ပင်စင်နာတစ်ဦး၏ အာလူးမှတ်တမ်း (၄)
ကျွန်တော်ချစ်သော အနုပညာသည်
ကျွန်တော်ချစ်သော အနုပညာသည်
ကျွန်တော်တို့သည် ယနေ့ခေတ်တွင် သိပ္ပံပညာ၏ ဆန်းသစ်တီထွင်ချက်များက ပြဌာန်းသောအားဖြင့် အလွန် လျင်မြန်သော ပြောင်းလွဲမှုများနောက်သို့ အမောတကော လိုက်နေကြရသည်။ သတင်းဆက်သွယ် ရေး အတတ်ပညာအားဖြင့် ရေဒီယိုခေတ်မျှသာ ရှိသေးသော်လည်း မကြာမီတွင် ရုပ်မြင်သံကြား ခေတ် သည် မလွဲမသွေ ရောက်လာတော့မည်ဖြစ်သည်။ သိပ္ပံပညာတစ်ရပ်၏ နောက်တွင် အသက်မွေးမှု ပညာ များ အလျှို လျှို့ပေါ်ထွက်လာကြသည်။ မြန်မာပြည်တွင် ဘိုင်စကယ်ပေါ်စခေတ်ဦး ၌ ဘိုင်စကယ် တစ်စီး ကို ဖြုတ်၍ ပြင် ဆင်တတ်သူတစ်ဦးသည် ယနေ့ခေတ်ဝယ် ဂျက်လေယာဉ်ပြင် အင်ဂျင်နီယာတစ်ဦးမျှပင် လူတွင်ကျယ် ဖြစ် သည်။ ရေဒီယို - ကက်ဆက်ပျက်လျှင် ခေါ်လိုက်ပါ၊ အိမ်အရောက် လာပြင်ပေးပါမည် ဟု ကြော်ငြာသူများ ၏နေရာ၌ " သင့်ရုပ်မြင်သံကြားစက် ပျက်သော် ကျုပ်တို့ကို ခေါ် "ဟု ကြော်ငြာသူ များ ပေါ်လာပေဦးမည် မှာသေချာသည်။
ဤသို့လျှင် သိပ္ပံပညာ၏ နောက်ဆွယ်ဂယက်ဝယ် နယ်ကျယ်သည်ထက်ကျယ်လာသည့် အသက်မွေးမှု ပညာများ ၌ ကျွန်တော်ချစ်သော အနုပညာသည်များလည်း ပြောင်းလွဲနေသောနိယာမကို မလွန်ဆန်နိုင် ကြ။ ရုပ်သေးခေတ်ကို ကြေလည်စွာ မမီလိုက်သော်လည်း အောက်လင်းဓာတ်မီးများ ထွန်းညှိသည့် အငြိမ့်စင် ခေတ်ကိုမူ ကျွန်တော် ကောင်းစွာမီလိုက်ပါသည်။ အောက်လင်းဓာတ်မီး လေထိုး ထွန်းညှိ သူ ကိုပင် ပါရဂူ လောက်လေးစားကြရသည်။လောစပီကာ အသံချဲ့စက်ဟူသည် နားဝယ် မကြားဖူး သေးကြ။ အငြိမ့်စက် ထက်မှာ ဟစ်ကာသီဆိုကြသည့် လေဘာတီမမြရင်အစ ဗာစီတီမြသန်းကြည်အဆုံး ပြည်သူ့ အချစ်တုံးတို့ မှာ မိမိ၏ ပင်ကိုယ်အသံကိုသာလျှင် အားကိုးလျက် အသက်မွေးကြရသည်။
ယနေ့ခေတ်တွင်မူ အသံလှိုင်း ပညာတွင် ငါ ဆရာဟု ဆိုလောက်သည့် စိုးစံတို့၊ ဦးဘသိန်းတို့လိုလူမျိုးကို အားကိုး ကာ အက်ကိုးပဲ့တင်သံ မြိုင်မြိုင်နှင့် အဆိုတော် စတိုင်ဖမ်းသောသူများ၏ တစ်ခေတ် တစ်စခန်း ထချိန် ဖြစ်နေသည်။ ကက်ဆက်ခွေများကလည်း မုန့်လေပွေဈေးနှင့် ၀ယ်၍ရသည်။ စီးပွားရေးလောက စက်မှု လုပ်ငန်း၊ ရုပ်ရှင် လုပ်ငန်း စသည်တို့၌ဘေးကျပ်နံကျပ်ဖြစ်လာသည့် ငွေရှင်အရင်းရှင် ခေါင်းပုံဖြတ် များသည် စာပေလောက၊ အနုပညာလောက၌ ဆင်ဆာအကျပ်အတည်း၊ ပွဲခွန်တော်နှင့် ရုံတင်ရက် အကျပ် အတည်း များကြောင့် စိတ်ညစ်ကာ ထွက်ပေါက်ရှာနေကြသည့် အနုပညာသည်များနှင့် ပေါင်းဆုံ မိကြကာ ကက်ဆက်ဇာတ်လမ်း အသံသွင်းခွေများသည် မုန့်လေပွေနှယ် ပေါကြွယ်သတည်း။
ကက်ဆက်ခွေအသံသွင်း လုပ်ငန်းသည် စီးပွားရေးအကြပ်ရိုက်နေကြသည့် စီးပွားရေးသမားကြီးများနှင့် အနုပညာ ထွက်ပေါက်ရှာနေကြသည့် အနုပညာသမားတို့ ပေါင်းဖက်မိရာမြစ်ဆုံဖြစ်သတည်း။
သီချင်း ကုန်သည်များနှင့် သီချင်းသည်များ ဤနှစ်တွင် တာစားကြသည်။ သို့လျှင် သင်္ကြန်စာတွင် မပါဘဲ လျက် အနုပညာသည်များသည် မရွံမရှာ စာတတ်လျှင် စားသာနေကြပေသည်။ မြက်မြက်ကလေး ငွေရ သည့် ကက်ဆက်ခွေဌာနနောက်သို့ ကောက်ကောက်ပါ လိုက်ကြတော့၏။ စာပေနယ်တွင် အများအားဖြင့် ရုပ်ပြ ဇာတ်လမ်းများသည် စာပေအနုပညာ၏ သရုပ်ကို ပျက်စေသကဲ့သို့၊ဂီတနယ်ပယ်တွင်လည်း အများ အားဖြင့် ကက်ဆက်ခွေ ဇာတ်လမ်းများသည် ဂီတအနုပညာ၏ သရုပ်ကို ပျက်စေသည့် သရုပ်ပျက် ဇာတ် လမ်းခွေများ ပင်ဖြစ်သည်။
ဂီတကို အမှန်တကယ်မြတ်နိုးသည့် အနောက်တိုင်းသားများတွင် အသံသွင်း အသံကူးစက်ထွက်ီတ ဟူ သည် မှာ ငါးပုပ်ခြောက်ပြား ပမာသာလျှင် သဘောထားကြသည်။ လတ်လတ်ဆတ်ဆတ် ငါးစိုမရသည့် အခါ မှ ငါးပုပ်ခြောက်ကို ဖုတ်စားကြသည်။ (De-humanised Machine Music) ဂီတ ပညာရှင် လူသား မပါ သည့် စက်သွင်းဂီတဟူသည်ကို ဂီတရသခံစားမှု၌ လမ်းဘေးက အပေါစားဈေးကွက်မျှသာ သဘော ထား သည်။
ဂီတကို တကယ်ချစ်မြတ်နိုးသူများသည် ဂီတပညာရှင်များကိုယ်တိုင် ပါဝင်သီဆို တီးမှုတ်သည့် စန္ဒရား လက်စွမ်း ပြပွဲများ (Piano Recitals)၊ တယောလက်ရည်ပြပွဲ (Violin Concerto)၊ အဆိုပညာရှင်တို့၏ အသံ စွမ်းရည် သီပွဲ (Concert soprano)တို့၌ ဂီတရသကို ဈေးကြီးပေးပြီး ခံစားကြသည်။ လက်မှတ်တစ် စောင် ၏ တန်ဖိုးက မသေးရသည်တွင် ၀ယ်ရနိုင်ရန်မှာ ကြိုတင်ဘွတ်ကင်လုပ်ထားရသည်။ ဤ ပညာသည် များ ၏ တန်ဖိုးကား မြတ်နိုးအပ်သည့် ဂီတသံများကို အမျိုးသားဇာတ်ရုံကြီးများ၊ နိုင်ငံတော် ဂီတရုံကြီးများ၌ တခမ်းတနား ဂုဏ်တင်လျက် ရုံတင်ရက်ကို အထူးတလည် ကြေညာရုံသွင်းကြသည်။
ကက်ဆက်ခွေသည် ဂီတ၏ အပေါစားမုန့်လေပွှေအဖြစ် ဈေးကွက်ဝင်နေသည့် ခေတ်တွင် ကျွန်တော်တို့၏ ဂီတ တီးဝိုင်း များမှာ လမ်းဘေးလမ်းကြားတိုးနေကြသည့် စတိတ်ရှိုးဟူ၍ ဖြစ်လာကြသည်။ ဒိန် … ဒေါင် … ဒိန် ဒေါင် တီးကြသည်။ သံသေးသံကြောင် အော်ကြသည်။ တိုးကြ ဝှေ့ကြ ခွေ့ကြသည်။ ဆူကြ ပူကြ အူ ကြသည်။ တီးမှုတ်သီဆိုသူများနှင့် နားသောတဆင်သူများ အပြန်အလှန် မလေးစားကြ။ တီးသူများက လည်း မိမိပိုင် ဂီတကို တန်ဖိုးမထား။ ကြေးရခိုက်တွင် အနုပညာကို ပြည့်တန်ဆာ တိုက်စားကြသည်။ နား ထောင်သူများ ကလည်း တီးသီသူများကို မလေးစား။ လမ်းဘေးဖြစ်သည့်အတွက် ပေါ့ပျက်ပျက်သာ သဘောထားသည်။ ဤဖြစ်ရပ်များ၏ အခြေခံပြဿနာမှာ ကျွန်တော်တို့တွင် နိုင်ငံတော်ဇာတ်စင် နိုင်ငံ တော် ဂီတသံစုံ ဟူ၍ ထည်ထည်ဝါ၀ါ မရှိသေးခြင်းကြောင့် သဘင်ဂီတပညာသည်များ နိမ့်ကျနေခြင်း ဖြစ်ပေ သည်။ လမ်းဘေး က ပန်းကလေးနှယ် မျက်နှာငယ်ကြရသည်။
နိုင်ငံတော်တွင် ထိုက်တန်သော ခေတ်မီဂီတသံစုံရုံ (Music Hall)၊ နိုင်ငံတော်ဇာတ်ရုံ (National Theater) တို့ ရှိဖို့ ကောင်းပေပြီ။
အဲ ကျွန်တော်ချစ်သော အနုပညာ၊ ဂီတပညာသည်များသည်လည်း ကက်ဆက်ခွေ ဒိုက်သရောတွင် မျော ပါကာ ခန္ဓာတစ်လုတ်အတွက် ဟန်ပန်မျှမလုပ်နိုင်ဘဲ တစ်လဆယ်ပုဒ်၊ တစ်ပုဒ် နှစ်ထောင်နှင့် အနုပညာ သိက္ခာ မထားဘဲ လသာအခိုက် "၀က်" နောက်လိုက်နေပါလျှင် အနုပညာဒဏ်ခတ်ခြင်း ခံကြရပေ လိမ့်မည်။ တစ်ချိန်သောအခါက ကျွန်တော် ကြားဖူးပါသည်။ ရုပ်ရှင် တစ်ကားအတွက် သရုပ်ဆောင် ငှား လာသော် ကျွန်တော်ချစ်သော အနုပညာသည်များက ဇာတ်လမ်းကို ပထမကြည့်ပါရစေဆိုကာ ဇာတ်လမ်း တွင် မိမိပါဝင်ရမည့်အခန်းမှာ မိမိနှင့်မကိုက်လျှင် ပါဝင်မရိုက်။ ငွေပေးလည်းမရ၊ အနုပညာ သိက္ခာ ထားကြ သည်။ (အနုပညာမာနနှင့် တခြားစီပါနော် ….)
ယခု နှစ်ပြားသားမှ သိက္ခာမထားကြတော့။ တစ်လောဆီက ကက်ဆက်ခွေဇာတ်လမ်းတစ်ပုဒ်က အမှတ် မထင် နားဝလာဆောင့်သည်။ တပည့်ကျော် ကာတွန်းသောက၏ အရိုင်းဇာတ်လမ်းထင်ပါ့။ ဇာတ်လမ်း အဆုံး တွင် ဇာတ်လမ်းစီစဉ်သူ မုန့်လေပွေဖုတ်သမားက " ဤဇာတ်လမ်းတွင် ၀က်ဝံမကြီးအဖြစ် အကယ်ဒမီ …၊ မြေခွေးအဖြစ် အကယ်ဒမီ … ကို အငှာ၊ မျောက်ညိုကြီးအဖြစ် အကယ်ဒမီ … ကိုဟိုဒင်း တို့က ပါဝင်သရုပ်ဆောင်ထားပါသည်" ဟု ကြေညာလိုက်ရာ ကျွန်တော့်မှာ ရင်နာသွားပါသည်။
သြော် … ကျွန်တော် ချစ်ရပါလေသော အနုပညာရှင်တို့သည်လည်း ၀က်တို့၊ ခွေးတို့၊ မျောက်တို့ ဖြစ်ကုန် ကြပါပြီကော။ ကဲ … ၀က်ဖြစ်မှတော့ စားလိုက်ကြပေတော့ … ၀က်။
စာဆိုတော်နေ့နှင့် စာပေလုပ်သားတို့ အာဝါးဆန့်ခရီး
နတ်တော်လ ဆန်းစပြုပြီဆိုကတည်းက ရပ်ကွက်အသီးသီး၊ မြို့နယ်အသီးသီးတို့တွင် စာပေဟောပြောပွဲ များ ကျင်းပ လာကြသည်။ စာပေဟောပြောပွဲများကို မည်သူကပင် ကမ္မကထပြုကာ စီစဉ်ကျင်းပသည်ဖြစ် စေ၊ တူညီသော ရည်မှန်းချက်မှာ စာပေရေးသားသူများနှင့် စာဖတ်ပရိသတ်တို့ နီးစပ်ဖို့ရာပင်ဖြစ်သည်။ စာ ရေးသူက မိမိရေးသားခဲ့ပြီးစာပေများ၊ ရေးသားပြုစုဆဲ ပြုစုလတံ့သော စာပေဦးတည်ချက်မ်ျားကို ရှင်းလင်း တင်ပြကာ စာပေဗဟုသုတ ဖြစ်ဖွယ်ရာများနှင့် ဆွေးနွေးတင်ပြသည်ကို ပရြိသတ်က နားထောင် ရင်း မိမိတို့ ပင့်ဖိတ်လာသည့် စာရေးဆရာ၏ စာပေအတိမ်အနက်၊ စာပေဦးတည်ချက်တို့ကို ခန့်မှန်း နိုင် ပေသည်။ လာ ရောက်နားသောတဆင်သည့် ပရိသတ်သည် နားထောင်ရုံသက်သက်မှတစ်ပါး ပြန်လည်ချေပနိုင်သည့် အခွင့်အရေးမရှိခြင်းကြောင့် ဟောပြောသူက အများလက်သင့်ခံနိုင်အောင် မျှမျှ တတ ဟောပြောမှသာလျှင် ပညာသတိ သမာဓိနှင့် ပြည့်ဝသော စာရေးဆရာမမည်ပေသည်။
မိမိက တစ်ဖတ်သတ်ချည်း ပြောခွင့်ရှိနေ ခြင်းကြောင့် အခွင့်အရေးသုံးလျက် မိမိကိုယ်ပိုင်ခံယူချက်ကို တရားလွန်ဆွဲဆန့်ကာ သူတစ်ပါးအခွင့်အရေး ထိပါးစော်ကားစွာ ဟောပြောသူသည် စာရေးဆရာ တစ်ဦး မဟုတ်ပေ။ ဒေါင်းယောင်ဆောင်သော ကျီးတစ် ကောင်သာလျှင် ဖြစ်သည်။
ယနေ့ စာဖတ်ပရိသတ်သည် ညာဝါးဖြီးဖြန်း၍ ရေးသားခြင်းမျိုးကို တွန်းထိုးဆန့်ကျင်လာနိုင်ပြီဖြစ်သည်။ ပရိသတ် ကို အထင်သေး၍ မရပါ။ မိမိခံယူချက်၊ တင်ပြချက်များကို အမှုန့်ချေပစ်နိုင်သူများလည်း စာဖတ် ပရိသတ်တွင်ရှိနေသည်။ စာရေးသူအမည် ခံယူထားသူများသည် စာပေအနုပညာနှင့် ယဉ်ကျေးမှု ဆိုင်ရာ တို့ တွင် မဟောမူဘဲ စိတ်ထင်စွဲရာ ဟောပြောခြင်းမှာ စာဆိုတော်နေ့ဟူသည်ကို ပြက်ရယ်ပြုရာ ကျသည်။ ရသ စာပေမျိုးကို သိုးသိုး သန့်သန့်မျှ အနံ့ပင် မခံဖူးပါလျက် စာပေစင်မြင့်ထက် ခပ်တည်တည် တက်လာခြင်း သည် လွန်လေသူ ရှေးစာဆိုတော်ကြီးများ၏ မျက်နှာကို တံတွေးနှင့် ထွေးရာကျသည်။ မြတ်နိုး အပ်သော သင်္ချိုင်းဂူကို ခွေးသေးပန်းသည့်ပမာ တူလှစွာသည်။
ယနေ့ စာပေလုပ်သားတို့၏ အာဝါးဆန့်ခရီးဝယ် သရုပ်ဆောင်အနုပညာနယ်မှ ပုဂ္ဂိုလ်အချို့လည်း ပါဝင်လာ သည်ကို တွေ့ရသည်။ ယခင်နှစ်များလောက်ဆီက အစပြုလျက် ပန်းချီ အနုပညာသည်များကို စာပေ သမားများက လက်တွဲခေါ်ရာမှ အစပြုလာခဲ့ခြင်းပင် ဖြစ်သည်။ ကောင်းသော လက္ခဏာ တစ်ရပ် ဟူ၍ ယတိ ပြတ်သတ်မှတ်ရန်တော့ ခက်သည်။ အမှန်အားဖြင့်ဆိုသော် စာပေရေးသားခြင်းဖြင့် အသက်မွေးဝမ်းကျောင်း မှုပြုသူတစ်ဦးသည် သူ့ပရိသတ်နှင့် ပုဂ္ဂိုလ်ချင်း ထိတွေ့ရင်းနှီးခြင်းသည်ပင် ကောင်းမကောင်း ဟူသည်မှာ သိမ်မွေ့သော တွေးဆချက်တစ်ရပ်ဖြစ်နေသည်။ စာပေရေးသားသူသည် စာ သာလျှင် အဓိကထား ရေးသား၍ " အာ " အားဖြင့် ဟောကြားရန် မလိုဟု ယူဆသော ကျောင်းဟောင်း ရှိသလို၊ ပရိသတ်နှင့် ထိတွေ့ရင်းနှီးမှုသာ ပိုမိုထိရောက်သည်ဟု ယူဆသော ကျောင်းသစ် လည်းရှိသည်။
တစ်ခုတော့ရှိသည်။ စာရေးသူကို ပရိသတ်က ရင်းရင်းနှီးနှီး သိရှိလာသောအခါတွင် စာရေးဆရာ၏ အမူ အကျင့် များကို တတ်နိုင်သမျှ ချုပ်ကိုင်နိုင်လာကြသည်။ နယ်တွင် အရက်သေစာ အလွန်အကျွံမူးသော စာရေးဆရာ သည် တစ်ခါနှစ်ခါသာလျှင် ရမည်။ ကြာတော့ သူ့ကို လူရွံလာသည်။ ထုတ်ဝေသူထံမှ ငွေ လိမ် သည့် စာရေးဆရာသည် စင်ပေါ်မတတ်ရဲတော့။ သူ့အကြောင်းကို လူထုက သိကြပြီကိုး။
အလားတူပင် ကိုယ်ကျင့်တရားပျက်သော စာရေးသူများကိုလည်း ပရိသတ်က နောက်ကွယ်ဇာတ်လမ်းစုံ သိလာသည့် အခါတွင် မျက်နှာဘယ်လိုဝှက်သာမည်နည်း။ ရုပ်ရှင်နယ်မှ သင်ခန်းစာရနိုင်ခဲ့ကြပြီဖြစ်သည်။ ပြည်သူအများရှေ့ အရက်မူးရမ်းကားသူ၊ စင်ထက်တွင် အရက်မူးနေ၍ မဆိုနိုင်မကနိုင်သူ၊ လူသေအောင် ကားမောင်း သရမ်းသူ၊ မုဒိမ်းပုဒ်မ အတပ်ခံရသူ၊ ကြာကူရီဟု လူသိသူ သရုပ်ဆောင်များသည် ရုပ်ရှင်ပိတ် ကားနှင့် ဇာတ်စင်ပေါ်၌ ဖိဒ်အောက်နှင့် ဘ၀ပြောင်းခဲ့ကြညပီဖြစ်သည်။ စာရေးဆရာ၏ ကိုယ်ပိုင်ဘ၀သည် ပြည်သူ့ ဘ၀၊ ပြည်သူပိုင်ဖြစ်လာသည့်တစ်နေ့၌ စာရေးဆရာများသည် မိမိတို့၏ လူနေမှုဘ၀ကို ပန်းပင်ပျိုး သည့်သဖွယ် အမြတ်တနိုးပျိုးလာကြမည်ဖြစ်သည်။ အဆိပ်ပန်းဆိုးတို့သည်လည်း ညှိုးကြမည် ဖြစ်သည်။ ဒေါင်းယောင်ဆောင်နေသည့် ကျီးမျိုးသည်လည်း နှုတ်သီးထိုးခံကြရမည်ဖြစ်သည်။
ကဗျာရွတ်ပွဲများ
တေဇလူငယ်လေးများ၏ မိုးသောက်ကြယ်ကဗျာရွတ်ပွဲကို ကျေနပ်အားရသည်မှ တစ်ဆင့်တက်လျက် ယနေ့ စာပေဟောပြောမှုနယ်ပယ်တွင် ကဗျာရွတ်ပွဲများလည်း တခမ်းတနား ဆင်နွှဲသင့်ပြီဖြစ်သည်။ ယနေ့ ကဗျာ သည် အသိအမှတ်ပြု စာပေလောက၌ ကဏ္ဍပျောက်နေသည်။ ကဗျာကို အပေါစား စာပေတစ်မျိုး ဟု သဘောထား နေကြသည်။ မျှမျှတတ သဘောထားသော်မှ ကလေးစိတ် မကုန်ရှာသေးလို့ပါဟု သနားလိုက် ကြပြန်သေးသည်။
မြန်မာစာပေသမိုင်း၏ အစဉ်အလာသည် ကဗျာ၏ အစဉ်အလာဖြစ်သည်။ " သိုးကလေး ပုပ္ပားနတ်တောင်၊ အခေါင်မြင့်ဖျား" ချီ နတ်ချင်းမှသည် သခင်ကိုယ်တော်မှိုင်း၏ နယ်ချဲကတိုက်ပွဲဝင် လေးချိုးကြီး များအထိဖြစ် သောကဗျာသမိုင်းသည် ရှည်လျားသည့် ကဗျာ့ရေးစီးကြောင်းကြီးဖြစ်သည်။ ပေလေးပင် ရှင်လေးပါး ဆရာ တော်များမှသည် မန်လည်ဆရာတော် ဘုရားကြီး၏ မဃဒေ၀တိုင်းသော စာပေ မှတ်တိုင်များ စိုက်ထူရာ၌ လည်း ရဟန်းပညာရှိ၊ လူပညာရှိတို့ တက်တက်ကြွကြွရှိခဲ့ကြသည်။
ယနေ့သည် စကားပြေခေတ်၊ စာပေကို စကားပြောသလို ရေးသည့်ခေတ်၊ ဒါရိုက်ဟစ်ဒဲ့ဒိုးခေတ်၊ နင့်ကို ငါ ချစ်တယ် ငါ့ကို နင်ချစ်မလားခေတ်ဟု ဇွတ်နှစ် ငြင်းကာ ကဗျာကိုပစ်ပယ်ရန် ကြိုးစားခြင်းသည် မိမိတို့ အမျိုးသား အမွေအနှစ်ကို ခြေနှင့် ကျောက်ပစ်ရာ ရောက်ပေလိမ့်မည်။ ကဗျာသည် မြတ်နိုးအပ်၊ ဆက် လက်ပျိုး အပ်သည့်စာပေ အမွေအနှစ်၊ ရသ၏ အခြေအမြစ်ဖြစ်သည်။
ကဗျာ အရေးအသားသည် တစ်နည်းတဖုံ တစ်ပုံစံ ပြောင်းခဲ့သည်မှာ ဒဂုန်တာရာ၏ ကဗျာသစ်ခေတ်မှမြစ် ဖျားခံသည်။
ဒေါင်းနွယ်ဆွေ ၏ ဟန်သစ်များသည်လည်း ဆန်းသစ်ခဲ့သည်။ ယနေ့ခေတ်တွင် မင်းလူတို့ကဲ့ သို့သော လူငယ်ကဗျာဆရာများ ကဗျာတံခွန်ကို မြင့်မားစွာ လွှင့်လျက် ချီတက်နေကြသည်။ ဤတိုးတက် သောလူငယ်ကဗျာသမားများတွင် အချို့မှာ လိုင်းကြောင်လျက် သုံးကြောင်းတစ်ပုဒ် ပို့စကဒ်လုပ် ကဗျာ သမားများ ဖြစ်ကာ ဆယ်ကျော်သတ်များ၏ ကွန်ပါဘူးထဲမှ ငါးမူး တစ်ကျပ်နှိုက်သည့် ဘ၀မဖြစ်ကြစေရန် ကြီးစွာ သတိထားကြရမည်ဖြစ်သည်။ ကဗျာရေးသားခြင်း ပုံစံသစ်ကို တီထွင်နေသော ကာလ တစ်လျှောက် ၀ယ် ကာရန်မဲ့ခြင်း၊ ကာရန်ထည့်ခြင်းမှာ အငြင်းပွားစရာပြဿနာမဟုတ်ပါ။ ရေးသားသည့် အကြောင်း အရာ၏ ခိုင်မာခြင်း တီထွင်ဟန် သစ်လွင်ခြင်း၊ လူအများက ရွတ်ဆိုရန် လက်ခံခြင်းသည်သာ ပဓာန ဖြစ် သည်။
ယနေ့ခေတ်ပေါ် မော်ဒန်ကဗျာကို ရှင်သန်စွာ အသက်သွင်းရန်မှာ ကဗျာလှုပ်ရှားမှုတစ်ရပ်ကို ဖော်ဆောင် ကြရန်ဖြစ်သည်။ ကဗျာသည် စာအုပ်၏ စာမျက်နှာများပေါ်တွင် အသက်ငင်နေ၍ မရတော့။ ကဗျာကို အသက်ဝင် လှုပ်ရှားစေရန်မှာ စာပေစင်မြင့်များတွင် ကဗျာရွတ်ဆိုခြင်းဖြင့် အားသစ် သွင်းကြရမည် ဖြစ်သည်။ လွန်ခဲ့သော သုံးနှစ်ခန့်က စာပေဟောပြောပွဲတစ်ခုတွင် အခမ်းအနားမှူးလုပ်သူက " ယခု စာပေ ဟောပြော ပွဲကို ရှေးစာဆိုကြီးများအား ဂုဏ်ပြုသောအားဖြင့် ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ အညာ မင်္ဂလာဆောင် လေးချိုးကြီးကို ပဏာမ ရွတ်ဆိုဖွင့်လှစ်ပါလိမ့်မည် " ဟု ကြေညာလိုက်ရာ ကျွန်တော် အလွန်ဝမ်းသာအားရ ဖြစ်မိပါသည်။
မကြာမီ ကလေးမတစ်ယောက် စာရွတ်တစ်ရွတ်ကိုင်တက်လာကာ အညာမင်္ဂလာဆောင် လေးချိုးကြီးကို " ရွတ်ဆို " ပါတော့သည်။ ကျွန်တော် အလွန် စိတ်ပျက်သွားမိလျက် တုန်တုန်ရင်ရင်နှင့် ရွတ်ဆိုနေသော ကလေးမ အား သနားမိပြန်ပါသည်။ ကလေးမသည် လေးချိုးကြီးကို ရွတ်ဆိုရန် မဆိုထား ဘိ၊ " ချိုးနှစ်ကောင် ဒွေးချိုးကိုရွတ်ဆိုရန်မျှပင် သံနေသံထား၊ ဌာန်ကရိုဏ်းကျလိမ့်မည် မဟုတ်ပါ။ နှုတ်မှ အတတ်ပညာတစ်ပါးသည် ကွက်စိပ်ဆရာတို့နှင့်အတူ ကွယ်ပပါပြီကော။
သို့ အတွက်ကြောင့် ကျွန်တော်တို့သည် ယနေ့ခေတ်စာပေ အဇဋာခွင်ဝယ် မြန်မာလူငယ်ကဗျာဆရာ ယက်ဖ် တူရှင်ကို ကြယ်စင်များကို ကြိုဆိုရမည်ဖြစ်သည်။ ကဗျာဆရာ တစ်ဦးချင်း အားနည်းလျက် နေပါသေးသော် ကဗျာဆရာများ စုပေါင်းကာ ကဗျာစုပေါင်းရွတ်ပွဲများ ဆင်နွှဲကြရပေမည်။
ယခုနှစ်စာဆိုတော်လတွင် ကျွန်တော်သည် ရဲတင်းစွာပင် လူငယ်ကဗျာဆရာအဖြစ် ခံယူကာ (၁၉၇၉ ခုနှစ် နိုဘယ်လ် ဆုရှင် ဂရိကဗျာဆရာကြီးမှာ အသက် ၆၈ နှစ်ရှိပြီဖြစ်ခြင်းကြောင့် သူနှင့်စာလျှင် ကျွန်တော့်မှာ လူငယ်ကဗျာဆရာ ဖြစ်ပါသည်) ကဗျာများကို ရွတ်ဆိုခဲ့ပါသည်။ ကျွန်တော်ရွတ်ဆိုခဲ့သည့် ကဗျာများ အနက် မှ အောက်ပါကဗျာမှာ ဒေါင်းနွယ်ဆွေ၏ ကာရန်မဲ့တစ်ပုဒ် (အဆုံးမရှိသောအစ၊ စာမျက်နှာ ၈၇)မှ နိမိတ်ပုံမျှကိုသာ ယူလျက် ကျွန်တော် ရေးသားထားခြင်းဖြစ်ပါသည်။ ကဲ … မိတ်ဆက်ပွဲ ရွတ်ပါရစေ ခင်ဗျား။ နားသောတဆင်ကြပါ။ ကဗျာအမည်က " ဘီပီအိုင် မနိုင်သော မြွေ" တဲ့။
မြွေဆိုသည်မှာ
ခပ်ခွာခွာက အလှကြည့်ရတာ။
နေရောင်မှာ ပါးပြင်းထောင်နေတဲ့
မြွေတစ်ကောင်ရဲ့ အဆင်းသဏ္ဍာန်ဟာ
ခါတရံမှာ ရှုကြည့်မ၀ပါ။
အဆင်းကို မက်မောမိတော့
အဆိပ်ပြင်းတဲ့ အတွင်းသဘော
မှားယွင်းမေ့လျော့ တွက်မိသကော။
မင်းဟာ မြွေလမ္ပာယ်ဆရာ မဟုတ်ပါ။
မင်းမှာ ဆေးစွမ်းကောင်းတစ်လက် မရှိပါ။
မင်းမှာ ဆေးစွမ်းကောင်းတစ်လက် မရှိပါ။
မင်းရဲ့ဘေးကင်းတဲ့ ဆေးအင်းကွက် မထက်ပါ။
ဘူးသီးခြောက်နဲ့ ပလွေကြူသံနဲ့
မြူဟန်ဆွယ်နေတဲ့ မြွေကိုများ
ဥုံဖွမန်းလို့ စမ်းမတို့လေနဲ့ … သား။
မောင်သော်က
(လူငယ်ကဗျာဆရာ)
ဒေါင်းကြီးရဲ့ ကာရန်မဲ့ကို
ဒေါင်းမြီးကွက် ကာရန်ထည့်တော့
ကဗျာအလှတစ်ပုဒ် ဖြစ်လာသပေါ့။
ပင်စင်နာတစ်ဦး၏ အာလူးမှတ်တမ်း (၅)
မွေးရပ်မြေသို့ တစ်ခေါက်
မွေးရပ်မြေသို့ တစ်ခေါက်
စာပေလုပ်သားတို့၏ အာဝါးဆန့်ခရီးက ကျွန်တော့်အား ဇန်န၀ါရီလဆန်းရက်မှာ မွေးရပ်မြေကို တစ်ခေါက် ရောက်စေခဲ့သည်။ ကျွန်တော့် မွေးရပ်မြေမှာ အထက်မြန်မာပြည်မှ ရွှေဘိုမြို့ဖြစ်သည်။ ဟုတ်ပ၊ "ရန်ကြီးအောင် ကုန်းဘောင်စသည့် ငါးမည်ရ ပြည်ရွှေဘို" သည် ကျွန်တော်၏ မွေးမြေဇာတိဖြစ်သည်။ မြန်မာ့တပ်မတော်တွင် ရွှေဘိုသား စစ်ဗိုလ်၊ စစ်သားမြောက်မြားစွာရှိကြသည့်အနက် ကျွန်တော်တို့အချင်း ချင်းမည်သူက ရွှေဘိုသား ပို၍စစ်ကြောင်း ပြိုင်ကြရာတွင် ရွှေချက်သိုဘုရားကို ဗဟိုထားကြရသည်။
တစ်စုံ တစ်ယောက်သော ရွှေဘိုသားသည် မိမိမွေးဖွားသည့်အရပ်မှာ ရွှေချက်သိုဘုရားနှင့် မည်မျှ ကွာဝေးသည် ကို တွက်ဆလျက် မည်သူက ရွှေဘိုသား ပိုစစ်ခြင်း မစစ်ခြင်းကို အဖြေထုတ်ကြရသည်။ ယနေ့အထိ ဆိုသော် ရွှေဘိုသားအစစ်ဆုံးဟု ယူဆရသူမှာ ဗိုလ်ကြီးဟောင်း ထွန်းအောင်ဖြစ်သည်။ ဗိုလ်ကြီးထွန်းအောင် ဆိုသူမှာ အခြားအင်္ဂါရပ်ကို ဆိုဖွယ်မရှိသော်လည်း အသားလေးညိုပြာညက် သည် မှာတော့ ကျောက်မီးသွေးကို ကတ္တ ရာစေးသုတ်ပြီး ကြပ်ခိုးစင်တင်ထားသည့်ပမာ တူလှစွာသည်။ အဲ ရွှေဘိုသား များ အသားမည်းသည်ဆိုကြ ပါစို့၊ ရွှေဘိုသူများကကောတဲ့ " ပေါင်တံရှည် ရွှေဘိုမင်းကြိုက်" ဟူ၍ ဆိုရိုးစကား ရှိသော်ငြားလည်း ယနေ့ ရွှေဘိုသူများမှာမူ ပေါင်တံမရှည်သည့်ပြင် ပုအိုင့်အိုင့် နိုင်လှသည်။ ရွှေဘိုသနပ်ခါးက ကူမထား၍ သာလျှင် ရွှေဘိုသူများ သူ့ဟာနှင့်သူ ဟန်ကျ နေကြခြင်း ဖြစ်ပေ လိမ့်မည်။
ရွှေဘိုမြို့ကို ၀င်လိုက်ကတည်းက ကျွန်တော်အားကြီး စိတ်ဆိုးသွားသည်။ ကြည့်စမ်းပါတော့။ လွန်ခဲ့သည့် နှစ်ပေါင်း လေးဆယ်ကျော်က ကျွန်တော်တို့ သောက်သုံးရေအတွက် မှီခိုအားထားရသည့် နွားလှည်းအိအိ ချည့်နဲ့နဲ့ ရေစည်လှည်းသည်ပင် ရွှေဘိုမြို့သူမြို့သားများ၏ မှီခိုအားထားရာ ဖြစ်နေဆဲပင်ရှိသေးသည်။ ၄၀ ဂါလံ ၀င် တိုင်ကီနှစ်လုံးတင်ထားသည့် ရေစည်လှည်းတစ်လှည်း ၆ ကျပ်နှင့် အာပေါက်မတတ် လိုက်ခေါ်မှ တစ်စည် ၀ယ်၍ရသည်။
ရွှေဘိုမြို့သည် ရေစည်လှည်းအပေါ်တွင် မှီခိုအားထားနေရသည့် ရေငတ်ဘ၀မှ ယခုတိုင် မကျွတ်သေး၊ နှစ်ဆယ် ရာစုနှစ် သည် ရွှေဘိုမြို့အား ဖြတ်ကျော်တက်သွားခဲ့ပြီဖြစ်သည်။ ရွှေဘိုမြို့ကမူ ဖုံထူသောလမ်း များ ပေါ်တွင် တအိအိမောင်းနေသော ရေစည်လှည်းများနှင့်သာ ကျန်ရစ်ခဲ့သည်။ ဤအတိုင်း သာဆိုလျှင် ရွှေဘိုမြို့ သည် အလောင်းဘုရား ဦးအောင်ဇေယျ၏ ဂူပြာသာဒ်၊ ဦးပေလူး၏ ဇရပ်နှင့် ရေစည်လှည်း တို့သာ လျှင် ရှေးမူမပျက် ကျန်ရစ်ခဲ့မည်ဖြစ်၏။
ရေတွင်းတူးလိုက်တိုင်း ငန်ငြိသည့် ဆားငန်ရေသာလျှင် ထွက်သော ရွှေဘိုမြို့(ခေါ်) မုဆိုးဖိုရွာကို အဘယ် ကြောင့်လျှင် အလောင်းဘုရား ဦးအောင်ဇေယျသည် မင်းနေပြည်ပြုကာ ကုန်းဘောင်နန်းဆက်ကို တည်ခဲ့ ရပါသနည်း။ အလောင်းဘုရား ဦးအောင်ဇေယျသည် ရူးနှမ်းသောသူ တစ်ဦးပေလော။ မဟုတ်ပါခင်ဗျား။ ဘယ်နည်း နှင့်မျှ မဟုတ်ပါ။ ရှေးမြန်မာမင်းများသည် မည်မျှလျှင် အမြော်အမြင်ကြီးသော မင်းများ ဖြစ်ခဲ့ကြ သည်ကို ရွှေဘိုမြို့၏ ရှေးသမိုင်းစဉ်နျင့် လက်ရှိအနေအထားကို ကြည့်ရှုလေ့လာခြင်းအားဖြင့်ပင် သိနိုင်ပေ ပြီ။ " ကျုံးပတ်လည် ကာသန်း၍ ဇေယျာနန်းရွှေဘုံ "ဟု ချီးကျူးဖွဲ့ဆိုရလောက်အောင်ပင် ရွှေဘို မြို့ဟောင်း ကို ကျုံးများက ကာရံဝန်းပတ်ထားသည်။
အတွင်း ကျုံး၊ အပြင်ကျုံး၊ ရေကျုံး၊ နွံကျုံးဟူ၍ ၀န်းရံကာ မြို့နေ လူထု သောက်သုံးရေအဖြစ်သာလျှင်မက ခံတပ်မြို့၏ အင်္ဂါရပ်အဖြစ် ရန်သူ အလွယ်တကူ မချဉ်းကပ်နိုင် စေရန် မြို့နေမြို့ထား စီမံထားခဲ့သည်။ သစ်ချို ပင်ကျုံး၊ ထနောင်းကွင်းကျုံး၊ မြို့ထောင့်စေတီကျုံးမှ တစ် ဆက်စပ်တည်း ယနေ့ဒိုဘီကျုံး၊ ဥယျာဉ်ကျုံး၊ ယခုကောနေသည့် ဂါတ်ကျုံး၊ ဘောလုံးကွင်း-ဆင်ရုံကျုံး စသည်တို့မှာ တစ်ချိန်သောအခါက မြသားရေပြင်နှင့် ကြာမျိုးစုံပွင့်လန်းခဲ့သည့် ကျုံးများဖြစ်ခဲ့ကြသည်။ ယနေ့မူ ကောတိမ်သုဉ်းပါးပေပြီ။ ရေခြေကျင်း ၀တ်မျှ ရှိပါလျှင်လည်း သောက်သုံးမရသည့် ရေပုပ်ရေစပ်များ သာဖြစ်၏။ မြို့ထောင့် စေတီ ကျုံးတစ်တန်သာလျှင် ဘုရားခြေတော်ရင်းမို့ သက်သာရာ ရနေသည်။
သစ်ချို ပင်ကျုံး စသည်တို့မှာ စီးပွားရေးငါးမွေးသူများ၏ ငါးကန်များ ဖြစ်နေကြသည်။
ဤမြို့၏ ကျက်သရေကျုံးများကို အသရေတင့်စေရန်အတွက် ရဲဘော်အောင်ဇေယျသည် မည်မျှ ကြိုးပမ်းခဲ့ ပါသနည်း။ ရွှေဘိုမြောက်ဘက် မိုင် ၂၀ ကျော် ကွာဝေးသောအရပ် မိုးကောင်းရာဒေသ ကျွန်းလှ မြို့နယ် မြင်းခွာတောင်ဒေသမှ ရွှေဘိုမြို့နှင့် တစ်မိုင်သာသာ ရောက်သည်အထိ တူရွင်း၊ ပေါက်ပြား၊ လူအင်အားနှင့် ရေသွယ်မြောင်းကြီး ဖောက်လုပ်သွယ်ယူခဲ့သည်။ ကျွဲရိုင်းစက်၊ မြေသယ်စက်၊ မြေညှိစက် များမပါဘဲ၊ လူ အင်အားသက်သက်နှင့် လက်များ ပေါက်ပြဲသည်အထိ မိုင် ၂၀ ကျော် သွယ် ဖောက်ကာ ဧရာမကန်ကြီး တစ် ခုကို ဆယ်ယူသိုလှောင်ထားခဲ့သည်။ ယင်းကန်ကြီးကား မဟာနန္ဒာ ကန်တော် မည်တွင်သတည်း။
ယင်းကန်ကြီးသည် ရွှေဘိုမြို့ ပတ်လည်ကျုံးများအတွက် သောက်ရေကိုသာလျှင် ပေးသည်မဟုတ်သေး၊ ရွှေဘိုမြို့ မြောက်ဘက် ကျေးရွာများ၏ လယ်ကွင်းများတွင် စိုက်ပျိုးရန်အတွက် စိုက်ပျိုးရေကိုပါ ယူသုံး မကုန် ပေးဝေခဲ့ခြင်းကြောင့် ရတနာသိင်္ခ ပြည်ကုန်းဘောင်နေတစ်နှုန်း ပြောင်းခဲ့ခြင်းဖြစ်ပေသည်။ " ပြည်ရွှေဘိုမြို့ တော်မြောက်၊ ချောင်းပေါက်လို့ မကူးနိုင်၊ ပုလွေကို ရောင်မှာ ထိုးလို့၊ ချောင်းရိုးကမှိုင်" ဟူသည့် ရွှေဘိုဗုံကြီး သံသည် မဟာနန္ဒာကန်ရိပ်ဝယ် သိမ့်သိမ့်ညံခဲ့ပါသည်။
ယနေ့သော် မဟာနန္ဒာကန်တော်ဟူသည်မှာ အမည်သညာကိုပင် အားနာဖွယ်ကောင်းလှတော့သည်။ ရေ ခန်းကြာသုဉ်းပြီး နွံအတိ ဖုံးခဲ့ပြီဖြစ်သည်။ အလောင်းဘုရား၏ လုပ်အားကြိုးပမ်းချက်ကို နယ်ချဲ့အင်္ဂလိပ် များကပင် လေးစားခဲ့လျက် ကန်တော်ကြီးနှင့် ကန်ပေါင်ကို ကောင်းစွာ ထိန်းသိမ်းခဲ့သေးသော်လည်း ကိုယ့် တိုင်းပြည် ချစ်မြတ်နိုးသည့် ကျွန်တော်တို့ အမျိုးသားများလက်သို့ တိုင်းပြည် ပြန်ရောက်သော အခါ ကျမှသာ လျှင် ကန်ရေခြောက်ခန်း၊ ကန်လုံးကန်းကာ၊ ကန်ပေါင်ရိုးလမ်းများလည်း နွားလှည်းသွား၍ မရသည် အထိ ပျက်စီးကျိုးပေါက်ခဲ့ရပြီဖြစ်၏။
ဧရာဝတီမြစ်ကြီးသည် ရွှေဘိုမြို့၏ အရှေ့ဘက် ၁၆ မိုင်ကွာ အရပ်မှ ဖြတ်သန်းစီးဆင်းသွားသည်။ ကျောက် မြောင်းဆိပ်ကမ်းဟူသည်မှာ ရှေးမြန်မာများ၏ ရေတပ်ကြီးသည် အောက်ပြည်အောက်ရွာသို့ စုန်ဆင်းလျက် စစ်ခင်းရာ ရေတပ်စစ်ထွက်စခန်းဆိပ်မြို့ ဖြစ်သည်။ ရွှေဘိုသားတို့၏ ရေတပ်ကြီးသည် စစ်သည်ရဲမက် အပြည့်တင်ထားသည့် ရဲလှေ တိုက်လှေများပေါ်တွင် မောင်းသံ တဒူဒူထုကာ အင်းဝသား တို့နှင့် ရေကြောင်း စစ်ဆင်ခဲ့ကြသည်။ ဧရာဝတီမြစ်ကြီးနှင့် ဤမျှနီးပါးလျက် ရွှေဘိုသား များ သောက်ရေငတ်နေသေးခြင်းအား "ဒီခေတ်တွင်မှ ညံ့ကြတော့မှာလား "ဟူသည့် တို့ဗမာသီချင်းကို ကုန်းဟစ်ဖို့ လိုတော့သည်။
ကျွန်တော့်အား တစ်ချိန်သောအခါက ဣသရေလအမျိုးသားတစ်ဦးက ပြောဖူးသည်။ တို့မြန်မာပြည မြေပုံ ကို ပြန်ကြည့်စမ်းပါ မြန်မာပြည်မြောက်ဖျားက တောင်ဖျားအထိ အလယ်တည့်တည့်မှာ ဧရာဝတီမြစ်ကြီး ၁၂ ရာသီ ဖြတ်စီးနေလျက်သားနဲ့ မြစ်ကမ်းဘေးမြို့များ ရေငတ်ရတယ်ဆိုတာ ငါတော့ ယုံကို မယုံနိုင်ဘူး" ဟု ဆိုဖူးသည်။ " ဟုတ်ပ မယုံချင်နေပေါ့ဗျာ။ ကျုပ်တို့ ဆီမှာ မျက်နှာမသစ်ရလို့ မျက်ခမ်းစပ်တွေ အများကြီးပဲ " ဟု ကျွန်တော့်ဘာသာ ၀မ်းတွင်းမှ ပြန်လည်ချေပလိုက်ရပါသည်။
မှန်ပါသည်။ ဇီဝအသက်ကို ပေးဆက်သော စိမ်းလန်းစိုပြေသည့် ရှုခင်းကိုပေးသော ရေများသည် ရွှေဘိုမြို့ နှင့် ၁၆ မိုင်ကွာတွင် ဧရာဝတီမြစ်မှလည်းကောင်း၊ ၄ မိုင်ကွာတွင် မူးသုံးခွမှ လည်းကောင်း၊ တစ်မိုင်ခွဲသာ သာ အကွာတွင် မဟာနန္ဒာကန်တော်မှ လည်းကောင်း၊ မြို့ကို ၀န်းလည်းဖြတ်ဆင်းလျက် ရွှေဘိုသား များကို ရေအငတ် ထားရင်း စီးဆင်းကြပေသည်။
သောင်းပြောင်းထွေလာရယ်စရာ၊ ဖေဖော်ဝါရီ၊ ၁၉၈၀
.
No comments:
Post a Comment