ကာလမသုတ် ဗိုလ်ချုပ်နှင့် ကေသမုတ္တိနဂုံး အလွမ်း
သည်နေ့ သည်လ၊ သည်နှစ်ဆီမှ ပြန်လည်ရေတွက်ကြည့်လျှင် နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပါပြီ။ ဂဏန်း အရေအတွက် အားဖြင့် တိတိကျကျဆိုရန် မလွယ်ကူလှသော်လည်း ယေဘုယျခန့်မှန်း၍ ပြောရလျှင် နှစ်ပေါင်း နှစ်ထောင့်ခြောက်ရာနီးပါး ရှိခဲ့လေပြီ။ နှစ်ပေါင်း နှစ်ထောင်ကျော်ဆိုသည့် အတိတ်မှာ ဝေး ကွာ လွန်းစွာ ကျန်ရစ်ခဲ့လေပြီ။ ထိုသို့ ဝေးကွာလွန်းခြင်းက အခြားသူတစ်ဦးဦးအတွက် သူစိမ်းဆန် ကောင်း ဆန် နေမည်။ အေးတိအေးစက်ဖြစ်ကောင်း ဖြစ်နေမည်။ မိမိအတွက်တော့ သည်လိုမဟုတ်။ မိမိနှင့် ကိုယ်တိုင် ကိုယ်ကျ ဆုံတွေ့ခဲ့ဖူးခြင်းလည်း အလျှင်းမရှိ။ ပတ်သက်ဆက်နွှယ်မှုလည်းမရှိသော ပုံရိပ်နှင့် အသံ တို့က မိမိနှင့် ထူးထူးခြားခြား ရင်းနှီးကျွမ်းဝင်လွန်းလှသည်။ နွေးထွေးနီးကပ်လွန်းလှ သည်။ တကယ်တော့ မိမိသည် ထိုနေရာ ထိုဒေသ ထိုပုံရိပ် ထိုအသံတို့ကို လေးစားကြည်နူးမှုဖြင့် လွမ်း ဆွတ်ခြင်းသာ ဖြစ်ပါလိမ့်မည်။ နှစ်ခြိုက်စွဲလမ်းမှုဖြင့် စိတ်ကူးယဉ်ပုံဖော်မိခြင်းသာ ဖြစ်ပါလိမ့်မည်။
ထိုနေရာမှာ မဇ္ဈိမဒေသ ကောသလတိုင်းအတွင်းရှိ ရွာငယ်နိဂုံးတစ်ခုသာဖြစ်သည်။ ကေသမုတ္တိနိဂုံးဟု အမည် တွင်၏။ ထိုရွာနိဂုံးတွင် နေထိုင်ကြသော မင်းသားတို့ကို အမျိုးအနွယ်အစွဲပြု၍ ကာလာမမင်း သားများ ဟု ခေါ်တွင်ကြလေသည်။ ထိုကာလမအမျိုးသားတို့သည် ဉာဏ်ရည်ထက်မြက်ကြသူများ၊ စူး စမ်းလေ့လာလိုစိတ်ရှိကြသူများ ဖြစ်ဟန်တူသည်။ သူတို့သည် သူတို့ရွာငယ်နိဂုံးသို့ ရောက်ရှိလာကြ သော ရဟန်း ပုဏ္ဏား တို့၏အယူဝါဒအမျိုးမျိုးနှင့် ထိတွေ့ဆက်ဆံရသောအခါ သူတို့၏ မျက်ကန်းကြည်ညို လိုစိတ် မရှိခြင်းက သူတို့၏ဦးနှောက် သူတို့၏အသိဉာဏ်တွင် မေးခွန်းများစွာ ဖြစ်ပေါ်လာစေ၏။ တစ်နေ့ တစ်ချိန် တွင် ထိုရွာငယ်နိဂုံးသို့ ဗုဒ္ဓကြွရောက်တော်မူခဲ့လေသည်။
သူတို့သည် ဗုဒ္ဓနှင့်တွေ့ဆုံခဲ့ရ သည်နှင့် သူတို့ရင်ဆိုင်ရသော အခက်အခဲ၊ သူတို့တွေဝေနေသော ပြဿနာ များကို မေးလျှောက်ကြ လေသည်။ သူတို့၏မေးခွန်းအနှစ်ချုပ်မှာ "သူတို့နေထိုင်ရာ နိဂုံးသို့ ရဟန်း၊ ပုဏ္ဏား အသီးသီး တို့ အစဉ် အဆက် ရောက်ရှိလာကြပြီး ထိုရဟန်း ပုဏ္ဏားတို့သည် မိမိတို့အယူဝါဒကို ထွန်းပစေလျက် သူတစ်ပါး တို့၏အယူဝါဒကို ကဲ့ရဲ့ရှုတ်ချကြ၏။ မထေမဲ့မြင် ပြုကြ၏။ ချေဖျက်ကြ၏။ ထိုရဟန်း ပုဏ္ဏား တို့အနက် မည်သူသည် မှန်ကန်သည့်စကားကို ဆိုသူဖြစ်ပါသနည်းဟု ယုံမှား သံသယ ဖြစ်နေကြပါသည်"ဟု မေး လျှောက်ကြသည်။
ထို မင်းသား တို့၏အမေးကို ဗုဒ္ဓက
"ကာလာမမင်းသားတို့၊ သင်တို့ဟာ"
(၁) တစ်ဆင့်စကား ပြောသံကြားကာမျှကို ဟုတ်ပြီ မှန်ပြီဟု ချက်ချင်း အတည်မယူလေနှင့်၊
(၂) ရိုးရာအစဉ်အလာနှင့် ကိုက်ညီသောစကား ဖြစ်၍လည်းဟုတ်ပြီ မှန်ပြီဟု ချက်ချင်း အတည် မယူကြလေ နှင့်၊
(၃) ရှေးက ဒီလိုဖြစ်ခဲ့ဖူးတယ်ဆိုတဲ့ (ထုံးရှိ၍လည်း) ဟုတ်ပြီမှန်ပြီဟု ချက်ချင်း အတည်မယူလေ နှင့်၊
(၄) ပိဋိပတ်(စာပေ)နှင့် (ကျမ်းဂန်နှင့်) ကိုက်ညီတယ် ဆိုပြီးတော့လည်း ဟုတ်ပြီ မှန်ပြီဟု ချက်ချင်း မယူလေနှင့်၊
(၅) မိမိကိုယ်တိုင် တွေးကြံနိုင်ရုံမျှနှင့်လည်း (ဆင်ခြင်တုံတရားနှင့် ညီသည် ယုတ္တိရှိသည်ဆိုပြီး) ဟုတ်ပြီ မှန်ပြီ ဟု ချက်ချင်း အတည်မယူလေနှင့်၊
(၆) နည်းမှီ ရယူရုံဖြင့်လည်း ဟုတ်ပြီ မှန်ပြီဟု ချက်ချင်းအတည် မယူလေနှင့်၊
(ရ) အချင်းအရာကို ကြံစည်စိတ်ကူးပြီး (သဘောကျရုံဖြင့်)လည်း ဟုတ်ပြီ မှန်ပြီဟု ချက်ချင်း အတည် မယူလေနှင့်၊
(၈) ငါတို့သဘောကျ လက်ခံထားတဲ့ အယူဝါဒနှင့်ကိုက်ညီတယ် ဆိုပြီးတော့လည်း ဟုတ်ပြီ မှန်ပြီဟု ချက်ချင်း အတည်မယူလေနှင့်၊
(၉) မှတ်ထိုက်ယူတိုက် လက်ခံထိုက်တဲ့ သဘောပဲ ဆိုပြီးတော့လည်း ဟုတ်ပြီ မှန်ပြီလို့ ချက်ချင်း အတည် မယူလေနှင့်၊
(၁၀) ငါတို့လေးစားတဲ့ ရဟန်းရဲ့ စကားဆိုပြီးတော့လည်း ဟုတ်ပြီမှန်ပြီလို့ ချက်ချင်းအတည်မယူ လေနှင့်၊ ကာလာမမင်းသားတို့၊ အကြင်တရားတွေဟာ
(၁) မကောင်းတဲ့ အကုသိုလ် တရားတွေ
(၂) အပြစ်ရှိတဲ့ တရားတွေ
(၃) ပညရှိသူတော်ကောင်းတို့ကလည်း ကဲ့ရဲ့မည့် တရားတွေ
(၄) ပြီးတော့ လက်တွေ့လုပ်ဆောင်လျှင်လည်း အကျိုးစီးပွားမဲ့ဖို့သာဖြစ်သည်၊ ဆင်းရဲဖို့သာ အကြောင်း ရှိတယ်လို့ဆိုရင် အဲဒီတရားတွေကို မိမိကိုယ်တိုင် သိမြင်တာနဲ့ တစ်ပြိုင်နက် စွန့်ပယ်သင့် တယ်
ကာလာမ အမျိုးကောင်းသား မင်းသားတို့ကို ဗုဒ္ဓရှင်းလင်းဟောကြားခဲ့သော တရားတော်သည် အင်္ဂု တ္တရနိကာယ် တိကနိပါတ်၌ ကေသမုတ္တိသုတ်ဟု အမည်တွင်၏။ ကာလာမမင်းသားတို့ကို အကြောင်းပြု၍ ဟောကြားခဲ့သောကြောင့် ကာလာမသုတ္တန်ဟု ထင်ရှားသည်။
မည်သည့်ခေတ်၊ မည်သည့်ကာလတွင်မဆို ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊ သို့မဟုတ် ၀ါဒတစ်စုံတစ်ရပ် သည် မိမိ၊ သို့မဟုတ် မိမိတို့ဝါဒကို ယုံကြည်ရန် နည်းလမ်းအသွယ်သွယ်ဖြင့် ကြိုးပမ်းအားထုတ်ခဲ့ ကြ ကြိုးပမ်းအားထုတ်နေကြဆဲသာ ဖြစ်သည်။ ဗုဒ္ဓကမူ ထိုသို့မဟုတ်ခဲ့ချေ၊ အယူဝါဒတစ်ခုခုကို သက်ဝင် ရန်၊ ယုံကြည်ရန်၊ သင့်မသင့် မှန်မမှန် ဆုံးဖြတ်ရာတွင် အခြားသူတစ်ဦး တစ်ယောက်၏ လွှမ်းမိုးမှုထက် မိမိကိုယ်တိုင် ဝေဖန်စီစစ်ဆုံးဖြတ်နိုင်ရန်သာ ညွှန်ပြခဲ့သည်။ ထို့ကြောင့်လည်း ထိုကေသမုတ္တိသုတ္တန် တရားတော်သည် ဗုဒ္ဓဘာသာဝင် မဟုတ်သူများနှင့် ဗုဒ္ဓ၀ါဒကို လေ့လာကြသော သုတေသန ပညာရှင် များပါ အံ့သြချီးမွမ်းရသော အလေးဂရုပြုရသော သုတ္တန်ကြီး တစ်ခုလည်း ဖြစ်သည်။
ထိုသုတ္တန် တရားတော်သည် ဗုဒ္ဓ၀ါဒ၏ အခြားအမည်တစ်ခုဖြစ်သော ၀ိဘဇ္ဇ၀ါဒကို ပုံဖော်ပေးရာလည်း ရောက်၏။ ဗုဒ္ဓ၀ါဒ သည်တန်ခိုးရှင်၊ ဖန်ဆင်းရှင်တို့အောက် ပြားပြားဝပ်ဝပ်ရောက်ကာ အရာရာကို ကြောက်ရွံ့ သေ၀ပ် နေရသော အမှားနှင့်အမှန်ကို ဝေဖန်ပိုင်းခြားခြင်းငှာ မစွမ်းသာသော လူ့ အဖွဲ့အစည်း မျိုးကို လိုလား သောဝါဒမဟုတ်ဘဲ ဝေဖန်ပိုင်းခြားမှု စူးစမ်းစီစစ်တတ်သည့် ယဉ်ကျေးသော လူ့ အဖွဲ့အစည်း အမြင့် ဆုံးအားဖြင့် ပိုင်းခြားနိုင်မှု(ပညာသိက္ခာ)တို့ဖြင့် လွှမ်းခြုံဝန်းရံထားသော ယဉ်ကျေးသော လူ့အဖွဲ့ အစည်းအမျိုးကိုသာ လိုလားကြောင်း ဖော်ပြသော သုတ္တာန်ကြီးတစ်ခုလည်း ဖြစ်သည်။
ထိုသုတ္တန်ဒေသနာကြီးကို မိမိဖတ်ရှုမိသည့်အခါကပင် အံ့သြဘနန်းဖြစ်ခဲ့ရသည်။ မိမိယုံကြည်ကိုးကွယ် သော အယူဝါဒတစ်ရပ်၏ လွတ်လပ်ခြင်း (freedom) တန်ခိုးရှင် ဖန်ဆင်းရှင် တစ်ဦးဦးအပေး ကြောက် ရွံ့မှု ကင်းခြင်း (freedom) သန့်ရှင်းစင်ကြယ်ခြင်း (fair) အတွက် ဂုဏ်ယူဝင့်ကြွားခဲ့ရလေသည်။
မှတ်မှတ်ရရ ထိုနေ့က မိမိရေးသာေးနသော စာတစ်ပုဒ်အတွက် ကိုးကားရန် အချက်အလက်အချို့လို ၍ စာအုပ်စင် ကို မွှေနှောက်မိသည်။ အကြောင်းအရာကို သိနေသော်လည်း မည်သည့် စာအုပ်တွင် ဖတ် ခဲ့ဖူးမှန်း မမှတ်မိတော့။ စာအုပ်တွင် တစ်အုပ်ပြီး တစ်အုပ်လှန်ရင်းမှ စာအုပ်တစ်အုပ်ကို ပြန်ဖတ် မိသည့် အခါ မိမိတို့ ထိုစာအုပ်ထဲ နစ်ဝင်သွားခဲ့သည်။ ထိုစာအုပ်တွင် ဆောင်းပါးအများစု ပါရှိလေရာ ထို ဆောင်းပါး ကို ရေးသားသူက အသက်နှစ်ဆယ်သာသာ တက္ကသိုလ်ကျောင်းသား လူငယ်တစ်ဦး ဖြစ်သည်။ သူ၏ဆောင်းပါးကိုဖတ်ရင်း သူ့ကိုအားကျမိခဲ့သည်။
လူငယ်တစ်ဦးဖြစ်သည်။ သူ၏ဆောင်း ပါးတစ်ပုဒ်မှာလည်း အင်္ဂလိပ်စာဖြင့် ရေးသားထားရာ မိမိမှာ အလွန် အံ့သြ၀မ်းသာ ဖြစ်ခဲ့ရပါသည်။ ဆောင်းပါးနှစ်ပုဒ် စလုံးတွင် ဗုဒ္ဓ၏ အယူအဆများကို ရှင်းရှင်းလင်းလင်း ရေးသားဖော်ပြထားသည်။ အထူးသဖြင့် ကေသမုတ္တိသုတ် (ခေါ်)ကာလာမသုတ္တန်ကို ရည်ညွှန်း ရေးသားထားခြင်းဖြစ်ရာ အသက်နှစ်ဆယ်သာသာ တက္ကသိုလ် ကျောင်းသားတစ်ဦး၏ လက်ရာ ဆိုသည်ကိုပင်မယုံနိုင် လောက်အောင် သေသပ်ကောင်းမွန်လွန်းလှသည်။ ထို့ကြောင့်လည်း ထို လူငယ် သည် မိမိတို့ ချစ်မြတ် နိုးရသော၊ လေးစားအားကျရသော လူပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့ခြင်း ဖြစ်မည်ဟု ကောက်ချက်ချမိ သည်။ ထိုဆောင်းပါးရှင်မှာ နောင်တစ်ချိန်တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အေင်ဆန်း ဖြစ်လာမည့် တက္ကသိုလ်ကျောင်းသား မောင်အောင်ဆန်းပင် ဖြစ်ပါသည်။
သာမန်အားဖြင့် မိမိတို့သည် ဗိုလ်ချုပ်ကျဆုံးပြီး ဆယ်စုနှစ်သုံးခုအတွင်း လူလားမြောက်ခဲ့ရသူများ ဖြစ်ရာ ဗိုလ်ချုပ် နှင့် အလှမ်းကွာဝေးသူများသာ ဖြစ်သည်။
ဗိုလ်ချုပ်၏ အကြောင်းအရာများကို လက်လှမ်းမှီသလောက် ဖတ်ရှု့ရသည့်အခါတိုင်း ဗိုလ်ချုပ်၏ရိုးသားမှု၊ ရဲဝံ့ပြတ်သားမှုများကို လွတ်လပ် ရေးအတွက် ကြိုးပမ်းလှုပ်ရှားမှုများနှင့်သာ တွဲ၍ဖတ်ရှုရလေသည်။ ဗိုလ်ချုပ် သည် ကျောင်းသားဘ၀မှ စ၍ အမျိုးသားခေါင်းဆောင်ကြီးဘ၀အထိ လုထုလှုပ်ရှားမှုများ၊ လွတ်လပ်ရေး တိုက်ပွဲများကြား၌သာ ရှင်သန်ခဲ့ခြင်းဖြစ်သည်။ တော်လှန်ရေး ခေါင်ေးဆာင်တစ်ယောက်၊ စစ်ရေး ခေါင်ေးဆာင် တစ်ယောက် သာဖြစ်သည်။ ထို့ကြောင့်လည်း မိမိသည် ဗိုလ်ချုပ်ကို သူ၏ ရိုးသားတည်ကြည်မှု၊ ရဲဝံ့ပြတ်သားမှုများ အတွက်အကြိမ်ကြိမ်အခါခါ ဦးညွတ်ခဲ့မိသည်။ သို့သော်လည်း ဗုဒ္ဓ၏အဆုံးအမ ဒေသနာများနှင့်တော့ မဆက်စပ်မိခဲ့။ ဗိုလ်ချုပ်၏ စာပေလက်ရာဆောင်းပါးများကို ဖတ်ရှု မိသည့်အခါ ဗိုလ်ချုပ်သည် ဗုဒ္ဓအ ဆုံးအမ တရားများကို အလွန်နှစ်ခြိုက်သူဖြစ်ကြောင်း တွေ့ရလေသည်။ အထူးသဖြင့် ဗိုလ်ချုပ် သည် ကာလမသုတ္တန်ကို စွဲလန်းသဘောကျသူ ဖြစ်သည်။
၁၉၃၅ ခုနှစ်၊ ဧပြီလထုတ် ဂန္တလောက မဂ္ဂဇင်းတွင် ဗိုလ်ချုပ်၏ ပထမဆုံးလက်ရာ ဆောင်းပါးကို တွေ့ ရလေသည်။ ထိုစဉ်က ဗိုလ်ချုပ်သည အသက် ၂၀သာ ရှိသေးသည့် တက္ကသိုလ်ကျောင်းသား လူငယ်တစ်ယောက်သာ ဖြစ်သည်။ ဆောင်းပါးကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားခြင်း ဖြစ်ပြီး ဆောင်း ပါးအမည်မှာ (Burma and Buddhism ဖြစ်သည်။ ထိုဆောင်းပါးတွင် ဗိုလ်ခုပ်က Do not believe in anything because you have hear it. အစချီ ကာလမသုတ္တန်ကို ဖော်ပြရေးသားထားသည်။ ထို့ပြင် ၁၉၄၇ခုနှစ်၊ နိုဝင်ဘာလထုတ် မန္တလေးသူရိယ (အမျိုးသားနေ့အထူး) စာစောင်တွင်လည်း ကျောင်း သားဝတ္တရားဆိုသည့် ဆောင်းပါးတစ်ပုဒ်ကို ရေးသားရာတွင်)
"ပညာစစ်ကိုရရန် လွတ်လပ်စွာတွေးတော ပြောဆိုဆွေးနွေးလုပ်ကိုင်လိုသော စိတ်ကို မွေးရန်လို၏ ဤအချက်ကို ပညာရေး ကျွမ်းကျင်သူ ပုဂ္ဂိုလ်များက (academic freedom) ပညာသင်ကြားရေး လွတ်လပ်ခွင့်ဟု ပြောင်းလဲစေသည့် ရီနေစန်နှင့် ရီဖော်မေးရှင်းခေါ် ခေတ်သစ်ဝါဒ လောကဓာတ်ပညာ ပြန့်ပွားရာအကြောင်းရင်းတည်း၊ ဤအချက်ကား ကျွန်ုပ်တို့၏ ဂေါတမဘုရားသခင် ဟောကြားသော ကာလာမသုတ္တန် သဘောအရပင်တည်း" ဟု ကာလာမသုတ္တန်ကို မမေ့မလျော့ ထည့်သွင်းရေးသား ခဲ့ လေသည်။
ထိုဆောင်းပါးများကို ဖတ်ရှုနေရင်း လွတ်လပ်သည့် အခြေအနေနှင့် နည်းပညာအမြောက်အမြား တိုး တက်သည့် ခေတ်တွင် ကြီးပြင်လာသည့် မိမိသည် အရှော်ကြီး ရှော်သလောက် နယ်ချဲ့စနစ်အောက် တွင်ရုန်းရင်းကန်ရင်း အတော်ကြီး တော်ခဲ့သော ဗိုလ်ချုပ်ကို လေးစားအားကျမိပါသည်။ ထို့အတူ မြတ်ဗုဒ္ဓ၏ ကာလာမသုတ္တန်ကြီး ဖြစ်ပေါ်ခဲ့ရာနေရာ ကေသမုတ္တိနိဂုံးမှ ဝေဖန်ဆန်းစစ်တတ်သော အမျိုးကောင်းသား ကာလာမအမျိုးကောင်းသားတို့ကိုလည်း စိတ်နှင့်မှန်း၍ လွမ်းမိပါတော့သည်။
နီဟိန်းမော်
ညွှန်း။ မြန်ဟန်- ဗိုလ်ချုပ်အေင်ဆန်း၏စာပေလက်ရာ။
.
No comments:
Post a Comment