Thursday, November 10, 2011

စာရေးဆရာ ကိုအောင်ဆန်း, အပိုင်း (၄၅)

ကျွန်တော်တို့ အဖေနှင့်အမေ သည် ဗိုလ်ချုပ်အောင်ဆန်းကို များစွာကြည်ညိုလေးစား အားထား သူများ ဖြစ်သည်။ အဖေသည် ဗိုလ်ချုပ်အောင်ကို သခင်အောင်ဆန်းဘ၀ကပင် မြင်ဖူးတွေ့ဖူးသူ ဖြစ်သည်။ ပထမအကြိမ်မှာ ဗမာ့ထွက်ရပ်ဂိုဏ်းတရားပွဲ မန္တလေးမြို့မင်္ဂလာဈေး အနီးမှာ ကျင်းပ စဉ်ကဖြစ်သည်။ မှိုင်းကြီး ဦးဆောင်လာပါတကား။ ထိုစဉ်က သခင်အောင်ဆန်းသည် မှိုင်းသခင် တို့ဗမာအစည်းအရုံးနှင့် ဗမာ့ ထွက်ရပ်ဂိုဏ်း အတွင်းရေးမှူး ဘ၀သာရှိသည်။

“အင်္ဂလိပ် အခက်ဗမာ့အချက်”ဟူသော စကားကို သခင်အောင်ဆန်း ဟောပြောသွားသည်ဟု အဖေက ပြောပါသည်။
ဒုတိယအကြိမ်မှာ ဖက်ဆစ်၊ ဂျပန်တော်လှန်ရေးအပြီး နယ်ချဲ့အင်္ဂလိပ်တို့ မြန်မာ့မြေပေါ်တွင် ပြန်လည် ၀င်ရောက် လာသည့် အချိန်ကဖြစ်သည်။ ပြည်သူလူထုတစ်ရပ်လုံးသည် မခံမရပ်နိုင်ဖြစ် ကာအုံကြွ လာသည်။ အထွေထွေသပိတ်ကြီးမှောက် သည်။ ကျွန်တော်တို့ အဖေသည် စစ်ကိုင်း ခရိုင်အမှုထမ်း ပေါင်းစုံ သပိတ်ခေါင်းဆောင် တစ်ယောက်ဖြစ်သည်။ နိုင်ငံလုံးဆိုင်ရာ အမှုထမ်း ပေါင်းစုံ သပိတ်ကော်မတီ အစည်းအဝေး ရန်ကုန်တွင် ကျင်းပသည်။ စစ်ကိုင်းခရိုင်မှ အဖေတို့ အဖွဲ့တက်ရောက်သည်။ ဗိုလ်ချုပ်တို့ ဒီဒုတ်ဦးဘချို တို့နှင့် တွေ့ဆုံခဲ့ရသည်။

နောက်ဆုံးအကြိမ်မှာ စစ်ကိုင်းတွင်ဖြစ်သည်။ ဗိုလ်ချုပ်တို့ လုပ်ကြံမခံရမီ အချိန်ကလေးကပင် ဖြစ်သည်။ စစ်ကိုင်း နေရှင်နယ် ကျောင်းတွင် ကျင်းပသော ဗိုလ်ချုပ်တရားပွဲတွင် ဖြစ်သည်။ စစ်ကိုင်း မြို့ပေါ်မှ လူထု ပရိသတ် များသာမက ကျေးလက်တောရွာများမှ လူများပါ တစ်ခဲနက်တက်ရောက် ကြသည်။ အင်းဝ၊ တံတားဦး၊ မြင်းမူ၊ ငါန်းဇွန်၊ မြောင်၊ ချောင်းဦးစသော စစ်ကိုင်းခရိုင်တွင်းရှိ မြို့နယ်များမှ လူများလည်း တက်ရောက် လာကြသည်။

အရှေ့ဘက်ကမ်း အမရပူရတောင်မြို့၊ စံရွှေး၊ ရွှေကြက်ယက်တို့မှလည်းလာသည်။ ရွှေဘိုခရိုင်၊ မုံရွာခရိုင် တို့မှ ဖဆလပကိုယ်စားလှယ် များလည်းတက်ရောက်ခဲ့ကြသည်။ ဗိုလ်ချုပ်ဟောပြောပွဲသို့ လာရောက် နားထောင် ကြသော လူထု ပရိသတ်သည် ကျောင်းဝင်းထဲမှာ ဖွေးဖွေးလှုပ်နေသည်။ ပြည့်လျှံနေသည်။ အဖွဲ့ပေါင်းစုံ တက် ရောက်ကြပါတကား။ လမ်းမပေါ်မှာလည်း ကြိတ်ကြိတ်တိုး။ အဖေတို့အမှုထမ်းပေါင်းစုံ သမဂ္ဂ က လည်းဗိုလ်ချုပ်တို့အဖွဲ့ကို ကြိုဆိုဧည့်ခံကြရသည်။

လုပ်ကြံခံရသည့်နေ့က ဗိုလ်ချုပ်အောင်ဆန်းနှင့်အစိုးရ အဖွဲ့ဝင်လူကြီးများသည် ရန်ကုန်မြို့အ တွင်းဝန် ရုံးတွင် အစည်းအဝေးကျင်းပနေကြသည်။ လူသတ်သမားများသည် ဗိုလ်ချုပ်တို့ အစည်းအဝေးခန်းထဲသို့ ဇွတ်အတင်း ၀င်ရောက်ပြီး စက်သေနတ်များနှင့် တရကြမ်း ပစ်ခတ်သတ် ဖြစ်ကြသည်။ ရက်စက် လှပါတကား။ ဗိုလ်ချုပ်အောင်ဆန်း၊ ဒီးဒုတ်ဦးဘချို၊ သခင်မြ၊ မိုင်းပွန်စော် ဘွားကြီး စပ်စံထွန်း၊ မန်းဘခိုင်၊ ဦးရာဇတ်၊ ဦးဘ၀င်း၊ အတွင်းဝန်ဦးအုန်းမောင်နှင့် ရဲဘော်ကိုထွေး တို့ ကျဆုံးခဲ့ရသည်။ ၀န်ကြီး ဦးအောင်ဇံဝေ နှင့် ဦးဘဂျမ်း တို့နှစ်ဦး လွတ်မြောက်ခဲ့သည်။

ထိုစဉ်က ကျွန်တော်တို့ ငိုကြွေးခဲ့ကြရသည်။ ကျွန်တော်တို့နှင့်ရင်းနှီးသော အသိမိတ်ဆွေများ လည်း ငိုကြွေး ခဲ့ကြပါသည်။ တရာဖြင့်မွေ့လျော်နေကြသော ဘုန်းတော်ကြီးများနှင့် သီလရှင်များပင် သူတို့ မျက်နှာပေါ်တွင် မျက်ရည်စတွေနှင့် တွေ့ရပါသည်။ တစ်တိုင်းတစ်ပြည်းလုံး ကြိမ်မီးအုံးသကဲ့ သို့ ဖြစ်ခဲ့ ရပါတကား။

လုပ်ကြံသူမှာ နန်းရင်းဝန်ဟောင်း ဂဠုန်ဦးစောဖြစ်သည်။ တရားရုံးမှာ ရင်ဆိုင်ရာတွင်မူ သခင်ဗစိန် နှင့် ဒေါက်တာဘမော် တို့က ဂဠုန်ဦးစောဘက်မှ သက်သေလိုက်ခဲ့ကြသည်ဟု နောင်အခါမှ သိရ သည်။
မျိုးချစ်စာဆိုကြီး သခင်ကိုယ်တော်မှိုင်းသည် ဆယ်နှစ်သားအရွယ် မန္တလေးမြေတောင်ကျောင်း သား ဘ၀ က သီပေါမင်းနှင့် မိဖုရားပါတော်မူသည်ကို တွေ့မြင်လိုက်ရသူဖြစ်သည်။ (နေ) (လ) နှစ်ဆောင် ပါတော်မူတဲ့ အခိုက်ကိုဖြင့်၊ ကတိုက်ကရိုက်အမြန်မြင်လိုက်တော့၊ မခံချင်မာန်ဝင်တဲ့ အစွမ်းရယ်နှင့်ဟု ပါတော်မူကဗာကို ဖွဲ့ဆိုခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ကြီးများ လုပ်ကြံခံရတုန်းကလည်း “အာဇာနည် ဗိမာန်ပုထိုး ကိုဖြင့်၊ ပါရမီအဓိဌာန်တစ်မျိုးရယ်နှင့်၊ ရှိလိုးကာ ဆရာကန်တော့ချင်ရဲ့”ဟု ဖွဲ့ဆို ခဲ့သည် မဟုတ်ပါလော။

 ကျွန်တော့်မှာမူ နိုင်ငံတော်၏ကြီးမားသော အလှည့်အပြောင်း တစ်ရပ်ဖြစ်သည့် လုပ်ကြံမှုကြီးနှင့် ကြုံတွေ့ ခဲ့ရသော်လည်း မနှိုင်းကောင်းနှိုင်းကောင်း စလေဦးပုညနှင့် သခင်ကိုယ်တော်မှိုင်းတို့လို ဥာဏ်ပညာ ထက်မြက်သူ ပါရမီရှင်လည်းမဟုတ်၊ စာဆိုက၀ိလည်းမဟုတ်သဖြင့် ကဗျာဖြင့် မော်ကွန်း မတင် နိုင်ခဲ့ပါ။ သို့သော်အမျိုးသားအာဇာနည် ခေါင်းဆောင်ကြီးများ၏ မြင့်မြတ်သော ဂုဏ်ကျေးဇူး များကိုကား ကျွန်တာ်၏အသည်းနှလုံးတွင် ထာဝစဉ်ကိန်းအောင်းလျက် တည်ရှိနေပါ သည်။ လွမ်းလည်း လွမ်းဆွတ် မိသည်။ ဆွေးလည်းဆွေမိပါသည်။ မှန်သည်။ ကျွန်တော်တို့ မြန်မာ တစ်မျိုးသားလုံးသည် ကျေးဇူးရှင် အမျိုးသားအာဇာနည် ခေါင်းဆောင်ကြီးများ၏ သွေးခင်သော လမ်းကို လျှောက်လှမ်း ခဲ့ ရသည်မဟုတ် ပါလော။
ကျွန်တော်သည် ကျွန်တော်တို့ မြန်မာနိုင်ငံသူ နိုင်ငံသားများအဖို့ ကမ္ဘာကြီးချာချာလည်စေပြီး စိတ် ဝေဒနာ ခံစားစေခဲ့ရသောနေ့ကို ယနေ့တိုင်မမေ့နိုင်ပါ။ ထိုနေ့သည် ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ရက် စနေ နေ့ဖြစ်ပါသတည်း။

မောင်မောင်အေး (စစ်ကိုင်း)
ဗိုလ်ချုပ်နှင့်ဒီးဒုတ်ဦးဘချို
မောင်မောင်အေး (စစ်ကိုင်း)


မြန်မာနိုင်ငံလွတ်လပ်ရေး ကြိုးပမ်းစဉ်က လုပ်ကြံခံရသော အာဇာနည်ခေါင်းဆောင်ကြီးများ ထဲတွင် စာပေ သမား နှစ်ဦးပါသွားသည်ဟု ဆိုကြသည်။ မှန်သည်။ အမျိုးသားခေါင်းဆောာင်ကြီး ဗိုလ်ချုပ် အောင်ဆန်း နှင့် ဒီဒုတ်ဦးဘချို တို့ဖြစ်ပါသည်။ ဗိုလ်ချုပ်က အိုးဝေမဂ္ဂဇင်း အယ်ဒီတာဖြစ်၍ တော်လှန် ရေး လုပ်ငန်း များတွင် ပိုမိုအားသန်သည်။ ဒီးဒုတ်ဦးဘချိုက ဒီးဒုတ်ဂျာနယ် အယ်ဒီတာ ဖြစ်၍ အနုပညာ စာပေ ယဉ်ကျေးမှု ဘက်တွင် ပိုမိုထူးချွန်သည် မဟုတ်ပါလော။

အိုးဝေမဂ္ဂဇင်း

ဗိုချုပ်သည် ငယ်စဉ်ကပင်စာရေးစာဖတ်ဝါသနာ ပါသည်။ ရေနံချောင်း အမျိုးသားကျောင်း ကိုးတန်း ကျောင်းသား ဘ၀ကပင် လက်ရေးမဂ္ဂဇင်းစာစောင်၊ အင်္ဂလိပ်စာကဏ္ဍတွင် အယ်ဒီတာအဖြစ် ဆောင်ရွက် ခဲ့သည်။

ဗိုလ်ချုပ်ရှစ်တန်းကျောင်းသားဘ၀က ဒေါင်းဋီကာသစ်ကို သင်ကြားခဲ့ရသည်။ ယင်းစာအုပ်မှ ကောင်းကျိုး အထွေထွေရယ် နှင့် ချွန်စေ မြစေ စော၊ ဒေါင်းအိုးဝေရယ်လို့ တွန်စေ ကစေသောဟူ သော ကဗျာ ကလေးကို နှစ်သက်စွဲလမ်းခဲ့လေသည်။ သူတက္ကသိုလ် ကျောင်းသား သမဂ္ဂ၀ါဒ ဖြန့်ချိ ရေးမှုး ဖြစ်လာသော အခါ သမဂ္ဂ မဂ္ဂဇင်းကို အိုးဝေ မဂ္ဂဇင်းဟု အမည်ပြောင်းပြီး ငယ်စဉ်က သူနှစ်သက် စွဲလန်း ခဲ့သော အထက်ပါကဗျာလေးကို အိုးဝေမဂ္ဂဇင်း အဖုံးတွင် ဖော်ပြခဲ့လေသည်။ ထို့ပြင် သူသည် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ်ကို တည်ထောင်၍အဖွဲ့ချုပ်အာဘော် ဖြစ်သော “မျိုးညွန့်” မဂ္ဂဇင်းကို ပထမဦးဆုံး ထုတ်ဝေခဲ့သူလည်း ဖြစ်သည်။

ဗိုလ်ချုပ်သည် စာပေအသိုင်းအ၀ိုင်းနှင့် နီးနီးကပ်ကပ်နေခဲ့သူ ဖြစ်သည်။ အမျိုးသား ကျောင်းသား ဘ၀က ဆရာ ဦးခင်သန်း ကဲ့သို့ စာသများများနှင့် နီးစပ်ခဲ့သည်။ တက္ကသိုလ်ကျောင်းသားဘ၀က လည်းသခင်နု၊ တက်ဘုန်းကြီးသိန်းဖေ (သိန်းဖေမြင့်)၊ ညိုမြ၊ သခင်ဗဟိန်းစသူတို့နှင့် ရင်းနှီးသည်။ တို့ဗမာ အစည်းအရုံး ရောက် လာသော အခါမှိုင်းသခင်များ ဦးစီးသော နဂါးနီစာပေလှုပ်ရှားမှုတွင် ပါဝင်သည်။ ထို့ကြောင့် သခင်ကိုယ်တော်မှိုင်း၊ ဒီဒုတ်ဦးဘချို၊ ဂျာနယ်ကျော်ဦးချစ်မောင်၊ သခင်စိုး၊ သခင်သန်းထွန်းစသူတို့နှင့် နီးနီး ကပ်ကပ် ရှိခဲ့သည် မဟုတ်ပါလော။

နယူးဘားမား

ဗိုလ်ချုပ်သည် တို့ဗမာအစည်းအရုံး အတွင်းရေးမှုးဖြစ်စဉ်က အစည်းအရုံး၏ ကြေညာချက်များ၊ ဆုံးဖြတ်ချက် များကို သူပင်ဒိုင်ခံရေးသည်။ သူ၏စာမှာ ရှင်းလင်းသည်။ တိကျသည်။ လူအများနား လည် လွယ်သည်။ စားရေးရာတွင်လည်း လျင်မြန်ဖျတ်လတ်သည်။ အချိန်ယူ စဉ်းစား၍ ရေးရသူ မဟုတ်ပေ။ ဖြစ်ပေါ် လာသော အကြောင်းအရာကို တစ်မုဟုတ်ချင်းရေးသားနိုင်သူဖြစ်၏။ ဗမာ့ထွက် ရပ်ဂိုဏ်း စတင် ဖွဲ့စည်း စဉ်က အသင်း၏ရည်ရွယ်ချက်နှင့် စည်းမျဉ်းများကို အင်္ဂလိပ်ဘာသာဖြင့် တစ်မုဟုတ်ချင်း ရေးသား သည်ကိုကြည့်လျှင် သိနိုင်သည်။ သူသည် မြန်မာပိုင်အင်္ဂလိပ်သတင်း စာ“နယူးဘားမား” တွင်လည်း အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။ ဖက်ဆစ်တိုက်ဖျက်ရေး၊ ပြည့်သူ့လွတ်လပ်ရေး (ဖတပလ) (နောင်ဖဆပလ)အဖွဲ့ချုပ်ကို စတင်သည် စည်းမျဉ်းဥပဒေများကို သူပင်ရေးသားခဲ့သည် မဟုတ် ပါလော။

ဗိုလ်ချုပ်သည် စာပေနှင့်ပတ်သက်လျှင် အလွန်တရာဇွဲနပဲကြီး သူဖြစ်၏။ ကိုလိုနီအစိုးရ၏ နိုင်ငံရေး ၀ရမ်းပြေး ဘ၀က မြန်မာ့အလင်းသတင်းစာနှင့် ဒဂုန်မဂ္ဂဇင်းတို့တွင် ဆောင်းပါးများ ရေးသားခဲ့သည်။ စစ်ကြီး အတွင်းက ရန်သူတို့ ဗုံးကြဲတိုက်ခိုက်နေသည့် ကြားမှပင် သူ၏ကိုယ် တိုင်ရေး အတ္ထုပ္ပတ္တိနှင့် ဗမာ့ လွတ်လပ်ရေး အရေးတော်ပုံ ဆောင်းပါးများကို ရေးသားခဲ့သည် မဟုတ် ပါလော။
စစ်ပြီး ခေတ်တွင် အင်္ဂလိပ်နယ်ချဲ့တို့နှင့် အကြိတ်အနယ်ထိပ်တိုက် ရင်ဆိုင်ဆန့်ကျင်ရေး ကန္တွီစာချုပ်၊ အောင်ဆန်း အက်တလီစာချုပ်၊ ပင်လုံစာချုပ်၊ ဖဆပလပဏာမညီလာခံ၊ တိုင်းပြုပြည် ပြု လွှတ်တော် စသော အမျိုးသားရေးလုပ်ငန်းများ တရစပ်ရှုပ်ထွေးများပြားနေစဉ်ကလည်း စာပေ လုပ်ငန်းများ နှင့် မပြတ်ခဲ့ပေ။ ဗိုလ်မှုးကြီးဗထူးအတ္ထုပ္ပတ္တိစာအုပ် ဥယျောဇဉ်ရေးပေးခြင်း၊ ဟစ်တိုင် သတင်းစာ၊ ဒီးဒုတ်ဂျာနယ်၊ ဇ၀နဂျာနယ်တို့တွင် သ၀ဏ်လွှာများ ရေးသားပေးပို့ခြင်းနှင့် အင်္ဂလိပ် ဘာသာဖြင့် “ဗမာ့စိန်ခေါ်သံ” စာအုပ် ကို ပြုစုခဲ့သည်မဟုတ်ပါလော။

ဒီးဒုတ်ဂျာနယ်

ဒီးဒုတ်ဦးဘချိုသည် ၁၉၂၀ပြည့်နှစ်တွင် ပေါ်ပေါက်ခဲ့သော ဗဟန်းအမျိုးသားကောလိပ်၌ မစ္စတာ မောင်မှိုင်း ဘွဲခံ ဆရာလွန်းနှင့်တွဲဖက်၍ မြန်မာစာကထိကအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်သည်။ နှစ်ပါးကြည် ဂျာနယ် နှင့် ဗန္ဓုဂျာနယ်တို့တွင် “နောက်ဆွယ်ချောင်က တောက်တဲ့မောင်”ကလောင် အမည်ဖြင့် ဆောင်းပါးများ စတင်ရေးသားသည်။ အမျိုးသားကောလိပ်ကွယ်ပျောက် သွားသောအခါ မြန်မာ့ရီဗျူး ဂျာနယ် (၁၉၂၃)နှင့် ဒီးဒုတ်ဂျာနယ် (၁၉၂၅)တို့ကို ဦးစီးထုတ်ဝေသည်။ ဒေါက်တာဘမော် ၏ မြန်မာ့ ဇေယျာ သတင်းစာ (၁၉၃၂)တွင်လည်း ၀တ်လုံတော်ရ ဦးကျော်မြင့်နှင့်အတူ တွဲဖက်၍ အယ်ဒီတာအဖြစ် ဆောင် ရွက်သည်။

ဆရာချိုသည် အကျင့်သိက္ခာရှိသည်။ အရည်အချင်းရှိသည်။ အယ်ဒီတာဖြစ်သည်။ ပညာရှင် ဖြစ်သည်။ တစ်ချိန်တည်း မှာပင်စည်းရုံးရေမှုးလည်း ဖြစ်သည်။ နိုင်ငံရေးခေါင်းဆောင်လည်းဖြစ် သည်။ ဗိုလ်ချုပ် လည်း ထိုနည်းတူပင်ဖြစ်၏။ နှစ်ဦးစလုံးမှာ ပလေတိုး၏ပညာရှင်၊ နိုင်ငံရေးခေါင်း ဆောင်များက နိုင်ငံကိုဦး ဆောင်ရမည် ဟူသော အယူအဆနှင့်ကိုက်ညီသည်။ တိုင်းသူပြည်သား များကသူတို့နှစ်ဦးကို စွဲလမ်း ကြသည် မှာ ဤအချက်သည်အဓိကဖြစ်ဟန် တူပါသည်။

ဆရာချိုသည် မြန်မာ့ရိုးရာ ဂီတအနုပညာကို လေ့လာလိုက်စားသူဖြစ်၏။ ဂီတ၀ိသောဓနီကျမ်းကို ပြန်လည် တည်းဖြတ် ထုတ်ဝေသည်။ ဘွေသီဟာ ရာဇ၀င်ဝတ္ထုကြီး နှင့် အလင်္ကာဂီတ စာအုပ် တို့ ကိုလည်း ရေးသားခဲ့လေသည်။ အမျိုးသားယဉ် ကျေးမှုကို ထိန်းသိမ်ကာကွယ် စောင့် ရှောက်ရာတွင် ဆရာမှိုင်း၊ ဆရာဦးဖိုးကျား တို့ကဲ့သို့ပင် ရှေ့တန်း က ဆောင်ရွက်ခဲ့သူဖြစ်ပါသည်။

ဆက်ရန်
.

No comments: