Friday, November 11, 2011

မောင်သော်က ၏ ညနေခင်းများ, အပိုင်း (၁၄)

ပင်စင်နာတစ်ဦး၏အာလူးမှတ်တမ်း (၄)

အာလူး နှင့် ရှင်မီးအင်္ကျီ ဘက်မလိုက်ဆိုပြီး
ရထားလမ်းတစ်လျောက် ပျား … ပျား … ပျား

’’ ခင်ဗျားဟာကလည်း ဘယ်လိုလဲဗျာ… ပင်စင်နာရယ်လို့’’
ရဲဘော်အငြိမ်းစားတစ်ဦးက မကျေမနပ် ပုစ္ဆ န္တိလာသည်။

’’အေးလေ အဲဒါ အမှန်ပဲဗျ၊ အခုမှ မှန်သွားတာ မြန်မာပီပီသသ ခေါ်ချင်သပ ဆိုရင် အငြိမ်းစားလို့ခေါ်၊ ပင်စင်စား ဆိုတာ ကပြားစကားကြီးပဲ၊ အသံဖလှယ်ခြင်းနဲ့ စကားလုံးမွေးစားမယ်ဆိုရင် တော့ ’ပင်စင်နာ’ (၀ါ) ပင်ရှင်နာ လို့ခေါ်၊ အဲဒါလည်း တစ်နည်းအားဖြင့် မှန်တယ်။ ကျွန်တော်တို့ စကားလုံးတွေ မွေးစား ထားတာ အများကြီးပါ၊ ဥပမာ ကျွန်တော့်ခေါင်းစဉ်က ’အာလူး’ပဲ ဆိုကြပါစို့။ အဲဒါလည်း မြန်မာစကားမှ မဟုတ်ဘဲ၊ ကုလားစကားလုံး ဟိန္ဒူစတန်နီ စစ်စစ်ကြီးပဲ။ မြန်မာက သူ့အတိုင်း ’အာလူး’ ပဲ ခေါ်ပါတယ်။ မြန်မာ မပြန်တော့ပါဘူး။ အဲ…. အညာသားများက ထူးထူးခြားခြား ’အာလူးသီး’ တဲ့ဗျ။ အာလူးဆိုတဲ့ ဟိန္ဒူစတန်နီ စကား မှာ အသီးဆိုတဲ့ မြန်မာစကား ထပ်ဖြည့်စွက်လိုက်သေးတယ်။ အညာသားများ အာလူး ဟာ မြေမှာဥတဲ့ ဥလား၊ အပင်မှာသီးတဲ့ အသီး လားတောင် မသိရှာဘူးထင်ပါ့။ အာလူးဥ ဆိုရင်တော့ မဆိုးပါဘူး။ ကန်စွန်းဥ လိုပေါ့ဗျာ။

’’ဟုတ်လာ၊ အာလူးဟာ ကုလားစကားစစ်စစ်ကြီးဆိုတာ ခုမှပဲ ကျုပ်သိတော့တယ်ဗျို့။ ကျုပ်က မြန်မာ စကားလုံး အောင့်မေ့နေတာ’’
    ’’အဲဒါပေါ့ဗျာ၊ ကျုပ်တို့မှာ ခေါ်လို့သာ ခေါ်နေရတယ်။ ဘယ်ကလာတဲ့ ဝေါဟာရဇစ်မြစ်ဆို တာ မသိတဲ့ စကားလုံး တွေ အများကြီးပဲ၊ ပစ္စည်းမရှိရင် စကားလုံးမရှိဘူးဗျ။ ကျုပ်တို့မှာ အစက လုံးဝမရှိတဲ့ပစ္စည်းတွေ နိုင်ငံခြားသား တွေ ယူလာမှ မြင်ဖူးလို့သိ၊ သိလို့သုံးစွဲတတ်လာပြီးမှ စကားလုံးဖြစ်လာတာတွေ အများကြီးပဲ’’
    ’’ဥပမာ မော်တော်ကား၊ ရေဒီယို၊ ကက်ဆက် ဆိုကြပါစို့….’’
    ’’ဒါတွေက နောက်မှ ပေါ်တဲ့ ရွှေကြာပင်တွေပါ။ ဒါတွေလည်း သူ့ခေတ်မှာ သူ့အတိုင်း ခေါ်လိုက်တာပဲ ကောင်း ပါတယ်။ ကျုပ်ပြောတာက ကျုပ်တို့ ဘာသာနဲ့ခေါ်နေကြရင် ကျုပ်တို့စကား လုံး ထင်နေ ကြတာတွေ ကို ပြောတာပါ’’

    ’’ဟုတ်ပါရဲ့ဗျာ၊ ကျုပ်က ငယ်ငယ်က ခလေးတွေဝတ်တဲ့ ရှင်မီး ကို မြန်မာတောင် အောက် မေ့နေတာ၊ အဲဒီ ဝေါဟာရဇစ်မြစ် တွေကို သုတေသနလုပ်ဖို့ ကောင်းတယ်ဗျာ’’
    ’’ဒါက ဘာသာဗေဒပညာရှင်တွေအလုပ်ပါဗျာ၊ ကျုပ်တို့အလုပ် မဟုတ်ပါဘူး။ ခင်ဗျား လာပြီး ဝေါဟာရတွေ နှောက်နေတာနဲ့ ဒီအပတ် ကျုပ်အာလူးတောင် ဘယ်နားက စနွှာရမလဲ မသိ တော့ဘူး။ သွားပေဦးတော့ ပင်စင်နာကြီးရေ့’’

မန္တလေးမှ အပြန်
မန္တလေးမှ ပြန်လာခဲ့ပါသည်။ အသွားခရီးတုန်းကမူ ခရီးမပင်ပန်းစေရန် အတွက် အထက်တန်းမှ လိုက်ပါ ခဲ့သော်လည်း အပြန်ခရီးတွင် ငွေကြေးကလည်း ပါးပြီမို့ ရိုးရိုးတန်းမှ ရိုးရိုး ကလေးပင် လိုက်ပါလာခဲ့သည်။ ရှေးယခင်တုန်းကမူ တတိယတန်းဟု ခေါ်ကြသည်။ သာမန်တိုင်း သူပြည်သား လူဆင်းရဲများ စီးခဲ့သည့် အတန်းတည်း။ ဗြိတိသျှအစိုးရ၏ မီးရထားအာဏာပိုင်များက လူတန်းစားခွဲခြားထားသည့် စနစ်အတိုင်း ဖြစ်သည်။ ဒုတိယတန်းဟူသည်မှာ ဗြရိုကရက်အရာရှိ များ၊ ပထမတန်းဟူသည်မှာ ‘တွဲဖြူကြီး’ (၀ါ) မျက်နှာဖြူများသာ စီးရသည့် လူတန်းစားခွဲခြားရေး ရထားစီစနစ်ဖြစ်သည်။ မြန်မာလူမျိုးထဲမှ လူရည်တတ် များသည် ငွေကြေးတတ်နိုင်၍ စက်ကင်း ကလပ်စ်ခေါ် ဒုတိယတန်းတွဲစီးရလျှင်ပင် လူဖြစ်ရကျိုး နပ် လှပေပြီ။ ထိုစဉ်က ဒုတိယတန်းတွဲမှာ ယခု ရိုးရိုးတန်းသာသာမျှ ရှိပါသည်။ ယခုတော့ ကျွန်တော်တို့သည် လွတ်လပ်သော နိုင်ငံကြီး သားများ ဖြစ်ကြပြီမို့ ရိုးရိုးတန်းတွင် ရိုးရိုးကုပ်ကုပ်လေးပင် အမြိန့်သား လိုက်ပါ နိုင်ကြပြီ ဖြစ်ပါသည်။

ကွယ်လွန်သူ အိန္ဒိယပြည်၏ လွတ်လပ်ရေးဖခင်ကြီး မဟတ္တဂန္ဒီသည် တောင်အာဖရိက တွင် အနောက်တိုင်း ၀တ်စုံကို ၀တ်လျက် ရှေ့နေလိုက်နေစဉ်က တောင်အာဖရိက၏ လူဖြူလူမည်း ခွဲသည့်စနစ် (ယခု အပါ့တ်စိဒ် Apartheid) အရ အထက်တန်းလက်မှတ် ၀ယ်စီးပါလျက်၊ ဥရောပ ၀တ်စုံကို ၀တ်ထား ပါလျက် နှင့် ရထားပေါ်မှ အတင်းဆွဲချ၊ မောင်းချခံရရှာသည်။ ထိုအချိန်မှ အစပြုကာ ဂန္ဒီသည် သူ တစ်ချိန် က တန်ဖိုးထားခဲ့သည့် အနောက်တိုင်းဝတ်စုံကို စွန့်လွှတ်လိုက် တော့သည်။ သူသည် အိန္ဒိယပြည် လွတ်လပ်ရေး ဗိသုကာကြီး၊ လူထု၏ ကြည်ညိုလေးစားခံရသော ခေါင်းဆောင်ကြီးဖြစ်လာသည့်အခါ ဗြိတိသျှ၊ အိန္ဒိယ၌ ခရီးသွားလျှင် တတိယတန်းတွဲ၌သာလျှင် စီးတော့သည်။ တစ်ခါက နိုင်ငံခြား သတင်းထောက် တစ်ဦးက…
    ’’ခင်ဗျားဟာ ထင်ရှားတဲ့ နိုင်ငံခေါင်းဆောင်ကြီး တစ်ဦးဖြစ်ပါလျှက်နဲ့ ဘာကြောင့် တတိယ အတန်းမှာ စီးရ ပါသလဲ’’ ဟု မေးရာ၊ ဂန္ဒီက-
    ’’စတုတ္ထတန်းမရှိလို့ပေါ့ဗျာ’’ ဟု ရိုးရိုးပင် ဖြေလိုက်သည်။

    သို့ကြောင့် ကျွန်တော်တို့သည် မြန်မာပြည်၌လည်း ကျွန်ခေတ်တုန်းကလို ဆန်းဆန်းပြား ပြား အတန်း မရှိတော့ခြင်း ကြောင့် ရိုးရိုးအတန်း၌ပင် ရိုးသားစွာ လိုက်ပါလာခဲ့ပါသည်။
ထူးဆန်း သည်မှာ ရထားတွင် စားသောက်တွဲ မပါရှိပါ။ ခေတ္တရပ်နားသည့် ဘူတာများမှ ဒရောသောပါးနှင့် ထည့်ချင်ရာ ထည့်၊ အသိုးအပုပ်ရော အဆိုးအယုတ်စုံပါ ထည့်လျက် ကျီးကန်း တောင်းမှောက် ရောင်း လိုက်သည့် ထမင်းထုပ်များကိုသာ အားကိုးအားထားပြုရပါသည်။ ရန်ကုန်- မန္တလေးရထားလမ်း ဘူတာစဉ် များသည် ယခင်ကဆိုရင် သူ့မြို့ သူ့ဘူတာ သူ့အစာကို ဂုဏ်ယူစွာ ရောင်းချကြသည်။

စားသောက်သူများကလည်း ဘယ်ဘူတာရောက်လျှင် အဲသည်အစာကို အမိ အရ စားကြသည်။ ပဲခူးမှ စမူဆာ၊ ပြွန်တံဆာမှ ထမင်း၊ တောင်ငူမှ ဆံပြုတ်၊ ပျဉ်မနားက ကြက်ကြော်၊ သာစည်က လက်ဖက်ရည် နှင့် ပလာတာ။ ကူမဲက ဒန်ပေါက်တို့သည် လျှာစွဲအောင် ကောင်းကြသည်။ ရောင်းသူ စားသူ အားရကျေနပ် ဂုဏ်ယူကြသည်။ ယခုတော့မူ ဘယ်ဘူတာတွင် ဘာမျှမကောင်းတော့။ ကျီးကန်း တောင်းမှောက် ရောင်း၊ ဒမြ တိုက်သလို ပိုက်ဆံတောင်းကာ ကူလီ ကူမာ လုပ်ထားသည့် အထုပ်ကို ယုတ်မာစွာ တွဲပေါ် တင်ပေးလိုက်ကြတော့သည်။ မြန်မာပြည်တွင် မီးရထားဘေးမြို့များမှ ဘူတာရုံ ဈေးသည် အတော်များများ အကျင့်ပျက်ကုန်ကြပြီဟု ယေဘုယျ အားဖြင့် ဆိုပါသည်။

ကျန်တစ်ပြည်လုံးတွင်မူ နေရာကျဲကျဲမှ နေရာကွက်ကြား အကျင့်စာရိတ္တ ကောင်းကြသေးသည်ဟု ခန့်မှန်း ရပါသည်။ ဟုတ်ကဲ့၊ ခန့်မှန်းရပါသည်။ သို့ကလို ခန့်မှန်းရင်းနှင့်ပင် ရန်ကုန်ရောက်ခဲ့ပါသည်။ ရန်ကုန် ရောက်၍ မန္တလေးခရီးသွားဆောင်းပါး ရေးသားပြီးသည်တွင် မန္တလေးသားတစ်ဦးနှင့် တွေ့ရပြန်သည်။ သူက-
    ’’ဘယ်လိုလဲဆရာသော် ရဲ့ ခင်ဗျားက ကျုပ်တို့ရွှေမန်းကို ရှမ်းထမင်းနဲ့ တည်းခိုခန်းမြို့တော် လို့ သရော် သွားတော့ ခင်ဗျားတို့ ရန်ကုန်မြို့ကြီးကကောဗျာ၊ ဘာမြို့တော်လဲ ကိုယ့်ဖာသာ ပြန်လို့ ကြည့်ပါဦး….’’ ဟု ပြော၏။ သူပြောတော့မှ ကိုယ့်မြို့တော်ကို အဘယ်သို့ ကင်ပွန်းတပ်ရပါမည် နည်းဟု စဉ်းစား ကြည့်မိသည်။ ဟုတ်ကပြီး၊ တီးဟောက်စ်နှင့် ကက်ဆက်ခွေမြို့တော်….။

ရန်ကုန်မြို့မှာ လက်ဖက်ရည်ဆိုင်တွေ မှိုလိုပေါက်နေသည်။ မြို့စွန်ပန်းခြံထောင့် တစ်နေ ရာ ၀ါးရုံပင် ရိပ်တွင် လက်တွန်းလှည်းသာသာ ဆိုင်ကလေးနှင့် ‘၀ါးရုံတော တီးဟောက်စ်’ဟု ခပ် တည်တည် အမည် တပ်ထားသော ဆိုင်ကလေးများမှသည် ဖော်မီကာ စားပွဲခင်း၊ အဲယားကွန်ဒင်း ရှင်းများနှင့် ဆိုင်ကြီး ကနားကြီး အထိ လက်ဖက်ရည်ဆိုင်ခန်းတွေ ပေါလှသည်။ ‘ဒိုးပြာလာကျိုင် ကျီနိုးဂျပ်စတီး’ ဟု လည်ချောင်း ကြော ထအောင်အော်သည့် ညစ်စုတ်စုတ် ကလယ်ကုလား စားပွဲ ထိုးလေးများလည်း ကွယ် ပျောက်ပြီ။ သူတို့နေရာတွင် ‘နံပါတ်နှစ်က ကော်ဖီအချို့ပေါ့တစ်ခွက်’ဟု သာယာညင်းပျောင်းစွာဆိုသော စားပွဲထိုး လုံမပျို တို့ လူစားဝင်လာကြပြီဖြစ်သည်။ မှန်ပါသည်။ လက်ဖက်ရည်ဆိုင်တစ်ခေတ် ပြောင်းလဲ ခဲ့ပြီဖြစ်သည်။ သူ့နောက်တွင် တရုတ်လက်ဖက်ရည်ဆိုင် များ လိုက်လာကြသည်။ တို့မြန်မာ လက်ဖက်ရည်ဆိုင် မှာ မရှိသလောက်ရှားသည်။ ယနေ့မူ မြန်မာ လက်ဖက်ရည်ဆိုင်များ သားနားစွာ ရှိလာပြီ ဖြစ်သည်။ ထိပ်တန်းအကျဆုံးကတော့ ပင်စင်နာများနှင့် ပင်လယ်ရပ်ခြားသား ပိုင်ဆိုင် တို့ဖြစ်သည်။

လက်ဖက်ရည်ဆိုင်၏ ထည်ဝါမှုနှင့် အနှစ်သာရသာလျှင် မဟုတ်သေး။ ရောင်းချသည့် ပုံသဏ္ဍာန်ပါ ပြောင်းသွားပါသည်။ အညစ်အကြေး အထပ်အထပါ စုတ်ပြတ်ပြတ် ကုလားစားပွဲထိုး လေးများနေရာတွင် သနပ်ခါးပါးကွက်ကြားလေးနှင့် မိန်းကလေးများက စားပွဲထိုးနေကြသည်မှာ အားရဖွယ်ကောင်းလှသည်။ ကျွန်တော် တို့၏ ညီမငယ်၊ တူမငယ်များအတွက် လုပ်ငန်းသစ်များ ပေါ်ထွက်လာသည်။ လက်ဖက်ရည်ဆိုင် များမူ ရှေ့ဆောင်လမ်းပြပြုသည့်အခါတွင် လုပ်ငန်းညီအစ် ကိုဖြစ်သည့် စားသောက်ဆိုင် များကလည်း ဤလမ်းကြောင်းကို ရဲဝံ့စွာ ဆက်လက် လျှောက်ပါလာ ကြသည်။ သို့သော် လက်ဖက်ရည် ဆိုင်များသည် လမ်းသစ်ထွင်သူများ ဖြစ်သော်လည်း ဟော်တယ် ဆိုင်များမှာမူ လမ်းဟောင်းကြီး ကို ပြန်လျှောက်နေခြင်းသာ ဖြစ်ပေမည်။ ကျွန်တော်အတွေးများ သည် လွန်ခဲ့သော အနှစ် သုံးဆယ်ကာလသို့ ရုတ်ချည်း ပြန်ရောက်သွားသည်။

    ’’ဟေ့အကီ၊ နံပါတ်စုံးမှာ နင့်အီကိုလာတယ်’’
    တရုတ်တန်း ဟော်တယ်ကြီးတစ်ခု၏ ကောင်တာတစ်ခုမှ လှမ်းအော်လိုက်သည်၍ အကီ (ခေါ်) အကြည်သည နံပါတ် ၅ အခန်းတွင်းမှ ထွက်လာကာ နံပါတ်သုံးအခန်းတွင်း ၀င်လာသည်။ စွန်လည်ပြန် မျက်နှာချေ တစ်ထုပ်လုံး နီးပါးမျှ လိမ်းထားလျက် နှုခမ်းကို ရဲပဒိုင်းလန်မျှ နီရောင်ဆိုး ထားသည့် အကြည် မှာ ကျောက်ပေါက်မာ သက်သက် နှင့် ဖြစ်သော်လည်း ပြုံးလိုက်လျှင် ၁၄ ကရက်ရွှေများ ၀င်းခနဲ လက်သွားသည်။ အကြည်သည ကွာစိဝါးရင်းက ’’ဟင်…. အစ်ကို …. ဘယ်တုန်းကရောက်နေသလဲ’’ ဟု ပြောပြော ဆိုဆို အတော်ထိုနေပြီဖြစ်သော သကောင့်သား တစ်ဦး၏ ပေါင်ပေါ် စွေ့ခနဲ ထိုင်လိုက်၏။ ဒါတွေမှာ ခေတ်ဟောင်း က တရုတ်ဟော်တယ်များ၏ ရုပ်ပုံ လွှာသာဖြစ်ပါသည်။ ယခုမူ ဤ လမ်းဟောင်းကို စွန့်ခွာခဲ့ကြပြီ ဖြစ်သည်။

ဂျပန်ပြည်မှ ဂေရှားဟောက်စ်များ၊ ဂျပန်ပြည်၏အလှတွင် ဂေရှားမယ်များလည်း ပါသည်။ ဂေရှာူးမယ်မှာ အပျော်မယ် မဟုတ်ပါ။ ပြုစုဧည့်ခံသည့် နေရာတွင် စံယူရသော်လည်း လမ်းသစ်ကို ရှာလိုသော် ခေတ်ဟောင်းက လမ်းကြောင်းသို့ နော်ကတုန့်မပြန်ဘဲ ခေတ်မီတိုးတက်သည့် လမ်း ကြောင်းပေါ်၌ မှန်ကန်စွာ လျှောက်ကြစေလိုသည်။

လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များ အပြိုင်ဖွင့်ကြသည့်နည်းတူ ဆူဆူညံညံနှင့် လျှမ်းလျှမ်း တောက် အပြိုင်ဖွင့်ကြသည့် အသံသွင်းဌာနနှင့် ကက်ဆက်အခွေအငှာဆိုင်များ ဖြစ် သည်။ လောကတွင် ကျွန်တော်အမုန်းဆုံးဖြစ်လျက် မည်သည့်အခါမျှ အိမ်နီးပါးချင်း မဖြစ်လိုသည့် ဆိုင်ကိုညွှန်ပြပါဆိုလျှင် ပထမအမုန်းတီးဆုံးမှာ ဒန်ပေါက်ဆိုင်ဖြစ်လျက်၊ ဒုတိယမှာ ကက်ဆက် ခွေ သွင်း/ငှားဆိုင် ဖြစ်ပေလိမ့်မည်း။ လူ၏ အာရုံငါးပါးတွင် သနားဖွယ်ရာအကောင်းဆုံး၊ အကာ အကွယ် အကင်းမဲ့ဆုံးသော အာရုံနှစ်ပါးမှာ ဂန္ဓာရုံနှာခေါင်းနှင့် သောတအာရုံ နားတို့သာလျှင် ဖြစ် ကြသည်။ အရသာမကြိုက်လျှင် လျှာကမစားဘဲ နေလို့ရသည်။ မြင်ကွင်းမကြည့်လိုလျှင် စက္ခုအာရုံ မျက်စိက ပိတ်ထားလို့ရသည်။ မခံသာသည့် အနံ့ အသက်နှင့် အသံဗလံတို့မှာမူ ထွက်ပြေးရန် တစ်ခုသာ ရှိတော့သည်။

    ဆာလောင်မွတ်သိပ်သည့်အခါတွင် ဒန်ပေါက်ထမင်းနံ့ရသော် သွားရည်ကျမိမည်ဖြစ်သည်။ စားသောက်ပြီးစီးသည့် အနံ့ကိုပင် မခံလိုတော့။ တစ်နေ့လုံးများ ရှူနေရသော် ခေါင်းကိုက်ခဲ လာ တော့သည်။ အလားတူပင် သီချင်းသံဟူသည်မှာ ငါးမိနစ် ဆယ်မိနစ်ခန့်သာလျှင် သာယာနာ ပျောဖွယ် ဖြစ်ကောင်းဖြစ်မည်။ နာရီဝက် တစ်နာရီကျော်တွင် မခံသာတော့။ နေ့တစ်ဝက်ခန့် အသံကုန်ဖွင့်ထားမူ ရူးသွားနိုင်လောက်သည်။ အသံနှင့် ညှဉ်းပမ်းနှိပ်စက်ခြင်းမှာ အကယ်ပင် ရူးသွားနိုင်စေသည်။ Decibel ဒယ်ဆီဘဲလ်သဘောနှင့် အာရုံကြောထိခိုက်မူကို ရန်ကုန်မြို့တွင် ပြသွားသည့် Impress file ရုပ်ရှင်ကားတွင် ပြသွားသည်။ ရန်ကုန်မြို့တွင် ကက်ဆက်အခွေသွင်း /ငှားဆိုင် သုံးရာကျော်ရှိသည်။ မကြာမီတွင် ရန်ကုန်မြို့နေ လူအများ ရူးသွားသော် အရူးမြို့တော် ဟု ခေါ်ဖွယ်ရာ အကြောင်းပင် ရှိနေ ပါသည်။

ဘက်မလိုက် ဆိုပြီး ဘက်လိုက်သော နိုင်ငံများအကြောင်းနှင့် ပျားအကြောင်းမှာ မောင်သစ် နှင့် ထွန်းသစ် တို့ လက်ဦးသွားပြီမို့ ရေးခွင့်မကြုံတော့ပါ။

သောင်းပြောင်းထွေလာရယ်စရာ၊ နိုဝင်ဘာ ၁၉၇၉

ဆက်ရန်
.

No comments: