ပင်စင်နာတစ်ဦး၏ အာလူးမှတ်တမ်း (၃)
မှန်ရာကို သံတော်ဦးတင်စေဗျာ
မှန်ရာကို သံတော်ဦးတင်စေဗျာ
ရှေးဘုရင်များကတော့ ဒီလိုပဲ အမိန့်တော်မြတ် မှတ်လေ့ရှိကြပါတယ်။ ကျွန်တော့်ကိုတော့ ဘယ်သူကမှ အမိန့် တော်မြတ် မမှတ်ပါခင်ဗျား။ ကျွန်တော့်ဘာသာ လက်ယား လို့ ရေးမိခြင်းဖြစ်သည် ဆိုသဟာကို ပထမ ရှင်းလင်းရန်လိုပါသည်။
ထို့နောက်ကျွန်တော့်ကဏ္ဍ၏ ခေါင်းစဉ် မသိမသာပြောင်းသွားတာကို သတိထားမိသူများ တွေ့ကြ ပါလိမ့်မည်။ ဤနေရာတွင်လည်း မှန်ရာကို သံတော်ဦးတင်ရလျှင် ကျွန်တော်သည် သောင်းပြောင်း ထွေလာ ထွက်စက ဆောင်းပါးအတွက် ဘရိန်းသံချေးတက်(ချိန်ဘရီးတော့ မဟုတ်ပါ) နေခိုက်မို့ မည်သို့ မျှလည်း အကြံမရသည်နှင့် ဆရာကြီးရွှေဥဒေါင်း ၏ ပင်စင်စားတစ်ဦး နှင့်ဆွေးနွေးခန်းခေါင်းစဉ်ကို တုကာ အာလူး ပူရီ လုပ်ခဲ့ရပါသည်။
ယခုပြန်စဉ်းစားပြန်တော့ ဆရာကြီး၏ ''ပင်စင်စား '' ဟူသည်ကို ကျွန်တော် သိပ်ဘ၀င်မကျပါ။ ဆရာကြီး တို့ ခေတ်တုန်းကမူ ပင်စင်ဟူသည် အေးအေးလူလူ မပူမပင် ထမင်းစားရမည်မှန်းသော်လည်း ကျွန်တော် တို့၏ နှစ်ဆယ်ရာစု နောက်ဆုံး ရာစိတ်ခေတ်တွင်မူ ပင်စင်ဟူသည်မှာ အမြင့်မားဆုံး ပင်စာလစာ ခြောက်ရာကျပ် သည်ပင် မိသားစု ၀လင်စွာ မစားကြရပါ။ ကျွန်တော်လိုငနာမျိုးဆိုလျှင် ပင်စင်လစာ ကလည်း အပြည့်မရခြင်းကြောင့် ထမင်းဝဖို့ကိုထား၊ ညနေခင်း မှန်မှန်သောက်လျှင်ပင် တိုင်ကွယ်ပုန်း၍ သောက်ရ ပါသည်။ သို့ပါသောကြောင့် ကျွန်တော့်အား ဧကန်ဧက ပင်စင်စားတစ်ဦး ဟု မခေါ်နိုင်ပါ။ အနေကန် အားဖြင့် ''ပင်စင်သောက်'' ဟူလျှင်လည်း မမှန်ပါ။ သောက် ဖို့လည်း မလောက်ပါ။ ကျွန်တော် ရိုးရိုး သားသား ပြောခြင်းပါ။ ဆန်းပြားထွေလာ တွေးတတ်သူများ ဘာတွေပြုံးသည်ကို ကျွန်တော် သိပါသည်။
သို့ကြောင့် ကျွန်တော်ကိုယ်ကျွန်တော် ဘာခေါ်ရမည်မသိ စဉ်းစားနေစဉ် အင်္ဂလိပ်စာ ၀ါသနာပါလှသော ဆရာကြီးရွှေဥဒေါင်း သည် ဤစကားလုံးကျမှ ဘာ့ကြောင့် သူ့ရှိရင်း အသံထွက်အတိုင်း မသုံးစွဲခဲ့သည်ကို စဉ်းစားမရ ဖြစ်နေရပါသည်။ ပင်စင်စားဟူသည့် မြန်မာဝေါဟာရ၏ ရင်းမြစ်မှာ သိုးဆောင်းဘာသာ pensioner ဖြစ်ပါသည်။ ဒယ်နီယက်ဂျုံး၏ အသံထွက် အဘိဓာန်ကိုကြည့်လျှင် ''ပင်စင်နာ'' ဟု အသံထွက်ထားပါသည်။ အဓိပ္ပာယ်ဖွင့်ဆိုချက် မှာနိုင်ငံတော်အစိုးရ ထံမှ ထောက်ပံ့ကြေးရိက္ခာငွေ ထုတ်ခွင့် ရသူဟူ၍ ဖြစ်ပါသည်။ ဤအသံထွက် စကားလုံးသည် ကျွန်တော်နှင့် ဒက်ထိ ၀င်သတည်း။ ကျွန်တော် သည် ''ပင်စင်နာ'' တစ်ဦး။
ပညတ် သွားရာ ဓာတ်သက် ပါသည့်အလား တကယ်ပင်လျှင် ပင်စင်နာဖြစ်ရပါသည်။ ကျန်းမာရေး မကောင်း ၍ ခါးနာ၍ တပ်မတော်မှ အငြိမ်းစားယူခဲ့ရသဖြင့် ပထမ ကျန်းမာရေးကြောင့် ပင်စင်နာ။ ဒုတိယ အားဖြင့် လုပ်သက်မပြည့်ခြင်းကြောင့် နှစ်ထပ်ကွမ်းပင်စင်နာ၊ တတိယအားဖြင့် ပြန်ကြားရေးနှင့် အသံလွှင့် ဦးစီး ဌာန တွင် ရှေ့သို့ စာစောင်နှင့် အင်္ဂလိပ်ဖောဝပ် စာစောင်တို့တွင် စာတည်းချုပ် ရှစ်နှစ် လုပ်ခဲ့ပြီးနောက် တစ်ပြားတစ်ချပ် မှ ခံစားခွင့်မယူဘဲ ထွက်ခဲ့သည့်အတွက် တတိယမိပ္ပပင်စင်နာ။ တစ်ဖန် မြက်မြက် ကလေး စာရပါမလားလို့ ဆိုင်းထဲလိုက်ပါမှ နှဲကြီးနင်းမိလို့ နှစ်ကျပ်ခွဲလျော်ရသကဲ့သို့ ကျွန်တော် သည် လစာများ ပိုထုတ်သွားသည်ဟု ဆိုကာ တစ်သက် ဆပ်မကုန်လောက်အောင် ပေးလျော်ရမည် အတောင်းခံ ရသည့်အတွက် အသက်ထက်ဆုံးနာ။ သို့လျှင် အနာပြီး အနာထပ်နေသည့် ကျွန်တော့် ပင်စင်နာ မောင်သော်က သည် တစ်လောကမှ မန္တလေးမြို့မှ ပြန်ခဲ့ပါသည်။
အယ်ဒီတုံးများနှင့် အယ်ဒီချွန်များ-
မန္တလေးကပြန်ရောက်သည်တွင် သောင်းပြောင်းထွေလာ ထွက်နေပါပြီ။ မနည်းတောင်းယူရ သော် မေတ္တာ လက်ဆောင် စာအုပ်ကို ဖတ်မိသည်၌ ကျွန်တော့်ဆောင်းပါးကိုဖတ်ပြီး အတော်ကြီး စိတ်ပျက်သွားရသည်။
ယနေ့ မြန်မာပြည် စာနယ်ဇင်းလောကတွင် စစ်မှန်သောအယ်ဒီတာ များဟူသည် မရှိတော့ပြီလော။ အယ်ဒီတာ ကို စာတည်း(၀ါ) စာတည်းဖြတ်သူဟု ၀ိဂြိုဟ်ပြု၏။ စာနယ်ဇင်းတစ်ယောက်၏ စာတည်း ဟူ သည်မှာ မိမိစားပွဲပေါ်သို့ ရောက်လာသည့် ၀တ္ထု၊ ဆောင်းပါးများကို မူလစာရေးသူ၏ အာဘော်လည်း မပျက် စေရအောင်၊ အဓိပ္ပာယ်လည်း လွဲမထွက်ရစေအောင်၊ နိုင်ငံတော်တွင် အန္တရာယ်မဖြစ်စေရအောင်၊ ချမှတ် ထားသည့် စာပေမူဝါဒများနှင့် ကိုက်ညီစေရအောင်၊ ဖတ်၍လည်း ကောင်းသထက် ကောင်းစေရအောင် တည်းဖြတ်ဖြည့်စွက်ပေးရသည့် အသိပညာရှင်တစ်ဦး ဖြစ်ရပါသည်။ မူလ စာရေးသူ ၏ အာဘော် နှင့် တက်တက်စင်လွဲသည်အထိ၊ အဓိပ္ပာယ်ယုတ္တိပျက်အောင် ဖြတ်လျှင် အယ်ဒီတာ ကောင်း တစ်ဦးမဟုတ်။ မသုံးသင့်၊ မသုံးနိုင်လျှင် လုံးဝမသုံးရန်သာ ရှိပါသည်။ ဒါကို စာရေးသူများက နားလည် ကြပါသည်။
ယခုမူ ဤသို့မဟုတ်။ တစ်ရံရောအခါက ကျွန်တော်သည် ပြည်သူပိုင် သတင်းစာကြီး တစ်စောင်တွင် ဆောင်းပါး ရေးသူဖြစ်၏။ ကျွန်တော့်ဆောင်းပါး တစ်ပုဒ် ကို ယင်းသတင်းစာ အယ်ဒီတာများက ဖြတ်တောက် ထည့်သွင်းလိုက်ကြသည်၌ ကျွန်တော်၏ ဆိုလိုရင်းအဓိပ္ပာယ်နှင့် တက်တက်စင်လွဲကာ စာဖတ် ပရိသတ် လုပ်သားပြည်သူများနှင့် ဆောင်းပါးရေးသူ ကို ရန်တိုက်ပေး သကဲ့သို့ဖြစ်သွားသည်။ လာလိုက်ပါလေရဲ့ဗျာ....ဆဲစာတွေ ပလူပျံလို့။
သို့လျှင်အယ်ဒီတာများက ပရိသတ်နှင့် ကျွန်တော့်ကလောင်ကို ရန်ထောင်ပေးခဲ့ပါတဲ့။ သူဖြတ်တောက် လိုက်၍ ဤသို့ ဖြစ်သွားသည်ကို သူ သတိမထားလိုက်မိပါတဲ့ အဲဒါအယ်ဒီတုံး ခင်ဗျား အမှန်တော့ သူ အဲလောက် မတုံးပါ ... သူ သိပါသည်.. ဖယ်မလီယာ ကား တယ်ကောင်းဆိုပဲ။ ဟော ယခုကြုံရပြန်ပြီ။ အယ်ဒီတာတစ်ယောက် ခင်ဗျာ။ သူတို့ကတော့ ပညာသား ပါလှသည်။ သတင်းပညာတွင် နှစ်ယောက် မရှိသူများ ဖြစ်သည်။ ကြည့်ပါဗျာ ရေတပ် ဗိုလ်ချုပ်ကြီး လော့ဒ်လူဝီမောင့်ဘက်တန် သြဂုတ် ၂၇ရက်နေ့မှ လုပ်ကြံ ခံခဲ့ရသည်။ အဲဒါကို အခြား စက်တင်ဘာ လထုတ် မဂ္ဂဇင်းများတွင် ဘယ်သူမျှပါအောင် မလုပ်နိုင်ကြ။ သြဂုတ်လ ၃၀ ရက်နေ့ကပင် ချုပ်လုပ်ပြီးနေသည့် သူတို့စာစောင်တွင် ရှေ့ဆုံးမှ ပါလိုက် သေးသည်။ ဒါကို သတင်းပညာဟု မခေါ်လျှင် ဧကန္တ ဤသူများသည် ဤလုပ်ကြံမှုသတင်း ကို ကြိုတင် ရရှိထား ပေသလော။ အိုင်အာအေရ်နှင့် အဆက်အသွယ် ရှိသူများပေလော တွေးတောစရာဖြစ်သည်။ (ဒါက သူတို့ကို ကျွန်တော်က ပြန်၍ အချွန် နှင့် မခြင်း)။
ဤမျှပညာသားပါလှသည့် သောင်းပြောင်းထွေလာ အယ်ဒီတာများသည် ကျွန်တော့် ဆောင်းပါးကို ခေါင်းကဖြတ်၊ ဖင်ကဖျက်၊ ခါးကဖြုတ်နှင့် စစ်ရေယာဉ်မေယုကြီးအကြောင်း ရေးထားသည်ကို တစ်ပုဒ်လုံး မြှုပ်လုပ်လိုက်ကြရာ၊ ကျွန်တော် လက်ထိပ်စော် တော်တော်နံသွား ပါသွား။ သူတို့က ဤနည်းအားဖြင့် တည်းဖြတ်ရင်း အချွန် နှင့် မလိုက်သည့်အတွက် သူတို့သည် အယ်ဒီချွန် များ။
ဤသို့လျှင် ကျွန်တော်သည် အယ်ဒီတုံး များ၊ အယ်ဒီချွန် များ တစ်လှည့်စီ ၀ိုင်းအုပ်ခြင်းခံရ သည့် ကလောင် တစ်ချောင်း ဖြစ်သည်မို့ ကျွန်တော့်ဆောင်းပါးများကို ဖတ်လျှင် ဒါ မောင်သော်က၏ '' အော်ရီဂျင်နယ်'' (မူရင်း) လားဟု တွေးဆပြီးမှ ယုံကြည်စေလိုပါသည်။ အော်ရီဂျင်နယ် မောင်သော်က ဘယ်တော့မျှ မဆိုးပါခင်ဗျား၊ ကဲ....မန္တလေး။
တည်းခိုခန်းနှင့် ရှမ်းထမင်းမြို့တော်
''ကိုယ်လာခဲ့ ခရီးဝေး..... သူနေတဲ့ မန္တလေး...ဘူတာက ဆီးလို့ဟောင်..... ကျွန်တော်သည် သီချင်း ဆိုညည်းရင်း အဆန်ရထားအမှတ် ၅ နှင့် ရွှေမန်းသို့ တစ်ခေါက်ရောက်ခဲ့ပါသည်။ မရောက်သည်မှာ ရှစ်နှစ်ရှိပြီ၊ ကံကောင်းချင်တော့ ကျွန်တော်များ စီးနင်းသည့် ရထားတွင် ပို့/ဆက် ဝန်ကြီးလည်း ပါလာသည်။ မီးရထားကြီး ကောင်းလိုက်ပုံ၊ သန့်လိုက်ပုံများ ကတော့ မကျန်တာ့ အချိန်မှဗန်လိုက်ပုံများ ကလည်း ဂရင်း နစ်စံတော်ချိန် နာရီများပင် ထိုနေ့က မန္တလေး ရထားဆိုက်ချိန်နှင့် ကိုက်ချိန်ညှိရလိမ့်မည် ထင်ရသည်။ အပြန် မီးရထား အကြောင်းတော့ နောက်တစ်ပါတ် မှ ပြောကြတာပေါ့၊ ဟော.. မန္တလေး ရောက်လာပါပြီ။
ဘူတာစင်္ကြန်တစ်ခုလုံး က ရှင်းနေသည်။ ကြိုဆိုသူ တစ်ဦးမျှပင် မရှိ ဘူတာ အပြင်ဘက် ထွက်လိုက် တော့လည်း တက္ကစီကား ငှားစီးစရာ တစ်စီး မျှမတွေ့ စစ်သုံးကားကြီး ကားငယ် ကားပြာများက ဘေး အတွင်းတွင် အပြည့် သြော်.. စီကြူရီတီ ယူထားတာကိုး မြင်းလှည်းဆိပ် လျှောက်လာ ခဲ့ရသည်။ စစ်ကိုင်းတန်း ချစ်ညီုပုံနှိပ်တိုက် တစ်ဆယ်တဲ့ မန္တလေးသား တစ်ဦး ဝင်ဆစ်ပေး၍ ၇ကျပ် နှင့် ရ၏။ ၂၆ ဘီလမ်းမှာ အနှေးယဉ် များ မဝင်ရခြင်းကြောင့် တရုတ်တန်းဘက်မှ လှည့်ပတ်မောင်း၏။ ဒါကြောင့် တစ်ဆယ်တောင်းခြင်းဖြစ်မည်။
မန္တလေးသည် ပြောင်းလွဲနေ၏။ မန္တလေး တွင်သာလျှင် မဟုတ်။ ခေတ်သမိုင်း နှင့် စီးပွးရေးကို အခြေပြု၍ နေရာတိုင်းမှာ ပြောင်းလွဲရမည်မှာ ဓမ္မတာသာလျှင် ဖြစ်သည်။ သို့သော် မန္တလေး အဖြစ်မျိုးကတော့ ဆိုးလှသည်။ မန္တလေး တွင်မြင်းလှည်း နှင့် စက်ဘီးတိုက်၍ မသေလျှင် မြန်မာပြည်အရပ်ရပ်တွင် ဤကပ် ကို ကျော်ပြီမှတ်။ ကျွန်တော် ရောက်သည့် နေ့ တွင်ပင် ဒါးတန်း ရေခဲစက်အနီး ၌ တရုတ်မကြီးတစ်ဦး မြင်းလှည်း ကြိတ်နင်း၍ သေဆုံးခဲ့ရသည်။
မန္တလေး သည် စကြာတွေ ပေါလှသည်။ ရပ်ကွက်များကိုကြည့်၊ မြမန်းစကြာ စကြာနွယ်စဉ် စသည်ဖြင့် အမှန်တကယ် မန္တလေး ၏ စကြာ မှာ ခြေနင်းစကြာ စက်ဘီးသာလျှင် ဖြစ်သည်။ မန္တလေးသားများ အခေါ်တော့ ဘိန်းပေါ့ ၊ မန္တလေး တွင် ဘိန်းများ တောင်ပုံရာပုံ ပေါလှ၏။ ဘယ်တိုင်းပြည်က လုပ်သည်ဟု တိကျ မှန်ကန်စွာ မသိရသော ဘိန်းများကို ကိုဂျဒီးနား ပြည်က လုပ်သည်ဟု ခေါ်ရမည် ဖြစ်သည်။ ကိုရီယား မှ ဂွေ ဂျပန် မှ လက်ကိုင်ထိုင်ခုံ၊ အင်ဒီးယား မှ ကိုယ်ထည်၊ ချိုင်းနား မှ တာယာ စသည်ဖြင့် ဆင်ထားကြခြင်း ကြောင့် ကိုဂျဒီးနား ဘိန်း များဟု ခေါ်သည်။ အားလုံး တောက်တောက် ပြောင်ပြောင် အသစ် ချည်း ဖြစ်၏။
ရှေးယခင်က နှုတ်အာရွှင်လှသည့် ဈေးချိုသူ အမူတုံး တို့လည်း အာစလျှာစ တုံးကြလေပြီ။ ဈေးဝယ်သူ ကို မျှော်ငေး၍သာ ကြည့်နေကြသည်၊ မှိုင်ငိုင်နေကြသည်။ အရောင်းအဝယ် က မကောင်းသည်မို့ ရွှေခြေကျင်း တို့ လည်း ဘဝပြောင်းခဲ့ပြီ ဖြစ်သည်။
တည်းခိုခန်းများသည် မန္တလေး၏ ယနေ့သ၇ုပ်ကို မီးမောင်းထိုးပြလျှက်ရှိသည်။ မန္တလေး ဆိုသည်မှာ ဧည့်မြို့တော်၊ အထက်မြန်မာပြည် ချင်းတွင်းဒေသနျင့် ရှမ်းပြည်နယ်၏ တံခါးဝ မန္တလေးသား များ က လည်း ရှေးယခင် ကဆိုလျှင် ဧည့်ကြိုထောက်ကြသည်၊ လေဆိပ်၊ ရေဆိပ်၊ ရထားဆိပ် တို့`၌ ယခုမူ တည်းခိုခန်း ချည်းသာ ဖြစ်၏။
တည်းခိုခန်းများနှင့်အတူ မှိုပေါက်သလို ပေါ်လာသည်မှာ ရှမ်းထမင်းချဉ်၊ ရှမ်းခေါက်ဆွဲ စားသောက်ဆိုင် များဖြစ်သည်။ သို့သော် ရှမ်းပြည်တွင် စားရသကဲ့သို့ ရိုးရိုးလေးနှင့်အရသာရှိသည်ထင်လျှင် မှားပေမည်။ ကျွန်တော်သည် ရှမ်းထမင်းချဉ် ကို အလွန်ကြိုက်၏။ ထမင်းချဉ်ကို ငါးအသားဖတ်များနှင့်၊ နယ်သုတ်၍ ဂျူးမြစ် ဟင်းချို နှင့် စားသောက်ရလျှင် ရိုးရိုးစင်းစင်းနှင့် အရသာထူးလှသည်။ တောင်ကြီးရောက်လျှင် ဈေးအတွင်း မှ ရှမ်းမကြီးထံဝင်စားရသည်မှာ အမြဲ။
ရှမ်းထမင်းဆိုင် ဖွင့်ထားသည့် မိတ်ဆွေတစ်ဦးက ကျွန်တော့်အား ခေါ်ကျွေးကာ မှတ်ချက်တောင်းသည်။ ထမင်းတွင် ခအုနီများ၊ မုံလာဥများ၊ နိုကိုဥများ၊ ခေါက်ဆွဲခြောက်ကြော်များ၊ ခရမ်းချဉ်သီးများနှင့် ရှုပ်ပွနေ သည်။ အားမနာရမည့်သူများ ဖြစ်ခြင်းကြောင့် ကျွန်တော်က ရှင်းရှင်းပဲပြောလိုက်သည်။
"ဒီလိုရှိတယ်ဗျာ . . . ရှမ်းရိုးရာ ထမင်းချဉ်ကို ကျွန်တော်သိပ်ကြိုက်တယ်၊ ဒါကြောင့် လာစားတာ၊ အခုတော့ ပုံပြင်လေးတစ်ခု ပြောပြမယ်၊ တစ်ခါက တောရွာလေးတစ်ရွာ ကျွန်တော်သွားတော့ မိလုံး ဆိုတဲ့ တောသူမလေး တစ်ယောက် တွေ့ခဲ့တယ်၊ ဆံတောက်ကလေး၊ ပါးကွက်ကလေး၊ နားဆွဲလေး၊ မျက်တောင် ကော့လေးနဲ့ သိပ်ချစ်ဖို့ကောင်းတယ်။ ကျွန်တော်လည်း သိပ်အသည်းစွဲခဲ့ရတယ်။ ခု မိလုံး တစ်ယောက် တောကနေ မန္တလေး ရောက်နေပြီကြားလို့ ကျွန်တော်လာတွေ့တော့ မိလုံး မဟုတ် တော့ဘူး။ 'ဒေစီ' လို့မှည့်ထားတာတွေ့ရတယ်။ ကျွန်တော် ချစ်မိတာက မိလုံးဗျ၊ ခင်ဗျားရဲ့ ရှမ်းမဟုတ်၊ လအယ် မဟုတ်၊ ဒေစီ မဟုတ်ဘူး"
ဒါ. . . ကျွန်တော့် မန္တလေးတစ်စွန်းတစ်စ ဖြစ်ပါသည်။
ဆက်ရန်
.
No comments:
Post a Comment