စာရေးဆရာတစ်ယောက် လျော့ပါးသွားခြင်း
ကျွန်တော် သည် ဦးလေးဘကြီးအရွယ် စာရေးဆရာကြီးများ အကြောင်းတွေကို မဂ္ဂဇင်းဂျာနယ် တော်တော် များများ ၌ ရေးခဲ့ဖူးပါသည်။ သို့သော် သူတို့၏ စာပေအနုပညာနှင့် ပတ်သက်၍ လုံးဝမ တို့ မထိ ခဲ့ပါ။ မတို့မထိရဲပါ။ ဖျတ်ခနဲ ကြုံဆုံရပုံ အဖြစ်အပျက်လေးများကို စာရေးပါသည်။ ထိုအခါ ကျွန်တော် နှင့် ဆရာကြီးများ၏ ဆက်ဆံရေးကို တွေ့ရပါမည်။ ဒါသည်လည်း အခြေခံအကြောင်း ရှိပါသည်။
ကျွန်တော့်ကို မွေးသော (၁၉၅၁) တွင် အဖေသည် လျှမ်းလျှမ်းတောက် စာရေးဆရာဖြစ်နေပါပြီ။ ထိုနှစ်မှာပင် စာပေဗိမာန်ဆုကို တပ်ထဲကမြတ်ကိုကို ၀တ္ထုဖြင့် ရရှိပြီး ထိုစာအုပ်ကိုပင် တက္ကသိုလ် ၀င်တန်း ၌ ပြဋ္ဌာန်းခဲ့ပါသည်။ ဆိုလိုသည်မှာ အရောင်းရဆုံး စာရေးဆရာစာရင်းဝင် ဖြစ်သည့်ပြင် သိက္ခာရှိသော စာပေသမား စာရင်းလည်း ၀င်ခဲ့ခြင်းပင်။ ထိုအခါ အဖေသည် သူ့အိမ်ကို စာပေ အိမ်လုပ်ပါသည်။ ပုံနှိပ်စက် ထောင်ပါသည်။ ယခင်ကလည်း "ပဒေသာ"မဂ္ဂဇင်းကို စာရေးဆရာများ စုပေါင်း ရိုက် ထုတ်ဝေ ခဲ့ရာ အဖေပါဝင်ခဲ့ပါသေးသည်။ ထို့ကြောင့် အဖေ့အိမ်မှာ စာရေးဆရာ ပေါင်းစုံ စုရပ်ဖြစ်ခဲ့ပါသည်။ ထိုကာလ မှာ ကျွန်တော့်ကို မွေးသောကြောင့် ကျွန်တော်မှာ ထိုဆရာ များလက်ပေါ်တွင် ကြီးပြင်း ခဲ့ ရပါသည်။
စာရေးဆရာများ၏ အလှည့်ကျ ချီပိုးချော့မြူခြင်းကို ခံခဲ့ ရပေရာ နိမိတ်ပုံအားဖြင့် ပြောရလျှင် စာရေးဆရာ အငွေ့များ ကျွန်တော့်တွင် ငယ်စဉ်ကတည်းက ကိန်းအောင်းခဲ့ပါသည်။ ထူးခြားသည်မှာ ထိုခေတ်က စာရေးဆရာများသည် ၀ါဒရေးရာ၌ အလွန် ပြင်းထန်စွာ ကွဲပြားသော်လည်း လူချင်း အလွန် ချစ်ခင်ခဲ့ကြပါသည်။ ကွန်မြူနစ်စာရေးဆရာနှင့် အရင်းရှင်စာရေးဆရာ တို့ စာမျက်နှာပေါ်မှာ ကလော် ဆဲကြသော်လည်း အရက်ဆိုင်မှာ တွဲ၍ ဖက်ငိုကြပါသည်။
ထိုသို့သော စာရးဆရာများ လက်ပေါ်တွင် ကြီးပြင်းခဲ့ရသည်မှာ ကျွန်တော်ကံကောင်းလှပါသည်။ ခုနှယ်အခါ ကျွန်တော်စာမျိုးစုံ ရေးသားနိုင်သည်မှာ ထိုအငွေ့အသက်များကြောင့်ဟု ယုံကြည်နေ ပါသည်။
ဆရာကြီး မင်းသုဝဏ်အစ၊ ဆရာဗန်းမော်တင်အောင်အလယ်၊ ဆရာသော်တာဆွေအဆုံး အားလုံး လိုလို နှင့် ကျွမ်းဝင်ခဲ့ရသော ကျွန်တော့်မှာ ဦးအောင်ဆန်း နှင့်တော့ မဆုံးစည်းခဲ့ရပေ။ အကြောင်းမှာ ဦးအောင်ဆန်း ကျဆုံးတော့ ကျွန်တော်မမွေးသေးသောကြောင့် ဖြေစ်ပါ သည်။ အကယ်၍ ဦးအောင်ဆန်း ကျဆုံး မသွားပါက ကျွန်တော်သည် ဦးအောင်ဆန်း လက်ပေါ်မှာလည်း ကြီးပြင်း ခဲ့ရမည်မှာ သေချာ ပါသည်။ အကြောင်းမှာ အဖေပြောပြောနေသော စကားတစ်ခွန်းကြောင့် ဖြစ်ပါသည်။
"ကိုအောင်ဆန်းက လွတ်လပ်ရေးရပြီးရင် စာရေးဆရာလုပ်ဖို့ စိတ်ကူးရှိတာကွ" တဲ့။
အဖေ နှင့် ဦးအောင်ဆန်းမှာ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်ဖြစ်ပါသည်။ အဖေက အလယ်ပိုင်း ဒို့ဗမာ အစည်းအရုံး အတွင်ရေးမှူး သခင်ဖေသန်း ဖြစ်ပါသည်။ သို့သော် အဖေသည် လွတ်လပ်ရေး မရခင် နယ်ချဲ့ ဆန့်ကျင်ရေးကာလမှာကတည်းက နိုင်ငံရေးနယ်မှ ထွက်ခဲ့ပါသည်။
လွတ်လပ်ရေး က ဘယ်ဆီနေမှန်း မသိသေးဘူး။ ဂိုဏ်တွေကွဲကုန်ကြလို့ နိုင်ငံရေးကို အဖေစိတ် ကုန် သွားတယ်ဟု အဖေကပြန်ပြောပြပါသည်။
အဖေသည် တစ်နေ့ ထမင်းတစ်နပ်သာ စားရသော ဘ၀ဖြင့် ပညာကို မရအရသင်ခဲ့ရာမှ "ကျွန်ပညာ အလိုမရှိ"ဟူသော နိုင်ငံရေးသမားကြီးများ၏ လှုံ့ဆော်ချက်အရ ကိုးတန်းနှင့် ကျောင်းထွက်ပြီး နိုင်ငံရေး လောက ထဲ ၀င်ခဲ့သူဖြစ်ပါသည်။ ရေနံမြေသပိတ်တွင် ရှေ့ဆုံးတန်းမှာ "အသေခံ တပ်ဗိုလ်"အဖြစ် ချီတက် ခဲ့ရာ ခြေထောက်သေနတ်မှန် ခံရပါသည်။ (ထို့ကြောင့် နိုင်ငံဂုဏ်ရည် ဘွဲ့ရပါသည်။) ထိုမျှ တိုင်းပြည် အတွက် အလုပ်လုပ် (လွတ်လပ်ရေးအတွက် ဆန္ဒပြင်းပြခဲ့) သော် လည်း စောစောကပြောသလို လွတ်လပ်ရေး မရမှပင် နိုင်ငံရေးသမားများ သူတစ်လူ ငါတစ်မင်း ဖြစ်ကြ သဖြင့် စိတ်ကုန်ပြီး ထိုလောက မှ ထွက်ကာ ကလေးပေါင်ဒါ လုပ်ရောင်း စားပါတော့သည်။ "ပူတူးတူး"ပေါင်ဒါတဲ့။ ရောင်းအား ကောင်း သဖြင့် ထူထူထောင်ထောင် ဖြစ်ခဲ့ပါသည်။ အဖေသည် နိုင်ငံရေးကို စိတ်ကုန်သွားသော်လည်း နိုင်ငံရေး သမားများ ကိုမူ ချစ်ခင်ဆဲဖြစ်ပါသည်။ လိုအပ်သည့် အကူအညီပေးဆဲ ဖြစ်ပါ သည်။
ဥပမာ အဖေနေသော ကျားကူးကွက်သစ် (ယခုတပ်မတော် စစ်သမိုင်းပြတိုက်နေရာ)ရှိ လက်ဖက် ရည် ဆိုင် တွင် နိုင်ငံရေးသမားများ အခမဲ့သောက်စားရန် စာရင်းဖွင့်ပေးထားသည်။ ထိုနားက ဆံပင်ညှပ် ဆိုင် တွင်လည်း ၎င်းအတိုင်း စာရင်းဖွင့်ပေးထားသည်။ အိမ်သုံးစရိတ်ကအစ နိုင်ငံရေးအတွက် အသေးသုံး စရိတ် များ ထုတ်ပေးပါသည်။ ဒါတွေက အသေးအမွှားတွေဖြစ်သည်။
ကြီးကြီးမားမား အကူအညီပေးခဲ့သည်မှာ ဗိုလ်ချုပ်အောင်ဆန်း တရားလည်ဟောသောအခါတွင် ဖြစ်သည်။ စာဖတ်သူတို့ ဓာတ် ပုံတွင် မြင်ဖူးကြပါလိမ့်မယ်။ ဗိုလ်ချုပ်တရားလည်ဟောသော မော်တော်ကား၊ အော်လံနှင့် မိုက်ခရိုဖုန်း။ ထိုပစ္စည်းများနှင့် ထိုမော်တော်ကားမှာ အဖေ့ပစ္စည်း များဖြစ်ပါ သည်။ "ပူတူးတူး"ပေါင်ဒါ ကြော်ငြာလှည့်သော မော်တော်ကားနှင့် အော်လံ၊ အသံချဲ့ စက်တို့ဖြစ်ပါသည်။ ဗိုလ်ချုပ် ကလည်း အားမနာတတ်၊ အဖေကလည်း နိုင်ငံအတွက်ဆို ကူညီ ချင်နှင့် အဆင်ပြေလှပါသည်။
စကားမစပ် ပြောရပါဦးမယ်။ ဗိုလ်ချုပ်က ကျွန်တော့်အဖေ၏ အ သက်ကို ကယ်ဖူးသည့်အကြောင်း။
တစ်နေ့တွင် (ကျွန်တော် မင်းသားဖြစ်နေပါပြီ)။ ခြံထဲသို့ မော်တော်ကား အကောင်းစားကြီးဖြင့် ပုဂ္ဂိုလ်ကြီး တစ်ယောက် ရောက်လာသည်။
"ဟေ့ သခင်ဖေသန်း ရှိသလား"ဟု ပိုင်စိုး ပိုင်းနင်း အော်သံ၊ အလွန်ရင်းနှီးသော လေသံဖြင့် မေးပါသည်။ ထိုစဉ်က ကျွန်တော်က အောက်ထပ်မှာနေပြီး အဖေက အပေါ်ထပ်မှာ နေပါသည်။
အဖေ သည် ဧည့်သည် အလွန်ကြောက်ပါသည်။ အထူးသဖြင့် အရည်မရ အဖတ်မရ စကားကြော ရှည်သော ဧည့်သည်ကိုကြောက်ပါသည်။
ထို့ကြောင့် "ဧည့်သည်"ဟူသော ပညာပေးရုပ်ရှင် ရိုက်ခဲ့ ပါသည်။ ထို့ကြောင့် ဧည့်သည်လာလျှင် ကျွန်တော်က အကျိုးအကြောင်းမေးပြီး အပေါ်ထပ်တက် အကြောင်းကြားရပါသည်။ အဖေမတွေ့လိုလျှင် အလိမ္မာ စကားသုံးပြီး ပြန်လွှတ်ရပါသည်။ တွေ့လို လျှင်အပေါ်ထပ် ခေါ်သွားရပါသည်။ ထိုနေ့ကတော့ တိုက်တိုက် ဆိုင်ဆိုင် ထိုလူကြီး ရောက်ခိုက် မှာပင် အပေါ်ထပ်မှ အဖေဆင်းလာသည်နှင့် ကြုံသွားပါ သည်။ အဖေသည် အိမ်သာတက်ရန် ဆင်းလာခြင်း ဖြစ်ပါသည်။ အဖေသည် အိမ်သာတက်လျှင် သတင်းစာ အစုံ နှင့် ရေနွေးကြမ်းအိုးပါ ယူလာပါသည်။ အိမ်သာထဲမှာ ရေနွေးကြမ်းသောက်ရင်း သတင်းစာ အကုန် ဖတ်ပါသည်။
သို့နှင့် ထိုလူကြီးနှင့် မျက်နှာချင်းဆိုင်ဆုံလေရာ ထိုလူကြီးက ၀မ်းသာအားရ....
"ဟေ့ သခင်ဖေသန်း၊ နေကောင်းတယ်နော်"
"ဟာ သခင်မောင် (နာမည်ပြောင်းထားပါသည်) ဘယ်ကလှည့်လာလဲ"
"ဒီလို ပဲ" "အကြောင်းရှိလား" "ဘာရယ် မဟုတ်ပါဘူး" "ဒါဆို ကြုံတုန်း ချေးဝင် ပါသွားပါလား"
အဖေ၏ ထိုစကားကြောင့် ထိုပုဂ္ဂိုလ်ကြီး မျက်နှာပျက်ပြီး စိတ်ဆိုးသွားပါသည်။ အဖေမူကား ဘာမျှ မဖြစ်သလို အိမ်သာဘက် ထွက်သွားပါသည်။
ထိုလူကြီး သည် ကားပေါ်ပြန်တက်၍ ၀ူးခနဲမောင်းထွက်သွား ပါသည်။ (မြန်မာဧည့်ခံစကားမှာ ကြုံတုန်း ထမင်း စားသွားပါ လားဟူ၍ သာရှိသည်မဟုတ်လား။ ခုတော့ ကြုံတုန်းချေးဝင် ပါသွား ပါလားတဲ့)
အိမ်သာ မှ ဆင်းလာမှ အဖေက ဇာတ်ကြောင်းလှန်ပါသည်။
နယ်ချဲ့ဆန့်ကျင်ရေးကာလက ဖြစ်ပါသည်။
ဝေးလံသော ပြည်နယ်တစ်ခုသို့ ဗိုလ်ချုပ်အမှူးပြုသော နယ်ချဲ့ဆန့်ကျင်ရေးသမားများ စည်းရုံး ရေး ဆင်းကြပါ သည်။ အဖေကလည်း ထုံးစံအတိုင်း သူ့မော်တော်ကား၊ အသံချဲ့စက်ဖြင့် လိုက်ပို့ ပါ သည်။ ဟိုမှာ အလုပ်ရှုပ်နေကြစဉ် တစ်နေ့စောစောက ပြောသော သခင်မောင်(ဆိုပါစို့) ပုဂ္ဂိုလ် သည် ဒေသခံတိုင်းရင်းသူကလေး ကို ချစ်ကြည်ရေးအနေဖြင့် ပရောပရီလုပ်နေပါသည်။ ဒါကို အဖေ သိ သွားတော့ သွားတားပါသည်။ ထိုအခါ ထိုပုဂ္ဂိုလ်က ရှက်ရှက်ဖြင့် သေနတ်ဆွဲပါတော့ သည်။ အဖေလည်း ဓားဓားချင်း ပေါ့ဟူသော သဘောဖြင့်ပြန်ပြီး နီးရာသေနတ်ပြန်ယူပါသည်။ တကယ် တော့ အဖေသည် သေနတ် ပစ်တတ် ဖို့ဝေး လို့ ကိုင်ပင်မကိုင်ဖူးပါ ။ ယှဉ်ပစ်လျှင် အဖေသေဖို့သာ ရှိပါသည်။
"သခင်ဖေသန်း သေနတ်ဆွဲသွားတယ်" ဟူသော သတင်းစကားကြားကြားချင်း ဗိုလ်ချုပ်သည် အဖေတို့ ရှိရာ သို့ အပြေးရောက်လာပါတော့သည်။
"ဗိုလ်ချုပ် ၀င်တားလို့ပေါ့ကွာ။ နော့မို့ဖြင့် အဖေသေပြီ"ဟု အဖေက ပြန်ပြောပါသည်။
"အင်း၊ ကိုအောင်ဆန်း က အဖေ့အသက်ကိုကယ်ခဲ့ဖူးတယ်။ ကိုအောင်ဆန်း အသက်ကိုတော့ အဖေ မကယ် နိုင်ခဲ့ဘူးကွာ"ဟူ၍လည်း အာဇာနည်နေ့ရောက်တိုင်း အဖေ ၀မ်းနည်းပက်လက် ပြောတတ် ပါသည်။
သုမောင်
.
No comments:
Post a Comment