Friday, December 23, 2011

ဝင်းဖေဝင်း ဘာသာပြန် စိန်မင်းသမီး အဆက် အပြိုင်အဆိုင်အနိုင်, အပိုင်း (၂၉)

 (၂၉)

တရားသူကြီးဟာသရွန့်က စီရင်ချက်ချသည်။
"အကျဉ်းသားအပေါ်စွဲထားတဲ့ စွဲချက်တွေထဲက ပထမ စွဲချက်သုံးချက်ဟာဆိုယင် ဥပဒေအရ အမြင့်ဆုံး ပြစ်ဒဏ်ဟာ ကြိုးဒဏ် ဖြစ်တယ်၊ အဲဒီ စွဲချက်သုံးချက်မှာရော၊ ကျန်တဲ့စွဲချက်တွေ အားလုံးနဲ့ ပတ်သက် လို့ရော၊ အကျဉ်းသားမှာ အပြစ်ရှိတယ်ဆိုတာ ထင်ရှားနေတယ်၊ သာမန် ဖြစ်ရပ် လမ်းကြောင်းအရဆိုယင် အကျဉ်းသား ကို အမြင့်ဆုံး ပြစ်ဒဏ် ချမှတ်ဖို့ ဤရုံးတော်က နှောင်းနှေးလိမ့် မယ် မဟုတ်ပါဘး၊ ဒါပေမယ့် ထူးခြားတဲ့ အမျိုးသမီးရဲ့ ထူးခြားတဲ့ ထွက်ဆိုချက်များကြောင့် ရုံးတော်ကို ခေတ္တရပ်နား စဉ်းစား ခဲ့ ပါတယ်"

"ကျွန်တော်ရဲ့ တရားသူကြီး လုပ်သက် ၂၃နှစ်မှာ မစ္စက်ကုတ်နေ လို မြင့်မြတ်ပြီး သဘောထားကြီးတဲ့ လူမျိုး ကို တရားခွင်မှာ တစ်ခါမှ မတွေ့ခဲ့ပါဘူး၊ ဒါကြောင့် သူ့ရဲ့နောက်ဆုံး ထွက်ချက်တွေကို အလေး အနက် ထား စဉ်းစားပြီးမှ စီရင်ချက်ချပါတယ်"
"တရားခံမတ်တတ်ထပါ"
လိုသာဒီလာရေး က လေးကန်စွာပင် မတ်တတ်ရပ်လိုက်သည်။
"လိုသာဒီလာရေး၊ မောင်မင်းအပေါ်စွဲဆိုထားတဲ့ စွဲချက်အားလုံးမှာ အပြစ်ရှိနေကြောင်း ရုံးတော်က တွေ့ရှိတယ်၊ ပြစ်မှုအားလုံးအတွက် ပြစ်ဒဏ်ကို တစ်ပေါင်းတည်း ချမှတ်မယ်၊ ပြစ်ဒဏ်ကတော့ အားလုံးပေါင်း ထောင်ဒဏ်တစ်သက်"

အမှုစစ်ချိန်မှစ၍ ယခုပထမဆုံး ထောင်ဒဏ်အတွက် လိုသာဒီလာရေး စိတ်လှုပ်ရှားပြလာသည်။ သူ့ နှုတ်ခမ်း က တဆတ်ဆတ်တုန်လာသည်။ သူ့မျက်နှာက အမူအရာ ပြောင်းလာသည်။ ကျန်ရှိသော လက် အကောင်းတစ်ဘက်ကို မြှောက်ပြကာ တရားသူကြီးအား လှမ်းအော်သည်။
"သတ်ပစ်လိုက်စမ်းပါ၊ တိရစ္ဆာန် လို ချုပ်နှောင်ထားမယ့်အစား ကြိုးပေးပစ်လိုက်စမ်းပါ"
ထောင်ဝါဒါနှစ်ယောက်က ပြေးလာကာ လိုသာအား ဘေးနှစ်ဘက် ညှပ်တွဲပြီး တရားခံဝက်ခြံထဲမှ ထုတ်ယူ သည်။ တစ်ခန်းလုံး သနားကရုဏာဖြစ်ကာ စုပ်တသပ်သပ် ရှိကြသည်။ ရုံးခန်းထဲမှ လူပရိသတ်သည် အသုဘ အခမ်းအနားမှ ပြန်ကြသူများလို အခန်းထဲမှ ထွက်သွားကြသည်။ စင်တိန်က လူမရှိသော တရားခံ ၀က်ခြံကို လှမ်းကြည့်နေသည်။

"အို ... လိုသာ"
သူမ၏ နှလုံးသားထဲရှိ အနက်ဆုံးတစ်နေရာမှ အသံထွက်လာသည်။
"တစ်ချိန်က သိပ်ကောင်း သိပ်ချောတဲ့ လူတစ်ယောက်ရဲ့ ဘ၀ဟာ ဘာ့ကြောင့် အခုလို အဆုံးသတ်ရ တာလဲ၊ ကျွန်မတို့ တစ်ယောက်ကိုတစ်ယောက် ဒုက္ခပေးဖျက်ဆီးခဲ့ကြတာပဲ၊ ကျွန်မတို့နှစ်ယောက် အချစ် နေမွန်းတည့်ချိန် က ရခဲ့တဲ့ သားလေးကိုပါ ဖျက်ဆီးခဲ့ကြတာပဲ"
စင်တိန် ပိတ်ထားသော မျက်လုံးကို ပြန်ဖွင့်လိုက်သည်။ တရားရုံးခန်းထဲတွင် လူရှင်းနေပြီ။ မိမိ တစ်ယောက် တည်း ကျန်တော့သည်ပင် ထင်မိသည်။ နောက်မှ မိမိအနား၌ လူတစ်ယောက် ရှိနေသေး မှန်း သိရ၍ လှည့်ကြည့်လိုက်ရာ ဘလိန်း မယ်လကွန်ကို တွေ့ရသည်။

"မင်းကို ချစ်ရတာ ဘယ်လောက် မှန်ကန်တယ်ဆိုတာ အခု ငါသိလာပြီ"
သူမနောက်တွင်ရပ်နေသော ဘလိန်းက ညင်ညင်သာသာ ပြောလိုက်သည်။ စင်တိန်က သူ့ကို မော့ကြည့် လိုက်သည်။ သူမ စိတ်ထဲမှ ၀မ်းနည်းကြေကွဲမှုက စတင်လွင့်ပါးသွားသလို ခံစားလိုက်ရ သည်။
သူမ ၏ ညာလက်ကလေးကို ဘလိန်းက သူ့လက်နှစ်ဖက်နှင့် လှမ်းယူဆုပ်ကိုင်ထားရင်း ဆက်ပြော သည်။
"မင်းနဲ့ငါခွဲခွာပြီးတဲ့နောက်ပိုင်းမှာ မင်းကို ထပ်မတွေ့တော့ဖို့ ငါကြိတ်မှိတ် ကြိုးစားခဲ့တယ်၊ အောင်မြင် လုနီးပါးပါပဲ။ ဒါပေမယ့် မင်းရဲ့ကနေ့လုပ်ရပ်က ငါ့စိတ်ကို လုံးဝပြောင်းသွားစေတယ်၊ မင်းကို ငါအခု တွေ့ရတဲ့အချိန်မှာ ငါ့အဖို့ ဂုဏ်သိက္ခာတို့၊ တာဝန်ဝတ္တရားတို့ တခြားဘာညာဘာညာဆိုတာတွေဟာ အဓိပ္ပာယ် မရှိတော့ဘူး၊ မင်းဟာ ငါ့ဘ၀ရဲ့  တစ်စိတ်တစ်ပိုင်းပဲ ငါမင်းနဲ့ တွေ့မယ်"
"ဘယ်တော့လဲ"

"ဖြစ်နိုင်သမျှ အမြန်ဆုံးပေါ့"
"ဘလိန်း ... ကျွန်မရဲ့တိုတောင်းလှတဲ့ လူ့ဘ၀လေးမှာ တခြားလူတွေကို အများကြီး ပျက်စီးစေခဲ့တယ်၊ ရက်စက်မှုနဲ့ ထိခိုက်ခံစားရမှုတွေကို မီးကူးပေးခဲ့တယ်၊ နောက်ထပ် ဒါမျိုးတွေ မဖြစ်စေချင်တော့ပါဘူး၊ ကျွန်မလဲ ရှင်နဲ့ကင်းကွာပြီး နေနိုင်စွမ်း မရှိပါဘူး၊ ဒါပေမယ့် ကျွန်မတို့ အချစ်ကြောင့် သူတစ်ပါးကို မပျက်စီးစေချင်ဘူး၊ ဒုက္ခမရောက်စေချင်ဘူး၊ ရှင့်ဘ၀တစ်ခုလုံးကို ကျွန်မ ပိုင်ဆိုင်ချင်ပါတယ်၊ ဒါပေမယ့် နည်းနည်းပဲ လက်ခံပါရစေ၊ ဘာကြောင့်လဲဆိုတော့ ရှင့်မိသားစုအတွက်ပေါ့"
"ဒါကတော့ ခက်ခဲမယ်၊ မဖြစ်နိုင်သလောက်ပဲ၊ ဒါပေမယ့် မင်းရဲ့ စည်းကမ်းချက်တွေကို ငါလက်ခံပါ တယ်၊ သူတစ်ပါးစိတ်မချမ်းသာအောင် တို့မလုပ်ဘူး၊ ဒါပေမယ့် ... မင်းကို ငါသိပ်လိုချင်တယ်"
"ကျွန်မ သိပါတယ်၊ ကျွန်မကို ခဏ ကိုင်ထားစမ်းပါဦး"

စင်တိန်နှင့်ဘလိန်းသည် တရားရုံး၌ နောက်ဆုံးတွေ့ပြီးနောက် ငါးလကြာမျှ တစ်ယောက်နှင့် တစ်ယောက် မတွေ့ကြပေ။ ဘလိန်းက ၀င်းဟုပ်မြို့တွင် သူ၏တာဝန်များကို ထမ်းဆောင်နေရသလို ဂေဟာ၌ စီးပွားရေးကိစ္စများနှင့် နပန်းလုံးနေရသည်။ စိန်များ လုံးဝပြန်မရတော့သဖြင့် သူမ၏ စီးပွားရေးမှာ အဆိုးဆုံး အနေအထားနှင့် ရင်ဆိုင်ရုန်းကန်နေ၇သည်။
စင်တိန် သည် ထိုကာလအတွင်း နေ့ရောညပါ မနားတမ်း အလုပ်လုပ်ခဲ့ရသမျှ စိတ်ပန်းလူပန်း ဖြစ်သွား ရသည်။ ယနေ့တွင်မူ ပင်ပန်းခဲ့သမျှ အတိုးချအပန်းဖြေ အနားယူရန် ဘလိန်းချိန်းဆိုရာ သို့မဟုတ် ချစ်သူ ခေါ်ရာသို့ ကားတစ်စီးဖြင့် တစ်ကိုယ်တည်း ထွက်လာခဲ့သည်။

သူမသည် ၀ယ်တာဗီဒင်အိမ်ကြီးဂေဟာမှ အရုဏ်တက်ချိန်တွင် ထွက်လာခဲ့ရာ ကိပ်တောင်းမြို့ မြောက်ဘက် မိုင် ၁၂၀ အကွာသို့ ရောက်ရှိလာသည်။ ယခုနှစ် မိုးအ၀င် နောက်ကျသည်။ စင်တိန် သည် လမ်းမကြီး ပေါ်မှနေ၍ မြေနီလမ်းကလေးထဲသို့ ချိုးဆင်းလာသည်။ ရှေ့ဘက်တွင် ပင်လယ် ပြာပြာကြီးကို မြင်ရသည်။ ဘေးဘက်ဝဲယာတွင် မြက်ခင်းများ၊ တောပန်းရိုင်းများ ရောင်စုံပွင့်ကာ သဘာဝအလှကို လှစ်ပြနေသည်။

စင်တိန် စိတ်ထဲက ကြည်နူးချမ်းမြေ့လာသည်။ ပင်လယ်ကမ်းခြေကျောက်ဆောင်စွန်းကလေးတွင် ဘလိန်း၏ အိမ်ကလေးကို လှမ်းမြင်ရသည်။ လိမ္မော်ရောင် ထိုးနေသော နေရောင်အောက်တွင် အနီ ရောင်နှင့် အ၀ါရောင်ပန်းခင်းများက အိမ်ကို ၀ိုင်းပတ်ထားသည်။
ဘလိန်းပို့လိုက်သော စာထဲ၌ သူ့အိမ်လေးနှင့် ပတ်သက်၍ ရေးထားသည်ကို ပြန်သတိရလာသည်။

"အိမ်လေးကတော့ သစ်သားတဲကလေးပါပဲ၊ အခန်းနှစ်ခန်းပဲ ရှိတယ်၊ ရေဘုံဘိုင် မရှိဘူး၊ မီးဖိုဆောင်က ဟင်းလင်းပြီး အိမ်သာက မြေစိုက်အိမ်ယာ၊ ဒါပေမယ့် ငါကလေးဘ၀တည်းက အားလပ်ရက်တွေမှာ ဆိုယင် အဲဒီ အိမ်ကလေးမှာ သွားပြီး အပန်းဖြေ အနားယူခဲ့တယ်၊ ဒီအိမ်ကလေးကို ငါသိပ်ချစ်တယ်၊ ငါ့အဖေသေပြီးကတည်းက အဲဒီအိမ်ကို ဘယ်သူ့မှ ခေါ်မသွားဘူး၊ မင်းဟာ ပထမဆုံးအခေါ်ခံရသူပါ၊ ပတ်ဝန်းကျင် တိတ်ဆိတ်အေးချမ်းပြီး သာယာတယ်၊ လူသူဝေးတယ်၊ တို့နှစ်ယောက် အတူတကွ နားနေ အပန်းဖြေရင်း ဘယ်သူ့ကိုမှ မထိခိုက် မနစ်နာစေမယ့် လျှို့ဝှက်အချစ်လှေကလေးကို အတူတူ စီးကြရအောင်နော် ..."

အိမ်ကလေးရှိ မီးခိုးခေါင်တိုင်လေးမှ မီးခိုစလေးတလူလူ လွင့်တက်နေသည်ကို စင်တိန် လှမ်းမြင်ရ သည်။ အိမ်နားရောက်လာသောအခါ အိမ်ဘေး ကျောက်ဆောင်ပေါ်၌ လူတစ်ယောက်ကို လှမ်းမြင် ရသည်။
အသေအချာကြည့်ရာ ဘလိန်း ဖြစ်နေသည်။
စင်တိန့်ရင်တွင် ဆယ်ကျော်သက်က ခံစားချက်မျိုးဖြင့် ရင်ပြန်ခုန်လာသည်။ စင်တိန့်သည် ကားကို ရပ်လိုက်သည်။ ကားပေါ်မှ ခုန်ဆင်းပြီး ဘလိန်းဆီ သို့ သမင်ပျိုမလေးနှယ် ပြေးသွားသည်။

ဘလိန်းနှင့် စင်တိနသည် အိပ်ရာပေါ်တွင် အပန်းဖြေ နားနေရင် ကလူကျီဆယ်နေသည်။ ထွေရာ လေးပါး ပြော နေသည်။
ဘလိန်းက အကြောင်းတစ်ခုကို သတိရပြီး မေးလိုက်သည်။
"မင်းလိုက်ရှာနေတဲ့ ကောင်ကလေးကို တွေ့လား၊ အဲဒီကောင်လေးကို ၀ိုင်းရှာပေးဖို့ အေဘရာဟင် ငါ့ဆီ အကူအညီ တောင်းခဲ့တာ မင်းသိပါတယ်"
မိမိမေးခွန်းသည် စင်တိန်အား မည်မျှ တုန်လှုပ် ထိခိုက်သွားစေသည်ကို ဘလိန်းမသိ။ စင်တိန်က တုန်လှုပ် ချောက်ချား မှု့ ကို အတတ်နိုင်ဆုံး ဖုံးဖိထားပြီး ရိုးရိုးလေးပင် ခေါင်းယမ်းပြလိုက်သည်။
"မတွေ့ပါဘူး၊ ကောင်ကလေး တစ်ခါတည်း ပျောက်သွားတယ်"

"သူက လိုသာဒီလာရေးရဲ့ သားမဟုတ်လား"
"ဟုတ်တယ်၊ ကျွန်မ သူ့အတွက် စိတ်ပူလို့ပါ၊ သူ့အဖေ ပြစ်ဒဏ်ကျသွားပြီဆိုတော့ သူတစ်ယောက် တည်း တွယ်ရာမဲ့ ကျန်ရစ်ခဲ့ရတယ်လေ"
"ငါ သူ့ကို ဆက်ပြီး ရှာပေးပါ့မယ်၊ တစ်ခုခု ထူးခြားလာယင် မင်းကို ပြောပါမယ်ကွာ၊ မင်းဟာ တကယ့်ကို သနားကြင်နာ တတ်တဲ့ မိန်းမသားပဲ၊ တကယ်တော့ ဒီကလေးအတွက် စိုးရိမ်ပူပန်ဖို့ မင်းမှာ အကြောင်း မရှိပါဘူး" ဘလိန်းက စင်တိန့်ဆံပင်များကို ဖွဖွလေး သပ်ပေးရင်း ပြောသည်။

သူတို့ စကားစပြတ်သွားကြပြန်သည်။ တစ်ခဏကြာမှ စင်တိန့်က မေးလိုက်သည်။
"အစ္စဘယ်လာကော ... ဘယ့်နှယ်နေသေးသလဲ"
"သူ့အခြေအနေက ပိုဆိုးလာတယ်၊ ကိုယ်အောက်ပိုင်းက အကြောတွေ သေနေပြီ၊ အနာတွေ ဖြစ်နေပြီ၊ တနင်းလာ နေ့တည်းက ဆေးရုံတက်နေရပြီ၊ သူ့ခါးဆစ်ရိုး အောက်ခြေက အနာက မကျက်ဘူး ဖြစ်နေ တယ်"
"ကျွန်မ ကြားရတာ စိတ်မကောင်းပါဘူး ဘလိန်းရယ်"
"သူဆေးရုံတက်နေလို့ ငါ ဒီကို သုံးလေးရက် လာနိုင်ပေါ့၊ သမီးတွေကလဲ သူ့တို့အမေနဲ့အတူ ဆေးရုံမှာ ရှိနေတယ်လေ"

"ဘလိန်း ... ကျွန်မတို့ ဆုံးဖြတ်ချက် ခိုင်ရမယ်နော်၊ အစ္စဘယ်လာကို ဖြစ်စေ၊ သမီးကိုဖြစ်စေ မထိခိုက် မနစ်နာစေရဘူး၊ စိတ်မဆင်းရဲရစေဘူးနော်"
ဘလိန်း စကားမပြောဘဲ ငြိမ်သွားပြန်သည်။ ခဏကြာ စဉ်းစားပြီးမှ ပြောလာသည်။
"အစ္စဘယ်လာ အင်္ဂလန်ကို သွားရလိမ့်မယ်၊ အင်္ဂလန် ၀ိုင်းဆေးရုံက ခွဲစိတ်ကုသပါရဂူတစ်ဦးဟာ တော်တော့်ကို တော်တယ်"
"ဘယ်တော့သွားမှာလဲ"
"ခရစ္စမတ်မတိုင်ခင်ပဲ၊ အခုလောလောဆယ် စမ်းသပ်စစ်ဆေးနေတဲ့ ရလာဒ်ပေါ်မှာ မူတည်နေတယ်"

"ရှင်ကော သူနဲ့လိုက်သွားမှာလား"
"ငါလိုက်သွားယင် အလုပ်က ထွက်ရမှာပေါ့၊ ပြီးတော့ ငါ့အခွင့်အရေးတွေ ပျက်စီး ဆုံးရှုံးသွားမှာပေါ့"
ဘလိန်းသည် သူ၏ အနာဂတ် ရည်မှန်းချက်များနှင့် ပတ်သက်၍ စင်တိန်အား တစ်ခါဖူးမျှ ဆွေးနွေး ခဲ့ခြင်း မရှိခဲ့ချေ။
"ရှင့်အခွင့်အရေးက လာမယ့်အစိုးရအဖွဲ့မှာ ၀န်ကြီးတစ်နေရာရေးနဲ့ တစ်နေ့မှာ ၀န်ကြီးချုပ် ဖြစ်လာ ရေး မဟုတ်လား"
စင်တိန်က သူမအမြင်ကို ထုတ်ပြောလိုက်သည်။ ဘလိန်းက စင်တိန်မျက်နှာကို လက်နှစ်ဖက်ဖြင့်  အသာ ညှပ်ကိုင်လိုက်ပြီး မေးလိုက်သည်။

"မင်း သိနေတယ်လား"
"သိတာပေါ့ရှင်"
"ငါ အစ္စဘယ်လာနဲ့ လိုက်မသွားတဲ့အတွက် ရက်စက်တယ်လို့ မင်းထင်သလား၊ ငါတစ်ကိုယ်ကောင်း ရည်မှန်းချက်အတွက် အစ္စဘယ်လာကို တစ်ယောက်တည်း လွှတ်လိုက်သလိုများ ဖြစ်နေသလား"
"မဟုတ်ပါဘူး၊ ရည်မှန်းချက် ကြီးမားတဲ့သဘော ကျွန်မ သိပါတယ်"
"ငါသူနဲ့ လိုက်မယ်လို့ ပြောပါတယ်၊ အစ္စဘယ်လာက လက်မခံဘူး၊ ငါဒီမှာပဲ ရှိနေရမယ်တဲ့၊ သူဟာ သာမန်မိန်းမသား မဟုတ်ပါဘး၊ သတ္တိရှိတဲ့ မိန်းမ၊ သူ့အနာက နာကျင်မှုဟာ လျော့သွားတယ် မရှိဘူး၊ ဘိန်းနဲ့လုပ်ထားတဲ့ ဆေးသောက်တာတောင် အိပ်လို့ မရဘူး၊ ပိုနာလေပိုသောက်လေ ဖြစ်နေတယ်"

"ကျွန်မမှာ အပြစ်ရှိနေသလို ခံစားနေရတယ် ဘလိန်း၊ ဒါပေမယ့် ကိစ္စ မရှိပါဘူး အခုလိုရှင်နဲ့ တွေ့ခွင့် ရတဲ့အတွက် ကျွန်မ ၀မ်းသာပါတယ်၊ ကျွန်မ အစ္စဘယ်လာဆီက ဘာမှ လုမယူပါဘူး"
သို့ရာတွင် မိမိဆင်ခြေမမှန်ကြောင်း စင်တိန်သိနေသည်။ ဘလိန်း အိပ်ပျော်သွားသည့်တိုင်အောင် သူမ တော်တော်နှင့် အိပ်မရသေးပေ။ မိမိနားရွက်ကို သူ့ရင်ဘတ်တွင်ကပ်ထားပြီး သူ့ရင်ခုန်သံကို နားထောင်ရင်း အိပ်ပျော်သွားတော့သည်။

သူမ မနက်အိပ်ရာက နိုးသောအခါ ဘလိန်းက အလျင်နိုးနှင့်နေသည်။ ကာကီအင်္ကျီလက်တို၊ ဘောင်းဘီ တို ကို ၀တ်ထားပြီး ငါးမျှားတံဖို့ ပြင်ဆင်နေသည်။
"မိနစ် ၂၀နေယင် နံနက်စာ အသင့်ဖြစ်မယ်၊ ပြီးယင် ငါးသွားမျှားမလို့၊ ရေလိုက်ကူးမလား"
"အလိုလေး ... မလုပ်ပါနဲ့ ရှင်ရယ်၊ အအေးမိပြီး နမိုးနီးယား ဖြစ်နေပါဦးမယ်"
ထိုနေ့နံနက် ၉နာရီလောက်တွင် အိမ်ဘေးရှိ တောအရိုင်းပန်းခင်းထဲ၌ သူတို့ အနားယူနေကြသည်။ ဘလိန်း က ပက်လက်လှန်သည်။ စင်တိန်က သူ့ဘေးတွင် ၀မ်းလျားမှောက်ကာ မေးစေ့ကို လက်ဖြင့် ထောက် ထားသည်။

"ဘလိန်း၊ ကျွန်မ ၀ယ်တာဗီဒင်ခြံကြီးနဲ့ အိမ်ကြီးကို ရောင်းတော့မလို့" စင်တိန်က ပြောလိုက်သည်။
ဘလိန်း မျက်စိမှေးထားရာမှ မျက်လုံး ပွင့်လာသည်။ စင်တိန့် လက်ကောက်ဝတ်ကို ဖမ်းကိုင်လိုက်ပြီး ပက်လက်လှန်နေရာမှ ထထိုင်လိုက်သည်။
"ရောင်းမလို့ ဟုတ်လား ... ဘာဖြစ်လို့လဲ"
"ရောင်းဖို့ လိုအပ်လာလို့ပေါ့၊ ခြံဝင်ကြီးရော၊ အိမ်ရော၊ အိမ်ထဲရှိ ပစ္စည်းအားလုံးရောပေါ့"

"ဒါပေမယ့် ဘာလို့ ရောင်းမှာလဲ အချစ်ရယ်၊ ဒီအိမ်ကြီးနဲ့ ခြံကြီးဟာ မင်းအတွက် ဘယ်လောက် အရေး ပါတယ် ဆိုတာ မောင်သိပါတယ်"
"ဟုတ်ပါတယ်၊ ဒီအိမ်ကြီးနဲ့ခြံကြီးက ကျွန်မအတွက် တော်တော် အရေးပါပါတယ်၊ ဒါပေမယ့် ဟာနီ သတ္တုတွင်းက ပိုလို့ အရေးပါတယ်၊ ဒါကို ရောင်းလိုက်မှ သတ္တုတွင်းကို မရောင်းရအောင် ကယ်တင်နိုင်မှာ"
"ဒီလောက်အခြေအနေဆိုးမယ်လို့ မောင် မထင်ခဲ့ဘူး"
"ရှင်ဘယ်ထင်မလဲ၊ ကျွန်မကလွဲလို့ အခြေအနမှန်ကို ဘယ်သူမှ မသိတာ"
"ငါတော့ နားမလည်နိုင်အောင် ဖြစ်နေပြီ၊ ဟာနီသတ္တုတွင်းက အမြတ်လုံလုံလောက် ရနေတယ် မဟုတ်လား"

"မဟုတ်ဘူး ဘလိန်း၊ အခုအချိန်မှာ ဘယ်သူမှ စိန်မ၀ယ်ဘူး၊ ဘာပစ္စည်းမှလဲ မ၀ယ်ကြဘူး၊ စီးပွားပျက် ကပ်လေ၊ ကြောက်စရာကောင်းတဲ့ စီးပွားပျက်ကပ်ကြီး ဆိုက်နေတယ်၊ ကျွန်မတို့ရဲ့ စိန်အရောင်းခွဲတမ်း ကလဲ အလျှော့ခံရတယ်၊ စိန်ဈေးဟာ လွန်ခဲ့တဲ့ ငါးနှစ်လောက်ကထက် တစ်ဝက်ကျော် ကျဆင်းသွား တယ်၊ ဟာနီသတ္တုတွင်းဟာ အင်းတောင် မကျေတော့ဘူး၊ လအတိုင်းအနည်းအကျဉ်း ရှုံးနေတယ်၊ ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာချိန်အထိ ကျွန်မ ထိန်းထားနိုင်မယ်ဆိုယင် ..."
စင်တိန်က စကားကို ခေတ္တဖြတ်လိုက်ပြီးမှ ဆက်ပြောသည်။

"ကျွန်မ လုပ်ဖို့ကတော့ အိမ်နဲ့ခြံကို ရောင်းဖို့ လမ်းပဲ ရှိတယ်၊ ရောင်းစရာလဲ ဒါပဲ ကျန်တော့တယ်၊ အဲဒီလို ရောင်းလိုက်မှ ရှေ့နှစ်အလယ်လောက်အထိ ကျွန်မ ထိန်းထားနိုင်မယ်၊ အဲဒီနောက်ပိုင်းကျယင် ကြောက်စရာကောင်းတဲ့ စီးပွားပျက်ကပ်ကြီး ပြီးဆုံးသွားမှာပါ"
"ဟုတ်ပါတယ်၊ ပြီးဆုံးသွားနိုင်ပါတယ်၊ ဒီမှာ စင်တိန် ... ငါ့မှာ ငွေတစ်ချို့ ရှိ ..."
သူ့စကားမဆုံးခင်ပင် စင်တိန်က သူမလက်ချောင်းကလေးများဖြင့် သူ့ပါးစပ်ကို ဖွဖွလေး လှမ်းပိတ် လိုက်သည်။ မချိပြုံးလေး ပြုံးကာ ခေါင်းခါလိုက်သည်။
ဘလိန်းက သူမလက်ကို သူ့ပါးစပ်မှ အသာဆွဲဖယ်ပြီး ပြောလိုက်သည်။

"မင်း ငါ့ကိုချစ်တယ်ဆိုယင် ငါ့အကူအညီကို လက်ခံရမှာပေါ့"
"ကျွန်မတို့ သဘောတူညီထားတာ ရှိတယ်လေ၊ ကျွန်မတို့ကြောင့် သူတစ်ပါးကို မထိခိုက်မနစ်နာစေရ ဘူး၊ ရှင့်ငွေတွေက အစ္စဘယ်လာနဲ့ သမီးတွေ ပိုင်တာပါ"
"မဟုတ်ဘူး၊ ငါပိုင်တာ၊ တကယ်လို့ ငါက ရွေးချယ်ယင်"
"ဒီမှာ ဘလိန်း၊ ပေါင်တစ်သန်းလောက်ရှိမှ ကျွန်မကို ကူညီ ကယ်တင်နိုင်မှာ၊ ရှင့်မှာ အဲဒီလောက် များများ ရှိသလား၊ အဲဒီလောက် မရှိလို့ကတော့ အလုပ် မဖြစ်ဘူး"
"ဒီလောက်များများ လိုသလား၊ ငါ့မှာက ပေါင်သုံးသောင်းလောက်ပဲ ရှိတာ"

"ကဲ ဒါဖြင့် ဒီအကြောင်း နောက် မပြောကြစို့နဲ့နော်၊ အခု ပျော်ပျော်နေကြရအောင်၊ အိမ်ပြန်ရောက်ယင် စိတ်ညစ်စရာတွေ အများကြီး တွေ့ရဦးမှာ"
သူတို့နှစ်ယောက် လျှို့ဝှက်တွေဆုံမှု၏ နောက်ဆုံး ညနေခင်းတွင် အိမ်နောက်ဘက်ရှိ ကျောက်တောင် လေး ပေါ်သို့ လက်ချင် တွဲတက်လာကြသည်။ တောပန်းရိုင်းပွင့်ကလေးများမှ ဖြတ်လျှောက်ကြသည်။
"ဟိုမှာ ကြည့်စမ်း ဘလိန်း၊ ပန်းပွင့်လေးတွေဟာ နေသွားရာဘက်ကို လိုက်ပြီး ဦးလှည့်နေကြတယ်၊ ကျွန်မလည်း အဲဒီပန်းပွင်လေး တစ်ပွင့်လိုပါပဲ၊ ရှင်ကတော့ သူရိယနေမင်းကြီးပါ"
ဘလိန်းကတော့ ပန်းရိုင်းလေးများမှ လှရာရာကို စိတ်ကြိုက်ရွေးပြီး ပန်းသရဖူလေးလုပ်သည်။ ထိုသရဖူ လေး ကို စင်တိန်၏ ခေါင်းပေါ်တွင် ဆောင်းပေးလိုက်ရင်း ပြောသည်။
"မောင့်နှလုံးသား ရဲ့ ဧကရီဘုရင်မကြီးအတွက် သရဖူဆက်သပါတယ်"

ပန်းခင်းထဲတွင် နှစ်ဦးသားလဲလျောင်းကာ ချစ်ခြင်းငယ် ပြိုင်ကြသည်။ ချစ်မူချစ်ရာ၊ ချစ်ပျူငှာဖြင့် ဆယ်ကျော် သက် များသဖွယ် ချစ်ကြည်နူး၍ ချစ်ရည်လူးကြသည်။ စင်တိန်သည် ဘလိန်း၏ ဘုန်းလက်ျာ ကို အုန်းစက်ခါ မှေးမှီရင်း ပြောလိုက်သည်။
"ကျွန်မ ဘာလုပ်မယ်ဆိုတာ ရှင်သိလားဟင်"
"ပြောစမ်းပါဦး"
"ကျွန်မအကြောင်း သူတို့ ပြောစမှတ် ဖြစ်ကျန်နေအောငေ် လုပ်မယ်၊ နောက်တစ်နှစ်ကြာယင် သူတို့ ပြောကြလိမ့်မယ်၊ စင်တိန်ကုတ်နေတော့ အိမ်ကြီးက ထွက်သွားပြီလို့ပေါ့၊ ဒါပေမယ့် သူတို့ ဆက်ပြော ကြရလိမ့်မယ်၊ ပြောစမှတ်ဖြစ်ကျန်အောင် လုပ်သွားတာပဲကွာလို့"

"မင်းက ဘာလုပ်မယ်စိတ်ကူးထားလို့လဲ"
"ရိုးရိုးခရစ္စမတ်ပွဲတော်ထက် တကယ့်ပွဲကြီး လမ်းကြီးလုပ်မယ်၊ အိမ်ကြီးမှာ တစ်ပတ်လုံး ညပိုင်းရှန်ပိန် ချောင်းစီး ကပွဲကြီး ကျင်းပမယ်"
"ဒါဆို ကြွေးရှင်တွေက မင်းကို သိပ်အကြပ်ကိုင်ရဲမှာ မဟုတ်တော့ဘူးပေါ့"
"ဒါ့အတွက်ကြောင့် တင် လုပ်တာ မဟုတ်ပါဘူး၊ ဒီလို ပွဲကြီးလမ်းကြီးလုပ်တော့ ရှင်နဲ့ကျွန်မ  လူပုံ အလယ် မှာ အတူတွဲလို့ ရတာပေါ့၊ ရှင်လာမယ် မဟုတ်လား"
"လာဖို့အတွက် အကြောင်းပြချက် ရှာရမှာပေါ့"

"ကျွန်မ စီစဉ်ထားပြီးသားပါ၊ ကျွန်မ ပိုလိုပြိုင်ပွဲ ရက်သတ္တပတ် လုပ်မယ်၊ တစ်နိုင်ငံလုံးက ပိုလိုအသင်း တွေ၊ ထိပ်တန်းအားကစားသမားတွေ ဖိတ်မယ်၊ ရှင်က အမျိုးသား ပိုလိုအသင်းက ချန်ပီယံ မဟုတ်လား၊ ရှင့်အတွက် ငြင်းစရာ အကြောင်း မရှိတော့ဘူးပေါ့၊ မဟုတ်ဘူးလား"
"ဟုတ်တယ်၊ လာလို့ကောင်းသွားတာပေါ့"
"ပြီးတော့၊ ရှင် နဲ့ ရှာဆာ နဲ့ တွေ့ဖို့ ဖန်တီးပေးနိုင်မယ်လေး ရှင်နဲ့ကျွန်မ သိတယ်ဆိုတာနဲ့ သူက ရှင်နဲ့ တွေ့ပြီး မိတ်ဆက်ပေးဖို့ ပူဆာနေတာ"
"ငါကလဲ ၀မ်းမြောက်ဝမ်းသာ တွေ့ချင်ပါတယ်ကွာ"

"ရှင်ပိုလိုကစားပုံကို သူက သိပ်သဘောကျနေတာ၊ ရှင့်ဆီက နည်းယူချင်နေတာ"
"မင်းအငယ်တန်း ပိုလိုအသင်းတချို့ကို ဖိတ်ပြီး ပြိုင်ပွဲလေး လုပ်ပေးလိုက်ယင် ပိုကောင်းမယ်၊ မင်းသား မြင်းစီးပြီး ပိုလိုကစားပုံကို ငါကြည့် အကဲခတ်သွန်သင်လို့ ရတာပေါ့"
"အို ... ဘလိန်း၊ ရှင့်အကြံ သိပ်ကောင်းတာပဲ၊ အင်းလေး ရှာဆာအတွက် သူ့မြင်းကလေးတွေကို နောက်ဆုံး စီးဖို့ အခွင့်အရေးလဲ ရတာပေါ့၊ ကျွန်မအိမ်ကြီးကို ရောင်းယင် မြင်းတွေပါ ပါသွားမှာပါ၊ ဒါပေမယ့် ကျွန်မ ပြောခဲ့သလိုပေါ့၊ မှတ်မှတ်ရရ ဖြစ်ပြီး ကျန်နေခဲ့အောင် လုပ်ပြသွားမယ်"

ဆက်ရန်
.

1 comment:

Anonymous said...

ခြေနှစ်ချောင်းနဲ့ နားရွက်တိုကို ကယ်မိလို့ ဒုက္ခရောက်ရတယ်ဆိုတာ လိုသာမှ အမှန်ပဲ။
တော်တော် ကျေးဇူးကန်းတဲ့မိန်းမ။