Saturday, December 24, 2011

ဝင်းဖေဝင်း ဘာသာပြန် စိန်မင်းသမီး အဆက် အပြိုင်အဆိုင်အနိုင်, အပိုင်း (၃ဝ)

(၃၀)

စင်တိန့်သည် သူမ၏ ခြံဝင်းကြီးနှင့် အိမ်ဂေဟာကြီးတွင် ပျော်ပွဲရွှင်ပွဲများနှင့် အငယ်တန်းပိုလို ဖိတ်ခေါ် ပွဲကို တခမ်းတနား ကျင်းပသည်။
စင်တိန်သည် တောင်အာဖရိက တစ်နိုင်ငံလုံးရှိ အကောင်းဆုံး ပိုလိုအားကစားသမားများကို ဖိတ်ကြား သည့်အပြင် ကဏ္ဍအသီးသီးမှ သြဇာတိက္ကမ အရှိဆုံးနှင့် အရေးကြီးဆုံး ပုဂ္ဂိုလ်များကိုလည်း ဖိတ်ကြား သည်။ သူမ ဖိတ်ကြားသူများမှာ နိုင်ငံရေးသမားများ၊ ပညာရှင်များ၊ မြေပိုင်ရှင်ကြီးများ၊ သတ္တုတွင်း ပိုင်ရှင်ကြီးများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ သတင်းစာအယ်ဒီတာများနှင့် ပန်းချီဆရာနှင့် စာရေးဆရာ အချို့တို့ ပါဝင်သည်။

သူမ ၀ယ်တာဗီဒင် အိမ်ကြီးဂေဟာတွင် ထိုဧည့်သည်အားလုံး တည်းခိုရန်မဆံ့သဖြင့် အနီးအနားရှိ အယ်ဖင်ဟိုတယ်ကိုပင် ငှားထားရသည်။ ထိုဧည့်သည်များအားလုံးအနက်တွင် တခြားမြို့များမှလာသူ ၂၀၀ ပါဝင်သည်။ နိုင်ငံအတက်ပိုင်းမှ ဧည့်သည်များနှင့် သူတို့၏ မြင်းများကို စင်းလုံးငှားရထားဖြင့် သယ်ယူလာသည်။ ငါးရက်လုံးလုံး ပျော်ပွဲရွှင်ပွဲများ၊ ဧည့်ခံပွဲများ မပြတ်တမ်းကျင်းပသည်။
နံနက်ပိုင်း၌ အငယ်တန်းပိုလိုပြိုင်ပွဲကို ကျင်းပသည်။ နေ့လယ်ပိုင်း၌ နေ့လယ်စာစားပွဲတည့်ခင်း ဧည့်ခံ သည်။ မွန်းလွဲပိုင်းတွင် အကြီးတန်း ပိုလိုပြိုင်ပွဲကို ကျင်းပသည်။ ညစာစားပွဲကို ကြိုက်တာ ကြိုက် သလောက် ယူစား ဘူးဖေးတည့်ခင်းပြီး ညလုံးပေါက် ကပွဲကြီး ကျင်းပသည်။

ဘင်ခရာအဖွဲ့ခြောက်ဖွဲ့က နေ့ညမပြတ်တမ်း အလှည့်ကျ တီးမှုတ်ဖြေဖျော်ပေးသည်။ ကက်ကရေးကပွဲ၊ ဖက်ရှင်ပြပွဲ၊ အနုပညာပစ္စည်းများနှင့် ရှားပါးသော ၀ိုင်အရက်များ၊ အလှူပွဲဈေးရောင်း ပွဲများ အပါအ၀င် ပျော်ပွဲရွှင်ပွဲများ စုံလင်စွာ ကျင်းပသည်။

အငယ်တန်းပိုလိုပြိုင်ပွဲ နောက်ဆုံး ဗိုလ်လုပွဲတွင် ရှာဆာဦးဆောင်သော ၀ယ်တာဗီဒင်အသင်းနှင့် နာတယ်အငယ်တန်းအသင်းတို့ တွေ့ကြသည်။ ပထမပိုင်းတွင် ရှာဆာတို့ အသင်းက ရှုံးနေသည်။ ခေတ္တ ပွဲရပ်နားချိန်တွင် ဘလိန်းက ရှာဆာအား လိုအပ်ချက်များ ဟာကွက်များကို သင်ကြားပြပေးပြီး စင်တိန်ရှိရာ အထူးတန်းစင်မြင့်ဆီသို့ ထွက်လာခဲ့သည်။
ယောကျာ်းသားများ ၀ိုင်းဝိုင်းလယ်နေသော စင်တိန်ကို အ၀ါရောင်ဦးထုပ်နှင့်အတူ ဘလိန်း လှမ်းမြင် လိုက် ရသည်။ စင်တိန်ကလည်း ဘလိန်း ကို မြင်သွားပြီး တစ်ဦးနှင့်တစ်ဦး စိုက်ကြည့်နေကြသည်။ ထို့နောက် စင်တိန်က ဗိုလ်ချုပ်ကြီး စမတ်ဘက်သို့ လှည့်ပြီး သူ့စကားကို သဘောကျကာ ဟက်ဟက် ပက်ပက် ရယ်လိုက်သည်။

ဘလိန်းသည် စင်တိန့်နားသို့ သွားချင်သည်။ သူမထံမှ ရေမွှေးနံ့သင်းသင်းလေးကို ရှူချင်သည်။ ပြင်သစ်သံ ၀ဲဝဲလေးဖြင့် ပြောနေသော သူမ၏ အင်္ဂလိပ်စကားကို နားထောငချင်သည်။ သို့ရာတွင် ဘလိန်း သည် သူမထံသို့ မသွားဘဲ အထူးတန်း အရှေ့ဘက်၌ လက်တွန်းကုလားထိုင်ဖြင့် ထိုင်နေ သော အစ္စဘယ်လာ ထံသို့ လျှောက်သွားသည်။
အစ္စဘယ်လာ သည် ယနေ့မှ ပထမဆုံးအကြိမ် ထူထူထောင်ထောင်ဖြင့် ပြိုင်ပွဲကို လာကြည့်နိုင်ခြင်း ဖြစ်သည်။ စင်တိန်က အစ္စဘယ်လာ၏ လက်တွန်းကုလားထိုင်ကို တွန်းတင်ပြီး ကြည့်နိုင်ရန် နေရာ သီးသန့် ဆောက်ပေးထားပါသည်။ အထူးတန်း ခုံတန်းများ၏ ပထမဆုံးအဆင့်တွင် နေရာ စီစဉ် ပေး ထားသည်။

အစ္စဘယ်လာ၏ ဘေးတစ်ဘက်တွင် သူ့ မိခင်က ထိုင်သည်။ အစ္စဘယ်လာ၏ ရင်းနှီးသော အမျိုးသမီး လေးဦး နှင့် သူတို့ ခင်ပွန်းများက ဘေးတွင် ၀ိုင်းထိုင်နေကြသည်။ ဘလိန်းအစ္စဘယ်လာနား ရောက်လာ သည်ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် သမီးနှစ်ယောက်က အပေါ်ဆင့်ခုံတန်းများမှနေ၍ စကတ်ကို ဒူးခေါင်းခန့် အထိမကာ ပြေးဆင်းလာကြသည်။
ဘလိန်း က အစ္စဘယ်လာ၏ ပါးလေးကို ၀တ်ကျေတမ်းကျေ နမ်းကာ နှုတ်ဆက်လိုက်သည်။

"ကျွန်မ မောင့်ကို သိပ်လွမ်းတာပဲကွယ်"
အစ္စဘယ်လာ က တိုးတိုးလေး ပြောလိုက်သည်။ သူမ စကားသည် မှန်ကန်သော သစ္စာစကား ဖြစ်သည်။ ဘလိန်းသည် အစ္စဘယ်လာဘေးမှ နေရာလွတ်တွင် ၀င်ထိုင်ကာ ပြိုင်ပွဲကို ကြည့်သည်။
ပိုလိုပွဲ ဒုတိယပိုင်း ပြန်စသည်။ အသင်းနှစ်သင်း ပြောင်းလဲ ကစားကြသည်။ ဒုတိယပိုင်းအစတွင် ရှာဆာသည် ခပ်ကြမ်းကြမ်း ကစားသဖြင့် သတိအပေးခံရသည်။ တကယ်တော့ ထုတ်ပစ်ရနိုင်လောက် သော ကိစ္စဖြစ်သော်လည်း မိခင်မျက်နှာနှင့် အိမ်ရှင်အသင်းကပ္ပတိန် ဖြစ်နေ၍ သက်ညှာစွာ အပြစ်ပေး ခံရခြင်း ဖြစ်သည်။
ဒုတိယပိုင်းတွင် ရှာဆာ၏ ဦးဆောင်ကောင်းမှု၊ သတ္တိရှိမှု၊ ကျွမ်းကျင်မှုတို့ကြောင့် အရှုံးဂိုးချေပနိုင်သည့် အပြင် အနိုင်ဂိုးပါသွင်းနိုင်ကာ အနိုင်ရသွားသည်။

ပြိုင်ပွဲပြီးသောအခါ ဘလိန်းသည် အခြားမိတ်ဆွေများနှင့် သွားပြီး စကားပြောလိုက်သည်။ စင်တိန်က မိမိနောက်ကျောဘက်မှနေ၍ စကားပြောလိုက်မှ စင်တိန် မိမိအနားရောက်လာမှန်း သိလိုက်သည်။
ကျွန်မသားကို ရှင် ဘာတွေများ သင်ပေးလိုက်လဲ မသိဘူး၊ တစ်ခါတည်း အနိုင်ရသွားတာပဲ ဗိုလ်မှူးကြီး၊ ပွဲ နားချိန်တုန်းက ရှင် သူ့ကို စကားပြောနေတာ ကျွန်မ တွေ့လိုက်ရပါတယ်။
"နည်းနည်းပါးပါး နည်းပေးလမ်းပြလုပ်ရုံလောက်ပါ"

"ဘာပဲဖြစ်ဖြစ် သူနိုင်သွားတာပဲ၊ ကျေးဇူးတင်ပါတယ် ဘလိန်း"
"ကျွန်တော့်ကို သိပ်ကျေးဇူးတင်ဖို့ မလိုပါဘူး၊ ကလေးကိုယ်တိုင်ကလဲ တော်လို့ပါဗျာ၊ သူ့အတွက် ရှေ့ အလားအလာ အများကြီး ကောင်းပါတယ်"
"ကျွန်မ ရှာဆာတို့ ဗိုလ်လုပွဲ ကြည့်ရင်း ဘာတွေးနေတယ်ဆိုတာ ရှင်သိလား"
စင်တိန်က ခပ်တိုးတိုး မေးလိုက်သည်။ ဘလိန်းက မသိကြောင်း ခေါင်းခါပြလိုက်သည်။
စင်တိန့်စကားကို ဘလိန်း ရုတ်တရက် အဓိပ္ပာယ်မပေါက်ဘဲ နားရှုပ်သွားသည်။ နောက်မှ အဓိပ္ပာယ် ပေါက်သွားသည်။

၁၉၃၆ခု၌ ကျင်းပမည့် ဘာလင်အိုလံပစ်ပြိုင်ပွဲကို ရည်မှန်းကာ ပြောလိုက်ခြင်းဖြစ်ကြောင်း သဘော ပေါက်သွား၍ ဘလိန်း ရယ်လိုက်သည်။ သို့သော် ဤကိစ္စမှာ စင်တိန် နောက်ပြော ပြောခြင်းသာ ဖြစ်ရ မည်။ ရှာဆာ သည် အငယ်တန်းအဆင့်သာ ရှိသေးရာ အကြီးတန်း လက်ရွေးစဉ်ဖြစ်လာဖို့ ဆိုသည်မှာ မိုး နှင့် မြေလောက် ကွာလှမ်းလှသည်။ သို့သော် စင်တိန်အမူအရာမှာ နောက်ပြောင်ခြင်းမျိုး မဟုတ် မသဖြင့် ဘလိန်း အရယ်ရပ်လိုက်သည်။

"ခင်ဗျား အဲဒါအတွက် တကယ့်ကို စိတ်သန်နေသလား"
"ဟုတ်တယ်၊ ကျွန်မ မျှော်လင့်ထားတယ်၊ သူ့မြင်းတွေကိုတော့ ကျွန်မ ဆက်ပြီး ထိန်းသိမ်းထားနိုင်စွမ်း ရှိတော့မယ် မထင်ဘူး၊ ဒါပေမယ့် သူ့အဖေကြီးက သူ့မြေး ပိုလိုကစားတာကို မြင်ချင်မှာဆိုတော့ ကူညီ မှာပါ၊ ရှာဆာ အတွက် တကယ့်ထိပ်တန်း ပိုလိုသမားတစ်ဦးကသာ နည်းပေးလမ်းပြလုပ်ပြီး ကူညီမယ်၊ အားပေးမယ်ဆိုယင် ..."
စင်တိန်က စကားကို တစ်ပိုင်းတစ်စ ဖြတ်လိုက်ပြီး ပခုံးကို မသိမသာလေး တွန့်ပြသည်။

"ခင်ဗျားအတွက်ရော၊ ရှာဆာအတွက်ရော ကျွန်တော် ကူညီဖို့ အသင့် ရှိပါတယ်"
ဘလိန်းစကားကြောင့် စင်တိန် ပြုံးလာသည်။ ထို့နောက် အကြောင်းအရာသစ်တစ်ခုကို ပြောင်းပြီး ပြော လာသည်။
"ဗိုလ်ချုပ်ကြီးစမတ်က ရှင့်ကို မေးနေတယ်၊ အထူးတန်းစင်နောက်က ၀က်သစ်ချပင်အုပ်အောက်မှာ ကျွန်မ တို့ ထိုင်နေကြတာ၊ ရှင့်ဇနီးပါခေါ်ပြီး လာခဲ့ကြပါလား"
စင်တိန် က ဘလိန်းနှင့် စကားပြောပြီး တစ်ဘက်သို့ လှည့်ထွက်သွားသည်။ ဧည့်သည်များက စင်တိန် အတွက် လမ်းဖယ်ပေးကြသည်။

ဘလိန်းသည် အစ္စဘယ်လာ၏ လက်တွန်း ကုလားထိုင်ကို မြက်ခင်းစိမ်းစိမ်းပေါ်မှ ဖြတ်ပြီး ၀က်သစ်ချ ပင်အုပ်အောက် သို့ တွန်းသွားသည်။ ရာသီဥတု ကြည်လင် သာယာနေသည်။ ဘလိန်းလာနေသည်ကို မြင်သောအခါ စင်တိန်က သူ့ဘေးရှိ စားပွဲထိုး၏ လင်ပန်းထဲမှ ရှန်ပိန်ပုလင်းကို ယူကာ ဖန်ခွက်တစ်လုံး ထဲသို့ သူမ ကိုယ်တိုင် လောင်းထည့်လိုက်သည်။ ထို့နောက် ဖန်ခွက်ကို ယူပြီး အစ္စဘယ်လာအား လှမ်း ပေးလိုက်သည်။

"ဟင့်အင်း ... တော်ပါပြီရှင်၊ များနေပြီ"
အစ္စဘယ်လာက ယဉ်ယဉ်ကျေးကျေးလေး ငြင်းလိုက်ရာ စင်တိန် ရှိုးတို့ရှန့်တန့် ဖြစ်သွားသည်။ ဘလိန်းက လှမ်းယူပြီး အခြေအနေကို ထိန်းလိုက်မှ စင်တိန် ပြုံးနိုင်သွားသည်။ အစ္စဘယ်လာ ကုလားထိုင် စကားဝိုင်း ၌ ၀င်နိုင်ရန နေရာပေးကြသည်။

အားလုံး နေသားတကျ ၀ိုင်းထိုင်မိသွားသောအခါ စတင်းဒတ်ဘဏ်ဥက္ကဋ္ဌက ကမ္ဘာ့စီးပွားရေး၊ နိုင်ငံရေး နှင့် ငွေရေးကြေးရေး ကိစ္စများကို ဆက်လက် ဆွေးနွေးသည်။ တစ်ခဏကြာသောအခါ စင်တိန် နောက်ကျော ဘက်မှနေ၍ လျှောက်လာနေသော ရှာဆာကို လှမ်းမြင်ရသဖြင့် ဘလိန်းက လက်ခုပ်ကို ငြင်ငြင်သာသာ တီးပြီး စတင်သြဘာပေးရာ ကျန်လူများကပါ သြဘာပေးကြသည်။
"အောင်နိုင်သူ သူရဲကောင်းကို ချီးကျူးပါတယ်"

တစ်ယောက်က ပြောလိုက်သည်။ စင်တိန်က ထိုင်ရာမှ နောက်သို့ လှည့်ကြည့်လိုက်သည်။ သူမ နောက်ကျောဘက်၌ ရပ်နေသော ရှာဆာကို တွေ့ရသည်။ ရေချိုးပြီးကာစ ဖလန်နယ်ရှပ်အင်္ကျီ၊ ဘောင်းဘီ နှင့် ဘလေဇာကုတ်ကို ၀တ်ထားသော ရှာဆာက ပြုံးပြုံးကြီး ရပ်နေသည်။
"သားရယ် ... မင်းရဲ့ အောင်မြင်မှုအတွက် မေမေ ဂုဏ်ယူပါတယ်"
စင်တိန်က မတ်တတ်ထလိုက်ပြီး သားဖြစ်သူကို ဖွဖွလေး နမ်းကာ ဂုဏ်ပြုလိုက်သည်။

ထို့နောက် အားလုံးကပင် ရှန်ပိန်ခွက်ကို ကိုယ်စီကိုင်ကာ ဂုဏ်ပြုဆုတောင်းဖြင့် သောက်ကြသည်။
ဆာဂါရီက သူ့ဘေးတွင် ကုလားထိုင်တစ်လုံး ချခိုင်းပြီး ပြောလိုက်သည်။
"ဒီမှာလာထိုင် င့ါမြေး၊ မင်းတို့ ဗိုလ်လုပွဲမှာ အနိုင်ရပြီး ချန်ပီယံဖြစ်ရတာ ဘယ်လို ခံစားရတယ် ဆိုတာ ပြောပြစမ်းပါဦး"
"ခွင့်ပြုပါဦး အဖေကြီး၊ ကျွန်တော့် ရဲဘော်တွေနဲ့ ကျွန်တော် လုပ်စရာလေး တစ်ခုရှိသေးလို့ပါ၊ အားလုံး အံ့အားသင့်စရာ တစ်ခု လုပ်ကြမလို့ စီစဉ်နေတာ"
"အံ့အားသင့်စရာ ... ဟုတ်လား၊ ဘာများလဲ သားရယ်"

"ကျွန်တော် အခုပြောလိုက်ယင် အံ့အားသင့်စရာ ဘယ်ဖြစ်ပါတော့မလဲ မေမေး၊ ခဏစောင့်လိုက်ပါ၊ ဆုတောင်းပွဲ ကျယင် အားလုံး မြင်ရပါလိမ့်မယ်"
ရှာဆာသည် ပြောပြောဆိုဆိုနှင့်ပင် သူ့အဖွဲ့သားများ စောင့်နေရာဆီသို့ ပြန်ပြေးသွားသည်။ ထို့နောက် ရှာဆာ၏ ဖို့ဒ်ကားဖြင့် အိမ်ကြီးဘက်သို့ မောင်းထွက်သွားကြသည်။ ဘလိန်းနှင့် ဗိုလ်ချုပ်ကြီးစမတ်က ၀က်သစ်ချပင်အုပ်တောတန်းလေးထဲသို့ အေးအေးလူလူ လမ်းလျှောက် သွားနေသည်ကို စင်တိန် မြင်လိုက်သည်။ သူတို့ စကားပြောသံကိုမူ ဝေးသွားသဖြင့် မကြားရတော့ပေ။
"မင်းဘယ်တော့ ၀င်းဟုပ်မြို့ကို ပြန်မလဲ ဘလိန်း"
ဗိုလ်ချုပ်ကြီး စမတ်က မေးလိုက်သည်။

"နောက်နှစ်ပတ်နေယင် ဒီကိပ်ဟောင်းမြို့ကနေပြီး အင်္ဂလန်နိုင်ငံဆောက်သမ်တန်ကို ကျွန်တော့်ဇနီးကို သင်္ဘောနဲ့ သွားလိမ့်မယ်၊ သင်္ဘောထွက်သွားပြီးယင် ကျွန်တော်လဲ ၀င်းဟုပ်ကို ပြန်မယ်" ဘလိန်းက ဖြေသည်။
"မင်း ဒီထက်ကြာကြာ မနေနိုင်တော့ဘူးလား၊ နှစ်သစ်ကူးချိန်လောက်အထိပေါ့၊ အပြောင်းအလဲတွေ ဖြစ်လာလိမ့်မယ်လို့ ငါမျှော်လင့်ထားတယ်"
"ဘာကိစ္စဆိုတာ ကျွန်တော် အရိပ်အမြွက် မသိရဘူးလား"

"မင်းကို ငါလွှတ်တော်အမတ် ပြန်ဖြစ်စေချင်လို့ပါ၊ အင်းလေ ... ဒါကလဲ မင်းအတွက် စွန့်စားရမှု စွန့်လွှတ်ရမှု ဖြစ်လိမ့်မယ်ဆိုတာ ငါသိပါတယ်၊ ၀င်းဟုပ်မှာ မင်း အခုလုပ်နေတဲ့ အလုပ်ကလဲ အလုပ် ကောင်းပဲ၊ ဂုဏ်သိက္ခာ ရှိတယ်၊ အာဏာလဲ ရှိတယ်၊ မင်းအဲဒီအုပ်ချုပ်ရေးမှူးအလုပ်က ထွက်ပြီး လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ဂါဒင်း မဲဆန္ဒနယ်မှာ ငါ့ရဲ့ တောင်အာဖရိကပါတီကနေ ဂါဒင်း မဲဆန္ဒနယ်မှာ ငါ့ရဲ့ တောင်အာဖရိကပါတီကနေ ၀င်အရွေခံဖို့ ပြောချင်လို့ပါ"
ဘလိန်း ဘာမှပြန်မဖြေဘဲ ငြိမ်နေသည်။ မိမိအတွက် တစ်ဘက်မှ စွန့်လွှတ်ရမည့်ကိစ္စမှာ ကြီးမားလွန်း လှသည်။ ထိုဂါဒင်း မဲဆန္ဒနယ်တွင် အာဏာရ ရဟတ်ဇော့ပါတီနှင့် ပြိုင်၍ မိမိနိုင်လျှင် အတိုက်အခံ ပါတီမှ အမတ်တစ်ဦးသာ ဖြစ်လာပေမည်။ ယင်းအတွက် အုပ်ချုပ်ရေးမှူးရာထူးကို စွန့်လွှတ်ဖို့ ဆိုသည် မှာ ကြီးမားသော ပေးဆပ်ရမှုပင် ဖြစ်သည်။
"ကျွန်တော်တို့က အတိုက်အခံ ပါတီပဲ ရှိသေးတယ်"

ဘလိန်းက ပြောလိုက်သည်။
"ဟုတ်တယ် ဘလိန်း၊ ဒါပေမယ့် ငါမင်းမို့ ပြောလိုက်မယ်၊ ဘယ်သူ့မှ မပြောနဲ့၊ မင်းငါ့ကို ယုံကြည်ယင် နောက်ခြောက်လအတွင်း မင်း ၀န်ကြီးတစ်နေရာရမယ်၊ မင်း အံ့အားသင့်သွားသလား၊ မသင့်နဲ့၊ ငါ ရှင်းပြမယ်၊ ညွန့်ပေါင်းအစိုးရဖွဲ့လိမ့်မယ် ဘလိန်း၊ ဟတ်ဇော့နဲ့ငါ ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ စီစဉ်နေတယ်။ အဲဒါ သေချာသလောက် ရှိနေပြီ၊ ရှေ့နှစ် မတ်လမှာ ကြေညာမယ်ဆိုတော့ သုံးလပဲလိုတော့တယ်၊ ငါက တရားရေးဝန်ကြီး ရာထူးယူမယ် နောက်ထပ် ငါ့ပါတီက ၀န်ကြီးလေးနေရာရမယ်၊ အဲဒီစာရင်းမှာ မင်းကို ငါထည့်ထားတယ်"
"ကျွန်တော် သဘောပေါက်ပါပြီ"

ဘလိန်းအမြဲတမ်း လိုလားတောင့်တနေသော ၀န်ကြီးတစ်နေရာကို စမတ်က ကမ်းလှမ်းလာခြင်းပင် ဖြစ်သည်။
"ဒါပေမယ့် ဟတ်ဇော့က ဘာဖြစ်လို့ ကျွန်တော်တို့နဲ့ ညွန့်ပေါင်းလာဖွဲ့ရတာလဲ"

"သူ့အပေါ်မှာ တိုင်းပြည်လူထုရဲ့ ယုံကြည်မှု ကျဆင်းလာနေတယ်၊ ပြီးတော့ သူ့ပါတီကိုလဲ နိုင်နိုင် နင်းနင်း မကိုင်တွယ်နိုင်ဘူး ဖြစ်နေတယ်၊ သူ့အစိုးရအဖွဲ့ကလဲ ပရမ်းပတာ ဖြစ်နေပြီ"
"ဟုတ်တယ်၊ ဒါတွေဟာ ကျွန်တော်တို့အတွက် အခွင့်အရေးပဲ၊ ပြီးခဲ့တဲ့ တစ်လကိုပဲ ကြည့်လေ၊ ဂါမင်စတန်ကြားဖြတ် ရွေးကောက်ပွဲမှာရော၊ ထရန်စဗယ်ပြည်နယ် ရွေးကောက်ပွဲတွေမှာရော၊ ကျွန်တော်တို့ ပြတ်ပြတ်သားသား အနိုင်ရခဲ့တာပဲ၊ အခုချိန်မှာ အထွေထွေ ရွေးကောက်ပွဲလုပ်ပေးဖို့ ကျွန်တော်တို့ အကြပ်ကိုင်နိုင်ယင် ကျွန်တော်တို့ပါတီ အနိုင်ရမှာပဲ၊ ဒါဆိုယင် ဟတ်ဇော့ရဲ့ နေရှင်နယ်လစ်ပါတီနဲ့ ညွန့်ပေါင်းအစိုးရ ဖွဲ့စရာတောင် မလိုဘူး၊ ကျွန်တော်တို့ တောင်အာဖရိကပါတီ တစ်ခုတည်း အမတ်အများစုနဲ့ အစိုးရဖွဲ့နိုင်မှာ"
အငြိမ်းစား ဗိုလ်ချုပ်ကြီးက ဘာမှပြန်မပြောဘဲ ခေတ္တ ငြိမ်နေလိုက်သည်။ ပြီးမှ ပြန်ပြောသည်။

"မင်းပြောတာ မှန်နိုင်ပါတယ် ဘလိန်း၊ အခုအချိန်မှာ ငါတို့ နိုင်နိုင်ပါတယ်၊ ဒါပေမယ့် ငါတို့ကို ကြိုက်လို့ ဆိုတာထက် ဟတ်ဇော့ပါတီကို ဆန့်ကျင်ချင်လို့ တို့ကို မဲပေးပြီး နိုင်တာမျိုး ဖြစ်လိမ့်မယ်၊ နိုင်ငံအကျိုး အတွက် အထွေထွေ ရွေးကောက်ပွဲ လုပ်ခိုင်းတာမျိုး ဖြစ်သွားလိမ့်မယ်၊ ဒါမျိုး ငါမလုပ်ချင်ဘူး"
ဘလိန်း ဘာမှ ပြန်မဖြေနိုင်။ စမတ်၏ အမြင်မှာ လေးစားတိုက်သော အမြင်ဖြစ်၍ ပိုပြီး ယုံကြည် အားကိုး စိတ်ဝင်စားလာသည်။

"ဒီမှာ ဘလိန်း၊ အခြေအနေကတော့ အားရစရာ မရှိဘူး၊ ပြည်သူ့တွေ စည်းလုံးညီညွတ်ဖို့ လိုနေတယ်၊ တောင့်တင်းခိုင်မာတဲ့ ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ လိုနေတယ်၊ ပါတီမတူတဲ့အတွက် ပါလီမန်ထဲမှာ ကွဲလို့ မဖြစ်ဘူး၊ တို့ရဲ့စီးပွားရေးဟာ ယိမ်းယိုင်စပြုနေတယ်၊ ရွှေတွင်းလုပ်ငန်းတွေ ထိခိုက်ဆုံးရှုံးနေတယ်၊ အခုလက်ရှိ ရွှေဈေးနှုန်းနဲ့ဆိုယင် ရွှေတွင်းအဟောင်းတွေ ပိတ်ပစ်နေရပြီ၊ တခြားတွင်းတွေပါ လိုက်ပိတ် ရမလို ဖြစ်နေတယ်၊ ဒါဆိုယင် ငါတို့ချစ်တဲ့ တောင်အာဖရိကနိုင်ငံကြီး နိဂုံးချုပ်ရမယ့် သဘောပဲ၊ အဲဒီ အပြင် ငါတို့နိုင်ငံရဲ့ တစ်ခြားထွက်ကုန်ဖြစ်တဲ့ သိုးမွှေးစိန်တွေလဲ ဈေးကျနေတယ်"
ဘလိန်းက သဘောပေါက်နားလည်စွာ ခေါင်းညိတ်လိုက်သည်။ ဤအချက်များသည် တစ်နိုင်ငံလုံးက စိုးရိမ်နေသော အချက်များ ဖြစ်သည်။

"စိန်ကော်မရှင်တွေရဲ့ တွေ့ရှိတင်ပြချက်တွေကို ငါအထူးပြုပြောပြနေစရာ မလိုဘူး၊ ငါတို့ လူဖြူဦးရေ ငါးပုံတစ်ပုံဟာ မိုးခေါင်တဲ့ဒဏ်ကို ခံနေရတယ်၊ ကမ္ဘာဦးထွန်ယက်စိုက်ပျိုးခြင်းတွေ ပြန်လုပ်နေရတယ်၊ ငတ်မွတ်ခေါင်းပါးမှုနဲ့ ရင်ဆိုင်နေရတယ်၊ ငါတို့ရဲ့ စိုက်ပျိုးမြေ ၂၀ ရာခိုင်နှုန်းဟာ မြေဆီတိုက်စားလို့ စိုက်ပျိုးမရအောင် ပျက်စီးသွားပြီ"
"ဟုတ်ပါတယ်၊ သူတို့အခြေအနေက အတော်သနားဖို့ ကောင်းနေပါတယ်၊ အလုပ်အကိုင် မရှိ၊ ကျွမ်းကျင်မှု မရှိ အတတ်ပညာမရှိနဲ့ မျှော်လင့်ချက်မဲ့ ဘ၀မျိုး ဖြစ်နေကြတယ်။"
"နောက်တစ်ချက်ကတော့ တို့နိုင်ငံမှာ ရှိနေတဲ့ လူမည်းတွေပဲ၊ လူမျိုးစုလိုက် အုပ်စုနှင့် ဆယ်ကွဲနေ တယ်၊ ဒီလူတွေဟာ နေထိုင်မှုအဆင့် ပိုကောင်းအောင်ဆိုပြီး တောကနေပြီး မြို့ကို တက်လာကြတယ်၊ ဒီတော့ ဘာဖြစ်သလဲ၊ သူတို့ မျှော်မှန်းတဲ့ နေထိုင်မှု အဆင့်ပိုကောင်းမလာဘဲ မြို့တွေမှာ အလုပ် လက်မဲ့ ပိုများလာတယ်၊ ရာဇ၉တ်မှုပိုပေါလာတယ်၊ အရက်ပုန်းဆိုင်တွေနဲ့ မကောင်းတဲ့အိမ်တွေ ပိုများ လာတယ်"

"ဟုတ်တယ်၊ ဒီပြဿနာဟာ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ပြဿနာပဲ"
"ကမ္ဘာ့အခြေအနေကလဲ မကောင်းဘူး၊ အမေရိကန်မှာ ငွေချေးစနစ် ပြိုကွဲသွားပြီး အမေရိကန်က ဥရောပနဲ့ တခြား အစိတ်အပိုင်းတွေကို ကုန်သွယ်မှုဟာ ရပ်ဆိုင်းသွားပြီး တစ်နိုင်ငံလုံးမှာ ဆင်းရဲသား တွေ၊ ပျံကျတွေ ဦးတည်ရာမဲ့ လျှောက်သွားနေကြပြီ၊ ဂျာမဏီမှာဆိုယင်လဲ စီးပွားရေး ပြိုကွဲသွားပြီး ၀ိုင်မာသမ္မတနိုင်ငံ ပျက်စီးသွားပြီ၊ ပြာပုံထဲကနေ ပြီးတော့ ဟစ်တလာဆိုတဲ့ အာဏာရှင်အသစ် ပေါ်လာနေပြီ၊ ရက်စက်မှု အကြမ်းဖက်မှုနဲ့ သွေးချောင်းစီးတဲ့ပေါ်မှာ အခြေခံပြီး ပေါ်လာတာ၊ ရုရှားမှာ ဆိုယင်လဲ့ ကိုယ့်နိုင်ငံသားတွေကို သန်းနဲ့ချီပြီး ပြန်သတ်နေပြီ။

ဂျပန်မှာဆိုယင်လဲ မင်းမဲ့ တိုင်းပြည်ကို ဦးတည်နေပြီ၊ စစ်ဝါဒါကို ဦးတည်နေပြီ၊ နိုင်ငံပေါင်းချုပ်အဖွဲ့ကြီးက ထွက်ဖို့ ခြိမ်းခြောက်နေလို့ ကျန်နိုင်ငံတွေက ၀ိုင်းပြီး ကန့်ကွက်နေရတယ်၊ အင်္ဂလန်မှာဆိုယင်လဲ ရွှေစံချိန်စနစ်ကို လက်လွှတ် လိုက်ရပြီ၊ ကမ္ဘာဘယ်နေရာကိုကြည့်ကြည့် ဒုက္ခတွေ အန္တရာယ် ပင်လယ်ဝေနေပြီ၊ ဒါပေမယ့် ဒီအနိဌာရုံတွေပေါ် အမှီပြုပြီး ဒီနိုင်ငံမှာ ငါအမြတ်မထုတ်ချင်ဘူး၊ ဒီမှာ ... ဘလိန်း၊ ငါ ပဋိပက္ခကို မလိုလားဘူး၊ ညွန့်ပေါင်းဖွဲ့စည်းဖို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ပဲ လိုလားတယ်"

"ဒါတွေဟာ ဘာဖြစ်လို့များ ဒီလောက်မြန်မြန်ကြီး ဖြစ်လာရတာလဲ ဗိုလ်ချုပ်ကြီး၊ ကျွန်တော်က မနေ့က ချမ်းသာဝပြော ပျော်ရွှင်ပြီး ဒီနေ့ ဒုက္ခရောက် ဆင်းရဲသွားသလို ဖြစ်နေပြီ"
"ဒီတောင်အာဖရိကမှာ လူတစ်ယောက်ဟာ အရုဏ်တက်ချိန်မှာ မျှော်လင့်ချက်ရောင်ခြည်တွေနဲ့ ပြည့်လျှမ်းနေနိုင်တယ်၊ ဒါပေမယ့် မွန်းတည့်ချိန်လဲရောက်ရော စိတ်ပျက်စရာနဲ့လဲ ကြုံရရော ဖြစ်တတ် တယ်"
ဗိုလ်ချုပ်ကြီးစမတ်သည် ဆက်မပြောသေးဘဲ ခေတ္တငြိမ်သွားသည်။ ထို့နောက်မှ အာတက်သရော ပြောလိုက်သည်။

"ငါမင်းကို လိုချင်တယ် ဘလိန်း၊ မင်းစဉ်းစားဖို့ အချိန် လိုသေးလား"
ဘလိန်းက ခေါင်းခါပြီး ဖြေလိုက်သည်။
"စဉ်းစားဖို့ မလိုပါဘူး။ ကျွန်တော် ဗိုလ်ချုပ်ကြီးဘက်က ပါပါ့မယ်"
"အေး၊ မင်းဒီလို ဖြေလိမ့်မယ်လို့ ငါထင်ပြီးသားပါ"
ဘလိန်းသည် ၀က်သစ်ချပင်အောက်၌ ထိုင်နေသော စင်တိန်ကို လှမ်းကြည့်လိုက်သည်။ သူ၏ ၀မ်းသာမှုကို ပြေးပြောချင်စိတ်ပေါ်လာသော်လည်း ရင်ထဲမျိုသိပ်ထားလိုက်သည်။
ဗိုလ်ချုပ်ကြီးစမတ်က ဆက်ပြောပြန်သည်။

"ငါ ဒီအိမ်ကြီးမှာ ဧည့်သည်အဖြစ် နောက်ထပ်လေးရက်ဆက်နေဦးမယ် ဘလိန်း၊ ဆာဂါရီက ငါရဲ့ အတ္ထုပ္ပတ္တိကို ရေးနေတယ်၊ ပထမမူကြမ်းကို သူနဲ့ငါ အပြီး ပြုစုမယ်၊ တစ်ချိန်တည်းမှာပဲ၊ ငါဘာရီဟတ်ဇော့နဲ့ လျှို့ဝှက် ဆွေးနွေးပွဲတွေ လုပ်ပြီး ညွန့်ပေါင်းအစိုးရဖွဲ့အတွက် အလေးစိတ်တွေ အပြီးသတ် ရေးဆွဲမယ်၊ မင်းပါရှိမယ်ဆိုယင် ပိုကောင်းမယ်"
"ဗိုလ်ချုပ်ကြီး လိုအပ်သလောက် ကျွန်တော် ဒီမှာ နေပါမယ်၊ ကျွန်တော့်အလုပ်အတွက် နှုတ်ထွက်စာ တင်လိုက်ရတော့မလား"
"မင်း နှုတ်ထွက်စာကို အကြမ်းရေးထားကွာ၊ မင်း ဘာကြောင့် နှုတ်ထွက်ရတယ်ဆိုတာ ငါဟတ်ဇော့ကို ရှင်းပြလိုက်ပါ့မယ်၊ ပြီးတော့ မင်းကိုယ်တိုင် သူ့ကို နှုတ်ထွက်စာ ပေးလိုက်ပေါ့"
ဘလိန်းက သူ၏လက်ပတ်နာရီကို တစ်ချက်လှမ်းကြည့်လိုက်သည်။ စမတ်က ခပ်မြန်မြန် ပြောလိုက် သည်။

"ကဲ၊ မင်းလဲ့ပိုလိုကစားဖို့ ပြင်ရဦးမယ်၊ ဆုပေးပွဲမှာ ငါလဲ ပါဝင် ဆုပေးဖို့ စင်တိန်ပြောတာကို သဘောတူ ထားတယ်။ ဒီတော့ ငါဆုပေးရတဲ့အချိန်မှာ ဆုယူတဲ့လူဟာ မင်း ဖြစ်ပါစေလို့ ဆုတောင်းပါတယ်"
ဘလိန်း ခေါင်းဆောင်သော ကိတ်(အေ)အသင်းနှင့် ထရန်စဗယ် (အေ) အသင်းတို့ နောက်ဆုံး ပိုလို ဗိုလ်လုပွဲ ကစားကြသည်။ ဘလိန်းအသင်းက သိုးဂိုးအသာဖြင့် နိုင်နေသည်။ ထိုပွဲပြီးသောအခါ ဆုပေး ပွဲကျင်းပသည်။ အထူးတန်း ရှေ့မြက်ခင်းပေါ်သို့ အသင်းအားလုံး စုဝေးရောက်ရှိကြသည်။ အထူးတန်း ရှိ စင်မြင့်ပေါ်တွင် ငွေဖလားများက တလက်လက်တောက်ပနေသည်။ သို့သော် ဆုပေးပွဲကို မစနိုင် သေးဘဲ ရှိနေသည်။ ပိုလိုအသင်းများထဲတွင် တစ်သင်းလိုနေသည်။ အငယ်တန်း ချန်ပီယံဆုရထား သော ရှာဆာ့အသင်း ဖြစ်သည်။
"ရှာဆာ ဘယ်ရောက်နေလဲ"

စင်တိန်၏ မေးမြန်းသံတွင် ဒေါသသံလေးပါနေသည်။
"သူအချိန်မီရောက်လာမယ်လို့တော့ ကျွန်တော့်ကို ပြောသွားတာပဲ"
အခမ်းအနားမှူးလုပ်သူ စင်တိန် အတွင်းရေးမှူး လိန်းက ပြန်ဖြေသည်။
"သူပြောတဲ့ အံ့အားသင့်စရာဆိုတာ ဒါပဲလား၊ ကောင်းပြီလေ၊ သူမရှိလဲ ဘာဖြစ်လဲ အခမ်းအနားကို တော့ အစီအစဉ် တိုင်းစမယ်"
စင်တိန်သည် ဂုဏ်သရေရှိ ဧည့်သည်များရှေ့တွင် ဒေါသသံမပါအောင် မျိုသိပ်ထားသည်။ ရှေ့ဆုံးတန်း အလယ်ကောင်ရှိ သူမအတွက် သတ်မှတ်ထားသော နေရာတွင် ထိုင်လိုက်သည်။ သူမဘေးတွင် ဗိုလ်ချုပ်ကြီး စမတ် ထိုင်နေသည်။ သူမလက်နှစ်ချောင်းကို မြှောက်လိုက်ပြီး အားလုံးငြိမ်သွားရန် အချက်ပြကာ စတင်ပြောလိုက်သည်။

"ဗိုလ်ချုပ်ကြီး စမတ်၊ ဂုဏ်သရေရှိ လူကြီးမင်းများနဲ့ အမျိုးသမီးများ၊ ဂုဏ်သရေရှိ ဧည့်သည်တော်များနဲ့ ခင်မင်ရသော မိတ်ဆွေများရှင့်"
မိမိအသံကို အုပ်မိုးသွားသော ကျယ်လောင်သည့် အသံတစ်သံ ကောင်းကင်မှ ပေါ်လာသည်။ စင်တိန် အံ့အားသင့်သွားသည်။ လူအားလုံးက ကောင်းကင်ပေါ်သို့ မော့ပြီး အသံလာရာကို လိုက်ကြည့်သည်။ ပိုလိုကစားကွင်း၏ ဟိုဘက်စွန်းရှိ ၀က်သစ်ချပင်များအပေါ်မှ ခပ်နိမ့်နိမ့် ပျံသန်းလာသော လေယာဉ် တစ်စင်း၏ အတောင်ပံကို သူတို့ လှမ်းမြင်လိုက်ကြရသည်။ ထိုလေယာဉ်ကို စင်တိန် မှတ်မိသွားသည်။ အင်ဂျင်တစ်လုံးတပ် ပတ်စမောက် အမျိုးအစား လေယာဉ်ငယ်လေး ဖြစ်သည်။ ထိုလေယာဉ်သည် အထူးတန်းဆီသို့ ဦးတည်ကာ ပျံသန်းဆင်းသက်လာနေသည်။ ပိုလိုကွင်းပေါ်သို့ ဖြတ်ပျံလာနေခြင်း ဖြစ်သည်။ ထိုလေယာဉ်သည် အထူးတန်းရျိ လူပရိသတ်ခေါင်းပေါ်သို့ ထိုးစိုက်ချပြီး အပေါ်သို့ ရုတ်တရက် ပြန်ထောင်တက်သွားသည်။

အမျိုးသားများက ရုတ်တရက် ခေါင်းကို ငုံ့လိုက်ကြပြီး အမျိုးသမီးများက ကြောက်ကြောက်လန့်လန့်နှင့် အော်လိုက်ကြသည်။ လေယာဉ်ခေါင်းပေါ်မှ ကျော်ပြီး ပြန်တက်သွားချိန်တွင် လေယာဉ်ဘေးပြတင်း ပေါက်မှနေ၍ တဟားဟားရယ်မောနေသော ရှာဆာ့မျက်နှာ ကို စင်တိန် မြင်လိုက်ရသည်။ ရှာဆာက သူမ အား လက်ဝှေ့ယမ်းပြသွားသည်။
ထိုတစ်ခဏပန်းမြင်ကွင်းက စင်တိန်အား အတိတ်ဆီသို့ ပြန်ပို့လိုက်သလို ဖြစ်သွားသည်။ သူမ မြင်လိုက်ရသော ရှာဆာ မျက်နှာသည် တစ်မုဟုတ်ချင်းပင် သူ့ဖခင် မိုက်ကယ်ကုတ်နေမျက်နှာသို့ ပြောင်း သွားသည်။ သူမမြင်နေရသော အပြာရောင်လေယာဉ်သည်လည်း စစ်ကာလသုံး အ၀ါရောင် ကင်းထောက်လေယာဉ်အဖြစ်သို့ ပြောင်းလဲသွားသည်။ လေယာဉ်သည် ကွင်းကို တစ်ပတ်ပတ်ပြီး ၀က်သစ်ချ ပင်များပေါ်မှ ပြန်လှည့်ကာ ပေါ်လာပြန်သည်။ စင်တိန့် မြင်ကွင်းတွင် ရှာဆာ့လေယာဉ်ကို မမြင်ဘဲ မိုက်ကယ့် လေယာဉ်က စက်ပျက်ပြီး သူမ၏မော့ဟုန်းကျေးလက်စံအိမ်ဆီသို့ ပျံသန်းလာနေ သည် ကိုသာ မြင်နေရသည်။

"မိုက်ကယ်"
စင်တိန်က ခေါ်လိုက်သည်။ သို့သော် အသံ မထွက်။ မိုက်ကယ်၏ လေယာဉ်က မီးလောင်ပြီး သူမ အိမ်သို့ လာနေသည့် အဓိက မြင်ကွင်းကိုသာ ပြန်လည်မြင်ယောင်နေသည်။ စင်တိန်သည် ပါးစပ်ကို ပိတ်၊ အံကိုကြိတ်ပြီး မနဲအားတင်းထားရသည်။ သူမအတွက် တစ်သက်မမေ့နိုင်စရာ အနိဋ္ဌာရုံ မြင်ကွင်း သည် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
ပိုလိုကွင်းပေါ်တွင် ဆင်းသက်လိုက်သော လေယာဉ်သည် အ၀ါရောင်မှ အပြာရောင်သို့ ပြောင်းသွား သည်။ လေယာဉ် သည် အထူးတန်းရှေ့သို့ ဘီးတစ်လှိမ့်ချင်း လှိမ့်ပြီး မောင်းလာသည်။ အထူးတန်း ဆုပေး စင်မြင့် ရှေ့တည့်တည့်တွင် လေယာဉ်ကို ရပ်လိုက်ပြီး စက်ကိုလည်း သတ်လိုက်သည်။

လေယာဉ်ဘေးနှစ်ဘက်ရှိ တံခါးများ ပွင့်သွားပြီး ရှာဆာကုတ်နေနှင့် သူ၏ ပိုလိုအသင်းသားသုံးဦး ခုန် ဆင်းလာကြသည်။ တစ်ယောက်စီး လေယာဉ်လေးထဲတွင် လေးယောက်ရအောင် စီးလာသဖြင့် စင်တိန် အံ့အားသင့်သွားသည်။
"အံ့အားသင့်စရာပဲဟေ့၊ အံ့အားသင့်စရာပဲ"
လူအားလုံးက ၀ိုင်အော်လိုက်ကြသည်။ ရယ်မောသံများ၊ လက်ခုပ်တီးသံများ၊ လက်ခေါက်မှုတ်သံများ ဖြင့် လူပရိသတ်က သြဘာပေးကြသည်။
ရှာဆာသည် သူ့အသင်းသားများကို ဦးဆောင်ကာ ဆုပေး စင်မြင့်သို့ လျှောက်လာပြီး ဗိုလ်ချုပ်ကြီး စမတ်ကိုယ်တိုင် ချီးမြှင့်သော ငွေဖလားကို လက်ခံရယူသည်။

စင်တိန်သည် ရှာဆာ့အား လေယာဉ်ပျံနှင့် လေယာဉ်မောင်းခြင်းကို စိတ်မပါအောင် တတ်နိုင်သမျှ ကြိုးစားခဲ့သည်။ ရှာဆာသည် လေယာဉ်မောင်းဝတ်စုံ ၀တ်ဆင်ထားသော သူ့ဖခင်၏ ဓာတ်ပုံကို သူ့အိပ်ရာ ခုတင်ဘေးရှိ စားပွဲပေါ်တွင် အမြဲထောင်ထားသည်။ အက်စ်အီး ၅ အမျိုးအစား တိုက လေယာဉ်ပုံတူလေးကို သူ့အိပ်ခန်း မျက်နှာကြက်တွင် ချိတ်ဆွဲထားခဲ့သည်။ လွန်ခဲ့သော နှစ် အနည်းငယ်က လေယာဉ်မောင်းသော အကြောင်းများ၊ သူ့ဖခင်လေသူရဲအဖြစ် စစ်မှုထမ်းခဲ့ပုံများကို ပိုပြီး လေးလေးနက်နက် မေးလာခဲ့သည်။ ထိုစဉ်ကပင် စင်တိန် စိတ်မချမ်းမြေ့ ဘ၀င်မကျခဲ့၊ ယခု လက်တွေ့မြင်လိုက်ရသောအခါ ပို၍ စိတ်မချမ်းမသာ ဖြစ်လာသည်။

ရှာဆာသည် လက်ထဲတွင် ငွေဖလားကို ကိုင်ရင်း ကျေးဇူးတင် စကားပြောကြားနေသည်။ သူ၏ နိဂုံး ချုပ် ၀ါကျသည် စင်တိန့်နားထဲသို့ သံရည်ပူလောင်းချလိုက်သကဲ့သို့ ဖြစ်သွားသည်။
"ကျွန်တော်ဟာ ကျွန်ေတာ့်ဖခင်လိုပဲ လေသူရဲတစ်ယောက်ဖြစ်ဖို့ ဆုံးဖြတ်ထားပါတယ်"
ပရိတ်သတ်က လက်ခုပ်တီး သြဘာပေးကြသည်။ စင်တိန်က လက်ခုပ်ုမတီးဘဲ ငူငူကြီး ရပ်နေသည်။

ဆက်ရန်
.

No comments: