(၁၈)
နောက်တစ်နေ့မနက် အလင်းရောင်မလာမီ သူတို့စတင်ခရီးထွက်လာ သည်။ လူပုကလေးနှစ်ယောက်က ရှေ့မှ ဦးဆောင်ကာ အရှေ့ဘက်တည့်တည့်သို့ ထွက်လာသည်။ နေထွက်လာသည်နှင့် အပူရှိန်က ပြင်းထန် လာသည်။
အတန်ငယ်ကြာသောအခါ ရှေ့မှပြေးနေသော ကေ၀ိသည် ရုတ်တရက်ရပ်လိုက်သည်။ ထို့နောက် ခေါင်း ကို အနည်းငယ်မော့ပြီး နှာခေါင်းကိုပွစိပွစိလုပ်ကာ အနံ့ခံနေသည်။ သူ့ညကေ၀ိ ၀တုတ်ကလည်း အလားတူ ပင်အနံ့ခံပြန်သည်။
" သူတို့ဘာလုပ်နေကြတာလဲ"
ဘလိန်းက မြင်းကိုရပ်လိုက်ပြီး စောင့်ကြည့်နေရာမှ မေးလိုက်သည်။ စင်တိန် အဖြေပေးတော့မည့် ဆဲဆဲ မှာပင် ကေ၀ိဝတုတ် ကလည်း သူ့နောက်မှ လိုက်ပြေးသွားသည်။
" ရေ ... သူတို့ ရေအနံ့ရသွားပြီ " စင်တိန်က မြင်းပေါ်တွင်ကိုယ်ကို မတ်လိုက်ပြီး ပြောလိုက်သည်။
" ခင်ဗျား တကယ်ယုံသလား " ဘလိန်းကမေးသည်။
" ကျွန်မလဲ ပထမတစ်ကြိမ်တုန်းက မယုံခဲ့ဘူး၊ အိုဝါ ဆိုရင် ငါးမိုင်လောက်အဝေးကနေ ရေအနံ့ကိုရတယ်၊ လာ သွားမယ်၊ ကျွန်မရှေ့ကိုလက်တွေ့ပြမယ် "
သူတို့နောက်မှ မြင်းစီးပြီးလိုက်သွားသည်။ ရှေ့တည့်တည့်တွင် တောင်ပူစာလေးကို တွေ့ရသည်။ တောင် ထိပ် ၌ ထူးထူးခြားခြား သစ်ပင်တစ်ပင်မှတစ်ပါး အခြားမည်သည့်အပင်မှမရှိပေ။ သူတို့တောင်ပူစာလေးသို့ မရောက်မီပင် ကေ၀ိ ညီအစ်ကို ဗြုန်းခနဲအပေးရပ်လိုက်သည်။ နှစ်ဦးသား ရင်ပေါင်တန်းပြီး သူတို့ ခြေထောက် အောက်မှ မြေပြင် ကို ဆန်းစစ်အကဲခတ်လိုက်ကြသည်။
စင်တိန် သူတို့အနားရောက်သွားသောအခါ ကေ၀ိညီအစ်ကိုတို့ အပြန်အလှန် စကားပြောသံကို ကြား ရသည်။
သူတို့ပြောနေသည့်စကားများကို စင်တိန်က ဘလိန်းအားဘာသာပြန်ပြသည်။
" ကျွန်မ တို့ ခြေရာခံမိပြီ၊ လိုသာဒီလာရေး ရဲ့ ခြေရာတွေပဲဆိုတာ သေချာတယ်၊ လူသုံးယောက်မြင်းစီးပြီး တောင်ဘက် က လာတယ်၊ ရေရှိရာကို ဦးတည်သွားတယ်၊ သူတို့သုံးပြီးသား မြင်းတွေကို စွန့်ပစ်ခဲ့တယ်၊ သူတို့ မြင်းတွေကို အားကုန်ကဆုန်စိုင်းလာကြတာ၊ မြင်းတွေခြေကုန်လက်ပန်းကျကုန်တယ်၊ ဒီလာရေး ဟာ အားလုံးအသေးစိတ် တွက်ဆချိန်ကိုက်ထားတာပဲ "
စင်တိန်သည် အနည်းငယ်စိတ်သက်သာရာ ရသွားသလိုရှိသည်။ သူမတွေးဆချက် မှန်ကန်နေပြီ။ လိုသာ သည် ပေါ်တူဂီနယ်စပ်ဘက် သို့ ဦးတည်သွားနေသည်မှာ သေချာသည်။ လိုသာနှင့်စိန်များသည် မိမိတို့၏ ရှေ့ဘက် သိပ်မဝေးသောနေရာတွင်ရှိနေချေပြီ။
" ဘယ်လောက်ဝေးသေးလဲကေ၀ိ " စင်တိန်က စိတ်မောတကြီးမေးလိုက်သည်။ စင်တိန်သည် ခြေရာ များကို ကိုယ်တိုင် စစ်ဆေးရန် မြင်းပေါ်မှ ခုန်ဆင်းလိုက်သည်။
" ဒီမနက်ကပဲ နမ်ချိုင်း "
ကေ၀ိ သည် အရှေ့ဘက်ကောင်းကင်သို့ လက်ညိုးထိုးပြသည်။ လိုသာတို့ ဤနေရာမှဖြတ်သွားချိန်တွင် ကောင်းကင် ၌ နေမည်သည့်နေရာလောက်၌ ရှိနေသည်ကို လက်ညိုးထိုးပြလိုက်ခြင်းဖြစ်သည်။
" အရုဏ်တက်ပြီးအချိန်ပေါ့၊ ဒါဆို ကျွန်မတို့က သူတို့နောက်မှာ ရှစ်နာရီလောက် နောက်ကျ နေ သေးတယ်" စင်တိန်က ဘလိန်းအား ပြောပြလိုက်သည်။
" ဒါဆို ကျွန်တော်တို့ အတော်လိုက်ရဦးမှာပဲ၊ အခုကစပြီး တစ်စက္ကန့်မှ အချိန်ဖြုန်းလို့ မဖြစ်တော့ဘူး၊ ကဲ ... ရဲဘော်တို့ ရှေ့ဆက်ချီတက် "
တောင်ပူစာလေး ကို ကျော်လာပြီး မိုင်ဝက်ခန့်အရောက်တွင် စင်တိန်က ဘလိန်းအားပြောလိုက်သည်။
" ဒီနား တစ်ဝိုက် မှာ မြင်းတွေကို စားကျက်မှာထားခဲ့သေးတယ်၊ မြင်းတော်တော်များများကို ရက် သတ္တပတ် အတော်ကြာ ဒီမျာထားခဲ့သေးတယ်၊ ဒီနားကနေရာတိုင်းမှာ မြင်းခွာရာတွေတွေ့တယ်၊ ကျွန်မတို့ တွေးထား တဲ့အတိုင်းပါပဲ၊ ဒီလာရေးဟာ သူ့လူတွေကို ဒီမှာမြင်းတွေနဲ့ အသင့် စောင့်ခိုင်းထားခဲ့တာပဲ၊ ရေထွက်နေရာ ရောက်ရင် အထောက်အထားတွေ ပိုတွေ့ရမှာပါ "
စင်တိန်သည် စကားကိုရပ်လိုက်ပြီး အရှေ့ဘက်ဆီသို့ မျှော်ကြည့်လိုက်သည်။ ပုံပျက်ပန်းပျက်ဖြစ်နေသော အပုံ သုံးပုံ၏ အရိပ်ကို တောင်ခြေရင်းမြေပြင်ပေါ်၌ တွေ့လိုက်ရသည်။
" ဟိုကဟာတွေ ဘာတွေလဲ "
စင်တိန်လိုပင် ဘလိန်းလည်း ထိုအရာများကိုမြင်ပြီး ဇဝေဇ၀ါဖြစ်သွား၍ မေးလိုက်သည်။ ထိုအရာနားသို့ မြင်းဖြင့် ရောက်သွားမှသာ ဘာဆိုသည်ကို ကွဲကွဲပြားပြားသိရတော့သည်။
" မြင်းအသေ တွေပါလား၊ သုံးပြီးသားမြင်းတွေကို ဒီလာရေးက ပစ်သတ်ခဲ့တာဖြစ်ရမယ် " စင်တိန်က တအံ့ တသြပြောလိုက်သည်။
" မဟုတ်နိုင်ဘူး၊ ကျည်ဆန်အရာမရှိဘူး "
ဘလိန်း က ပြောပြောဆိုဆိုပင် မြင်းအသေကောင်းများကို စစ်ဆေးရန် သူ့မြင်းပေါ်မှ အောက်သို့ ဆင်း လိုက်သည်။
စင်တိန်က ဘေးပတ်ဝန်းကျင်သို့ လှည့်ကြည့်လိုက်သည်။ ရှေးခေတ်က သစ်တပ်ဟောင်းတစ်ခုကိုတွေ့ရ သည်။ ထိုနေရာတွင် မြင်းအသစ်များထားပြီး လိုသာ့အလာကို စောင့်ခြင်းဖြစ်ပုံရသည်။ သက်ငယ်တဲသေး သေးတစ်လုံး ကိုလည်း တွေ့ရသည်။ မြင်းများကို စောင့်ကြပ် ထိန်းသိမ်းသူနေသွားသော နေရာ ပင်ဖြစ်ရမည်။
" ကေ၀ိ ... ဒီနေရာကနေ ဆက်သွားတဲ့ခြေရာတွေကို လိုက်ရှာစမ်းပါ၊ ကေ၀ိဝတုတ် ... စခန်းထဲမှာ သဲလွန် စလိုက်ရှာ၊ တို့အခု လိုက်နေတဲ့ မကောင်းဆိုးဝါးကောင်နဲ့ပတ်သက်လို့ ပိုပြီး သိနိုင်တဲ့ အချက်အလက် တွေကို လိုက်ရှာစမ်းပါ "
စင်တိန်သည် လူပုကလေးနှစ်ယောက်ကိုခေါ်ပြီး တာဝန်ပေးလိုက်သည်။ စင်တိန်သည် သူ့မြင်းကြီးကို ရေ ထွက်သော စမ်းပေါက် ဆီသို့ စီးသွားသည်။
စမ်းရေအိုင်သည် တောင်အောက်ခြေရင်း၌ရှီသည်။ ရေသည်တောင်စောင်းကျောက်ဆောင်အောက် ၁၅ ပေခန့်တွင်ရှိနေသည်။ ကျောက်တောင်စွန်းက ရေအိုင်ကိုနေမထိုးအောင်ကာထားသည်။ ထို့ကြောင့် ရေမှာ အေးနေပြီး နေရောင်အပူရှိန်ကြောင့် ချက်ချင်း ရေငွေ့ဖြစ်ကာ ခန်းခြောက်သွားမည့် အန္တရာယ်မှလည်း ကာကါယ်ပြီးသားဖြစ်နေသည်။ ထိုနေအိုင်သည် ရေချိုးသော ကြွေဇလုံကြီးထက် သိပ်မကြီးလှပေ။ မြေ အောက်မှ စိမ့်ထွက်နေသော စမ်းရေက ထာဝရဖြည့်တင်းပေးနေသည်။
ရေကန်သည် စင်တိန့်အာရုံကို စက္ကန့်ပိုင်းလောက်သာ ဆွဲဆောင်နိုင်သည်။ သို့သော် စင်တိန်သည် မြင်းကုန်းနှီးပေါ်၌ ထိုင်နေရာမှ ချက်ချင်း တစ်ကိုယ်လုံး တောင့်ခနဲ ဖြစ်သွားပြီး အံ့အားသင့်သွားသည်။ အော်မိတော့မလိုပင် ဖြစ်သွားပြီး ပါးစပ်ကိုလက်နှင့် ပိတ်ကာ ကာထားလိုက်မိသည်။ ထိုသို့ ဖြစ်သွား ရခြင်းမှာ ရေကန်စပ်၌ စိုက်ထူသွားသော ဆိုင်းဘုတ်ကို မြင်လိုက်ရသောကြောင့်ဖြစ်သည်။
သစ်ကိုင်းတစ်ကိုင်း ကို မြေမာပေါ်၌ တိုင်အဖြစ်စိုက်ထူထားသည်။ တိုင်အောက်ခြေတွင် ကျောက်တုံးများ ပုံပြီး တိုင်ကို ထိန်းထားသည်။ တိုင်ထိပ်တွင် ဂါလံဝက်ဝင်ပုံးအလွတ်ကို စွပ်ထားသည်။ ပုံးအောက်တွင် သစ်သားပြား တစ်ပြား ကို တိုင်၌ သံဖြင့်ရိုက်ထားသည်။ ထိုသစ်သားပြားပေါ်တွင် မီးသွေးခဲ့ဖြင့် အောက်ပါ အတိုင်းရေးထားသည်။
" ရေကန် ကို အဆိပ်ခတ်ထားသည် "
တိုင်ထိပ်မှ ရေပုံးလွတ်၌ အရိုးခေါင်းနှင့် ကြက်ခြေခတ်အရိုးနှစ်ချောင်းပုံ ဆွဲထားသည်။ ထိုလက္ခဏာ အောက်တွင် အောက်ပါအတိုင်းရေးထားသည်။
" စိန်ဓာတ်အဆိပ် "
ဘလိန်းကစင်တိန်ဘေးသို့ရောက်လာသည်။ သူတို့နှစ်ယောက်စလုံး အံ့အားသင့်ပြီး အားစေး ထည့် ထား သလို ဖြစ်နေသည်။ တစ်အောင့်ကြာမှ ဘလိန်းကပြောလာသည်။
" မြင်းတွေသေတာ ဒါ့ကြောင့်ကိုး၊ တော်တော် ယုတ်မာစုတ်ပဲ့တဲ့လူလွန်မလား " သူ့အသံမှာ ဒေါသ ကြောင့် တုန်ခါနေသည်။
ဘလိန်း သည် မြင်းကိုတစ်ဘက်သို့ ဆွဲလှည့်ပြီး သူ့တပ်သားများထံကဆုန်စိုင်းသွားသည်။ ဘလိန်း လှမ်း အော်ပြောသည်ကို စင်တိန်ကြားလိုက်ရသည်။
" တပ်ကြပ်ကြီး ... ကျန်တဲ့ရေကို မသုံးနဲ့ဦး၊ ခဏထား၊ ရေအိုင်က ရေထဲမှာ အဆိပ်ခတ်ထားတယ် "
" ဒါဆိုရင် ကျွန်တော်တို့ရဲ့ ဓားပြ နောက်လိုက်တဲ့ ခရီးဟာ ဒီမှာပဲ နိတ္ထိတံပြီးပေါ့၊ ကျန်တဲ့ ရေနဲ့ဆိုရင် ကယ်ကာရင် ကို ပြန်ရောက်ရင်တောင် ကံကောင်းလို့ပဲ "
စင်တိန် သည် မိမိ၏ ကြိုးပမ်းမှုများ အချည်းအနှီးဖြစ်ရသဖြင့် ဒေါသကြောင့် တဆတ်ဆတ်တုန်နေသည်။
" ပထမတစ်ကန့်မှာတော့ ရှင် နိုင်သွားပြီပေါ့ ဒီလာရေးရယ်၊ ရှင် ကျွန်မလက်က လွတ်လွတ်ကျွတ်ကျွတ် ထွက်ပြေးတော့မယ်ပေါ့ "
စင်တိန့်မြင်းသည် ရေနံ့ရသဖြင့် ကန်စပ်သို့ ဆင်းရန်ဟန်ပြင်နေရာ စင်တိန်က တခြားတစ်ဘက်သို့ ခေါင်း လှည့်ပြီး စီးသွားသည်။ တခြား မြင်းများဆီသို့ သူမ မြင်းကို စီးသွားသည်။ ထို့နောက် သစ်ပင်တစ်ပင်တွင် ချည် ထားလိုက်သည်။
ဘလိန်း က စင်တိန်ဆီလျှောက်လာပြီး ချော့မော့ဖျောင်းဖျသောလေသံဖြင့် ညင်သာစွာပြောလာသည်။
" စိတ်မကောင်းပါဘူး စင်တိန်၊ ကျွန်တော်တို့ နောက်ကြောင်းပြန်လှည့်ဖို့ပဲရှိတော့တယ်၊ ရေမရှိဘဲ ရှေ့ဆက် ပြီး သဲကန္တာရထဲသွားရင် ကိုယ့်သေတွင်းကိုယ်တူးသလိုနေလိမ့်မယ် "
" ဟုတ်ပါတယ်၊ ကျွန်မ သိပါတယ် "
" တကယ့်ကို ညစ်ပတ်စုတ်ပဲ့တဲ့ လုပ်ရပ်ပဲ၊ သဲကန္တရထဲက သတ္တ၀ါ အမြောက်အမြား အားထားမှီခိုနေရတဲ့ ရေအိုင် ကို အဆိပ်ခတ်တာဟာ လူမဆန်ဆုံးလုပ်ရပ်ပဲပေါ့၊ သတ္တ၀ါတွေကြောက်ခမန်းလိလိ သေကြေ ပျက်စီး ကြရတော့မယ်၊ အလျင်က ဒါမျိုး ကျွန်တော် တစ်ခါ ကြုံဖူးတယ်၊ ၁၉၁၅ ခုတုန်းက ဝေါဗစ် ပင်လယ်ကွေ့ ကနေ ကျွန်တော်တို့ ချီတက်လာတုန်းမှာ ... "
ကေ၀ိဝတုတ် သူတို့ဆီပြေးလာနေသဖြင့် ဘလိန်းပြောလက်စစကားကို ဖြတ်ထားလိုက်သည်။ ကေ၀ိဝတုတ် က စင်တိန် အား တတွတ်တွတ်ပြောနေသည်။
" သူ ဘာပြောတာလဲ "
ဘလိန်းက စင်တိန်အား မေးလိုက်သည်။
" ရှေ့ကပြေးနေတ့ လူတွေထဲမှာ တစ်ယောက် က နေမကောင်းဘူးတဲ့၊ ကေ၀ိက ဒီပတ်တီးတွေ့လာတယ် "
ကေ၀ိ က လက်နှစ်ဘက်နှင့် ကိုင်လာသော အ၀တ်စကို စင်တိန်အား လှမ်းပေးသည်။
" မကိုင်နဲ့ ... အောက်ချပစ်လိုက် " စင်တိန်က ကပျာကယာ ပြောလိုက်သည်။
ပတ်တီး က အနံ့ဆိုးများထွက်နေသည်။ ကေ၀ိက စင်တိန်အမိန့်အတိုင်း ပတ်တီးကိုလွှတ်ချလိုက်သည်။
" မျက်နှာဖုံးပါလား "
စင်တိန်သည် လိုသာမျက်နှာ၌ စွပ်ထားခဲ့သော ဂျုံအိတ်ဖြစ်မှန်း ပြန်အမှတ်ရသွားသည်။ ထိုအ၀တ်စဖြင့် အနာကို ပတ်တီးလုပ်စည်းခဲ့ရာ အ၀တ်စတွင် ခြောက်နေသော သွေးများ၊ ပြီပုပ်များဖြင့် မာတောင့် ကျပ်ခဲနေ သည်။
" သူတို့စီးလာတဲ့မြင်းတွေကနေ ဒီမှာစောင့်နေတဲ့မြင်းအသစ်တွေကို ကုန်းနှီးပြောင်းတပ်တုန်းက လူမမာက အောက်မှာလှဲ့နေတယ်၊ ကျန်တ့လူတွေက ပြောင်းတပ်ကြတယ်၊ ပြီးတော့ မှ လူမမာကို မြင်းပေါ် မတင်ပေး လိုက်တယ် " ကေ၀ိက ခြေရာများသဲလွန်စများကနေ၍ ဖြစ်ရပ်ကို အဓိပ္ပာယ်ဖွင့်ပြသည်။
" ကျွန်မသူ့ကို ကိုက်လိုက်တာ၊ ကျွန်မတို့နှစ်ယောက် သတ်ပုတ်တုန်းက သူ့လက်ကောက်ဝတ်ကို ကျွန်မ ဖမ်းကိုက်လိုက်တာ အရိုးအထိ သွားမြုပ်သွားတယ် " စင်တိန်က ဘလိန်းကို ပြောပြလိုက်သည်။
" လူကိုက်တာကလဲ မြွေကိုက်သလိုပဲအဆိပ်ပြင်းတယ်၊ သေသေချာချာမကုသရင် သွေးအဆိပ် တက် သွားလိမ့်မယ်၊ လိုသာဒီလာရေးဟာ ဖျားနေပြီဆိုတော့ သူ့လက်ကဒဏ်ရာက အတော် ဆိုးနေပြီလို့ တွက်ရတာပဲ "
ဘလိန်း က ပတ်တီးကို ဖိနပ်ဦးဖြင့် ထိုးကြည့်ရင်းက ပြောသည်။ ထို့နောက် သူ့အမြင် ကို ဆက် ပြောပြန်သည်။
" တကယ်လို့ ကျွန်တော်တို့မှာသာ သောက်ရေ အလုံအလောက် ရှိမယ်ဆိုရင် အခုလိုသူတို့ရဲ့ အခြေအနေ ဆိုးတုန်း မှာ လိုက်ရင် သူတို့အိုကာဗန်မြစ်ကို မရောက်ခင် ကျွန်တော်တို့ မီနိုင်တယ် "
ဘလိန်း သည် စင်တိန်၏ အားငယ်ညိုးရော်နေသော မျက်နှာကို မကြည့်ရက်သဖြင့် တစ်ဘက်သို့ လှည့်သွား ပြီး တပ်ကြပ်ကြီးဟန့်စ်မေယာအား ပြောလိုက်သည်။
" တပ်ကြပ်ကြီး ... အခုချိန်ကစပြီး ရေခွဲတမ်းကို တစ်ဝက်လျှော့လိုက်တော့၊ နေ၀င်ရင် နောက်ကြောင်း ပြန် လှည့်မယ်၊ ညဘက်အေးတုန်းမှာ ခရီးသွားမှဖြစ်မယ် "
စင်တိန် ဆောက်တည်ရာမရဖြစ်နေသည်။ ရေအိုဆီသို့ ပြန်သွားပြီး အိုင်စပ်တွင် မတ်တတ်ရပ်ကာ သတိပေး ဆိုင်းဘုတ်ကို စိုက်ကြည့်နေသည်။
" ဘာကြောင့် ဒီလို လုပ်ရတာလဲ လိုသာ၊ ဒီလောက်ကြောက်စရာကောင်းတဲ့ အလုပ်မျိုး မလုပ် ကောင်း ပါဘူး"
စင်တိန်က တိုးတိုးလေးပြောလိုက်သည်။ ထို့နောက် ရေစပ်သို့ဆင်းသွားပြီး ဆောင့်ကြောင့် ထိုင် လိုက်သည်။ ရေပြင်ကို လက်ညိုးနှင့် အသာတို့ကြည့်လိုက်သည်။ ရေမှာအေးမြနေသည်။ လက်တွင် ပေလာသောရေများ ကို ဘောင်းဘီစဖြင့် ဂရုတစိုက် သုတ်ပစ်လိုက်ပြီး ရေပြင်ကို စိုက်ကြည့်နေသည်။
စောစောက ဘလိန်းပြောသွားသောစကားကို သူပြန်ကြားယောင်လာသည်။
" ကျွန်တော်အလျင်က ဒါမျိုးတစ်ခါကြုံဖူးတယ်၊ ၁၉၁၅ ခု နှစ်တုန်းက ဝေါဗစ် ပင်လယ်ကွေ့ကနေ ချီတက် လာတုန်းကပေါ့ "
ဘလိန်းစကားကို ပြန်လည်ကားယောင်မိသောအခါ သူမစိတ်ထဲတွင် နှစ်ပေါင်းများစွာ ကိန်းဝပ်နစ်မြုပ်ကာ မေ့နေခဲ့သောဖြစ်ရပ်ကလေးတစ်ခု ရုတ်တရက်ပြန်ပေါ်လာသည်။ ထိုစဉ်က သူမနှင့် လိုသာသည် မီးပုံဘေး တွင်ထိုင်ကာ စကားပြောနေကြသည်။ လိုသာဒီလာရေး၏ မီးရောင်ဟပ်နေသော မျက်နှာကို စင်တိန် ပြန် လည်မြင်ရောင်လာမိသည်။ လိုသာ ပြောခဲ့သောစကားများကိုလည်း ပြန်လည်ကြားယောင် လာမိသည်။
" ငါတို့အဖို့ အဲ့ဒီလိုမလုပ်ရင် ဘယ်လိုမှ မဖြစ်ဘူး၊ ပြည်ထောင်စု တပ်ဖွဲ့တွေက တို့နောက်က ဖ၀ါး ထက်ကြပ် လိုက်နေပြီ၊ လုပ်ရပ်ကပေါ်လာမယ့် အကျိုးဆက်ကို စဉ်းစားခဲ့ပေမယ့် ... "
လိုသာသည် စကားဖြတ်လိုက်ပြီး မီးပုံထဲကို စိုက်ကြည့်နေသည်။ ထိုစဉ်က မိမိသည် လိုသာအား သိပ်ချစ် ခဲ့သည်။ မိမိသည် သူ၏ အမျိုးသမီးဖြစ်ခဲ့ရသည်။ ထိုစဉ်က မိမိမသိသေးသော်လည်း သူ၏ သန္ဓေသား သည် မိမိ၏ ၀မ်းဗိုက်၌ ကိန်းအောင်းနေချေပြီ။
သူ၏ စိတ်ချမ်းမြေ့မှုကို ဖြေဖျောက်ရန် စင်တိန်က သူ့လက်မောင်း ဆုပ်ကုင်ပြီး နှစ်သိမ့်လိုက်သည်။
" ဒါအကြောင်းမဟုတ်ပါဘူး သူမက မပွင့်တပွင့်ပြောခဲ့သည်။
လိုသာက သူ့ဘက်သို့ မျက်နှာလှည့်လာပြီး ပြန်ပြောသည်။
" ဒါအကြောင်းမဟုတ်ဘူး ... ဟုတ်လား စင်တိန်၊ ငါလုပ်ခဲ့သမျှ အလုပ်တွေထဲမှာ ဒါဟာ အပြစ်ကြီးဆုံး အလုပ်ပဲ၊ နောက်တစ်လလောက်ကြာတော့ ငါအဲဒီရေအိုင်ကို ပြန်သွားတယ်၊ လူသတ်သမားဟာ ပြစ်မှု ကျူးလွန်တဲ့ နေရာကို ပြန်သွားသလိုပေါ့၊ တိရစ္ဆာန်အသေကောင်တွေဟာ နေရာတိုင်းမှာ ပြန့်ကျဲ နေတယ်၊ မြင်းကျားတွေ၊ နွားရိုင်းတွေ၊ ခွေးတွေ၊ ငှက်တွေဟာ အတုံးအရုံးသေနေကြတယ်၊ အဲဒီ မြင်ကွင်း ကို ငါသေတဲ့ နေ့အထိ မြင်ယောင်နေမှာပဲ၊ ငါ့တစ်သက်တာမှာ ရှက်စရာအကောင်းဆုံးလုပ်ရပ်ပဲ "
စင်တိန် ထိုစကားများကို ပြန်သတိရပြီး တစ်ကိုယ်လုံးတောင့်ခနဲဖြစ်သွားသည်။ ဒေါသနှင့် စိတ်ပျက် အားငယ်မှုတို့ တဖြည်းဖြည်းလျော့ပါးသွားပြီး စိတ်တက်ကြွမှုများ ပြန်လည်လွှမ်းမိုးလာသည်။ အိုင်ထဲမှ ရေပြင် ကို လက်ညိုးလေးနှင့်အသာထိလိုက်ပြန်သည်။ ရေလှိုင်းလေးများ လွင့်ပျံ့သွားသည်ကို ကြည့် နေမိသည်။
ဆက်ရန်
.
No comments:
Post a Comment