(၂၂)
လိုသာဒီရေးသည် တောင်ထိပ်တွင် ကျောက်တုံးကြီး တစ်တုံးကို မှီပြီး ထိုင်နေသည်။ အရိပ်ထဲတွင် ခြေဆင်း ကျောမှီ ထိုင်နေခြင်း ဖြစ်ပြီး ပေါင်ပေါ်တွင် မော်ဇာရိုင်ဖယ်ကို ကန့်လန့်ဖြတ်တင်ထားသည်။
လိုသာ သည် နောက်မှ လိုက်လာသူများ တက်လာမည့် လမ်းဖြစ်သော တောင်ဘက်မှ တောင်တက် လမ်း ကို အပေါ်မှ စီးမိုးကာ လှမ်းကြည့်နေသည်။ မြင်ကွင်းမှာ ရှင်းလင်းသော မြေပြင်ကများပြီး မိုပါနီ သစ်ပင် အနည်းငယ်သာ ကျိုးတို့ကျဲတဲ ပေါက်နေသည်။ ကျောက်တောင်ပြောင်ချောကြီးကို ကုတ်ကပ် တက်လာခဲ့ ရရာ လိုသာအဖို့ အမောမပြေနိုင်သေးဘဲ ရှိသည်။
"ရေပုလင်းတစ်လုံး ထားခဲ့"
လိုသာ က အမိန့်ပေးလိုက်ရာ ဟင်းဒရစ်က သူ့ဘေးတွင် ရေပုလင်းတစ်လုံး ချထားပေးလိုက်သည်။
"ခင်ဗျားပုလင်း ထဲ မှာ ရေအပြည့်ဖြည့်ထားတယ်၊ ကျွန်တော်တို့ အတွက်လဲ မြစ်ရောက်တဲ့အထိ လုံလောက် အောင် ရေတစ်ပုလင်း အပြည့်ရှိသေးတယ်" ဟင်းဒရစ်က ပြောလိုက်သည်။
"ကောင်းတယ်"
လိုသာက ခေါင်းညိတ်ပြလိုက်ပြီး သူ့ဘေး၌ အသင့်ချထားပေးသွားသော ပစ္စည်းကိရိယာများကို ကြည့်ရှု စစ်ဆေး သည်။ လက်ပစ်ဗုံးလေးလုံး ရှိသည်။ ပုံစံဟောင်းလက်ပစ်ဗုံးများ ဖြစ်ပြီး သစ်သား လက်ကိုင်များ တပ် ထားသည်။ ထိုလက်ပစ်ဗုံးများကို အနှစ်၂၀နီးပါး မြှုပ်နှံသိမ်းဆည်းထားရာမှ တူးဖော် ယူလာခြင်း ဖြစ်၍ သုံး၍ရမရ အတတ်မသိနိုင်သေးပေ။
ကလိန်းဘွိုင်သည် သူ၏ ရိုင်ဖယ်နှင့် ကျည်ဆန်စလွယ်ကို လက်ပစ်ဗုံးများနှင့်အတူ ထားပစ်ခဲ့သည်။ ထို့ကြောင့် လိုသာတွင် ရိုင်ဖယ်နှစ်လက်နှင့် ကျည်ဆန်အတောင့် ၁၅၀ ရှိရာ လုံလောက်သည်ထက်ပင် ပို နေသေးသည်။ လက်ပစ်ဗုံးများ ပစ်မရလျှင်လည်း အကြောင်းမရှိပါချေ။
"ကောင်းပြီလေ ... ငါလိုချင်တာ အားလုံး ငါ့အနားမှာ ရှိနေပြီ၊ မင်းသွားနိုင်ပြီ" လိုသာက အေးဆေးစွာ ပင် ပြော လိုက်သည်။
ဟင်းဒရစ်က တောင်ဘက်ကို လှည့်ကြည့်လိုက်သည်။ အောက်ဘက်သို့ မြင်ကွင်းကျယ်ဖြင့် အပေါ်မှ စီးမြင် နေရသည်။ သူတို့နောက်သို့ လိုက်လာသူများအား အရိပ်အယောင်ပင် မတွေ့ရပါချေ။
ဟင်းဒရစ် က ထိုင်ရာမှ ထတော့မလိုလုပ်ပြီးမှ မထတော့ဘဲ ပြန်ထိုင်လိုက်သည်။
"ဖုန်းလုံးတွေ့တယ်"
သူတို့နှင့် ငါးမိုင်ကျော်လောက် ဝေးမည့်နေရာမှ သစ်ပင်များပေါ် ကျော်ပြီး တက်လာသော ဖုန်တထောင်း ထောင်း ထနေပုံကို လှမ်းမြင်နေသဖြင့် ဟင်းဒရစ်က ပြောလိုက်သည်။
"ဟုတ်တယ်၊ မြင်းကျားအုပ်လဲ ဖြစ်နိုင်တယ်၊ ဒါပေမယ့် သူတို့ပဲ ဖြစ်ဖို့များတယ်၊ ကဲ ... သွားပေတော့"
ဟင်းဒရစ် က သူ့အမိန့်ကို ချက်ချင်းမနားခံသေးပေ။ လိုသာ၏ မျက်လုံးအစုံကို ဟင်းဒရစ်က စိုက်ကြည့် နေသည်။
သူတို့ မည်သို့မည်ပုံ ရှေ့ဆက်လုပ်ရမည်ကို လိုသာက ရှင်းပြခဲ့စဉ်ကမူ ဟင်းဒရစ်သည် စောဒကလည်း မတက်ခဲ့၊ ကန့်လည်း မကန့်ကွက်ခဲ့။ လိုသာ့ အစီအစဉ်သည် မှန်၏။ သဘာကျ၏။ ကျိုးကြောင်း ဆီလျှော်၏။ သူတို့သည် တိုက်ပွဲများတွင် ဒဏ်ရာရ သူတို့ကို ထာဝစဉ်ပင် ထားပစ်ခဲ့ရလေ့ ရှိသည်။ တစ်ခါ တစ်ရံ တွင် ပစ္စတိုတစ်လက်သာ ပေးထားနိုင်ခဲ့သည်။ အထူးသဖြင့် နောက်မှလိုက်လာသော ရန်သူနီးလျှင် ဤသို့ ပစ်ထားခဲ့ရမည် ဖြစ်သည်။
ယခုတစ်ကြိမ်တွင် ဟင်းဒရစ် အဖို့ တစ်စုံတစ်ရာကို ရင်ထဲက ထုတ်၍ ပြောချင်နေသည်။ သို့သော် သူ့ခံစားချက် ကို ဖော်ပြနိုင်လောက်သော စကားလုံးမျိုး ရှာမရဘဲ ဖြစ်နေသည်။
"ကျွန်တော် ကလေး ကို ကြည့်ရှုစောင့်ရှောက်ပါ့မယ်"
နောက်ဆုံး သူက ရိုးရိုးလေးပင် ပြောလိုက်သည်။ လိုသာက ခေါင်းညိတ်သည်။
"ငါ မင်းဖရက် နဲ့ စကားပြောချင်သေးတယ်၊ မင်း သူ့ကို တောင်အောက်ကနေ စောင့်နေ၊ တစ်မိန်စ နှစ်မိနစ် လောက်ပဲ ကြာမှာပကါ"
လိုသာအသံ က ခြောက်ကပ်ကပ်ဖြစ်ပြီး တုန်ယင်နေသည်။
"လာ ... သွားမယ်"
ဟင်းဒရစ်က ခေါင်းဆတ်ပြီး ခေါ်လိုက်ရာ သူ့သားကလိန်းဘွိုင်းက ထိုင်ရာမှထပြီး သူ့ဖခင်ဘေးသို့ လျှောက် သွားသည်။ သူတို့နှစ်ယောက်သည် အမဲလိုက်ကျားသစ်၏ လျင်မြန်ခြင်းမျိုးဖြင့် လှုပ်ရှားလိုက် ကြသည်။ ခပ်လှမ်းလှမ်း ရောက်သောအခါ ဟင်းဒရစ်က နောက်ပြန်လှည့်ပြီး ညာလက်ကို မြှောက်ကာ နောက်ဆုံး လှမ်းနှုတ်ဆက်လိုက်သည်။
"ငြိမ်းချမ်းစွာ နေပါလေတော့"
"ငြိမ်းချမ်းစွာ သွားပါလေတော့ မိတ်ဆွေကောင်းကြီး"
လိုသာ က ပြန်နှုတ်ဆက်လိုက်သည်။ လိုသာသည် ဟင်းဒရစ် အား မိတ်ဆွေဟု ယခု ပထမဆုံးအကြိမ် ခေါ် လိုက်ခြင်း ဖြစ်သည်။ ထိုသို့ ခေါ်သံကြားလိုက်ရသဖြင့် ဟင်းဒရစ် ရင်ထဲ၌ သိမ့်ခနဲ ဖြစ်သွားသည်။ ဟင်းဒရစ် တစ်ဘက်သို့ လှည့်ပြီး ထွက်သွားသဖြင့် သူ့မျက်နှာမှ ခံစားချက်အရိပ်အယောင်ကို လိုသာ မမြင်လိုက်ရပေ။
တရွေ့ရွေ့ ကျောခိုင်းသွားသော ဟင်းဒရစ်ကျောပြင်ကို လိုသာအတန်ကြာစိုက်ကြည့်နေပြီးမှ သူ့သား ကို လှမ်း ခေါ်လိုက်သည်။
"မင်းဖရက် ..."
မင်းဖရက်သည် ဖခင်အနားသို့ အနီးဆုံးသူ ကပ်ဝံ့သလောက် တိုးကပ်ထိုင်နေသည်။ သူ့အဖေ၏ စကား လုံးများ၊ အမူအရာများနှင့် ဖခင်မျက်နှာကိုသာ စောင့်ကြည့် အကဲခတ်နေသည်။
"ဖေဖေ ... ကျွန်တော် မသွားချင်ဘူး၊ ကျွန်တော် ဖေဖေကို တစ်ယောက်တည်း မထားခဲ့ချင်ဘူး၊ ဖေဖေ မရှိဘဲ ကျွန်တော်တစ်ယောက်တည်း မနေချင်ဘူး"
လိုသာသည် စိတ်မရှည်ဟန် ခက်ထန်တင်းမာဟန်ဆောင်လိုက်သည်။ စိတ်ထဲမှ နူးညံ့သိမ်မွေ့မှု ပျော့ပျောင်း မှု ကို သားမမြင်အောင် တင်းမာမှု သရုပ်ဖြင့် ဟန့်ဆောင်ကာ ဖုံးကွယ်လိုက်သည်။
"ငါပြောသလို မင်း လုပ်ရမယ်"
"ဖေဖေ ..."
"မင်း ငါ့စကားကို ဘယ်တုန်းကမှ မပယ်ခဲ့ဘူး မာနီ၊ မင်းအတွက် ငါအမြဲ ဂုဏ်ယူခဲ့ရတယ်၊ ငါ ဂုဏ်ယူခဲ့ ရတာ တွေကို မင်း အခု မဖျက်ဆီးပါနဲ့သား၊ ငါ့သားဟာ သူရဲဘောကြောင်တဲ့ လူတစ်ယောက်လို့ ငါ မမြင်စမ်းပါရစေနဲ့ကွာ"
"ကျွန်တော် သူရဲဘော မကြောင်ပါဘူး ဖေဖေ"
"ဒါဖြင့်ယင် မင်းလုပ်ရမယ့် အလုပ်ကို ဆက်လုပ်ပေတော့ ငါ့ကိုကျောပိုးအိတ်ပေးစမ်း"
မင်းဖရက် က ထပ်မံစောဒက မတက်နိုင်ခင်မှာပင် လိုသာက ထပ်ဆင့်အမိန့်ပေးကာ အိတ်တောင်း လိုက်သည်။
မင်းဖရက် လှမ်းပေးသော အိတ်ကို လိုသာက သူပေါင်နှစ်ဖက်ကြားတွင် ညှပ်ထားလိုက်ပြီး သူ၏ ဒဏ်ရာ မရအောင် လက်တစ်ဘက်ဖြင့် အိတ်အဖုံးသံကွင်းများကို ဖြုတ်ကာ ဖွင့်လိုက်သည်။ အိတ်ထဲမှ အညိုရောင် စက္ကူဖြင့် ထုပ်ထားသော အထုပ်တစ်ထုပ်ကို ဆွဲယူလိုက်ပြီး စက္ကူစကို သွားဖြင့် ဆွဲကိုက် ဖွင့်လိုက်သည်။ သူ့ဘေးဘက် ရှိ လိပ်သည်းကျောက်ပြားပေါ်သို့ စိန်တုံးကလေးများ ပြန့်ကျဲကျသွား သည်။
လိုသာ က အဖြူဆုံးနှင့် အကြီးဆုံး စိန်ဆယ်လုံးကို ကောက်ယူလိုက်ပြီး သားဖြစ်သူအား အမိန့်ပေး လိုက်သည်။
"မင်း ဂျာကင်အင်္ကျီချွတ်စမ်း"
မင်းဖရက်က အင်္ကျီချွတ်ပြီး လိုသာအား လှမ်းပေးလိုက်သည်။ လိုသာသည် ဂျာကင်အကျိံ၏ အတွင်း ဘက် လိုင်နင်၌ အပေါက်အသေးသေး တစ်ပေါက်ကို မောင်းချာဓားဖြင့် ထိုးဖောက်သည်။
"ဒီစိန်တုံးတွေဟာ ပေါင်စတာလင်ငွေ ထောင်ပေါင်များစွာ တန်တယ်၊ မင်း လူလားမြောက်လာပြီး ပညာတတ် တဲ့ အထိ လုံလောက်မယ်"
လိုသာ သည် အပေါက်ထဲမှတစ်ဆင့် အင်္ကျီအတွင်းခံလိုင်နင်ထဲသို့ စိန်တုံးများကို တစ်လုံးချင်း ထိုးသွင်း ရင်း ပြောလိုက်သည်။
"ဒါပေမယ့် ဒီကျန်တဲ့စိန်တွေကတော့ သိပ်များ၊ သိပ်လေးတယ်၊ ဖွက်ယူသွားဖို့ သိပ်ခက်တယ်၊ အဲဒါ တွေ အားလုံး ယူသွားယင် မင်းအဖို့ သေမင်းတမန် ကို ခေါ်သွားသလို ဖြစ်လိမ့်မယ်"
လိုသာသည် အားခဲကာ မတ်တတ်ရပ်လိုက်ပြီး သားဖြစ်သူအား ခေါ်လိုက်သည်။
"လာ ... လိုက်ခဲ"
လိုသာသည် ကျောက်တုံးများကြားတွင် ဒယိမ်းဒယိုင်ဖြင့် သွားသည်။ ကျောက်တုံးးများကို လက်ဖြင့် အားပြုပြီး လျှောက်သည်။ မင်းဖရက်ကလည်း တစ်ဘက်မှ ဖေးမတွဲကူပေးပြီး လိုက်သည်။
"ဒီနေရာမှာ ..."
တစ်နေရာတွင် လိုသာက ဒူးထောက် ထိုင်ချလိုက်သည်။ မင်းဖရက်ကလည်း သူ့ဘေးတွင် ဆောင့်ကြောင့် ထိုင်လိုက်သည်။ သူတို့ခြေထောက်နားတွင် လိပ်သည်းကျောက်သည် စို့များ ဆောက်သွားများနှင့် ဖောက်ထားသလို ပတ်ကြားအက်အကွဲကြောင်း ပေါ်နေသည်။ ကျောက်သား ပတ်ကြားအက်အ၀သည် အတော်ကျယ်ပြီး အောက်သို့ အတော်နက်ဆင်းသွားရာ အောက်ခြေကို လှမ်းကြည့်၍ပင် မမြင်ရချေ။ သို့သော် အောက်ဘက်တွင် ပက်ကြားအက်ကွဲကြောင်းက တဖြည်းဖြည်း ကျဉ်းသွားပြီး အမှောင်ရိပ် အောက်တွင် ဖုံးကွယ် ပျောက်ဆုံးသွားသည်။
လိုသာသည် စိန်များ ထည့်ထားသော ပတ္တူအိတ်ကို ပတ်ကြားအက် အပေါက်ထဲသို့ ပစ်ချလိုက်သည်။ ကျောင်သားနံရံနှင့် ပတ္တူအိတ်တို့ ထိမိခြစ်မိသော အသံကို ကြားရပြီး နောက်ဆုံး အသံပျောက်သွား သည်။
ဒီနေရာကို ကောင်းကောင်းမှတ်ထား၊ မင်း မြောက်ဘက်ကို ဦးတည်သွားယင် နောက်ကျောဘက်ကို မကြာမကြာ လှည့်ကြည့်၊ ဒါမှ မင်း ဒီတောင်ကို မျက်စိထဲမှာ စွဲပြီး မှတ်မိနေမယ်၊ မင်းလိုအပ်တဲ့ အချိန် အထိ ဒီစိန်တွေက မင်းကို စောင့်နေလိမ့်မယ်"
သူတို့နှစ်ယောက် ပတ်င်္ကြားအက်ကြောင်းအတွင်း ငုံ့ကြည့်လိုက်သည်။ ပေ ၃၀ခန့် အနက်တွင် ပျပျ လေး မြင်ရသည်။ သို့သော် ဤနေရာ၌ ဤသို့ ထားခဲ့သည်ကို မသိသော သူများအဖို့ မည်သို့မျှ မထင် နိုင် မမြင်နိုင်ပါချေ။
"ဒါမင်းအတွက် ငါရဲ့အမွေပဲ မာနီ"
လိုသာက လေသံယဲ့ယဲ့ဖြင့် ပြောလိုက်ပြီး မူလနေရာသို့ လေးဘက်ထောက်ပြီး ပြန်သွားသည်။
"ကဲ ... ကောင်းပြီလေ၊ ဟင်းဒရစ်က မင်းကို စောင့်နေတော့မယ်၊ မင်းအတွက် သွားဖို့အချိန်တပြီး မြန်မြန် သာ သွားပေတော့"
လိုသာသည် သားဖြစ်သူအား နောင်ဆုံးအကြိမ်အဖြစ် တအားပွေ့ဖက်ပြီး သူ့နှလုံးသားအနာတွင် ကပ်ထား လိုက်ချင်သည်။ တ၀ကြီး နမ်းလိုက်ချင်သည်။ သို့သော် ထိုသို့ လုပ်လိုက်ပါက သူ့အစီအစဉ် များအားလုံး ပျက်ကုန်လိမ့်မည်။ သူတို့တစ်ယောက်နှင့်တစ်ယောက် ပွေ့ဖက်လိုက်မိလျှင် ခွဲခွာရ တော့ မည် မဟုတ်ချေ။
"ကဲ ... သွားတော့"
လိုသာက အမိန့်ပေးလိုက်သည်။ မင်းဖရက်က တစ်ချက် ရှိုက်လိုက်ပြီး ရှေ့တိုးလာသည်။
"ကျွန်တော် ဖေဖေနဲ့ပဲ နေချင်တယ်"
မင်းဖရက် ထန်းမရတော့၊ ငိုပါချေပြီ။ ရှေ့တိုးလာသော မင်းဖရက်၏ လက်ကောက်ဝတ်ကို လိုသာက သူ၏ ကောင်းသော လက်ဖြင့် လှမ်းကိုင်လိုက်ပြီး လက်တစ်ကမ်းအကွာ၌ပင် တန့်ထားလိုက်သည်။
"မင်း ငါ့ကို အရှက်ရစေချင်လို့လား၊ မင်းကို ချွဲချွဲပစ်ပစ် မိန်းကလေးတစ်ယောက်လို ငါက သတိရနေ စေချင် လို့လား၊ မင်း ယောက်ျားလေးတစ်ယောက် မဟုတ်ဘူးလား ... မာနီ" လိုသာက ဟောက်လိုက် သည်။
"ဖေဖေ ... ကျွန်တော့်ကို တခြား မလွှတ်ပါနဲ့၊ ဖေဖေနဲ့ပဲ သေအတူ ရှင်မကွာနေပါရစေ"
လိုသာ နောက်တစ်လှမ်းဆုတ်လိုက်သည်။ မင်းဖရက် လက်ကောက်ဝတ်အား ကိုင်ထားသော သူ့လက် ကို လွှတ်လိုက်သည်။ တစ်ဆက်တည်းပင် ထိုလက်ဖြင့် မင်းဖရက်မျက်နှာကို ဘယ်ပြန်ညာပြန် လှမ်းရိုက် လိုက်သည်။ မင်းဖရက် ဒူးထောက်ကျသွားသည်။ သူ့ပါးနှစ်ဘက်တွင် သွေးရောင်များ ရဲတက် လာသည်။ နှာခေါင်းမှ သွေးကြောင်းကလေးက အပေါ်နှုတ်ခမ်းပေါ်သို့ စီးကျလာသည်။
မင်းဖရက်သည် ဖခင်အား အံ့အားသင့်ပြီး မယုံကြည်နိုင်လောက်သော အကြည့်မျိုးဖြင့် စိုက်ကြည့်နေ မိသည်။
"သွား ... မင်းဒီနေရာက ချက်ချင်း ထွက်သွား၊ စိတ်ဓာတ်ပျော့ညံ့ပြီး တအီအီတအာအာ ငိုနေတဲ့ ကလေး မျိုး ငါမလိုချင်ဘူး၊ မင်းကိုငါ ခါးပတ်နှင့် ချွတ်မရိုက်ခင် မင်း ဒီက ထွက်သွားစမ်းကွာ"
လိုသာသည် သတ္တိကို အတတ်နိုင်ဆုံး မွေးပြီး ရယ်သွမ်းသွေးကာ ပြောလိုက်သည်။
မင်းဖရက်ကုန်းထပြီး နောက်သို့ ဆုတ်လိုက်သည်။ သူ့အဖေအား ကြောက်ရွံ့တုန်လှုပ်ပြီး မယုံကြည် နိုငသော အကြည့်ဖြင့် လှမ်းကြည့်နေသည်။
"သွားကွာ ... ထွက်သွား၊ ဒီနေရာက အခုချက်ချင်း ထွက်သွား"
လိုသာ၏ အမူအရာမှာ နည်းနည်းမှ တွေဝေယိမ်းယိုင်ခြင်း မရှိ၊ အသံကလည်း ဒေါသသံပင် ဖြစ်သည်။
မင်းဖရသည် နောက်သို့ လှည့်လိုက်ပြီး ကျောက်တောင်စွန်းသို့ ပြေးသွားသည်။ တောင်အစွန်းသို့ ရောက်သော အခါ ဖခင်ဘက်ပြန်လှည့်ပြီး လက်နှစ်ဖက်ဆန့်တန်းကာ တောင်းပန်လိုက်ပြန်သည်။
"ဖေဖေ ... ကျွန်တော် တောင်းပန်ပါတယ်၊ မသွား ..."
"သွားကွာ ... ခွေးမသား ... သွား"
မင်းဖရက် တောင်စောင်း မှ ကျပြီး ဒလိမ့်ခေါက်ခွေး လိမ်းဆင်းသွားသည်။
မင်းဖရက်၏ လူရောအသံပါ လုံးဝပျောက်သွားမှ လိုသာ စိတ်လျှော့ချလိုက်သည်။ တစ်ချက် ရှိုက်လိုက် သည်။ ထို့နောက် တစ်ကိုယ်လုံး တသိမ့်သိမ့်တုန်ပြီး၊ တရှိုက်ရှိုက်ငိုမိတော့သည်။
"ငါနေမကောင်းနေလို့၊ ဖျားနေလို့ ငါပျော့ညံ့ သွားတာပဲ"
လိုသာ ကိုယ့်ကိုယ်ကိုယ် ပြန်ပြောရင်း အားတင်းလိုက်သည်။ သို့သော် သူလို ရွှေရောင်ဆံပင်နှင့် ချောမောလှပသော သူ့သား၏ ၀မ်းနည်းကြေကွဲနေသည့် မျက်နှာလေးကို မြင်ယောင်နေဆဲ ရှိသည်။ သူ့ရင်ထဲ၌ ခံစားမှု နာကျင်မှုတို့ဖြင့် ပြည့်လျှမ်းနေသည်။ သူ့အသည်းကို တစ်စချင်းဆုတ်ဖြဲနေသလို ခံစား ရသည်။
"ဖေဖေ့ကို ခွင့်လွှတ်ပါ သားရယ်၊ မင်းကို ကယ်တင်ဖို့အတွက် ဒီနည်းကလွဲပြီး တခြားနည်း မရှိတော့ ပါဘူးကွယ်၊ ဖေဖေ တောင်းပန်ပါတယ် ... ခွင့်လွှတ်ပါ သားရယ်"
လိုသာက ဆွေးဆွေးမြည့်မြည့်နှင့် တစ်လုံးချင်း ပြောလိုက်သည်။ သူ့မျက်လုံးအိမ်မှ မျက်ရည်များက ပါးပြင်ပေါ်သို့ တလိမ့်လိ့မ်စီးကျလျက်။
လိုသာသည် လုံးဝ သတိမေ့သွားသို ဖြစ်သွားသည်။ သူအိပ်ရာမှ နိုးပြီး ပြန်သတိရလာသောအခါ မိမိ ဘယ်ရောက်၍ ဘာဖြစ်နေမှန်း ရုတ်တရက် သတိမရဘဲ ဖြစ်နေသည်။ လက်မှ ဒဏ်ရာ၏ သွေးနံ့ပြီနံ့ ရပြီး အဖျားရှိန်ကိုပါ ခံစား လိုက်ရတော့မှ အခြေအနေ အရပ်ရပ်ကို ပြန်သတိရလာသည်။
လိုသာသည် ကျောက်တောင်စွန်းဘက်သို့ တွားသွားလိုက်ပြီး၊ တောင်ဘက်မှ တောင်တက်လမ်းဆီသို့ မျှော်ကြည့် လိုက်သည်။ မိမိအား နောက်မှ ကျားကုတ်ကျားခဲလိုက်လာသူများကို ပထမဆုံးအကြိမ် လှမ်းမြင်ရသည်။ သူတို့အား တစ်မိုင်ခန့်အဝေးလောက်မှ လှမ်းမြင်ရသော်လည်း မြင်းစီးသမားများ ရှေ့မှ လူပုလေး နှစ်ယောက်ကို ချက်ချင်း မှတ်မိသွားသည်။
"ပစ်ဂမီလူပုလေးတွေပါလား၊ စင်တိန်က သူယဉ်ကျေးအောင် မွေးထားတဲ့ လူရိုင်းလေးတွေကို ခြေရာခံ ခိုင်းပြီး ငါ့နောက်ကို လိုက်လာတာကိုး"
လိုသာတစ်ကိုယ်တည်း ပြောလိုက်သည်။ သူတို့ဘာကြောင့် ဒီလောက်မြန်မြန် မိမိတို့အနားရောက်လာ သည်ကို လိုသာသဘောပေါက်နားလည်သွားရသည်။ ခြေရာဖျက်ခြင်းများကို လုပ်ခဲ့သော်လည်း အရာ မထင်ခဲ့။ ခြေရာကောက် အကျွမ်းကျင်ဆုံး ပူလူလေးနှစ်ယောက်က သူတို့ဘက်ပါနေပြီမို့ လိုသာ တစ်ပန်း ရှုံး ခဲ့ရသည်။
လိုသာသည် လူပုလေးနှစ်ယောက်ကို ကျော်ပြီး သူတို့နောက်မှ ပါလာသူများကို ရေတွက်ကြည့်လိုက် သည်။ "ခုနစ်ယောက်" ဟု နှုတ်မှ ရေရွတ်လိုက်မိသည်။ သူတို့ထဲမှ သေးသေးသွယ်သွယ် အမျိုးသမီး ပုံသဏ္ဍာန်ကို မျက်လုံးမှးပြီးမှ စိုက်ရှာကြည့်မိသည်။ သူတို့သည် အောက်မှဆင်းပြီး မြင်းများကို ရှေ့မှ ဆွဲလာ နေကြခြင်းနှင့် သစ်ပင်ပင်စည်များက ရှေ့မှ ကွယ်နေခြင်းကြောင့် တစ်ဦးချင်း ထင်ရှားပြတ်သား စွာ မမြင်ရဘဲ ဖြစ်နေသည်။
လိုသာသည် ချဉ်းကပ်လာသူများဆီမှ အာရုံကို ဖြတ်ကာ သူ့အတွက် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ် တော့သည်။ သူ့အတွက် အရေးကြီးဆုံးကိစ္စမှာ နောက်မှ လိုက်လာသူများကို တတ်နိုင်သမျှ နှောင့်နှေး အောင် အချိန်ဆွဲထားရေးပင် ဖြစ်သည်။ ထို့အပြင် လိုက်လာသူများက မိမိတို့ တပ်ဖွဲ့တစ်ခုလုံး တောင်ထိပ်၌ ရှိနေသေးသည်ဟုထင်အောင် ပြုလုပ်ရေးလည်း ဖြစ်သည်။ သူတို့ကို မိမိက အချိန်ဆွဲ ထားနိုင် သလောက် ဟင်းဒရစ်နှင့် မင်းဖရက် လွတ်မြောက်ရေးအတွက် အချိန်ပိုရမည်သာ ဖြစ်သည်။
လိုသာအဖို့ လက်တစ်ဖက်တည်းဖြင့် လုပ်နေရ၍ နှေးနေသည်။ ကလိန်းဘွိုင်းထားခဲ့သော ရိုင်ဖယ်ကို သင့်တော်သော ကျောက်ဆောင်စွန်း၌ ပြောင်းဝတင်ကာ အောက်ဘက်သို့ အသင့်ချိန်ပြီး ချထားလိုက် သည်။ ရေပုလင်းနှင့် သားရေကြိုးတစ်ချောင်းကို ဖြုတ်ယူပြီး ထိုသေနတ်၏ မောင်းတွင် ချည်ကာ မိမိ အစီအစဉ်အတွက် ပြင်ဆင်လိုက်သည်။
သူ တစ်မိန်ခန့် ရပ်ပြီး အနားယူလိုက်သည်။ ထို့နောက် ကျောက်ဆောင်စွန်းပေါ်မှ အောက်သို့ ချောင်းကြည့် လိုက်သည်။ မြင်းစီးလာသူများ အတော်ပင် နီးလာပြီ။ မိုပါနီတောအုပ်ထဲမှ ထွက်လာပြီး လွင်ပြင်ထဲ သို့ ရောက်လာသည်။
မြင်းစီးလာသော စင်တိန်ကို သူတွေ့မြင် မှတ်မိသွားသည်။ မြင်းစီးဘောင်းဘီဝတ်ထားသော ပိန်ပိန် ပါးပါး ယောက်ျားလေးဆန်ဆန် စင်တိန်ကို သူဘယ်လိုမှ မလွဲမှားနိုင်ပါချေ။ သူမလည်ပင်းမှ အ၀ါရောင် ပိုး လည်စည်းလေးကိုပင် လှမ်းမြင်နေရသည်။
"အလို ဘုရားရေ" စင်တိန်လက်မလျှော့ပါလား၊ ငရဲပြည်ရဲ့ နယ်စပ်ဟိုဘက်ရောက်တဲ့အထိ ငါ့ကို လက်မလျှော့ တမ်းလိုက်မယ့် မိန်းကလေးပါလား" လိုသာက စင်တိန်ကို ချီးကျူးရေရွတ်လိုက်သည်။
ရေမရှိတော့သဖြင့် စွန့်ပစ်ထားသော ပုလင်း အပုံဆီသို့ လိုသာ တွားသွားလိုက်ပြီး ပုလင်းများကို သူ့နောက်ဘက်သို့ ဆွဲယူလာသည်။ ထိုပုလင်းများကို တောင်စောင်းနှုတ်ခမ်းတစ်လျှောက်တွင် အပုံ သုံးပုံ ပုံလိုက်သည်။ ထို့နောက် ကြိုးစသုံးခုကို တစ်ခုတည်း စုချည်ထားလိုက်သည်။ မိမိ လိုအပ်သည့် အချိန်တွင် လက်ဖြင့် တ်စချက်တည်း ဆွဲလိုက်ရုံဖြင့် အပုံသုံးပုံတစ်ပြိုင်တည်း လှုပ်ရှားသွားစေရန် ဖြစ် သည်။
"လှမ်းပစ်ရုံ ကလွဲပြီး ငါ ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး"
သူ တိုးတိုးလေး ပြောလိုက်သည်။ ခေါင်းထဲ၌ အုံပြီး ကိုက်ပြီး အက်ကွဲလုမတတ်ဖြစ်ကာ ရေအရမ်းဆာ နေသည်။ တစ်ကိုယ်လုံးလည်း ချစ်ချစ်တောက် ပူနေသည်။
နောက်ဆုံးကျန်သော ရေပုလင်းကို အဖုံးကို ဖွင့်ပြီး တစ်ကျိုက် မော့လိုက်သည်။ ဦးစွာ ပါးစပ်ထဲ၌ ငုံထားပြီး မှ ဖြည်းဖြည်းချင်း မျိုချသည်။ ချက်ချင်းအားအင် ရှိလာသလို ဖြစ်ပြီး အငြမ်လည်း ကြည်လင် လာသည်။ ရေဘူးကို ပိတ်လိုက်ပြီး သူ့ဘေးတွင် အသင့်ချထားလိုက်သည်။ ထို့နောက် သူ့ဂျာကင်အင်္ကျီ ကို ခေါက်ပြီး ရှေ့မှ ကျောက်စွန်းပေါ်တင်ကာ မော်ဇာရိုင်ဖယ်ပြောင်းအောက်မှ ခုခံထားလိုက်သည်။
နောက်မှ လိုက်လာသူများသည် တောင်ခြေရင်သို့ ရောက်လာသည်။ လိုသာတို့ စွန့်ပစ်ထားခဲ့သော နောက်ဆုံးမြင်း ကို ၀ိုင်းကြည့်နေကြသည်။
လိုသာ သည် အောက်ဘက်သို့ ရိုင်ဖယ်ဖြင့် လှမ်းချိန်လိုက်သည်။
"မြင်းတွေကို ပစ်ရမယ်၊ မြင်းတွေ မရှိယင် သူတို့ မင်းဖရက်တို့နောက် လိုက်နိုင်တော့မှာ မဟုတ်ဘူး"
လိုသာသည် သေနတ်ပြောင်းကို ဘလိန်းမယ်လကွန်၏ နီညိုရောင် မြင်းကြီးမှ နှာကျားအဖြူနေရာသို့ ချိန်ကာ မောင်းဖြုတ်ချလိုက်သည်။ ထို့နောက် တစ်ချက်ထပ်ပြီး ပစ်လိုက်ပြန်သည်။ ထိုအချိန်တွင် ကလိန်းဘွိုင် ထားခဲ့သော သေနတ်မောင်းနှင့် ချည်ထားသည့် ကြိုးကိုလည်း လှမ်းဆွဲမောင်းဖြုတ်လိုက် သည်။ အသံများ ရှေ့ဆင့်နောက်ဆင့် ထပ်သွားပြီး သေနတ်ပစ်သူတစ်ယောက်မက ရှိနေသည်ဟု ထင်အောင် အကွက်ဆင်လိုက်သည်။
လိုသာ အဖို့ ထူးခြားသည်မှာ ယခုလို သေရေးရှင်ရေးအချိန်တွင် အဖျားက ကျသွားသည်။ မျက်စိ အမြင်က ကြည်လင် ပြတ်သားနေသည်။ လိုသာသည် မြင်းတစ်ကောင်ပြီး တစ်ကောင်ကို ပစ်ချ လှဲသိပ် နေရာ၊ စင်တိန်၏ မြင်းသာ ကျန်တော့သည်။ သူ့သေနတ်ပြောင်းဝတွင် စင်တိန်၏ မြင်းရှိနေသည်။
စင်တိန်သည် သစ်ပင်အုပ်ဆီသို့ မြင်းကို ပြန်လှည့်ပြီး ကဆုန်စိုင်းစီးပြေးသည်။ မြင်းဇက်ပေါ်တွင် သူမ ခန္ဓာကိုယ်ကို ပြားနေအောင် ၀ပ်ပြီး မှောက်ထားသည်။ လူတစ်ယောက်က သူမ မြင်းခြေနင်းကွင်းကို လှမ်းကိုင်ကာ ဒယဥ့်ဆွဲ ပါသွားသည်။ သေနတ်မောင်းခလုတ်ပေါ်တွင် တင်ထားသော လိုသာ လက်ညှိုးက အလိုလို ဘေးသို့ ရောက်သွားသည်။ စင်တိန် အနီးအနားသို့ပင် ကျည်ဆန်ရောက်အောင် သူမပစ်ပါချေ။
သေနတ်ပြောင်းဝ ကို စင်တိန်ဆီမှနေ၍ တခြားဘက်သို့ ပြောင်းချိန်လိုက်သည်။ သေနတ်မှန်၍ လဲကျ သွားသော မြင်းများပေါ်မှ ဒလိမ့်ခေါက်ကွေးကျသွားသူ လေးဦးသည် တောအုပ်ဆီသို့ ခွေးပြေးဝက်ပြေး ပြေးနေကြသည်။ သူတို့အော်သံများကို တောင်ထိပ်ပေါ်မှပင် လှမ်းကြားရသည်။ သူတို့ကို မှန်အောင် ပစ်နိုင်သော်လည်း လိုသာ မပစ်။ သူတို့ဘေးမှ လွတ်ခါသီခါကပ်ပြီးတော့သာ ပစ်နေသည်။
နောက်ဆုံးမှ ပြေးသူသည် တောအုပ်ထဲသို့ ရောက်ပြီး ပျောက်သွားသည်။ လိုသာသည် ဒုတိယရိုင်ဖယ် ဆီသို့ သွားပြီး ကျည်ဆန်ထပ်ဖြည့်သည်။
"သူတို့ ငါဘယ်နေရာမှာ ရှိတယ်ဆိုတာ သိရအောင် ကြိုးစားကြမှာပဲ၊ ငါလစ်အောင် လုပ်ပြီး ငါ့နေရာ ရှာမှာပဲ" လိုသာ က ကြိုတင်တွက်ဆလိုက်သည်။ သူတွက်သည့်အတိုင်းပင် ဖြစ်လာသည်။
တောစပ်လျှို့မြောင်ထဲ မှ သံခမောက်လေး ပေါ်လာသည်ကို မြင်လိုက်ရရာ လိုသာ ပြုံးလိုက်မိသည်။ ဤလှည့်ကွက်မျိုးတော့ လိုသာတို့က စောဖေနောကျေနေပြီ။ အလွန်ရိုးစင်း ဟောင်းမြည့်နေသော လှည်ကွက် ပင် ဖြစ်သည်။
"အင်းလေ ကြည့်ကြသေးတာပေါ့၊ ဘယ်သူက ဘယ်သူ့ကို အရူးလုပ်နိုင်မလဲလို့"
လိုသာက ရိုင်ဖယ်နှစ်လက်စလုံးကို တစ်ပြိုင်တည်း ပစ်ခတ်လိုက်သည်။ ရေပုလင်းအလွတ်များ အပုံ သုံးပုံ ကို ချီထားသော ကြိုးကိုလည်း လှမ်းဆွဲပြီး လှုပ်ယမ်းလိုက်သည်။ ပုလင်းများ၏ လှုပ်ရှားမှုသည် တောင်အောက် အဝေးမှ လှမ်းကြည့်လျှင် ခေါင်းများ လှုပ်ရှားနေသည်နှင့် တူပေလိမ့်မည်။
"ဒီတောင် ကို အနောက်ဘက်က ပတ်ဝိုင်းဖို့ သူတို့ လူခွဲလွှတ်မှာပဲ"
လိုသာက ကြိုတွေးလိုက်သည်။ သေနတ်ကို ရှေ့ဘက်သို့သာ အသင့်ချိန်ပြီး စောင့်ကြည့်နေသည်။
"မိုးချုပ်ဖိုပ ငါးနာရီ လိုသေးတယ်၊ နက်ဖြန်အာရုဏ်တက်ဆိုယင် ဟင်းဒရစ်နဲ့ မာနီုတို့ မြစ်ကို ရောက်မယ်၊ အဲဒီအချိန် အထိ သူတို့ကို ဒီနေရာက ထိန်းထားရမှာပဲ"
ညာတောင်ပံဘက်မှ လှုပ်ရှားမှုကို မြင်သဖြင့် သူတို့အပေါ်မှ အနည်းငယ်ကျော်ပြီး ပစ်လိုက်သည်။ ထို့နောက် တဟားဟား ရယ်လိုက်သည်။ အရယ်ရပ်လိုက်သောအခါ မင်းဖရက် မျက်နှာ ပုံရိပ်လေးကို မြင်ယောင်လာသည်။ မျက်ရည်များ ဝေ့၀ိုင်းနေသည့် လှပသော မျက်လုံးအစုံနှင့် အပေါ်နှုတ်ခမ်းပေါ်မှ သွေးစစီးကြောင်းလေးက အထင်းသားပေါ်နေသည်။
"သား ... ငါ့သား ... မင်းမရှိဘဲ ငါ ဘယ်လိုလုပ်နေရမှာလဲ သားရယ်"
နေ၀င်ဆည်းဆာချိန် ရောက်လာသည်။ အပူဒဏ် လျော့ပြီး လေးအေးလေး တိုက်လာသည်။
တောင်ပေါ်သို့ လူလာပြီး ကျောက်တောင်ပေါ်ကုတ်ခြစ်တက်လာသည့် ဖိနပ်သံကို အဝေးမှ ကြားရ သည်။ လက်ပစ်ဗုံးတစ်လုံးကို လိုသာ လှမ်းယူလိုက်သည်။
"သူတို့ အနောက်ဘက်က တက်လာကြတာပဲ"
လိုသာသည် လက်ပစ်ဗုံးကို မယူလိုက်ပြီး စနက်တံကို ဆွဲဖြုတ်သည်။ ပထမ တော်တော်နှင့် ဖြုတ်မရ ဘဲ ကျပ် နေသေးသည်။ နောက်ဆုံးမှ ဖြုတ်ရသည်။ ငါ စက္ကန့်ကြာအောင် ရေတွက်လိုက်ပြီး အနောက် ဘက်ကျောက်တောင် ဆင်ခြေလျှောတစ်လျှောက်လှိမ့်ချပေးလိုက်သည်။
"အလိုလေး ... လက်ပစ်ဗုံးပါလား"
အမှောင်ထဲမှ အော်လိုက်သံကို လိုသာ ကြားလိုက်ရသဖြင့် အားရပါးရ ရယ်လိုက်သည်.
"ကိုက်စားလိုက်ပါလားကွ အင်္ဂလိပ်လက်ပါးစေတွေရဲ့"
လိုသာ တစ်ကိုယ်တည်း ပြောလိုက်သည်။ တက်လာသူများ အောက်ပြန်လျှောဆင်းကာ ဗုံးလွတ် အောင် ရှောင်ကြသည့် အသံများ ကြားရသည်။ လိုသာက ဗုံးပေါက်မည့် အချိန်ကိုသာ မျှော်နေသည်။ သို့သော် ဗုံးကမပေါက်သေးဘဲ "ကလစ်" ခနဲ ရပ်သံကြားလိုက်ရသည်။ တအောင့်ကြာမှ အောက်ဘက် တွင် ဗုံးပေါက်သံ ကြားရပြီး လူတစ်ယောက် အော်သံကိုလည်း ကြားလိုက်ရသည်။
လိုသာ ကျောက်ဆောင်စွန်းမှ ငုံ့ကြည့်ရာ ယူနီဖောင်းဝတ်သုံးဦး အောက်သို့ ကသောကမျော ပြန်ဆင်း နေသည် ကို တွေ့ရသည်။ လိုသာက သေနတ်နှင့် လှမ်းပစ်သည်။ သူတို့ အောက်သို့ ခုန်ချပြီ တောအုပ် ဆီသို့ ပြန်ပြေးသည်။ တစ်ယောက် လက်ပစ်ဗုံးဆန်မှန်ပြီး ထိခိုက်ဒဏ်ရာ ရသွားသည်။ ကျန်နှစ်ယောက် က သူ့ကို ညှပ်ပြီး တွဲခေါ်သွားရသည်။
လိုသာ သည် အနောက်ဘက်တောင်စောင်းတွင်ပင် ခြေကုန်လက်ပန်းကျပြီး တစ်နာရီလောက်နားနေ ရသည်။ ထို့နောက်မှ တောင်ဘက်မျက်နှာစာသို့ ဒယဥ့်ဆွဲပြီး ပြန်သွားရသည်။ မိမိ၏ လက်ချက်ဖြင့် လဲကျ သေဆုံးနေသော မြင်းများကို လှမ်းကြည့်လိုက်သည်။
မြင်းကုန်းနှီးများ၌ ရေပုလင်းများ တွဲလွဲကျနေဆဲ ရှိသည်။
"ရေဆိုတာ သံလိုက်လိုဆွဲငင်ဓာတ် ရှိတယ်။ ခုလောက်ဆို သူတို့ ရေကောင်းကောင်း ဆာလောက်ပြီ၊ သူတို့ ရေလာယူတော့မှာပဲ"
တဖြည်းဖြည်းနှင့် နေလုံးက အနောက်ဘက်သို့ ငုပ်လျှိုး ပျောက်ကွယ်သွားသည်။ သူ့အရှေ့တောင် အောက် အမှောင်ထဲမှ လူသံနှင့် ပစ္စည်းချင်းထိခတ်သံ ပေါ်လာသည်ကို နားစွင့်နေသည်။ မြင်းခြေနင်း သံကွင်းချင်း ထိခတ်သံသဲ့သဲ့ကို လိုသာ ကြားလိုက်ရသည်။ လိုသာက လက်ပစ်ဗုံးကို တအားကုန်လွဲ ပြီး ထိုနေရာ သို့ လှမ်းပစ်လိုက်သည်။ ပေါက်ကွဲသံကြီး ပေါ်လာသည်။ ရုတ်တရက်ပေါ်လာသော မီးတောက် အရောင်တွင် မြင်းများအနား၌ လူနှစ်ယောက်ကို မြင်လိုက်ရသည်။
လိုသာ နောက်တစ်လုံး ထပ်ပစ်လိုက်သည်။ လိမ္မော်ရောင် မီးတောက်တက်သွားချိန်တွင် လူနှစ်ယောက် တောအုပ်သို့ ပြန်ပြေးသွားသည်ကို မြင်လိုက်ရသည်။ သူတို့ပြေးပုံမှာ သွက်လက် ပေါ့ပါး လှသဖြင့် ရေပုလင်းများ ပါသွားပုံ မရပေ။
လိုသာ တွင် လက်ပစ်ဗုံးတစ်လုံးသာ ကျန်တော့သည်။ အလွန်ရှားပါးသော အဖိုးထိုက်ရတနာသဖွယ် ရင်ဘတ် တွင် ပွေ့ပိုက်ကိုင်ထားလိုက်သည်။
"သူတိုပနောက်တစ်ခါ ပြန်လာယင် အဆင်သင့် ဖြစ်နေရမယ်၊ သူတို့ရေပုလင်းတွေ ယူလို့ မရစေရဘူး"
လိုသာ အော်ပြောလိုက်သည်။ ငန်းဖျားတက်လာပြီး ကယောင်ချောက်ချား ဖြစ်လာပြန်သည်။
"နက်ဖြန် မွန်းတည့်ချိန်အထိ သူတို့ ဒီနေရာက သွားမရအောင် ငါထိန်းထားမယ်၊ ဟင်းဒရစ်နဲ့မာနီတို့ ဒီက ထွက် သွားတာ ရှစ်နာရီလောက် ရှိပြီ၊ သူတို့ တစ်ညလုံး သွားကြမှာပဲ၊ အရုဏ်မတက်ခင် မြစ်ကို ရောက် နိုင်တယ်၊ သူတို့ကို ငါဒီမှာ နောက်ထပ် ရှစ်နာရီလောက် ထိန်းထားနိုင်ယင် မာနီတို့ လွတ်လွတ် ကျွတ်ကျွန် ဖြစ်ပြီ"
အဖျားရှိန် က ပိုပြင်းလာသည်။ သူ့ဦးခေါင်းက ရှေ့သို့ ငိုက်ကာ တံတောင်ဆစ်ပေါ်သို့ စိုက်ကျသွား သည်။
"လိုသာ"
မိမိနာမည်အား ခေါ်သံက မိမိစိတ်ထဲက ထင်မိခြင်းသာ ဖြစ်မည်ဟု လိုသာ မှတ်ထားလိုက်သည်။ သို့ရာတွင် သူ့နာမည်အား ခေါ်သံက ပြန်ပေါ်လာပြန်သည်။
"လိုသာ"
သူခေါင်းထောင်လိုက်သည်။ ည၏ အအေးဒဏ်ကြောင့် တုန်ယင်နေသည်။ သူမ၏ အသံကို ပြန်လည် သတိရမှတ်မိလာသည်။ သူ့ပါးစပ်ကို ဖွင့်လိုက်ပြီးမှ ပြန်ပိတ်လိုက်သည်။ ငြိမ်နေလိုက်သည်။ စင်တိန်ကုတ်နေ က သူ့နာမည်အား ထပ်ခေါ်မည်ကို စောင့်စားနားထောင်နေလိုက်သည်။
"လိုသာ ... ကျွန်မတို့မှာ လူတစ်ယောက် ဒဏ်ရာရထားတယ်"
အသံကို မှန်းဆခြင်းဖြင့် စင်တိန်တောစပ်ရောက်နေမှန်း လိုသာမှန်းဆ၍ ရသည်။ စင်တိန်၏ ပုံရိပ်ကို လိုသာ မျက်စိထဲ၌ မြင်ရောင်လာသည်။ ရဲဝံ့သော၊ ပြတ်သားသော စင်တိန်၊ မဟူရာ မျက်ဝန်းအစုံက ကောင်းကင် က ကြယ်လေးတွေလို တောက်ပနေပေလိမ့်ဦးမည်။ မချွန့်တချွန်မေးစေ့လှလှလေးကို ခပ်ဆတ်ဆတ် လေး မော့ထားမည်မှာ သေချာသည်။ ဒါက သူမ၏ ဟန်။ သူမ၏ မာန်။
"ဘာဖြစ်လို့ ငါမင်းကို အခုထိ ချစ်နေရသေးတာလဲကွာ"
လိုသာ တိုးတိုးလေး ညည်းလိုက်သည်။
"လူနာအတွက် ရေလိုနေတယ် လိုသာ၊ ကျွန်မ ရေယူဖို့ ထွက်လာတာပါပဲ"
ကြည်လင်ပြတ်သားသော သူမအသံက သူနှင့်အတူ သစ်ပင်အုပ်ထဲမှ အပြင်သို့ ထွက်လာသည်။ လိုသာ့ မျက်ဝန်းတွင် အဆွေးမျက်ရည်၊ အချစ်မျက်ရည်၊ အလွမ်းမျက်ရည်တို့ ဝေ့၀ိုင်လာသည်။
"ကျွန်မ တစ်ယောက်တည်းလာတာပါ လိုသာ"
သူမသည် တောစပ်နှင့် တောင်ခြေအကြား လွင်ပြင်၏ တစ်ဝက်ခန့်သို့ ရောက်လာသည်။
"ပြန်သွား ... မင်းပြန်သွား"
လိုသာက အော်ပြောဖို့ ကြိုးစားသော်လည်းလည်း အသံက ဗလုံးဗထွေး ဖြစ်နေသည်။
"ငါ မင်းကို သတိပေးတယ်နော်၊ ငါ ပစ်ရမှာပဲ"
လိုသာ လက်ပစ်ဗုံး ကို ကယောင်ကတမ်း လှမ်းကိုင်လိုက်သည်။
"မင်းကို ရေယူခွင့် မပေးနိုင်ဘူး၊ မာနီအတွက်ပါကွာ၊ ငါ မလုပ်ချင်ဘဲ လုပ်ရမှာပဲ"
သူ့လက်ညှိုး ကို လက်ပစ်ဗုံး၏ စနက်တံကွင်းထဲသို့ ချိတ်လိုက်သည်။
"ကျွန်မ ပထမဆုံးမြင်းဆီကို ရောက်ပြီ၊ ရေပုလင်းယူနေပြီ၊ တစ်ပုလင်းတည်းပါ လိုသာ"
သူမက ရဲဝံ့ပြတ်သားသည်။ အစွမ်း ရှိသည်။ တောင်စောင်းခြေရင်း၌ ရပ်နေရာ လိုသာအဖို့ လှမ်းပြီး လွှဲပစ်စရာပင် မလိုတော့။ လက်ပစ်ဗုံးကိုသာ အသာလှိမ့်ချလိုက်ရုံဖြင့် ကိစ္စပြီးနိုင်သည်။
လိုသာ တွေးလိုက်သည်။ လက်ပစ်ဗုံး ပေါက်ကွဲလျှင် စင်တိန်၏ အသားဆိုင်များသည် အစုတ်စုတ် အပြတ်ပြတ် လွင့်စဉ် ထွက်ကုန်မည်။ ထိုအသားဆိုင်များသည် မိမိချစ်ခင်နှစ်သက် စုံမက်မြတ်နိုး၍ ယုယပိုက်ထွေးအကြိုက်ပေး ချော့မြူခဲ့ရသော အသားဆိုင်များ။ မိမိ၏သားငယ်ကို ကိုးလလွယ်ဆယ်လ ဖွားပေးခဲ့ရသော အသားဆိုင်များ။
မိမိ သူမအား မည်မျှအထိ ခါးခါးသီးသီး မုန်းပါလိမ့်ဟု လိုသာ တွေးလိုက်ပြန်သည်။ တကယ်တော့ မုန်း၍မရ။ ပြောမပြနိုင်လောက်အောင် ချစ်ခဲ့ရပြီး ချစ်နေဆဲရှိကြောင်း သိလာရသည်။
မျက်လုံးအိမ်ထဲမှ မျက်ရည်များက အမြင်အာရုံကို ဖုံးလွှမ်းသွားစေတော့သည်။
"ကျွန်မ ပြန်သွားပြီ လိုသာ၊ ရေတစ်ပုလင်းပဲ ယူသွားတယ်"
သူမအသံတွင် ကျေးဇူးတင်သံသဲ့သဲ့ ပါနေသည်။ စင်တိန်က အသံကို နှိမ့်ပြီး ထပ်ပြောလိုက်ရာ လိုသာ ဆီသို့ လေသံလေးမျှသာ ရောက်လာတော့သည်။
"ဘုရားသခင်က ရှင့်ကို ခွင့်လွတ်ချမ်းသာခွင့် ပေးသနားပါစေ လိုသာဒီလာရေး"
စင်တိန်၏ ပျော့ပျောင်းငြင်သာသော စကားလုံးများက လိုသာ့ရင်ကို ပိုပြီးနင့်စေ နာစေသည်။ ကွဲစေ အက် စေသည်။
သူတို့ အတွက် နောက်ဆုံးသို့ ရောက်လာပြီ။ လိုသာ့ ခေါင်းက လက်မောင်းပေါ်သို့ ငိုက်ကျသွားပြီး တရှိုက်ရှိုက်ငိုမိသည်။
ရင်ထဲမှ ၀မ်းနည်းခြင်း၊ ဆွေးမြည့်ခြင်းနှင့်အတူ ခေါင်းထဲသို့ အမှောင်ထုကြီး တိုးဝင်ဖုံးလွှမ်းသွားသည်။
ဆက်ရန်
.
1 comment:
Thanks for the post on these days,little sis.
Gyidaw
Post a Comment