Monday, December 26, 2011

ဝင်းဖေဝင်း ဘာသာပြန် စိန်မင်းသမီး အဆက် အပြိုင်အဆိုင်အနိုင်, အပိုင်း (၃၂)

(၃၂)

စင်တိန်သည် ၀ယ်တာဗီဒင်အိမ်ကြီးရှိ သူမ၏ ရုံးခန်းစားပွဲ၌ ထိုင်နေသည်။ ထိုအခန်းထဲ၌ သူမ တစ်ယောက် တည်း။ သူ့ရှေ့ရှိ စားပွဲအလယ်ကောင်တွင် ဆင်စွယ်နှင့် ကြေးနီရောင် တယ်လီဖုန်း ရှိ နေသည်။
စင်တိန်ကြောက်ရွံ့ထိတ်လန့်နေသည်။ မိမိလုပ်မည့်ကိစ္စသည် လူမှုပတ်ဝန်းကျင်နှင့်  တရားဥပေဒ အကြောင်း များ၏ အပြင်ဘက်တွင် ရောက်နေသည်။ တောရိုင်းမြေထဲသို့  အဖော်မပါ တစ်ကိုယ်တည်း ခရီး သွားရမည်နှင့် တူနေသည်။ ထိုခရီးသည် မိမိအတွက် အရှက်တကွဲ  အကျိုးနည်းဖြစ်ပြီး ထောင်ကျ ကာ ဘ၀ဆုံးသွားမည့်အလားအလာပင် ရှိနေသည်။
တယ်လီဖုန်းက အသံမြည်လာသောအခါ စင်တိန့်ရင်ထဲ၌ စိတ်ခနဲ ဖြစ်သွားသည်။ တယ်လီဖုန်းကို ကြောက်သလို ရွံ့သလို လှမ်းကြည့်လိုက်သည်။ အသံက ထပ်မြည်လာသည်။ အသက်တစ်ဝကြီး ရှူလိုက်ပြီး တယ်လီဖုန်းခွက်ကို လှမ်းကိုင်လိုက်သည်။

"ရက်ကင် နဲ့ ဆ၀ါလီ တို့ကို တယ်လီဖုန်း ခေါ်ခိုင်းထားတာ အခု မစ္စတာ ဆ၀ါလီနဲ့ အဆက်အသွယ် ရပါပြီ၊ မစ္စက်ကုတ်နေ"
သူမ၏ အတွင်းရေးမှူးက ပြောလာသည်။
"ကျေးဇူးပဲ နီဂယ်"
အတွင်းရေးမှူးကို ပြောလိုက်ပြီးနောက် ဆ၀ါလီအသံက တယ်လီဖုန်းထဲမှ ပေါ်လာသည်။
"မစ္စက်ကုတ်နေ"
သူ့အသံကို စင်တိန် မှတ်မိနေသည်။ စတော့ အရောင်းအ၀ယ် ပွဲစားလုပ်ငန်း၌  သူသည် ၀ါရင့် ပုဂ္ဂိုလ် တစ်ဦး ဖြစ်သည်။ စင်တိန်သည် ယခင်ကပင်  သူနှင့် ဆက်သွယ် ရောင်းဝယ်ခဲ့ဖူးသည်။
"အခုလို ခရစ္စမတ်ရာသီမှာ ခင်ဗျားအတွက် ကျွန်တော် ဆုမွန်ကောင်း တောင်းလိုက်ပါတယ်"

"ကျေးဇူးပါပဲ မစ္စတာ ဆ၀ါလီ၊ ကျွန်မ ရှင့်ကို စတော့ ၀ယ်ခိုင်းချင်လို့ပါ။ ဒီနေ့ ဈေးမပိတ်ခင် ၀ယ်ပေးစေ ချင်ပါတယ်" စင်တိန်က အလုပ်သဘောလေသံဖြင့်ပင် ပြောလိုက်သည်။
"ဟုတ်ကဲ့ ဖြစ်ပါစေ့မယ်၊ ခင်ဗျားလိုချင်တဲ့ စတော့ကို ကျွန်တော် ကြိုးစားဝယ်ပေးပါ့မယ်"
"အိစ်ရန်းရွှေတွင်းက အစုရှယ်ယာ ငါးသိန်းဝယ်ပေးပါ"
စင်တိန် က ပြောလိုက်သောအခါ တစ်ဘက်မှ ရုတ်တရက် ဘာမှ ပြန်မပြောဘဲ ငြိမ်သွားသည်။

"ငါးသိန်းဟုတ်လား မစ္စက်ကုတ်နေ၊ အဲဒီ အစုရှယ်ယာတွေက ၂၂သျှီလင် ၆ပဲနီ ဈေးပေါက်နေတော့ စုစုပေါင်း ကျသင့်ငွေ ပေါင်စတာလင် ခြောက်သိန်းနီးပါး ရှိလိမ့်မယ်" ဆ၀ါလီက သေချာအောင် ထပ် ပြောလိုက်သည်။
"ဟုတ်ပါတယ်၊ အဲဒီလောက်ဖိုးပဲ လိုချင်ပါတယ်"
"မစ္စက်ကုတ်နေ ..." ဆ၀ါလီက စကား ဆက်မပြောဘဲ တစ်ပိုင်းတစ်စ ရပ်လိုက်သည်။
"ဘာ အခက်အခဲများ ရှိလို့လဲ မစ္စတာ ဆ၀ါလီ"
"မ ... မရှိပါဘူး၊ ဘာအခက်အခဲမှ မရှိပါဘူး၊ ခင်ဗျား အဲဒါ ၀ယ်ခိုင်းတာ ကျွန်တော် အံ့အားသင့်သွားလို့ ပါ၊  ခင်ဗျားဝယ်တဲ့ ပမာဏကြောင့်ပါ၊ ကျွန်တော် အခုချက်ချင်း စီစဉ်လိုက်ပါ့မယ်"
"ကျွန်မ၀ယ်တဲ့ ရှယ်ယာတွေအတွက် ကန်ထရိုက်စာချုပ် ကျွန်မ ရရချင်း ကျသင့်ငွေချက်လက်မှတ်ကို ထုံးစံ အတိုင်း စာတိုက်က ပို့လိုက်ပါမယ်"
စင်တိန်စကား ကို ခေတ္တရပ်လိုက်သည်။

"တကယ်လို့ ရှင်က ကြိုတင်စရံငွေ တင်ထားပါဆိုယင်  ကျွန်မ တင်ထားရမှာပေါ့"
ပြောသာ ပြောလိုက်ရသော်လည်း တကယ်တော့ စင်တိန်ဆီတွင် စပေါ်တင်စရာငွေဟူ၍ မရှိပါချေ။ အရှိန် နှင့် အဟန် နှင့် ဖိန့်လိုက်ရခြင်းသာ ဖြစ်ပါသည်။
"အို ... ကိစ္စ မရှိပါဘူး မစ္စက်ကုတ်နေ၊ ခင်ဗျား ချိန်ဆနိုင်အောင် ဘယ်လောက်ကျသင့်မယ်ဆိုတာ ပြောပြ တာပါ၊ စပေါ်ကြိုပေးစရာ မလိုပါဘူး၊ ထုံးစံအတိုင်း  ကန်ထရိုက်စာချုပ် ပို့လိုက်ပါမယ်၊  ကျွန်တော်တို့နဲ့ ခင်ဗျား နဲ့ ဆက်သွယ်လုပ်ကိုင်လာတာ  ကြာပြီပဲ၊ ယုံကြည်စိတ်ချပြီးသားပါ၊ ခင်ဗျား ၀ယ်ခိုင်းတဲ့ ကိစ္စကို နက်ဖြန် မနက် နောက်ဆုံးထားပြီး အတည်ပြုအကြောင်းပြန်ပါမယ်၊ ခရစ္စမတ် အလုပ်ပိတ်ရက် မတိုင်ခင် နက်ဖြန်ခါ ဟာ နောက်ဆုံးဈေးဖွင့်ရက်ပါပဲ"
စင်တိန့် လက်မှာ  တဆတ်ဆတ်တုန်နေသဖြင့် တယ်လီဖုန်းခွက်ကို  စင်ပေါ်သို့ ရောက်အောင် မနည်း ကြိုးစား တင်လိုက်ရသည်။

"ငါ ဘာတွေလုပ်နေတာလဲ"
သူ့ကိုယ်သူ တိုးတိုးလေး မေးလိုက်သည်။  အဖြေကို သူ့ဘာသာသူ သိနေသည်။  ရာဇ၀တ်ပြစ်မှုထိုက် သော ကလိန်ကျမှုကို လုပ်နေခြင်းပင် ဖြစ်သည်။ အမြင့်ဆုံး ထောင်ဒဏ်ဆယ်နှစ်ထိုက်သော  ပြစ်မှု ဖြစ်သည်။ မိမိ၏ လောလောဆယ်အခြေအနေမှာ ဒေ၀ါလီ ခံရမည့် အနေအထား ဖြစ်သည်။ နောက်ထပ် ပေါင်သန်း တစ်ဝက် ကတိပြုထားပြီး ဖြစ်သည်။
စိတ်ပြောင်းသွားပြီး အ၀ယ်အမှာစာကို ပြန်ဖျက်ရန် တယ်လီဖုန်းဆီသို့ လက်လှမ်းလိုက်သည်။ သို့သော် စင်တိန့်လက် နှင့် တယ်လီဖုန်း မထိခင်မှာပင် တယ်လီဖုန်းက မြည်လာသည်။
"မစ္စက်ကုတ်နေ၊ ဟော့အင်ဂေးလ်ကုမ္ပဏီက မစ္စတာအင်ဒါဆင်နဲ့ တယ်လီဖုန်း အဆက်အသွယ် ရပါပြီ" အတွင်းရေးမှူး က ပြောလာသည်။

"လိုင်းပြောင်းပေးလိုက် နီဂယ်"
သူမ ဆက်ပြောသော စကားကို တုန်လှုပ်သံ မပါဘဲ ထုံးစံအတိုင်း တည်ငြိမ်နေသဖြင့် သူ့ကိုယ်သူ ပြန် အံ့အား သင့်သွားသည်။
"မစ္စတာ အင်ဒါဆင်၊ ကျွန်မ ရှင့်ကို အစုရှယ်ယာတွေ ၀ယ်ခိုင်းချင်လို့ပါ"
ထိုနေ့ မွန်းတည့်ချိန်တွင် စင်တိန်သည် ဂျိုဟန်နက်စဘတ်မြို့မှ စတော့ရှယ်ယာပွဲစားခုနစ်ဦးနှင့် တယ်လီဖုန်း ဆက်ပြီး ဖြစ်သွားသည်။ ရွှေတွင်းအစုရှယ်ယာပေါင်း  ငါးသိန်းခွဲဖိုး အမှာစာ  ပေးပြီး ၀ယ်ပြီး ဖြစ်သွားသည်။

"နီဂယ် ... နောက်ထပ်ဆက်ခိုင်းတဲ့ နှစ်နေရာကို မဆက်နဲ့တော့ ဖျက်လိုက်တော့"
စင်တိန်က တည်ငြိမ်စွာပင် ပြောလိုက်သည်။

ရှာဆာကလေးဘ၀ကပင်စ၍ ခရစ္စမတ်နေ့သည် သူတို့သားမိအတွက် နေ့ထူးနေ့မြတ် ဖြစ်သည်။ ယနေ့ ခရစ္စမတ်နေ့ နံနက်တွင် စင်တိန်အိပ်ရာက နိုးလာသောအခါ စိတ်ထဲ၌ ထိုင်းထိုင်းမှိုင်းမှိုင်း ဖြစ်နေသည်။
စင်တိန်၏ အခန်းထဲ၌ပင် နံနက်စောစော သားအမိနှစ်ယောက် ခရစ္စမတ်လက်ဆောင်များ လဲလှယ်ကြ သည်။ ရှာဆာက ခရစ္စမတ်လက်ဆောင်ကတ်ပြားကို သူကိုယ်တိုင် ပန်းချီရေးဆွဲပြီးတော့ ပန်းလေးများ  ကပ်၍ အလှဆင်သည်။ ဖရန့်စစ်မောရစ်ရေးသော ၀တ္ထုစာအုပ်အသစ်ကို ရှာဆာက စင်တိန်အား လက်ဆောင်ပေးသည်။
ထိုစာအုပ်၏ နိဒါန်းစာမျက်နှာပေါ်တွင် ရှာဆာက အောက်ပါအတိုင်း စာတန်းရေး၍  လက်မှတ်ရေးထိုး  ထားသည်။

"ဘာပဲဖြစ်ဖြစ် အကြောင်း မဟုတ်ပါဘူး၊ သားအမိနှစ်ယောက် အတူတူရှိနေကြတာပဲ"
ရှာဆာ
စင်တိန်က ရှာဆာအားပေးသော ခရစ္စမတ်လက်ဆောင်မှာ လေယာဉ်မောင်း သားရေခေါင်းစွပ်နှင့် မျက်မှန်ကြီး ဖြစ်သည်။ ထိုလက်ဆောင်ပစ္စည်းကို မြင်လိုက်ရသောအခါ  ရှာဆာ အံ့အားသင့်သွား သည်။ စင်တိန်သည်  ရှာဆာ လေယာဉ်မောင်းမှာကို သဘောမကျ၍ ပွင့်ပွင့်လင်းလင်းကန့်ကွက် တားမြစ်ခဲ့သည်။ ယခုတော့ လေယာဉ်မောင်းဦးထုပ်ကို လက်ဆောင်ပေးလာသည်။
"ဒီမှာငါ့သား၊ မင်း လေယာဉ်မောင်း သိပ်သင်ချင်တယ်ဆိုယင် ငါ မတားတော့ပါဘူး"
"ကျွန်တော်တို့ အခြေအနေ ထိန်းထားနိုင်ရဲ့လား၊ ကျွန်တော် ဘာဆိုလိုတယ်ဆိုတာ မေမေ သိပါတယ် လေ"
"ဒီအတွက် မင်းစိတ်ပူနေလို့လား သား"

"စိတ်မပူပါဘူး မေမေး၊ ကျွန်တော် ကလေးမဟုတ်တော့ပါဘူး၊  ရှေ့အဖို့ ကျွန်တော် မေမေကို  ကူညီ တော့မှာပါ၊ မေမေ့အတွက် ၀န်ထုပ်ဝန်ပိုးပိုဖြစ်အောင် ကျွန်တော် မလုပ်တော့ပါဘူး"
စင်တိန်က ပြေးသွားပြီး ရှာဆာအား ရင်ခွင်ထဲ ဆွဲသွင်း ဖက်ထားလိုက်သည်။ ပါးချင်းကပ်ထားလိုက် သည်။ ထို့ကြောင့် စင်တိန်မျက်လုံးအိမ်မှ  တောက်ပသော မျက်ရည်စက်များကို ရှာဆာ မမြင်နိုင်ပါချေ။
"ဒီမှာငါ့သား မေမေတို့ဟာ သဲကန္တရထဲမှာ ရှင်သန်းကြီးထွားလာခဲ့တဲ့ သတ္တ၀ါ တွေ ဖြစ်ခဲ့တယ်။ ဒီတော့ ဘာပဲဖြစ်ဖြစ် တို့သားအမိ ဆက်လက်ရှင်သန်မှာပဲ"

ထိုနေ့တစ်နေ့လုံး စင်တိန်သည် သူမ၏ အိမ်ကြီး၌ ခါတိုင်းနှစ်များလိုပင်  ခရစ္စမတ်ပွဲ ဆင်နွှဲသည်။ နှစ်ဆန်း တစ်ရက် နေ့တွင် သတင်းစာများ မထွက်ပေ။ သို့သော် စင်တိန်သည် ရေဒီယိုမှ သတင်း ကြေညာချက်ကို နာရီမလပ် စောင့်နားထောင်သည်။ ရေဒီယိုသတင်းတွင် ရွှေစံချိန်နှင့် ပတ်သက်၍ လည်းကောင်း၊  အခြားနိုင်ငံရေး ကိစ္စ နှင့် ပတ်သက်၍လည်းကောင်း၊ တစ်စုံတစ်ရာ ပါမလာပေ။
ဘလိန်း ကလည်း စင်တိန်နှင့် ဝေးရာသို့ ရောက်နေသည်။ လာမည့်ပါလီမန်ကြားဖြတ် ရွေးကောက်ပွဲတွင် ၀င်ရောက် အရွေးခံရန်အတွက် အလုပ်များနေသည်။  ရှာဆာကလည်း အိမ်နီးချင်း တစ်ဦးက ညအိပ် ဧည့်သည်အဖြစ် ဖိတ်ထား၍  သွားနေသည်။

အိမ်တွင် စင်တိန်တစ်ယောက်တည်း ကျန်သေည်။ စိုးရိမ်သောကနှင့် သံသယစိတ်တို့ကသာ  သူမ အတွက် အဖော်အဖြစ် အတူ ရှိနေသည်။ စင်တိန်သည် တစ်ယောက်တည်း စာဖတ်နေရာ ညဥ့်အတော် နက်မှ အိပ်ပျော်သွားသည်။ သို့သော် နံနက်အရုဏ်မတက်မီပင် အိပ်ရာမှ ထသည်။  မြင်းစီး ၀တ်စုံကို ၀တ်ုပြီး တစ်ကိုယ်တည်း မြင်းစီးကာ  ကလာရာမောင့် ရထားဘူတာရုံသို့ သွားပြီး ကိပ်ဟောင်းမြို့မှ ရောက်လာမည့် ပထမဆုံးရထားကို  စောင့်သည်။

ကုန်ရထားတွဲပေါ်မှ သတင်းစာလိပ်များ ပစ်ချနေသည်ကို    ပလက်ဖောင်းပေါ်မှ  ရပ်ကြည့်နေသည်။ လူမည်းသတင်းစာပို့ လုလင်လေးများက သတင်းစာအုပ်များကို အပုံလိုက် ခွဲခြားနေကြသည်။ စင်တိန် က  ကောင်ကလေး တစ်ယောက်ထံသို့  ပိုက်ဆံလျှီလင်ပြားတစ်ပြား ပစ်ပေးလိုက်သည်။ ကောင်ကလေးက ချက်ချင်းပင် သဘောပေါက်သွားပြီး စင်တိန်အား သတင်းစာ တစ်စောင် ထုတ်ပေး လိုက်သည်။
သတင်းစာမျက်နှာဖုံးမှ ခေါင်းစီးစာတန်းအမည်းကြီးက စင်တိန်အား မြေပေါ်မှ မြောက်တက်သွားအောင် ကိုင် လှုပ်လိုက်သလို ဖြစ်သွားသည်။

"တောင်အာဖရိကနိုင်ငံက ရွှေစံချိန်စနစ်ကို စွန့်လွှတ်လိုက်ပြီ"
"ရွှေတွင်းလုပ်ငန်းများ အတွက် ကြီးမားသော တွန်းအား ဖြစ်သည်"
စင်တိန်သည် အထက်ပါ ခေါင်းစီးအောက်မှ သတင်းစာသားများကို ကမန်းကတန်း ဖတ်လိုက်သည်။ ထို့နောက်  ၀ယ်တာဗီဒင်အိမ်ကြီးသို့ မြင်းကိုကဆုန်စုန်းပြီး ပြန်လာခဲ့သည်။ အိမ်ခြံအ၀င်အ၀  တံခါး ဂိတ်ပေါက်ကြီး သို့ ရောက်သောအခါ စင်တိန်သည် ၀မ်းသာအားရ အော်ဟစ်လိုက်သည်။ ဤအိမ်ကြီး သည် မိမိလက်ထဲ၌ တစ်သက်လုံး ဆက်ရှိနေဦးမည်မှာ သေချာသွားပြီ ဖြစ်သည်။
စင်တိန်သည် မြင်းကို ဇောင်ထဲ၌ ထားခဲ့ပြီး အိမ်ကြီးသို့ ပြေးသွားသည်။ တစ်ယောက်ယောက်ကိုတော့ စကား ပြောချင်နေသည်။ ဘလိန်းကတော့ အဝေးရောက်နေ၍ ပြောမရနိုင်။ သို့သော် ဆာဂါရီအား ထမင်းစားခန်း ထဲ၌ တွေ့လိုက်ရသည်။ အဘိုးသည် နံနက်စာစားရန် ထမင်းစားခန်းထဲသို့ အမြဲတမ်း ဦးဆုံး ရောက်သူ ဖြစ်သည်။

"သတင်းကြားပြီးပြီလား စင်တိန့်"
စင်တိန် ထမင်းစားခန်းထဲသို့ လှမ်းဝင်လာသည်နှင့် တစ်ပြိုင်နက် အဘိုးကြီးဆာဂါရီက စိတ်လှုပ်ရှား တက်ကြွစွာ လှမ်းအော်ပြောလိုက်သည်။  ထို့နောက်  သူက ဆက်ပြောသည်။
"မနက် ၆နာရီ ရေဒီယိုသတင်းမှာ ငါကြားလိုက်ရတယ်။ ရွှေစံချိန်ကို ငါတို့ စွန့်လွှတ်လိုက်ပြီ၊ ဟတ်ဇော့ တကယ် လုပ်လိုက်တာပဲ၊ အင်း ...  ဒီတစ်နေ့တော့  တချို့  လူတွေ ချမ်းသာပြီး တချို့လူတွေ ဆင်းရဲ ကြ တော့မယ်၊ ရွှေတွင်းအစုရှယ်ယယာတွေ လက်ဝယ်ရှိတဲ့ လူတွေတော့ တန်ဖိုးနှစ်ဆသုံးဆတက်သွားတော့ မယ်၊ အို ... စင်တိန် ... ဘာဖြစ်လို့လဲ၊ နေမကောင်းဘူးလား သမီး"
စင်တိန်သည်  စားပွဲထိပ်ရှိ သူမ ကုလားထိုင်တွင် အရုပ်ကြိုးပြတ်ပုံကျသွားသည်။

"ဟင့်အင်း ... ဟင့်အင်း၊ ဘာမှ မဖြစ်ပါဘူး၊ နေကောင်းပါတယ်၊ သိပ်ကို နေကောင်းပါတယ်၊ အလွန့် အလွန် ကို နေကောင်းပါတယ်"

နေ့လယ်စာစားချိန်တွင် ဘလိန်းသည် ၀ယ်တာဗီဒင်အိမ်ကြီးရှိ စင်တိန်ဆီသို့ တယ်လီဖုန်း လှမ်းဆက် သည်။  သူသည် ယခင်က ထိုသို့ မဆက်ခဲ့ဖူးပေ။ မိမိ မည်သူမည်ဝါဆိုသည်ကို ပြောမနေတော့ဘဲ လိုရင်း ကိုသာ ပြောလိုက်သည်။
"ဟိုအိမ်ကလေးမှာ ညနေ ငါးနာရီ တွေ့မယ်"
"ဟုတ်ကဲ့၊ စောင့်နေမယ်"
စင်တိန်က ဆက်ပြောချင်သေးသော်လည်း တစ်ဘက်က တယ်လီဖုန်းချသွားသည်။

စင်တိန်သည် ထိုအိမ်ကလေးသို့ ချိန်းထားချိန်ထက် တစ်နာရီစောပြီး ရောက်သွားသည်။ လတ်လတ် ဆတ်ဆတ် ပန်းများ၊ လျှော်ဖွပ်ပြီး မီးပူတိုက်ထားသော သန့်ရှင်းဖြူဖွေးနေသည့် အိပ်ရာခင်းနှင့်  ခေါင်းအုံးစွပ်များ၊  အကောင်းစား ရှန်ပိန် တစ်ပုလင်းနှင့် အစားအသောက်ကောင်းများ ယူသွားသည်။
ဘလိန်း ဧည့်ခန်းထဲသို့ ၀င်လာချိန်တွင် စင်တိန်က အသင့်ထိုင်စောင့်နေသည်။

"ကျွန်မ ရှင့်ကို ဘယ်လောက်ကျေးဇူးတင်တယ်ဆိုတာ ပြောပြဖို့ စကားလုံးတောင် ရှာမရဘူး ဖြစ်နေတယ်"
"ရှာမရတာဘဲ  ကောင်းပါတယ်ကွာ၊ အဲဒီကိစ္စကို ငါတို့ နောက်ဘယ်တော့မှ မပြောကြစို့နဲ့၊ အဲဒီကိစ္စ မဖြစ်ခဲ့ဘူးလို့ပဲ ငါ့ကိုယ်ငါယုံကြည်ထားစမ်းပါရစေ၊ တို့တစ်ယောက်နဲ့ တစ်ယောက်ယောက် အတူရှိနေ  ချိန်၊ ချစ်နေကြချိန်မှာ ဒီကိစ္စကို နောက်ဘယ်တော့မှ မပြောတော့ဘူးလို့ ကတိပေးစမ်းပါကွာ"
"ကတိပေးတယ်တဲ့ ရှင်၊ ကဲ ... ရှန်ပိန် ပုလင်းဖွင့်ပါတော့"

ဂျိုဟန်နက်စဘတ်မြို့ရှိ စတော့ရှယ်ယာအရောင်းအ၀ယ်ဒိုင်သည် ဇန်န၀ါရီလ ၂ရက်နေ့တွင် ပြန်ဖွင့် သည်။ ပွဲစားများ ပျာလောင်ခတ်ပြီး အလုပ်များ နေကြသည်။
စင်တိန်၏ စတော့ပွဲစားများထဲတွင် ဆ၀ါလီနှင့် ရာစင်ကုမ္ပဏီမှ ဆ၀ါလီက စင်တိန်ထံ ဦးစွာ တယ်လီဖုန်း ဆက်သည်။ ဈေးကွက်လှုပ်ရှားနေသလိုပင် သူ့အသံကလည်း လှုပ်ရှားနေသည်။

"မစ္စကုတ်နေ၊ ခင်ဗျားရဲ့ အချိန်ကိုက် လုပ်ကိုင်တတ်မှုကတော့ တကယ့်ကို အံ့သြစရာ ကောင်းနေ တယ်၊ ခင်ဗျား သိတဲ့အတိုင်းပါပဲ၊ ခင်ဗျားလိုချင်သလောက်  ရှယ်ယာအားလုံး ကျွန်တော်တို့ ၀ယ်မပေး နိုင်ခဲ့ပါဘူး၊ အစုရှယ်ယာ ဟာ ပေါင်လေးသိန်းလေးသောင်းကိုပဲ တစ်ခုပေါက်ဈေးပျှမ်းမ ၂၅သျှီလင်နှုန်းနဲ့ ၀ယ်လို့ရခဲ့ပါတယ်၊ ဒါပေမယ့် ကျွန်တော် ခင်ဗျားကို သတင်းပို့ပေးချင်တာကတော့ ခင်ဗျား ၀ယ်ထားတဲ့ ရှယ်ယာတွေက ဒီနေ့တစ်စုကို ၅၅သျှီလင်အထိ ဈေးတက်နေတယ်၊ ဆက်ပြီးတော့လဲ ဈေးတက်မယ့် အလာအလာ ရှိတယ်၊ ဒီအပတ်  အကုန်လောက်မှာ သျှီလင်  ၆၀အထိ တက်သွားနိုင်ပါတယ်"
"အားလုံး ပြန်ရောင်းပစ်လိုက်ပါ"
စင်တိန်သည် တည်ငြိမ်စွာပင် ပြောလိုက်သည်။

"ကျွန်တော် ခင်ဗျာကို အကြံပေးခွင့်ပြုမယ်ဆိုယင် ..."
"ရောင်းပစ်လိုက်ပါ၊ အားလုံး ပြန်ရောင်းလိုက်ပါ"
စင်တိန်က ယတိပြတ် အမိန့်ပေးလိုက်ပြီး တယ်လီဖုန်းကို ချထားလိုက်တော့သည်။ စင်တိန်သည် ပြတင်းပေါက် မှ အပြင်သို့ လှမ်းကြည့်ရင်း သူမ၏ အသားတင်အမြတ်အစွန်းကို စိတ်တွက်နှင့် တွက်နေ ချိန်မှာပင် တယ်လီဖုန်းက မြည်လာပြန်သည်။ သူမ၏ ပွဲစားများက တစ်ဦးပြီးတစ်ဦး အစုရှယ်ယာများ ဈေးတက်သွားပုံကို သတင်းပို့ကြသည်။ ထို့နောက် ၀င်းဟုပ်မြို့မှ တယ်လီဖုန်းလာပြန်သည်။
"ဒေါက်တာတွမ်တီးမင်းဂျုန်း၊ ရှင့်အသံကြားရတာ ကျွန်မ ပျော်သွားတာပဲ"

စင်တိန်က သူ့အသံကို မှတ်မိနေသဖြင့် ဦးစွာ လှမ်းပြော လိုက်သည်။
"မစ္စက်ကုတ်နေ၊ ကျွန်တော်တို့ ဟာနီသတ္တုတွင်းဟာ အရှုံးပေါ်နေရာက  အခု အမြတ်အစွန်း ထွက် တော့မယ်၊ ဒီဘီးယားက ကျွန်တော်တို့ရဲ့ ထုတ်လုပ်မှု ခွဲတမ်းကို လျှော့ချထားတာတာင် အမြတ်ရ တော့မှာ သေချာတယ်"
ကျွန်မတို့အတွက် အလှည့်အပြောင်းတစ်ခုကို ရောက်လာပြီပေါ့၊ ဒုက္ခညွန်အိုင်ထဲက ထွက်ပေါက် ပေါ်လာပါပြီရှင်၊ ကျွန်မ ဒီက အလုပ်ကိစ္စတွေ ပြီးပြီးချင်း အဲဒီကို လာခဲ့ပါဦးမယ်၊ ကျွန်မတို့အတွက် လုပ်စရာ အလုပ်ကိစ္စတွေ အများကြီး ပေါ်လာပါပြီ"

စင်တိန်က တယ်လီဖုန်းကို ချထားလိုက်ပြီး ရှာဆာကို လိုက်ရှာသည်။ ရှာဆာအား မြင်းဇောင်းထဲတွင် သူ့မြင်းများနှင့်အတူ တွေ့ရသည်။
"သားရေ ... မေမေကိပ်တောင်းကို သွားမလို့၊ မင်းလိုက်မလား"
"ဘာကိစ္စသွားမှာလဲ မေမေ"
"မင်းအံ့အားသင့်စရာ  မြင်ချင်ယင်လိုက်ခဲ့ပေါ့"
ရှာဆာက မြင်းဇောင်းထဲမှ ထွက်ပြီး လိုက်လာသည်။ ကိပ်ဟောင်းမြို့ စတင်းဒတ်လမ်းရှိ  ပေါ်တော မော်တော်ကားကုမ္ပဏီ ပြခန်းထဲသို့ သားအမိနှစ်ယောက် ရယ်ရယ်မောမောနှင့် ၀င်သွားသည်။ အရောင်း မန်နေဂျာက သူတို့ဆီ ပြေးလာပြီး ခရီးဦးကြိုသည်။

"မစ္စကုတ်နေ ... မတွေ့ရတာ ကြာပြီနော်၊ နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပြီး သာယာဝပြောပါစေလို့ ဆုတောင်း ပါတယ်"
"ပေးတဲ့ဆုနဲ့ ပြည့်ပါစေရှင်၊ ဒီမှာ မစ္စတာ တင်၊ ကျွန်မ  ပျော်ရွှင်ချမ်းမြေ့ဖို့ဆိုယင် ကျွန်မ  အခုလာတာ ဒိန်မလာကားသစ်တစ်စီး မှာချင်လို့  အဲ့ဒါဘယ်လောက် မြန်မြန်နဲ့ ရနိုင်မလဲ"
"ခင်ဗျားကြိုက်တဲ့ အ၀ါရောင်ပဲလား"
"ဟုတ်ပါတယ်"
"ပါနေကျအလှအပပစ္စည်း ကိရိယာအပြည့်စုံနဲ့  အရက်ဗီရိုလေးပါပေါ့၊ ဟုတ်လား"

"ဟုတ်ပါတယ်၊  အားလုံး  အစုံအစေ့ပေါ့"
"လန်ဒန်ရုံးကို ကျွန်တော် ချက်ချင်း် သံကြိုးရိုက်ပြီး မှာလိုက်ပါမယ်၊  လေးလလောက်တော့ ကြာမယ်၊ မစ္စတာကုတ်နေ"
"သုံးလနဲ့ရအောင်  လုပ်ပေးပါ မစ္စတာတင်"
ရှာဆာသည် မော်တော်ကား ပြခန်းအပြင်ဘက် ပလက်ဖောင်းပေါ်ရောက်သည်အထိ ပြောချင်သည့် စကားကို မနည်းအောင့်ထားရသည်။

"မေမေ ... ဘာတွေ လျှောက်လုပ်နေတာလဲ၊ ကျွန်တော်တို့ ဆင်းရဲပြီလေ"
"ဟုတ်ပါတယ်လေ သားရယ်၊ ဆင်းရဲပေမယ့် စတိုင်နဲ့လှလှလေး ဆင်းရဲကြတာပေါ့လဲ"
"စာတိုက်ကို သွားမယ်"
စာတိုက်၏ ကြေးနန်းရိုက်သော ကောင်တာတွင် စင်တိန်သည်   ကြေးနန်းပို့သော ပုံစံစာရါက်ကို တောင်း ယူပြီး လန်ဒန်မြို့ ဘွန်းလမ်းရှိ ဆိုသဘီအနုပညာပစ္စည်း  အရောင်းအ၀ယ်ဌာနသို့  အောက်ပါ အတိုင်း ကြေးနန်းပို့လိုက်သည်။

"ပစ္စည်းများ မရောင်းတော့ပါ"
"အရောင်းအ၀ယ်ကိစ္စ စီစဉ်ထားမှုများ ဖျက်သိမ်းလိုက်ပါ"
ထို့နောက် သားအမိနှစ်ယောက် တောင်ထိပ်ပေါ်ရှိ နယ်လီဆင်ဟိုတယ်သို့ သွား၍ နေ့လယ်စာ စားကြသည်။

ဘလိန်းသည် ညွန်ပေါင်းအစိုးရ ဖွဲ့စည်းရေးအတွက် အစည်းအဝေးမျး  ထိုင်နေရသည်။  အစည်းအဝေး များ ပြီးပြီးချင်း လာတွေ့မည်ဟု စင်တိန်အား ကတိပေးခဲ့သည်။ တကိအတိုင်းပင်  အားလပ်သည် နှင့်တစ်ပြိုင်နက် ရောက်လာသည်။  အိမ်နောက်ဘက် ထင်းရူးတောထဲမှ စောင့်နေသည့် သူ့မျက်နှာကို မြင်လိုက်ရသော မရွှင်မပျဖြစ်နေ၍ စင်တိန့်၏  အပျော်စိတ် ကလေးပင် ထွက်ပြေးသွား တော့သည်။
"ဘာဖြစ်လို့ ... ဘလိန်း"
"လမ်းလျှောက်ကြရအောင် စင်တိန့်၊ တစ်နေ့လုံး အခန်းထဲ အောင်းပြီး အစည်းအဝေး ထိုင်နေရတာ  ငြီးစီစီကြီး ဖြစ်နေတယ်"

အိမ်ခြံဝင်းကြီး  နောက်ဘက်ရှိ တောင်ကုန်းလေးပေါ်သို့  တက်လာကြသည်။ တောင်ထိပ်ရှိ လဲကျနေ သော သစ်လုံးတစ်လုံးပေါ်၌  ထိုင်လိုက်ကြပြီး ဆည်းဆာချိန်နေ၀င် ရှုခင်းကို လှမ်းကြည့်နေကြသည်။
"ဘာဖြစ်လို့လဲ ဘလိန်း ... ပြောပါဦး"
ဘလိန်း၏ လက်မောင်းကို စင်တိန်က ကိုင်လှုပ်ပြီး မေးလိုက်သည်။
ဘလိန်းက စင်တိန်ဘက် လှည့်ကြည့်ပြီး ဖြေလိုက်သည်။
"အစ္စဘယ်လား"
သူ့မျက်နှာက ညှိုးလျော်နေသည်။
"သူ့သတင်းရပြီလား ... ဘာတဲ့လဲ"

"ဆရာဝန်တွေကလဲ လက်လျှော့လိုက်ပြီ၊ ဘယ်လိုမှ ကုလို့  လုပ်လို့ မရနိုင်ဘူးတဲ့၊ ဆောက်သမ်တမ် ကနေ နောက်တစ်ပတ် စာပို့သင်္ဘောနဲ့ သူပြန်လိုက်လာလိမ့်မယ်"
နှစ်ယောက်စလုံး ငြိမ်ကျသွားပြန်သည်။ နေလုံးနီနီကြီးသည် ဘော်ငွေရောင်ပင်လယ်ပြင်ထဲသို့ ငုပ်လျှိုး ၀င်ရောက်သွားသည်။ ကမ္ဘာမှ အလင်းရောင်ထုကို နေမင်းကြီးက ယူဆောင်သွားသဖြင့် အမှောင်ဖုံး လာသည်။
စင်တိန် စိတ်ထဲတွင်လည်း အလားတူ  မှောင်မိုက်လာသည်။
"စိတ်မကောင်းစရာပါပဲ ... ရှင့်ကြောင့် ဒီကမ္ဘာကြီးမှာ ကျွန်မ  အခုလို ရပ်တည် နေနိုင်တာပါ ... ကျွန်မ အလိုလား အတောင်းတဆုံးကတော့ ရှင့်ရဲ့ အချစ်ပါပဲရှင်"

ဆက်ရန်
.

No comments: