Saturday, November 12, 2011

မောင်သော်က ၏ ညနေခင်းများ, အပိုင်း (၁၅)

ပင်စင်နာတစ်ဦး၏ အာလူးမှတ်တမ်း(၃)
ရန်ကုန်မြို့ရှိ အပေါက်များအကြောင်း

ရန်ကုန်မြို့တွင် များစွာသောအပေါက်များ ရှိကြလေသည်။ ၎င်းတို့သည် မြို့တော်၏ ဂုဏ်အင်္ဂါ ကို မှေးမှိန် သေးသိမ် ပေသည်။ ယခုအချိန်ကဲ့သို့ ရန်ကုန်မြို့တော်ကို ကမ္ဘာ့ထိပ်တန်း မြို့တော် နှင့်အညီ အင်္ဂါမီစေရန် ကြိုးပမ်း နေကြသော အခါမျိုး၌ ရုပ်ပျက်ဆင်ပျက်နိုင်သည့် ဤအပေါက်များ ကို အမြန်ဆုံးရှင်းလင်းရမည် ဖြစ်သည်။

ခင်ကြီးပျက်များကဲ့သို့ ပါးမြိုင် မုတ်ဆိတ်ဗရပျစ်၊ ချေးညှော် လက်လေးသစ်နှင့် တိုးရစ်စ် ခေါ်သည့် မျက်နှာဖြူ များသည် ဤအပေါက်များကို အမှတ်တရ ဓါတ်ပုံ ရိုက်ယူကြသည်ကိုပင် တွေ့ရဖူးသည်။ ရန်ကုန်မြို့ ပေါ်သို့ တစ်ခါတစ်ရံမှ အလည်အပတ်ရောက် ကြသည့်တောနယ်မှ ဦးကြီးများသည် ဤ အပေါက် များ၏ အန္တရာယ်ကြောင့် အကြီးအကျယ် ဒုက္ခ ရောက်သွားနိုင်ကြသည် ။ ညအချိန်တွင် အပေါက် တို့၏ အန္တရယ် ပို၍ထူပြော၏။ အသွားမတော် တစ်လှမ်း ဟူသကဲ့သို့ အလှမ်းမတော် ကျိုး၍ ပင် သွားနိုင်ပေသည်။ ကျွန်တော်မိတ်ဆွေ ပင်စင်နာ တစ်ဦးကျိုးသွားခဲ့ဖူးလေပြီ။

ကျွန်တော့်မိတ်ဆွေ ပင်စင်နာသည်လည်း နံနက်စောစော လမ်းလျှောက်တတ်သူ တစ်ဦး ဖြစ်သည်။ သူသည် ထိုနေ့က ခါတိုင်းလျှော်ကနေကျ မြို့ဆင်ခြေဖုံးလမ်းတွင် မလျှော်ကဘဲ မြို့တွင်းဝယ် နံနက်စာ တွယ်ဖို့ ဆန္ဒစောနေခြင်းကြောင့် ဝေလီဝေလင်းတွင် မြို့တွင်းလျှောက်လာခဲ့ သည်။ အလင်းရောင်လည်း ကောင်းစွာ မလာသေးသည့်အချိန် ဖြစ်သည့်အပြင် သူ့မျက်စိများမှာ မျက်မှန်အကူအညီယူပါမှ ကြည်လင် စွာ မြင်ရသူဖြစ်ခြင်းကြောင့် ပလက်ဖောင်းပေါ်သို့ တက်လိုက် သည်တွင် အပေါက်နှင့် ဖူးစာဖက်မိကာ ခြေမျက်စိရိုး ကျိုးသွားခဲ့ရသည်။ သူသည် သုံးလေးလမျှ ကျောက်ပတ်တီး စည်းနေခဲ့ရသည်။

