Sunday, November 6, 2011

မောင်သော်က ၏ ညနေခင်းများ, အပိုင်း (၁ဝ)

ယမကာညနေခင်း (၁၀)

သော်။    ။ကဲ လာကြဗျာ လာကြ၊ ခင်ဗျားတို့လည်း ပျောက်ချက်သားကောင်းနေလိုက်ကြတာ၊ ခုမှ ပဲ ပေါ် လာတော့တယ်။

ပင်စင်။    ။ပျောက်ချက်သားကောင်းဆို ခင်ဗျားလည်းသိသားနဲ့၊ ညနေ ၆ နာရီမထိုးမီ အိမ်အရောက် ပြန်ခဲ့ ရတဲ့ ရက်များမှာ ခင်ဗျားဆီ ဘယ်ရောက်နိုင်ပါ့မလဲဗျာ။

အယ်။    ။ကျုပ်တို့ သတင်းစာသမား ညအလုပ်သမားတွေဆို ပိုခက်တာပေါ့ဗျာ။ ခါတိုင်း ညတစ်နာ ရီ နှစ်နာရီ လောက်မှ နောက်ဆုံးဖောင်ပိတ်ပြီး အိမ်ပြန်အိပ်ရတာ။ အိမ်မပြန်ရဘဲ တိုက် မှာပဲ ညအိပ်ပြီး အလုပ်ဆင်း ခဲ့ရသဗျ။

သော်။    ။ခုတော့ အားလုံးကောင်းသွားပြီ၊ နောက်လည်းကောင်းသွားမှာပါ။

ပင်။    ။ဒါထက် ဆိုစမ်းပါဦးဗျာ။ ဟိုအပတ်က စကားပြောပြတ်သွားတဲ့ မထသအကြောင်းက လေး...။

သော်။    ။မထသအကြောင်းကလေး မဟုတ်ဘူး။ အကြောင်းကြီးဗျ။ မထသအကြောင်းပြောရလျှင်  တော့ ပြောမဆုံးပေါင် တောသုံးတောင်ပါပဲ။ "ဟိုတစ်လောရက်များဆီက ညနေ ၆ နာရီ အိမ်ပြန်ကြရတော့ ခရီးသည် တွေ ကားမှတ်တိုင်တိုင်းမှာ၊ ကားလိုင်းတိုင်းမှာ စုပြုံတိုးဝှေ့ ကျိတ်ကျိတ်ခဲပြီး ဘယ်လောက် တောင် ကသီလင်တ နိုင်ရတယ်။  ဘယ်လောက်ထိ ရူမကောင်း မြင်မကောင်း ဖြစ်ရတယ်"ဆိုတာ တွေ့မြင်ခဲ့ကြတယ်။

အယ်။    ။ဟုတ်ပါ့ဗျာ။ ခရီးသည်တွေလည်း သနားစရာကောင်း၊ မော်တော်ကားသမားတွေလည်း သနားစရာ ကောင်းလောက်အောင် အလုအယက် တိုးဝှေ့စီးကြပုံကတော့ မယုံနိုင်စရာ ပေပဲ။

သော်။    ။ပိုပြီး မယုံနိုင်စရာကောင်းတာက အဲဒီပြဿနာကြီးကို ဘယ်သူမှမရှင်းနိုင်တော့ဘူးလို့ ထင်နေတာ မထသကြီးတွေက စွမ်းစွမ်းတမံ ဖြေရှင်းလိုက်နိုင်ခဲ့ယ်။ ကားတွေဟာ ဘယ် ကဘယ်က မျက်လှည့် ပြလိုက်သလို ထွက်လာသလဲတော့ မသိဘူး။ ကားလိုင်းတိုင်း ကားဂိတ်တိုင်းမှာ ကားကြီး ကားငယ် တွေ ဝင်လာတော့တယ်။ ဂိတ်တိုင်း မှတ်တိုင်းမှာ မိနစ်ပိုင်းမျှသာခြားပြီး ကားဝင်လာတယ်။ ကား ထွက်တယ်။ ခါတိုင်းခြေထောက်သွေး တောင့် ဇက်ကြောအောင့်သည်ထိ မပေါ်လာတဲ့ကားကို မျှော်ရတာ မျိုးလည်း မရှိတော့ ဘူး။ အလုအယက်လည်း မတက်ရတော့ဘူး။ တွဲလဲခိုလည်း မစီးရတော့ဘူး။ သက် တောင့် သက်သာစီးရတယ်။

ပင်။    ။အံ့သြစရာကောင်းလှချည်လားဗျာ။ ခါတိုင်းတော့ ဒီကားတွေ ဘယ်သွားပုန်းနေပြီး ခုမှ စုပြုံ ထွက် လာနိုင်ရသလဲ။

သော်။    ။အဲဒါပြောတာဗျ။ မထသကြီးဟာ တကယ်လုပ်နိုင်တဲ့ အဖွဲ့ကြီးပါ။ တကယ်လုပ်လျှင် တကယ် စွမ်းဆောင် နိုင်တဲ့ အဖွဲ့ကြီးပါ။ တကယ်လုပ်လျှင်  တကယ်အားကိုးရပါတယ်။ မလုပ်ချင်သေးလို့ ကြည့်နေ သေးတာ ဖြစ်ပါလိမ့်မယ်။

အယ်။    ။မထသဆိုတဲ့ မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်ရေးအဖွဲ့ကြီးဟာ ရန် ကုန်မြို့တော်ရဲ့ခရီးသည်ပို့ဆောင်ရေးကို အဓိကတာဝန်ယူ ထမ်းဆောင်နေရတဲ့အဖွဲ့ ကြီးဖြစ်တဲ့ အလျှောက် မြို့တော်စည်ပင်သာယာရေးမှာ သူ့အခန်းကဏ္ဍဟာ အလွန်အ ရေးပါတယ်။ သူ့တာဝန်ကို စွမ်းစွမ်း တမံ ထမ်းရွက်နိုင်လျှင်တော့ ရန်ကုန်မြို့ရဲ့ပြဿနာ ဟာ ထက်ဝက်ရှင်းသွားမှာပဲ ထင်တယ်။ Transport Workers ဆိုတဲ့ ပို့ဆောင်ရေး အလုပ်သမားဟာ အလွန်အင်အားကြီးပါတယ်။

သော်။    ။ဟုတ်ပါတယ်။ လူအင်အား မော်တော်ယာဉ်အင်အားလည်း အပြည့်ပါပဲ။ ငွေကြေးအင် အား ဆိုတာတော့ မပြောနဲ့တော့်။ ရန်ကုန်မြို့မှာ ရွှေတိဂုံဘုရား ဂေါပကအဖွဲ့ပြီးလျှင် မထသဟာ ဘဏ္ဍာရေး အတောင့်ဆုံးလို့တောင် ဆိုနိုင်ပါတယ်။

ပင်။    ။ဟာ တယ်လည်း ငွေကြေးတောင့်တင်းတဲ့ အဖွဲ့ကြီးပါလား။ မီလျံနာမထသလို့တောင် ခေါ်ရမယ်ထင်တယ်။

သော်။    ။ဟုတ်တယ်။ မထသအဖွဲ့အောက်မှာ ပြေးဆွဲကြတဲ့ မော်တော်ယာဉ်များအနက် အစိုးရ ပိုင် ကုန်းလမ်း သယ်ယူပို့ဆောင်ရေးအဖွဲ့ဆိုတာ ရှိတယ်။ နောက်ပြီး ပုဂ္ဂလိကပိုင် လိုင်း ကားများ ဆိုတာရှိတယ်။ ကားစီးရေနဲ့ စာရင်းဇယားတွေတော့ ကျွန်တော် မပြောတော့ပါ ဘူး။ အဓိက ပြောချင် တာက အစိုးရကားရော အရပ်သားကားပါ ခရီးသွားပြည်သူတွေနဲ့ နေ့စဉ် ထိတွေ့ဆက်ဆံနေကြရတယ်။ အဲဒီပြည်သူနဲ့ ထိတွေ့ရာမှာ ဒီလောက်ကောင်း တဲ့ မထသဟာ ပြစ်တင်ရှုတ်ချခြင်း ခံရတော့တာပဲ။

ပင်။    ။ကျုပ်လည်း ပင်စင်ယူပြီးလို့ ဘတ်စ်ကားစီးမှ လူ့ဘဝသိရတော့တယ်ဗျာ။ ခု ကလသဖ ခေါ်နေတဲ့ နေပြည်တော်သယ်ယူပို့ဆောင်ရေးအဖွဲ့ကို ကျုပ်တို့ စတည်ထောင်ကာစက ဒီလိုမဟုတ်ပါဘူးဗျ။ ကားသစ် ဟီးနိုးကားကြီးတွေ၊ ထိုင်ခုံတွေကလည်း သန့်သန့်ရှင်းရှင်း၊ ဆိုဖာတွေနဲ့ အံမယ် မှန်ပြတင်းမှာ ကန့်လန့်ကာ တောင် ပါလိုက်သေး။ ယာဉ်မောင်းတွေ ကလည်း ဆောင့်အောင့်မမောင်းပါဘူး။ အလုအယက် မမောင်းပါဘူး။ ခရီးသည်တွေရဲ့ အသက်အန္တရာယ်ကို အလေးထားပြီး ညင်ညင်သာသာပဲ မောင်းပါတယ်။ လက်မှတ် ရောင်းတွေကလည်း မိန်းကလေးတွေဗျ။ ချောလည်းချောတယ်။ ယဉ်ကျေးကလည်း ယဉ်ကျေး ပါဘိသနဲ့ ဟီးနိုးမယ်လို့တောင် ခေါ်ကြသေးတယ်။ ခု ဒီမြင်ကွင်းတွေ ဘယ် ပျောက်သွားပြီလဲဗျာ။

သော်။    ။ကျုပ်လည်း မပြောတတ်တော့ဘူး။ ခေတ်ကြီးပြောင်းသွားလို့နေမှာပေါ့။ ခုတော့ ကား တွေက မီးခိုးက တလူလူထွက်၊ ထိုင်ခုံတွေက သစ်သားထိုင်ခုံတွေ၊ ဒီဇယ်ဆီပေကျံပြီး ဒီဇယ်နဲ့ မီးခိုးနံ့ကလည်း မွှန်သေး၊ တချို့ကားတွေများ ဆင်မလိုက် ဝက်သတ်ရုံက ဝက် တင်တဲ့ ကားလောက်မှ မသန့်ရှင်းဘဲ လုံခြုံမှုမရှိဘဲ ခရီးသည်တင်နေသေးတာကို ကျုပ် အံ့သြမိတယ်။ စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းချက်ကလည်း ခရီးသည်တွေ အသက် အန္တရာယ်ဖြစ်နိုင်တယ်။ ဒါနဲ့တောင် လမ်းပေါ်မှာပြေးဆွဲခွင့် ပေးထားသေးတယ်။
အယ်။    ။ကားကြမ်းပြင်က အပေါက်ကျွံကျလို့ လူသေတာမျိုးတောင် ဖြစ်ခဲ့သေးတာပဲဗျာ။ ဒီကား တွေကို နိုင်နိုင်နင်းနင်း ထိန်းသိမ်းပြုပြင်ဖို့ဆိုတာ မလွယ်တော့လည်း ကားစုတ်ကိုပဲ ပြေး ဆိုနေရတာပေါ့။

သော်။    ။အကြောင်းအချက်တွေကတော့ ပေါင်းစုံပေါ့ဗျာ။ စက်ပိုင်းပြုပြင်တာရော၊ ကိုယ်ထည်ပိုင်း သန့်ရှင်းရေးမလုပ်တာရော၊ ကားမောင်းကြမ်းတာရော၊ လမ်းမကောင်းတာရော၊ မောင်း သူ ရောင်းသူ တို့ တွက်ကြေး ကိုက်အောင် လူတွေကို မဆံ့မဖြဲ ငါးပိငါးချဉ်သိပ် တင်တာ တွေကြောင့် ကားတွေမရှုမလှ မပျက်စီး သင့်ဘဲ ပျက်စီးကြရတယ်။

ပင်။    ။ပုဂ္ဂလိက ကားတွေကတော့ဗျာ။ ဒုတိယကမ္ဘာစစ်တွင်းက အကြွင်းအကျန်တွေပါ။ ယာဉ်  ပိုင်ရှင် လက်ထဲမှာ ခုထက်တိ တော်တော်လေး သပ်သပ်ရပ်ရပ် ပြေးဆွဲဆဲပါပဲလား။

သော်။    ။အဲဒီမာ အစိုးရပိုင်နဲ့ ပုဂ္ဂလိကပိုင် ကွာတာပေါ့ဗျာ။ အစိုးရကား နိုင်ငံပိုင်ကားကျတော့ လူ တွေက သူ့ဟာမမှတ်ဘဲ၊ ရိုရိုသေသေမကိုင်ဘဲ ထင်သလိုလုပ်တယ်။ ပစ်ထားတယ်။ ပိုင် ရှင်ကတော့ သူ့ကားဟာ သူ့ကိုထမင်းကျွေးနေတဲ့ ကားမို့ ဂရုတစိုက်ပြုပြင်တယ်။ သပ် ရပ်အောင်လုပ်တယ်။ ဒီမှာ ကွာ သွားတာပါ။ သမဝါယမက သုံးမရလို့ လေလံပစ်လိုက်တဲ့ ခရီးသည်တင်ကားကြီးတွေ ပုဂ္ဂလိကလက်ထဲမှာ ဘယ်လိုပြန်ထူထလာပြီး ဘယ် လောက်အသုံးချနေတယ်။ ဘယ်မျှ လှပနေတယ်ဆိုတာက သက်သေပါပဲ။ ဒီကားကြီး တွေဟာ အစိုးရကားသင်္ချိုင်းက ပြန်ထလာတဲ့ ကားကြီးတွေပါ။

ပင်။    ။ပုဂ္ဂလိကပိုင် လိုင်းကားတွေ ခုထိပြေးဆွဲနေနိုင်သေးတာဟာ မထသရဲ့ကျေးဇူးနဲ့မကင်း လို့ ဖြစ် မှာပေါ့။

သော်။    ။စကားအဖြစ် ကူညီတယ်ဆိုရုံလောက်သာပါ။ မထသဟာ လိုင်းကားတွေ ပြေးဆွဲလို့ရတဲ့ ငွေအပေါ်မှာ လိုင်းကြေးကောက်ယူတာကလွဲလို့ ဘာမှထိထိရောက်ရောက် ဆောင်ရွက် ပေးတာ မဟုတ်ပါဘူး။ ယာဉ်အပိုပစ္စည်း၊ တာယာပစ္စည်းတို့ကို အချိန်ကျလျှင် ရအောင် ဘာမှတာဝန်မယူဘူး။ စက်ဆီချောဆီကို သက်ဆိုင်ရာက ထုတ်ယူရတယ်လို့တော့ သိရ တယ်။ ဒါပေမဲ့ တကယ်သုံးတဲ့ ကားသမား များလက်ကို ဘယ်တော့မှ မရောက်ဘူး။ ကား သမားတွေက စက်ဆီ၊ ချောဆီ၊ ဘရိတ်ဆီ တွေကို အပြင်ကဈေးကြီးပေး ဝယ်သုံးနေကြရ တယ်။ သူတို့အတွက် ရသင့်တဲ့ခွဲတမ်း ဘယ်မှာ ပျောက်သွားသလဲ မသိဘူး။ ဓာတ်ဆီ တစ်မျိုးသာလျှင် ခေါက်ရေပြည့်လျှင် ရတယ်။ ဒါပဲ။

ပင်။    ။တခြားအကျိုးကျေးဇူးခံစားခွင့်တို့၊ ဘာတို့ မရှိဘူးလား။

သော်။    ။မရှိပါဘူး၊ လူမှုဖူလုံရေး ထည့်ဝင်ထားလို့ နေမကောင်းရင် လူမှုဖူလုံရေးဆေးခန်းသွားနိုင် တယ်။ ဆေးရုံတက်နိုင်တယ်။ တစ်နှစ်မှာ လုံချည်တစ်ထည်စီလောက်ပဲ သူတို့ရဲ့ သက် သာချောင်ချိရေးအဖြစ် ရတယ်။ ထိခိုက်ဒဏ်ရာရလျှင် ဘာလျော်ကြေးမှမရနိုင်ပါဘူး။ ရှောင်တစ်ခင်ခွင့် ဖျားနာခွင့်ဆိုတာလည်း မရှိပါဘူး။ တစ်ရက်အလုပ်မဆင်းလျှင် တစ် ရက်ထမင်းငတ်ပဲ။ ခရီးသည်ဆီက ပိုင်ရှင်ဆီက တိုတဲ့ လျှိုတဲ့ပိုက်ဆံနဲ့ သူတို့ဘဝကို ရပ် တည်နေကြရတယ်။

အယ်။    ။အဲဒါကြောင့် လက်မှတ်မဆုတ်တာတို့၊ ကျပ်တန်ပြန်မအမ်းတာတို့၊ လျော့အမ်းတာတို့ ဖြစ်နေကြ တာပေါ့။

ပင်။    ။ကားဂိတ်ကို၊ ကားလိုင်းကိုလည်း ဘယ်သူက ကြီးကြပ်သလဲမသိပါဘူးဗျာ။ တော်ကြာနေ မှ မဝင်သေးဘူး။ ဂိတ်ပိတ်ပြီး လိုင်းကားမဟုတ်။ ကြားကားဆိုပြီး ကားခပြား ၃၀ ကနေ တစ်ကျပ်ဖြစ်၊ ပြားငါးဆယ်က နှစ်ကျပ်၊ သုံးကျပ်၊ ငါးကျပ်၊ သူတို့ပါးစပ်ထဲ ခံတွင်းတွေ့သ လောက် တောင်းကြ တော့ တာပါပဲ။

အယ်။    ။မတန်တဆ ကားခတောင်းတဲ့အပြင် ဆက်ဆံရေးမှာလည်း မာရေကြောရေရှိသေး။ မိုက် ရိုင်းသးတယ်ဗျာ။ ခရီးသည်ကို သူတို့ ဟိန်းဟောက်စရာ၊  ကြိမ်းမောင်းစရာ လက် အောက်ငယ်သား တွေလို့များ ထင်နေသလား မသိဘူး။

သော်။    ။ဒါတင်ပဲလားဆိုတော့ မဟုတ်သေးဘူးဗျ။ ညမောင်းတဲ့ကြားကားဆိုတာတွေမှာ အုံနာရဲ့ သားများ၊ တူများ၊ ညီများတက်မောင်း၊ တချို့ကလည်း ယာဉ်မောင်းလိုင်စင်တောင်မရှိ၊
ထင်တိုင်းမောင်း၊ စပယ်ယာကလည်း တရားဝင်လက်မှတ်ရောင်းမဟုတ်တော့ ခရီးသည် တွေမှာ အသက်ဘေးအန္တရာယ်လည်းရှိတယ်။ ငွေကြေးလည်း ညှစ်တိုင်းခံရတယ်။ ဒါ တွေကိုတော့ မထသကြီးက ဘာမှမကြီးကြပ်တော့ဘူး။ မထသဟာ ကားလိုင်းကို နေ ထွက်က နေဝင်ဖျိုးဖျအထိသာ သူ့ရဲ့ ကြီးကြပ်ခ ရာခိုင်နှုန်း ကို အိတ်ထဲထည့်ပြီး ဟိုက် လပ်စ်၊ ပရက်စတိုယာဉ်ကိုယ်စီနဲ့ အိမ်ပြန်အိပ်ပြီနဲ့တူပါရဲ့ဗျာ။

ပန်၊ သြဂုတ်၊ ၁၉၈၈
ဆက်ရန်
.

No comments: