Wednesday, November 9, 2011

မောင်သော်က ၏ ညနေခင်းများ, အပိုင်း (၁၂)

ပင်စင်စားတစ်ဦးနှင့် အာလူးပူရီ (၂)
ယောက်မကိုင်သော လက်များ

ဂဠုန် သည် တစ်ဆယ့်ရှစ်ကြိမ်မြောက် အတောင်ပံခတ်လျက် ရန်ကုန်မြို့တော် သန့်ရှင်းရေး၊ အခြားနိုင်ငံ တကာ မြို့တော်များနှင့် ထပ်တူ ကျက်သရေရှိရေး ဆောင်ရွက်နေသည်မှာ  အားရဖွယ်ကောင်းလှသည်။ ကျွန်တော် ပင်စင်စား နံနက်ခင်း လမ်းလျှောက်တိုင်း မြို့တော်သန့်ရှင်းရေး ကို  အထူးတောင့်တမိသည်။ ကြည့်မြင်တိုင် လမ်းမကြီး၏ ကျယ်ဝန်းသော ပလက်ဖောင်းပေါ်တွင် လျှောက်ရင်း ညက လတ်လတ် ဆတ်ဆတ် စွန့်ထားသည့် မစင်ပုံများကို တက်မနင်းမိစေရန်  အထူးသတိထားလျှောက်ရသည်။

ယိုသူမခက် နင်းသူခက်သည့် အညစ် အကြေးများတွင် လူသာလျှင်မက ခွေးတွေကလည်း ပါသေးသည်။ ယိုပုံများကို ကြည့်ခြင်းအားဖြင့် ရန်ကုန်မြို့တော်တွင် အခြေအနေမဲ့သူ လူဦးရေထက်ပင် လေလွင့်ခွေးက ပိုများပေမည်ဟု ယူဆရပေသည်။ သို့သော် ဂဠုန်စစ်ဆင်ရေးသည် လူဆိုးလူသရမ်းများသာလျှင်မက ပိုင်ရှင်မဲ့ ခွေးလေခွေးလွင့် များကိုပါ  သုတ်သင်သင့်သည်ဟု ထင်ပါသည်။ မိမိအိမ်တွင် ခွေးမွေးလိုလျှင် ခွေး ကို မှတ်ပုံတင်စေကာ ခွေးသန်းခေါင်စာရင်း ၀င်စေရမည်။ မှတ်ပုံတင်အမှတ်နှင့် ပိုင်ရှင်အမည် ခွေး အမည်၊ နေရပ်လိပ်စာကတ်ပြား ကို သံမဏိပြားနှင့် လည်းပင်၌ ချိတ်ဆွဲပေးထားလျှင် ပိုကောင်းမည်။

သို့မှသာ မိမိခြေသလုံးကို ကိုက်သွားသည့်ခွေးကို အတိအကျ သိနိုင်ပေမည်။ တစ်ဖန် ခွေးတစ်ကောင် သည် အရပ်တစ်ပါး သို့ သွားခဲ့သော်....

''ဟေ့လူ ဘာတွေ ငေးလျှောက်နေတာလဲ၊ ရှေ့မှာ ခွေးချေးပုံကြီး တက်နင်းတော့ မယ်''  ဟု သတိပေးသံ ကြားသဖြင့် ကြည့်လိုက်သည်တွင် မိတ်ဆွေဖြစ်သည့် လတ်လတ်ဆတ်ဆတ် ပင်စင်စားတစ်ဦးကို တွေ့ ရသည်။  သူလည်း နံနက်ခင်း လမ်းလျှောက်ထွက်လာခြင်းဖြစ်သည်။ ယခင်ကကဲ့သို့ ကိုးနာရီခွဲ ရုံးတွင် လက်မှတ် မထိုးလျှင် ကြက်ခြေနီအသင်းဝင်ဖြစ်မှာ မစိုးရိမ်ရတော့ ပြီမို့ အေးအေးလူလူ လမ်းလျှောက် နေသည့် ပင်စင်စား မောင်လူအေး ပါတကား.

ကျွန်ုပ်။    ။ ဟုတ်ပါ့ဗျာ။ အဲဒါတွေးနေတုန်း တက်နင်းမိတော့မလို့၊ ခင်ဗျားသတိပေးပေလို့ တော် တော့ တယ်။

ပင်    ။    ။ ဘာတွေတွေးပြီး ဘာတွေများ ရေးဦးမလို့လဲ၊  ခင်ဗျားသွားသွားပြီး လက်မကမြင်းပါနဲ့ဗျာ၊ ခင်ဗျားရေးတာ နဲ့ ပြုတ်ကုန် ပါဦးမယ်။

ကျွန်ုပ်    ။    ။ မဆိုင်လိုက်လေဗျာ၊ ကျုပ်ရေးမယ့်ဆောင်းပါးက သူတို့ရဲ့ မသာမှာ နောက်ဆုံးရိုက် ရိုက်တဲ့ ခေါင်းပိတ် သံချောင်း တော့ ဖြစ်ချင်ဖြစ်ပေမှာပေါ့။ ခေါင်းကတော့ စပ်ပြီးသား ဖြစ်ချင်ဖြစ်နေမှာ။

ပင်    ။    ။ဒါနဲ့ မနေ့က သတင်းစာထဲမှာ အသက် ၈၇နှစ် သူတောင်းစားအဖိုးကြီးတစ်ယောက် တောင်းစားမှု ကိစ္စနဲ့ ထောင်တစ်လ ချလိုက်တော့ သူ့ကိုယ်ပေါ်မှာ ရွှေနဲ့ငွေတွေ နှစ်သောင်းကျော် တွေ့လို့ တရားသူကြီး အဖွဲ့က သိမ်းထားရတယ်ဆိုတဲ့ ကိစ္စဖတ်မိသလား......။

ကျွန်ုပ်    ။    ။ဖတ်မိပါ့ဗျာ၊ ဒါဘာဟုတ်သေးသလဲ၊ သူတောင်းစား ဘော်ဇာတွေတောင် ရှိသေးတယ်။ တောင်းစားခြင်း ဟာ စီးပွားရေးလုပ်ငန်း တစ်ရပ်ဖြစ်နေတယ်။ ကြံတောသင်္ချိုင်းတစ်ဝိုက်မှာ သွား လေ့လာရင် တောင်းစားချင်စိတ်တောင် ပေါက်လာတယ်။ ကိုယ်အင်္ဂါပျက်လို့ ဒုက္ခိတမို့ အစစ်အမှန် တောင်းစား နေတဲ့လူတွေ လည်းရှိပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ၀င်ငွေကလည်း မသေးဘူးဗျ။ တစ်လောက အဲဒီ တစ်ဝိုက် က ဖဲဝိုင်းတစ်ခုမှာ ကျုပ်တွေ့ခဲ့တယ်။ ငွေကို ဖွေးနေတာပဲ၊ ဖဲရှုံးလို့ သိမ်ကြီးဈေးကို ငါးရက် ပေါင်တဲ့ လူ၊ ရွှေတိဂုံဘုရားစောင်းတန်းကို တစ်ပတ်တိတိ အပေါင်ခံတဲ့ လူတွေလည်း ရှိတယ်။ Resident Beggars တွေက ရှုံးတဲ့အခါ ပေါင်ကြတာပေါ့။

ပင်    ။    ။ကြံကြံဖန်ဖန်ဗျာ၊ ဘယ်လိုပေါင်တာလဲ၊ ရွှေတိဂုံစောင်းတန်းကို။

ကျွန်ုပ်    ။    ။ တောင်းစားတဲ့လူတွေက သူတို့တောင်းတဲ့နေရာကို မူပိုင်လုပ်ထားကြတာဗျ။ သူဖဲရှုံးလို့ သူ့ နေရာ သူမရွေးနိုင်ရင် အပေါင်ခံတဲ့လူက အဲဒီနေရာမှာ အပေါင်ဆုံးတဲ့ ရက်များကုန်သည်ထိ တောင်းခွင့် ရ သွားတယ်။

ပင်    ။    ။တယ်လည်းဟုတ်ပါလားဗျ၊ သူတောင်းစားသုတေသနစာတမ်း ဖတ်ဖို့ကောင်းတယ်။

ကျွန်ုပ်    ။    ။တစ်လောက  အနာကြီးရောဂါသည် မိန်းမတစ်ယောက် တစ်နေ့လုံး သူတောင်းရတဲ့ အကြွေ တွေကို ရေတွက်နေတာ အတော်ပညာပါတာတွေ့ရတယ်။ လက်ချောင်းလေးတွေက မကောင်းတော့  ဆန်ကောထဲ အကြွေတွေ တစ်ပုံကြီး ထည့်လိုက်ပြီး ဆန်ပြာသလို ပြာထုတ်လိုက်တယ်။ ငါးပြားစေ့ က ငါးပြားစေ့ သပ်သပ်၊ အ၀တ်စုတ်တစ်ခုပေါ်မှာ တစ်ပုံထွက်လာတယ်။ ဆယ်ပြားစေ့က တစ်ပုံ သပ်သပ်၊ အဲမကြာခင် ထွက်လာတဲ့ ငါးမူးစေ့ကြောင့် သူအတော် စိတ်ညစ်ရတယ်တဲ့။ အလေးချိန် က မတူဘဲကိုး၊ သူက ကင်လုံးလည်း ရောင်းတယ်။ တစ်လုံးနှစ်ကျပ်တဲ့၊ ဆေးခြောက်လည်းရောင်းတယ်၊ ကင်လုံး ဆိုတာ ဘိန်း ကို ကင်ပြီး လုံးထားတာလေ၊ ဖောက်သည်မှ ၀ယ်လို့ရတယ်ဗျ။ ဆားပုလင်း နှင်းမောင် တို့ ၀င်မဖမ်းရဲဘူး။ အက်သွားမယ်...။

ပင်    ။    ။ဒါတွေကိုလည်း ဂဠုန် က  ရှင်းသွားမှာပါ။ ထောက်ကြံ့ဘက်က အနာကြီးရောဂါသည် များရဲ့ ၀က်သေးအိမ် နဲ့ ပလတ်စတစ်ပုံး နဲ့ သယ်တဲ့အရက်တွေလည်း အတော်ရှင်းသွား ပါပြီ။ အမှတ် ၉ ကားပေါ် မှာတော့ သိပ်မတွေ့မိတော့ဘူးဗျ။ ဒါ့ထက် ရန်ကုန်မြို့ထဲမှာ ဘာများ ထူးခြားသေးသလဲ။

ကျွန်ုပ်    ။    ။ထူးခြားတာကတော့ အစိုးရဌာနတချို့နဲ့ ကော်ပိုရှင်းတွေမှာ ယောက်ျားအမှုထမ်း တွေ တော့ အကြောင်းညီညွတ်လို့ ဘောင်းဘီဝတ်ကုန်ကြာပြီ။ ဆင်တူယူနီဖောင်း ပေါ့ဗျာ။ မိန်းမတွေကတော့ ထဘီ ဆင်တူပေါ့။

ပင်    ။    ။ဒါမကောင်းဘူးလား။ ကောင်းတာပေါ့ဗ။ ခင်ဗျားက ဘာများကန့်ကွက်ချင်သေး ရတာလဲ။

ကျွန်ုပ်    ။    ။ကောင်းပါတယ်ဗျာ၊ ယောက်ျားအမှုထမ်းတွေ ဌာနအရ အလုပ်အကိုင်အရ လိုအပ်ခဲ့ရင် ဘောင်းဘီ ၀တ်တာ ကောင်းပါတယ်။ စစ်မှုထမ်းတွေ၊ ပြည်သူ့ရဲတွေ၊ စက်ရုံအလုပ်သမားတွေ၊ ပို့ဆောင် ဆက်သွယ်ရေး အလုပ်သမားတွေ၊ အကောက်ခွန် ဌာနတို့လို ဌာနများတွေတော့ အလုပ်သဘောအရ လိုကို လို အပ်ပါတယ်။ တစ်ခါပလွှားမှုကင်းစေဖို့ ကျောင်းသူကျောင်းသားတွေ၊ စိတ်ဓာတ်တူညီကြစေဖို့၊ လမ်းစဉ် လူငယ်တွေ၊ ကြက်ခြေနီမောင်မယ်တွေ ၀တ်တာဘာမျှပြောဖို့ မရှိပါဘူး။ ဒါပေမဲ့ရုံးခန်းထဲမှာ ဖိုင်တွဲ ကို ဟိုစားပွဲက ဒီစားပွဲရွှေ့နေတဲ့ လူတွေက ဘာကြောင့် ဘောင်းဘီဝတ်ဖို့ လိုသလဲဗျ။ ငွေကုန်တာ လည်း မသက်သာဘူး။

ပင်    ။    ။ရုံးက ၀တ်စုံစရိတ် ထုတ်မပေးဘူးလား.....။

ကျွန်ုပ်    ။    ။ဒါတော့ မသိဘူးဗျ။ အ၀တ်စတော့ ရောင်းတယ်လို့ သိရတာပဲ။ အဲဒါကလည်း အထည်စက အသား မညက်ရင် ခါးထက်မတင်ချင်ကြတဲ့ ရုံးစရေးမများက အပြင်ထုတ်ရောင်းပြီး စိန်ဂျွန်းဈေးက တက်ထရက် ကို ၀ယ်ဝတ်ကြတာဗျ။ ကျုပ်ပြောချင်တာက အရှေ့တောင်အာရှမှာ မိမိတိုင်းပြည်ရဲ့ အမျိုးသား ၀တ်စုံကို မြတ်မြတ်နိုးနိုး တန်ဖိုးထားဝတ်ကြတာဟာ ကျုပ်တို့ မြန်မာပြည် လောက်ပဲ ရှိတော့တာ။ ဒါကြောင့် လိုအပ်တဲ့အမှုထမ်းတွေ ဘောင်းဘီဝတ်ပါ။ ဘောင်းဘီဝတ်ဖို့ မလိုတဲ့ ဌာန တွေအနေနဲ့ ကိုယ့်အမျိုးသားဝတ်စုံကိုပဲ တူညီဝတ်စုံလုပ်ပြီး ၀တ်စေချင်တယ်ဗျာ။ ဌာနဆိုင်ရာ တာဝန် ရှိသူတွေ ပြန်စဉ်းစားကြဖို့ ကျုပ်က  အပြုသဘောနဲ့ အကြံပေးတာပါ။

ပင်    ။    ။ဟုတ်တာပေါ့ဗျာ။ အစဉ်အလာဆိုတာ ထိန်းသိမ်းသင့်တာတွေကို ထိန်းသိမ်းထား ကြရမှာပါ။ အဲဒါကို သတင်းစာ မှာ ဆောင်းပါးတစ်ပုဒ်ရေးလိုက်ပေါ့ဗျာ။

ကျွန်ုပ်    ။    ။မရေးချင်ပါဘူးဗျာ။ ကျုပ်ဆောင်းပါးကို မြင်တာနဲ့ သတင်းစာအယ်ဒီတာတွေ ဖျား သွားကြမှာ စိုးလို့ သူတို့သိတော့နေပြီ။ ထင်တာပဲ။ ကျုပ်သိနေတာလည်း ကြာပါပြီ။ ခက်တာက ကျုပ် ကလည်း သူများ တိုင်းပြည်က သတင်းကားဆောင်းပါးမျိုး မရေးတတ်.....။

ပင်    ။    ။ဘာလဲဗျ သူများတိုင်းပြည်က သတင်းကား ဆောင်းပါးဆိုတာ။

ကျွန်ုပ်    ။    ။သြော်...ခင်ဗျားကလည်း တုံးရန်ကော၊ သူများတိုင်းပြည်က သတင်းကား ကြည့်ဖူးတယ် မဟုတ်လား။ သတင်းကားအစမှာ စာတမ်းထိုးကလည်းက လူတွေ မတ်တတ်ရပ်ပြီး လက်ခုပ်တီးနေတာက စတာ ချည်းပဲ။ ဘာ့ကြောင့်တီးမှန်း မသိရသေး ဘူး။ နောက်မှ  အကြိမ်ဘယ်လောက်မြောက် ဘာ အစည်းအဝေး ကျင်းပခြင်းဆိုတာ ပြောတယ်။ သတင်းကားအလယ်လောက်မှာ တစ်ခါတီးတယ်။ ပြီးတော့လည်း လက်ခုပ်တီးပြီးမှ အဆုံးသတ်တယ်။ တီးစရာရှိရင် တီးပေးမှာပေါ့ဗျာ၊ ဖြည်းဖြည်းပေါ့၊ ကျွန်တော် တို့လည်း မရိုင်းပါဘူး။ တိုင်းပြည်နဲ့ချီပြီး လက်ခုပ်တီးပေးရမယ့် ကိစ္စဆိုရင် လက်ဝါးတွေ ကွဲ သွား ပါစေ။

ပင်    ။    ။အံမယ်...အံမယ်...ခင်ဗျားမတီးတော့ကော ဘယ်သူက ဘာဖြစ်ရမှာလဲ...။

ကျွန်ုပ်    ။    ။မဖြစ်ပါဘူးဗျာ။ ကျုပ်လက်ဝါးနာ သက်သာတာပေါ့။ ကဲ....သွားလိုက်ဦးမယ်။ လမ်းလျှောက် ပြန်ရင် ထမင်းဟင်းချက်ရဦးမယ်။ ကျုပ်လက်တွေက တစ်ချိန်ကတော့ တိုင်းပြည်အတွက် သေနတ် ကိုင် ခဲ့တယ်။ တစ်ခါပြောင်းပြီး ကလောင်ကိုင်တယ်။ ဒီနေ့တော့ ယောက်မကိုင်တယ်။ 

ကဲ...ယောက်မ ကိုင်သော လက်များ အသင်းမှာ ခင်ဗျားလည်း အသင်းဝင် တစ်ယောက်ဖြစ်လာပြီဆိုတော့ ကြိုဆို ပါတယ် ဗျာ၊ နောက်မှ တွေ့ကြသေးတာပေါ့။
                   
ဆက်ရန်
.

1 comment:

Anonymous said...

မောင်သော်က စီးရီးစ်ကို ညကတည်းကဖတ်နေတာ မမရေ..
အခုနေ့လည်စာ စားရင်းနဲ့ဖတ်တာမှ အပိုင်း (၁၂) ဖြစ်နေတယ်။ :D
su