Friday, November 11, 2011

ဝင်းဖေဝင်း ဘာသာပြန် စိန်မင်းသမီး အဆက် အပြိုင်အဆိုင်အနိုင်, အပိုင်း (၁၉)

 သူ တကယ်ကိုရှက်ခဲ့တာပဲ၊ ဒီလိုအလုပ်မျိုး သူဘယ်တော့မှ ထပ်လုပ်မှာမဟုတ်ဘူး၊ သူ ဒီသဘောမျိုး ပြော ခဲ့တာပဲ "
စင်တိန်တစ်ဦးတည်း ကျယ်လောင်စွာ ပြောလိုက်သည်။ မိမိဘာဆက်လုပ်ရမည်ကို တစ်မုဟုတ်ချင်း ဆုံး ဖြတ် လိုက်သည်။ ပို၍ သတ္တိရှိလာစဉ် ဆက်၍ ပြောလိုက်သည်။
" ဒါ ညာတာ၊ ဆိုင်းဘုတ် က သက်သက်လိမ်ညာထားတာ သူလိမ်ညာတာကိုယုံအောင် မြင်းသုံးကောင်ကို အဆိပ်ခတ် သတ်ထားတာ၊ ပုံးထဲကရေထဲမှာ အဆိပ်ခတ်ပြီး မြင်းတွေကို တိုက်တာဖြစ်ရမယ်၊ ရေအိုင်ကို တော့ အဆိပ်ခတ်တာမဖြစ်နိုင်ဘူး၊ ဒီလို ပက်စက်တဲ့လုပ်ရပ်မျိုး သူထပ်လုပ်မှာ မဟုတ်ဘူး လှည့်ဖြားထား တာပဲဖြစ်ရမယ် "
စင်တိန်သည် သူ့ခေါင်းမှဦးထုပ်ကို ချွတ်လိုက်သည်။ ရေပေါ်မှ ဖုန်များနှင့် အမှိုက်များကို ဦးထုပ် နှုတ်ခမ်းဖြင့် ယက်ပြီးဖယ်လိုက်သည်။ ထို့နောက် ဦးထုပ်တစ်လုံးအပြည့် ခပ်ယူလိုက်သည်။ အသက်၀၀ တစ်ချက်ရှူလိုက် ပြီး ဦးထုပ်ထဲမှရေကို နှုတ်ခမ်းအစုံဖြင့် ထိလိုက်သည်။

" စင်တိန် "
ဘလိန်း ၏ တအားကြုံးအော်သံပေါ်လာသည်။ ကမ်းစပ်သို့ တစ်ရှိန်ထိုးပြေးဆင်းလာပြီး စင်တိန်လက်ထဲမှ ဦးထုပ် ကို ဆွဲယူလွှတ်ပစ်လိုက်သည်။ ရေများက သူမခြေထောက် ဘောင်းဘီပေါ်သို့စဉ်ကျကုန်သည်။ ဘလိန်း က စင်တိန်လက်မောင်း နှစ်ဖက်ကို သူ့လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ပြီး ဆွဲယူလိုက်သည်။ ဘလိန်း မျက်လုံးအစုံက ဒေါသကြောင့် မီးဝင်းဝင်းတောက်ဖြစ်နေသည်။ စင်တိန်ကိုလည်း ဒေါသတကြီး ပြော လိုက်သည်။
" မင်း ... ရူးသွားပြီလား အမျိုးသမီး "
ဘလိန်း ၏ လက်ချောင်းများက စင်တိန့် လက်မောင်းကို ကျစ်ကျစ်ပါအောင် တအားဆုပ်ပြီး ကိုင်လှုပ်နေ သည်။
" နာတယ် ဘလိန်း ... နာတယ် "
" နာတယ်၊ ဟုတ်လား၊ မနာဘဲနဲ့သေချင်လို့လား၊ ဒီလောက်မိုက်ရသလား "
" ဘလိန်း၊ ဆိုင်းဘုတ်က လှည့်ဖြားထားတာ၊ ညာထားတာဆိုတာ သေချာတယ်၊ ကျွန်မရှင်းပြပါ့မယ်၊ နား ထောင်ပါဦး "

စင်တိန့်စကားကြောင့် ဘလိန်းဒေါသအနည်းငယ် လျော့သွားသည်။
" အလို ဘုရားရေ၊ ငါထင်တာက ... "
" ရှင်တအားကိုင်ထားတာ ကျွန်မနာတယ် "
စင်တိန်က ထပ်ပြောလိုက်ရာ ဘလိန်းကသတိရပြီး လွှတ်ပေးလိုက်သည်။
" ကျွန်တော် တောင်းပန်ပါတယ်၊ ခင်ဗျားလဲ နောက်ထပ်မဆင်မခြင်မလုပ်နဲ့ပေါ့၊ နောက်တစ်ကြိမ်ဆိုရင် ကျွန်တော် ဘာလုပ်မိမယ်ဆိုတာ ကျွန်တော့်ကို ကျွန်တော်လဲ သိမှာမဟုတ်ဘူး "
" ဘလိန်း၊ ကျွန်မပြောတာ နားထောင်စမ်းပါဦး၊ သူတို့ လှည့်ဖြားသွားတာပါ၊ သူရေထဲမှာ အဆိပ်ခတ် မသွား ပါဘူး၊ ကျွန်မ အသက်နဲ့ရင်းပြီး လောင်းရဲပါတယ် "
" ခင်ဗျား အသက်နဲ့ ရင်းလုနီးပါးလုပ်ခဲ့တာပဲ၊ ခင်ဗျား ဘယ်လိုလုပ်ပြီး အဆိပ်ခတ်မထားဘူးဆိုတာ သိသလဲ "

" တစ်ချိန်က ကျွန်မနဲ့ ဒီလာရေး နဲ့ သိခဲ့ဖူးပါတယ်၊ သူ့အကြောင်း ကျွန်မ ကောင်းကောင်းသိတယ်၊ သူ့သစ္စာ ပြုပြီး ကျိန်တွယ်ပြောတာ ကျွန်မကြားဖူးတယ်၊ ၁၉၁၅ ခုနှစ်တုန်းက ရှင်တို့တွေ့ခဲ့ရတယ်ဆိုတဲ့ အဆိပ်ခတ် ထားတဲ့ ရေအိုင်ဟာ သူ့လက်ချက်ပေါ့၊ သူ အဲ့ဒါကိုဝန်ခံခဲ့တယ်၊ နောင် သူဒါမျိုး ထပ်မလုပ် တော့ဘူးလို့ ကျိန် တွယ်ပြောခဲ့တယ်၊ ရေအိုင်မှာ တိရစ္ဆာန်တွေအတုံးအရုံးသေခဲ့ရတာကို သူပြန်ပြောပြပြီး ကတိသစ္စာ ပြုခဲ့တာ ပဲ "
" ဒါဖြင့် ... ဟိုမှာ သေနေတဲ့ မြင်းသုံးကောင်ကိစ္စကော ဘယ်လိုပြောမလဲ " ဘလိန်းက စောဒကတက် လိုက်သည်။
" ဟုတ်ပါတယ်၊ အဲဒီမြင်းတွေကို အဆိပ်ခတ်ခဲ့တာပဲ၊ အဲဒီမြင်းတွေက ခြေကုန်လက်ပန်းကျပြီး ရှေ့ဆက် သုံးမရ တော့မယ့် မြင်းတွေမို့ ဘာပဲဖြစ်ဖြစ် သူဖျက်ဆီးပစ်ရတော့မှာပဲ၊ သူတို့ကို ခြင်္သေ့စာဖြစ်အောင် ထားခဲ့ ချင်မှာမဟုတ်ဘူး "

ဘလိန်းသည် ရေစပ်သို့ လျှောက်သွားပြီး ရေပြင်ကို ငုံ့ပြီး စိုက်ကြည့်နေလိုက်သည်။
" ခင်ဗျား စမ်းသပ်ကြည့်ချင်တယ်ပေါ့ "
ဘလိန်းသည် ရေအိုင်ကို ကျောခိုင်းလိုက်ပြီး အော်ခေါ်လိုက်သည်။
" တပ်ကြပ်ကြီး ဟန့်စ်မေယာ "
" ဟုတ်ကဲ့၊ လာပါပြီ "
တပ်ကြပ်ကြီးသည် မြင်းများချည်ထားသောနေရာမှ ခပ်သုတ်သုတ်လျှောက်လာသည်။

" တပ်ကြပ်ကြီး၊ ခြေတစ်ဖက်ထော့နင်းထော့နင်းဖြစ်နေတဲ့ မြင်းကို ယူခဲ့စမ်း "
တပ်ကြပ်ကြီး သည် မြင်းများချည်ထားသော နေရာသို့ ပြန်သွားပြီး ခြေတစ်ဖက်နာနေသော မြင်းတစ် ကောင် ကိုဆွဲယူလာသည်။ ထိုမြင်းမှာ ဘလိန်းတို့အဖို့ စွန့်ပစ်ခံရတော့မည့်မြင်းပင်ဖြစ်သည်။
" အဲဒီမြင်းကို ကန်ထဲကရေ တိုက်လိုက် "
ဘလိန်းက အမိန့်ပေးလိုက်သည်။
" ဆရာ ... ကန်ထဲကရေ ဟုတ်လား၊ အဲဒါ အဆိပ်ခတ်ထားတယ်လေ "
" အဆိပ်ခတ်ထားမထား သေချာအောင် စမ်းမလို့ပဲ၊ တိုက်သာတိုက်လိုက် " ဘလိန်းက ခပ်ပြတ်ပြတ်အမိန့် ပေးလိုက်သည်။
တပ်ကြပ်ကြီး သည် မြင်းကိုကိုင်ထားရာမှ လွှတ်ပေးလိုက်သည်။ မြင်းသည်ထော့ထော့နင်းနင်းဖြင့် ရေစပ် သို့ ဆင်းသွားပြီး ရေတ၀ကြီးသောက်တော့သည်။ သူ့ဗိုလ်ကြီးပိုကားလာသည်ကိုပင် သူတို့မြင်ကြရသည်။

" မြင်းတစ်ကောင်ကို ဒီလိုစမ်းလိုက်မယ်လို့ ကျွန်မ မထင်ခဲ့ဘူး၊ တကယ်လို့များ ကျွန်မအတွက် မှား သွားရင် ဒုက္ခပါပဲ "
မြင်းရေသောက်၍ ၀သွားသောအခါ ဘလိန်းက အမိန့်ပေးလိုက်သည်။
" ဒီမြင်းကို သူ့နေရာသူ ပြန်ခေါ်သွားတော့ "
တပ်ကြပ်ကြီးက မြင်းကို ပြန်ဆွဲသွားသည်။ ဘလိန်းက လက်ပတ်နာရီကိုကြည့်ပြီး စင်တိန်အားပြောလိုက် သည်။
" ဒီမြင်းကို အချိန်တစ်နာရီကြာ စောင့်ကြည့်မယ် "
ဘလိန်းသည် စင်တိန့်လက်ကိုဆွဲကာ ကျောက်ဆောင်စွန်းအောက်ရှိ အရိပ်ကျနေသောကမ်းပါးသို့ ခေါ် သွား ပြီးနှစ်ယောက် အတူတူထိုင်လိုက်ကြသည်။

" ခင်ဗျားသူ့ကို သိတယ်လို့ ခုနပြောခဲ့တယ်၊ ဘယ်လိုလုပ်ပြီး ဘယ်လောက်လောက်အထိ သိခဲ့လဲ" ဘလိန်း ကနောက်ဆုံးမအောင့်အည်းနိုင်ဘဲ ထုတ်မေးလိုက်သည်။
" ဟိုလွန်ခဲ့တဲ့ နှစ်အတော်တော်ကြာကြာက သူကျွန်မဆီမှာ အလုပ်လုပ်ဖူးတယ်၊ ကျွန်မ သတ္တုတွင်းရဲ့ ပထမဆုံး မြေရှင်းတဲ့လုပ်ငန်း၊ လမ်းဖောက်တဲ့လုပ်ငန်းတွေကို သူလုပ်ခဲ့တာပဲ၊ သူအင်ဂျင်နီယာ တစ်ယောက်ဆိုတာ ရှင်သိပါတယ် "
" သူ အင်ဂျင်နီယာဆိုတာ ကျွန်တော်သိပါတယ်၊ သူ့ကိုယ်ရေးရာဇ၀င်ဖိုင်ထဲမှာ တွေ့ပါတယ်၊ အဆိပ်ခတ် တဲ့ ရေအိုင်ကိစ္စမျိုး သူက၀န်ခံပြောကြားခဲ့တယ်ဆိုတော့ ခင်ဗျားနဲ့ သူနဲ့ တော်တော်ရင်းနှီးလို့ ဖြစ်ရမယ်၊ ယောက်ျား တစ်ယောက်က သူ့ရဲ့အပြစ်ကို ထုတ်ဖော်ဝန်ခံတယ်ဆိုတာ တော်ရုံတန်ရုံ ရင်းနှီးရုံ နဲ့ မလုပ်ဘူး"

စင်တိန်ဘာမှမပြော၊ သူမတွေးနေမိသည်။ သူ့ကို မည်သို့ ပြောရမည်နည်း။ မိမိတစ်ချိန်ကလိုသာ ဒီလာရေး ၏ အမျိုးသမီးဖြစ်ခဲ့သည်ဟု ပြောရမလား၊ မိမိသူ့ကိုချစ်ခဲ့မိပြီး သူနဲ့ရသော သားတစ်ယောက်ကို ပြော ရမလား၊ မည်သို့ ပြောရမှမည်မှန်းမသိအောင် အကျပ်ရိုက်နေသည်။
ဘလိန်း က ရုတ်တရက်ဟက်ခနဲ ရယ်လိုက်သည်။

" မနာလို သ၀န်တိုတယ်ဆိုတာ ချစ်ရာခင်ရာအရောက်ဆုံးကိစ္စပဲ၊ ဒီတော့ ကျွန်တော့် မေးခွန်းကို ပြန် ရုပ်သိမ်း ပါတယ်၊ ခွင့်လွှတ်ပါ "
ဘလိန်းလက်မောင်းပေါ်သို့ စင်တိန်က သူမလက်ကို တင်လိုက်ပြီး ကျေးဇူးတင်သည့်အမူအရာဖြင့် ပြုံးပြ လိုက်သည်။
" ဒါပေမယ့် ခင်ဗျား ရေသောက်မယ်လုပ်လို့ ကျွန်တော် အထိတ်တလန့် ဖြစ်ခဲ့ရတာကိုတော့ ခွင့်မလွှတ် ဘူး နော်၊ နောက်ဒါမျိုးလုပ်ရင် တင်ပါး ကို နာနာရိုက်ပြီး ဆုံးမမယ်သိလား "
စင်တိန် က ဘလိန်းကိုစိုက်ကြည့်နေမိသည်။ သူ့နှုတ်ခမ်းမွှေး ထိုးထိုးထောင်ထောင်များက သူမအဖို့ အသည်းယား စရာကောင်းနေသည်။ သူတို့ဂျာမန်သာသနာပြုကျောင်းမှထွက်လာကတည်းက ဘလိန်း မုတ်ဆိတ် မရိတ်ရသေးခြင်းဖြစ်သည်။

" ဘာတွေ စိုက်ကြည့်နေတာလဲ "
" သြ ... ရှင်ကျွန်မကို ရိုက်မယ့်အစား မရိုက်တော့ဘဲ နမ်းလိုက်မယ်လို့ ဆုံးဖြတ်ပြီး နမ်းလာရင် ရှင့်နှုတ် ခမ်းမွှေး တွေက ကျွန်မကို စူးများစူးမလားလို့ တွေးနေတာပါ "
ဘလိန်းသည် စိတ်လှုပ်ရှားမှုဒီလှိုင်းထဲ၌ မြုပ်ချည်ပေါ်ချည်ဖြစ်နေသူကဲ့သို့ စင်တိန်မြင်နေရသည်။ ဘလိန်း ၏ မျက်လုံးစိမ်းစိမ်းနှစ်လုံးနောက်ကွယ်မှ စိုးရိမ်မှု၊ သံသယဖြစ်မှုနှင့် လိုလားတောင့်တသောဆန္ဒများကို သူမ တွေ့မြင်နေရသည်။

စင်တိန်သည် သူမမျက်နှာကို ဘလိန်းဘက်သို့ လှည့်လိုက်သည်။ ရှေ့လည်းမတိုး နောက်လည်းမဆုတ်ဘဲ သူ့အလာကို ငံ့လင့်နေသည်။
နောက်ဆုံး တွင် ဘလိန်း၏ နှုတ်ခမ်းအစုံက သူမူနှုတ်ခမ်းနှစ်မြွှာကိုလာထိသည်။ တစ်ဦးနှင့်တစ်ဦး နှစ်နှစ်ခြိုက်ခြိုက် လိုလိုလားလား အပြန်အလှန်ပွေ့ဖက် နမ်းရှုပ်ကြသည်။ လောကကြီးကို ခဏမေ့သွားကြ သည်။
နောက်ဆုံး ဘလိန်းက လူချင်းခွာလိုက်ပြီး ထိုင်ရာမှ ထလိုက်သည်။ ဆက်ထိုင်နေသောစင်တိန်အား ငုံ့ကြည့် လိုက်ပြီး ပြောလိုက်သည်။
" ဘုရားသခင်က တို့ကို သနားတော်မူပါစေ "

ဘလိန်းရေအိုင်စပ်ဆီသို့ လျှောက်သွားသည်။ စင်တိန် တစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။
တစ်အောင့်ကြာသောအခါ တပ်ကြပ်ကြီးဟန့်စ်မေယာက သူမကိုလာခေါ်သည်။ စင်တိန်လိုက်သွားရာ ဘလိန်း ကို မြင်းများအနားတွင် တွေ့ရသည်။
ဘလိန်း သည် စမ်းရေတိုက်ထားသော ခြေတစ်ဖက်ဆာနေသည့် မြင်းမအနား၌ ရပ်နေသည်။ မြင်းခေါင်း ကို လက်တစ်ဖက်ဖြင့်ကိုင်ပြီး ကျန်လက်တစ်ဖက်ဖြင့် မြင်းလည်ပင်းကို ပွတ်ပေးနေသည်။ စင်တိန် အနား ရောက်လာသောအခါ ဘလိန်းက မြင်းကျောပေါ်မှကျော်ပြီး သူမကို လှမ်းကြည့်လိုက်သည်။ သူတို့ အကြည့်ချင်းဆုံသွားသည်။

" နောက်ကြောင်းပြန်လှည့်စရာမလိုတော့ဘူး၊ ရှေ့ဆက်လိုက်ကြမယ် " ဘလိန်းကပြောလိုက်သည်။
" ဟုတ်တယ်၊ ဘလိန်း" စင်တိန်သဘောတူလိုက်သည်။
" တပ်ကြပ်ကြီး၊ မြင်းတွေအားလုံးကို စမ်းရေတိုက်လိုက်၊ ရေပုလင်းတွေအားလုံးကိုလဲ ရေထပ်ဖြည့်၊ ပြီးရင် လိုက်မယ်၊ တို့ လူတို့နောက်မှာ ကိုးနာရီလောက် ကျန်နေတယ်၊ မီအောင်လိုက်ရမယ်"

*******
သူတို့ တစ်ညလုံးခရီးဆက်ကြသည်။ လူပုကလေးနှစ်ယောက်သည် လရောင်နှင့်ကြယ်ရောင်များဖြင့်ပင် ရှေ့မှ ခြေရာခံပြီးသွားနေသည်။ သို့သော် လမ်းမှားခြင်းအလျှင်းမရှိ။ မနက်လင်းသောအခါ သူတို့ရှေ့၌ ခြေ ရာ များကို အထင်းသားတွေ့ရသည်။ မြင်းခွာရာများပင်ဖြစ်သည်။
ရှေ့မှပြေးသူတို့အုပ်စုတွင် မြင်းစီးသမားလေးဦး ပါသွားကြောင်းသိရသည်။ စမ်းရေအိုင်မှနေ၍ မြင်းအသစ် များနှင့် စောင့်နေသူပါ သူတို့နှင့်လိုက်ပါသွားကြောင်း ဆက်စပ်တွေးကြည့်၍ရလာလေသည်။ သူတို့တွင် မြင်း အပို တစ်ကောင်စီလည်း ပါသွားလေသည်။

အရုဏ်တက်ပြီး တစ်နာရီခန့်အချိန်တွင် ရှေ့မှထွက်ပြေးသွားသူများ ညအိပ်ရပ်နားစခန်းချသွားသည့်နေရာ ကို တွေ့ရသည်။ လိုသာသည် သူ့မြင်းနှစ်ကောင်ကို ထိုနေရာတွင်စွန့်ပြစ်ထားခဲ့သည်။ ခရီးကြမ်း၊ လမ်းကြမ်းတွင် ခပ်ကြမ်းကြမ်းစီးထားသဖြင့် မြင်းများမှာ ခြေကုန်လက်ပန်းကျပြီး အမောဆို့နေသည်။
လိုသာက မီးခဲများကို သဲဖြင့်ယက်ပြီး ဖုံးသွားသောမီးပုံဘေး၌ သူတို့ရပ်နေကြသည်။ ကေ၀ိက မီးပုံပေါ်မှ သဲများကို ဘေးသို့ ခါထုတ်လိုက်သည်။ ထို့နောက် ဒူးထောက်ထိုင်ပြီး မီးခဲအကြွေင်းအကျန်ကို ပါးစပ်ဖြင့် ကုန်း မှုတ်သည်။ မီးတောက်ကလေးတက်လာသောအခါ ကေ၀ိ ၀မ်းသာအားရ ရယ်လိုက်သည်။
" သူတို့ အိပ်နေတုန်း ငါတို့က ငါးနာရီခြောက်နာရီလောက်အသာစီးရပြီး သူတို့နဲ့ပိုနီးလာပြီ" ဘလိန်းက စင်တိန်ကို ပြောလိုက်သည်။

" သူက မြင်းတွေကို အားကုန်သုံးပစ်လိုက်တာပဲ " စင်တိန်က ပြောသည်။
သူမလည်း ပင်ပန်းနွမ်းနယ်ပြီး အသားအရေများဖျော့တော့လာသည်။
လိုသာ  ပစ်ထားခဲ့သော မြင်းနှစ်ကောင်ကို သူတို့ကြည့်လိုက်ကြသည်။ လည်ပင်းနှင့်ဦးခေါင်းမှာ မြေကြီး ထိလုနီးပါးတွဲလောင်းကျနေပြီး လျှာတစ်လစ်ဖြစ်နေသည်။ လျှာများက ဖူးရောင်ပြီး မည်းနက်နေသည်။ တစ်လှမ်းချင်း သွားသည်ဆိုရုံသာသွားနိုင်တော့သည်။ အင်အားဟူ၍ မကျန် သလောက်ဖြစ်နေသည်။
" သူက ရေကိုချွေတာတဲ့အနေနဲပ မြင်းတွေကိုတောင် ရေမတိုက်တော့ဘဲကိုး၊ သနားစရာကောင်းလိုက်တဲ့ သတ္တ၀ါတွေ "
ဘလိန်းကပြောလိုက်သည်။

" သူတို့ ၀ဋ်ကျွတ်သွားအောင် ရှင်းပစ်လိုက်ပါရှင်ရယ် "
" အဲဒီလိုလုပ်စေချင်လို့ သူက ထားပစ်ခဲ့တာပေါ့ စင်တိန် "
"ရှင် ဘာဆိုလိုတာလဲ၊ ကျွန်မ နားမလည်ဘူး "
" ကျွန်တော်တို့က မြင်းတွေကို ပစ်သတ်လိုက်ရင် သူတို့ ကျွန်တော်တို့ သေနတ်သံကြားရမယ်လေ၊ ဒါဆိုရင် ကျွန်တော်တို့ရဲ့ အကွာအဝေးကို သူတို့မှန်းလို့ရမယ်ပေါ့ "
" အို ... ဘလိန်းရယ်၊ ဒါဖြင့် ကျွန်မတို့ ဘယ်လိုလုပ်မလဲ၊ ဒီမြင်းတွေကို ဒီအတိုင်းလဲ ကျွန်မ မထား နိုင်ခဲ့ဘူး"

" ကဲ ... မင်းကော်ဖီဖျော်ပြီး နံနက်စာသာပြင်ပေတော့၊ တို့ခရီးမဆက်ခင် ခဏ နားကြသေးတာပေါ့၊ ဒီမြင်း နှစ်ကောင်ကိစ္စတော့ ငါကြည့်ရှင်းလိုက်ပါ့မယ် "
ဘလိန်း မြင်းပေါ်မှ ခုန်ဆင်းလိုက်သည်။ မြင်းတွင် ချည်ထားသော စောင်အလိပ်ကို ဖြုတ်ယူလိုက်ပြီး ဖြေ လိုက သည်။ ပထမမြင်းတစ်ကောင်ဆီသို့ သွားသည်။
ပစ္စတိုကို ထုတ်ယူလိုက်ပီး ညာလက်ဖြင့် ကိုင်လိုက်သည်။ ပစ္စတိုကိုင်ထားသော ညာလက်နှင့် သေနတ် ပေါ် မှနေပြီးသိုးရေစောင်ကို ပတ်ပြီး စည်းလိုက်သည်။ သေနတ်သံမကျယ်အောင် လုပ်ပြီးမှ ပစ် လိုက်သည်။

ပစ္စတိုအသံသည် ဒိုင်းခနဲမြည်ဟိန်းမသွားဘဲ "ဘုတ်" ခနဲသာ သဲ့သဲ့လေးမြည်သွားသည်။ ပထမမြင်းတစ် ကောင် လဲကျသေဆုံးသွားသည်။ ဘလိန်းက နောက်ထပ် မြင်းတစ်ကောင်ဆီသို့ လျှောက်သွားသည်။ စင်တိန် က ကော်ဖီဖျော်ရင်း အလုပ်များနေသည်။
****************

လေထဲတွင် လှုပ်ရှားမှုကလေး အနည်းငယ် ဖြစ်သွားသည်။ အသံဟူ၍ မှတ်ယူလို့မရဘဲ ငှက်အတောင် ခတ်သံလေးမျိုးသာဖြစ်သည်။ သို့သော် ဆ၀ပ်ဟင်းဒရစ်နှင့် လိုသာဒီလာရေးတို့ နှစ်ယောက်စလုံး၏ နားထဲ သို့ ထိုအသံသဲ့သဲ့လေးက တိုးဝင်လာသည်။

နှစ်ယောက်စလုံး ဆတ်ခနဲ ခေါင်းထောင်သွားသည်။ လိုသာကလက်ပြပြီး ငြိမ်နေရင် အချက်ပေးလိုက် သည်။ အသက်ပင်ပြင်းပြင်းမရှူဘဲ စောင့်နေသည်။
အသံ ထပ်ပေါ်လာပြန်သည်။ အဝေးတစ်နေရာမှ သေနတ်ကို အသံမထွက်အောင်အုပ်ပြီး ပစ်လိုက်သော "ဘုတ်" အသံသဲ့သဲ့ပင်ဖြစ်သည်။ လိုသာနှင့်ဟင်းဒရစ်တို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြ သည်။

" အဆိပ် ရှိတယ်လို့ လှည့်စားထားခဲ့တာ မအောင်မြင်တော့ဘူး၊ ရေအိုင်ထဲကို အဆိပ်ခတ်တာ ဟန်ဆောင် မ လုပ်ဘဲ တကယ်ကို အဆိပ်ခတ်ခဲ့ဖို့ကောင်းတာ "
ဟင်းဒရစ်က ပြောလိုက်ရာ လိုသာက ခေါင်းတွင်တွင်ယမ်းလိုက်သည်။
" စင်တိန် ဟာ တကယ့်ကို သရဲမရဲ စီးပြီး မြင်းနဲ့လိုက်လာတာ ဖြစ်ရမယ်၊ သူတို့ဟာ တို့နောက်မှာ လေးနာရီ လောက်ပဲ ကွာတော့တယ်၊ သူ ဒီလောက် မြန်မြန်ရောက်လာလိမ့်မယ်လို့ ငါဘယ်လိုမှ မထင်ခဲ့ဘူး "
" သူရယ်လို့ ခင်ဗျားအတတ်မပြောနိုင်ပါဘူး "
" သူမှ သူအစစ်ပါ၊ သူလိုက်လာလိမ့်မယ်ဆိုတာ ငါ့ကို ကတိပေးလိုက်တယ် "
လိုသာ့အသံက ပြာပြီး ကွဲအက်နေသည်။ သူ့နှုတ်ခမ်းကလည်း ဖူးရောင်ကွဲအက်နေသည်။ မျက်လုံးအစုံက နီရဲ ကျိန်းစပ်နေသည်။ သူ၏ဒဏ်ရာရသောလက်ကို အ၀တ်နှင့်သိုင်းပြီး ချည်ထားသည်။ အ၀ါရောင် ပြီပုပ် သွေးပုပ်များက အ၀တ်ကို စွန်းထင်ပေါ်ထွက်နေသည်။

လိုသာသည် နောတသို့လှည့်ကြည့်လိုက်ရာ မဟန်နိုင်ဘဲ ယိုင်သွားသဖြင့် မြင်းပေါ်မှ ကျမသွားအောင် မြင်းလည်ပင်းကို လှမ်းကိုင်ထားလိုက်ရသည်။
" ဖေဖေ ... နေကောင်းရဲ့လား "
မင်းဖရက်က လိုသာ၏ ဒဏ်ရာမရသောလက်ကို လှမ်းဆုပ်ကိုင်လိုက်ပြီး စိုးရိမ်တကြီး မေးလိုက်သည်။ လိုသာက အဖြေမပေးနိုင်မီပင် မျက်လုံးအစုံကိုမှိတ်ပြီး အံကြိတ်လိုက်သည်။
" ကောင်းပါတယ်ကွာ "
သို့သော် လက်မှဒဏ်ရာ၏ပြင်းထန်စွာကိုက်ခဲနေသော ဒဏ်ကို ကြိတ်မှိတ်ခံစားနေရသည်။

" သွားတော့ ... ရှေ့ဆက်သွားတော့ "
လိုသာက အမိန့်ပေးလိုက်ရာ ဟင်းဒရစ်က သူ့မြင်းကို ရှေ့မှ ဦးဆောင်သွားစေသည်။
" နေဦး ... နောက်ထပ် ရေရှိတဲ့နေရာကို ဘယ်လောက် ဝေး သေးသလဲ " လိုသာက ဟင်းဒရစ်ကို လှမ်းမေး လိုက်သည်။
" နက်ဖြန် မွန်းမတည့်မီအဲ့ဒီနေရာကို ကျွန်တော်တို့ရောက်မယ် "

လိုသာသည် အာရုံစိုက်လိုက်သော်လည်း အဖျားဒဏ်က သူ့ခေါင်းထဲ၌ ပြည့်လျှံပူလောင်နေသည်။
" မြင်းခွာသံတွေ ... မြင်းခွာသံတွေချဖို့ အချိန်တန်ပြီ" လိုသာက ပြောလိုက်သည်။
ဟင်းဒရစ်က သတိရပြီး ခေါင်းညိတ်ပြလိုက်သည်။ သူတို့သယ်လာသော မြင်းခွာသံဆူးချွန်များမှာ ပေါင် ၇၀ လေးရာ ရှေ့မှ ပစ္စည်းသယ်ပြီး ဦးဆောင် သွားနေသော မြင်းအတွက်ဝန်ထုပ်ဝန်ပိုးကြီးပင်ဖြစ်သည်။ ယခု ထို ၀န်ထုပ်ဝန်ပိုးကို တစ်စိတ်တစ်ပိုင်းလျှော့ရတော့မည်။
" စင်တိန် ကို ငါးစာနဲ့ပြမျှားပြီး ငါးမျှားချိတ်နဲ့ ဖမ်းရမှာပဲ " လိုသာကပြောလိုက်သည်။
***************
ဆက်ရန်
.

No comments: