(၂၁)
စင်တိန်သည် တောင်ကမူထိပ်မြင်းပေါ်မှနေ၍ ရှေ့ဘက်ရှိတောင်ကြား ချိုင့်ဝှမ်းထဲသို့ လှမ်းကြည့်လိုက် သည်။ လွန်ခဲ့သော နှစ်ပေါင်းမြောက်များစွာက သူမ တက်ပြီး အာဖရိကဆင်ရိုင်းအုပ်ကို ပထမဆုံး အကြိမ် တက်ကြည့်ခဲ့သော သစ်ပင်အမြင့်ကြီးအား လှမ်းမြင်မြင်ချင်း မှတ်မိသွားသည်။ ထို့နောက် ရေအိုင်ကို မြင်ရသည်။ ထိုသစ်ပင်နှင့် ရေအိုင်မှလွဲ၍ ကျန်အရာဝတ္ထုများကို မမှတ်မိတော့ပေ။
ရေအနံ့ ရလိုက်သဖြင့် မြင်းများ လှုပ်ရှား ထကြွလာသည်။ ထိုရေအိုင်တွင် မြင်းများကို စနစ်တကျ ရေတိုက်ပြီး သူတို့လည်း ရေသောက်ကာ တစ်ကိုယ်လုံး ရေများဖြင့် ဆွတ်၍ ရေတွင် စိမ်ပြီး အမော အပန်းဖြေ ကြသည်။ ထို့နောက် စင်တိန်သည် ဘလိန်း ရေသန့်စင်နေသော ကန်စောင်းဘက်သို့ လျှောက် သွားပြီး ပြောလိုက်သည်။
"ဒီလာရေးဟာ ဒီမှာသူ့အတွက် မြင်းအပိုတွေ့ မသွားဘူး"
"ခင်ဗျား သေချာရဲ့လား" ဘလိန်းက ဇဝေဇ၀ါဖြင့် မေးလိုက်သည်။
"ကေ၀ိက ပြောတယ်၊ လူနှစ်ယောက်ဟာ မြင်းအတော်များများနဲ့ ဒီနေရာက စောင့်နေတယ်တဲ့၊ ဒါပေမယ့် သူတို့ ဒီနေရာက ထွက်သွားတာ ရက်အတော်ကြာပြီတဲ့၊ ကေ၀ိဟာ သူ့လက်နှစ်ဘက်မှာ ရှိတဲ့ လက်ချောင်း ဆယ်ချောင်းထက် ပိုပြီး မရေတွက်တတ်ဘူး၊ အဲဒီထက်ပိုကြာတယ်လို့ ပြောတော့ ၁၅ရက် ၂၀နီးပါးလောက် ရှိနိုင်တာပေါ့၊ လိုသာ ဒီလာရေးဟာ မြင်းအသစ်တွေ ရမသွားဘူးဆိုတာတော့ သေချာ ပါတယ်" စင်တိန်က ပြောလိုက်သည်။
ဘလိန်းသည် ရေစိုနေသော ခေါင်းမှဆံပင်များကို လက်နှစ်ဖက်ဖြင့် နောက်သို့ သပ်လိုက်ပြီး ပြန်ပြော သည်။
"ဒါဖြင့် ဒီလာရေးဟာ သူစီစဉ်ထားတဲ့အတိုင်း မ၀င်ဘူးလို့ တွေးရမှာပဲ၊ ဒီမှာ နောက်ထပ် မြင်းအသစ် တွေ ရမှာမို့ လိုသာ သူ့အလျင်မြင်းတွေကို အားအကုန်သုံးခဲ့တာပေါ့၊ အခုတော့ သူ တွက်ချက် လုပ်ကိုင် ထားတာ တွေဟာ တလွဲတချော်တွေ ဖြစ်ကုန်ပြီပေါ့"
"ကေ၀ိက ပြောတယ်၊ ဒီလာရေးကို ကုန်းကြောင်းခရီးဆက်ကြတယ်တဲ့၊ လက်ကျန်မြင်းတွေကို လူတွေ က ဆွဲသွားကြတယ်တဲ့၊ မြင်းတွေက သိပ်အားနည်းနေပြီး လူတစ်ယောက်တောင် မသယ်နိုင်တော့ဘူး တဲ့"
ထိုစဉ်က ကေ၀ိ က တောစပ်မှ လှမ်းအော်ခေါ်သဖြင့် စင်တိန် စကားစပြတ်သွားသည်။ ဘလိန်းနှင့် စင်တိန် တို့သည် တောစပ်ကေ၀ိရှိရာသို့ ကသောကမျောသွားကြသည်။
"သူတို့အခြေအနေကတော့ အဆိုးဆံုး ဖြစ်နေပြီ၊ မြင်းကုန်းနှီးတွေ၊ စည်သွတ်ဘူးတွေ၊ စောင်တွေ၊ ရေပုံး တွေတောင် စွန့်ပစ်ထားခဲ့ရပြီပဲ"
ဒီလာရေးတို့ စွန့်ပစ်ခဲ့သော ပစ္စည်းပစ္စယများအား သစ်ပင်တစ်ပင်အောက်၌ တွေ့သောအခါ ဘလိန်းက ပြောလိုက်သည်။ ထိုအပုံကို ခြေထောက်နှင့် လှန်လှောထိုးဖွပြီး ကြည့်လိုက်သည်။
"ခယမ်းမီးကျောက်တွေ၊ သံဆူးချွန်တွေပါ စွန့်ပစ်ထားခဲ့ပါလား၊ သူတို့အတွက် ၀န်အပေါ့ဆုံးဖြစ်အောင် လုပ်ပြီး မြစ် ကို ရောင်အောင် နောက်ဆုံးအားခဲသွားကြတာပဲ ဖြစ်ရမယ်"
"ဒီမှာလာကြည့်စမ်း ဘလိန်း"
စင်တိန်က လှမ်းခေါ်လိုက်ရာ ဘလိန်းက သူမဆီသို့ သွားသည်။ စင်တိန့်ခြေထောက်နားရှိ စွန်းထင်း ညစ်ပေ နေသော ပတ်တီးစများကို မြင်ရသည်။
"သူ့အခြေအနေကတော့ အတော်ဆိုးနေပြီ၊ သူ သေလုမြေပါး ဖြစ်နေပြီလို့" ကျွန်မ ထင်တယ် ဘလိန်း"
စင်တိန် က ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သို့သော် သူမအသံမှာ အောင်မြင်မှုရသော အသံ၊ ပီတိတို့ ဖြာသော အသံမျိုးကား မဟုတ်၊ သူ့မျက်လုံးတွင်လည်း အားရကျေနပ်မှုရပုံ မပြပေ။ စင်တိန်အား နှစ်သိမ့် ဖြေဖျောက် ရန်လိုသဖြင့် ဘလိန်းက ဖြေသိမ့်လိုက်သည်။
"သူ့ကို ဆရာဝန်ဆီရောင်အောင် ကျွန်တော်တို့ ခေါ်သွားတော့ ..."
တကယ်တော့ သူတို့သည် ရာဇ၀တ်သားနောက်သို့ လိုက်နေကြခြင်း ဖြစ်သည်။ ထိုရာဇ၀တ်သားသည် မိမိ တို့အား အခွင့်အရေးရသည်နှင့် လက်မနှေးတမ်း ပစ်ခတ်မည့်သူ ဖြစ်သည်။
"တပ်ကြပ်ကြီး ဟန့်စ်မေယာ၊ နောက်တစ်နာရီနေယင် ခရီးဆက်မယ်၊ လူတွေကို ကျွေးမွေး၊ မြင်းတွေကို ရေထပ်တိုက်၊ ခင်ဗျားကိုယ်တိုင်ကြီးကြပ်နော်လ
ထို့နောက် ဘလိန်းနှင့် စင်တိန်တို့သည် သစ်ပင်ရိပ်တစ်ခုအောက်သို့ သွားထိုင်ကြသည်။ သူတို့ နှစ်ယောက် စလုံး အစာများများ မစားနိုင်ကြပေ။ အပူရှိန်နှင့် ပင်ပန်းနွမ်းနယ်မှုကြောင့် ခံတွင်းပျက်နေ ကြသည်။ ဘလိန်း သည် ဆေးပြင်းလိပ်သောက်တော့မလို လုပ်ပြီးမှ စိတ်ပြောင်းသွား၍ မသောက်တော့ ပေ။
"ကျွန်တော် ခင်ဗျားကို ပထမဆုံးစတွေ့တုန်းက ခင်ဗျားဟာ ခင်ဗျားရဲစိန်တွေလိုပဲ တောက်ပြောင် မာကျောပြီး လှပတယ်လို့ ထင်ခဲ့မိတယ်"
"ဒါဖြင့် အခုရော" စင်တိန်က မေးလိုက်သည်။
"သုံးမရ တော့တဲ့ မြင်းတွေကို သတ်ပစ်တော့ ခင်ဗျားငိုတာ ကျွန်တော် မြင်ရတယ်၊ ခင်ဗျားအပေါ်မှာ ဒုက္ခ ပေးသွားတဲ့ လူကိုလဲ ခင်ဗျားက သနားကရုဏာ ဖြစ်နေတယ်လို့ ကျွန်တော် ထင်တယ်၊ ကျွန်တော် တို့ ကယ်လာရင်က ထွက်လာတဲ့အချိန်မှာ ခင်ဗျားကို ကျွန်တော် ချစ်မိတယ်၊ ခင်ဗျားကို ကျွန်တော် စတွေ့တဲ့ အချိန်က ချစ်ခဲ့မိတယ်လို့ ကျွန်တော် ထင်တာပဲ၊ မချစ်ဘဲ မနေနိုင်ခဲ့ဘူး၊ ဒါပေမယ့် အခုတော့ ခင်ဗျားကို ကျွန်တော် နှစ်လဲနှစ်သက်တယ်၊ လေးလဲလေးစားတယ်"
"အဲဒါဟာ ချစ်တာနဲ့ ခြားနားသလား"
"ချစ်နေရတာနဲ့ အတော့်ကို ခြားနားတယ်"
သူတို့နှစ်ယောက်စလုံး ငြိမ်သွားပြန်သည်။ ထို့နောက်မှ စင်တိန်က သူ့ဘ၀သူ့အမြင်ကို ကြိုးစား ရှင်းပြ သည်။
"ဘလိန်း ... ကျွန်မဟာ ကလေးငယ်လေးတစ်ယောက် လူလားမြောက်အောင် ပြုစုစောင့်ရှောက်ပြီး သူ့အတွက် ရှေ့ရေးလုပ်ကိုင်နေရတာနဲ့ပဲ အထီးကျန် တစ်ကိုယ်တည်းဘ၀မှာ အချိန်အတော်ကြာ နေခဲ့ ရတယ်၊ ကျွန်မ ဒီအာဖရိကမြေကို အသက် ၂၀လောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ရောက်လာခဲ့ရတာ၊ ဒီသဲန္တာရ ကြီးထဲမှာ အထာကျအောင် ပင်ပင်ပန်းပန်း ခက်ခက်ခဲခဲ မရပ်မနား သင်ယူဆည်းပူးခဲ့ရတယ်၊ ကိုယ့်ကိုယ်ကိုယ်က လွဲပြီး တခြားမှီခိုအားထားနိုင်စရာ မရှိဘူးဆိုတာ ကျွန်မ သိခဲ့ရတယ်၊ ကိုယ်ပိုင် စွမ်းအင် နဲ့ စိတ်ဓာတ်ခိုင်မာမှု ကလွဲပြီး တခြားနည်းလမ်းနဲ့ အသက်ရှုရပ်တည်နိုင်မယ့်လမ်း မရှိဘူး ဆိုတာ သိခဲ့ရတယ်၊ ဒီအသိက ကျွန်မ စိတ်မှာ ခိုင်မြဲနေတယ်၊ ကိုယ့်ကိုယ်ကလွဲပြီး သူများကို မှီခို အားထားလို့ မရဘူး ဆိုတာ ကျွန်မ ခံယူထားတာပဲ၊ မဟုတ်ဘူးလား ဘလိန်း"
"ကျွန်တော်ကတော့ ခင်ဗျားမှာ အမှီသဟဲ ရှိစေချင်တယ်"
"ရှင့်မှာလဲ အစ္စဘယ်လာနဲ့ကလေးတွေ တာဝန်ရှိသေးတာပဲ"
"ဟုတ်ပါတယ်၊ သူတို့ကိုယ်သူတို့ မကာကွယ်နိုင်သေးဘူး"
ဘလိန်းက ခေါင်းညိတ်ပြီး ပြောလိုက်သည်။
"ကျွန်မ က ကိုယ့်ဘ၀ကိုယ် ရပ်တည်နိုင်တယ်၊ ကာကွယ်နိုင်တယ် မဟုတ်ဘူးလား ဘလိန်း"
"ကျွန်တော့် အပေါ် မနာကြည်းပါနဲ့ဗျာ၊ တောင်းပန်ပါတယ်၊ ကျွန်တော် ခင်ဗျားကို ဘာကတိမှ မပေးခဲ့ပါ ဘး"
"ကျွန်မ ၀မ်းနည်းပါတယ်၊ ရှင်ပြောတာ မှန်ပါတယ်၊ ရှင်ကျွန်မကို ဘာတစ်ခုမှ ကတိပေးမထားပါဘး၊ ကဲ အချိန်လဲ တစ်နာရီပြည့်ရောပေါ့၊ သွားကြစို့"
ဆင်ရေအိုင်မှ ထွက်လာပြီးနောက်တွင် သူတို့သည် သူတို့အဖွဲ့၌ ပါလာသော မြင်းများအနက် ငါးကောင်ကို မည်သို့မျှ ဆက်သုံးမရတော့၍ စွန့်ပစ်ထားခဲ့ရသည်။ ဘလိန်းသည် ကျန်မြင်းများကို အင်အား ချွေတာ သုံးသည့် အနေဖြင့် တစ်လှည့်စီလိုက် တစ်လှည့်ခြေကျင်လျှောက်လိုက် လုပ်ခိုင်း သည်။ နာရီဝက်ခြင်း စီးပြီး၊ နာရီဝက် လမ်းလျှောက်သည်။
သူတို့ အထဲတွင် လူပုလေးနှစ်ယောက်သာ အပူဒဏ်ခံရခြင်း၊ မောပန်းနွမ်းနယ်ခြင်း မရှိဘဲ ပုံမှန်အတိုင်း ဆက်သွား နေသည်။
"လိုသာဒီလာရေးက ကျွန်တော်တို့ထက် အခြေအနေ ပိုဆိုးနေတယ်"
ရှေ့ ပြေးနေသော အုပ်စု၏ ခြေရာများကို ကြည့်ခြင်းအားဖြင့် ဘလိန်းက ပြောလိုက်သည်။ ရှေ့အုပ်စု တွင် မြင်းတစ်ကောင်သာ ရှိတော့ပြီး အသွားနှုန်းက ပိုနှေးသွားသည်ကို ခြေရာများအရ သိရသည်။ ဘလိန်းက လက်ပတ် နာရီ ကို ကြည့်ပြီး ပြောလိုက်သည်။
"မြစ်ကို ရောက်ဖိုပ မိုင် ၃၀ကျော်လောက် လိုသေးတယ် ကဲ တစ်လှည့်လမ်းလျှောက်လိုက်ကြဦးစို့"
စင်တိန် မြင်းပေါ်မှ ဆင်းပြီး လမ်းလျှောက်သည်။ သူမ ကြွက်သားစိုင်းများ အားလုံး နာကျင်လာသည်။ ရေလည်း ငတ်လာသည်။ မြင်းပေါ်မှ ရေပုလင်းများ ထိခတ်နေသံကြား၍ ပိုရေဆာလာသလို ရှိသည်။ စင်တိန်သည် သူမမြင်းကို ဆွဲပြီး ခေါင်ငိုက်စိုက်ချကာ ဘလိန်းနှင့် ဘေးချင်းယှဉ်ပြီး လျှောက်လာသည်။
"ဒီတောင်ကုန်းတွေက မြေပုံထဲမှာ မပါဘူး" ဘလိန်းက ပြောလိုက်သည်။
စင်တိန်သည် ပထမတွင် ဘေးပတ်ဝန်းကျင်ကို သတိမထားမိချေ။ ဘလိန်း စကားသံကြားရ၍ မော့ကြည့် လိုက်ရာ သူတို့အရှေ့ဘက်တစ်မိုင်လောက်တွင် သစ်တောပေါ်မှ ထက်နေသော ပြောင်ချော လုံးဝန်း နေသည့် လိပ်သားကျောက်၊ ကျောက်တုံးကြီးကို လှမ်းမြင်ရသည်။ စင်တိန်သည် ဤမျှလောက် ဝေးသော မြောက်ဘယ်နယ်မြေသို့ တစ်ခါဖူးမှ မရောက်ခဲ့။ သူမအတွက် နယ်မြေသစ် ဖြစ်နေသည်။
"အနီးဆုံး တောင်ခြေရောက်ယင် ခဏနားပြီး ရေသောက်မယ်" ဘလိန်းက ပြောလိုက်သည်။
လိပ်သည်းကျောက်တောင်ကုန်းခြေရင်းတွင် လိုသာဒီလာရေးတို့၌ နောက်ဆုံးကျန်ရှိသော မြင်းလဲကျ သေဆုံးနေ၍ စွန့်ပစ်ထားခဲ့သည်ကို တွေ့ရသည်။ ကေ၀ိက ကျောက်တောင်၏ အညိုရောင်တောင်ခြေ ဘက်သို့ ပြေးသွားပြီး အပေါ်သို့ မော့ကြည့်လိုက်သည်။ သူတို့အားလုံး ကေ၀ိနောက်မှ လိုက်သွားပြီး ကေ၀ိလိုပင် မတ်စောက်သော လိပ်သည်းကျောက်တောင်ကို မော့ကြည့်လိုက်သည်။ တောင်ထိပ်မှာ မြေပြင်မှပေ ၂၀၀၊ ၃၀၀ ခန့် မြင့်သည်။ တောင်စောင်းတစ်လျှောက်သည် အဝေးမှ ကြည့်မြင်ရသလို ချောမောမနေဘဲ စလုံးစခု ထနေသည်။ တချို့နေရာ၌ မတ်စောက်ပြီး တချို့နေရာ၌ ပြေပြစ်သည်။
တောင်ထိပ်တွင် လုံးဝန်းပြောင်ချောနေသော အိမ်အသေးအစားအရွယ် ကျောက်တုံးများကို တွေ့ရ သည်။ ဘလိန်းသည် စင်တိန်ဘေးမှနေ၍ တခြားတစ်ဘက်သို့ မြင်းစီးပြီး ထွက်သွားသည်။ စင်တိန် သည် သူမ မြင်းပေါ်မှနေ၍ တောင်ထိပ်သို့ မော့ကြည့်လိုက်ရာ အပေါ်ထပ်တွင် တစ်စုံတစ်ရာ လှုပ်ရှား သွားသလို မြင်လိုက် ရသည်။ တောင်ထိပ်ရှိ ကျောက်တုံးကြီးတစ်တုံးအောက် အရိပ်ထဲမှ လှုပ်ရှားမှု တစ်ရပ်ဟု ထင်လိုက် ရသည်။
စင်တိန်က ဘလိန်းအား အော်ပြီး သတိပေးလိုက်သည်။
"ဘလိန်း ... သတိထား ... အပေါ်ထိပ်မှာ ..."
ဘလိန်းသည် မြင်းပေါ်မှ ဆင်းပြီး မြင်းဇက်ကြိုးကို ကိုင်ကာ မြင်းဘေးရပ်နေရင်း အပေါ်သို့ မော်ကြည့် နေသည်။ စင်တိန်၏ လှမ်းအောင်လိုက်သော အသံကို ဘလိန်းက မတုံ့ပြန်နိုင်ခင်မှာပင် ဂျုံအိတ် တစ်လုံး ကျောက်တုံးအပေါ် ပစ်ကျသံကဲ့သို့ ဘုတ်ခနဲ အသံကို ကြားလိုက်ရသည်။ ဘလိန်း၏ မြင်းရှေ့ ခြောက်ထောက်နှစ်ဖက် ဒူးထောက်ကျသွားပြီး ယိမ်းယိုင်သွားကာ ဘလိန်းပါ အလဲလဲအပြိုပြို ဖြစ်သွား သည်။ အသံထက် ကျည်ဆန်က စောရောက်ခြင်းဖြစ်ရာ အသံကြားတော့မှ မော်ဇာရိုင်ဖယ်သံမှန်းကို သူတို့ သိရသည်။
စင်တိန့် ပတ်ဝန်းကျင်ရှိ တပ်သားများလည်း သေနတ်သံကြောင့် ၀ရုန်းသုန်းကား ဖြစ်သွားသော မြင်းများ ကို အော်ဟစ်ပြီး လိုက်ဆွဲထိန်းနေရသည်။ စင်တိန်သည် မြေပေါ်မှ မြင်းပေါ်သို့ ခုန်တက်လိုက် သည်။
"ဘလိန်း ... ကျွန်မ လာပြီ"
စင်တိန်က လှမ်းအော်လိုက်သည်။ ဘလိန်းသည် သေနတ်မှန် လဲကျသေဆုံးသွားသော သူ့မြင်းဘေး၌ ဒူးထောက်လျက် တွားသွားသည်။ စင်တိန်က သူ့ဘေးသို့ မြင်းစီးသွားသည်။
"ကျွန်မမြင်းရဲ့ခြေနင်းကွင်းကို လှမ်းဆွဲလိုက်"
တောင်ထိပ်မှ မော်ဇာရိုင်ဖယ်သည် သူတို့ ၀န်းကျင်သို့ ကျည်ဆန်များ တဖြောက်ဖြောက် သွန်ချနေ သည်။ တပ်ကြပ်ကြီး ဟန့်စ်မေယာ စီးထားသော မြင်းသည် သေနတ်မှန်ပြီး လဲကျ သေဆုံးသွားသည် ကို စင်တိန် မြင်လိုက်သည်။ တပ်ကြပ်ကြီးလည်း မြင်းပေါ်မှ ကျွမ်းစိုက်ကျသွားသည်။
ဘလိန်း က စင်တိန် မြင်းဆီသို့ ပြေးလာပြီး ခြေနင်းကွင်းကို လှမ်းဆွဲလိုက်သည်။ သူဆွဲမိသည်နှင့် တစ်ပြိုင်နက် စင်တိန်က မြင်းကို နောက်ပြန်လှည့်ပြီး သူတို့နောက်ဘက် ကိုက် ၂၀၀ ခန့် ရှိ သစ်ပင် အုပ်ဆီသို့ ဒုန်းစိုင်းသွားတော့သည်။ ဘလိန်းလက်က မြင်းခြေကွင်းကို ကိုင်မိပြီး ခြေထောက်က ဒယဥ့် တိုက် ပါလာသည်။
"အဆင်ပြေရဲ့လား" စင်တိန်က အော်မေးလိုက်သည်။
"ဆက်သွား ... ရတယ်"
တောင်ထိပ်ပေါ်မှ နေ၍ သူတို့တစ်ဝိုက်ဆီသို့ လှမ်းပစ်နေဆဲ ရှိသည်။ တပ်သားတစ်ယောက်က တပ်ကြပ်ကြီးအား ကူညီရန် သူ့မြင်းကို တပ်ကြပ်ကြီးဆီသို့ ဒုန်းစိုင်းသည်။ သို့သော် ကျည်ဆန်က ထိုတပ်သား မြင်းဦးခေါင်းကို ထိပြီး မြင်းပုံကျသွားရာ သူလည်း မြေပြင်ပေါ်သို့ ပစ်ကျသွားသည်။
"သူတို့ မြင်းတွေကို ရွေးပြီး ပစ်နေတာ"
စင်တိန်က အော်ပြောလိုက်သည်။ သူမမြင်းတစ်ကောင်သာ လုံးဝသေနတ်မမှန် မထိခိုက်သေးသည်ကို စင်တိန် သိမြင်လာသည်။ ကျန်မြင်းများသည် တစ်ချက်ထိရုံမျှဖြင့် ချက်ကောင်းမိကာ အားလုံး လဲကျ သေဆုံးကုန်ပြီ ဖြစ်သည်။ တောင်ထိပ်မှ ပစ်နေသူသည် တကယ်လက်တည့်သူ ဖြစ်သည်။ အပေါ်စီးမှ နေ၍ ကိုက် ၁၅၀ ကျော်အကွာကို စိတ်ကြိုက်ချိန်ပစ်နေသည်။
စင်တိန်သည် သူမရှေ့ဘက်တွင် လျှိုမြောင်တစ်ခုကို မြင်လိုက်ရသည်။ လျှိုမြောင်ကမ်းပါးစပ်တွင် သစ်ပင်တစ်ပင်၏ ကိုင်းကျနေသော အကိုင်းအခက်များက ပုန်းခိုစရာကောင်းမည့်နေရာလို ဖြစ်နေ သည်။ စင်တိန် သည် ထိုနေရာသို့ မြင်းကို ဦးတည်သွားသည်။ ထိုနေရာ ရောက်သောအခါ မြင်းပေါ်မှ ခုန်ဆင်းပြီး မြင်းကို လှမ်းကိုင်ကာ အရှိန်သတ်လိုက်သည်။
ဘလိန်းလည်း ကမ်းပါးစပ်အတိုင်း လိမ့်ဆင်းသွားသည်။ ကမန်းကတန်း ကုန်းထလာပြီး စင်တိန် မြင်းကုန်းနှီးဘေး၌ ချည်ထားသော ရိုင်ဖယ်ကို ယူလိုက်ပြီး လျှိုမြောင်ကမ်းစပ်သို့ ၀ပ်ပြီး တက်သွား သည်။ သူ့ရှေ့တည့်တည့် ဘောင်ခြေရင်း၌ မြင်းများ အတုံးအရုံး လဲကျ သေဆုံးနေသည်။ တပ်ကြပ်ကြီး ဟန့်စ်မေယာနှင့် တပ်သားများသည် စင်တိန်တို့ ရှိသော လျှို့မြောင်ကမ်းစပ် အကာအကွယ်ဆီသို့ ပြေးလာကြသည်။ မော်ဇာကျည်ဆန်များက သူတို့ခြေထောက်တစ်ဝိုက်တွင် တဖောက်ဖောက် ကျပြီး ဖုန်များဖွားခနဲဖွာနဲ ထသွားသည်။
လူပုကလေး နှစ်ယောက်လည်း ပထမဆုံး သေနတ်သံ ပေါ်လာပြီးသည်နှင့် ပျောက်သွားချေပြီ။ သူတို့ နှစ်ယောက် အား ထပ်တွေ့ရတော့မည် မဟုတ်သည်ကို စင်တိန် သိလိုက်သည်။ သူတို့သည် ဌာနေသို့ ပြန်လစ် ပြေးကြမည်မှာ သေချာသည်။
ဘလိန်းသည် သူ့လက်ထဲမှ အင်ဖီးရိုင်ဖယ်ကို တောင်ထိပ်သို့ မှန်းကာ ကိုက် ၄၀၀ အကွာအဝေးဖြင့် ချိန်လိုက်သည်။ တောင်ထိပ်မှလူကို မမြင်ရသော်လည်း သူ့သေနတ်ပြောင်းဝမှ ထွက်သွားသော မီးခိုး တန်းအငွေ့ကလေးကို မြင်ရသည်။ ထိုနေရာသို့ မှန်းကာ အမြန်နိုင်ဆုံး ဆင့်ကဲဆင့်ကဲ ပစ်လိုက်သည်။ ကျောက်ဆောင်ကို ထိပြီး ကျောက်သားများ ဖွာခနဲ ဖွာခနဲ ထသွားသည်ကို မြင်ရသည်။ ထိုသို့ ပစ်ပေး နေသဖြင့် သူတို့ဆီသို့ ပြေးလာနေသော တပ်ကြပ်ကြီးနှင့် တပ်သားများအတွက် အကာအကွယ် ပေးသလို ဖြစ် သွားသည်။
တပ်ကြပ်ကြီးနှင့် တပ်သားများ တစ်ယောက်ပြီးတစ်ယောက် သူတို့လျှိုမြောင်ထဲသို့ ရောက်လာသည်။ ချွေးပြန်နေကြသည်။ သူတို့တစ်ယောက်စီတွင် ရိုင်ဖယ်ကိုယ်စီနှင့် ကျည်ဆန်ကိုယ်စီပါလာသည်ကို မြင်ရ သဖြင့် ဘလိန်းကျေနပ်သွားသည်။
"သူတို့က မြင်းကို ရွေးပြီး ပစ်နေတာ၊ လူတွေကို မပစ်ဘူး"
တပ်ကြပ်ကြီးကို ပြောလိုက်သည်။
"ကျွန်မ အနားကို တစ်ချက်မှ မပစ်ဘူး"
စင်တိန် က ပြောလိုကသည်။ လိုသာသည် မိမိအား မထိခိုက်စေရန် တမင်ဂရုစိုက်ပစ်နေခြင်း ဖြစ်ရ မည်။ အကယ်၍သာ သူသာ မိမိအား ပစ်လိုလျှင် ဤနေရာသို့ မြင်းဖြင့် ပြန်ပြေးလာစဉ် မိမိနောက်စေ့ အား အလွယ် တကူ လှမ်းပစ်နိုင်ကြောင် သိမြင်လာသည်။
ဘလိန်းသည် သေနတ်တွင် ကျည်ဆန်ထပ်ထိုးလိုက်ပြီး တပ်ကြပ်ကြီးအား လှမ်းမေးလိုက်သည်။
"တောင်ထိပ်မှာ လူဘယ်နှစ်ယောက် ရှိသလဲ"
"မသိဘူး၊ ဒါပေမယ့် တစ်ယောက်တော့မကဘူး၊ ပစ်ခတ်တဲ့နှုန်းက တစ်ယောက်ထက် များတယ်၊ သေနတ်သံ တစ်ပြိုင်တည်း နှစ်ချက်ထွက်သံမျိုးလဲ ကြားတယ်"
"ကောင်းပြီလေ၊ ဘယ်နှစ်ယောက် အပေါ်မှာ ရှိတယ်ဆိုတာ ကြည့်ကြသေးတာပေါ့"
ဘလိန်းက စင်တိန်နှင့် တပ်ကြပ်ကြီးအား သူ့ဘေးသို့ လက်ယပ်ခေါ်ပြီး အစီအစဉ်ကို ရှင်းပြလိုက်သည်။
စင်တိန်သည် မှန်ပြောင်းကို ယူပြီး တစ်ဘက်စွန်းသို့ ပြေးသည်။ မြက်များ ရှည်လျား ထူထပ်စွာ ပေါက် သော နေရာ၌ ၀ပ်ပြီး နေရာယူလိုက်သည်။ မြက်ဖုတ်ကို အကာအကွယ် ယူပြီး မှန်ပြောင်းနှင့် တောင်ထိပ်သို့ လှမ်းချိန်လိုက်သည်။ မှန်ပြောင်းကို မြင်ကွင်း ပြတ်သားအောင် အဝေးအနီးချိန်လိုက်ပြီး "အဆင့်သင့်" ဟု ပြောလိုက်သည်။
ဘလိန်းက ရိုင်ဖယ်ထိပ်တွင် သံခမောက်စွပ်ပြီး အပေါ်သို့ ထောင်ပြီး သေနတ်နှစ်ချက် ဆင့်ပစ်လိုက် သည်။ တောင်ထိပ်ပေါ်မှ သေနတ်သမား အာရုံစိုက်လာအောင် လှည့်ကွက်လုပ်လိုက်ခြင်း ဖြစ်သည်။
သူတို့ ဆင်ထားသည့်အကွက်အတိုင်းပင် တောင်ထိပ်ပေါ်မှ သူတို့ဆီသို့ ချက်ချင်းတုံ့ပြန်ပစ်ခတ်သည်။
"နှစ်ယောက်လား၊ သုံးယောက်လား" ဟန့်စ်မေယာက လှမ်းမေးသည်။
"သုံးယောက်၊ ခေါင်းသုံးလုံး မြင်တယ်" စင်တိန်က မှန်ပြောင်းကို အောက်သို့ ပြန်ချရင်း ဖြေလိုက်သည်။
"ကောင်းပြီ ... သူတို့ကို တို့ အနိုင်တိုက်ရမယ်၊ အချိန်ပိုင်း အတွင်းအောင်မြင်ရမယ်" ဘလိန်းက ခေါင်းညိတ်ပြပြီး ပြန်ပြောလိုက်သည်။
စင်တိန်က ရေပုလင်းကို ဖြုတ်ယူပြီး ဘလိန်းအား ထေင်ပြကာ ပြောလိုက်သည်။
"ဘလိန်း၊ ကျွန်မတို့မှာ ဒါပဲ ကျန်တော့တယ်"
ပုလင်းထဲတွင် ရေက လေးပုံတစ်ပုံခန့်သာ ရှိတော့သည်။ သူတို့အားလုံး ရေပုလင်းကို စိုက်ကြည့်လိုက် သည်။ ဘလိန်းက နှုတ်ခမ်းကို လျှာဖြင့် လျက်လိုက်သည်။
"မိုးချုပ်တာနဲ့ တစ်ပြိုင်နက် ဟိုသေနေတဲ့ မြင်းတွေဆီက ရေပုလင်းတွေကို တို့သွားယူနိုင်မှာပါ"
ဘလိန်း က စင်တိန်အား ပြောလိုက်ပြီးနောက် တစ်ဆက်တည်းပင် တပ်ကြပ်ကြီးအား လှမ်းအမိန့်ပေး လိုက်သည်။
"တပ်ကြပ်ကြီး၊ တပ်သားနှစ်ယောက် ခေါ်သွားပြီး တောင်ကုန်းရဲ့ နောက်ဘက်ကနေ ပန်းပြီး တက်စမ်း၊ နောက်ဘက် ကနေ တစ်ယောက်မှ လွတ်ထွက်မသွားအောင်ပိတ်ထား"
ဆက်ရန်
.
No comments:
Post a Comment