စာရေးဆရာစိတ်ရှိတဲ့ ဦးအောင်ဆန်း
၁၉၄၇ ခုနှစ်၊ မေလ ၃၀ရက်နေ့ သတင်းစာဆရာများ အစည်းအဝေးတွင် ပြောကြားချက်များ ဆိုပြီး ဖေါ်ပြ ထားပါတယ်။ အဲဒီမှာ
"လွတ်လပ်ရေးရတဲ့ အချိန်အထိတော့ ကျုပ်တို့နိုင်ငံရေးလုပ်ရဦးမှာပဲ။ လွတ်လပ်ရေးရပြီးလို့ ပါတီ တိုက်ပွဲတွေ ဖြစ်တဲ့အချိန်မှာ ကျုပ်ကမပါချင်ဘူး။ ဘေးဖယ်နေမယ်။ သူများတွေလုပ်တာ ၀ိုင်းကြည့်ပြီး စာအုပ် ရေးမယ်။ ကျုပ်လုပ်နေတဲ့ အချိန်အတွင်းမှာတော့ ကျုပ်ရဲ့ယုံကြည်ချက် အတိုင်း အနိုင်မခံ အရှုံး မပေးဘဲနောက်ဆုံး အထိလုပ်မှာပဲ"
အခုဖေါ်ပြတဲ့ ကောက်နုတ်ချက်သုံးခုမှာ ဦးအောင်ဆန်းက သူစာရေးဆရာလုပ်မယ်ဆိုတာကို ပြော ခဲ့တဲ့ စကားတွေ အနေနဲ့ တွေ့နိုင်ပါတယ်။ ဒီဆောင်းပါးမှာ ဦးအောင်ဆန်းလို့ ရည်ညွှန်းသုံးရတာ ဟာ " အသစ် ဖွဲ့စည်းထားသော ဗမာ့တပ်မတော်တွင် ဗိုလ်မူးချုပ်အဆင့်ဖြင့် လက်ထောက်စစ်ဆေးရေး အရာရှိချုပ် ရာထူးကမ်းလှမ်းသည်ကို ငြင်းပယ်ကာ မျိုးချစ်ဗမာ့ တပ်မေတော်၏ ဗိုလ်ချုပ် ရာထူးမှ ၁၉၄၅ ခုနှစ် အောက်တိုဘာလ ၂၇ရက်နေ့တွင် နုတ်ထွက်ပြီး နိုင်ငံရေးနယ်ပယ်သို့ ၀င်ရောက်ခဲ့သည်။" (ဖိုအောင်လေး၊ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုရက်စဉ် သမိုင်း၊ စာ၂၂၄)ဆိုတဲ့ ဖေါ်ပြချက်အရ သုံးနှုန်း ထားတာဖြစ်ပါတယ်။
ဒဂုန်တာရာက "ဖျတ်ခနဲတွေ့ရသော ရုပ်ပုံလွှာ ကားချပ်များ" စာအုပ်ရဲ့ ဆောင်းပါးခေါင်းစဉ်တစ် ခုကို "ဦးအောင်ဆန်း ၏ နောက်တစ်နေ့"ဆိုပြီး ရေးခဲ့တာကိုလည်း သတိပြုမိကြမယ် ထင်ပါတယ်။ သခင်အောင်ဆန်း (ဗိုလ်တေဇ)ကနေ စစ်သေနာပတိချုပ် ဗိုလ်ချုပ်အောင်ဆန်း ဖြစ်လာတာဟာ ၁၉၄၇ ခုနှစ် မတ်လ ၇ရက်နေ့မှာ အိုင်အေတပ်ကို ပြန်ဖွဲ့တော့မှပါ။ အဲဒီနောက်ပိုင်းမှာ "ဗိုလ်ချုပ် အောင်ဆန်း"၊ "ဗိုလ်ချုပ်"ရယ်လို့ ချစ်ခင်လေးစားစိတ်နဲ့ ခေါ်ဝေါ်သုံးစွဲကြတာကနေ တစ်လျှောက် လုံး နှုတ်ကျိုး လာခဲ့ကြပြီး တပ်ကထွက်လို့ နိုင်ငံရေလောကထဲရောက်တော့လည်း အရင်အတိုင်းပဲ ဗိုလ်ချုပ်လို့ သုံးနှုန်း ခဲ့ကြတယ်ထင်ပါတယ်။ (သိမီ၊ နားလည်း၊ ကျွမ်းကျင်သူတွေက ဒီကိစ္စကို ဆွေးနွေးရေးသားပေးကြဖို့ မေတ္တာ ရပ်ခံပါတယ်)။
တွေ့တဲ့အတိုင်းပြောမယ်
ဦးအောင်ဆန်းရဲ့ နောက်ဆုံးကာလ၀န်းကျင်မှာ စာရေးဆရာ လုပ်ဖို့ အခိုင်အမာပြောခဲ့တာကို ဖတ်ရင်းနဲ့ သူ့မှာ စာရေးဆရာဝိညဉ်ရှိမရှိကို စဉ်းစားကြည့်မိပါတယ်။ ကိုယ့်ခေတ်ပြိုင်လည်း မဟုတ်သည့်အပြင် ရင်းနှီး ကျွမ်းဝင်ခဲ့သူလည်း မဟုတ်လေတော့ ကိုအောင်ဆန်းရဲ့ ဆရာဝိညဉ် ကိုသူရေးတဲ့စာ၊ သူပြောတဲ့ စကား၊ သူ့အကြောင်း မှတ်တမ်းတင်ထားတဲ့ စာတွေထဲကပဲ လိုက်ရှာ ကြည့်ပြီး ဆန်းစစ် တင်ပြ လိုက်တာပါ။ တိုင်းပြည်ရဲ့ ကြီးကျယ်တဲ့ခေါင်းဆောင် တစ်ယောက်ဖြစ် လို့ အသားလွတ်မြှောက်ပင့် ချီးမွမ်းခန်း ဖွင့်တာမျိုး မဟုတ်ဘဲ ဖတ်မိတဲ့ စာတွေတစ်ဆင့် ကိုအောင် ဆန်းရဲ့စာရေးဆရာဝိညာဉ်စိတ်ကို ရှာကြည့် တာပဲဖြစ်ပါတယ်။ စာရေးဆရာစိတ်ဆိုတာ ဘယ်လို ဟာမျိုးလဲ ဆိုတာကိုလည်း ကျွဲကူးရေပါ ပြောသည့်မှာပါ။
တီထွင်ဖန်တီးချင်တဲ့စိတ်
အနုပညာရှင်ရဲ့ အသက်ဟာ ထီထွင်ဖန်တီးဆန်းသစ်နိုင်မှု ပေါ်မှာရှိတယ်ဆိုတာ အားလုံးသိပြီး သား ကိစ္စ မို့ အကျယ်ချဲ့ ပြောဖို့မလိုတော့ပါဘူး။ အနုပညာရှင်စာရင်းမှာပါတဲ့ စာရေးဆရာဆိုတာ မှာလည်း အဲဒီ တီထွင် ဖန်တီးဆန်းသစ်ချင်စိတ် အခြေခံရှိရပါတယ်။ ကိုအောင်ဆန်းမှာ အဲဒီလိုစိတ် မျိုးရှိပါသလား။
ကိုအောင်ဆန်းသည် နာမည်နှင့်လိုက်အောင် "ဆန်း" သူဖြစ်သည်။ အမေးအမြန်းထူး၍ လူကြီးတွေ မဖြေနိုင်သည့် မေးခွန်းများကို မေးလေ့ရှိသည်။ မိုးတွင်း ဆောင်းတွင်း ဟုခေါ်ကြသော်လည်း နွေရာ သီ ကို အဘယ်ကြောင့် "နွေးတွင်း"ဟု မခေါ်ကြသလဲဟုမေးရာ လူကြီးများသည် ပြန်၍မဖြေနိုင်ဘဲ ရယ်နေကြရပါသည်။ ညီအစ်ကို တစ်ဝမ်းကွဲရှိသော်လည်း ဘာကြောင့် လင်မယား တစ်ဝမ်းကွဲ မရှိသလဲ ဟု မေးမြန်းရာ လူကြီးများသည် ယခင်ကဲ့သို့ပင် ပြန်မဖြေနိုင်ဘဲ ရယ်နေကြရပါသည်။ အမေးအမြန်း ထူ သလောက် အောင်ဆန်းသည် စဉ်းစားတွေးတောငေးမော နေတတ်ပါသည်။
(အောင်သန်း၏ အောင်ဆန်း၊ စတုတ္တအကြိမ်၊ စာ-၁၈-၁၉)
ဒါကတော့ မောင်အောင်ဆန်း ဘ၀တုန်းက စရိုက်တစ်ခုပါ။ ကလေးပီပီ ကဘောက်တိကဘောက် ချာ ကတ်သီး ကတ်သတ် ပြောတာလို့ သတ်မှတ်ရင်းလည်း ဖြစ်ပါသည်။ အဆန်းထွင်ပြီး စဉ်းစားတဲ့ ဥာဉ်ရှ်ိနေခဲ့တာလို့ ပြောရင်လည်း ဖြစ်နိုင်မှာပါ။
ဦးအောင်ဆန်းမကွယ်လွန်ခင်က ရေးခဲ့တဲ့ "ကိုယ်ရေးအတ္တုပ္ပတ္တိ"မှာ သူ့ငယ်ဘ၀အကြေင်း ရေးတဲ့ အခါ-
"လူရိုင်းဘ၀က ကျွန်တော်လာသလားမသိ။ ယနေ့အထိ လူရိုင်းသဘောမျိုး နေချင်သည့် စိတ်ထားများ ရှိသည်။ ရံဖန်ရံခါ လူယဉ်ကျေးများနှင့် အသားမကျတဲ့၍ မျက်စိ၊ ဦးနှောက်မြင်ပြင်း ကတ်လာသည့်အခါ လူယဉ်ကျေးများနှင့် ငါလူရိုင်းဟု ဇာတိခွဲပစ်ချင်သည့် စိတ်များရှိသည်။
လူရိုင်းကားကြမ်း၏။ ခက်ထန်၏။ သို့သော်ဖြူ၏ ဖြောင့်၏ တည်ကြည်၏။ လွတ်လပ်၏။ ကျန်းမာ၏ သန်စွမ်း၏။ ကျွန်တော်ကြိုက်၏။ ကျွန်တော့စိတ်တွင် အင်မတန်စိုပြည် လတ်ဆတ် သောဘ၀ဟု ယူဆ သည်။ ဗမာပြည်ရှိသမျှ လူများသည် လူရိုင်းမျိုးဘ၀ရောက်ချင် ရောက်သွားပ စေ။ လွတ်လပ်ချမ်းသာစွာ ခေါင်းထောင် နေနိုင်က မလွတ်လပ်သော လူယဉ်ကျေးဘ၀ထက် ကျွန်တော် အဆတစ်ရာ ကြိုက်သည်။ နှစ်သက် သည်။ စိမ်းလန်းစိုပြည် ကျယ်ပြန့်သော ရေမြေ ရိုင်းပေါ်တွင် လက်ခမောင်းခတ် ၍ လွတ်လွတ် လပ်လပ် မြူးတူးအော်ဟစ်နေလိုသည်။"
(မြဟန်၊ ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ၊ စာ-၁၄၃-၁၄၄)
ဆိုပြီး ရေးထားတဲ့စာမှာ ထီထွင်ဖန်တီးစဉ်းစားရေးဖွဲ့ တတ်တဲ့ စာရေးဆရာရဲ့ ဥာဉ်မျိုးကို တွေ့ရပါ သည်။ ဒီလို တွေးပုံရေးပုံကိုကြည့်ပြီး ဦးအောင်ဆန်းဟာ စာရေးဆရာဖြစ်နိုင်တဲ့ အရည်အချင်းရှိ သူလို့ ကျွန်တော်မှတ်ချက်ချပေးရင် ဘာပြောကြမလဲ။
အမှန်တရားကို ချစ်ကြသူတွေထဲမှာ လူသာမန်တွေကစပြီး အနုပညာ ရှင်တွေ၊ ဒဿနပညာရှင် တွေ၊ နိုင်ငံရေးသမားတွေ၊ ဘုန်းကြီးတွေ၊ သီလရှင်တွေ၊ ဘာသာတရားအသီးသီးက ဘုရားတွေ၊ တမန်တော် တွေအထိရှိပါတယ်။ အဲဒီပုဂ္ဂိုလ်တွေဟာ သူ့ခေတ်ရဲ့ အမှန်တရားဘက်က ရပ်တည်ခဲ့ ကြသူတွေ ဖြစ်လေ့ရှိပါတယ်။
စာရေးဆရာစိတ်တို့ ဆိုတဲ့နေရာမှာ အမှန်တရားကို ချစ်တဲ့စိတ်၊ အမှန်တရားဘက်က ရပ်ခံကာ ကွယ်လိုစိတ်ကိုလည်း အဓိကနေရာက ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။ ဦးအောင်ဆန်းဟာ အမှန် တရားဘက်က ရပ်တည်ပြီးနေခဲ့သလားဆိုတာကို မေးစရာ၊ ဆန်းစစ်ကြည့်စရာမလိုလောက် အောင် ခိုင်လုံတဲ့ အကြောင်းအချက်တွေရှိခဲ့ပြီးသားမို့ အထူးအထွေတင်ပြဖို့ မလိုတော့ပါဘူး။ ဒဂုန်တာရာရဲ့ "အိုးဝေမဂ္ဂဇင်း အယ်ဒီတာကိုအောင်ဆန်း" ဆောင်းပါးထဲက စာတချို့ကိုပဲ ထုတ်နုတ်တင်ပြလိုက် ပါတယ်။
ကိုအောင်ဆန်းကို အိုးဝေမဂ္ဂဇင်းအယ်ဒီတာအဖြစ် ကြိုက်ရခြင်းမှာ အကြောင်းရှိသည်။ ကျွန်တော် က အိုးဝေမဂ္ဂဇင်း အယ်ဒီတာအဖွဲ့ဝင်အဖြစ် စွဲလမ်းခြင်းမှာ အခြားကြောင့်မဟုတ် အိုးဝေမဂ္ဂဇင်း အယ်ဒီတာသည် ပညာရှင်ဖြစ်ရမည်ဟု ကျွန်တော်ယုံကြည်ခဲ့သည်။ ယခုလည်း ယုံကြည်နေဆဲ။ အယ်ဒီတာ ဆိုသည်မှာ ပညာရှင်လည်းဟုတ်၊ စာပေစည်းရုံးရေးမှူးလည်း ဟုတ်သည်ဟု ကျွန်တော် ထင်သည်။ နိုင်ငံရေးခေါင်းဆောင်သည် ပညာရှင်လည်းဟုတ်၊ နိုင်ငံစည်းရုံးရေးမှူးလည်း ဟုတ် သည်။
ပညာရှင်မဟုတ်လျှင် ဘယ့်နှယ့်တိုင်းပြည်ခေါင်းဆောင် ဖြစ်နိုင်ပါ့မလဲ။ အမှားအမှန်ခွဲခြား ပြီး အမှန် ဘက် က ရဲရဲရင့်ရင့်မရပ်တည်သူကို ပညာရှင်ဟု မခေါ်နိုင်။ သူက သူတာဝန်ယူမည်ဟု ရဲရဲဝံ့ဝံ့ပြောလိုက်သည်။ ထို့ကြောင့် ကျွန်တော်က အိုးဝေမဂ္ဂဇင်းအယ်ဒီတာကို ကိုအောင်ဆန်းကို စွဲလမ်းသွားသည်။
(ဒဂုန်တာရာ၊ ဖျက်ခနဲတွေ့ရသော ရုပ်ပုံလွှာကားချပ်များ၊ စာ-၁၃၂-၁၃၃)
ဒါကတော့ သမိုင်းလေ့လာသူတိုင်း သိပြီးကြတဲ့ ကိုညိုမြဆောင်းပါး (ပေးစာ)ကိစ္စနဲ့ပတ်သက်ပြီး ကိုအောင်ဆန်းရဲ့ ရပ်တည်ချက်အကြောင်း ရေးထားတဲ့စာပိုဒ်ပါ။ အမှန်တရားကို ချစ်ရင်အမှန်တ ရားဘက်ကလည်း ရပ်ခံကာကွယ်ဖို့လိုအပ်တာကို ဖော်ပြတဲ့ စာလည်း ဖြစ်ပါသည်။
သတ္တိလည်းလိုတယ်
စာပေလောကမှာ စာနဲ့လူတစ်ထပ်တည်းဖြစ်မဖြစ် ပြဿနာနဲ့ ပတ်သက်ပြီး ဆွေးနွေးပြောဆို တာတွေ ကို ကြားခဲ့ဖတ်ခဲ့ဖူးပါတယ်။ ရေးတဲ့စာနဲ့ ရေးတဲ့လူဟာ တစ်သဘောတည်းဖြစ်ဖို့၊ ပြောတဲ့ အတိုင်း ရပ်တည် ကျင့်ကြံမှုရှိမရှိ၊ ရှိသင့်မရှိသင့် ဆွေးနွေးကြတာပါ။ တချို့စာရေးဆရာတွေက "ငါ ပြောသလိုလုပ်၊ ငါလုပ်သလို မလုပ်နဲ့" ဆိုတဲ့ ပုံစံမျိုးစာထဲမှာတစ်မျိုး အပြင်မှာတစ်မျိုး ဖြစ်တတ်ကြ တာနဲ့ပတ် သက်ပြီး ဆွေးနွေး ခဲ့ကြတာပါ။ အဖြေကတော့ စာမျက်နှာပေါ်မှာ ရေးတဲ့ရပ်တည် ယုံကြည်မှုမျိုးလို လူ့ဘ၀ ထဲမှာလည်း ခံယူကျင့်သုံးရဲရမယ် ဆိုတာဖြစ်ခဲ့ပါတယ်။
စာရေးဆရာဟာအမှန်တရားကို ချစ်စိတ်၊ ရပ်ခံကာကွယ်ချင်စိတ်နဲ့ မပြီးသေးပါဘူး။ တကယ့်လက် တွေ့ဘ၀ထဲမှာ အဲဒီလိုရပ်တည်ရဲတဲ့ သတ္တိရှိဖို့လိုပါတယ်။ ရေးတဲ့စာထဲမှာ သတ္တိရှိယုံမကဘဲ ကိုယ်ရေးတဲ့ စာ (ကိုယ်လုပ်တဲ့အလုပ်)နဲ့ ပတ်သတ်ပြီး ကြံ့ကြံ့ခိုင်ခိုင် ရဲရဲဝံ့ဝံ ရပ်တည်နိုင်တဲ့ သတ္တိလည်း ရှိဖို့လိုပါတယ်။ ဦးအောင်ဆန်းဟာ အဲဒီလိုသတ္တိမျိုးရှိခဲ့ပါသလား။
သခင်အောင်ဆန်းနာမည်နဲ့ရေးတဲ့"နိုင်ငံရေးအမျိုးမျိုး"ဆိုတဲ့ ဆောင်းပါးရဲ့ တစ်နေရာမှာ "ထို့ကြောင့် နိုင်ငံရေး တွင် သူ့အကျိုးသူ့အမြင်နှင့် ၀ါဒတွေမိုးမွှန် နေခြင်းပင်။ တချို့ကတော့ "၀ါဒ" ဆိုတာ မလိုဘူး။ ဗမာပြည် ဗမာပြန်ရပြီး ဗမာ့အကျိုးဆောင်ရွက်လျှင် ပြီးတာပဲဟု ပြောကြသည်။ ပြောကြတဲ့ သူတွေ အားလုံး သူတို့ရဲ့အကျိုးသူတို့ရဲ့အမြင်ဖြစ်တဲ့ ၀ါဒကိုဟောနေမှန်း၊ လုပ်နေမှန်း မသိကြပေ။ သိလျှင် လည်းလိမ်ခြင်းပင်ဖြစ်၏။ ၀ါဒအကြောင်း နောက်အခန်းများတွင် ရေးဦးမည်။"
(မြဟန်၊ ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ၊ စာ-၉၇)
ဆိုတာမျိုးနဲ့ အဲဒီခေတ်ပြိုင်ကာလ လူတချို့ရဲ့ "၀ါဒ"ကိုဖျောက် သူတို့ဝါဒကို သွယ်ဝိုက်ပြောကြ တာဝါဒဆန့်ကျင်ရေးစကား ပြောပြီး သူတို့ဝါဒကို မလိမ့်တပတ်ထိုးတင်တာတွေအကြောင်း ရေးထားတာပါ။ သူက အဲဒီလိုလူစားမျိုးတွေကို ဆန့်ကျင်ပြီး သူယုံကြည်တဲ့ ၀ါဒကိုပြောခဲ့၊ ပါတီအဖွဲက အစည်းထဲလည်း ပါခဲ့ပါတယ်။
ယုံကြည်တဲ့အတိုင်းရေးပြီး ပြောပြီး တကယ်လည်း ရေးသလိုပြောသလို လုပ်ခဲ့တာတွေက ဦးအောင်ဆန်း ဘ၀မှာ အများကြီး ရှိခဲ့ပါတယ်။ အိုးဝေမဂ္ဂဇင်းအယ်ဒီတာဘ၀က ရပ်တည် ချက်ဟာ လူပြောများတဲ့ အဖြစ် အပျက် တစ်ခု ဖြစ်ခဲ့သလို ၁၉၄၀ဇန်န၀ါရီလက မြန်မာပြည်ကိုလာခဲ့တဲ့ ဗြိတိသျှလေဘာပါတီ ခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ ဆာစတက်ဖဖို့ ကရစ်ဝ်နဲ့တွေ့ပြီး လွတ် လပ်ရေးရဖို့ နည်းလမ်း တွေ အကြောင်း ပြောရင်းနမူနာအနေနဲ့ ဖေါင်တိန်လုယူပြလိုက်ချိန်မှာ ကရစ်ဝ်ရဲ့ အင်္ကျီအိတ်ကြီးပြဲပါလာတဲ့ ဖြစ်ရပ် ဟာလည်း လူပြောများတဲ့ ဖြစ်ရပ်ဖြစ်ခဲ့ပါတယ်။ (အောင်သန်းရဲ့ အောင်ဆန်း၊ စာ-၅၄-၅၇ ကိုကြည့်ပါ။) အဲဒီလိုပြောတဲ့ အတိုင်းလည်း ဦးအောင်ဆန်းဟာ လွတ်လပ်ရေးကို ပြန်လုယူတဲ့အလုပ်တွေ လုပ်ခဲ့တာကို တွေ့ရပါတယ်။
ဒဂုန်တာရာက "ပဒုမ္မာကြာပွင့်အပြုံးရှင်" ရုပ်ပုံလွှာ အဖွဲ့အနွဲ့ထဲမှာ ကိုဗဟိန်းအပေါ် သူ့အမြင် ကိုဖော် ပြရင်း အမှန်တရားရှာဖွေတဲ့ ကိစ္စကိုပြောတဲ့အခါမှာ
"သူနိုင်ငံရေးသမားမဖြစ်လျှင် စာရေးဆရာဖြစ်မည်ဟု ထင်သည်။ စာရေးဆရာနှင့် နိုင်ငံရေးသမား မှာအမှန်တရားရှာဖွေသော ရည်ရွယ်ချက်ချင်းတူကြသည်။ ရှာဖွေမှုပုံသဏ္ဌန်သာ ခြားနားခြင်း ဖြစ်သည်ဟု ထင်သည်။"
(ဖျက်ခနဲတွေ့ရသော ရုပ်ပုံလွှာကားချပ်၊ စာ-၁၁ ဆိုပြီး ရေးခဲ့ပါတယ်။ ရသစာပေ ရေးသားတဲ့ သူကိုမှ စာရေးဆရာလို့ သတ်မှတ်တဲ့အမြင် အခြေခံပေါ်ကနေ ကိုဗဟိန်းကို သတ်မှတ်ခဲ့တာပါ ။ ကိုအောင်ဆန်း ကတော့ ရသစာပေ ရေးသားသူတော့ မဟုတ်ခဲ့ပါဘူး။)
သိမ်မွေ့နူးညံ့မှုဆိုတဲ့ စကားလုံးအကြောင်း စဉ်းစားရင်းနဲ့ "ပျော့ရင်ဖယောင်း၊ မာရင်သံချောင်း"ဆို တဲ့စကားလုံးက ခေါင်းထဲရောက်လာ တယ်။ အဲဒါကနေ ဆက်စပ်ပြီး "သံမဏိပိုးမျှင်" ဆိုတဲ့စကား လုံးကိုလည်း သတိရလိုက်တယ်။ ကျွန်တော့်ညီကို သံယောဇဉ်ဖြစ်ခဲ့တဲ့ (အဲဒီတုန်းက) လူငယ် တစ်ယောက် ပြောခဲ့ဖူးတဲ့စကားပါ။ "မာစရာရှိရင် သံမဏိလို မာကျောခိုင်ခံ့ဖို့လိုပြီး နူးညံ့ပျော့ ပျောင်းဖို့ လိုအပ်ရင်လည်း ပိုမျှင်လိုနူးညံ့ရမယ်"တဲ့။ ဒါဟာ လူတွေသိပ်မသိခဲ့တဲ့ ဂန္တ၀င်စကား တစ်ခွန်းပါ။ မျက်နှာချင်းဆိုင် စကားပြောဖြေရှင်းကြဖို့ ကိစ္စနဲ့ပတ်သက်ပြီး ပြောခဲ့တာလည်း ဖြစ်ပါ တယ် ။ အဲဒီတုန်းက "သံမဏိပိုးမျှင်" စကားကိုပြောခဲ့တဲ့ ပုဂ္ဂိုလ်လေးဟာ သူ့ခေတ်ပြိုင်မိုးသက် မုန်တိုင်းထဲမှာ သံမဏိသားလို စိတ်ထားနဲ့ ကာလယန္တား ဒလိမ့်တုံးအောက်ထဲ ဖြတ်ရဲခဲ့သူလည်း ဖြစ်ပါတယ်။ စာရေးဆရာ တွေမှာလည်း ပိုးမျှင်လို သိမ်မွေ့နူးညံ့ ပျော့ပျောင်းတဲ့ စိတ်ထားတွေ ရှိနေ တတ်ကြပါတယ်။ ဒါဟာ စာရေးဆရာရဲ့ ယေဘုယျသဘာဝကို "စံပြု"ညွှန်းဆိုနေတာလည်း ဖြစ်ပါ တယ်။
ဆက်ရန်
.
No comments:
Post a Comment