Wednesday, December 21, 2011

ဝင်းဖေဝင်း ဘာသာပြန် စိန်မင်းသမီး အဆက် အပြိုင်အဆိုင်အနိုင်, အပိုင်း (၂၇)

(၂၇)

ဆာရာသည် အ၀တ်အထည်များကို မီးပူမြန်မြန်တိုက်ပြီး အိမ်ထဲမှ အသာကလေး လစ်ထွက်လာသည်။ သစ်လုံးထင်းပုံ ပေါ်တက်ကာ ဒူးနှစ်လုံးထောင် လက်နှင့်ပိုက်ပြီး ဒူးပေါ် မေးတင်ကာ မင်းဖရက် အလုပ် လုပ်နေသည်ကို ငေးကြည့်နေသည်။ သစ်လုံးများအား ပုဆိန်ထက်ထက်ဖြင့် မင်းဖရက်က ထင်းခြမ်း များ ဖြစ်အောင် ခွဲနေသည်မှာ သူမအဖို့ အလွန်ကြည့်၍ ကောင်းလှသည်။
မင်းဖရက်သည် အင်္ကျီကို ချွတ်ပြီး ဆာရာအားပေးကာ ကိုင်ခိုင်းထားသည်။ သူ့ရင်ဘတ်နှင့် ကျောတွင် ချွေးစက် များ သီးနေသည်။ မင်းဖရက်က ထင်းပေါက်နေရင်းမှ ဆာရာအား အမိန့်ပေးလိုက်သည်။
"ငါးအလီ ဆိုစမ်း" ဆာရာက လိုက်နာကာ ဆိုသည်။

"ငါးတစ်လီငါး"
"ငါးနှစ်လီ တစ်ဆယ်"
"ငါးသုံးလီ ဆယ့်ငါး"
ဆာရာ အလီဆိုနေသည်ကို နားထောင်ရင်း မင်းဖရက်က ထင်းဆက်ပေါက်သည်။
"ငါးဆယ်လီ ငါးဆယ်"
မင်းဖရက်က ထင်းပေါက် ခေတ္တရပ်လိုက်သည်။ ပုဆိန်လက်ကိုင်ရိုးပေါ်တွင် လက်ထောက်ကာ ခေတ္တ အပန်းဖြေရင်း ဆာရာအား ပြုံးပြကာ လှမ်းပြောသည်။
"သိပ်ကောင်းတာပဲ ဆာရာ၊ တစ်ခုမှ မမှားဘူး"

ဆာရာ့မျက်နှာကလေးက အပြုံးဖြင့် ၀င်းလက်သွားသည်။ သို့ရာတွင် ပခုံးပေါ်မှ ကျော်ပြီး တစ်နေရာသို့ လှမ်းကြည့်လိုက်သော သူ့မျက်နှာက ရုတ်တရက်အမူအရာ ပြောင်းသွားသည်။ အပြစ်ရှိသူ၏ အမူအရာ တမျိုး ဖြစ်သွားသည်။ ထင်းပုံပေါ်မှ ခုန်ဆင်းပြီး အိမ်ဘက်သို့ တချိုးတည်း ပြေးတော့သည်။
မင်းဖရက်က သူမကြည့်ရာဘက်သို့ ချက်ချင်း လှမ်းကြည့်လိုက်သည်။ ဦးလေးသရွန့်သည် မင်းဖရက်၏ တဲထောင့်ကို မှီကာ သူတို့ကြည့်နေသည်ကို မြင်လိုက်ရသည်။

"ကျွန်တော် တောင်းပန်ပါတယ် ဦးလေး၊ ကောင်မလေး ဒီမှာ လာထိုင်မနေသင့်ဘူးဆိုတာ ကျွန်တော် သိပါတယ်၊ ဒါပေမယ့် မောင်းထုတ်ရမှာက မကောင်းလို့ပါ"
ဦးလေးသရွန့်သည် မင်းဖရက်ဆီသို့ တစ်လှမ်းချင်း လျှောက်လာသည်။ ထို့နောက် မင်းဖရက်ကို တစ်ပတ်ပတ်ကာ မျက်မှောင်ကြုတ်ပြီး လှည့်ကြည့်သည်။ ထို့နောက်မှ မေးလိုက်သည်။
"မင်း အသက်ဘယ်လောက် ရှိပြီလဲ ဂျွန်"
"ဆယ့်သုံးနှစ်ထဲမှာ ပါဦးလေး"
မင်းဖရက်က ဖြေလိုက်ရာ သရွန့် ခေါင်းညိတ်ပြလိုက်သည်။

"မင်းခန္ဓာကိုယ်ဟာ အစွမ်းကုန် ဖွံ့ဖြိုးဖို့ဆိုယင် သုံးနှစ်လောက် လိုသေးတယ်၊ မင်းအခု ကိုယ်အလေး ချိန် အတန်းက လိုက်ဟဲဗီးဝိတ်လောက် ရှိတယ်၊ အရွယ်ရောက်လာပြီဆိုယင် ဟဲဗီးဝိတ်လောက် ရှိမယ်"
မင်းဖရက်သည် သူကြားနေရသော ဝေါဟာရများနှင့် စိမ်းနေသော်လည်း စိတ်လှုပ်ရှားတက်ကြွလာ သည်။ ဦးလေးသရွန့်က ထင်းပုံဆီသို့ လျှောက်သွားသည်။ သူဝတ်ထားသော အနက်ရောင်ကုတ်အင်္ကျီ ကို ချွတ်လိုက်ပြီး သေသေသပ်သပ် ခေါက်လိုက်သည်။ ထိုအင်္ကျီခေါက်ကို သစ်လုံးပုံပေါ် တင်ထား လိုက်သည်။ အဖြူရောင် လည်စည်းကိုလည်း ဖြုတ်လိုက်ပြီး အကျိံပေါ် တင်ထားလိုက်သည်။ ရှပ်အင်္ကျီ လက်ကို ခေါက်တင်ရင်း မင်းဖရက်ဆီ ပြန်လျှောက်လာသည်။

"မင်း လက်ဝှေ့သမား ဖြစ်ချင်သလား"
ဦးလေးက မေးလိုက်ရာ မင်းဖရက်အဖို့ ပါးစပ်မှ စကားလုံးပင် မထွက်နိုင်ဘဲ ခေါင်းညိတ်ပြလိုက်သည်။
"မင်းပုဆိန်ကြီး ခဏဘေးဖယ်ထားလိုက်စမ်းကွာ"
မင်းဖရက်က ပုဆိန်သွားကို ခွဲပြီး ထင်းပုံထဲတွင် မြှပ်ကာ ထောင်ထားလိုက်ပြီး ဦးလေးနှင့် မျက်နှာချင်း ဆိုင်လိုက်သည်။ ဦးလေးသရွန့်က ညာဘက်လက်ကိုမြှောက်ပြီး လက်ဖ၀ါးကို ဖြန့်ကာ မင်းဖရက် ရှေ့တွင် ထောင်ပြထားရင်း ပြောလိုက်သည်။

"ထိုးစမ်းကွာ"
မင်းဖရက်က လက်သီးကို ဆုပ်လိုက်ပြီး လက်ကို လွှဲကာထိုးသည်။
"မင်း ဇာပန်းထိုးနေတာလဲ မဟုတ်ဘူး၊ ပေါင်မုန့်ဖုတ်ဖို့ ဂျုံနယ်နေတာလဲ မဟုတ်ဘူး ဂျွန်၊ မင်း ဘာလဲ၊ ယောက်ျား လား မိန်းမလား၊ ထိုးစမ်း ... ထိအောင် ထိုးစမ်း၊ အေး ... ဟုတ်လာပြီ၊ လက်ကို ခေါင်း နောက် ရောက်အောင် မလွှဲနဲ့၊ ထိုး ... ပြင်းပြင်းထိုး ပြင်းပြင်း ... အေး၊ အဲဒီလိုထိုး၊ ဘယ် ... ဘယ် ... ညာ ... ဘယ်"
ဦးလေးသရွန့်သည် လက်ဖ၀ါးနှစ်ဖက်ကို ကာရင်း မင်းဖရက်ရှေ့တွင် ဝေ့ကာဝိုက်ကာ ရှောင်တိမ်း လှုပ်ရှားပြနေသည်။ မင်းဖရက်ကလည်း စိတ်ပါဝင်စားစွာ လိုက်ပါ လှုပ်ရှားလေ့ကျင့်သည်။ သရွန့်က လက်နှစ်ဖက်ကို ပြန်ချပြီး ရပ်နားကာ ပြောလာပြန်သည်။

"ကောင်းပြီ၊ ဒီတစ်ခါ ငါ့ကိုထိုး၊ မျက်နှာကိုထိုး၊ မင်းတတ်နိုင်သလောက် ပြင်းပြင်းထိုး၊ ညာလက်ကာထိုး၊ ငါပက်လက်လန်ပြီး ဖင်ထိုင်ကျအောင် ထိုးစမ်းကွာ၊ ကြည့်ရအောင်"
"ကျွန်တော် ဒါတော့ မလုပ်နိုင်ဘူး ဦးလေး"
"ဘာမလုပ်နိုင်တာလဲဂျွန်၊ မင်း ဘာမလုပ်နိုင်တာလဲ"
"ကျွန်တော် ဦးလေးကို မထိုးချင်ဘူး၊ မထိုးပါရစေနဲ့၊ မရိုသေရာ ကျပါမယ်"
"ဒါဖြင့် တို့အခုရိုသေ လေးစားဖို့ကိစ္စ ပြောနေကြတာလား လက်ဝှေ့ကိစ္စ မဟုတ်ဘူးပေါ့၊ အမျိုးသမီး ၀တ်လက်အိတ်အကြောင်းနဲ့ ပေါင်ဒါရိုက်တဲ့ အကြောင်းနဲ့ ပေါင်ဒါရိုက်တဲ့ အကြောင်းပြောနေကြတာ လား ဦးလေးသရွန့် က ကျားဟိန်းသလိုဟိန်းလို ပြီးဆက်ပြောလိုက်သည်။

"မင်းလက်ဝှေ့ ထိုးချင်တယ်၊ ယောက်ျားပီသ ချင်တယ်လို့ ငါကထင်တာ၊ အခုတော့ မင်းက နှာရည် တရှုံ့ရှုံ့နဲ့ ပတ်ချွဲနပ်ချွဲ ငိုတတ်တဲ့ကလေး ဖြစ်နေတာကိုး"
"မသင့်လျော်လို့ပါ ဦးလေး၊ မရိုသေမလေးစားရာ ကျနေမှာမို့လို့ပါ ခင်ဗျာ"
ထိုအချိန်တွင် ဦးလေးသရွန့်၏လက်က ရုတ်တရက် မြောက်တက်သွားပြီး သူ့လက်ဖ၀ါးက မင်းဖရက် ပါးပြင် ကို ဖြန်းခနဲ ရိုက်ချလိုက်သည်။ သူ့ပါးပြင်တွင် စပ်ခနဲ ဖြစ်သွားပြီး လက်ငါးချောင်းအရာ ထင်သွား သည်။
"မင်းဟာ အလကားကောင်၊ အီရောင်ဝါး အကောင်၊ မင်းယောကျာ်း မဟုတ်ဘူး၊ ဘယ်တော့မှာလဲ လက်ဝှေ့ သမား ဖြစ်မှာ မဟုတ်ဘူး၊ ဘယ်တော့မှာလဲ လက်ဝှေ့သမား ဖြစ်မှာ မဟုတ်ဘူး"
မမျှော်လင့်ဘဲ ကြီးမားသော လက်ဖ၀ါးကြီးတစ်ခုက မင်းဖရက် မျက်နှာဆီသို့ လှစ်ခနဲ ၀င်လာပြီး ဖြန်းခနဲ ရိုက်လိုက်သည်။ နာကျင်လှသဖြင့် မျက်လုံးအိမ်တွင် မျက်ရည်များပင် ထွက်လာသည်။
"မင်းကို စကတ်ဝတ်ပေးထားရမယ်၊ မင်းနဲ့စကတ်နဲ့ပဲ တန်တယ်"
ဦးလေးသရွန့်က မင်းဖရက်အး မျက်ခြည်မပြတ် စိုက်ကြည့်နေသည်။ တစ်ချက်ထပ်ထိုးလိုက်ရာ မင်းဖရက် အောက်နှုတ်ခမ်း ကွဲသွားသည်။ သွေးစ က ပါးဆီသို့ စီးကျသွားရာ မင်းဖရက် သွေးနံ့ရသွား သည်။
"လာလေ ... လာပါကွ ... သတ္တိရှိယင် ပြန်ထိုးစမ်းပါ"

မင်းဖရက် သွေးဆူပြီး စိတ်ကြွလာသည်။ မခံချင်စိတ် ပြင်းထန်လာသည်။ ဦးလေးကို ကြည့်နေသော အကြည့် က ပုံစံပြောင်းသွားသည်။ ခြင်္သေ့က သားကောင်ကို မအုပ်မီကြည့်လိုက်သော အကြည့်မျိုး ဖြစ်သည်။ ထို့နောက် ရှေ့တစ်လှမ်း တိုးလာသည်။
ဦးလေးဖြစ်သူက မင်းဖရက်တုံ့ပြန်လာလိမ့်မည်ကို မျှော်လင့်ထားပြီး စသည်။ သို့ရာတွင် တကယ်တုံ့ပြန် လာသော အခါ မင်းဖရက်၏ တိုက်ခိုက်မှုသည် မိမိထင်တာထက် ပိုမိုပြင်းထန်နေသဖြင့် ဟန်ချက်ပင် ပျက်သွားရသည်။ သို့သော် သရွန့်အဖိုပ သဘောရင့် လူဟောင်းလက်ဝှေ့သမားကြီးဖြစ်၍သာ အလိုက် သင့် ရှောင်တတ်တိမ်းတတ်၍ သက်သာရာရသွားခြင်း ဖြစ်သည်။

မိမိအသာတိမ်းရှောင်လိုက်သဖြင့် ပါးနားမှ ပွတ်ထွက်သွားသော မင်းဖရက်လက်သီး၏ ပြင်းအားကို သရွန့်သတိထားလိုက်သည်။ ခြေထောက်အရွှေ့အပြောင်းနှင့် စိတ်ငြိမ်ငြိမ်ထားတတ်ဖို့ သာလိုနေသေး သည်။ မင်းဖရက်တွင် လက်ဝှေ့သမားကောင်းတစ်ယောက် ဖြစ်နိုင်မည့် ကိုယ်ခံအရည်အသွေးများ ရှိနေသည်ကို သရွန့် တွေ့မြင်သွားသည်။ နည်းစနစ်တကျ သင်ပေးဖို့သာ လိုမည်။
သရွန့်သည် မင်းဖရက်၏ သဲသဲမဲမဲ စွတ်ထိုးနေသော လက်သီးချက်များကို ရှောင်ရင်း မင်းဖရက်မျက်နှာ ပေါ်သို့ ချက်ကောင်းတစ်ချက်မိအောင် ထိုးချလိုက်ရာ မင်းဖရက် ဒူးထောက်ရက် ကျသွားတော့သည်။

"ဒါပဲဂျွန် ... ကဲ မင်း ဒူးထောက်ပြီး ဘုရားရှိခိုး ဆုတောင်းလိုက်စမ်း"
သရွန့်က မင်းဖရက်ဘေးတွင် ဒူးထောက် ထိုင်လိုက်ပြီး သူ့ပခုံးကို ဖက်လိုက်သည်။
"မင်းကိုငါ လက်ဝှေ့သင်ပေးမယ်၊ ငါ့ပညာကို မင်းကို အမွေပေးမယ် ငါ့တူ၊ ဒါပေမယ့် မင်းအဒေါ် မသိစေနဲ့ဦး"
အန်ကယ်သရွန့် သည် ညနေပိုင်းများတွင် ရွာထဲရှိ တပည့်တစ်ဦးထံ သွားဦးမည်ဟု သူ့ဇနီးအား အကြောင်းပြကာ မြင်းနှင့် ထွက်သွားလေ့ ရှိသည်။ မင်းဖရက်က ထိုရွာမှ ၀င်းဟုပ်မြို့သို့ သွားသော လမ်းမကြီး ဘေးရှိ တောအုပ်ထဲမှ ကာကီဘောင်းဘီတိုနှင့် ဖိနပ်မစီးဘဲ စောင့်နေသည်။

"ကဲ ... မင်း ဒီနေ့ ဒီကနေပြီး မြစ်အထိ အသွားအပြန် ပြေးရမယ်၊ ငါးမိုင် ခရီးရှိတယ်၊ မနေ့ကထက် ပို မြန်အောင် ပြေးရမယ်"
သရွန့်က မင်းဖရက်အား ညနေပိုင်းများတွင် အပြေးလေ့ကျင့်စေကာ ကိုယ်ခန္ဓာကြံ့ခိုင်မှုကို တည်ဆောက်ပေးသည်။
ဦးလေးသရွန့်သည် သေတ္တာထဲ၌ သိမ်းထားသော သူ၏ လက်ဝှေ့ထိုးသည့် လက်အိတ်အဟောင်းကြီး ကို မိန်းမ မသိအောင် အသာလေး မထုတ်လာသည်။ လက်အိတ်မှာ အချို့နေရာတွင် အက်ကွဲပေါက်ပြဲ နေရာ သစ်စေးကော်ဖြင့် ကပ်ပြီး ဖာထေးချုပ်လုပ်ရသည်။

မင်းဖရက်အား ပထမဦးဆုံးအကြိမ် လက်ဝှေ့အိတ်ကို ၀တ်ခိုင်းလိုက်သည်။ မင်းဖရက်က လက်အိတ် ၀တ် ပြီးနောက် လက်သီးဆုပ်ကာ လက်သီးနှစ်လုံးကို အားပါးတရ နမ်းလိုက်သည်။ သရွန့်အဖို့ ထို မြင်ကွင်း ကြောင့် အားရပြီး စိတ်ပိုတက်ကြွလာသည်။
"သားရေအနံ့၊ ချွေးအနံ့၊ သွေးအနံ့ တွေရတယ် မဟုတ်လား ဂျွန်၊ မင်းနှာခေါင်းထဲမှာ အဲဒီအနံ့တွေ ပြည့် နေအောင် ရှူထားစမ်း၊ အခုအချိန်ကစပြီး နောက် မင်းဒီအနံ့မျိုးတွေနဲ့ စခန်းသွားရတော့မှာ"
မင်းဖရက် က လက်သီးနှစ်လုံးကို အချင်းချင်း ထိုးကြည့်လိုက်သည်။ သူ့မျက်လုံးတွင် အ၀ါရောင် တန်း ကလေး လက်သွားသည်။
သူ ကျေနပ်အားရစွာ ပြုံးလိုက်သည်။

"လက်အိတ် ၀တ်ထားရသော သိပ်နေလို့ ကောင်းတာပဲ ဦးလေး"
"ဒီထက်ကောင်းတာ ဘယ်ရှိတော့မလဲကွာ"
စစ်သုံး ၀တ္တူအိတ်အရှည်ကြီးကို မြစ်ထဲမှ သဲများ ဖြည့်ပြီး တဲထောင့်တွင် ထုပ်တန်း၌ ချိတ်ဆွဲထား သည်။ သရွန့်က မင်းဖရက်အား လက်အိတ်ထိုးလေ့ကျင့်မှုကို ကြီးကြပ်သင်ကြားပေးသည်။
မင်းဖရက် နေသော တဲလေးထဲတွင် လက်ဝှေ့ကြိုးဝိုင်းကို သူတို့ တူဝရီးနှစ်ယောက် လျှို့ဝှက် တည်ဆောက် ထားသည်။ ထိုကြိုးဝိုင်းသည် တဲလေး၏ လေးပုံတစ်ပုံလောက် နေရာယူသွားသည်။ ခေါင်းတိုင် လေးလုံးကို မြေတွင်တူးစိုက်ပြီး အင်္ဂတေဖြင့် မံခင်းထားသည်။ ပတ္တူစနှင့် ဘိလပ်မြေတို့ကို ဦးလေးသရွန့် ၏ ချမ်းသာသော တပည့်တစ်ယောက်က လှူဒါန်းသည်။
သရွန့်က မင်းဖရက်အား လက်ဝှေ့ သင်ပေးနေသည်ကို ဆာရာတစ်ယောက်သာ သိသည်။ သူမ ကလည်း နှုတ်လုံပါမည့် အကြောင်း ကတိပြုထားရသည်။ တစ်ခါတစ်ရံ လေ့ကျင့် သင်ကြားရာသို့ သူမ လာကြည့် တတ်သည်။

တစ်လခန့် လေ့ကျင့်ပြီးသောအခါ ဦးလေးသရွန့် သူ့ကိုယ်သူ အားရ၀မ်းသာ ပြောနိုင်လာသည်။ "အင်း ... သူ့ပုံစံ ကတော့ လက်ဝှေ့သမား ပုံစံ ပေါက်လာပြီ"
သို့သော် မင်းဖရက်ကိုမူ ထိုသို့ မပြောဘဲ လိုအပ်ချက်ကိုသာ ပြောပြသည်။
"မင်းမှာ လျင်မြန်မှု လိုနေသေးတယ်၊ ဒီတော့ လျင်မြန်မှု ရှိအောင် ရဲဝံ့သတ္တိရှိအောင် ဆက်လေ့ကျင့် ပေးရဦးမယ်"
တစ်နေ့တွင် ဦလေးသရွန့်သည် မင်းဖရက်အား တဲအနောက်ဘက်နံရံ၌ ကပ်ထားသော သစ်သား သေတ္တာ တစ်လုံး ဆီသို့ ခေါ်သွားကာ သေတ္တာကို ဖွင့်လိုက်ပြီး ပြောလိုက်သည်။
"ငါမင်းကို ပြစရာ ရှိတယ် ဂျွန်၊ အဲဒါ မင်းဖို့၊ ငါကိပ်တောင်းမြို့ကို စာလှမ်းရေးပြီး မှာလိုက်တာကွ၊ မနေ့က မှ မီးရထားနဲ့ ရောက်လာတာ"
သားရေနှင့် ရာဘာအစများဖြင့် ရှုပ်ထွေးနေသော ပစ္စည်းတစ်ခုကို မင်းဖရက်၏ လက်ထဲသို့ ထည့်ပေး လိုက်သည်။

"အဲဒါ ဘာလဲဦးလေး"
"လာ ငါပြမယ်"
မိနစ်ပိုင်းအတွင်းမှာပင် အထုပ်ကို ဖွင့်ဖောက်ဖြေပစ်လိုက်သည်။
"ကဲ ... မင်းဘယ်လိုထင်သလဲ ဂျွန်"
"ကျွန်တော့်ဘ၀မှာ ပထမဆုံး နဲ့ အကောင်းဆုံးလက်ဆောင်ရတာပဲလေ၊ ဒါနဲ့ အဲဒါကဘာလဲဟင်"
"ဟ ... မင်းကိုယ်မင်းလဲ လက်ဝှေ့သမားလို့ ပြောသေးတယ်၊ လျင်မြန်မှု လေ့ကျင့်တဲ့ ပစ္စည်းတွေတော့ လဲ ဘာမှန်း မသိဘူး ဟုတ်လား"
"လျင်မြန်မှု လေ့ကျင့်တဲ့ ကိရိယာ ဟုတ်လား၊ ပိုက်ဆံတော်တော် ပေးရမယ်နော်"
"ငါ ၀ယ်လိုက်တာပါကွာ၊ ဒါပေမယ့် မင်းအဒေါ်ထရူဘီကို မပြောနဲ့နော်"

"အဲဒီကိရိယာကို ဘယ်လိုသုံးရမှာလဲ"
ဦးလေးသရွန့်က လက်တွေ့ ပြလိုက်သည်။ ထိုကိရိယာမှာ သစ်သားပြား၌ စပလိန်ဖြင့် တပ်ထားသော ဘောလုံးကို လက်သီးနှင့် လှမ်းထိုးလိုက်ရာ ပြန်ကန်လာသည်။ ထိုဘောလုံး၏ တန်ပြန်ကန်ချက်ကို ဘယ် ညာ လက်သီးနှစ်လုံးဖြင့် မနာတမ်း မလွတ်တမ်း ထိုးကာ လေ့ကျင့်ရသည်။
"အဲ့ဒါ လျင်မြန်မှုအတွက် လေ့ကျင့်တာပဲ ဂျွန်"
ဦးလေးသရွန့်၏ စေတနာထက်သန်မှုနှင့် မိမိအပေါ် စိတ်ပါဝင်စားမှုများကို ပိုသိရိလေရာ၊ မင်းဖရက် အတွက် ပြောစရာစကားလုံး အရှာရခက်လေ ဖြစ်နေသည်။ နောက်ဆုံးအချိန် မပြောမဖြစ်တော့မှ ထုတ် ပြောလိုက်တော့သည်။

"ကျွန်တော် တခြားတစ်နေရာကို သွားစရာ ရှိတယ် ဦးလေး"
ထိုစကားကြားရသောအခါ သရွန့်က မင်းဖရက်အား စိုက်ကြည့်လိုက်သည်။ သူ့မျက်နှာပေါ်တွင် မယုံကြည်နိုင်သောအသွင်၊ စိတ်ပျက်သော အသွင်နှင့် ခံစားရသော အသွင်တို့ ပေါ်လွင်နေသည်။
"တခြားတစ်နေရာ သွားမယ် ... ဟုတ်လား၊ မင်း ငါ့အိမ်မှာ မနေချင်တော့လို့လား"
ဦးလေးသရွန့်သည် လမ်းမပေါ်တွင် မင်းဖရက်နှင့်အတူ ပြေးနေရာမှ ရပ်လိုက်သည်။ လည်ပင်းမှ မျက်နှာသုတ်ပ၀ါဖြင့် မျက်နှာမှချွေးများကို သုတ်လိုက်သည်။
"ဘာဖြစ်လို့လဲ ဂျွန် ... ဘာဖြစ်လို့လဲ"

"ကျွန်တော့်အဖေ၊ ကျွန်တော့်အဖေ အမှုက နောက်ဆုံး ရက်နေယင် စ စစ်တော့မယ်၊ အဲဒီတော့ ကျွန်တော် ဟိုမှာ ရှိမှ ဖြစ်မယ် ဦးလေး၊ ကျွန်တော် ဟိုကို သွားမယ်၊ ဒါပေမယ့် ကျွန်တော် ဒီကို ပြန်လာ မှာပါ၊ တတ်နိုင်သမျှ အမြန်ဆုံး ပြန်လာမယ်ဆိုတာ ကျွန်တော် ကတိပြုပါတယ် ဦးလေး"
သရွန့် က ဆက်ပြေးသည်။ မင်းဖရက်လည်း လိုက်ပြေးသည်။ သရွန့်၏ မြင်းကို ချည်ထားခဲသည့် သစ်ပင်အုပ် ရောက်သည်အထိ နှစ်ယောက်စလုံး စကားမပြောကြချေ။ သရွန့်က မြင်းပေါ် တက်လိုက် သည်။ မြင်းဘေး ၌ ရပ်နေသော မင်းဖရက်ကို ငုံ့ကြည့်ပြီး ပြောလိုက်သည်။

"မင်းလို သစ္စာရှိတဲ့ သားတစ်ယောက် ရလိုပါ၏လို့ ငါအမြဲ ဆုတောင်းရမယ် ဂျွန်၊ အခုတော့ ငါ့ဆုတောင်း ပြည့် ရပါပြီကွာ"
သရွန့်က မြင်းစီးပြီး ထွက်သွားသည်။
ထိုနေ့ည မင်းဖရက်သည် အိပ်ရာပေါ်တွင် ပက်လက်လှန်ပြီး ဂျာမန်စာအုပ်ကို ဖတ်နေသည်။ ဖယောင်းတိုင် မီးရောင် မထွက်အောင်လည်း ကာထားသည်။ သို့သော် ဦးလေးသရွန့် ရောက်လာပြီး စာအုပ် ကို လှမ်းမလိုက်ကာ ပြောလိုက်သည်။

"မင်းမျက်နှာပျက်ချင်လို့လား"
မင်းဖရက်သည် ခုတင်ပေါ်တွင် ထိုင်လိုက်ပြီး ခြေထောက်ကို ခုတင်အောက်သို့ ချထားလိုက်သည်။ သရွန့်ကလည်း သူ့ခုတင်ပေါ်တွင် ထိုင်ချလိုက်သည်။ သရွန့်က မင်းဖရက်စာအုပ်ကို လှန်ကြည့်နေရင်း က ပြောလိုက်သည်။
"နက်ဖြန်ကျယင် ငါ့မိတ်ဆွေ ရော်တင်အက် ၀င်းဟုပ်မြို့ကို သူ့ဖိုဒ်ကားနဲ့ သွားလိမ့်မယ်၊ ကြက်ဆင် အကောင်တစ်ရာကို ဈေးသွားရောင်းမလို့တဲ့၊ ဒါပေမယ့် ကားနောက်ခန်းမှာ မင်းတစ်ယောက်စာ တော့ လိုက်ဖို့ နေရာရမယ်တဲ့၊ ကြက်ဆင်အမွေးတွေ အညစ်အကြေးတွေ ဒုက္ခတော့ နည်းနည်းခံရမှာ ပေါ့ကွာ၊ ဒါပေမယ့် မီးရထားခထက်တော့ သက်သာမယ်"
"ကျေးဇူးပါပဲ ဦးလေး"

"၀င်းဟုပ်မြို့မှာ ငါ့အသိ မုဆိုးမ အဘွားကြီး တစ်ယောက် ရှိတယ်၊ ဘုရားတရားကိုင်းရှိုင်းပြီး ရိုးသား တယ်၊ ထမင်းဟင်း ချက်လဲ ကောင်းတယ်၊ သူ့ဆီမှာ မင်းသွား တည်းခို ငါစာရေးပေးလိုက်မယ်"
သရွန့်သည် သူ့အင်္ကျီအိတ်ထဲမှ စာရွက်ခေါက်ကလေး တစ်ခုကို ထုတ်ယူပြီး မင်းဖရက်ပေါင်ပေါ်သို့ တင် ပေးလိုက်သည်။
"ကျေးဇူးပါပဲ ဦးလေး"

သူ့အဖို့ စကားတွေ အများကြီး ပြောချင်သော်လည်း ဘာပြောရမှန်းမသိဘဲ ဖြစ်နေသည်။ ဦးလေး လည်ပင်း ကို တအားဖက်ထားလိုက်ချင်သော်လည်း မျိုသိပ်အောင့်အည်းထားလိုက်သည်။
"မင်းမှာ တခြားကုန်ကျစရာတွေလဲ ရှိလာဦးမှာ၊ မင်းဘယ်လို လုပ်ပြီး ဒီကို ပြန်လာမလဲ"
သရွန့်က သူ့အိတ်ကိုထဲ နှိုက်ပြီး ရှာလိုက်ပြန်သည်။ အခြားလက်တစ်ဖက်ဖြင့် မင်းဖရက်လက်ကောက် ၀တ် ကို လှမ်းကိုင်လိုက်ကာ အိတ်ထဲမှ လက်ဖြင့် မင်းဖရက်လက်ဝါးထဲသို့ တစ်စုံတစ်ခုကို ထည့်ပေး လိုက်သည်။

မင်းဖရက်ကို သူ့လက်ဖ၀ါးထဲမှအရာကို ငုံ့ကြည့်လိုက်ရာ တောက်ပသော ရွှေငါးမူးပြာစေ့နှစ်စေ့ကို တွေ့ရသည်။
မင်းဖရက် က ခေါင်းကို ဖြည်းညှင်းစွာ ယမ်းပြီး ပြောလိုက်သည်။
"ဦးလေး ..."

"မင်း ဘာမှမပြောနဲ့ ဂျွန်၊ အထူးသဖြင့် မင်းအဒေါ်ထရူဘီကို တစ်လုံးမှ မပြောနဲပ"
ဦးလေးက ထမည့်ဟန်ပြင်လိုက်ရာ မင်းဖရက်က သူ့ရှပ်အကျိံစကို လှမ်းဆွဲထားလိုက်သည်။
"ဦးလေး ... ကျွန်တော် ပြန်ပေးနိုင်ပါတယ်၊ ဒီအတွက်ရော တခြားအရာတွေအားလုံးအတွက်ရောပေါ့"
"မင်း ပြန်လည် ပေးဆပ်လိမ့်မယ်ဆိုတာ ငါသိပါတယ် ဂျွန်၊ တစ်နေ့ကျယင် မင်းဟာ ဂုဏ်သိက္ခာနှင့် ၀မ်းသာ ကြည်နူး ရမှုကို အဆတစ်ထောင်လောက် ပြန်လည်ပေးဆပ်လိမ့်မယ်ဆိုတာ ငါယုံပြီးသားပါ"
"တစ်နေ့ကျမှ မဟုတ်ဘူး ဦးလေး၊ အခုပဲ ကျွန်တော် ပြန်ပေးနိုင်ပါတယ်"

မင်းဖရက်သည် အိပ်ရာပေါ်က ခုန်ထလိုက်ပြီး တဲထောင့်၌ အုတ်ခဲလေးပေါ်တွင် တင်ထားသော စက္ကူ သေတ္တာဆီသို့ ပြေးသွားသည်။ သေတ္တာဘေး၌ ဒူးထောက် ထိုင်လိုက်ပြီး သေတ္တာထဲမှ အ၀တ် အဟောင်း များ အောက်ရှိ အ၀ါရောင် ဆေးတံသောက်ဆေးအိတ်ကို နှိုက်ယူလိုက်သည်။ ထို့နောက် သူ့ ဦးလေး ထိုင်နေသော ခုတင်ပေါ်သို့ ပြန်ပြေးလာထိုင်သည်။ သူ့လက်ထဲမှ အိတ်ကလေးကို ဆွဲဖွင့် လိုက်သည်။ သူ့လက်ကလေးများက စိတ်လှုပ်ရှားမှုကြောင့် မသိမသာ တုန်နေသည်။

"ဒီမှာ ... ဦးလေး ... လက်ဖြန့်လိုက်စမ်းပါ"
သရွန့်က ပြုံးပြီး လက်ဖြန့်ပေးလိုက်သည်။
"ဘာတွေလဲ ဂျွန်"
သရွန့်က မေးလိုက်သည်။ သို့သော် မင်းဖရက် သူ့လက်ဝါးထဲသို့ တဖိတ်ဖိတ်တောက်နေသော စိန်ပွင့် ကလေး များကို လောင်းထည့်လိုက်သောအခါ ပြုံးနေသော သရွန့်မျက်နှာ အပြုံးပန်းများ တစ်မုဟုတ် ချင်း ပျောက် သွားပြီး မျက်နှာတည်သွားသည်။

"စိန်တွေ ဦးလေး၊ စိန်တွေ၊ ဦးလေး သူဌေးဖြစ်လောက်အောင် လုံလောက်တယ်၊ ဦးလေး လိုချင်တာ ၀ယ်လို့ရအောင် လုံလောက်တယ်"
မင်းဖရက်က တိုးတိုးလေး ပြောလိုက်သည်။
"မင်း ဒါတွေ ဘယ်ကရာသလဲ ဂျွန်၊ ဒါတွေ မင်းဆီ ဘယ်လို ရောက်လာသလဲ" သရွန့်က မျက်နှာ တည်တည်ဖြင့် အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။
"ကျွန်တော့်အဖေ ...၊ အဖေက ကျွန်တော့် ဂျာကင်အကျိံ လိုင်နင်ထဲမှာ အဲဒါတွေ ထည့်ပေးလိုက်တာ၊ ဒါတွေဟာ ကျွန်တော့်ဖို့လို့ အဖေက ပြောလိုက်တယ်၊ ကျွန်တော့် ပညာရေးအတွက်နဲ့ လူတစ်လုံး သူတစ်လုံး ဖြစ်လာအောင် သုံးစွဲဖို့တဲ့ သူ ကျွန်တော့်ကို ဖြစ်စေချင်တဲ့အတိုင်း ဖြစ်လာဖို့အတွက် သုံးစွဲ ဖို့တဲ့"

"ဒါဖြင့် လူတွေ ပြောနေတာတွေ၊ သတင်းစာတွေက ရေးတာတွေဟာ မှန်နေပြီပေါ့၊ အင်္ဂလိပ်တွေ ပြော တာဟာ လိမ်တာညာတာ မဟုတ်ဘူးပေါ့၊ မင်းအဖေဟာ လူဆိုးဓားပြ ဖြစ်နေပြီပေါ့"
သရွန့်က ခပ်တိုးတိုးလေး ပြောလိုက်ပြီး လက်ထဲမှ စိန်များကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်သည်။
"မင်း သူနဲ့အတူတူ ရှိနေသလား ဂျွန်၊ သူတို့ စွပ်စွဲသလို မင်းအဖေ ဓားပြမှု ကျူးလွန်တုန်းက မင်းသူနဲ့ အတူ ရှိနေမယ်၊ မင်း သူနဲ့အတူ ရှိနေသလား ... ငါမေးတာ ဖြေစမ်း ဂျွန်"
သူ့အသံက လေမုန်းတိုင်းလို ပြင်းထန်လာသည်။

"ဒီမကောင်းမှုကြီးကို မင်းသူနဲ့အတူတူ ကျူးလွန်ခဲ့သလား ဂျွန်"
သရွန့်က သူ၏အခြား လက်တစ်ဖက်ဖြင့် မင်းဖရက်၏ ရင်ဘတ်မှ အင်္ကျီစကို ဆွဲဆောင့်ကာ မေးလိုက် သည်။
"ငါ့ကို မင်းအမှန်အတိုင်း ၀န်ခံစမ်း ဂျွန်၊ မကောင်းမှု လုပ်တာတွေ မှန်သမျှ ငါ့ကို အားလုံး ပြောပြစမ်း၊ ဟိုအင်္ဂလိပ်အမျိုးသမီးကို မင်းအဖေက တိုက်ခိုက်လုယက်တုန်းက မင်းသူနဲ့အတူတူ ရှိနေသလား"
"ဟင့်အင်း ... ဟင့်အင်း ... အဲဒါ မှားတယ်၊ ကျွန်တော့်အဖေ ဒါမျိုး လုပ်မှာ မဟုတ်ဘူး၊ ဒါတွေဟာ ကျွန်တော်တို့ရဲ့ စိန်တွေ အဖေက ကျွန်တော့်ကို ရှင်းပြတယ်၊ ကျွန်တော်တို့ တရားသဖြင့် ရသင့် ရထိုက် တာကို သူပြန်ရအောင် ယူလာတာတဲ့"

မင်းဖရက်က ခေါင်းကို သွင်သွင်ယမ်းပြီး ပြန်ဖေလြိုက်သည်။
"သူ အဲဒါလုပ်တုန်းက မင်းသူနဲ့ အတူတူရှိနေသလား ဂျွန်၊ ငါ့ကို အမှန်အတိုင်း ပြောစမ်းပါ၊ မင်းသူနဲ့ အတူ ရှိမရှိ ပြောစမ်း"
သရွန့်က ဒေါသဖြင့် အော်ပြီး မေးလိုက်သည်။
"ကျွန်တော် သူနဲ့အတူတူ မရှိပါဘူး ဦးလေး၊ သူတစ်ယောက်တည်း သွားတာ၊ သူပြန်လာတော့ ဒဏ်ရာ ရလာတယ်၊ သူ့လက် သူ့လက်ကောက်ဝတ် ..."
"ဘုရားသခင်ရဲ့ ကျေးဇူးပဲပေါ့ကွာ၊ သူ ဘာလုပ်ခဲ့တယ်ဆိုတာကို သူမသိတဲ့အတွက် သူ့ကို ခွင့်လွှတ် တော်မူပါ ဘုရားသခင်၊ အကုသိုလ်သမားတစ်ယောက်က သူ့ကို ဒုစရိုက်မှုဆီသို့ ဆွဲခေါ်သွားတာပါ ဘုရားသခင်"

"ကျွန်တော့်အဖေဟာ အကုသိုလ်သမား မဟုတ်ပါဘူး၊ သူပိုင်ပစ္စည်းတွေကို သူတစ်ပါးက နိုင့်ထက် စီးနင်းလိမ်ညာ လှည့်ဖြားယူသွားတာကို ခံလိုက်ရတဲ့သူပါ။
မင်းဖရက်က သူ့အဖေဘက်မှ ခုခံကာကွယ် ပြောလိုက်သည်။
သရွန့်က မတ်တတ်ရပ်ပြီး ပြောလိုက်ပြန်သည်။
"ငြိမ်ငြိမ်နေဂျွန် ... ဘုရားသခင်ရဲ့ အမြင်မှတော့ မင်းရဲ့စကားတွေ အပြစ်ရှိနေတယ်၊ မင်းရဲ့အပြစ်တွေ ကို အခု ချက်ချင်း ဆေးကြောပစ်ရမယ်"
သရွန့်သည် မင်းဖရက်အား ထိုအခန်းတစ်ဘက်ရှိ ပန်းပဲဖိုမှ ပေခုံဆီသို့ ခေါ်သွားသည်။

"သူတစ်ပါးပစ္စည်းကို မခိုးရဘူးလို့ ဘုရားသခင်က ဟောထားတယ်"
စိန်တစ်လုံးကို ပေခုံအလယ်တွင် တင်ထားလိုက်ပြီး ဆက်ပြောသည်။
"ဒီစိန်တွေအားလုံးဟာ မကောင်းမှု အကုသိုလ်နဲ့ ရလာတာတွေ၊ ဒါတွေအားလုံးကို ဖျက်ဆီးပစ်ရမယ်"

သရွန့်သည် ဘေးဘက်ရှိ တူများ ထောင်ထားသည့်ဆီသို့ သွား၍ လေးပေါင်တူကြီးကို ယူလာသည်။ ထိုတူကြီးကို မင်းဖရက်လက်ထဲ ထိုးထည့်လိုက်ပြီး ပြောလိုက်သည်။
"အပြစ်မှ ခွင့်လွှတ်ပေး သနားဖို့ ဆုတောင်းဂျွန်၊ ဘုရားသခင်ထံမှာ ဆုတောင်းပြီးယင် အဲဒီစိန်ကို မင်းလက်ထဲက တူနဲ့ တစ်ခါတည်း ထုခွဲဖျက်ဆီးပစ်လိုက်တော့"
မင်းဖရက်သည် တူရိုးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး ပေတုံးပေါ်မှ စိန်လုံးလေးကို စိုက်ကြည့်နေ သည်။

"ထုပြီး ရိုက်ခွဲပစ်လိုက် ဂျွန်၊ ဘုရားသခင်ကို တိုင်တည်ပြီး ဖျက်ဆီးပစ်လိုက်၊ မကောင်းမှုဒုစရိုက်နဲ့ ရှက်စရာက အပြစ်တို့က မင်းလွတ်ကင်းသွားအောင် အာပတ်ဖြေလိုက်စမ်း"
မင်းဖရက် သည် တူကို ဖြည်းဖြည်းခင်ျး မယူလိုက်ပြီး ရွယ်လိုက်သည်။ ပြီးတော့ သူ့ဦးလေးကို လှမ်းကြည့်လိုက်သည်။
"မြန်မြန်သာ ထုခွဲပစ်လိုက်စမ်းကွာ ... မြန်မြန်" ဦးလေးသရွန့်က အော်ပြောလိုက်သည်။

မင်းဖရက်သည် တူကြီးကို ခေါင်းပေါ်သို့ တအားလွှဲမြှောက်တင်လိုက်ပြီး ပေပေါ်သို့ အားကုန်ထုချလိုက် သည်။ ထင်းခွဲသလိုပင် စိတ်ကြိုက်အားရှိပါးရှိ ထုခွဲပစ်လိုက်သည်။
ထို့နောက် မင်းဖရက်က တူကို ပြန်မြှောက်လိုက်သည်။ ပေတုံးပေါ်တွင် သရွန့်က အရောင်တောက်နေ သော စိန်အမှုန့်များကို မြေကြီးပေါ်သို့ လက်ဖြင့် သပ်ပြီး ဖယ်ရှားပစ်လိုက်သည်။
ဦးလေးသရွန့်သည် နောက်ထပ် စိန်တစ်လုံးကို ပေတုံးပေါ် ထပ်မံတင်ပေးလိုက်ပြန်သည်။ ထိုစိန်သည် လူတချို့ အဖို့ ဆယ်နှစ်လုံးလုံး မနားမနေ အလုပ်လုပ်ရမှ ရမည့် ၀င်ငွေလောက် ရှိသည်။ သို့သော် ဦးလေးသရွန့် က လုံးဝမက်မောဟန် မပြဘဲ နောက်သို့ တစ်လှမ်းဆုတ်ပြီး  အမိန့်ပေးလိုက်သည်။

"ရိုက်ခွဲပစ်လိုက်"
မင်းဖရက်ကလည်း မဆိုင်းမတွ ရိုက်ခွဲ ထုခြေပစ်လိုက်သည်။ ဤသို့ဖြင့် စိန်အားလုံးကို ထုခြေ ရိုက်ခွဲ လိုက်ပြီးနောက် ဦးလေးသရွန့်က ဦးဆောင်ကာ တူအရီးနှစ်ယောက် ဒူးထောက်ပြီး ဘုရားရှိခိုး ဆုတောင်း ကြသည်။
"ကဲ ... မင်းသွားအိပ်တော့ ဂျွန်၊ မင်းမှာ ဘာအပြစ်မှ မတင်ရှိအောင် ငါတို့ ဆေးကြောသန့်စင်ပြီးပြီ"
မင်းဖရက်သည် အ၀တ်အစားလဲပြီး အိပ်ရာပေါ်တက်၊ စောင်ခြုံလိုက်သည်အထိ သူ့ဦးလေးက စောင့်ကြည့် နေပြီးမှ ပြောလိုက်သည်။

"မနက်ဖြန်မနက်ကျယင် ၀င်းဟုပ်မြို့ကို မသွားပါနဲ့လို့ ငါက တားမြစ်ယင် မင်းလက်ခံမှာလား"
"ကျွန်တော့်အဖေ ..." မင်းရက်က တိုးတိုးလေး ရေရွတ်သည်။
"ငါ့ကို အဖြေပေးစမ်းပါ ဂျွန်၊ မင်းနာခံမှာလား"

"ကျွန်တော် မသိဘူး ဦးလေး၊ ကျွန်တော် နာခံလို့ ရလိမ့်မယ် မထင်ဘူး၊ ကျွန်တော့်အဖေ ..."
"မင်းနောင်တရ သတိတရား ရနေပြီပဲကွာ၊ မကောင်းမှုတွေကို နောက်ဆက်မလုပ်ဖို့ ရှောင်ရှားပေါ့၊ မင်းကို ငါဘာမှ မကန့်သတ်မချုပ်ချယ်ပါဘူး၊ မင်းရဲ့ အသိစိတ်ဓာတ်နဲ့ သစ္စာတရားအတိုင်း လုပ်ပေ တော့၊ ဒါပေမယ့် မင်းအကျိုးအတွက်နဲ့ ငါ့အတွက် ဆိုပါတော့ကွာ၊ မင်း ၀င်းဟုပ်မြို့ကို ရောက်ယင် ဒီလာရေး ဆိုတဲ့ နာမည်ကို မသုံးဘဲနဲ့ ဘိုင်အာမင် ဆိုတဲ့ ငါ့နာမည်ကို သုံးပါ၊ ငါပြောတာ ကြားတယ် မဟုတ်လား ဂျွန်"

ဆက်ရန်
.

2 comments:

Anonymous said...

Come read and thank you chit nyi mas.
Gyidaw

Angelhlaing(May everybody be happy and healthy! said...

ဆက်ရန်ကျု စောင့်မျှော်လျှက်ပါမမရေ...
ကျေးဇူးပါလို့..