(၂၃)
"ဒီတစ်ယောက်တော့ သေနေပြီ"
မှောက်ခုံကြီးလဲနေသော လူဘေးတွင် ရပ်လျက်နှင့် ဘလိန်းက ပြောလိုက်သည်။ သူတို့သည် အမှောင် ထုထဲတွင် တောင်ထိပ်သို့ နှစ်နေရာမှ တက်လာခဲ့ကြသည်။ အရုဏ်တက်ချိန်၌ တောင်ထိပ်သို့ သူတို့ ၀င်ရောက် စီးနင်းသိမ်းပိုက်သောအခါ ခုခံကာကွယ်မည့် မရှိတော့ပေ။
"တခြားလူတွေ ဘယ်ရောက်ကုန်သလဲ"
ဘလိန်း က မေးလိုက်သောအခါ တပ်ကြပ်ကြီး ဟန့်စ်မေယာသည် ကျောက်တုံးတစ်တုံးနောက်ကွယ်မှ ထွက်လာပြီး ဖြေလိုက်သည်။
"ဒီတောင်ပေါ်မှာ တခြားဘယ်သူမှ မရှိတော့ဘူး၊ သူတို့ ထွက်ပြေးလွတ်မြောက်သွားပြီ ဖြစ်ရမယ်"
"ဘလိန်း ... ရှင်ဘယ်မှာလဲ၊ ဘာတွေဖြစ်နေလဲ"
စင်တိန်၏ အရေးအတကြီး အော်ခေါ်သံပေါ်လာသည်။ ဘလိန်းသည် သူတို့တောင်ကုန်းကို လုံးဝ သိမ်းပိုက် ပြီးသည်အထိ တောင်ခြေမှ စောင့်နေရန် စင်တိန်အား အတန်တန်မှာခဲ့သည်။ သူက စင်တိန် အား တောင်ပေါ်တက်လာချိန် မပြသေးသော်လည်း ယခု စင်တိန်က တောင်ပေါ်ရောက်နေချေပြီ။
"ဒီမှာ"
ဘလိန်းက အသံပေးလိုက်သောအခါ စင်တိန်က သူ့ဆီ ပြေးလာသည်။
"ခင်ဗျား ကျွန်တော့် အမိန့်ကို မနာခံဘူး မဒမ်"
သူ့စကား ကို စင်တိန်က အလေးမထားဘဲ သူပြောချင်သာ ဆက်ပြောသည်။
"သူတို့ဘယ်မှာလဲ ..."
မှောက်ခုံလဲနေသူအား မြင်လိုက်သောအခါ စင်တိန်အား ပြတ်သွားသည်။
"အလိုဘုရားရေ ... ဒါ လိုသာပဲ"
စင်တိန် သူ့ဘေးတွင် ဒူးထောက်ထိုင်ချလိုက်သည်။
"ဒါ ... ဒီလာရေးလား၊ ဒါဖြင့် သူသေပြီပဲ" ဘလိန်းက စင်တိန်အား ပြောလိုက်သည်။
"ဒီလိုဆို တခြားလူတွေကော"
စင်တိန်က ဘလိန်းကို မော့ကြည့်ပြီး မေးလိုက်သည်။ စင်တိန်သည် လိုသာ၏ အဓ္ဓမသားကို တွေ့ရ လိမ့်မည် ဟု မျှော်လင့်ထားသည်။ စင်တိန်သည် သူ့ကိုယ်သူ ပြောသည့်အခါတွင်ပင် ကောင်ကလေး နာမည် ကို ထည့်မပြောဘဲ "အဓ္ဓမသား" ဟုသာ ပြောနေဆဲ ရှိသည်
"သူတို့ဒီမှာ မရှိတော့ဘူး၊ လစ်သွားကြပြီ၊ ဒီလာရေးက တို့ကို တစ်ပတ်ရိုက်ပြီး အရူးလုပ်သွားတာ၊ အချိန်ကြာအောင် ပရိယာယ်ဆင်သွားတာ၊ အခုလောက်ဆို မြစ်ဟိုဘက် ကမ်းရောက်နေရောပေါ့"
မင်းဖရက်။
စင်တိန်သည် တင်းထားသမျှကို အလျှော့ပေးလိုက်သည်။ ကောင်ကလေးနာမည်ကို စိတ်ထဲမှ ပထမ ဆုံး အကြိမ် ခေါ်ကြည့်ပြီး သူ့အကြောင်း တွေးလိုက်သည်။
မင်းဖရက်။ ငါ့သားကလေး။ ဆုံးရှုံးရသော အသိနှင့် စိတ်ပျက်မှုတို့က သူ့ရင်ကို နာလာစေသည်။ သူမ တုန်လှုပ်ချောက်ချားသွားသည်။ ကောင်ကလေးကို ဤနေရာတွင် သူရှိစေချင်ခဲ့သည်။ နောက်ဆုံး အကြိမ် မြင်လိုက်ချင်သည်။
ကောင်လေးအဖေ ကို စင်တိန် ငုံ့ကြည့်လိုက်သည်။ သူမ ရင်ထဲ၌ နှစ်ပေါင်းများစွာ ဖိသိပ်မြှုပ်နှံထားခဲ့ သော ခံစားချက်တစ်ရပ် က ခေါင်းထောင်ထလာသည်။
လိုသာသည် တံတောင်ဆစ်တစ်ဘက်ပေါ်တွင် မျက်နှာမှောက်လျက် အပ်ကာ လဲကျနေသည်။ တခြား လက်တစ်ဘက်က ပေရေနေသော စောင်စတစ်ဖြင့် လည်ပင်းတွင် သိုင်းထားသည်။ လိုသာ့ နာရွက် အောက် လည်ပင်းနေရာသို့ စင်တိန်က လက်ဖ၀ါးလေးဖြင့် စမ်းသပ်ကြည့်လိုက်သည်။ သွေးကြောကို သွား စမ်းမိသည်။ အဖျားဒဏ်ကြောင့် အရေပြာပူနွေးနေသည်ကို သူမလက်က တွေ့ထိ ခံစားလိုက်ရ သည်။
"သူ မသေသေးဘူး၊ အသက် ရှိသေးတယ်"
"ခင်ဗျား သေချာရဲကလား"
ဘလိန်း က စင်တိန်ဘေးတွင် ဆောင့်ကြောင့် ထိုင်လိုက်သည်။ သူတို့ နှစ်ယောက်ကြားတွင် မှောက်ခုံ ကြီး ဖြစ်နေသော လိုသာကို ပက်လက်လှန်လိုက်သည်။ လိုသာ ရင်ဘတ်အောက်၌ စနက်တံမဖြုတ်ရ သေးသော လက်ပစ်ဗုံးကို သူတို့ တွေ့၇သည်။
"မင်း ပြောတာ မှန်တယ်၊ သူ့မှာ နောက်ထပ် လက်ပစ်ဗုံးတစ်လုံး ကျန်သေးတာပဲ၊ မနေ့ညက သူသာ မင်း ကို သတ်ချင်ယင် သတ်လို့ရတာပေါ့"
စင်တိန် သည် လိုသာ့မျက်နှာကို ငုံ့ပြီး စိုက်ကြည့်ရင်း စိတ်တုန်လှုပ်ချောက်ချားသွားသည်။ သူသည် ယခင် ကလို မချောမလှတော့၊ ရဲဝံ့ခြင်းလည်း မရှိတော့၊ အဖျားဒဏ်နှင့် အနာဒဏ်က သူ့ကို လုံးဝ ပျက်စီး သွားစေပြီ ဖြစ်သည်။
"သူရေသိတ်ငတ်ပြီး သူ့ကိုယ်ထဲမှာ ရေဓာတ်နည်းနေတယ်၊ ပုလင်းထဲမှာ ရေကျန်သေးသလား" စင်တိန်က မေး လိုက်သည်။
ဘလိန်းက လိုသာ့ပါးစပ်ထဲသို့ ရေတစ်ချင်း ချပေးနေချိန်တွင် စင်တိန်က သူ့လက်အနာမှ ပတ်တီးကို ဖြေ လိုက်သည်။ ဒဏ်ရာအခြေအနေကို ကြည့်ပြီး စင်တိန်က ပြောလိုက်သည်။
"သွေးအဆိပ်တက်နေတယ်၊ သူ့လက်ကတော့ ဖြတ်ပစ်ရမှာပဲ"
စင်တိန်အသံက ပုံမှန်ပင် ဖြစ်သော်လည်း သူပေးလိုက်သော ဒဏ်ရာကြောင့် ဤမျှဖြစ်ရသည်ကို သိသော အခါ စိတ်ထဲက နာကျင်လာသည်။ တစ်ချက်တည်း ကိုက်လိုက်ရုံဖြင့် ဤမျှဖြစ် သွားရသည်ကို မယုံကြည် နိုင် လောက်အောင် ဖြစ်နေသည်။
"မြစ်ကမ်းစပ်က ကူအန်ဂါရွာမှာ ပေါ်တူဂီ ရိုမန်ကက်သလစ်ဘာသာ သာသနာပြုအဖွဲ့ ရှိတယ်၊ ဒါပေမယ့် သူ့ကို အဲ့ဒီအထိ အသက်ရှင်လျက် ခေါ်သွားနိုင်ယင်တော့ သူကံကောင်းမှာပဲ၊ မြင်းလဲ တစ်ကောင်ပဲ အသက်ရှင် ကျန်တော့တယ်၊ တို့အားလုံး မြစ်ကို ရောက်အောင်သွားနိုင်ယင် ကံကောင်း လို့ပဲ"
ဘလိန်း သည် ထိုင်ရာမှ ထလိုက်ပြီး ဟန့်စ်မေယာအား တစ်ဆက်တည်း အမိန့်ပေးလိုက်သည်။
"တပ်ကြပ်ကြီး၊ ခင်ဗျားလူတစ်ယောက်ကို လွှတ်ပြီး ရှေးဦးသူနာပြု ဆေးသေတ္တာယူခိုင်းလိုက်၊ ကျန်တဲ့ လူ တွေက ဒီတောင်ကုန်းမှာပဲ နေရာလပ်တစ်လက်မ မကျန်အောင် လိုက်ရှာကြစမ်း၊ ပေါင်စတာလင် တစ်သန်း တန်တဲ့ စိန်တွေ ပျောက်နေတယ်"
တပ်ကြပ်ကြီးက အလေးပြု ထွက်သွားပြီး သူ လူများကို ဆက်အမိန့်ပေးလိုက်သည်။ ဘလိန်းက စင်တိန် ဘေးတွင် ပြန်ထိုင်လိုက်သည်။
"ကျွန်တော်တို့ ဆေးသေတ္တာစောင့်တုန်း သူ့အ၀တ်အစားတွေနဲ့ ပစ္စည်းကိရိယာတွေမှာ စိန်တွေရှိ မရှိ ရှာကြည့် ရအောင်"
"စိန်တွေ ပြန်ရဖို့ အခွင့်အလမ်း မရှိတော့ပါဘူး၊ စိန်တွေဟာ သူ့သားနဲ့ သူ့လူယုံ ဟင်းဒရစ်ဆီ ပါသွားမှာ သေချာ ပါတယ်။ ကျွန်မတို့မှာလဲ ခြေရာခံကောင်းတဲ့ လူပုလေးတွေ မရှိတော့ဘူးဆိုတော့ ... မလွယ် တော့ ပါဘူး"
လိုသာ၏ ပေရေ ညစ်ပတ်နေသော ကျူးနစ်အင်္ကျီကို ကျောက်တုံးပေါ်တွင် ဖြန့်ချပြီး ဘလိန်းက စေ့စေ့ စပ်စပ် ရှာသည်။ စင်တိန်က လိုသာ၏ ဒဏ်ရာရသော လက်ကို ဆေးကြောသန့်စင်ပြီး ဆေးသေတ္တာထဲ မှ ပတ်တီး အသစ်ဖြင့် ပြန်စည်းပေးသည်။
"မတွေ့ဘူး ဗိုလ်မှူးကြီး၊ ဒီတောင် တစ်တောင်လုံး နေရာလပ် တစ်လက်မမကျန်အောင် ကျွန်တော်တို့ ရှာပြီးပြီ၊ ဘာမှ မတွေ့ဘူး"
"ကောင်းပြီလေ တပ်ကြပ်ကြီး၊ ဒီခွေးသူတောင်းစားကို တောင်ထိပ်ကနေ တောင်အောက်အထိ သယ် သွားကြစို့"
တစ်နာရီအတွင်းမှာပင် သူတို့ လှုပ်ရှားသွားလာရန် အသင့် ဖြစ်နေကြသည်။ သူတို့တွင် စင်တိန့် မြင်း တစ်စီးသာ ကျန်တော့သည်။ ထိုမြင်းကုန်းနှီးပေါ်တွင် လက်ပစ်ဗုံး ဒဏ်ရာရလာသော တပ်သားကို တင် လာသည်။ ထို့နောက် မိုပါနီသစ်ပင်ပေါက် တစ်ပင်ကို ဝေါယာဉ်သဖွယ် မြင်းဖြင့် ဆွဲစေကာ ထိုသစ်ပင် သစ်ကိုင်းပေါ်တွင် လိုသာ့ ကိုယ်ခန္ဓာကို တင်ပြီး ချည်နှောင်ကာ သယ်ယူသွားသည်။
ကျန်လူများက ကုန်းကြောင်း လျှောက်လာကြရသည်။ ဘလိန်းက စင်တိန်လက်ကို တွဲပြီး လျှောက်လာ သည်။ စင်တိန်က သူမ ခေါင်းကလေးကို ဘလိန်းပခုံး၌ မသိမသာ မှေးမှိန်လာသည်။
"အို ဘလိန်းရယ် ... ဟောဒီ တောရိုင်းကြီးထဲမှာ ဟောဒီ ကျောက်တောင် ပူပူလောင်လောင်ကြီးပေါ်မှာ ကျွန်မ ဘ၀ရဲ့ အစိတ်အပိုင်း အတော်များများဟာ ပြီးဆုံးနိဂုံးချုပ်သွားရပါပြီ"
"စိန်တွေ ဆုံးရှုံးရတာ ခင်ဗျားအတွက် ဘယ်လောက်အထိနာ ဆုံးရှုံးရတယ်ဆိုတာ ကျွန်တော် နားလည် နိုင်ပါတယ်"
"ရှင် တကယ်ထင်သလား ဘလိန်း၊ ကျွန်မတော့ အဲဒီလို မထင်ဘူး၊ အရာအားလုံးဟာ ပြောင်းလဲသွားပါ ပြီ၊ လိုသာ့ အပေါ်မှာ ရှိနေတဲ့ ကျွန်မရဲ့ မုန်းတီးမှုတောင် ..."
"စိန်တွေ ပြန်ရဖို့ အခွင့်အလမ်း ရှိနေပါသေးတယ်"
"မရတော့ပါဘူး ဘလိန်း၊ ဘယ်လိုမှ မရနိုင်တော့ဘူးဆိုတာ ရှင်ရော ကျွန်မရော သိနေပါတယ်၊ စိန်တွေ ကတော့ သွားပါပြီ"
စင်တိန့်အမြင်ကို ဘလိန်းက မဆန့်ကျင်တော့ပေ။ မဖြစ်နိုင်တော့တာကို ဖြစ်နိုင်ပါတယ်ဟုလည်း လိမ်ညာ ၍ မဖျောင်းဖျချင်တော့ပါ။
"ကျွန်မအတွက် အားလုံး ဆုံးရှုံးပါပြီ၊ ကျွန်မ ကြိုးစား လုပ်ကိုင်ခဲ့ရတာတွေအားလုံး၊ ကျွန်မတို့ သားအမိ နှစ်ယောက်အတွက် ရှိတာတွေ အားလုံး ကုန်ပါပြီ"
"ကျွန်တော်တော့ နားမလည်နိုင်အောင် ဖြစ်နေပြီ၊ ဒီစိန်တွေ ဆုံးရှုံးရတာ ခင်ဗျားအတွက် အတော် အထိ နာမယ်ဆိုတာ ကျွန်တော် သိပါတယ်၊ ဒါပေမယ့် ခင်ဗျားပြောသလို အားလုံး ဆုံးရှုံးမယ်လို့ မထင် ခဲ့ဘူး၊ ဒီလောက် ဆိုးမယ်လို့ မထင်ခဲ့ဘူး"
"ဟုတ်တယ် ဘလိန်း၊ အားလုံးကို ဆုံးရှုံးသွားပါပြီ၊ ကျွန်မရဲ့ စီးပွားဘဏ္ဍာအုတ်မြစ်ကြီး ပြိုသွားပြီ ဆိုတော့ ကျန် တဲ့ အသေးအဖွဲ့လေးတွေနဲ့ လိုက်ထိန်းလို့ လွယ်တော့မှာ မဟုတ်ဘူး၊ အားလုံး တဖြည်းဖြည်း ပြိုလဲ ကုန်တော့မှာပဲ"
"စင်တိန်၊ ကျွန်တော်ဟာ လူဆင်းရဲတစ်ယောက် မဟုတ်ပါဘူး၊ ကျွန်တော် ခင်ဗျားကို ကူညီနိုင်ပါတယ်"
"ကျွန်မ ရှင့်ဆီက ငွေကြေး အကူအညီ မလိုချင်ပါဘူး၊ ကျွန်မ လိုချင်တာ တခြားပါ၊ ကျွန်မ သိပ်ပြီး အခက် အခဲ ကြုံပြီး နှစ်သိမ့်အားပေးဖို့ လိုလာယင်သာ ရှင်ကူညီဖို့ အသင့်ရှိပါ"
"ခင်ဗျား လိုအပ်တဲ့အချိန်တိုင်းမှာ ကျွန်တော် အသင့်ရှိနေမှာပါ စင်တိန်၊ ကျွန်တော် ကတိပေးပါတယ်၊ ခင်ဗျား လိုအပ်တဲ့ အချိန်မှာသာ အကြောင်းကြာပါ"
"အို ... ဘလိန်း ... ကျွန်မ လိုအပ်ယင် အကြောင်းကြားပါမယ်၊ ရှင် ကျွန်မဘေးမှာသာ ထာဝရရှိနေ မယ် ဆိုယင် ကျွန်မ ပြန်ပြီး ဆင်းရဲရမှာလဲ မကြောက်ပါဘူး ဘလိန်းရယ်"
စင်တိန်က တိုးတိုးလေး ပြောလိုက်သည်။
ကူအန်ဂါသာသနာပြုအဖွဲ့မှ ပေါ်တူဂီဘုန်းတော်ကြီး ဆရာဝန်သည် လိုသာဒီလာရေး၏ ဒဏ်ရာရ သော လက်ကို တံတောင်ဆစ်အောက် နှစ်လက်မအကွာမှနေ၍ ဖြတ်ပစ်ပေးခဲ့သည် ထိုသို့ ဖြတ်တောက် ကုသ ရာတွင် စင်တိန်သည် ဆရာဝန်ကြားမှနေ၍ သူနာပြုဆရာမသဖွယ် ၀ိုင်းဝန် ကူညီ လုပ်ကိုင် ပေးခဲ့သည်။
သို့သော် ထိုသို့ ဖြတ်ပြီး နောက်တစ်င်္ရက်အကြာတွင် ထပ်မံဖြတ်ရန် လိုလာ ပြန်သဖြင့် ပခုံးအောက် ဘက် သုံးလေးလက်မ အကွာမှနေ၍ ထပ်မံဖြတ်တောက်ရပြန်သည်။
ထို့နောက် ငါးရက်အကြာတွင် လိုသာ အခြေအနေ ကောင်းလာသဖြင့် ဆရာဝန်ဘုန်းတော်ကြီးက ဘလိန်းမယ်လကွန်း အား လိုသာ၏ တဲထဲသို့ ၀င်ရောက်တွေ့ဆုံခွင့်ပေးလိုက်သည်။ ဘလိန်းသည် သတိ ရှိသူ ဖြစ်ပြီး လုပ်ထုံးလုပ်နည်းအရ လိုသာအား တရားဝင် ဖမ်းဆီးချုပ်နှောင်ခြင်း ပြုလိုက်သည်။
"ဆရာဝန်ဘုန်းတော်ကြီး ပေါလပ်စ်က ခင်ဗျားကို ခရီးသွားခွင့်ပြုတဲ့အချိန်အထိ ကျွန်တော့် တပ်ကြပ်ကြီး က ခင်ဗျားကို အနီးကပ် စောင့်ကြပ်နေလိမ့်မယ်၊ ခရီးသွားခွင့်ရတာနဲ့ တစ်ပြိုင်နက် ခင်ဗျား ကို အစောင့် အကြပ်တွေနဲ့ နယ်စပ်စခန်း ရန်တူးကို မြစ်ကြောင်းကနေပြီး ရေယာဉ်နဲ့ ခေါ်သွားမယ်၊ အဲဒီက တစ်ဆင့် ၀င်းဟုပ်မြို့ကို ခေါ်သွားပြီး ရုံးတင်တရားစွဲမယ်၊ အဲဒီမှာ ခင်ဗျားအမှုရင်ဆိုင်ရမယ်"
လိုသာ သည် ခေါင်းအုံးကို မှီပြီး ထိုင်နေသည်။ သူ၏ လက်တစ်ဘက်ပြတ်ဒဏ်ရာတွင် ပတ်တီးစည်း ထားသည်။ ဘလိန်းအား စိုက်ကြည့်နေသော သူ၏မျက်နှာက ခံစားချက်မဲ့ပြီး ဖော်ပြချက် မရှိ ဖြစ်နေ သည်။
"ဒီမှာ ဒီလာရေး ခင်ဗျားအခြေအနေကတော့ ကြိုးစင်က လွဲပြီး တခြားဘာမှ မရှိနိုင်တော့ဘူး၊ ဒါပေမယ့် စိန် တွေကို ဘယ်မှာ ဖွက်ထားတယ်၊ သို့မဟုတ် ဘယ်လို လုပ်လိုက်တယ်ဆိုတာ ကျွန်တော့်ကို ဖွင့်ပြော ယင်တော့ ခင်ဗျားအတွက် သက်သက်ညှာညှာ ဖြစ်လာနိုင်တယ်"
ဘလိန်း က တစ်မိနစ်ခန့် စောင့်နေသည်။ လိုသာက တုံဏိဘာဝေ ဆိတ်ဆိတ်ပင်နေသည်။
"ကျွန်တော် ခင်ဗျားကို ဘာပြောချင်နေတယ်ဆိုတာ ခင်ဗျား နားလည်ရဲ့လား ဒီလာရေး"
ဘလိန်းက တိတ်ဆိတ်ခြင်းကို ဖြိုခွင်းပြီး ထပ်မေးလိုက်သည်။ လိုသာသည် ခေါင်းကို တစ်ဘက်သို့ လှည့် လိုက်ပြီး တဲပြတင်း အပြင်ဘက် မြစ်ကမ်းစပ်သို့ လှမ်းမျှာ် ငေးကြည့်လိုက်သည်။
"ကျွန်တော်ဟာ နယ်မြေအုပ်ချုပ်ရေးမှူးဆိုတာ ခင်ဗျား သိမယ်လို့ ကျွန်တော် ထင်တယ်၊ ခင်ဗျားရဲ့ ပြစ်ဒဏ်ကို ဆန်းစစ်နိုင်တဲ့ အခွင့်အရေး ကျွန်တော့်မှာ ရှိတယ်၊ ခင်ဗျားကို အသက်ချမ်းသာခွင့်ပေးဖို့ ကျွန်တော်က ထောက်ခံတင်ပြယင် တရားရေးဝန်ကြီးက လက်ခံမှာ သေချာသလောက် ရှိတယ်။ ဒီတော့ ခင်ဗျား မရူးမိုက်ချင်ပါနဲ့ဗျာ၊ စိန်တွေကို ထုတ်ပေးလိုက်ပါ၊ ခင်ဗျား အသက်ချမ်းသာရာရပါစေ့ မယ်လို့ ကျွန်တော် အာမခံပါတယ်"
လိုသာက သူ့မျက်လုံးအစုံကို ပိတ်ထားလိုက်သည်။
"ကောင်းပြီလေ ဒီလာရေး၊ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် နားလည်ကြပြီပဲ၊ ခင်ဗျား ရှေ့အဖို့ ကျွန်တော့် ရဲ့ သနားညှာတာမှုကို မမျှော်လင့်နဲ့တော့"
ဘလိန်း သည် တပ်ကြပ်ကြီး ဟန့်စ်မေယာအား တဲထဲသို့ ခေါ်ပြီး အမိန့်ပေးလိုက်သည်။
"တပ်ကြပ်ကြီး၊ ဒီအကျဉ်သားကို ဘာအခွင့်ထူးမှ ပေးစရာ မလိုဘူး၊ ခင်ဗျား သူ့ကို ၀င်းဟုပ်မြို့က သက်ဆိုင်ရာ အာဏာပိုင်ထံ မလွှဲအပ်မချင်း နေ့ရောညပါ ၂၄နာရီစလုံး အစောင့်အကြပ် ချထားရမယ်၊ ကျွန်တော် ကိုယ်စား ခင်ဗျား တိုက်ရိုက် တာဝန်ယူရမယ်၊ နားလည်လား"
"နားလည်ပါတယ် ဗိုလ်မှူးကြီး"
ဘလိန်း လိုသာတဲထဲမှ ထွက်သွားပြီး မြစ်ကမ်းဘေး၌ ထိုင်နေသော စင်တိန်ဆီသို့ လျှောက်သွားသည်။ စင်တိန့် ဘေးတွင် ၀င်ထိုင်ပြီး ဆေးပြင်းလိပ် တစ်လိပ်ကို မီးညှိလိုက်သည်။ မီးခိုးများကို ရှိုက်သွင်းပြီး မှုတ်ထုတ် လိုက်သည်။ ထို့နောက် ဒေါသတကြီးနှင့် ဆေးပြင်းလိပ်ကို လွှင့်ပစ်လိုက်သည်။
"ဟိုလူကတော့ ဘယ်လိုမှ ချော့မော့ဖျောင်းဖျလို့ မရဘး၊ ခင်ဗျား စိန်တွေပြန်ပေးယင် သူ့ကို သေဒဏ် က လွတ် အောင် ကျွန်တော် လုပ်ပေးမယ်လို့ ကမ်းလှမ်းခဲ့တယ်၊ သူက ဘာမှတောင် ပြန်မပြောဘူး"
"ဒါတွေထားလိုက်ပါတော့ ဘလိန်းရယ်"
"ကျွန်တော်လဲ ကျွန်တော့်ရုံးကို အမြန်ဆုံး ပြန်မှ ဖြစ်မယ်၊ မြစ်ကြောင်းက လှေနဲ့ စုန်ဆင်းဖို့ စီစဉ် ထား ခဲ့ပြီ"
"ကောင်းတယ်၊ ကျွန်မလဲ ပြန်ပြီး လုပ်ကိုင်စရာ ရှိတာတွေ လုပ်ရဦးမယ်"
"နက်ဖြန် မိုးလင်းလင်းချင်း ဒီကစပြီး ခရီးထွက်မယ်"
"ဘလိန်း ... ကျွန်မတို့ ဒီကမထွက်ခင် ကျွန်မ လိုသာ ... အဲဒီလာရေးနဲ့ စကားပြောချင်တယ်၊ သိပ်မကြာ ပါဘူး၊ ခဏလေးပါ၊ အဲ ... သူနဲ့ကျွန်မ နှစ်ယောက်တည်း တွေ့ချင်တယ် ဘလိန်း၊ ကျွန်မ အတွက် သိပ် အရေးကြီးလို့ပါ"
စင်တိန်သည် တဲအ၀င်ဝ၌ ခေတ္တရပ်လိုက်သည်။ တဲထဲ၌ အလင်းရောင်မှုန်ဝါးဝါး ဖြစ်နေသည်ကို ကျင့်သား ရအောင် ခေတ္တစောင့်ကြည့်လိုက်သည်။
လိုသာက အိပ်ရာပေါ်တွင် ထိုင်နေသည်။ ကိုယ်အထက်ပိုင်း၌ အင်္ကျီမရှိ၊ အောက်ပိုင်းကို အပေါစား စောင်ဖြင့် ခြုံထားသည်။ အသားအရေမှာ ဖျော့တော့ပြီး အရိုးပေါ် အရေတင် ဖြစ်နေသည်။ နံရိုးများ အပြိုင်းပြိုင်း ထနေသည်။
"တပ်ကြပ်ကြီး ဟန့်စ်မေယာ ကျွန်မ သူ့ကို စကားပြောစရာ ရှိလို့ နှစ်ယောက်တည်း ခဏ တွေ့ပါရစေ"
စင်တိန် က အထဲသို့ ၀င်ရင်း ပြောလိုက်သည်။
"ကျွန်တော် အပြင်ဘက် ခင်ဗျား လှမ်းခေါ်လို့ရမယ့်နေရာက စောင့်နေပါမယ်" တပ်ကြပ်ကြီးက အပြင် သို့ ထွက် သွားရင်း ပြောလိုက်သည်။
တဲထဲတွင် တိတ်ဆိတ်ငြိမ်သက်သွားသည်။ လိုသာနှင့် စင်တိန်တို့ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့် နေကြသည်။ စင်တိန်က ဦးစွာ စပြောလိုက်သည်။
"ရှင် ကျွန်မကို ပျက်စီးအောင် ကြံစည်ထားတယ်ဆိုယင် ရှင် အောင်မြင်ပါပြီ"
"ဘယ်သူက ဘယ်သူ့ကို ပျက်စီးအောင် လုပ်တာလဲ စင်တိန်"
လိုသာ က သူ၏ လက်ပြတ်ငုံးတိတိကို လှုပ်ပြရင်း မေးလိုက်သည်။ စင်တိန် မျက်လွှာချသွားသည်။
"ရှင် ကျွန်မဆီက လုယူသွားတဲ့ စိန်တွေထဲက အနည်းဆုံး တချို့တစ်ဝက် ပြန်မပေးတော့ဘူးလား၊ ဟိုတစ်ချိန် တုန်းက ကျွန်မတို့နှစ်ယောက် စိတ်တူကိုယ်တူ ရှိခဲ့တာလေးကို ပြန်ငဲ့ညာပြီးတော့လေ"
လိုသာ ဘာမှ ပြန်မဖြေ။ သူ၏ ကောင်းသော လက်တစ်ဘက်ဖြင့် ရင်ဘတ်မှ အမာရွတ်ဟောင်းကို ကိုင်တွယ် စမ်းသပ်လိုက်သည်။ စင်တိန် တွန့်ခနဲ ဖြစ်သွားသည်။ တစ်ချိန်က လျူဂါပစ္စတိုဖြင့် သူမ ပစ်ခဲ့ သော ဒဏ်ရာအမာရွတ်။
"ကောင်ကလေး ဆီမှာ စိန်တွေ ပါသွားတယ် မဟုတ်လား"
စင်တိန်သည် ရှင့်အဓ္ဓမသားဟု ပြောမည်လုပ်ပြီးမှ စကားလုံး ပြောင်းလိုက်ပြီး "ရှင့်သားလေ" ဟု ပြော လိုက်သည်။
လိုသာက ဆက်ပြီး ငြိမ်နေသည်။ စင်တိန်က ဆက်ပြောသည်။
"ရှင့်သား မင်းဖရက်လေ"
"မင်း ဒီလို ခေါ်လိမ့် ပြောလိမ့်မယ်လို့ ငါဘယ်တုန်းကမှ မထင်ခဲ့ဘူး"
လိုသာ့အသံတွင် ပျော်ရွှင်ချမ်းမြေ့မှုကို ဖုံးဖိမရအောင် ဖြစ်နေသည်။ "ဒါပေမယ့် မင်းသူ့ကို ဒုက္ခပေး ဖျက်ဆီး တော့မယ် အချိန်ကျယင်ကော သူဟာ ငါတို့ရဲ့သားဆိုတာ မင်း သတိရမှာလား"
"ကျွန်မ ဒီလို လုပ်လိမ့်မယ်လို့ ရှင်ဘာကြောင့် တွေးရတာလဲ"
"မင်းအကြောင်း ငါကောင်းကောင်း သိပါတယ် စင်တိန်"
"ဟင့်အင်း ... ရှင်မသိပါဘူး"
စင်တိန် က ခေါင်းတွင်တွင် ခါယမ်းပြီး ပြောလိုက်သည်။
"သူဟာ မင်းရဲ့လမ်းမှာ အဟန့်အတား ဖြစ်နေယင် မင်းတို့ ဖျက်ဆီးပစ်မှာပါ" လိုသာက အပြတ် ပြော လိုက်သည်။
"ရှင် ဒီလိုပဲ ထင်သလား၊ ကျွန်မ မွေးထုတ်ထားတဲ့ သားကို ဖျက်ဆီးလောက်အောင် ကျွန်မဟာ အလွန် အမင်း အကြင်နာတရား ခေါင်းပါးတဲ့ အာဃာတကြီး တဲ့ လက်စားချေလိုတဲ့ မိန်းမလို့ ရှင်ထင်သလား"
"မင်း သူ့ကို ဘယ်တုန်းကမှ အသိအမှတ် မပြုခဲ့ဘူးလေ"
"အခု အသိအမှတ်ပြပြီး၊ ကျွန်မ သူ့ကို သားလို့ အသိအမှတ်ပြုပြီး အခုတစ်ကြိမ်မက ပြောခဲ့တာကို ရှင်ကြားပြီပဲ"
"မင်း သူ့ကို ဒုက္ခမပေးပါဘူးလို့ ငါ့ကို ကတိပေးနေတာလား"
"ရှင့် ကို ကတိပေးစရာ မလိုပါဘူး လိုသာဒီလာရေး၊ ကျွန်မ ရိုးရိုးလေး ပြောနေတာပါ၊ ကျွန်မ မင်းဖရက် ကို ဒုက္ခ မပေးပါဘူး"
"ဒီတော့ မင်းကငါ့ဆီက အပြန်အလှန် သဘောနဲ့ တစ်စုံတစ်ရာရဖို့ မျှော်လင့်ထားမှာပေါ့"
"ရှင်ကရော ကျွန်မကို အပေးအယူသဘောနဲ့ တစ်စုံတစ်ရာ ပြန်လည်ကမ်းလှမ်းလာမှာမို့လား"
"ဟင့်အင်း ... ဘာမှ မကမ်းလှမ်းဘူး၊ မင်းကတိကို ပြန်ရုပ်သိမ်းချင် ရုပ်သိမ်းလိုက်ပါ"
"ကျွန်မ ဘာကတိမှ ရှင့်ကို မပေးခဲ့ဘူး၊ ဒါပေမယ့် ထပ်ပြောမယ်၊ ကျွန်မတို့ရဲ့သား မင်းဖရက်ကို ကျွန်မ ဒုက္ခ မပေးဘူး၊ သူ့ဒုက္ခရောက်အောင် ကျွန်မ တမင်သက်သက် ရည်ရွယ်ချက်ကြီးနဲ့ အန္တရာယ် မပေးဘူး၊ ဒါပေမယ့် ရှင့်အတွက်တော့ ကျွန်မ အဲ့ဒီလို အာမခံချက် မပေးနိုင်ဘူး"
စင်တိန်က တစ်လုံးချင်းအေးဆေး တည်ငြိမ်စွာ ပြောလိုက်သည်။ ထို့နောက် တစ်ဘက်သို့ လှည့်သွား ပြီး တပ်ကြပ်ကြီး အား လှမ်းခေါ်လိုက်သည်။
"ကျေးဇူးပဲ တပ်ကြပ်ကြီး၊ ကျွန်မတို့ ကိစ္စ ပြီးပါပြီ"
စင်တိန်က ထွက်သွားသည်။
"စင်တိန်"
လိုသာက အားအင်ချည့်နဲ့စွာ ခေါ်လိုက်သည်။ "မင်းရဲ့ စိန်တွေ တောင်ထိပ်က ပက်ကြားအက်ထဲမှာ" လို့ ပြော လိုက်ချင်သည်။ သို့သော် စင်တိန်က တံခါးဝမှနေ၍ နောက်ပြန်လှည့်ကြည့်လိုက်သောအခါ
"ခွဲကြပါစို့ စင်တိန် ... ငါနှုတ်ဆက်ပါတယ်၊ နောက်ဆုံးတော့ ဇာတ်လမ်းတစ်ပုဒ် ဆုံးပြီပေါ့" ဟုသာ လိုသာ က ပြောလိုက်သည်။
ဆက်ရန်
.
2 comments:
စိန်တွေကိုလုံးဝမပေးပါနဲ့လိုသာ...ဘယ်သူမှမရဘဲ
ကျောက်ကြားထဲမှာရှိရင်ရှိနေပါစေ..အဲဒီမိန်းမယုတ်
ကိုတော့မပေးလိုက်ပါနဲ့..သူ့ဟာသူမနေနိုင်၊မထိုင်နိုင်
အရင်စမြှူဆွယ်ခြဲ့ပီးမှ..အဓမသားတဲ့..တတ်လဲတတ်နိုင်တဲ့မိန်းမ...။
သူ့ကို သက်ညှာပြီး အသေမသတ်ခဲ့တဲ့လူတစ်ယောက်လုံး လက်ပြတ်သွားရပြီ။ ခုလဲ ကြိုးစင်တက်ရင်တက်၊ မတက်ရရင်လဲ ထောင်နှစ်ကြီး ကျရတော့မယ်။ ဒီကြားထဲက စိန်ရူးရူးနေသေးတယ်... ယုတ်မာသလောက် အတ္တကြီးလိုက်တဲ့မိန်းမ
Post a Comment