Monday, December 26, 2011

စာရေးဆရာ ကိုအောင်ဆန်း, အပိုင်း (၅၈)

မှိုင်းညို့သော သုသာန်ကလေး

(၁)
    "ကဏန်းမ ရွှံ့စိုစို
     တစ်ကိုယ်လုံး နီတွေး။
     လက်မတထောင်ထောင်နဲ့
     တွင်းပေါင်မှာ မင်းယောင်ခင်းပြန်ပေါ့
     ဒီဆင်းပြီလေး။
     သူ့ကိုယ်သူလျှင်
     ဘာထင်လေ မသိ။
     ဟိုငါးပျံ လတာစွန်းမှာ
     သူ့ကျွမ်းဟန်ချည့်။"

ဆရာစိမ်း ရေ... လမု၊ လတာတွေနဲ့ ဒီချောင်းအရပ်က သုသာန်ကလေးအကြောင်း ပြောချင်လို့ ဆရာဇော်ဂျီ ရဲ့ဗေဒါလမ်းကဗျာနဲ့ နှုတ်ခွန်းဆက်လိုက်တာပါ။ မြစ်ဝကျွန်းပေါ်က တချို့ရွာကလေး တွေမှာ ဒီတက်ရင် ရေလွှမ်းသွားတတ်တဲ့ သင်္ချိုင်းလေးတွေရှိတယ်။ ဒီရေကျချိန်ကိုတွက်ပြီး အသုဘပို့ကြရတယ်။
အဲဒီ သင်္ချိုင်းလေးကိုနောက်ခံထားပြီး လတာစွန်းမှာ ကျွမ်းအမျိုးမျိုးပစ်နေတတ်တဲ့ ဟန်သမားတွေရဲ့ အမူအရာ ကို ရေးဖွဲ့ချင် စိတ်ပေါ်လာဖူးတယ်။

ဒါနဲ့ "မှိုင်းညို့သော သုသာန်ကလေး"ကို ရေးဖြစ်ခဲ့တာပါ။ ၁၉၈၈ ခုနှစ် ဖေဖော်ဝါရီလထုတ် မိုးဝေ မဂ္ဂဇင်း မှာ ဒီဝတ္ထုတိုလေးကို ပထမဆုံးဖော်ပြခဲ့တယ်။ ၂၀၀၃ ခုနှစ်မှာ "မြတ်သင်းနှစ်ယောက်နှင့် ဝတ္ထိုများ" စာအုပ်ထုတ်တော့ သူ့ကို ထပ်ပြီး ပုံနှိပ်ခဲ့တယ်။ ၂၀၀၆ ခုနှစ်မှာ ထုတ်ဝေတဲ့ ဂျပန်နိုင်ငံ က စာစောင် တစ်ခုမှာလည်း ပြန်လည်ဖော်ပြခဲ့ဖူးပါသည်။

(၂)

"အူဝဲ... အူဝဲ"
သင်္ချိုင်းဝတ္ထုကို မွေးကင်းစကလေးငိုသံနဲ့ စဖွင့်ထားပါတယ်။ ပြီးမှ ဘစံခို အိုမင်းမစွမ်းဖြစ်နေ ကြောင်း၊ ဦးဖူးညို လေဖြတ်နေကြောင်း၊ သင်္ချိုင်းကုန်းလေးကို သွားကြည့်မယ့်အကြောင်း၊ ညနေမှာ တော့ နိဗ္ဗာန်ဆိပ်ဦး ဘုရားကို သွားဖူးယ့်အကြောင်းတွေ စီပြီးရေးပါတယ်။ ဝတ္ထုလေးရဲ့ပထမအခန်း ပါ။
"ဒီအခန်းက ဇာတိ၊ ဗျာဓိ၊ မရဏနဲ့ အမတနိဗ္ဗာန်ဆိုတဲ့ တရားသဘောကို ဖွဲ့ထားတာပါ"လို့ မိတ် ဆွေတစ်ဦးကို ပြောပြတော့ "ဟုတ်မှလဲ လုပ်ပါ ကိုယ့်လူရယ်"ဆိုတဲ့ မျက်နှာပေးမျိုးနဲ့ ပြုံးစိစိကြည့် တာကို ခံ လိုက်ရဖူးတယ်။ မိုးဝေမှာ ဒီဝတ္ထုလေးပါလာတုန်းက ကြုံခဲ့ရတာလေးကို ပြောပြတာပါ
ဝတ္ထုလေးရဲ့ဇာတ်လမ်း ဒီလို...

(၃)

မြစ်ဝကျွန်းပေါ်က ပြင်သာမြို့ကလေးကို အလည်ရောက်လာတဲ့ သင်းအောင်ဟာ မှိုင်းညို့သော သုသာန်ကလေးကို သွားကြည့်ချင်နေတယ်။ အဲဒီသုသာန်လေးထဲမှာ ကိုမိုးရဲ့အုပ်ဂူလေး ရှိနေတာ ကိုး။ အတော်ပါပဲ။ အဲဒီမြို့ကလေးက ဦးဘတူဆိုတဲ့ ပုဂ္ဂိုလ်ကွယ်လွန်သွားတာမို့ အသုဘပို့သူတွေနဲ့ အတူ လိုက် သွားခဲ့တယ်။

သုသာန်လေးထဲက အုတ်ဂူတွေဟာ ထွန်ယက်ပြီးစ ယာပြင်မှာ တစ်ပိုင်းတစ်စမြုပ်ထားတဲ့ သစ်စေ့ တွေလို ဖရိုဖရဲပြန့်ကြဲနေကြတယ်။ ခါးဆန့်ရပ်နေတဲ့ ကညင်ပင်ကြီးတစ်ပင် ခြေရင်းမှာ ကိုမိုးရဲ့ အုတ်ဂူလေးကို တွေ့ရတယ်။ ကညင်ပင်ကြီးပေါ်က ချာလည်ချာလည်နဲ့ ကြွေကျလာတဲ့ ကညင်သီး လေးတွေဟာ ကို မိုးဂူပေါ်မှာ ခိုနားလာကြသတဲ့။ ကညင်သီးလေးတွေ ကြွေကျလာပုံဟာ လေယာဉ် ပေါ်က လေထီး စစ်သည် တွေ ခုန်ဆင်းလာသလိုပဲတဲ့။

သင်းအောင်ဟာ အုတ်ဂူဟောင်းလေးကို ငေးစိုက်ကြည့်နေမိတယ်။ ဖက်ဆစ်တော်လှန်ရေးကာလ က ကျဆုံးခဲ့ရရှာတဲ့ အညတြပြောက်ကျားရဲဘော်လေးတစ်ဦးဟာ ဒီအုတ်ဂူလေးထဲမှာ ငြိမ်းချမ်းစွာ အိပ်စက်နေရှာလိမ့်မယ်လို့ တွေးနေတယ်။
အုတ်ဂူလေးမှာ ကမ္ဗည်းစာတမ်း တစ်စုံတစ်ရာ ရေးထိုးထားတာမရှိပါဘူး။ မိုးရေကြောင့် စွန်းထွက် နေတဲ့ အမည်းစက်တွေ၊ ရေညှိတွေကြောင့် စွဲငြိနေတဲ့ အစိမ်းပြောက်တွေပဲ ရှိပါတယ်။ ဒီအစက် အပြောက်တွေ၊ အစွန်းအကွက်တွေဟာ ဒြပ်မဲ့ပန်းချီကားတစ်ချပ်လိုပါပဲ။ အမည်းစက်တွေ၊ အစိမ်းပြောက်တွေနဲ့ ဖွဲ့ယှက် ထားတဲ့ ဝိုးတဝါးပုံရိပ်တွေထဲမှာ ကိုမိုးရဲ့စိတ်ဝေဒနာအတွေးတွေ၊ မှာတမ်း တွေကို သင်းအောင်က စူးစမ်း ရှာဖွေကြည့်နေတယ်။

အဲဒီအချိန်မှာပဲ သုသာန်ဇရပ်လေးထဲက လူတွေ ပြိုဆင်းလာကြယ်။ သရဏဂုံတင်ပြီးပြီဖြစ်တဲ့ ဦးဘ တူရဲ့ရုပ်ကလာပ်ကို သယ်လာကြတယ်။ ကျောက်တုံးကြီးတစ်တုံးကို ခေါင်းပြုပြီး တလားကို ချထား လိုက်ကြတယ်။
"ယနေ့မှစ၍ သင့်ကို တာဝန်မှ ရပ်စဲလိုက်သည်။ သင်သွားလိုရာသို့ လွတ်လပ်စွာ သွားနိုင်ပြီ"
ဦးဘတူရဲ့ရုံးအကြီးအကဲက ကျောက်တုံးပေါ်မှာ တက်ရပ်ပြီး အမိန့်ပြန်တမ်း ဖတ်တယ်။
တလားပေါ်မှာ သစ်သီးခြင်းတစ်ခြင်း တင်တာကိုတွေ့လိုက်ရပြီး ကျောက်တုံးပေါ်ကို လူတစ် ယောက် တက်လာပြန်တယ်။ ဦးဘတူက ကုန်စိမ်းဆိုင်ပိုင်ရှင်တဲ့။ ကုန်စိမ်းအသင်းဥက္ကဋ္ဌတဲ့။ ဒါ့ ကြောင့် ကုန်စိမ်းအသင်းကလည်း အမိန့်လာပြန်တယ်။

ဟော... ကျောက်တုံး ပေါ်ကို လူပိန်ပိန်တစ်ယောက် တက်လာပြန်ပြီ။ ဒီလူကတော့ ပြင်သာမြို့ ရောက် နမန္တာရွာသားများအသင်းကတဲ့။ ဦးဘတူနာမည်ဟာ နမန္တာရွာတည်နေသရွေ့ ကွယ် ပျောက်လိမ့်မည် မဟုတ်တဲ့အကြောင်း၊ နမန္တာရွာရဲ့ဂုဏ်ကို ဦးဘတူက အကြိမ်ကြိမ်မြှင့်တင်ခဲ့တဲ့ အကြောင်းတွေကို "နမန္တာရွာ၏သားကောင်းစင်စစ် ဧကန်ဖြစ်သူ၊ အို... အသင်ဦးဘတူ... "ရယ်လို့ တိုင်တည်သမှုပြုပြီး လူပိန်ပိန် က အော်ဟစ်ချီးမွမ်းနေတာ အကြာကြီးပဲ။ ပြီးမှ အမိန့်ပြန်တမ်းဖတ်တယ်။

ဒီတစ်ခါ ကျောက်တုံးပေါ်တက်လာတဲ့ လူကတော့ အားကစားဝတ်စုံ ဝတ်ထားတယ်။ ဆုတံဆိပ် တွေလည်း ရင်ဘတ်မှာ ချိတ်ဆွဲထားတယ်။ သူက ရပ်ကွက် အားကစားအသင်းခေါင်းဆောင် ဦးဘ တူအတွက် အမိန့်ပြန်တယ်။
သင်္ချိုင်းထဲမှာ ယောဂီမယ်လေးတွေရဲ့ ချိုအေးကြည်မြတဲ့ ရှစ်လုံးဖွဲ့ကဗျာရွတ်သံ ပေါ်ထွက်လာ တယ်။ ကြေးစည်ပုံခတ်နှိပ်ထားတဲ့ အဝါရောင်စလွယ် ဆင်မြန်းထားသူတစ်ယောက် ကျောက်တုံး ပေါ်မှာ ရပ်နေတယ်။ နေရောင်ထိုးထားလို့ သူ့အရိပ်က သေတ္တာပေါ်မှာ တလှုပ်လှုပ်နဲ့။ အရိပ်ကျနေ ပုံက တလားခေါင်းရင်းကနေ ခြေရင်းအထိ ပိတ်စအနက်ကြီးတစ်ထည်နဲ့ အတင်းဖုံးအုပ်ပေးနေသ လား ထင်ရသတဲ့။ ကဗျာရွတ်သံစဲသွားတော့ စလွယ်ဆင်ထားသူက ဓမ္မာရုံဝေယျာဝစ္စအသင်း ဥက္ကဋ္ဌ ဦးဘတူအတွက် အမိန့်ပြန်စာဖတ်တယ်။

နေရင့်လာပြီမို့ ပရိသတ်အချို့ ထီးဖွင့်ဆောင်းကြတယ်။ တချို့က နီးရာသစ်ပင်ရိပ်အောက်ကို ဝင် ကြတယ်။
"သြော်... တွက်ဆသင်္ချာ၊ သုံးရက်အကျူး၊ လေးရက်သို့ ကူးပြီထင့်၊ ဖူးရောင်မာ၊ ခန္ဓာအကောင်း၊ မရူမလှ၊ ဒုကရ၊ အသုဘအပေါင်းပေမို့၊ ထောင်းညက်ညက်ကျေ၊ ဒွတ္တိံသညွတ်၊ ဝဋ်ကိန်းက လွတ် နိုင်ဘု၊ ကောဋ္ဌာသေ၊ လေထွေဓာတု၊ အဋ္ဌကလာပ်၊ စမပြတ်အောင်၊ ကြပ်ကြပ်များရှုလိုက်လျှင်၊ ကိုယ်ဟုဟုတ်၊ နိစ္စနိစ္စ၊ ဘိဇ္ဇနတွင်ဖြင့်၊ ထိတ်စရာ့ရုပ်ပါကလား"
ဇာတ်ပွဲထဲက မင်းသားကြီးလေသံမျိုးနဲ့ လင်္ကာရွတ်သံကြားရပြန်ပြီ။ မင်းသားကြီး တောကစားရာမှ ကျားသေ တွေ့လို့ ကမ္မဋ္ဌာန်းရှုပုံကို စာပေါင်ပဲ့ပဲ့ အာစောက်ကျကျနဲ့ ရွတ်ပြနေတာ။ ပိုးပဝါအုပ်ပေါင်း ပေါင်းထား တဲ့ လူတစ်ယောက် ကျောက်တုံးပေါ်မှာ ရပ်ရင်း ရွတ်နေတာကိုး။

အဝါရောင်ဖဲပြားကွပ်ထားတဲ့ ကတ္တီပါအင်္ကျီအနီကို ဝတ်ထားတယ်။ လင်္ကာရွတ်အပြီးမှာ မင်းသား ကြီးက ရပ်ကွက်ဒိုးပတ်ဝိုင်းခေါင်းဆောင် ဦးဘတူအတွက် အမိန့်စာပြန်ဖတ်တယ်။
"တွီ... တွီ... တွီ... "
ခရာတုပ်သံသုံးချက် ရုတ်တရက်ပေါ်လာလို့ လူတွေအထိတ်တလန့်ဖြစ်ကုန်ကြတယ်။ ဖုံးထိုင်း၊ ဖုံး ထိုင်းနဲ့ ပြေးလွှားသံတွေ ကြားရပြီး ကရာတေးဝတ်စုံဝတ်ထားသူတွေ ခေါင်းဘေးမှာ တန်းစီရပ်နေ ကြတယ်။

"ကျားသစ်နက်သိုင်းအဖွဲ့ နာယကကြီး ဦးဘတူအား အလေးပြု"
သိုင်းအဖွဲ့သားတွေက စက်ရုပ်လေးတွေကို ညီညီညာညာ လှုပ်ရှားနေကြတယ်။ အဲဒီအချိန်မှာပဲ ပရိသတ်နောက်ပိုင်းက ရုတ်ရုတ်သဲသဲဖြစ်လာတယ်။ လူတချို့ ဟိုဟိုဒီဒီ ပြေးလွှားနေကြတယ်။
"ဒီရေတက်လာပြီဟေ့... ရေတက်လာပြီဟ"
ခရာဆူးချုံတန်းကို ကျော်စပြုလာတဲ့ ရေဖွေးဖွေးကို မြင်ကြရတယ်။ ကျောက်တုံးကြီးနားမှာ အချီ အချ စကားပြောသံတွေကို ကြားနေရတယ်။

"မင်း တို့ အမိန့်ပြန်စာဖတ်မယ့် အဖွဲ့က ဘယ်နှစ်ဖွဲ့ကျန်သေးလဲ"
"ငါးဖွဲ့လောက် ကျန်သေးတယ်"
"ဟာ... မဖြစ်တော့ဘူး၊ ဖတ်မနေကြနဲ့"
"ကျန်တဲ့စာရွက်တွေ အကုန်လုံး ခေါင်းထဲသာ ဖွင့်ထည့်လိုက်ကြတော့"

"မြန်မြန်လုပ်ကြဟေ့... မြန်မြန်ကွဲ့"
သင်းအောင်က ကိုမိုးရဲ့ဂူကို ဦးညွတ်အလေးပြုပြီး သုသာန်လေးထဲက တည်ငြိမ်စွာ ထွက်လာခဲ့ တယ်။
ဒီရေကတော့ သုသာန်လေးထဲက အမှိုက်သရိုက်အားလုံးကို ဖယ်ရှားဆေးကြောပစ်တော့မယ့်အ လား တရိပ်ရိပ်... တရိပ်ရိပ် တက်နေဆဲပဲ။

(၄)

ကြာခဲ့ပါပြီ။ သင်္ဘောနဲ့ပဲဖြစ်ဖြစ်၊ မော်တော်နဲ့ပဲဖြစ်ဖြစ် လှေကလေးနဲ့ပဲဖြစ်ဖြစ် ရေကြောင်းခရီးသွားရ လို့ ကမ်းပေါ်က မှိုင်းညို့ညို့ သုသာန်ကလေးတွေကို မြင်ရတဲ့အခါတိုင်း မိုးရေကွက်တွေ၊ ရေညှိ ပြောက်တွေ စွဲငြိနေတဲ့ အုတ်ဂူဟောင်းလေးတစ်ခုကို သတိရနေမိတုန်းပါပဲ။
သြော်... ဒါနဲ့၊ ကိုမိုးဆိုတာဟာ စာရေးဆရာ ကိုအောင်ဆန်းရဲ့ နာမည်ဝှက်တစ်ခုရယ်လို့ တချို့ လူငယ်တွေခမျာ မသိကြရှာတော့ဘူးတဲ့ ဆရာစိမ်းရဲ့။

မြတ်သင်း.
ဆက်ရန်
.

No comments: