ နင်ရေးတာ ဟုတ်လား "
" ဟုတ်တယ် "
" နေစမ်းပါဦး၊ ဘာအဓိပ္ပာယ်နဲ့ ဘာတွေ ရေးထားတာလဲ "

" အို ... ပါပါက ဘာသိသလဲ၊ သားသားက ခုတလော ခဏခဏ နေမကောင်းဖြစ်နေတာ၊ အဲဒါ ဟိုဘက်ခြံက ဦးကြီးက အိမ်တံခါးဝမှာ အဲဒီလို ရေးထား ခုတစ်လော ခလေးတွေကို ဘီလူးစားနေတာ၊ အဲဒါ ရေးထားရင် ဘီလူး အိမ်ထဲမ၀င်ဘူးတဲ့။ ကလေးလည်း နေကောင်းသွားမယ်တဲ့ "
" ဟုတ်ပါ့ကွာ၊ ကျရောဟေ့။ အောက်ဘက်နားက (ပုံ) ဘသော်လို့ ရေးထားပါဦးလား။ ဒါမှ ဘီလူး ဖျား သွား မယ်၊ ဟား ... ဟား   ... ဟား "

ကျွန်တော် ရယ်မောလိုက်ရုံမှအပ၊ အခြား ဘာတတ်နိုင်ဦးမှာနည်း။ မှန်ပါသည်။ ကျွန်တော့်မြေး ဖြစ်သူ "ရှား ... စံရှား ... ရှာမှ ရှား ... ဆယ်မိုင် စော်ဘွားကြီးကုန်း " s.s.s.s.s. ကလည်း ခုတစ်လော ကိုယ်ပူခေါင်းပူ တကယ် ထသည်။ ကျွန်တော့်သမီးကလည်း သူ့သား "ရှား"ကို မိခင်သဘာဝ ကျောပူ ခေါင်းပူ ထတာကလေးက အစ။ "စပယ်ရှယ်လစ်" နှင့်မှ ပြချင်သည်။ သူ့သား ကျန်းမာရေးအတွက် တစ်စုံတစ်ဦး က တစ်စုံတစ်ရာပြောလာလျှင် မဆိုင်းမတွ တလုပ်တတ်သည်။ ယခုလည်း သူ့အား အဘယ် သို့သော "စပယ် ရှယ်လစ် က" အဘယ်ပုံပြောလာသည်မသိ၊ ကျွန်တော့် အိမ်တံခါးချပ်ပေါ်တွင်မူ "ကလေးအသား ခါးတယ် ... ခွေးအသား ချိုတယ် " ဟူသော စာတမ်းသည် ပြတ်သားစွာ ပေါ်လွင် နေတော့သည်။

" အို ... ပါပါကလည်း ပြောရော့မယ်၊ သူများအိမ်တွေလည်း လိုက်ကြည့် ပါဦး။ ကလေးရှိတဲ့ အိမ်မှန်သမျှ ဒီလို ရေးထားကြတာပဲ "
" ကဲပါလေ ... ထားလိုက်ပါတော့၊ ညည်းတို့ စိတ်ချမ်းသာမယ် ဆိုရင် ရေးပါဗျာ။ တစ်အိမ်လုံးပဲ အနှံ့ရေး ထားထား" ဟု လိုက်လျော့ခွင့်ပြုလိုက်ရပါသည်။
ဤတွင် နိဋ္ဌိမတံသေးပါ။ နှစ်လ သုံးလခန့်အကြာ တစ်နေ့သောအခါတွင် ရွှေပေလွှာ ထင်ပေါ်လာပြန်သေး သည်။ ဒီတစ်ချိန်တွင်မူ အိမ်ရှေ့တံခါးဝ၌ မဟုတ်၊ အိမ်နောက်ဖေး မီးဖိုဆောင်၌ ဖြစ်သည်။ "နတ်ရေစင်" လောက်စာလုံးကြီးကြီးနှင့်။

" ကြွက်ရောင်းရန်ရှိသည်။ ပိုးဟပ်ပါ အဆစ်ရမည်။ ပုရွက်ဆိတ်လည်း အလကား ယူရမည် "
" ဟ ... ဒီမှာလာ ... ဘယ်သူ လက်ကမြင်းသွားပြန်ပြီလဲဟ၊ နင့်အမေ ဂလိန်းတဲ့မှပဲ၊ ငါ့အိမ်လည်း တစ်အိမ်လုံး ကို နေရာလပ် မရှိတော့ပါလား "
ကျွန်တော် အပြင်းအထန် ဒေါသပေါက်ကွဲသွားပါသည်။ ဤတစ်ချီတွင်မူ သမီးနှင့် ရင်မဆိုင်ရဘဲ ကျွန်တော် ၏ မဒမ်ကြီးနှင့် ရင်ဆိုင်ရပါသည်။
" တော်က ဘာ သိသလဲ၊ ဘာလာပြောနေတာလဲ၊ အဲဒါ ကျုပ်ရေးထားတာတော့" ဟု ထိုးစစ်ကို စတင် ကြေညာ လိုက်ပါသည်။
" နေပါဦး ... အဲဒါက ဘာအဓိပ္ပာယ်နဲ့ ရေးထားတာလဲ၊ မင်းကြွက်ကို ဘယ်သကြ၀ယ်မှာလဲကွ။ ရန်ကုန်မှာ သားငါး လည်း ဒါလောက် မရှားသေးပါဘူး၊ ပိုးဟပ်ကကော ကြော်စားလို့ ရသလား ... နောက်ပြီး ... "

" ရှင်ဟာလေ စာရေးဆရာလည်းဆိုသေး၊ တော်တော်ထုံတာပဲ။ ကြွက်တွေသောင်းကျန်းနေတယ်ရှင့်၊ သိလား။ တစ်အိမ်လုံးမှာလည်း ပိုးဟပ်နဲ့ ပုရွတ်ဆိတ်ချည့်ပဲ၊ ခြေချစရာတောင် မရှိဘူး သိရဲ့လား "
" သိတာပေါ့ကွ၊ မြို့တော်စည်ပင်သာယာရေးကလည်း ကြွက်-ခြင် ယင် နှိမ်နင်ရေးကို အင်တိုက်အားတိုက် လုပ်နေတယ်မှုတ်လား။ ဟိုနေ့ကတောင် မြူက အလုပ်သမားလေးတွေ ၀ါးကျည်တောက်နဲ့ ကြွက်အဆိပ် တွေ လာချပေးသွားတယ် မဟုတ်လား "
" ဟင် ... တော့ကြွက်အဆိပ်များတော့ ရန်ကုန်ကြွက်က မစားသေးဘူး။ စားရင်လည်း သူ့ကို ဗီတာမင် ကျွေး သလား သဘောထားတယ် "

" နို့ မင်း ဒီစာရေးထားတော့ကော "
" ဒီစာရေးတော့ ကြွက်က ပြေးရောတော့ သိလား။ ခုဆို တွင်းဝကတောင် ပြူထွက်မလာရဲဘူး။ ပိုးဟပ်တွေ ကလည်း အိမ်သာထဲမှာလောက် နည်းနည်းကျန်တော့တယ်။ ဟုတ်ပါရဲ့ ခုမှ သတိရတယ်။ အိမ်သာထဲမှာ လည်း ရေးရအုံးမယ်" ဟု သူ့လုပ်ငန်းအောင်မြင်ချက်အတွက် အလွန်ဂုဏ်တက်နေသည့်ပမာ အားရစွာ ပြော လိုက်ပါသည်။
" နေပါဦးကွာ။ ငါမသိလို့ မေးပါရစေ။ မင်းကြွက်တွေ ဘယ်တုန်းက စာဖတ်တတ်သွားတာလဲ "
" တော်တို့ စာရေးဆရာတွေထက် တတ်တယ် မှတ်ထား "

" ဟိုက် "
" ကြွက်က ရှင့်ထက် စာတတ်တယ် "
ပထမတစ်ချက်နှင့် အားမရသည့်အလား နောက်တစ်ချက် ဆင့်ဆော်လိုက်ပြန်ပါသည်။ တစ်ဖန်ဆက်၍ " ရှင် ဒီညနေ ဗိုလ်မှူးထူးနဲ့ တွေ့ဦးမှာလား " ဟု မေးပါသည်။
" မသိဘူး။ တွေ့ချင်လည်း တွေ့ဦးမှာပဲ။ ဘာဖြစ်လို့ "
" ကျုပ် သူ့ကို မှာထားတယ်။ ကြွက်ပြေးတဲ့ ဂါထာလေးတွေ လမ်းမှာ ရောင်းနေတယ်တဲ့၊ တစ်စောင် ငါးမူး၊ တစ်ကျပ်ဖိုး သုံးစောင်တဲ့။ ဥုံ ... ဘာဆိုလားမသိပါဘူးတော် ... အဲဒါ အိမ်ရှေ့ခန်းမှာ တစ်စောင်၊ အိပ်ခန်း မှာ တစ်စောင်၊ မီးဖိုချောင်မှာ တစ်စောင် ကပ်ထားဖို့ တစ်ကျပ်ဖိုး မှာထားတယ်၊ တွေ့ရင် တောင်း ယူခဲ့စမ်းပါ "

" ဟား ... ဟား ... မင်း ကြွက်က စာတတ်ရုံမက ဂါထာတောင် ကြောက်တတ်နေပြီလား။ ကပ်မထားဘဲနဲ့ ရွတ် လို့ကော မရဘူးလား "
" ရတယ် ... ရွတ်လည်း ရွတ် ကပ်လည်း ကပ်၊ ကြွက်အစတောင် ရှာမရတော့ဘူးတဲ့ "
" (ပုံ/ဘသော် ထည့်ရွတ်ရသေးသလား) "
" ဘာ "
" ဘာမှ မဟုတ်ပါဘူး။ ဒီမှာ ငါအကြံရပီ မိန်းမ၊ မင်း အိမ်ထဲမှာတင် ရွတ်မနေနဲ့၊ လော်စပီကာငှားပြီး လမ်းထိပ်က ရွတ်လိုက်ရင် တော့လား ... တစ်လမ်းလုံး ကြွက်ရှင်းသွားမယ် "
" တော့အကြံဥာဏ်က ခေတ်မမီသေးပါဘူး "

" အလို ... ဆိုစမ်းပါဦး "
" ကျုပ်က လေယာဉ်ပျံစင်းလုံးငှား လောစပီကာတွေ အတောင်ပံတပ်၊ ရန်ကုန်မြို့ပေါ်ဝဲ ဂါထာစာရွက်တွေ လည်း ကြဲ၊ ဂါထာလည်း ရွတ်လိုက်ရရင်တော့ ရန်ကုန်တစ်မြို့လုံး ကြွက်တွေ ရှင်းသွားမယ် ထင်တာပဲ "
" အား ... မင်းအကြံကောင်းတယ်ဟေ့၊ မဆိုးဘူး။ ငါ ဗိုလ်မှူးထူးလိုက်ရှာလိုက်ဦးမယ် "
ကျွန်တော်သည် ကြံကြံဖန်ဖန် ကြွက်ပြေးဂါထာတွေ့ထားသည့် ဗိုလ်မှူးထူး (ခေါ်) တပ်ကြပ်မောင်ထူးအား ရှာရန်အတွက် သူ့အား တွေ့နိုင်မည်ထင်သည့် အရပ်သို့ ထွက်ခွာခဲ့ပါတော့သည်။

သောင်းပြောင်းထွေလာရယ်စရာ၊ မတ်၊ ၁၉၈၂
.

No comments: