နာတာရှည်အနုတ်လက္ခဏာ
မောင်ညိုပြာ
အုန်းမောင်းခေါက်သံ ၅ ချက်ကို ထွန်းမြင့်သည် သူ့နာမည် ၅ ကြိမ် ခေါ်နှိုးလိုက်သလို ခံစားလိုက်ရသည်။ သူသည် အိပ်ရာမှ လူးလဲထလိုက်သည်။ ခုချိန်မှာတော့ ထွန်းမြင့် သည် စိတ်ညစ်စရာများ တွေးတောဖို့ပင် အချိန် မရှိပေ။ စဉ်းစားတွေးတောနေဖို့ အချိန်မရှိခြင်းပင် စိတ်ကို ထုထောင်းနေသော ပူပန်စိတ်များမှ လွတ်ကင်းရာ လွတ်ကင်းကြောင်းဖြစ်သည်။ သူသည် ယုန်တစ်ကောင်ကို နားစွင့်အကဲခတ်လိုက်ရာတွင် သူ့ ဇနီးသည် အိမ်နောက်ဖေး မြေကွက်လပ်မှာ ထမင်းချက်နေကြောင်း အိုးခွက် အသံများမှ တစ်ဆင့် သိရှိ လိုက်ရသည်။
နံနက်တုန်းက ညတစ်ည သည် သူနှင့်တကွ ကမ္ဘာလောကကြီးအား ထာဝရ စွန့်ခွာသွားပေပြီ။ နောင် ဘယ် သော အခါမှ ပြန်လာတော့မည်မဟုတ်ကြောင်းနှင့် အလားတူ မူကွဲညများသာလျှင် မဆုံးမခန်း ရောက်လာ မည့်အကြောင်း သူ့ကို တိုက်ရိုက်ပြောပြသွားသလိုပင် သူသည် ပြယ်လွင့်စ အမှောင်များကို ငေးမော ကြည့် နေဆဲဖြစ်၏။
ခြင်ထောင် ကို လှန်၍ အပြင်သို့ ထွက်ခွာလိုက်ရာတွင် သူ့စိတ်က ထင်နေသလောက် အမှောင်လက်ကျန် များ မရှိတော့ကြောင်း သိရှိလိုက်ရသည်။ သည်တော့မှ ထွန်းမြင့်သည် ပျာပျာသလဲ ဖြစ်သွားသည့် အမူ အရာများ ပေါ်လွင်လာသည်။
ညက သူ မှတ်မှတ်တေးတေးထားခဲ့သော ဆေးလိပ်တိုကို ဆားအိုးဘေးမှ ကောက်ယူလိုက်သည်။ ညက သူနှင့် အတူတူ အိပ်ရာဝင်ခဲ့သော သူ့အိတ်ကပ်ထဲမှ မီးခြစ်ဖြင့် မီးညှိလျက် တစ်ရှိုက်နှစ်ရှိုက် ဖွာ လိုက်သည်။ ထိုသို့ ဖွာရှိုက်ရင်း လမ်းမတန်းဘက်သို့ လှမ်းမျှော်၍ တစ်ချက်ကြည့်လိုက်မိသည်။
ယခုအခါ သူသည် အလုပ်ကြီး အကိုင်ကြီး တစ်ခုလုပ်တော့မည့် လူတစ်ယောက်၏ ဟန်ပန်မျိုး ပေါက်သွား ပြီလား မသိ။ လမ်းဘေးနှင့်ကပ်လျက် နေရာမှာရှိသည့် စဥ့်အိုးသို့ သွားသည်။ သူမျက်နှာသစ်နေစဉ် လမ်း ကြားထဲမှ လူများ၏ ခြေသံများ၊ စကားပြောသံများကို ကြားရသည်။ အလုပ်ဆင်းရန် ကားမှတ်တိုင်သို့ သွား နေကြခြင်းဖြစ်ကောင်း ဖြစ်နိုင်သည်။ သူတို့သည် ခပ်လောလော သုတ်သုတ်သွားနေကြရ သူတို့၏ ရယ်သံ များမှာ သူတို့ကို အမီမလိုက်နိုင်ဘဲ နောက်တွင် ကျန်ရစ်ခဲ့ကြသည်။ ခြေသံများတိုး၍ တိုး၍ သွားရာ မှ နောက် တော့ဘာသံမျ မကြားရတော့။ ထိုအခါ ခြေသံအသစ်များသည် နီးလာပြန်သည်။ အကျယ်လောင် ဆုံး ဖြစ်သွားပြီးနောက် မကြားရတော့သည်ထိ ရပ်ဆိုင်း ငြိမ်သက်သွားပြန်၏။
အိမ်၏ အပြင်ဘက်နံရံတွင် တစ်ညလုံး ကပ်လှမ်းထားသော ရေလဲပိုင်းရှိသည်။ သူ့မျက်နှာကို ထို ရေလဲပိုင်း ဖြင့် သုတ်လိုက်သည်။ ထိုအချိန်တွင် သူ့မိန်းမအိမ်ထဲ ၀င်လာသည်ကို သူတွေ့ရသည်။ သူ့မိန်းမ ၏ ဆည်းလည်းသံများတရစပ်ပေါ်လာ၏။
" သားတို့ သမီးတို့ရေ ထ ထ မိုးလင်းနေပြီ၊ ဘောင်းဘီတိုနဲ့ အဘိုးကြီးတောင် အလုပ်ဆင်းသွားပြီ၊ ကဲ ထကြစမ်း၊ စာကြိုးစားကြ၊ ပညာတတ်အောင် ကြိုးစားကြ၊ ပညာမတတ်ရင် မေမေတို့လိုပဲ သမီးတို့ သား တို့ ဆင်းရဲမယ်၊ နင်တို့ အဖေကို ကြည့်စမ်း၊ ပညာမရှိ သူ၏၀န်ထမ်းဆိုတဲ့ စကားလိုပဲ ရုံးမှာ ရုံးလုလင် လုပ်ရတယ် မဟုတ်လား၊ တစ်နေ့တစ်နေ့ သူများတွေခိုင်းတာ လုပ်ရတာ၊ ကိုယ်က ခိုင်းရတယ်လို့ တစ်ခါမှ မရှိဘူး "
ကသိကအောက် ဖြစ်စရာကောင်းသော ဆုံးမစကားများကို ကြားပြီး ထွန်းမြင့် အနေရအထိုင်ရ ခက်သွား သည်။ ဟိုမှာ ကြည့်စမ်း လူမိုက်တစ်ကောင်လို့ ညွှန်ပြခြင်း ခံရသလို သူ့မိန်းမက သူ့ကို အစဉ်အမြဲ မှီငြမ်း ကိုးကား သည်။ ကျီးမိုက်တစ်ကောင်အကြောင်း ပုံပြင်ထဲကလို သူ့အပေါ် သူ့မိန်းမက သဘော ထားနေ သလား မသိ။ ဆန်းတော့ မန်းပေ။ နံနက်တိုင်းလောက်နီးနီး ကြားနေရသော သင်ခန်းစာ ပေးပုံ ၀တ္ထုလေး တစ်ခု။
ခြင်ထောင်ထဲမှ ကလေးတွေ တစ်ယောက်ပြီး တစ်ယောက် ထွက်လာပြီး တစ်ယောက် ထွက်လာသည်။ အားလုံး ၆ ယောက်၊ တစ်ခါ တလေတော့လည်း စကားဝါ ပန်းကိုင်းတစ်ကိုင်းထဲမှာ စကားဝါပွင့် ခြောက်ပွင့် တန်းစီပွင့်နေသလို သူခံစားရသည်။ တစ်ခါတလေ သူ့ပခုံးပေါ် ဆန်အိတ် ခြောက်အိတ် ဆင့်ပြီး တင်ပေး လိုက်သလိုလည်း ခံစားရသည်။
" အစ်ကိုရေ ထမင်းပြင်ပြီးပြီ စားတော့၊ ညကတည်းက အစ်ကို့အတွက် ဟင်းချန်ထားတာ "
သူ့ မိန်းမ နှင့် ကလေးများက သူ့အတွက်ဆို အကောင်းအညွှန့်တွေ ချန်ထားတတ်ကြသည်။ သည်လိုဖြင့် သူတို့ အပေါ် သံယောဇဉ်ဖြစ်အောင် ကြိုးစားနေကြသည်နှင့်တူပြီး တစ်နေကုန် ငွေရှာခိုင်းရန် အပေးအယူ လုပ်လိုက် တာပဲလားလို့ ကိုထွန်းမြင့် မကြာခဏ တွေးမိသေးသည်။
" ဖေဖေ ပြန်လာရင် မုန့်ဝယ်လာခဲ့နော်၊ ပေါက်စီဝယ်လာခဲ့နော် "
သမီး အငယ်ဆုံး အချစ်ဆုံးက မှာနေသည်။ ထွန်းမြင့် အိမ်အပြန်မှာ မုန့်မပါလာသည်က များနေပေမယ့် မှာ နေကျ။
" အေး … ၀ယ်လာခဲ့မယ် "
ထွန်းမြင့် ကလည်း ၀ယ်လာနိုင်သည်ဖြစ်စေ၊ မ၀ယ်လာနိုင်သည်ဖြစ်စေ ကတိပေးနေကျ။ သူအိမ်အပြန်မှာ မုန့်မပါ လာကြောင်း သိရသည့်အခါတွင်လည်း သမီးငယ်က " မှာလိုက်ရဲ့သားနဲ့" လို့လည်း ဘယ်သော အခါ မှ အပြစ်မဖို့ပါ။ တကယ်တော့ မုန့်မှာခြင်းမှာ သမီးငယ်က အလုပ်သွားမည့် ဖေဖေ့ကို နှုတ်ဆက် နေသောနိမိတ်ပုံလည်း ဖြစ်နိုင်သည်။
ထွန်းမြင့် ခေါင်းထဲနည်းနည်းနောက်နေသည်။ မနေ့ညနေကတည်းကပေါ့။ ဆိုင်သို့ သည်နေ့နံနက် မလာနိုင် တော့ကြောင်း မနေ့ညနေက တစ်ခါတည်း ပြောခဲ့ပြီးသား။ ထွန်းမြင့်က ဆောက်လုပ်ရေး ရုံးတစ်ရုံး မှာ အလုပ်လုပ်သည်။ သူ့ဆရာ သည် နိုင်ငံခြားပြန် အင်ဂျင်နီယာတစ်ယောက်ဖြစ် သည်။ မျိုးနှင့် ရိုးနှင့် ချမ်းသာသူ တစ်ယောက်ဖြစ်သည်။ ထွန်းမြင့်က ထွားထွားကျိုင်းကျိုင်း၊ ဗိုက်ကပူပူ၊ သူ့ အရာရှိက သေးသေး ညှက်ညှက်ကလေး။ စိတ်ဝင်စားစရာကောင်းသည်မှာ ထွန်းမြင့်က အရာရှိတွေမှာ ရှိ တတ်သည့် ပုံစံမျိုး။ သူ့ဆရာမှာ အရာရှိဘကီးတစ်ဦး၏ အချိုးအစား ရုပ်သွင်သဏ္ဍာန်မျိုး မရှိသော်လည်း သေသေ ချာချာကြည့်လျှင် ကျက်သရေရှိသော ရုပ်မျိုးဖြစ်သည်ဟု ထွန်းမြင့်အမြဲအစဉ်ထင်မိသည်။
သူ့လို လူကောင်းကြီးကြီးထွားထွားကို အရာရှိကြီးသေးသေးညှက်ညှက်က ဟိန်းလိုက် ဟောက်လိုက်လျှင် သူ့မှာ နေစရာမရှိအောင် ကြောက်ရွံ့သွားတတ်သည်မှာ အဘယ်ကြောင့်နည်း။ အရာရှိကြီးသည် သူ့ဘ၀၏ သာယာ ငြိမ်းချမ်းရေး ကို အဖြူပေါ် အမည်းတင်လိုက်ရုံဖြင့် ပျက်စီးစေနိုင်သောကြောင့်ဖြစ်သည်။
ဂျော့ဘားနတ်ရှောပြောသလိုပင် ကျောက်ခေတ် သမိုင်းဦးဘုံမြေခေတ် မဟုတ်သည့် ယနေ့လို သိပ္ပံပညာ ထွန်းကား သည့် ခေတ်မှာ လူကောင်ချင်း နပမ်းသတ်စရာမလို။ အဲဒီလို ခွန်အားကြီးစရာမလို။ ခြောက်လုံးပြူး မောင်းဖြုတ်နိုင်သည့် အင်အားလေးသာလိုသည်။ အင်ဂျင်နီယာအရာရှိကြီးသည် ထွန်းမြင့် လို ရုံးလုလင် တစ်ယောက် ကို ရာထူးသာတိုးမပေးနိုင်ပေမယ့် ဒုက္ခပေးနိုင်သည်။ တစ်စစီ လွင့်စင်ပျက်စီး သေဆုံး သွားစေ နိုင်သည်။ နှလုံးသွေး ရပ်သွားစေနိုင်သည်။ ထို့ကြောင့် အရာရှိ သေးသေးကိုပင် အရာရှိကြီး ဟု ခေါ်ပြီး လူ ကောင်းထွားထွား မောင်ထွန်းမြင့်ကိုတော့ ရုံးလုလင်လေးလို့ခေါ်သည်။
သူ့ဆရာ အရာရှိကြီးသည် သဘောသကာယ ကောင်းသူတစ်ယောက်ဖြစ်သည်။ သို့သော် ဆဲဆိုသည့် နေရာ၊ ကိုင်တုတ်သည့် နေရာတို့တွင် လူသိများသည်။ သူ့ကို ယုတ်မာကောက်ကျစ်သည့် လူတစ်ယောက် အဖြစ် မည်သူမှ လက်မခံကြ။ ထွန်းမြင့်သည် ဆဲဆိုမှုများနှင့် ရင်းနှီးနေပြီဖြစ်သည်။ သို့သော် တစ်ခါ တလေ အဆဲခံနေရတာနှင့်စာလျှင် အလုပ်ပြုတ်တာကမှ ကောင်းဦးမည်ဟု ထွန်းမြင့် တွေးမိသည်။ အရာရှိကြီး အနေနှင့် မည်သူ့ကိုမှ အလုပ်မဖြုတ်လိုသောကြောင့်သာ ဆဲဆိုနေခြင်းဖြစ်နိုင်သည်။ တစ်ခါ တွင် အရာရှိကြီး သည် ထွန်းမြင့်ကို ကိုင်တုတ်နေသည်။ " မင်း အမေ … " ဆိုတာတွေ ပါလာသည်။
" ဆရာ ကျွန်တော့်ကို စိတ်ဆိုးရင် ကျွန်တော့်ပါးကို ရိုက်ပါ။ ဆရာစီးတဲ့ ဖိနပ်နဲ့ မျက်နှာကို ကန်ပါ၊ ဒါပေမဲ့ အမေ့ ကို မထိပါနှင့် "
ဒီလို ထွန်းမြင့်ပြောတော့ သူ့အရာရှိကြီး အားတုံ့အားနာ ဖြစ်သွားသည်။
" ဆောရီး" ဆိုပြီး တစ်ခွန်းတည်း ပြန်ပြောသည်။
ဒီနေ့ ရုံးရောက်လျှင် ရောက်ချင်း အပေါင်းအသင်းတွေက ၀ိုင်းဝန်းပြီး ဆူညံသွားသည်အထိ သတင်းဆိုး ပေး ကြသည်။
" မင်းကို အရာရှိကြီးက ရောက်ရောက်ချင်း လွှတ်လိုက်ပါတဲ့ "
ထွန်းမြင့် အရာရှိကြီး ရုံးခန်းကို ကြောက်ကြောက်လန့်လန့်နှင့် ၀င်ချသွားသည်။
" ဟေ့ကောင် နောက်ကျလှချည်လား၊ မင်းကို ပြောရင် ကလေးနေမကောင်းလို့လို့ပြောမယ်၊ မင်းလိမ်နေ တာပါ"
" ကျွန်တော်မလိမ်ဘူးဆရာ "
" ခွေးကောင်စုတ် ရဲ့ မင်းနောက်ကျရတဲ့အကြောင်းရင်းကို ငါ မသိဘူးများ အောက်မေ့လို့လား၊ မင်း မနက်ပိုင်း လက်ဖက်ရည်ဆိုင်တစ်ဆိုင် မှာ ၀င်လုပ်နေတယ်ဆို "
" ဆရာ့ ကို ဘယ်သူပြောလဲ ဆရာ "
" ငါ မင်းဆရာပါကွ၊ တိရစ္ဆာန်ရဲ့၊ လိမ်ဖို့ ကြိုးစားဦးမလို့လား ခွေးသားရဲ့ "
" ဆရာပြောတာ မှန်ပါတယ်ဆရာ "
" တစ်နေ့ ဘယ်လောက်ရလဲ "
" ငါးရာပါ၊ မနက်ပိုင်းလေးတင် ဆင်းရတာပါ "
" တစ်နေ့ ငါးရာ နည်းတာပေါ့ကွ၊ အိုးမကွာ အိမ်မကွာ မင်းဆေးလေးဘာလေး ရောင်းပါလားကွ၊ အိမ်သုံး ဆေး တွေကွာ "
" ကျွန်တော့်မှာမှ အရင်းအနှီးမရှိတာ "
" ဟိတ် မသာကောင် ရဲ့၊ မင်းမှာ အရင်းအနှီးမရှီတာ ငါသိတာပေါ့၊ ငတုံးတွေမှာ ဘယ်ကလာ အရင်းအနှီး မရှိတဲ့ ကောင်ကို လျှာချောင်ပြီးတော့များ ပြောနေတယ် ထင်သလားကွာ၊ ရွှေဘုံသာလမ်းက ဆေးကုခန်း တစ်ခု မှာ ငါ့သူငယ်ချင်းတစ်ယောက် ဆေးရောင်းနေတယ်၊ ကြီးပွားနေတယ်၊ မင်းသူ့ဆီသွားပြီး လေ့လာ ရဦး မှာ၊ ချက်ချင်းရောင်းလို့ မရသေးဘူး၊ မတတ်သေးဘဲ သွားရောင်းရင် အကုန်ကြွကုန်မှာပေါ့ မအေပေး ရဲ့၊ အညံ့ အဖျင်းတွေကို ရှင်းပြရတာ သိပ်မောနေပြီကွာ၊ အေး … အဲဒီဆိုင်က ငါ့သူငယ်ချင်းဟာ သိန်းပေါင်း များစွာ ချမ်းသာတယ်၊ သူ့ဆီမှာ ဆေးတွေ အကြွေးဝယ်လို့ရအောင် ငါ စာရေးပေးလိုက်မယ်၊ ဖုန်း လည်း ဆက်မယ်၊ အေး … နောက်နေ့ကစပြီး မင်းလက်ဖက်ရည်ဆိုင်က ထွက်လိုက်တော့ ဒါပဲ "
ထွန်းမြင့်သည် ညနေ ရုံးလွှတ်လျှင် ရွှေဘုံသာလမ်းက ဆေးဆိုင်မှာ ပညာသွားသင်ရသည်။ သူ့ဆရာ၏ သူငယ်ချင်း သည် နာမည်ကြီး ဆေးခန်းတစ်ခန်းမှာ ဆေးရောင်းစားသူဖြစ်သည်။ လက်မလည်အောင် ရောင်း ရသည်။ အံ့သြစရာကောင်းသည်မှာ ၀ယ်သူများသည် ဈေးမဆစ်ကြ။ ကျသလောက် ဟန်ပါပါ ထုတ်ပေးသွားကြသည်။ အပြိုင်အဆိုင် အလုအယက် ၀ယ်နေကြသည်။ ဈေးများသည်ဟူ၍ မညည်းညူ ကြပါ။ အိမ်ကျမှ ဒီဆိုင်တော်ပါပြီလို့ ပြောမလားမသိ။ ဆော်လိုက်တဲ့ဆိုင်လို့ ပြောမလားမသိ။
သေချာသည် မှာ နောက်တစ်ကြိမ် သူတို့တလည်လည်နှင့် ရောက်လာဦးမည်။ သေချာသည်မှာ ဆော်လိုက် တဲ့ ဆိုင်လို့ ထပ်ပြောဦးမည်။ ဆေးဝယ်ရန် လာသည့်လူများ၏ အဓိကပစ်မှတ်မှာ ဆေး စစ်စစ်ဖြစ်ရေး၊ အတု အပမဖြစ်ရေး၊ နောက်ဆုံးမှာတော့ ၀ယ်သူများ၏ မှတ်ချက်မှာ
"ဒီဆိုင်ကြီး တွေက စိတ်ချရတယ်ကွ၊ ဈေးတော့မဆိုစလောက်ကြီးတာပေါ့ "
ဝယ်သူ တချို့ဆိုလျှင် ပြန်အမ်းငွေကိုပင် မရေတွက်ကြတော့ပါ။ ရွှေဘုံသာလမ်းကို ဆေးဘုံသာလမ်းလို့ပင် ခေါ်ဖို့ ကောင်းနေပြီ။
" ထွန်းမြင့်ရဲ့ ဆေးဆိုင် "
သင်္ဘောဆေးဖြင့် မညီမညာ ရေးသားထားသော ဆိုင်းဘုတ်ငယ်တစ်ခုကို တွေ့ရသည်။ ချိုင်းနား၊ ချိုင်းနား ဖြစ်၊ ယိုးဒယား၊ ဆိုက်ပရပ်၊ အိုရီဂျင်နယ်၊ ဘီပီအိုင်၊ ယူနီဆက်၊ ရင်းနှီးကျွမ်းဝင်ခဲ့ရသော ဝေါဟာရများ။
တစ်လလောက် ကြာလျှင် အရာရှိကြီးသည် ထွန်းမြင့်ကို ခေါ်မေးသည်။
" ငါလည်း အလုပ်များနေလို့ မမေးမိဘူး၊ မင်းဆေးဆိုင် အခြေအနေကော ဘယ်လိုလဲ၊ အဲဒါဖြေပြီးရင် နောက်တစ်ခု မေးစရာရှိသေးတယ် "
" ဆရာရယ် ရွှေဘုံသာလမ်းနဲ့တော့ တခြားစီပဲ၊ ဈေးလည်း သိပ်ဆစ်ကြတယ် ဆရာရဲ့၊ ရွှေဘုံသာလမ်းမှာ ဆေးရောင်း တဲ့ အခါ သူပြောတဲ့ဆေးကို ကိုယ်ကရောင်းရုံပဲ၊ ကျွန်တော်တို့ ဆင်းရဲသားရပ်ကွက်မှာတော့ ဆေး ပါ စပ်ပေးရတယ်၊ ငါးဆယ် … တစ်ရာပြန်အမ်းဖို့ အတွက် အကြွေပါ ဆောင်းထားရတယ်၊ မလွယ်ပါ ဘူး ဆရာ၊ ကမန်တော်က စာသိပ်မတတ်တော့ ခက်နေတာပေါ့၊ မှတ်ဥာဏ်လည်း သိပ်မကောင်းဘူး။ အဲဒီမှာ အ၀ယ်များတာ စီဖိုက်တွေပါ။ စီဖိုက်ဆိုတာ ပဋိသန္ဓေကာကွယ်ဆေးပြားပေါ့။ ဆင်းရဲသားရပ်ကွက် ထုံးစံ အတိုင်း ကလေးမွေးမှာ ကြောက်နေကြတာပေါ့၊ အဲဒီမှာ ဆေးရောင်းတာ ဆေးလည်း ကုတတ် ရတယ် ဆရာရဲ့။
စာအုပ်တွေလည်း ရှာဖတ်ရတယ်။ ဆင်းရဲသားရပ်ကွက်ဆိုတော့ ညနေပိုင်းငွေရှာလို့ရမှ လာလာ ပြေးဝယ် ကြတာပါ၊ တစ်ပြား တစ်ပြားစီ လာဝယ်တာ အလုပ်တော့ တော်တော်ရှုပ်တယ်ဆရာ၊ တစ်နေ့တော့ ကျွန်တော့်မိန်းမ ထမင်းချက်နေတုန်း " ဆေးဝယ်မလို့ဗျို့ "ဆိုတဲ့ အော်သံကြားတာနဲ့ ထမင်းငှဲ့မလို့ဟာ မငှဲ့ ရဘဲ သွားရောင်းရတယ်။ ဟိုလည်းကျရော သာလာဆပ်ဝမ်းပိတ်ဆေး နှစ်ပြားတဲ့။ တစ်ရာဖိုး။ ပြန်လာတော့ ထမင်းပျော့သွားပြီဆရာ။ ဆေးဝယ်တဲ့လူဟာ သာလာဆပ် နှစ်ပြားကို ရတဲ့အခါ အေးအေး ဆေးဆေး ထွက် မသွားဘူး။ အစ်မကြီး ၀လည်းဝ၊ လှလည်းလှလာတယ်လို့ ရိသေးတယ်တဲ့။ ကြာရင် ကျွန်တော့် မိန်းမ ပါသွားလိမ့်မယ်။ ဒါနဲ့ နောက်ထပ် ဆရာမေးစရာရှိတယ်ဆိုတာ ဘာလဲဆရာ "
" မင်း လက်ဖက်ရည်ဆိုင်က မထွက်သေးဘူးဆို "
" ဟုတ် … ဟုတ်ပါတယ်ဆရာ၊ မိန်းမကပြောတယ်၊ ရှင့်ဆရာ ရောင်းခိုင်းတဲ့ဆေးဟာ သိပ်အမြတ်မကျန် သေးခင် လက်ဖက်ရည်ဆိုင်အလုပ် ကို ဆက်မှေးထားဦးတဲ့ "
တစ်ပတ် လောက်ကြာတော့ သူ့ဆရာက သူ့ကို ခေါ်ပြန်သည်။ သူ့ရဲ့ လေအေးစက်တပ်အခန်းထဲမှာ အေး အေး ဆေးဆေး ထိုင်ခိုင်းသည်။ ကော်ဖီတစ်ခွက်ပင် ဓာတ်ဘူးထဲမှ ငှဲ့ထည့်ပေးသည်။
" ဘယ့်နှယ်လဲ မင်းဆေးဆိုင် "
" သိပ်တော့မထူးဘူးဆရာ၊ ရပ်ကွက်ထဲမှာ ဆေးဆိုင်လေးတွေ အများကြီးပဲ၊ မြို့ထဲက တချို့ ဆိုင်တွေနဲ့ တော့တခြားစီပဲ၊ အဲဒါ ကျွန်တော် ဆက်ရောင်းရဦးမလား ဆရာ "
" ဟိတ်ကောင် ဆက်ရောင်း၊ ရှည်မနေနဲ့၊ ဒီလိုပဲပေါ့၊ အခက်အခဲဆိုတာရှိတာပဲပေါ့ ခွေးကောင်ရဲ့၊ အလှည့် အပြောင်း တစ်ခုခုဖြစ်လာရင် အဲဒီအလှည့်အပြောင်းတစ်ခုကို စမ်းသပ်တဲ့အခါ ချမ်းသာတဲ့ လူလည်း ရှိတယ်။ သိပ်ကို ဒုက္ခရောက်ရတဲ့ လူတွေလည်းရှိတာပဲ၊ တချို့ကျဇွဲကလေး နည်းနည်းလိုသွားလို့ ခံလိုက် ရတာ၊ တချို့ကျ လက်လျှော့တာ စောသွားတတ်တယ်၊ နည်းနည်းစောင့်ကြည့်ပါဦးငတုံးရဲ့ "
" ဆရာ "
" ဘာလဲကွ "
" ကျွန်တော် လက်ဖက်ရည်ဆိုင်က မထွက်ပါရစေနဲ့၊ မနက်ပိုင်း နာရီဝက်တစ်နာရီ နောက်ကျတဲ့အခါ ခွင့်လွှတ် ပါ ဆရာ၊ ဆရာဟာ ကျွန်တော့်မိဘလိုပါပဲ။ ဆရာ့ကျေးဇူး ကျွန်တော် မမေ့ပါဘူးဆရာ "
အရာရှိ သည် သူ့တပည့်ကို သေသေချာချာ ကြည့်ပြီး မျက်နှာမှာ ပြုံးတော့မလို၊ တည်တော့မလိုဖြစ်သွား သည်။ အထူးသဖြင့် သူ ဂရုတစိုက်ကြည့်သည်မှာ ထွန်းမြင့်၏ စွတ်စိုထိုင်းမှိုင်းနေသော မျက်ဝန်းများကို ဖြစ် ပါသည်။ ထို့နောက် သူ့တပည့်ကို ခပ်အေးအေး ပြောလိုက်လေသည်။
" ကော်ဖီ သောက်လိုက်ပါဦး၊ အေးသွားဦးမယ်၊ ဒီစာအိတ်ယူသွား၊ အထဲမှာ ပိုက်ဆံရှိတယ်၊ ကလေး တွေကို အ၀တ်အစားဝယ်ပေးလိုက် "
" ဆရာ ကျွန်တော့်ကို လက်ဖက်ရည်ဆိုင်မှာ ဆက်လုပ်ခွင့်ပြုမယ် မဟုတ်လားဆရာ "
" ရော် … ခက်ကပြီ၊ မင်း အကင်းမပါးလို့ ဒီလိုဖြစ်ပြီး ခွေးဘ၀ရောက်နေတာပေါ့၊ ဘာလဲ ငါက အသေး စိတ် ပြောရဦးမလား၊ မင်း တောင်းဆိုတာကို ငါလက်မခံရင် ပြုံးပြုံးရွှင်ရွှင် စာစာနာနာနဲ့ မင်းကို ကော်ဖီ တိုက် ပါ့မလား၊ ခွေးမသားရဲ့ "
" ကျွန်တော့်ကို ဆရာခွင့်ပြုတဲ့သဘောမျိုး ပြောတာလား ဆရာ "
" ဟား … အား … ငါသာ သေလိုက်ပါတော့ကွာ၊ အ လွန်းတော့ န တယ်ဆိုတာ မင်းလို ကောင်မျိုး ပဲထင်ပါရဲ့၊ မျိုးရိုးနဲ့ကို လူရာမ၀င်တဲ့ ကောင်ညံ့ရဲ့ "
" ဒီလိုဆိုရင် ကျေးဇူးကြီးလှပါပြီ ဆရာ "
" အေး … လက်ဖက်ရည်ဆိုင်မှာ အလုပ်သိပ်များနေရင်လည်း ပြောပေါ့ မင်းအလုပ် ငါပါ လာလုပ်ပေးမယ်၊ ဟုတ်လား၊ နွားအ ရဲ့ အစ်ကို ၀က်ရူးတိရစ္ဆာန်ရယ် "
============
စာရေးသူ - မောင်ညိုပြာ
ကလျာ မဂ္ဂဇင်း နိုဝင်ဘာလထုတ် ၂ဝ၁၁
.
2 comments:
အစ်မရွှေစင်...
ဖတ်ရင်း အရာရှိရဲ့ သူ့တပည့်ပေါ် သုံးတဲ့ အသုံးအနှုန်းတွေကို သဘောကျမိတယ်။ ရိုင်းတယ်လို့ထင်ရပေမယ့် တပည့်အပေါ် မေတ္တာစေတနာထားတာ ပေါ်လွင်တယ်။ အပြင်မှာလည်း အဲ့ဒီလို ပါးစပ်ပေါက်ဆိုးပြီး စိတ်ထားကောင်းသူမျိုး တွေ့ဘူးတယ်။ ဆရာမောင်ညိုပြာရေးရင် ရိုးရိုးလေးနဲ့ ကောင်းတယ်။
ဆရာစိတ်အပြည့်ရှိတဲ့အရာရှိပါပဲ။ တပည့်လက်သားအပေါ်အင်မတန်ညှာတာ ထောက်ထား ပေးကမ်းစွန့်ကြဲတတ်တာ ရှိပေမယ့် ရှားတယ်။
Post a Comment