Friday, November 11, 2011

စာရေးဆရာ ကိုအောင်ဆန်း, အပိုင်း (၄၆)

ယုံကြည်အားထား

ဗိုလ်ချုပ်သည် ကိုလိုနီခေတ် မျိုးချစ်စာဆိုများဖြစ်သော သခင်ကိုယ်တော်မှိုင်း၊ ဦးဖိုးကျား၊ ဒီးဒုတ်ဦးဘချို တို့၏ စာများနှင့်ကြီးပြင်းခဲ့ရ သူဖြစ်သည်။ ခေတ်ပြိုင်လည်းဖြစ်၏။ ယင်းတို့ကို ကြည်ညိုလေးစားသူ လည်း ဖြစ်၏။

ဗိုလ်ချုပ်သည် ဒီးဒုတ်ဦးဘချိုထက် ၂၂နှစ်ငယ်သည်။ သို့သော် ဆရာချိုသည် ဗိုလ်ချုပ်ကို လေး စားသည်။ ချစ်ခင် သည်။ ဗိုလ်ချုပ်အစိုးရအဖွဲ့တွင်လည်း ပြန်ကြားရေးဝန်ကြီးဖြစ်သည်။ ဗိုလ်ချုပ် သည် အမျိုးသားရေး နှင့် ပတ်သက်လျှင် ဆရာချို၏ဆောင်ရွက်ချက်များကို ယုံကြည်သည်။ အားထားသည်။ ပင်လုံ စာချုပ် အပြီး ၁၉၄၇ခ၊ မတ်လတွင် ပခုက္ကူခရိုင်၊ ထီးလင်းမြို့၌ ချင်းဗမာချစ် ကြည်ရေး အထိမ်းအမှတ် ကျောက်တိုင် ဖွင့်ပွဲအခမ်းအနားရှိသည်။ ယင်းအခမ်းအနားသို့ တက်ရောက်ရန် ဆရာချို အား သူ့ကိုယ်စားစေလွှတ် ခဲ့သည်။ ထို့ပြင် ၁၉၄၆၊ ဇူလိုင်လ ၁၁ရက်နေ့ တွင်ထုတ်ဝေသော ဒီးဒုတ်ဂျာနယ် နှစ်ပတ်လည်စာစောင်၌လည်း ဤသို့ရေးသားပေးပို့ခဲ့လေ သည်။

"ဒီးဒုတ်ဂျာနယ် အယ်ဒီတာချုပ်ဦးဘချိုမှာ ၀ါရင့်သော ၀ံသာနုတစ်ဦး ဖြစ်ပေသည်။ ထိုမျှမက သူ၏အယူအဆထင်မြင်ချက်များကို သဘောမတူသူများ ရှိပင်ရှိလင့်ကစားသူ့ ကို အာဏာလု၊ သို့မဟုတ် ၀မ်းစာလု၊ သို့မဟုတ် ရာထူးလု ၀ံသာနု ဟု မည်သူမျှမစွပ်စွဲနိုင်ပေ။"

ရင်းရင်းနှီးနှီး

"ကျွန်တော်သည် ဆရာဦးဘချိုနှင့် (၁၉၃၆) ကျောင်းသားသပိတ်နှစ်လောက်က ကောင်းစွာ သိကျွမ်းခဲ့ရာ သူ၏ဥာဏ်ရည် ဖန်ရည်နှင့်တကွ စိတ်ထားကို ကောင်းစွာ သိခဲ့ရပါသည်။ ကျွန်တ်ာတို့နှင့် ဆရာဦးဘချို ယခုဖဆပလခေတ်တွင်မှ နိုင်ငံရေးအားဖြင့် ရင်းရင်းနှီးနှီး ပေါင်းလာ ခဲ့ကြရသော်လည်း ၁၉၃၆ ခုနှစ်လောက်တုန်းကပင်စ၍ အရေးရှိလျှင် ရှိသလို ဆရာဦးဘချို၏ ထိရောက်သော အကူအညီ များ ရခဲ့ ပေသည်။"

ဂျပန်ခေတ် မတိုင်မီ ဥရောပစစ်ကြီးဖြစ်ပွားလျက်ရှိစဉ် ကျွန်တော် တရုတ်ပြည် အမွိုင်မြို့သို့ ထွက် ခွာရန် စီစဉ်ကြစဉ်က ဆရာဦးဘချိုထံမှ အရေးကြီးသော တရုတ်လူကြီးအချို့၏ လိပ်စာများ ရရှိခဲ့ ပေသည်။ သို့သော် ၎င်းအဆက်များနှင့် ဆက်ဆံရန် ကြိုးစားနေခိုက် မြန်မာပြည်မှ ကျန်ရဲဘော် များ၏ ညွှန်ကြားချက် အရ ဂျပန်ကလာခေါ်သဖြင့် ဗမာ့လွတ်လပ်ရေးအတွက် ဂျပန်နှင့် စခန်းသွား ရေး အလုပ် ဖြစ်မြောက်သွား တော့သည်။

ထို့နောက် ဂျပန်များနှင့် မြန်မာပြည်သို့ ၀င်ရောက်လာပြီးနောက်ဆရာဦးဘချိုကို ရွှေဘိုအနီးဆိပ် ခွန်ရွာတွင် သွားရောက်တွေ့ရသည်။ ကျွန်တော်တို့လည်း ဆရာ့ကို တတ်နိုင်သမျှ ဂျပန်ဘေးမှ ကူညီ ခဲ့ကြသည်။ သူ့ထံမှ တရုတ်နှင့် ဆက်သွယ်ရေးကိစ္စများတွင် ကျွန်တော်တို့၏ရဲဘော်များ အတော်ပင် အကူအညီရခဲ့သည်။

ဒီးဒုတ်ဦးဘချိုသည် လူပေါင်းလူသင်းအားနာတတ်၍ အချို့ဝါဒသဘောများတွင် (ဥပမာ-အင်းအိုင်၊ မန္တရား လိုက်စားခြင်း) ကျွန်တော်တို့ လူငယ်ပိုင်းကသဘောမတူနိုင်သော်လည်း ဆရာကြီး ဦးဘချို သည် အချောင်သမား လည်း မဟုတ်၊ သာယာစီးလည်းမဟုတ်၊ စေ့စပ်ရေးသမားလည်းမဟုတ်၊ မဖောက်မပြန် ခဲ့သော ရေမရောသည့် ၀ံသာနုတစ်ဦးဖြစ်ကြောင်း။
ဝံသာနု လက်ဟောင်းကြီး ဦးဘချိုဦးစီး ထုတ်ဝေသော ၀ံသာနုဒီးဒုတ်ဂျာနယ်သည် ခေတ်အလိုက် သဘောတရား တွင် တိုးတက်သော မြန်မာပြည်၏ လွတ်လပ်ရေးနှင့် ကောင်းစားရေးတို့အတွက် ဆတက် ထမ်းပိုး သယ်ပိုးဆောင်ရွက်နိုင်ပါစေဟု ဆုမွန်တောင်းလိုက်ပါသည်။

စာပေနှင့် မကင်းကွာ

ဗိုလ်ချုပ်သည် ဒီးဒုတ်ဦးဘချိုကို စေ့စေ့စပ်စပ်လေ့လာ၍ ပွင့်ပွင့်လင်းလင်း ရေးသားထားလေ သည်။ ဆရာချို ၏ စရိုက်လက္ခဏာများပေါ်လွင်သည်။ ဗိုလ်ချုပ်သည် စာရေးကောင်းသူဖြစ်၏။ တိုတိုနှင့် လိုရင်း ရောက်အောင် ရေးသားနိုင်သည်။ စွဲမက်ဖွယ်ကောင်းသည်။ အသက် ၁၅နှစ်အ ရွယ် ကိုးတန်း ကျောင်းသား ဘ၀မှစ၍ အသက်၃၂နှစ်အရွယ် လုပ်ကြံခံရသည့် အချိန်အထိ ဘ၀တစ်လျှောက်လုံး စာပေ နှင့် မကင်းကွာခဲ့ပေ။ သူဝါသနာပါ မြတ်နိုးလှသော စာပေအလုပ်နှင့် အမြဲတမ်းလိုပင် တစ်ဆက် တစ်စပ် တည်း ရှိခဲ့သည်။ နိုင်ငံရေးသက်တမ်းနှင့် စာပေသက်တမ်း အတူတူလောက်ပင်ဖြစ်၏။

ဗိုလ်ချုပ် သည် စာပေရေးသားရာတွင် ထူးချွန်သကဲ့သို့ အယ်ဒီတာ လုပ်ရာတွင်လည်း ထက်မြက်သူဖြစ်၏။ မှန်၏။ သူအိုးဝေမဂ္ဂဇင်းအယ်ဒီတာလုပ်စဉ်က မြန်မာနိုင်ငံ နိုင်ငံရေးလောကကို ကိုင်လှုပ် ခဲ့ သည်မဟုတ်ပါလော။ သူသည် စာပေကိုကိုင်ညွတ်သည်။ တိုင်းပြည်လွတ်လပ်ရေးရလျှင် နိုင်ငံရေးမှ အနားယူကာ စာပေရေးသား၍ အေးအေးလူလူ နေထိုင်မည်ဟု ဆုံးဖြတ်ထားလေသည်။ ဆရာချို ကလည်း ထိုနည်းအတူပင်ဖြစ်၏။ သို့သော် နှစ်ဦးစလုံး  မျှော်လင့်သည်တို့မဖြစ်ရဘဲ မမျှော်လင့် သည် တို့ဖြစ်ခဲ့ရသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ ပညာရေးအမြင်

နှစ်ဆယ်ရာစု ကို ပညာရှင်အများက " ပညာခေတ်" "သတင်းနှင့် နည်းပညာခေတ်" စသည်ဖြင့် အမည်ပေး သတ်မှတ်ကြသည်။ ပညာကအရာအားလုံးထက် ရှေ့တန်းရောက်လာသည့် သဘော။ သို့ဖြင့် ပညာရေး နှင့်  ပတ်သက်သော အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ သင်ကြားမှု သင်ယူမှုနည်းနာများ စသည် တို့မှာလည်း ကျယ်ပြန့်နက်ရှိုင်းလာတော့သည်။ အစဉ်အလာအဓိပ္ပာယ် ဖွင့်ဆိုချက်များ နည်းနာများနှင့် မလုံလောက် တော့ပေ။

ကျောင်းသင် သင်ရိုးစာအုပ်ထဲတွင် ပါဝင်သော စာသားများကို မြင်ဖူးကြားဖူးရုံမျှ ကြက်တူရွေး နှုတ်တိုက် ရခြင်းမျိုး တို့ကို ပညာဟုမသတ်မှတ်၊ "သညာ"ဟုသာ သတ်မှတ်ကြသည်။ သိမြင်တတ် မြောက်ခြင်း၊ ကျွမ်းကျင်ခြင်း၊ ဆင်ခြင်းခံစားနိုင်ခြင်းတို့ကို ပညာ၏ အဆင့်ဆင့်သော သင်ကြားသင် ယူနည်းနာ အစီအစဉ် များထဲ ထည့်သွင်းသတ်မှတ်လာကြသည်။
များမကြာသော ကာလကပင်လူ၏ ဥာဏ်စွမ်းရည်ကိုလည်း I.Q အပြင် E.I နှင့် S.I. (Intelligence Quality အပြင် Emotiona l Intelligence and Social Intelligence) တို့ကိုပါ ထည့်သွင်းစဉ်းစား ၍ တန်ဖိုးထားသတ်မှတ် လာကြသည်။

စိတ်ခံစားမှု ဥာဏ်ရည်များ လူ့အဖွဲ့အစည်းဆိုင်ရာ ဥာဏ်ရည်အထိ ထည့်သွင်းသတ်မှတ်လာ ခြင်းပင်။ အသိပညာ (Knowledge) မှအမြင့်ဆုံးဥာဏ်ပညာ (wisdom)အထိ ပြောဆိုလာခြင်းဟု နားလည် ရပါသည်။

ပညာသင်ယူရေးတွင်လည်း မျဉ်းတန်းသဘော စဉ်းစားနည်း (Linear Thinking) မှအဆင့်တက်၍ ဖြန့်ထွက်တွေးခြင်း (Lateral Thinking)၊ ပိုင်းခြားဝေဖန် ဆန်းစစ်တွေးခြင်း (Critical Thinking) အထိ နက်ရှိုင်းကျယ်ပြန့်လာပေသည်။ နည်းပညာ တိုးတက်ပြောင်းလဲမှု အလွန်မြန်ဆန်သော ယနေ့ကာလတွင် စဉ်ဆက် မပြတ် ပညာ ဆည်းပူးရေး မှာလည်း အရေးပါလာပေသည်။ ပုခတ်တွင်း မှသည် သချိင်္င်း အုတ်ဂူ အတွင်းအထိ စဉ်ဆက်မပြတ် ပညာဆည်းပူးရေးဟု ပြောဆိုကြသည်။

ယနေ့ခေတ်ကာလ ပညာရေးအဓိပ္ပါယ် အကောက်အယူများအကြောင်း အပြောများ အရးများလာ သောအခါ ဖတ်ဖူးခဲ့သော စာအုပ်တစ်အုပ်ကို သတိရလာမိသည်။ ထိုစာအုပ်မှာ "၁၉၅၁" အကုန်လောက်က "ဗိုလ်သိမ်းဆွေ"တာဝန်ယူထုတ်ဝေခဲ့သော "ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ" ဖြစ် ပါသည်။

ယင်းစာအုပ်တွင် အခန်းပေါင်း ၄၀ကျော်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ နိဒါန်း၊ ၀န်ကြီးချုပ် သခင်နုမှတ်ချက်၊ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည် ခွင့်ပြုချက် နှင့်ထုတ်ဝေသူ ဗိုလ်သိမ်းဆွေ၏ အစီရင်ခံစာ... စသည်အားဖြင့် ပါဝင်ပါသည်။ ဗိုလ်ချုပ်သည် ကိုယ်တိုင်ရေးအတ္တုပ္ပတ္တိကို အခန်း ၁မှ တစ်ပါး ကျန်အခန်းများကို အင်္ဂလိပ်လိုရေးခဲ့ပါသည်။ သို့သော်ပြီးဆုံးအောင်မရေးခဲ့ရပါ။ အခန်း၁ကို ဗမာဘာသာ ဖြင့် "ဇာတိ"နှင့် "ကျောင်းသားဘ၀"ဟု နှစ်ပိုင်းခွဲရေးခဲ့ပါသည်။

 အခန်း၃မှ စ၍ကျန်အခန်းများကို ဗိုလ်ချုပ်နှင့်အနီးကပ် ရင်းရင်းနှီးနှီးနေခဲ့သော ပုဂ္ဂိုလ်များက ၀ိုင်းဝန်း ရေးသား ခဲ့ကြပါသည်။
မြန်မာဘာသာဖြင့် ရေးသားသောအခန်း ၁မှ ခေါင်းစဉ်ငယ် "ကျောင်းသားဘ၀"တွင် ဗိုလ်ချုပ်၏ ပညာရေး နှင့် ပတ်သက်သော သဘောထားအမြင်များ ပါရှိပါသည်။ ရေးသားခဲ့သော ကာလမှာ ဂျပန်ခေတ် ဗမာ့တပ်မတော်စစ်ဝန်ကြီးနှင့် စစ်သေနာပတိဘ၀က ဖြစ်ပါ သည်။ လွန်ခဲ့သော နှစ်ပေါင်း ၆၀ကျော်က ဗိုလ်ချုပ် ၏ ကိုယ်ပိုင်အမြင် အယူအဆများပင် ဖြစ်ပါသည်။ အံ့သြဖွယ်၊ လေးစားဖွယ်၊ အတုယူဖွယ် ကောင်း လှသောကြောင့် မူရင်းအတိုင်း ကူးယူဖော်ပြလိုက်ပါသည်။

"ပညာဆိုသည်မှာ စာအုပ်စာတမ်းဖတ် ၍ စာသိမှုကို ပညာဟုမဆိုပေ။ ပညာသည်"အတိုင်းအဆ မထင်" အလွန် ကျယ်ပြော နက်နဲလှပေသည်။ ကမ္ဘာရှိ စာအုပ်အားလုံးပင်လျှင် ပညာအားလုံးကို လောကပြင်ကျယ်တည်းဟူသော ကျောင်းကြီး၌ ကျွန်ုပ်တို့သည် ပုခက်တွင်းမှသည် မြေကြီးထဲသို့ ရောက်သည် အထိ ပညာသင်သားများ ဖြစ်နေကြစေသည်။ ထို့ကြောင့် ပညာသင်ကြားမှုသည် အမှန်စင်စစ် အားဖြင့် သူ၏တစ်သက်ပန်တွင် ကုန်ဆုံးသည်ဟု မဆို နိုင်ပေ။"

ပညာသည် စာအုပ်ထဲက အကြောင်းအရာမျှသာမဟုတ်။ လောကပြင်ကျယ်ထဲတွင်လည်း သင်ယူ နိုင်ပုံ၊ တစ်သက်တာလုံး သင်ကြားဆည်းပူးနေရမည် ဖြစ်သည်ကို အဓိပ္ပာယ်ဖွင့် လမ်းညွှန်ခဲ့ပေ သည်။
တစ်ဖန် ဆက်၍ "ပညာတက်"ဟူသည် အဘယ်သို့သင်ယူဆည်းပူးသည်၊ အဘယ်သို့ အသုံးချ သည်ကို.....
"ပညာတတ်သူသည် လောကရှိအရာရာကို အခွင့်အလမ်းအလိုက် ဆင်ခြင်းသုံးသပ်နိုင်စွမ်းသော ဥာဏ်အားကိုလည်းကောင်း မိမိဥာဏ်အမြင်အရ စိတ်နေစိတ်ထား စိတ်ဓာတို့ကို၎င်း (Emotion of the education) ပြုပြင်ပြုစု စီမံထားခဲ့သူသာလျှင် ဖြစ်သည်။ "ဘီအေပင် အောင်စေကာမူ ပညာ ဆိုသော သဘာဝ အဓိပ္ပာယ်ကို ကောင်းစွာသုံးသပ် ထားခြင်း မရှိခဲ့သော် တကယ်အရာမရောက် အသုံးမ၀င် နိုင်ပေ"ဟုဖွင့်ဟခဲ့သည်။"

"ပညာသည် စာအုပ်များထဲ၌သာ ရှိသည်မဟုတ်။ စာအုပ်များကိုကျော်၍ မြင်စွမ်းနိုင်ခြင်းကို ဆောင်နိုင်ရပေမည်။ ပညာသည်လူ၏နောက်ကိုသာ ပြုပြင်တိုးချဲ့ရုံသာမဟုတ်။ လူ၏စိတ်နေစိတ် ထား အယူအဆ များကိုလည်း တိုးတက်စေရမည်။"
ထိုစဉ်ကပင် ဗိုလ်ချုပ်က Intelligence Quality, Emotional Intelligence and Social Intelligence တို့ကို ထုတ်ဖော်ရေးသားခဲ့ပြီး ဖြစ်သည်။
ပညာသင်ယူရာတွင် အသိသာမက လက်တွေ့နှင့် ပေါင်းစပ်၍ တိုးချဲ့ရန်၊ လူ့လောက လူ့အဖွဲ့ အစည်းအကြောင်း သိရုံမျှမက ပိုမိုသာလွန်ကောင်းမွန်အောင် ဖန်တီးရန် အသိပညာ၏ သဘောနှင့် ပညာတတ် ၏ သရုပ်ကို အတိအလင်း မြွတ်ဟခဲ့ပေသည်။

"ရာဇ၀င် သိရုံသာမဟုတ်၊ ရာဇ၀င်ကို ဖန်တီးနိုင်စေရမည်။ လောဓာတ်ပညာကို သိရုံသာမဟုတ်၊ လောကဓာတ် ပညာကို တိုးချဲ့နိုင်စေရမည်။ ပထမပညာကို သိရုံသာမဟုတ်၊ မြေသစ်၊ ရေသစ်၊ တောတောင် တို့ကို ရှာဖွေစုံစမ်းနိုင်စွမ်း ရှိစေရမည်။ လောကအကြောင်းကို နားလည်စေရုံသာမ ဟုတ်၊ သည်ထက် ကောင်းသော လောကကိုဖန်ဆင်းနိုင်စေရမည်။ ဤကား ပညာ၏သရုပ် အကျဉ်း မျှ ပင်တည်း။"

စစ်မှန်သော ပညာတတ်တို့က စာသိ၊ သညာသိမှ ထိုးထွင်းဥာဏ်အမြင်ဖြင့် ပညာကို တိုးမြှင့်ရန်၊ ကျဉ်းကျဉ်း မြောင်းမြောင်း မဟုတ်ဘဲ လောကအားလုံး သဘောဆောင်၍ လူ့အဖွဲ့အစည်း အတွက် အထိ အသုံး ၀င်ပြီး ပိုကောင်းသော လောကဖန်တီးရန် အထိလှုံ့ဆော်ခဲ့ပေသည်။
ဗိုလ်ချုပ်၏ လွန်ခဲ့သောနှစ် ၆၀ကျော်က ပညာရေးအပေါ်မြင်သည့် အမြင်၊ ထားသည့်သဘောထား များကားယခုကာလ သဘောထားများ အမြင်များနှင့် မည်မျှတိုက်ဆိုင်ညီညွတ် သည်ကိုချိန်ထိုး၍ စဉ်စား ဆင်ခြင် သင့်လှပေ သည်တကား။

"ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေးရပြီးလို့ တိုင်းပြည်မှာ စိတ်ချရရင် သူစာရေးဆရာလုပ် မယ်လို့ ကျွန်တော် နဲ့ဆရာကြီး ရာဇာတ်ကို ပြောပြပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းက သူကိုယ်တိုင် အင်္ဂလိပ် ဘာသာ နဲ့ရေးထားတဲ့ အတ္ထုပ္ပတ္တိကိုပြလို့ ဖတ်ကြည့်ရပါသေးတယ်။ ရေးစပဲရှိပါသေး တယ်။"

လုထုဦးလှပြောပြတဲ့ စစ်အတွင်းဗမာပြည် (ဒုတိယတွဲ)၊ စာ ၁၄၇-၈)

ဒါကလုထုဦးလှက ဦးအောင်ဆန်းစာရေးဆရာ လုပ်မယ်ဆိုတာကို သူကိုယ်တိုင် ပြောပြခဲ့တဲ့အ ကြောင်း မှတ်တမ်း တင် ထားတာပါ။
"လွတ်လပ်ရေးရပြီးရင် ငါတော့ နိုင်ငံရေးကထွက်ပြီး စာတွေရေးမယ်၊ နိုင်ငံရေးတွေ၊ ရာဇ၀င်တွေ အပြင် အိမ်ထောင်ရေးနဲ့ သားသမီးစောင့်ရှောက်ပြုပြင်ရေးတွေနဲ့ ပတ်သက်လို့ ငါ့ အယူအဆ သဘောထား တွေကိုပါ စာအုပ်ရေးမှာပဲ"
ဟုဗိုလ်ထွန်းလှ (တက္ကသိုလ်နေ၀င်း)ကို ၁၉၄၇ခုနှစ် ဧပြီလအတွင်း မေမြို့တွင် ပြောဖူးသည်ဟု ဆိုသည်။

(မြဟန်၊ ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာစာ-၂)

ဒါကလည်း စာရေးဆရာလုပ်ဖို့ စိတ်ကူးနဲ့ပြင်ဆင်နေခဲ့တဲ့ ဦးအောင်ဆန်းရဲ့အကြောင်းကို မှတ်တမ်း တင်ထားတာပါ။ ဒါတွေကတစ်ယောက်၊ နှစ်ယောက်ကို ပြောခဲ့တဲ့စကားတွေ ဖြစ်ပါ တယ်။ တရားဝင် လူသိရှင်ကြား ထုတ်ပြောခဲ့တဲ့စကားလည်း ရှိပါသေးတယ်။ စာပေဗိမာန်ကထုတ် တဲ့" ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းများ"စာအုပ်ရဲ့ စာမျက်နှာ ၃၁၈မှာပါတဲ့ "မကျေနပ်ရင် ထွက်ပေးမယ်" မိန့်ခွန်း ခေါင်းစဉ် အောက်မှာ ဖေါ်ပြထားတဲ့ ပြောကြားချက်ပါ။

ဆက်ရန်
.

No comments: