Friday, November 11, 2011

နေမိုးညို ၏ မအေးမြ တဲ့ လရောင် အပိုင်း (၁)

မအေးမြတဲ့လရောင်
နေမိုးညို

မြို့ကလေးနဲ့ ၆ မိုင်အကွာအဝေးကို ရောက်ပြီဆိုတာ ကားလမ်းကလေးမိုင်တိုင်ကြောင့် ကျွန်တော် သိ လိုက်တယ်။ အချိန်က ညနေငါးနာရီခွဲပါပြီ။ ကားအသွားအလာရှင်းနေတာမို့ စက်ဘီးကို အသာအယာ ပြန်ကွေ့ပြီး မြို့ကလေးဘက်ဆီ ခပ်မှန်မှန်ကလေး နင်းလိုက်တယ်။ ရုံးမှာ တစ်နေကုန် ညောင်းညာခဲ့ သမျှ ညနေစောင်းမှာ မြို့ပြင်ဘက် စက်ဘီးနင်းထွက်တော့ လေကောင်းလေသန့်ရသလို အညောင်း လည်း ပြေတာမို့ ညနေ... ညနေမှာ ကျန်းမာရေးလေ့ကျင့်ခန်းအဖြစ် စက်ဘီးနင်းထွက်ဖြစ်နေတာ အတော်လေး တောင်ကြာပါပြီ။ မြို့ကလေးက ပြည်ထောင်စုလမ်းတစ်ခုပေါ်က မြို့ကလေးပါ။ ဒီမြို့က လေးရဲ့အဝင်က တောင်ပေါ် စခန်းမြို့တစ်မြို့လို သိပ်လှပါတယ်။

 ပြီးခဲ့တဲ့နှစ်နွေရာသီမှာ သောက်ရေ တော်တော်လေးခက်ခဲ့တဲ့ အတွေ့အကြုံအရ၊ မြို့သူမြို့သားတွေ၊ မြို့မိမြို့ဖ တွေနဲ့ သက်ဆိုင်ရာတာဝန် ရှိအဖွဲ့အစည်းတွေပေါင်းပြီး၊ မြို့အဝင်မှာ သောက်ရေကန်ကြီး တစ်ကန် တူးလိုက်ကြတယ်။ ကန်ပေါင်ရိုး တစ်လျှောက်မှာ သြရေးရှား အပင်ပေါက်လေးတွေ စိုက် ထားလိုက်တာ အခုတော့ အပင်လေးတွေက ဝေဝေဆာဆာဖြစ်နေပါပြီ။ ညနေပိုင်းတွေမှာ မြို့ထဲက လူကြီးလူငယ် လူရွယ်လူလတ်တစ်တွေ ကန် ပေါင်ရိုးပတ်ပြီး လမ်းလျှောက်ကြနဲ့ စည်ကား နေတတ် ပါတယ်။ သောက်ရေကန်နဲ့ မလှမ်းမကမ်းမှာ မြို့ အဝင်ဆိုင်းဘုတ်ရှိပြီး မြို့အဝင် ဆိုင်းဘုတ်နဲ့ကပ်လျက်မှာ အပန်းဖြေပန်းခြံကလေးရှိပါတယ်။ ဂရုတစိုက် နဲ့ သေသေချာချာ ပြုပြင်ထားတာမို့ ပန်းခြံကလေးက ကဗျာဆန်ဆန်ကို လှပလို့ပါ။

ပန်းခြံ ထဲမှာလည်း ညနေပိုင်းဆိုရင် လာဆော့ကြတဲ့ ကလေးတွေ၊ ကိုယ်လက်လှုပ်ရှား ကစားကြသူတွေ၊ ရောင်စုံပန်းခင်း နောက်ခံထားပြီး ဓာတ်ပုံအလှရိုက်ကြသူတွေနဲ့ ပျော်စရာလေးပါပဲ။ မြို့အဝင်လမ်း ဝဲယာ တစ်လျှောက် လုံးက ဌာနဆိုင်ရာ အဆောက်အအုံတွေနဲ့ စီတန်းနေတာပါ။ ကားလမ်းဘေး တစ်ဖက်တစ်ချက်က ပန်းတင်ခုံတွေ ပန်းရုံတွေကို အမြဲတမ်း ရေလောင်းပေါင်းသင်ပြီး စနစ်တကျ သ ထားတော့ မျက်စေ့ပသာဒ တော်တော်ဖြစ်ပါတယ်။

ဌာနဆိုင်ရာရုံးတွေကလည်း မြို့အဝင်လမ်းကလေးရဲ့ အလှအပကိုမီအောင်၊ ခြံ စည်းရိုးရော ရုံးအဆောက်အအုံတွေပါ သပ်ရပ်လှပအောင် ဂရုစိုက်လာကြတော့ မြို့အဝင်ဟာ ကျွန် တော်ပြောခဲ့သလို တကယ့် တောင်ခြေ စခန်းမြို့အတိုင်း လှပနေတော့တာပါ။ စက်ဘီးကို အသာနင်းရင်း ရုံးတွေကို တော်တော်လေး ကျော်လာတော့ မြို့နယ်အားကစားကွင်းနား ရောက်လာတယ်။ အားကစား ကွင်းဘေးက လမ်းကလေး ထဲ ကျွန်တော် ချိုးဝင်လိုက်တယ်။

လမ်းသွယ် ၂ ခုအကျော်မှာ ပန်းမုခ်ဦး လေးလုပ်ထားတဲ့ သီးပင်စားပင် ပန်းအလှပင်တွေ ဝေဝေဆာဆာနဲ့ ခြံကျယ်ကြီးတစ်ခြံ လှမ်းမြင်ရရဲ့။ ခြံ အဝင် ရေမြောင်းကို တံတားခုံးခုံးကလေးလုပ်ပြီး လူထိုင်စရာ ခုံတန်း ကို Country Style လှလှပပလေး ရိုက်ထားတယ်။ ခုံတန်းလေးပေါ်မှာတော့ လှရက်လေခြင်းလို့ မုဒိတာပွားချင်စရာ အမျိုးသမီးတစ် ယောက်ထိုင်နေလေရဲ့။ ကျွန်တော် စက်ဘီးပေါ်ကဆင်းပြီး စက်ဘီးကို အသာတွန်းရင်း ခြံထဲဝင်မယ် လုပ်တော့ အမျိုးသမီးက နှုတ်ဆက်စကားဆိုပါတယ်။
“ဆရာတောင် စက်ဘီးနင်းက ပြန်လာပြီနော်...”တဲ့။

“ဟုတ်ကဲ့ခင်ဗျာ...”လို့ ပြန်ပြောရင်း ကျွန်တော်နေတဲ့ အိမ်ကလေးဆီ စက်ဘီးကို တွန်းခဲ့လိုက်ပါတယ်။

ကျွန်တော် ဒီမြို့ကလေးကို ဌာနဆိုင်ရာဦးစီးအရာရှိဘဝနဲ့ တာဝန်ကျတာ ၂ နှစ်ကျော်ပါပြီ။ ကျွန်တော် တို့ဌာနက လိုင်းခန်းမရတဲ့ဌာနမို့ ဒီခြံထဲက အိမ်လေးမှာ ဌားနေတာပါ။ ခြံရှင်ဟာ ကျွန်တော်နဲ့ သက်တူ ရွယ်တူ လူရွယ်တစ်ယောက်ပါပဲ။ ကျွန်တော့်အရင် အရာရှိနဲ့သူနဲ့က တစ်ရွာတည်းသား ငယ်သူငယ်ချင်း တွေလို့ ပြောပါတယ်။ အရင်အရာရှိပြောင်းသွားတော့ ကျွန်တော့်ကို သူ့သူငယ်ချင်းနဲ့ မိတ်ဆက်ပေးပြီး အခု ကျွန်တော်နေတဲ့ အိမ်ကလေးမှာ ဆက်နေစေခဲ့တယ်ဆိုပါတော့။ သီးပင်စားပင်တွေ စံနစ်တကျ စိုက်ထား တဲ့ ခြံကြီးရဲ့အလယ်မှာ နိုင်ငံခြားက ကတ်တလောက်တွေကြည့်ပြီး စိတ်တိုင်းကျ ဆောက် ထားတဲ့ နှစ်ထပ်တိုက်လှလှတစ်လုံးရှိပါတယ်။

အဲဒီတိုက်ရဲ့ခြေရင်းဘက်မှာ ကားလည်းထားလို့ရ လူ လည်းနေလို့ရတဲ့ အဆောက်အအုံကလေးတစ်ခု ဆောက်ထားတယ်။ ရေချိုးခန်း၊ အိမ်သာအပြည့်အစုံ၊ အိမ်သုံးပစ္စည်းအပြည့်အစုံနဲ့ပါ။ ကျွန်တော်က အဲဒီ အိမ်ကလေးမှာ နေတယ်။ ခြံရှင်  ကိုစောဝေ အထက် တန်းကျောင်းတက်တော့ သူ့မိဘနှစ်ပါးက ဒီခြံ ကိုဝယ်၊ ခြံကို စိတ်တိုင်းကျပြုပြင်၊ တိုက်အိမ် လှလှပပ ဆောက်ပြီး ကိုစောဝေကို သားချင်း တစ်ယောက်နဲ့ အတူ ထားလို့ ကျောင်းတက်စေခဲ့တယ်လို့ သိရပါ တယ်။

ကိုစောဝေရဲ့မိဘတွေက ဒီမြို့ကလေးနဲ့ ခပ်လှမ်းလှမ်းရွာတစ်ရွာက ငွေကြေးအတော်တောင့် တင်းတဲ့ ဆီစက်၊ ဆန်စက် ပိုင်ရှင်တွေလို့ ပြောပါတယ်။ ကိုစောဝေ ၁၀ တန်းအောင်ပြီး တက္ကသိုလ် တက်တော့ လည်း ဒီအိမ်ကပဲနေပြီး ၂၄ မိုင်လောက်ဝေးတဲ့ တိုင်းမြို့ကြီးရဲ့ တက္ကသိုလ်ကို ဆိုင်ကယ်နဲ့ ကျောင်းတက်ခဲ့ တာလို့ သိရတယ်။ သူကျောင်းပြီးတဲ့နှစ်မှာပဲ မိဘ ၂ ပါးနဲ့ သူ့ညီမ ဘုရားဖူးသွားရင်း ကားအက်ဆီးဒင့်ဖြစ်ပြီး ဆုံးပါးသွားကြတယ်တဲ့။ သူပြောပြတာ နားထောင်ပြီး ကျွန်တော်တောင် တော် တော် စိတ်ထိခိုက်ရပါတယ်။ ကိုစောဝေဟာ တော်တော့်ကို ချောမောခံ့ညားပြီး ယောက်ျားပီသတဲ့ ဥပဓိ ရုပ်ပိုင်ရှင်ပါ။

သူ့ကို ကျွန်တော် သဘောအကျဆုံးအချက်က ဆေးလိပ်လုံးဝမသောက်တာနဲ့ သဘာဝပတ်ဝန်းကျင်ကို သိပ်ပြီး ချစ်မြတ်နိုးတဲ့ စိတ်ဓာတ်ရှိတာကိုပါပဲ။ အခု ကျွန်တော်တို့နေတဲ့ ခြံကြီးကိုသာကြည့်၊ အပင်တွေ ကို တကယ့်ကို တယုတယ ထိန်းသိမ်းထားတာ၊ သစ်ခွမျိုးစုံရှိတယ်။ သဇင်တိုင်တွေရှိတယ်။ ဆေးဖက် ဝင် ဘယဆေးဥယျာဉ်က သီးသန့်၊ နှစ်ရှည်ပင် သရက်တို့၊ မရမ်းတို့ဆိုလည်း စိုက်ပျိုးရေးပညာရှင်တွေ နဲ့ တိုင်ပင်ပြီး အသေအချာ ထိန်းသိမ်းထားတာ၊ သူနေတဲ့အိမ်ရော ကျွန်တော်နေတဲ့ အိမ်ပါ လေရဟတ် တွေ၊ ဆိုလာပြား တွေနဲ့ လျှပ်စစ်ရအောင်လုပ်ထားတယ်။ ပြီးတော့ ဒီလူက မော်တော်ဆိုင်ကယ် ခရေဇီ လို့ပြောရမယ်။

ကားရှိပေမယ့် သုံးခဲတယ်။ သူ့ဆီမှာ ဒီတီ လို ဟာလေဒေးဗစ်ဆင် လို ဆိုင်ကယ်တွေ ၃-၄ စီးရှိတယ်။ အဲဒါတွေပဲ စီးတာများတယ်။ ဒါတောင် လျှပ်စစ်ဆိုင်ကယ်တွေရရင် ကောင်းမယ်ဗျာလို့ မကြာခဏ ပြောလေ့ရှိတယ်။ ပတ်ဝန်းကျင် ညစ်ညမ်းမှုသက်သာတာပေါ့... တဲ့။ ကိုစောဝေက အဲလိုမျိုး သဘာဝပတ်ဝန်းကျင်ကို ချစ်တဲ့သူပါ။ သဘာဝပတ်ဝန်းကျင်ကို ချစ်တတ်တဲ့ ကိုစောဝေဟာ နောက် တစ်မျိုးလည်း ချစ်တတ်ပါသေးတယ်။ အဲဒါကတော့ သဘာဝရဲ့သမီးပျိုလေးတွေကိုပါပဲ။

ကိုစောဝေဟာ မကြာခဏ ခရီးရှည်ထွက်လေ့ရှိတယ်။ သူ့အသက်မွေးဝမ်းကျောင်းအလုပ်ရဲ့သဘာဝကို က အဲဒီလိုခရီးသွားနေရတာလို့ သူပြောပြတယ်။ ရွာက မိဘလက်ငုတ်ဆီစက်၊ ဆန်စက်တွေကို ဦးလေး ဝမ်းကွဲတစ်ယောက်နဲ့ လွှဲထားလိုက်ကြောင်း၊ အလုပ်လည်းပါးကြောင်း သိရပါတယ်။ သူအိမ်မှာ နေတဲ့ ရက်တွေမှာ သူ့ဆိုင်ကယ်နဲ့ မိန်းကလေးချောချောလေးတွေ ပါပါလာတတ်တယ်။ တစ်ခုတော့ရှိ တယ်။ မိန်းကလေးတွေပါလာပြီဆိုတာနဲ့ ကိုစောဝေတစ်ယောက် သူ့အိမ်ကို အပေါ်ထပ်ရော၊ အောက် ထပ်ရော တံခါးတွေအကုန်ဖွင့်တော့တာပဲ။ နောက်ပြီး ပါလာတဲ့မိန်းကလေးတွေနဲ့လည်း ခြံထဲက သစ်ပင်ရိပ် ကောင်းကောင်းတစ်ခုမှာ ထိုင်ခုံတွေ၊ အစားအသောက်တွေချပြီး စားသောက်စကားပြောနေ တတ်တာ များတယ်။

သူ့ကောင်မလေးတွေနဲ့ တရင်းတနှီး ပြောဆိုနေထိုင်ပေမယ့် မျက်စိရှက်လောက် အောင် အနေအထိုင် မသိမ်မွေ့တာ တစ်ခါမှမမြင်ဖူးပါဘူး။ ကျွန်တော် ပြောင်းလာခါစနှစ် သူနဲ့ အတော် လေးရင်း နှီးလာတော့ သူ့ကို တစ်ခါမေးဖူးတယ်။ “ကိုစောဝေ မိန်းကလေးမိတ်ဆွေတွေ ပေါလည်းပေါ၊ ချောလည်း ချောနဲ့ ဘာလို့ အိမ်ထောင် မပြုသေးတာလဲ”ဆိုတော့ ဒီလူ ပါးချိုင့်လေးပေါ်အောင်ပြုံးရင်း ကျွန်တော့်ကို တစ်ခွန်း ပြန်မေးတယ်။ သူ့မေးခွန်းကို ရုတ်တရက် ကျွန်တော်ပြန်မဖြေနိုင်တော့ ရယ် လိုက်တာ  တဟားဟားနဲ့ သူ့မေးခွန်း က ရိုးရိုးလေးပါ။ “ခင်ဗျားကရော”တဲ့။

ကျွန်တော့်မေးခွန်းကို ကိုစောဝေဖြေပါတယ်။ “ကျွန်တော် မိန်းမလှတွေကို သိပ်ချစ်တယ် ကိုရဲမွန်၊ သူတို့နဲ့ အတူ သွားလာရ၊ စကားပြောရတာ၊ သူတို့လိုချင်တာလေးတွေ ဝယ်ပေးရတာ၊ အလိုလိုက်ရတာ သိပ် ပျော်တယ်။ ပြောရမယ်ဆိုရင် မိန်းမလှလေး တစ်ယောက်ယောက်မရှိဘဲနဲ့ ကျွန်တော်မနေတတ် ဘူးဗျ။ တစ်ခုတော့ ရှိတယ်။ ကျွန်တော် သူ့တို့ကို ချစ်တယ်ဆိုတာက ကျွန်တော့်ခြံထဲက သစ်ခွပန်းလေး တစ်ပွင့် ကို ချစ်သလို၊ နှင်းဆီပန်းလေးတစ်ပွင့်ကို ချစ်သလို ချစ်တာပါ” ကိုစောဝေက ပြောပြောဆိုဆိုနဲ့ သူနဲ့ ကျွန်တော် ထိုင်နေတဲ့ မရမ်းပင်ရိပ်က သဲတစ်ဆုပ်စာကို လက်နဲ့ကျုံယူလိုက်တယ်။

သူ့လက်ထဲက သဲ တွေကို မြေပြင်ပေါ်ဖြည်းညင်းစွာလွှတ်ချရင်း “ဟောဒီ့ မဟာပထဝီမြေကြီးကို သက်သေ ပြုရင်း ကျွန်တော် သစ္စာဆိုလို့ရတယ် ကိုရဲမွန်၊ ဒီနေ့အထိ ကျွန်တော်နဲ့ပတ်သက်ခဲ့သမျှ ဘယ်မိန်းကလေး ကိုမှ ကျွန်တော် မကျူးလွန်ခဲ့၊ မဖျက်ဆီးခဲ့ဘူး။ ကျွန်တော့်ချစ်ခြင်းမှာ ဘယ်တုန်းကမှ ညစ်ထေး တဲ့ အရောင် မစွန်းထင်းခဲ့ဘူး။ အဲဒါ သစ္စာစကားပဲဗျာ” သူ့စကားနဲ့ သူ့အမူအရာကိုကြည့်ရင်း ကျွန်တော် ကြက်သီး ထအောင် ခံစားရပါတယ်။

ကိုစောဝေဟာ သူ့ခြံထဲက ထွက်သမျှ သစ်သီးဝလံတွေကို အလုပ် သမားတွေကို ဝေပေးလေ့၊ ဘုန်းတော်ကြီး ကျောင်းတွေ လှူလေ့ရှိတယ်။ သူ့ခြံထဲက ပန်းတွေ၊ ဘယ် ပန်းတစ်ပွင့်မှခူးတာ ကျွန်တော် မမြင်ဖူး ခဲ့ဘူး။ သစ်ခွတွေ၊  သဇင်တွေ၊ နှင်းဆီတွေ ဒီအတိုင်းကြွေသွား တာချည်းပဲ။ ဘုရားပန်းတင်တာ၊ စားပွဲပေါ်က ပန်းအိုးထိုးတာတွေကို ဈေးကပဲဝယ်လေ့ရှိတယ်။ “ခြံထဲ က သစ်ခွ၊ သဇင်၊ နှင်းဆီတွေ ရောင်း ရင်တောင် ပိုက်ဆံမနည်းဘူးရမယ်နော် ကိုစောဝေ”လို့ တစ်ခါက ကျွန်တော်ပြောဖူးတယ်။ “ဟုတ်ပါတယ် ကိုရဲမွန်၊ ခြံကြီးက ဖေဖေတို့မေမေတို့ ၆ ခြံ တစ်ဆက်တည်းရ အောင် ဈေးကြီးပေးပြီး ဝယ် ထားတာပါ။ ကျွန်တော်စိုက်ထားတာကလည်း အများကြီးဆိုတော့ ပန်းတစ် မျိုးတည်း ရောင်းရင်တောင် ရမယ့်ပိုက်ဆံက စားလောက်သောက်လောက်ရုံထက် အများကြီးပိုပါတယ်။

ဒါပေမဲ့ ကျွန်တော် ဘယ်တုန်းကမှ မခူးခဲ့ပါဘူး။ အပင်ပေါ်မှာ သက်တမ်းကုန်အောင် ဝေချင်သလောက် ဝေ စမ်းပါစေ၊ ကြွေချိန်မတိုင်မီအထိ သက်တမ်းစေ့ အနှောင့်အယှက်ကင်းကင်းနဲ့ ဝေနေစေချင်တဲ့ စေတနာ နဲ့ ကျွန်တော့်ခြံ ထဲက ပန်းတွေ ကျွန်တော်မခူးခဲ့တာပါ။ အဲဒါ ဘာလို့လဲ ခင်ဗျားသိလား”။ ခင်ဗျား သိလားဆိုတဲ့ သူရဲ့အဆုံးသတ်စကားသံက သိသိသာသာကြီးကို လှိုက်ခါတုန်ယင်နေတာမို့ သူ့ မျက်နှာ ကို အလန့်တကြား ကျွန်တော်ကြည့်လိုက်မိတယ်။ အဝေးတစ်နေရာကို ငေးရီနေတဲ့ မျက်ဝန်း အစုံမှာ မျက်ရည်စ တွေ သီသီ ဝေ့လို့။

“ကြွေချိန်မတိုင်မီ ကြွေသွားတဲ့ ကျွန်တော့်အသည်းအသက်မက ချစ်ရတဲ့ ပန်းကလေးတစ်ပွင့်ကြောင့်ပါ ကိုရဲမွန်၊ ပန်းကလေးလိုလှပြီး သိုးကလေးလို ဖြူစင်တဲ့ကလေးမလေးပါ။ သူ့ကို ချစ်လွန်းလို့ တစ်အိမ် လုံးက ပန်းပွင့်လေးလိုပဲခေါ်ကြတာပါ။ ကျွန်တော့်ညီမ အရင်းကလေးပါ ကိုရဲမွန်” အံကြိတ်ပြီး တသိမ့် သိမ့် ရှိုက် နေတဲ့ ယောက်ျားကြီးတစ်ယောက်ရဲ့ ရင်တွင်းက ချစ်ခြင်းမေတ္တာ အတိမ်အနက်ကို ကျွန်တော် တိုင်းဆနေမိပါတယ်။

ကိုစောဝေ အဲဒီညက သူ့အိမ်ဘက်မကူးတော့ဘူး။ ကျွန်တော့်အိမ်ကလေးမှာပဲ နှစ်ယောက်အတူ သောက်ရင်း စကားတွေ အများကြီးပြောဖြစ်တယ်။ သူတို့မောင်နှမနှစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက် သိပ်ချစ်ကြကြောင်း၊ ငယ်ငယ်လေးထဲက ချီပိုးခဲ့ရလို့ ကလေးပေါက်စလေးတစ်ယောက် လိုကို အချစ်ပိုခဲ့ရကြောင်း၊ အရုပ်လေးတစ်ရုပ်လိုလှပြီး စိတ်သဘောထား နူးညံ့ဖြူစင်လွန်းသူလေးဖြစ် ကြောင်း လွမ်းလွမ်းဆွေးဆွေးပြောပြရှာတယ်။ အခု ကျွန်တော်နေတဲ့ အိမ်ကလေးက သူ့ညီမလေးလာ လည်တဲ့ အခါ စာကျက်လေ့ရှိတဲ့ အိမ်ကလေးဖြစ်ကြောင်း၊ ကျွန်တော် ကျန်းမာရေးလေ့ကျင့်ခန်းအဖြစ် စီးနေ တဲ့ စက်ဘီးကလေးက သူ့ညီမလေးစီးလေ့ရှိတဲ့ စက်ဘီးဖြစ်ကြောင်းလည်း ပြောပြပါတယ်။

“ညီမလေး... ကျောင်းပိတ်လို့ သူ့တက္ကသိုလ်က ပြန်လာတော့ ချစ်သူရခဲ့တာကို ပြောပြတယ် ကိုရဲမွန်” ညီမကို သိပ်ချစ်တဲ့အစ်ကိုတစ်ယောက်က ညီမဖြစ်သူ ချစ်သူရည်းစားရလာတာကို ဘယ်လိုသဘော ထားခဲ့ မလဲ သိချင်လွန်းလို့ သူ့စကားအဆက်ကို ကျွန်တော် စောင့်ပါတယ်။ “ကျွန်တော့်ညီမလေးရဲ့ စိတ် နှလုံး ကို ကျွန်တော်အသိဆုံးပါ။ သူရွေးချယ်လိုက်တဲ့ သူဟာ အကောင်းဆုံးစာရိတ္တနဲ့ အလှပဆုံး ကိုယ်ကျင့်တရား ရှိမယ် ဆိုတာ ကျွန်တော်အကြွင်းမဲ့ယုံပါတယ်။

ဒါပေမဲ့ ကိုရဲမွန်ရယ်...” ကိုစောဝေရဲ့အ သံတွေ တိမ်ဝင်သွားခဲ့တယ်။ သူစကား ရှေ့မဆက် နိုင် လောက်အောင် ရင်ထဲဆို့နင့်နေမှာပါ။ ညဉ့်အ တော် နက်လာတော့ “ကျွန်တော် ဒီနေရာလေးမှာပဲ အိပ်တော့မယ် ကိုရဲမွန်။ ဒီဒရင်းဘက်ကလည်း ညီမလေး စာကျက်ရင်း အိပ်တတ်တဲ့ ဒရင်းဘက်လေးပါ။ ကျွန်တော် မိန်းကလေးတွေနဲ့ တရင်းတနှီးနေသလောက် ဘယ်သူ့ကိုမှ မဖျက်ဆီးခဲ့တာဟာ ညီမလေး ကြောင့်ပါ။ ကျွန်တော့်ညီမလေး ကို တစ်ယောက်ယောက်က ဣနြေ္ဒမဲ့စေခဲ့ရင်... ဆိုတဲ့ အသိနဲ့ စာနာစိတ် ထားပြီး နေထိုင်နေတာပါ” ဗျာ လို့ပြောရင်း သူ အိပ်ပျော်သွားတယ်။ ရုပ်ဆင်းအင်္ဂါတင့်တယ်သလောက်၊ နှလုံးသား လှပနူးညံ့သူ၊ စိတ်ာထားဖြူစင်တဲ့သူပါလားရယ်လို့ လေးစားမိသလို၊ ဒီလိုလူတစ်ယောက်ကိုမှ ရက်ရက်စက်စက် တိုက်ခတ်ခဲ့တဲ့ ကံကြမ္မာမုန်တိုင်းကို ကျွန်တော် တော်တော်လေး နာကြည်းမိပါတယ်။ ဒရင်းဘက်လေး ပေါ်မှာ သောကဝေဒနာတွေနဲ့ သူအိပ်ပျော်သွားခဲ့သလို အဲဒီညက အတွေးတွေ တသီတတန်းနဲ့အတူ ကျွန်တော်လည်း မိုးစင်စင်လင်းခဲ့တာပါ။

ကိုစောဝေရဲ့ဘဝတစ်စိတ်တစ်ဒေသကို ကြေကွဲဖွယ်ရာ သိပြီးခဲ့ချိန်မှာ ကျွန်တော်ဟာ သူ့အပေါ် ပိုပြီး စာနာနားလည်လာနိုင်ခဲ့တယ်။ သူဟာ သောက်တတ်စားတတ်ပါတယ်။ ဒါပေမဲ့ ဘယ်တော့မှ ဣနြေ္ဒမဲ့ လောက်အောင် မလွန်ကျွံခဲ့ဘူး။ သူ့မှာ မိန်းကလေးမိတ်ဆွေ လှလှလေးတွေပေါများလှပါတယ်။ ဒါပေမဲ့ ဘယ်တော့မှ လူ့ယဉ်ကျေးမှုစည်းကို ကျော်လွန်ဆက်ဆံတာ မတွေ့ရဘူး။ အိမ်နဲ့ခြံက ကျွန်တော်ရှိနေ တာရော လစာကောင်းကောင်းပေးပြီး သူငှားထားတဲ့ ကျွမ်းကျင်ပြီးစေတနာပါတဲ့ အလုပ်သမားတွေရဲ့ ထိန်းသိမ်းမှု ကြောင့်ရော လှပစိမ်းလန်းလို့ပါ။ သူ့အသက်မွေးဝမ်းကျောင်းမှုဟာ ခရီးတွေအများကြီးသွား ရတယ် ဆိုတာကလွဲပြီး ဘာရယ်လို့ ကျွန်တော် မစပ်စုခဲပါဘူး။ နွေနွေ မိုးမိုး ဆောင်းဆောင်း ဆိုင်ကယ် မျိုးစုံစီးပြီး ကားပြောင်းစီးပါလားလို့ ပြောဖူးတာပဲရှိတယ်။

ဆိုင်ကယ်စီးရတာ ဝါသနာပါလို့ပါတဲ့။ ဆိုင် ကယ်မစီးနိုင်၊ မစီးသင့်တော့တဲ့ အရွယ်ကျမှပဲ ကားစီး ပါရစေတဲ့။ မြို့ကလေးမှာ သူ အနေနည်းပါတယ်။ ဒါပေမဲ့ လိုအပ်တဲ့ ပရဟိတလုပ်ငန်းတွေမှာ ရက်ရက် ရောရော ပါဝင်လှူဒါန်းလေ့ရှိတယ်။ တစ်မြို့လုံး ကလည်း သူ့ကိုခင်ကြပါတယ်။ နောက်ခြောက်လ လောက်ကြာတော့ ကိုစောဝေ အိမ်ပြန်လာတာ ကား သစ်တစ်စီးနဲ့။ ပိုပြီး ထူးခြားတာက မြင်သူတိုင်း နှစ်ခါ မက သုံးခါလေးခါ လည်ပြန်ငေးကြည့်ရလောက် တဲ့ အမျိုးသမီးတစ်ယောက် ပါလာတာပါပဲ။

ကိုစောဝေဟာ ယောက်ျားတွေထဲမှာ အရပ်အမောင်း၊ ရုပ် ရည် ပြောစရာမလိုအောင် ချောတဲ့သူဆိုတော့ သူနဲ့သူ့အမျိုးသမီးဟာ တကယ့်ကို နတ်ဖက်တဲ့စုံတွဲပါပဲ။ နယ်စပ်မြို့တစ်မြို့ကဖြစ်ကြောင်း၊ အဲဒီမြို့မှာပဲ ကြီးကျယ်ခမ်းနားစွာ မင်္ဂလာဆောင်ခဲ့ကြောင်း၊ ကိုစောဝေရဲ့မိဘများရွာမှ မင်္ဂလာ တစ်ခေါက် ထပ်ဆောင် ချင်ပေမယ့် ရွာကိုပြန်ရင် မိဘနဲ့ ညီမလေးကို သတိရပြီး ခံစားရမယ့် ဝေဒနာကို ခံနိုင်ရည်မရှိသေးလို့ မဆောင်ဖြစ်ကြောင်း ကျွန်တော့်ကို ပြောပြ ပါတယ်။

“ဟန်းနီးမွန်းခရီးစဉ် ဘယ်ကိုဆွဲထားလဲ ကိုစောဝေ”ဆိုတော့ သူပြုံးတယ်။ “ဟန်းနီးမွန်းက ကျွန်တော့်ခြံ ပါပဲ ကိုရဲမွန်၊ ဒီခြံကြီးကို စိတ်ကူးယဉ်ပန်းခြံကြီးတစ်ခုလို လှပအောင် ကျွန်တော် ပြုစုထားခဲ့တာ၊ အိုအေ စစ် တစ်ခုလို အေးချမ်းအောင် ထိန်းသိမ်းထားခဲ့တာပါ။ ခရီးတွေ သွားရတာများလှပြီ၊ ချစ်သူနဲ့အတူ နား ဦးမယ်ဗျာ”တဲ့။ “ဘယ်လောက်ကြာကြာနားမှာလဲ ကိုစောဝေ၊ တစ်နှစ်လား တစ်သက်လုံးလား”ဆိုတော့ သူ ရယ်ပြန်တယ်။ တကယ်လည်း ကိုစောဝေ ခြံထဲမှာဘယ်မှမသွားဘဲ တစ်ပတ်တည်းနေသွားတာပါ။ ဒီလူ က ခြေထောက်မှာ ဗွေပေါက်နေသလားမသိပါဘူး။

ကိုစောဝေတို့ လင်မယားနှစ်ယောက်ကို မြင်ရတာ စိတ်ချမ်းသာလှပါတယ်။ နဂိုထဲက စိမ်းစိုလှပသာ ယာ တဲ့ခြံကြီးဟာ သူတို့ ၂ယောက်ရဲ့ တင့်တယ်မှုနဲ့ပေါင်းစပ်လိုက်တော့ ကျွန်တော်မမြင်ဖူးတဲ့ ဧဒင် ဥယျာဉ် ကြီးဟာ ဒီလိုပဲ နေမှာပါလို့တောင် စဉ်းစားမိပါရဲ့။ ကိုစောဝေက ခြံထဲမှာ မီနီဂေါက်ကွင်း၊ တင်းနစ်ကွင်း၊ ကြက်တောင်ကွင်း နဲ့ ရေကူးကန်လေးဆောက်ဖို့ စီစဉ်တယ်။ တစ်ပတ်ပြည့်တဲ့နေ့မှာ ကိုစောဝေ ကျွန်တော့် အိမ်ကလေး ဘက် တစ်ယောက်တည်းကူးလာတယ်။

သူခရီးစထွက်တော့မယ့်အ ကြောင်း၊ မနက်သွားပြီး ညပြန်ရောက်မယ့် အလုပ်မျိုးသာဖြစ်ကြောင်း၊ အိမ်မှာ တစ်ယောက်တည်းကျန် ရစ်မယ့် သူ့အမျိုးသမီးကို နှမလေးတစ်ယောက်လို စောင့်ရှောက်စေလိုကြောင်းနဲ့ သူ့ဆောက်လက်စ ကစားကွင်းတွေကို ကြီးကြပ်ပေးစေလိုကြောင်း အကူအညီတောင်းတာပါ။ ဆိုင်ကယ်တစ်စီး နဲ့ မနက် မိုးလင်းတည်းက ထွက်သွားတဲ့ ကိုစောဝေဟာ ညရှစ်နာရီ ကိုးနာရီထက် ကျော်ပြီး ဘယ်တော့မှအိမ်ပြန် မရောက်နိုင်ခဲ့ပါဘူး။ ကျွန်တော် ရုံးကပြန်ရောက်ချိန်တွေမှာ သူ့အမျိုးသမီး ဟာ ခြံဝက ခုံတန်းလေးမှာ ထိုင်ပြီး ကိုစောဝေကို မျှော်နေလေ့ရှိပါတယ်။ လမ်းသွားလမ်းလာ အမျိုးသမီးလေး တွေက နတ်သမီး တစ်ပါးလိုလှတဲ့ သူ့ကို လည်ပြန်ငေးလို့။ တချို့ ချာတိတ်တွေဆို ခလုတ် များတောင် တိုက်လို့ပါ။

ကျွန်တော်ဟာ စိတ်လိုလက်ရရှိတဲ့နေ့တွေမှာ အိမ်မှာ အနည်းအကျဉ်းသောက်လေ့ရှိပါတယ်။ ရုံးပိတ် ရက်တစ်ရက် မှာ နေ့ခင်းဘက်ခြံထဲမှာ ကစားကွင်းဆောက်နေတဲ့သူတွေကို ကြီးကြပ်ပေးပြီး ညနေကျ တော့ နည်းနည်းပါးပါးသောက်မယ်စိတ်ကူးနဲ့ အိမ်ရှေ့မှာ ပုလင်းတွေ၊ ဖန်ခွက်တွေ ပြင်ထားလိုက် တယ်။ ပြီးတော့ မီးဖိုးခန်းထဲဝင်ပြီး ဂက်စ်မီးဖိုနဲ့ ဝက်အူချောင်းဝင်ကြော်ပါတယ်။ ဝက်အူချောင်းကြော်ပြီး လို့ အမြည်းပန်းကန် နဲ့ အိမ်ရှေ့ပြန်ထွက်လာတော့ ရုတ်တရက် လန့်တောင်လန့်ပါတယ်။ ကျွန်တော့် ရှေ့မှာ စင်သီယာရယ်။ ဟိုတုန်းက ကိုင်ဇာဆိုခဲ့တဲ့ သီချင်းတစ်ပုဒ်လို “တာဝတိံသာက နတ်သမီးလေး တစ်ပါး နတ်သက်ကြွေကာ” ကျွန်တော့်ရှေ့ရောက်နေသလိုပါပဲ။

အမြည်းတွေ၊ အရက်တွေနဲ့ကျွန်တော် ဟာ သူစိမ်းမိန်းမသားတစ်ယောက်ရှေ့မှာ ခိုးထုပ်ခိုးထည်နဲ့ လူမိခံရသလို အတော့်ကို အိုးတိုးအမ်း တမ်းဖြစ်ရပါတယ်။ ထိုင်ပါဦးပြောဖို့က ဒါဟာ အရက်ဝိုင်းတစ်ခု၊ ပြန်တော့လေ ပြောဖို့ကလည်း မဆီလျော်၊ အဟဲ နေကောင်းလားလုပ်ဖို့ကလည်း မအပ်စပ်နဲ့ စိတ်ထဲမှာ ဗျာ များနေတုန်း “ဆရာက ကျန်းမာရေးဝန်ဆောင်မှု စတော့မှာလား”တဲ့။ “ဟုတ်ကဲ့ဗျ”လို့ ကသောကမျော ပြောလိုက်တဲ့ ကျွန်တော့် အသံက တော်တော် ကိုးရိုးကားရားနိုင်နေလောက်ပါတယ်။ “ကိုစောဝေက ဒီနေ့ စောစောများ ပြန် ရောက်နိုင်မလား သိချင်လို့ လာမေးတာပါ ဆရာ”ဆိုပြီး သူ ကျွန်တော့်ရှေ့ကထိုင်ခုံမှာ ဝင်ထိုင်တယ်။

“ကျွန်တော် မပြောတတ်ဘူးဗျ၊ သူ့ဟန်းဖုန်းဆက်ကြည့်ပါလား မစင်သီယာ” ဆိုတော့ “ဆက်သေး တယ်၊ ဧရိယာ ပြင်ပချည်း ဖြစ်နေလို့”တဲ့။ သူ့ကို စကားပြန်ပြောနေရပေမယ့် ကျွန်တော့် စိတ်ထဲမသက်မ သာ ခံစား နေရတယ်။ ကျွန်တော် သူ့မျက်နှာကို ရဲရဲမကြည့်ဝံ့သလို စကားကိုလည်း စီကာပတ်ကုံး ပြန် ပြောလိုစိတ်မရှိတာ အမှန်ပါ။ သူငယ်ချင်းရဲ့ဇနီး၊ သူစိမ်းမိန်းကလေးတစ်ယောက်ရှေ့မှာ အရက်ပုလင်း တွေ၊ အမြည်းပန်းကန်တွေနဲ့ ထိုင်နေရတဲ့အဖြစ်ဟာ တကယ့်ကို စိတ်မသက်သာစရာပါ။ ကျွန်တော့် စိတ်ထဲမှာ သူ့ကို မြန်မြန်ပြန်သွားစေချင်တာပဲရှိတယ်။ ပြီးတော့ သူ့မျက်ဝန်းတွေ။ ကျွန်တော် မိန်းမလှ လေး တွေ တွေ့ဖူးပါတယ်။ ဒါပေမဲ့ အခုလို အရောင်တွေ တဖိတ်တလက်လက်ထအောင် စူးလက် တောက်ပ နေတဲ့ မိန်းမတစ် ယောက်ရဲ့မျက်ဝန်မျိုးရှေ့မှာ ကျွန်တော် အနေရကျပ်လှပါတယ်။

ဆက်ရန်
.

1 comment:

စံပယ်ချို said...

ကိုစောဝေရဲ့ချစ်တတ်ပုံကိုအံ့သြဖွယ်ကောင်းလောက်အောင်သိခဲ့ရပါတယ်...ရှေ့ကိုဘာတွေဆက်ဖြစ်မလဲနော်
ရင်တထိတ်ထိတ်နဲ့စောင့်မျှော်နေပါတယ်အမရွှေစင်ရေ
ချမ်းမြေ့စွာနဲ့မြန်မြန်တင်နိုင်ပါစေ။