သိမ်မွေ့နူးညံ့တဲ့စိတ် ကို ပြောလိုက်တဲ့အခါမှာ အာဏာပြခွင့် ကြုံတာတောင် အာဏာမပြတတ်တဲ့ စရိုက် ကလည်း အကျုံးဝင်နေပါ သေးတယ်။ ရေးတဲ့စာမှာတော့ လောကကြီးအတွက် ပေးဆပ်သူ ဖြစ်နေပြီး တကယ့် ဘ၀မှာ လောကကြီးထဲက ရသမျှယူနေ တာမျိုးမဖြစ်သင့်ပါဘူး။ ရေးတဲ့စာမှာ တော့လူသားတွေ အပေါ် မေတ္တာတရား အစွမ်းကုန်ကြီးမားပြီး တကယ့်ဘ၀မှာ မြင်မြင်သမျှ ပြဿနာရှာ၊ ရန်လုပ်နေတာမျိုး လည်း မဖြစ်သင့်ပါဘူး။
ရေးတဲ့စာမှာ လောကဟောင်းကို ပြောင်းလဲ ပစ်ဖို့စိတ်ဓာတ်ဟောင်းကို သန့်စင်ပစ်ဖို့ ထပ်တလဲလဲ တိုက်တွန်း နေပြီး တကယ့်ဘ၀မှာတော့ ကိုယ့်စိတ်ဓာတ်ကိုတောင် သန့်စင်အောင်လုပ်ဖို့ မကြိုးစားဘဲ လောက ဟောင်းကြီးမှာ စာဘူး တောင်းသိုက်ကလေး တစ်နေရာချိတ်နိုင်ဖို့ အရေးပဲကျားကုတ်ကျားခဲ အားထုတ် နေတာမျိုးလည်း မဖြစ်သင့်ပါဘူး။ အဲဒီအကြောင်းတွေပြောရင် ပြောစရာတွေ အများကြီး ရှိပါတယ်။ ထားပါတော့။
ဦးအောင်ဆန်း ဆီမှာ သိမ်မွေ့နူးညံ့တဲ့စိတ်ရှိတယ် လို့ပြောရင် ဒဂုန်တာရာရဲ့ ရုပ်ပုံလွှာနာမည် "အောင်ဆန်း သို့မဟုတ် အရိုင်း"နဲ့ ယှဉ်တွဲ စဉ်းစားမိကြလိမ့်မယ် ထင်ပါတယ်။ အာဏာပြခွင့် ရှိနေလျက် နဲ့ အာဏာမပြတာဟာလည်း စိတ်ထားနူးညံ့မှုကို ပြတဲ့စရိုက်လို့ ပြောခဲ့ပြီးပါပြီ။ ဘယ်လိုဟာမျိုးလဲဆိုတာ ကြည့်ရအောင်။
ဗိုလ်ချုပ်လက်မှတ် မပါလို့
အဖြစ်အပျက် မှာ ဗိုလ်ချုပ်အောင်ဆန်း၏ လက်မှတ်မပါဘဲ ဒေါ်ခင်ကြည်လက်မှတ်ဖြင့် ရိက္ခာထုတ် ပေးရန် အိမ် မှ ရဲဘော်တစ်ဦး ကိုလွှတ်လိုက်သည်။ ထိုအခါ ရိက္ခာ ကို ကိုင်နေသော ရဲဘော်ကဗိုလ်ချုပ် အောင်ဆန်း လက်မှတ်မပါသောကြောင့် ထုတ်မပေးနိုင်ဟု ပြောလွှတ်လိုက်လေ၏။ ထိုသို့ပြော လွှတ်လိုက် သဖြင့် ကျွန်တော်နှင့်တကွ ရဲဘော်အချို့မှာ ရိက္ခာစာရင်းကိုင် ရဲဘော်အား ဗိုလ်ချုပ်ကိုယ် တိုင်လာရောက် ဆူပူ ကြိမ်းမောင်း မည်ဟု ကျွန်တော်တို့ထင်ကြ၏။ သို့သော် ဤသို့ ကားမဟုတ်ပါ။
သို့ နေ့စွဲ...................
ရိက္ခာတာဝန်ခံ
ယခုလာသော ရဲဘော်အား ငါ့အတွက်ရိက္ခာ ကို ထုတ်ပေးစေ လိုပါသည်။
အောင်ဆန်း
ဟူ၍ဖြစ်ပါသည်။ ကျွန်တော်နှင့်တကွ ရဲဘော်ရဲဘက်အပေါင်းမှာလည်း ထိုစာကို ဖတ်ရ၍ ကြည့် ရယ်လည်း ရယ်မိ ကြသည်။ သဘောထားကြီးသော ဗိုလ်ချုပ်ပါတကားဟူ၍ နှစ်ဆတိုး၍လည်း ကြည်ညို သဒ္ဓါ ပွားခဲ့ကြပါသည်။
(၁၉-၅-၁၉၅၅နေ့ အာဇာနည်နေ့ထုတ် ဟံသာဝတီသတင်းစာတွင် ပါရှိသော ရဲဘော်ဟောင်း စိန်လေး၏ ကျွန်တော် သိ တဲ့ တော်လှန်ရေးခေါင်းဆောင်ကြီး ဆောင်းပါးမှ)
(မောင်ကျော်ရင် ၊ ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံရေး ဂန္ထ၀င် စာ-၂၂၆-၂၂၇)
ဒီလိုကိစ္စအပေါ်မှာ သဘောထားပုံ တုံ့ပြန်ပုံကာ ခေါင်းဆောင်ကိုယ်တိုင် စည်းကမ်းကို လိုက်နာ တာလို့ ပြောရင်လည်း ရပါတယ်။ လူအတော်များများအနေနဲ့ ဒီလိုကြုံရရင် ဒီပုံစံနဲ့ တုံ့ပြန်မယ် မထင်ဘူးလို့ ပြောရင်လည်း ရပါတယ်။ ဒါကို ကျွန်တော်ကတော့ အဲဒါကို စိတ်သဘောထား သိမ် မွေ့နူးညံ့မှု လို့ပြောချင်ပါတယ်။ သဘောတူကြပါသလား။
ခွဲခြမ်းစိတ်ဖြာကြည့်တတ်တဲ့ စိတ်
ကိုယ်တွေ့မြင်တဲ့ စိတ်ဝင်စားတဲ့အကြောင်းအရာ တစ်ခုခုကို ခွဲခြမ်းစိတ်ဖြာကြည့်ပြီး လေ့လာသုံး သပ်တယ် ဆိုတာ ပညာရှင်စရိုက်တွေ ထဲက တစ်ခုဖြစ်ပါတယ်။ ပညာရှင်လုပ်သလို နိုင်ငံရေးသမား တွေ လည်း ဒါမျိုးလုပ်ပါတယ်။ စာရေးဆရာထဲကဆိုရင် အထက်တန်းစား (လူချမ်းသာမဟုတ်) စာရေးဆရာ တွေ လုပ်တတ်ပါတယ်။ ဒါမျိုးက သုတေသန သဘောဘက်ကိုလည်း ရောက်နေ တတ်ပါတယ်။
ဦးအောင်ဆန်းမှာ အဲဒီလိုသဘာဝမျိုးရှိပါတယ်။ စာရေးဆရာဇ၀နက ဇ၀နဂျာနယ်ထုတ်တဲ့ အချိန် မှာ ဦးအောင်ဆန်း ကို အမှာရေးခိုင်းပါတယ်။ အဲဒီ "ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာ" စာအုပ် ရဲ့ နောက်ဆက်တွဲ ၁၅မှာပါပါတယ်။ ခေါင်းစဉ်ပေးထားတာကိုက "ပြောင်မြောက်နိုင်ပါစေသတည်း" တဲ့။ ဆက်ဖတ် ကြည့်လိုက် တဲ့ အခါမှာ......
တိုင်းပြည်ခေါင်းဆောင်ကြီး ဖဆပလအဖွဲ့
ဥက္ကဌ ဦးအောင်ဆန်း၏
မိတ်ဆက်
message
ဆိုတာကိုဖေါ်ပြထားပါတယ်။ မိတ်ဆက်စာကို ရေးတဲ့နေရာမှာတော့်အား ပြောကြားသည့်အခါ ကျွန်တော် စိတ်သည် "ရောက်ချင်ရာ နယ်တစ်ဝန်းဆီသို့ ယွန်းခဲ့ပြီတကား"ဟု စာဆိုတစ်ဦး ရေးစပ်ခဲ့ သလို ထွေထွေ ရာရာ ဟိုဟိုဒီဒီကျက်စားမိတော့သည်။ (စာ-၁၇၁)
ဆိုတာနဲ့ စလိုက်ပါတယ်။ ဒီရေးဟန်ကိုကြည့်ြ့ပီး စာရေးဆရာဥာဉ်ရှိတယ်လို့ ပြောရင် ငြင်းဖို့ ဖက်မယ် ထင် ပါတယ်။ ပြီးတော့မှ
"ဟာသ ပညာသည် လူမျိုးတစ်မျိုး၏ဘ၀တွင် အရေးပါအရာရောက်သော ပညာရပ်တစ်ခု ဖြစ်သည်။ သို့သော် ဟာသပညာ အစစ် နှင့် အတုကို ခွဲခြားရန်လိုသည်။ ဇာတ်ပွဲများတွင်ပါဝင် သော လူရွှင်တော် များ ၏ ပြက်လုံးများသည် အခါခပ်သိမ်း ဟာသပညာမဟုတ်ပေ။
ကျွန်တော် နားလည်းသော ဟာသပညာကား လောကီလူ့ဘ၀လူ့ဇာတ်ခုံတွင် ရှေ့နောက်မညီ၊ အဆင်မပြေ သောအချက်အလက်များကို ထုတ်ဖော်၍ ရှင်လူအပေါင်းတို့အား ရယ်စရာသဘော မြင်စေ ရမည်။ ဤသို့မြင်စေရာတွင် စာရေးဆရာ၏ စိတ်ကူးဥာဏ်စွမ်းအလိုက် အသွင်အမျိုးမျိုးဆောင်နိုင်လေ သည်။ အချို့ဟာသဆရာများကား မိမိတို့ပတ်ဝန်းကျင် ကမ္ဘာကြီးကို ဟက်ဟက်ပက်ပက် ရယ်မော ကြသည်။ ပြောင်လှောင်ကြသည်။ ခနဲ့ကြသည်။ ရွဲ့ကြသည်။ စောင်းမြောင်းကြသည်။ အချို့ကား မိမိတို့ ဘာသာ မိမိတို့ကြိတ်၍ရယ်မောကြသည်။ ဤသို့လျှင် ဟာသပညာသည်များ သည် အသွင် အမျိုးမျိုး ဆောင်ကာ လောကီလူသားများ၏ ကြီးကျယ်မှု၊ ဟန်ဆောင်မှု၊ ၀င့်ဝါပလွှား မှုအရပ်ရပ်ကို ပြက်ရယ် ပြု ကြသည်။"
ယခုခေတ်တွင် ရံဖန်ရံခါအားဖြင့် လက်ရှိနိုင်ငံရေး လူမူရေးကိစ္စများနှင့် ပတ်သက်၍ ရုပ်ပြောင်ဆရာ တို့ အမြင် အတိုင်း ကဲ့ရဲ့ကြ သည်။ ပြောင်လှောင်ကြသည်။ ဇ၀နကား ဤပုဂ္ဂိုလ်များတွင် ထိထိမိမိ ရေးနိုင်စွမ်းသူ တစ်ဦး ပင်ဖြစ်သည်ဟုဆိုကမလွဲဟု ကျွန်တော်ယူဆသည်။ (စာ ၁၇ ၁-၁၇၂)ဆိုပြီး ရေးခဲ့ ပါတယ်။ ကိုးကားစာတွေများ နေမှာစိုးလို့ မြင်သာလောက်အောင်ပဲ ထုတ်နုတ်ပြထားတာ ပါ။ မူရင်း အတိုင်း ဖတ်ရင်သူရဲ့စာပေနဲ့ ပတ်သက်တဲ့ေ လ့လာထားမှုကို တွေ့ရမဲ့အပြင် သူ့စကား ပြောရေးဟန်ကလည်း ပြေပြစ်သွက်လက်မှုရှိတာကိုပါ ဖတ်ရမှာဖြစ်ပါတယ်။ ဟာသသဘောကို ပြောတဲ့နေရာမှာ ခွဲခြမ်းစိတ်ဖြာကြည့်ထားတဲ့ ဦးအောင်ဆန်းရဲ့ သဘာဝကိုလည်း တွေ့ရမှာဖြစ်ပါ တယ်။ ရေးပုံ၊ စဉ်းစား ကြည့်မြင်ပုံဟာ သမ္ဘာရင့်စာရေးဆရာ တစ်ယောက်ပုံစံ ပေါက်နေတယ်လို့ ပြောရင် မြှောက်ထိုး ပင့်ကော် လုပ်ရာမကျဘူးလို့ထင်ပါတယ်။ စာဖတ်သူရော ဘယ်လိုသဘောရ ပါသလဲ။
စာရေးဆရာဆိုတာ
စာရေးဆရာဆိုတာ လောကိကိုချစ်သူ၊ လူးသားတွေကို ချစ်သူဖြစ်ပြီး အမှန်တရားကို ချစ်မြတ်နိုး တန်ဖိုးထားတဲ့ အပြင် ကိုယ်ယုံကြည်တဲ့ အမှန်တရားကို ကိုင်စွဲပြီး ရပ် တည်ရဲသူလည်း ဖြစ်ပါတယ်။ စာပေ ရေးသား (ဖန်တီးဖွဲ့နွဲ့)ရာမှာ အဟောင်းကိုစိစစ်သုံးသပ်တတ်တဲ့ စိတ်ထား ၊လောက ဟောင်း ကို ပြောင်းလဲ လိုတဲ့ စိတ်ထားရှိတတ်သူတွေလည်း ဖြစ်ကြပါတယ်။ ကိုယ်မြင်တဲ့ခံစားမိတဲ့ အတိုင်း ဖွင့်ထုတ် ရေးသား တတ်သူတွေ လူသားတွေအပေါ် မေတ္တာကြီးမားသူတွေဖြစ်ပြီး တစ်ချိန် တည်းမှာ မတရားမှုကို စက်ဆုတ် ရွံရှာ မုန်းတီးတတ်သူတွေလည်း ဖြစ်ပါတယ်။
စီးပွားရေးဘ၀မပြေ လည်လို့ ကိုယ်အဆင်ပြေရာ ကြီးပွားရာအတွက် အရှက်မဲ့၊ သိက္ခာမဲ့တဲ့ ပြုမူ ပြောဆို မှုတွေ အောက် ကျနောက်ကျခံရမဲ့ ကိစ္စမျိုးတွေ မလုပ်သလို အောင်မြင်ကြီးပွားတဲ့အခါမှာလည်း မောက်မာ ရိုင်းစိုင်း စော်ကားတာမျိုး မဖြစ်တတ်ပါဘူး။ ငွေကို ဘုရားလိုကိုးကွယ်တာမျိုး၊ ရာထူး အာဏာ နောက် ကို ငမ်းငမ်းတတ်လျှောက်လိုက်နေတာမျိုးလည်း မလုပ်တတ်ကြပါဘူး။ စာရေးဆရာမာနဆိုတာကို တန်ဖိုး ထားတတ် ကြပါတယ်။
စာရေးဆရာ(အနုပညာသည်)စိတ် နှစ်နှစ်ကာကာရှိသူတွေဟာ ဘ၀အခြေအနေကြောင့် စာပေနဲ့ မဆိုင် တဲ့ နေရာတစ်ခုခု ကို ရောက်နေခဲ့တာတောင်မှ သူ့ပင်ကိုဗီဇစိတ်လိုဖြစ်နေတဲ့ စာပေမြတ်နိုး ချစ်စိတ်ရဲ့ ပဲ့ကိုင် မှုကြောင့် မဟုတ်မတရားတာ၊ မရိုးမဖြောင့်တာတွေကို မလုပ်ဖြစ်မှာ သေချာပါ တယ်။ အသက်အရွယ် အတွေ့အကြုံ မပြည့်စုံ မရင့်ကျက်သေးလို့အမှားတချို့ ကျူးလွန်မိရင် တောင်မှ အဲဒီအမှား ကို ပြန်ဆင်ခြင်ပြီး ရဲရဲဝံ့ဝံ့ပြင်ရဲသူတွေ ဖြစ်ပါတယ်။
သမိုင်းခေတ်တွေကို ပြန်ငဲ့ကြည့်ရင် စာရေးဆရာနာမည်ခံပြီး စာရေးဆရာဝိဥာဉ်မရှိသူတွေနဲ့ နိုင်ငံ ရေးသမား နာမည်ခံပြီး နိုင်ငံရေးသမား စရဏမရှိသူတွေ တွေ့ရ တတ်ပါတယ်။ ဒါပေမဲ့ ခေတ်ပြိုင် လမ်းကြောင်း တစ်ခုလုံး ရဲ့ ပင်မရေစီးနဲ့ "စံ"သဘောကိုပဲ အဓိကကြည့်ရမယ်လို့ ယူဆပါတယ။် တစ်ချိန်တည်း မှာပဲ စာရေးဆရာနာမည်မခံဘဲ စာရေးဆရာစိတ်ရှိသူတွေနဲ့ နိုင်ငံရေးသမားနာမည် မခံဘဲ နိုင်ငံရေး သမား ၀ိဥာဉ် ရှိသူတွေ တည်ရှိနေတတ်တာကိုလည်း အသိအမှတ်ပြုဖို့ လိုအပ်မယ် ထင်ပါတယ်။
ကျွန်တော် ကတော့ နိုင်ငံရေးသမား ဦးအောင်ဆန်းကို စာရေး ဆရာစိတ်ရှိသူလို့ သတ်မှတ်ခဲ့ပါပြီ။ သဘော တူနိုင်ကြပါရဲ့လား။ စဉ်းစားကြည့်ဖို့ပါ။
ပြီးတော့ မိမိကိုယ်တိုင်ကိုလည်း ဆင်ခြင်ဆန်းစစ်မှု မှန်သားပြင်ရှေ့မှာရပ်ပြီး ကိုယ့်လိပ်ပြာကို ကိုယ်ရှာကြည့် ဖို့ အကြံပြုလိုက်ပါတယ်။
ကဗျာဆရာမ "ကြည်အေး"ကတော့ သူ့ရဲ့နာမည်ကြီး "တစ္ဆေ"ဆိုတဲ့ ကဗျာထဲမှာ
"တစ္ဆေ ငါကိုယ်တိုင်ပါပဲ"လို့ ရေးခဲ့ဖူးပါတယ်
ကျွန်တော်ရော.......ဘယ်သူလဲ။
ခင်ဗျားရော........... ဘယ်သူလဲ။
နောင်ကျော်
၃၁၊၁၂၊၂၀၀၈။
မိတ်ဆွေဖြစ်သွားတဲ့ရန်သူ
၁၉၄၂ ခုနှစ်လူမျိုးရေး ပြဿနာဖြစ်တဲ့အချိန်မှာ ကျွန်တော်က ကရင်လူမျိုးတွေရဲ့ ခေါင်းဆောင်ပါ။ ဒါကြောင့် ကျွန်တော်တို့ဟာ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်တဲ့ ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) ရဲ့ ရန်သူတွေပါ။
ဒါပေမဲ့ အောင်ဆန်းဟာ နာကျဉ်းမုန်းတီးတဲ့ ရန်သူကိုခိုင်မြဲတဲ့ မိတ်ဆွေဖြစ်အောင် ပြာင်လဲနိုင်တဲ့ ပင်ကို သဘာဝ စွမ်းရည် ရှိတယ်။ အဲဒါကိုကျွန်တော် ကိုယ်တွေ့ကြုံခဲ့ရတာပါ။ ၁၉၄၃ခုနှစ်၊ သြဂုတ်လ ဖတ်ဆစ် ဂျပန် တွေရဲ့ "လွတ်လပ်ရေး"ကြေညာအပြီးမှာ ကျွန်တော်ဟာ လေ့လာစူးစမ်းဖို့ ရန်ကုန် ကို ထွက်လာခဲ့တယ်။ ကျွန်တော်က အောင်ဆန်းနဲ့ အရမ်းတွေ့ချင်တယ်။ သခင်တချို့ဆီ အလည်အပတ် သွား ချင်တယ်။ သခင်သန်းထွန်းက ကျွန်တော့်ကို သူနဲ့မိတ်ဆက်ပေးပါတယ်။ ကျွန်တော်က ကရင်လူမျိုး တွေဘက်က ရပ်တည်တိုက်ပွဲဝင်ခဲ့တယ်။ ဒီတော့ ကျွန်တော်ဟာ ခင်ဗျားရဲ့ ရန်သူတစ်ယောက်ပါလို့ ပြောပြတယ်။ ဗိုလ်ချုပ်အောင်ဆန်းက ပြုံးပြီးပြန်ပြောတယ်။ ရဲရင့်ထက်မြက်တဲ့ ရန်သူဟာမိတ်ဆွေကောင်း တစ်ယောက် ပါတဲ့။
ကျွန်တော်ရန်ကုန်ကို ထွက်မလာခင်က ကျွန်တော့လူတွေက သတိပေးတယ်။ ဘီအိုင်အေနဲ့ ဗမာတွေက ကျွန်တာ့် ကို သတ်လိမ့်မယ်တဲ့။ အဲဒါနဲ့ ဆန့်ကျင်စွာပဲ ကျွန်တော်ဟာ နွေးထွေးလှိုက် လှဲပြီး ရိုးသား ဖြောင့်မှန် တဲ့ လက်ခံကြိုဆိုမှုကို ကြုံတွေ့ခဲ့ရတယ်။ ကျွန်တော်ရဲ့ သံသယတွေ၊ သို့လောသို့လော အတွေးတွေ အလျင်အမြန် ပျောက်ကွယ်သွားခဲ့ရတယ်။ ဗိုလ်ချုပ်အောင်ဆန်းက ကျွန်တော့်ကို တပ်မတော် ထဲဝင်ပြီး သူနဲ့ သူ့ရဲဘော်ရဲဘက်တွေနဲ့အတူ အလုပ်လုပ်ဖို့၊ ကရင်-ဗမာ သွေးစည်း ချစ်ကြည်မှု ပြန်လည်တည်ဆောက်ပြီး ခိုင်ခိုင်မြဲမြဲဖြစ်အောင်လုပ်ဖို့ ဖိတ်ခေါ်ခဲ့ တယ်။
ကျွန်တော် သူတို့နဲ့ လက်တွဲလိုက်ပါတယ်။ ဒါပေမဲ့ ကျွန်တော်က "စောကြာဒိုးဟာ ကျွန်တော့်ထက် တော် တဲ့ စစ်ရေးခေါင်းဆောင်တစ်ဖြစ်တယ်"လို့ သူ့ ကိုပြောပြတယ်။ ဗိုလ်ချုပ်က သူ့ကိုလည်း ပါအောင်ခေါ်ဖို့ ကျွန်တော့ကိုခိုင်းတယ်။ ပထမတော့ စောကြာဒိုးလည်း ချီတုံချတုံ ဖြစ်နေတာပေါ့။ ကျွန်တော်ကလည်း သူ့ကို အတင်းဆွဲခေါ်မတတ် ဗိုလ်ချုပ်နဲ့တွေ့ဖို့ ခေါ်လာ ခဲ့ရတယ်။ အဲဒီ တွေ့ဆုံပွဲ မှာ စောကြာဒိုးဟာ ဗိုလ်ချုပ်ရဲက ရိုးသားဖြေင့်မတ်မှုကို အသေအချာ တွေ့ရှိပြီး သူပါလက်တွဲ ပါဝင်လာတယ်။
ကရင်အမျိုးသား တပ်ရင်းတစ်ခုဖွဲ့စည်းလိုက်တယ်။ ဗိုလ်ချုပ်ကိုယ်တိုင် သေသေချာချာ ဖွဲ့စည်း ပေးတာ။ ကရင် လူငယ်တွေကို အိမ်မှာတွေ့ဆုံနိုင်အောင် စီစဉ်ခဲ့တယ်။ ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့တယ်။ တကယ် ပါပဲဗျာ။ ဗမာလူငယ်တွေကို ဆက်ဆံတာထက်တောင် ပိုကောင်းသေး တယ်။ ကျွန်တော်တို့တွေ ကရင်-ဗမာ ချစ်ကြည်ရေးရဖို့ အတူတကွဆောင်ရွက်ခဲ့တယ်။ နှေးကွေး ပေမယ့်အကြီးအကျယ်ခိုင်မာတဲ့ အောင်မြင်မှု ကိုရခဲ့တယ်။
ဗိုလ်ချုပ် ဟာ အရင်က ရန်သူဖြစ်ခဲ့တဲ့ ကျွန်တော်ကို မိတ်ဆွေဖြစ်အောင် စွမ်းဆောင်နိုင်ရုံတင်မက ဘူး။ သစ္စာ ရှိတဲ့ နောက် လိုက်ကောင်းတစ်ယောက် ဖြစ်အောင်ပေါ ပြောင်းလဲနိုင်ခဲ့တယ်။ သူ့မှာ သံလိုက်ဓာတ် လို ဆွဲဆောင်နိုင်တဲ့ ကိုယ်ရည်ကိုယ်သွေးတွေရှိတယ်။ သူ့နောက်လို ဘယ်သူမှ မလိုက်ဘဲမနေနိုင်ဘူး။ အခြေခံဥပဒေရေး ဆွဲရေး လွှတ် တော်ခေါ်တဲ့အခါ ကျွန်တော့် မိတ်ဆွေ အများစုက ဆန့်ကျင် ကန့်ကွက်ဖို့ စီစဉ်ကြတယ်။ ကျွန်တော်ဗိုလ်ချုပ်နဲက တွေ့ဆုံပြီး အကြံ တောင်း ခဲ့တယ်။ သူက ကျွန်တော့် ကို ပြောတယ်။
ဦးဆောင်ဦးရွက်ပြုရမယ့် ခေါင်းဆောင်တစ် ယောက်အနေနဲ့ ကိုယ့်ရဲကလေးနက်တဲ့ အယူအဆရဲ့ ဦးဆောင် လမ်းညွှန်မှုကို ခံယူမလား၊ ဒါမှမဟုတ် သူများနောက်လိုက် လုပ်မလားဆိုတာ ကျွန်တော် ကိုယ်တိုင် ဆုံးဖြတ် ရမယ်တဲ့။ ကျွန်တော် မိတ်ဆွေအားလုံးရဲ့ ကန့်ကွက်ချက်တွေ၊ ကျွန်တော်ချစ်တဲ့ ဇနီးသည် ရဲ့ ကွာရှင်းမယ် ဆိုတဲ့ ခြိမ်းခြောက်မှုတွေဟာ ကျွန်တော့်ကို ယိမ်းယိုင်တုန်လှုပ်အောင် မလုပ် နိုင်ပါဘူး။ ကျွန်တော် ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ပြီး ထွက်လာခဲ့ပါတယ်။
(၁၉၄၇ ခုနှစ်၊ ဇူလိုင် ၂၉ရက် အခြေခံဥပဒေရေးဆွဲရေး လွှတ်တော်အစည်း အဝေးတွင် စောစံဖိုသင် ပြောကြား ခဲ့သော မိန့်ခွန်းမှ)
(Aung San Of Burma: Complied and Edited by Maung Maung စာအုပ်မှ Enemy Turned Firend by Saw San Po Thin ကိုပြန်ဆိုပါသည်။)
ဆက်ရန်
.

No comments:
Post a Comment