ဤအပေါက်များသည် လူကိုသာလျှင်မက မော်တော်ယာဉ်များကိုပါ များစွာ ဒုက္ခပေးလျက် ရှိသည်။ လေးကျိုးသောကား၊ အက်ဆယ်ကျိုးသောကားများလည်း မရေတွက်နိုင်တော့။ အချို့သော အပေါက် များသည် မည်မျှကြာမြင့်ပြီနည်းဟူမူ နှစ်ပတ်လည်ပွဲပင် ဆင်ယင်ကျင်းပနိုင်ကြ ပြီ ဖြစ်သည်။ အနော်ရထာ လမ်းမကြီးပေါ် ၃၁ လမ်းထိမ်မှ အပေါက်သည် ဒုတိယနှစ်ပတ်လည်ပွဲပင် ကျင်းပတော့မည်ဟု ကြားသိ ရသည်။ အပေါက်မှာလည်း သေးငယ်မသွားဘဲ တစ်နေ့တစ်ခြား ကြီးမား၍သာ လာနေသည်။ ကမ်းနားလမ်း နှင့် ဘုရားလမ်းဆုံရာထောင့်မှာ အပေါက်သည်လည်း ထိုနည်းနှင်နှင်ဖြစ်၏။ အချို့အပေါက် များကိုမူ လူသူမြင်သာစေရန်အတွက် ၀ါးလုံးတိုင်ယိုင်နဲ့နဲ့ အလံနီးလေး အချက်ပြထောင်ထားခဲ့ရာ အလံနီလေး များပင် နေရော်အရောင်ပျက်၍ အနားများ ဖွာ ထွက်နေကြပေပြီ။ သနားစရာ့ အလံနီလေး အချို့မှာ ၀မ်းနည်းခြင်း အထိမ်းအမှတ်လားမသိ တိုင်ဝက်၌ ယဲ့ယဲ့ကလေး ခေါင်းစိုက်ဆွေးနေသည်မှာ မမြင်ရက် မမြင်သာ ရှိလှသည်။ ညအခါတွင်မူ လမ်းသွားလမ်းလာတို့၏ ခြေထောက်ရိုးကို အာဟာရအဖြစ် မှီဝဲ စားသုံး နေသည်။

မော်တော်ကား ဘီးခွန်မြူခွန်ကို မှန်မှန်ဆောင်၍ မောင်နှင်ရသည့် မော်တော်ကားများမှာ ရှပ်ဝင်ရိုး ကျိုးသည် ထိတိုင်လည်း Tort Rule (တော့ဒ်ဥပဒေ) ဆိုသည်ကို မကြားဖူးခြင်းက အများ ကြီးကောင်း နေပေသေးသည်။ သူတို့သည် ဤနှစ်ရှည်ကာလများ အပေါက်ကြီးများကို မမြင် မိ၊ သတိမထားမိသည့် သူတို့ ကိုယ် သူတို့သာလျှင် အပြစ်တင်ဖို့ရင်း ကားကို ၀ပ်ရှော့ထိုး၍ ကိုယ့်စရိတ် နှင့် ကိုယ် ပြင် သွား ကြသည်။ ခြေကျိုးသူများကလည်း မိမိကိုယ်ကို ကံမကောင်းသူများမို့ ကံနိမ့်စဉ် ခံလိုက်ရသည်ဟု ညည်းတွား ကာ ‘ဟိုဗေဒင်ဆရာမှန်သားပဲဗျ၊ ကျုပ်ကို အနာတရဖြစ်လိမ့်မယ်လို့ ဟောလိုက်တာ ကျုပ်က သတိမထားမိဘူး ယတြာချေဖို့မှာလိုက်ရဲ့သားနဲ့ ကျုပ်ကိုက မေ့သွားလို့ ဒီလိုဖြစ်ရတာပါဗျာ။ အိုး ကျွတ်ကျွတ် ကျွတ်ကျွတ် ….’ ဟု ဝေဒနာခံစားရင်း မည်သူမျှ တာဝန်မဖို့။ နင်ဖြစ်လျှင် နင်သာခံဟူသော လောကဓံ တရား ကို ရင်ဝယ်ပိုက်နိုင်သည်မှာ ကျွန်တော်တို့ မြန်မာလူမျိုးများ၏ ချစ်စရာ ကောင်းကွက် ကလေး များပင် ဖြစ်နေပါတော့သည်။

ကောင်းပေပြီ။ ဒီအပေါက်တွေ ဘယ်ကရောက်လာသနည်း။ ပထမရောက်လာခြင်းမှာ မသမာသူများ၏ လက်ချက် ဖြစ်ပါသည်။ သံတို သ့စသ့ကြွပ်မှန်သမျှကို အရည်ကျိုသွန်းလောင်း၍ ပိုက်ဆက်များ၊ တံတောင်ဆစ် ချိုး ဆက်များအဖြစ် စီးပွားဖြောင့်နေကြသည့် သံရည်ကျိုအလုပ် သမားက ၀ယ်ယူနေမှု ကြောင့် မြောင်းအဖုံး များ ပျောက်၍ အပေါက်ဟောင်းလောင်း ဖြစ်နေသည်။

မြောင်းအဖုံး ကျောက်ပြား များမှာလည်း ပြည်သူ့နီတိ မသိကြသည့် ပြည်သူများ၏ တာဝန်မဲ့မှုကြောင့် ဟောင်းလောင်း ဖြစ်ရသည်။ နောက်ဆုံးအားဖြင့် ရန်ကုန်လူဦးရေထက် များသော ကြွက်များ ကိုက်ဖြတ် မှု့ကြောင့် နိမ့်ချိုင့် ကျိုးကျကာ အပေါက်ဖြစ်လာရသည်။ ဤသို့လျှင် မသမာစီးပွားရေးသမား၊ ပြည်သူ့ နီတိ မသိသည့် မြို့နေလူထုနှင့် ဘာကိုမျှမသိသည့် မြေအောက်သောင်းကျန်းသူ ကြွက်များကြောင့် ကျွန်တော် တို့မြို့တော်တွင် အပေါက်အန္တရာယ် ထူပြောခြင်း ဖြစ်ရပါသည်။ လက်သည်တရားခံသည် ဤသုံးဦး သာလျှင် အမှန်။ သို့ကြောင့်…..
၁။ မိမိတစ်ဝမ်းတစ်ခါး အတွက် အများခြေကျိုးစေရန် ပြုနေသည့် သံရည်ကျို စီးပွားသောင်းကျန်းသူ များကို ဖော်ထုတ်ရန်၊
၂။ မြို့ကြီးသား တို့၏ အင်္ဂါနှင့်အညီ နေထိုင်တတ်သည့် အကျင့်ပျက်များကို ပြင်းထန်စွာ အရေးယူရန်။

၃။ ဗလာနံအဖျက်သများ ကြွက်များကို မြေပေါ်မြေအောက် မကျန်သုတ်သင်ခြေမှုန်းရန်… ဟူ၍ သာလျှင် ကျွန်တော်တို့ အဓိဠာန်စွဲမြဲကြရမည် ဖြစ်ပါသည်။ အခြားသူများ စိုးရိပ်သောကပွားလျက် မိမိတာဝန် မကင်း ထင်ကာ မှေးစက်မပျောက် မဖြစ်ကြစေရန်လည်း ဆုတောင်းပတ္ထာနာချွေလိုက် ပါသည်။ သတ္တ၀ါ အများ ကျန်းမာချမ်းသာကြပါစေ။ 

ပုံ/မောင်သုမန.။ အဲ အဲ မောင်သော်က။

ဆောင်းပုရစ်

ကျွန်တော် သည် နံနက်စောစောတွင် အပေါက်များကို ရှောင်ကွင်း၍ လမ်းလျှောက်ဆဲ၊ သို့လျှင် ဘာဝနာ ပွား လျက် မေတ္တာပို့ခြင်းအမှုကို ပြုပြီးသည့်နောက် စိတ်တွင် စိုးနှောင့်စိတ်ကလေး တစ်ချက်က အမှတ်မထင် ၀င်လာပြန်ပါသည်။ ဆောင်းရာသီဝင်ခဲ့ပြီ၊ ဒီဇင်ဘာလရောက်တော့မည်။ ဒီဇင်ဘာ အားကစား ပွဲတော် လတွင် စောစောအိပ်လို့၊ စောစောထလို့၊ စောစောလမ်းလျှောက်ကြပါ စို့ဟူသည့် လောစပီကာ မှ သီချင်းသံများလည်း နှင်းထုကို ထွင်းဖောက်တော့မည်။

လမ်းကြီးလမ်းငယ် အသွယ်သွယ်တို့တွင်လည်း တစ်လမ်းလုံးကို ပိတ်ဆို့ကာ ထုပ်ဆီးတိုးသူများ၊ ဘောလုံး ကစား သူ များ၊ ဘောလီဘောပွဲကျင်းပသူများ၊ တာတိုပြေးပွဲ ပြုလုပ်သူများသည် ဆောင်းပုရစ် ထွက်သကဲ့ သို့ ထွက်ပြူလာကြပေဦးတော့မည်။ လမ်းလျှောက်၍ မကောင်းတော့၊ ကားမောင်းရန်မှာမူ မစဉ်းစား နှင့်တော့။

ကျွန်တော် တို့သည် ဒီဇင်ဘာကို အားကစားလအဖြစ် သတ်မှတ်ကာ အမျိုးသား ကိုယ်လက်ကြံ့ခိုင် ရေး အတွက် လှုပ်ရှားမှုပြုသည်မှာ အလွန်လျော်ကန်သင့်မြတ်လှပါသည်။ သို့သော် အများပြည်သူ သွားလာ သည့် ယာဉ်မောင်းလမ်းမကြီးများကို ပိတ်ဆို့ကာ ယာဉ်မောင်းများ ဒုက္ခရောက်စေသည် အထိ တရားလွန် ပြုလုပ်နေခြင်းများကိုမူ စဉ်စားသင့်ကြပါသည်။

တစ်ဖန် လှုံ့ဆော်စည်းရုံးမှုပြုရာ၌လည်း အသံချဲ့စက်တပ်ဂျစ်ကားများနှင့် ညဥ့်နက်သန်းကောင် အထိ အသံကုန် ဖွင့် ဆော်သြခြင်းကိုမူ ရှောင်ရှားသင့်ပေသည်။ မနှစ်က ကျွန်တော့်မိတ်ဆွေ ပင်စင်နာ တစ်ဦးဖြစ်ပုံ မှာ ရယ်ဖို့ပင် ကောင်းသေးတော့သည်။ သူသည် တစ်မတော်တွင် ရှိစဉ်ကတည်းက ဦးခေါင်း တွင် ဒဏ်ရာရခဲ့ဖူးသူတစ်ဦး ဖြစ်ခြင်းကြောင့် သူလုပ်ရပ်များမှာ ဇွတ်တရွတ် နိုင်လှသည့်အတွက် ဗိုလ်ဦးနှောက် ဟူ၍ နာမည်ကြီးခဲ့သူတစ်ဦး ဖြစ်သည်။

တစ်ည ဆယ်နာရီ၊ ဆယ့်တစ်နာရီ ခန့် တွင် သူနေထိုင်ရာ ရပ်ကွက်ရှိ သူ့တိုက်ခန်း အောက်တည့်တည့်မှ အသံချဲ့စက် နှင့် ဟစ်နေသည့် အဖွဲ့ကို မခံသာနိုင်တော့သည်၌ မီးဖိုချောင်ပြတင်းဝမှနေကာ မီးသွေးခဲနှင့် ပစ်ပေါက် လိုက်သည်တွင် အချင်းများကြရသည်။ သူဖြေပုံကို ကြည့်ပါဦး။ အေးမင်းတို့က စောစောအိပ်လို့၊ စောစောထ ဆိုလို့ ငါအိပ်နေပြီပဲကွ။ ဘာပြုလို့အချိန်မဲ့ လိုက်အော် နေရသလဲ။ အခု မင်းတို့လာအော်တော့ ငါနိုးသွားပြီ။ ပြန်အိပ်လို့မရတော့ဘူး။ အဲဒီတော့ စောစော မထနိုင်တော့ဘူးကွ။ မင်းတို့လုပ်တာနဲ့ အားကစား ရာသီကို ငါက မထီမဲ့မြင် ပြုရာကျတော့မယ် ဟု ပြန်လည်ရန်တွေ့လိုက်သည်။ အစွန်း ရောက်သူများ ထိပ်တိုက် ဖြေရှင်းပွဲ သည် အမှုတွဲ ဖြစ်လာရ၏။

ဟုတ်ပါ၏။ ကျွန်တော်တို့သည် ရည်မှန်းချက်တစ်ခုကို လက်တွေ့အကောင်အထည်အဖြစ် ဘာသာပြန် ဖော်ထုတ်ကြရာ ၌ ဘာသာပြန်လွဲမှားလျှင် တစ်လွဲတစ်ချော် ဖြစ်နိုင်သည်ကို တွေးရင်း စောစောထလို့ စောစောအိပ်ကြပါစို့လား။

အင်္ဂလိပ်ရှ်နိုးဂွတ်

အထက်ခေါင်းစဉ် နှင် ဆောင်းပါးတစ်ပုဒ်ကို လုပ်သားပြည်သူ့နေ့စဉ် သတင်းစာ၌ ၁၉၇၅/၇၆ တစ်ဝိုက် ဆီက ကျွန်တော် ရေးသားခဲ့ဖူးပါသည်။ ကျွန်တော့်ဆောင်းပါးကို  အပို့ဆောင်းပါးအဖြစ် ဆရာမောင်ထင် က ဘားမီးစ်ရောဂွတ်သလား ဟု ထပ်ဆင့်ရေးသားခဲ့သည်ကိုလည်း မှတ်မိကောင်း မှတ်မိကြပါလိမ့်ဦးမည်။

ကျွန်တော့်ဆောင်းပါး ၏ မူရင်းအဘော်မှာ ယနေ့အခြေခံပညာရေး အထက်တန်းသင်တန်းသားများ အဖို့ အင်္ဂလိပ်စာ သည် တတ်ကျွမ်းအောင် သင်ယူရသည့် ဘာသာတစ်ရပ်မဟုတ်မူဘဲ၊ ကျောင်းသားများကို သက်သက်စာမေးပွဲချရန် ဖန်တီးထားသည့် ကျောင်းသားနှိပ်စက်ဘာသာရပ် ဖြစ်နေပါပြီ။ ကျောင်းသား တစ်ဦး သည် ဘာသာရပ်အားလုံး ၌ ထူးချွန်သည်။ အင်္ဂလိပ်စာ၌ မှတ်ပြည့် မရ၍ စာမေးပွဲ တစ်ဖုံးဖုံး ကျနေသည်။ တစ်ဖန် အင်္ဂလိပ်စာအောင်သွားသည့် ကျောင်းသားကိုလည်း ကြည့်ပါဦး။ အင်္ဂလိပ်-မြန်မာ ဆယ်တန်း အောင် သည်သာဆိုရသည်၊ အင်္ဂလိပ်စာကို အတန်ထိ ရောက်ပေါက်မြောက်စွာ သင်ကြား မပေးနိုင်လျှင် အလျဉ်း မသင်ပါနှင့်တော့။ ကလေးတွေနှိပ်စက် သည့်ဘာသာအတိုင်းအတာ အထိ တတ် မြောက်အောင် သင်ကြားစေလို၍ ဖြစ်သည်။

ဆရာမောင်ထင်ကလည်း အင်္ဂလိပ်စာကို ဖြစ်မြောက်စွာ မတတ်ပါလျှင် မြန်မာစာကော တတ်ကျွမ်း ပါသလော ဟု ထပ်မံစောကြောကာ ကျွန်တော့ဆောင်းပါးကို တစ်ဘက်မှ လှည့်၍ ပို့ပေးခဲ့ပါသည်။  ဆရာ မောင်ထင် ထောက်ပြသကဲ့သို့ပင် ကျွန်တ်ာတို့၏ လူ့မျိုးနွယ်ဝင်ခဲ့ပြီ ဖြစ်သည်။ ယနေ့အင်္ဂလိပ်စာကို လုပ်စား ကိုင်စားထိ ရေးသားနိုင်သူများမှာ အသက်လေးဆယ်ကျော်အရွယ် ငါးဆယ်နီးပါးမျှသာလျှင် ကျန်ရှိ တော့သည်။ လူရွယ်ပိုင်းတွင် အင်္ဂလိပ်စာကို ရေးသားရန်မဆို ထားနှင့် ပြောရန်မှာဝေလာဝေး။ သဘော ပေါက် ဖတ်ရှုနိုင်သူပင် ရှာမှရှား ဖြစ်နေသည်။

ဤသည်မှာလည်း ကျွန်တော်စောစောက ဒီဇင်ဘာအားကစားလနှင့် ပတ်သက်၍ တင်ပြခဲ့သည့် အတိုင်း မူဝါဒ တစ်ရပ်ကိုချမှတ်၍ လက်တွေ့အားဖြင့် ဘာသာပြန်ရာ၌ အစွန်းရောက်သွားသည့် အဖြစ်မျိုးပင်။ ကျွန်တော် တို့သည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရသည်၌ (တက္ကသိုလ်ပညာရပ် များကို  မြန်မာဘာသာဖြင့် သင်ယူရနိုင်ရေး) ဟူသည့် မူဝါဒတစ်ခုကို ဦးတည်ချက် တစ်ခုထားခဲ့ကြသည်။ အလွန်ကောင်းသော ဦးတည်ချက် ဖြစ်ပါသည်။

အောင်မြင်မှုလည်း ရရှိခဲ့ပါသည်။ သို့သော် လက်တွေ့ကျင့်သုံးရာ၌ တစ်ဖက်စွန်းရောက်သွားကာ တက္ကသိုလ်ပညာကို မြန်မာဘာသာဖြင့် ဆည်းပူး၍ ရနေမှတော့ကာ အင်္ဂလိပ်စာတတ်ဖို့ မလိုတော့ဟူသော အယူအဆ တစ်ရပ်က ခေါင်းထောင်ထလာတော့သည်။ ဤအယူအဆကို မသိကျိုးကျင်ပြုနေခဲ့ရာ အနှစ်နှစ်ဆယ်ကျော်သောအခါတွင် မြန်မာပြည်၌ အင်္ဂလိပ်စာကို လူရာဝင်အောင် ရေးတတ် ပြောတတ် သည့် ပညာတတ်လူငယ်များ ထွက်ပေါ် မလာတော့ပေ။ ဦးဆောင်လူမျိုး အနွယ်၏ နေရာကို ဆက်ခံမည့် လူရွယ် အနွယ် သည် အင်္ဂလိပ်စာအရာ တွင် နလပိန်းတုံးဖြစ်ခဲ့ ကြတော့သည်။

ပညာရေးသည် အစမ်းအသပ် မခံပေ။ လုပ်ကြည့်သေးတာပေါ့။ မှားမှပြန်ပြင်ကြစို့ဟူသည့် (Trial And Error) ၀ါဒသည် ပညာရေး၌ လုပ်ဆောင်၍ မရပါ။ ပညာရေးစနစ်တစ်ခု၏ ချို့တဲ့ချက်ကို သိသာ ထင်ရှား လာစေရန်မှာ အနည်းဆုံး ၁၀ နှစ် ၁၅နှစ်မျှကြာမှ သိရသည်။ သိသောအခါကျမှ ပြန်ပြင်ကြစို့ဆိုသော် နောက်ထပ် ၁၀ နှစ် ၁၅နှစ်ကြာမှသာ မှန်ကန်သောစနစ်၏ အသီးအပွင့်များကို မြင်ရသည်။ ကြားကာလ ၂၅-၃၀ လူမျိုးနွယ် တစ်ခုလုံး မှာမူ နာလန်မထူတော့ပြီ ဖြစ်သည်။

ကျွန်တော်သည် ပညာရေးနယ်ပယ်တွင် တစ်စုံတစ်ရာသာ သင်ကြားမှုစနစ်ကို ချမှတ်ပေးနိုင် စွမ်းသည့် ပညာရေး ပါရဂူ တစ်ဦးအဖြစ် ဟန်မဆောင်လိုပါ။ မည်သည့်အရွယ်၊ မည်သည့်အတန်းမှ စတင်၍ မည်ကဲ့ သို့ ပို့ချသင်ကြားရမည်ကို ထုတ်ဖော်နိုင်စွမ်းရှိသူ မဟုတ်ပါ။ သို့သော် ကျောင်းသား တစ်ယောက်သည် မည်မျှ လောက် တတ်မြောက်သင့်သည်ဟူသော ပန်းတိုင်ကိုမူ ကျွန်တော်၏ ပညာရေးဘ၀နှင့် ထင် ဟပ်ကာ ပြောတတ်ပါသည်။

ကျွန်တော်သည် တက္ကသိုလ်ဝန်ထမ်းသာလျှင် အောင်သူတစ်ဦးဖြစ်ပါသည်။ တက္ကသိုလ်ပညာရေးတွင် တက္ကသိုလ် မြက်ခင်းပေါ် ဖြတ်၍သာ ပြေးခဲ့ ဖူးပါသည်။ ဘွဲ့ဒီဂရီဆိုလျှင် ဘွဲ့နှင်းသဘင် ခန်းမ၏ အုတ်နံရံ များကို လက်ဝါးဖြင့် ကိုင်မကြည့်ခဲ့ဖူးပါ။ ကျွန်တော်ပြောတတ်သည်မှာ အခြေခံပညာရေး အထက်တန်း အောင်မြင်သည်ဆိုသည့် ကျောင်း သားတစ်ဦးသည် မည်မျှတတ်မြောက်သင့်ပါသနည်း။

ကျွန်တော်တို့သည် မြန်မာစာကို အဓိကအခြေခံ ပင်ရင်းဘာသာအဖြစ်ထားလျက် အင်္ဂလိပ်စာကို ကမ္ဘာ့မျက်ဖွင့် ဘာသာအဖြစ် တစ်ရင်းတစ်နှီးထား သင်ကြားရမည်ဖြစ်လေရာ ဆယ်တန်းကျောင်း သား တစ်ဦး သည် မြန်မာစာပေတွင်-
(၁) ဇာတ်ကြီးဆယ်ဘွဲ့အနက် အနည်းဆုံးနှစ်ဘွဲ့မျှ သင်ကြားပြီးဖြစ်ရမည်။
(၂) ပျို့၊ ကဗျာ၊ လင်္ကာ၊ ရတုတို့၏ အခြေခံကို သိထားရမည်။
(၃) မြန်မာဘာသာဖြင့် စာစီစာကုံး၊ စကားပြေ ချောမွေ့စွာရေးသားနိုင်သူဖြစ်ရမည်။
ဤသည်တို့မှာ မြန်မာစာပေ၏အခြေခံ။ အင်္ဂလိပ်စာတွင်လည်း ထိုနည်းတူစွ။
(၁) ဂန္ထဝင်မြောက် အင်္ဂလိပ်စာပေဝတ္ထု အနည်းဆုံးနှစ်အုပ်မျှ သင်ကြားပြီးဖြစ်ရမည်။ (ရော်ဘင် ဆန်ကရူးဆိုး၊ ရတနာဒီပ၊ ဘောင်တီသင်္ဘောပုန်ကန်မှု၊ အိုင်ဗင်ဟို စသည်)
(၂) ပြဇာတ်တစ်ပုဒ်နှင့် အင်္ဂလိပ်ကဗျာလက်ရွေးစင် စာအုပ်ငယ်တစ်အုပ်မျှ ကျေကျေလည်လည် သင်ကြားပြီးဖြစ်ရမည်။ (ဥပမာ- ရှိတ်စပီးယား ပြဇာတ်နှင့် ခေတ်ပေါ်ကဗျာများ)
(၃) စာစီစာကုံးတစ်ပုဒ်ကို အမှားကင်းစွာ ရေးသားနိုင်မည်။

ဤအဆင့်အထိ သင်ကြားပေးနိုင်ခဲ့လျှင် အခြေခံပညာရေးအထက်တန်းအောင်မြင်သည့် လူငယ် တစ်ဦး သည် သူ့နှာခေါင်းနှင့်သူ အသက်ရှူနိုင်ပေပြီ။ ယခုသော် အင်္ဂလိပ်စာတွင် ဝါကျတစ်ခုကိုမျှ ကိုယ့်ဘာသာ မတည်ဆောက်တတ်။ အင်္ဂလိပ်/အင်္ဂလိပ် အဘိဓာန်လည်း မကြည့်တတ်ခြင်းကြောင့် မီးနင်း (ဝါ) မီးနိင်း စာအုပ် မျိုးကို အားကိုးအားထားပြုနေရ၊ မြန်မာစာအရာ၌လည်း ပါဠိအဆင့်ကို ဖတ်နိုင်ရန်မဆိုထားနှင့် “တပဿီ”ဟူသောစာလုံးပင် မှန်အောင်မဖတ်တတ်ဖြစ်နေကြသည်။

ယနေ့အချိန်အခါတွင် နိုင်ငံတော်သမ္မတကြီးနှင့် ပါတီဥက္ကဌကြီး၏လမ်းညွှန်မှုအားဖြင့် ဤလစ်ဟင်း ချက် ကို ဖြည့်တင်းကြရန် အစွမ်းကုန်ကြိုးစားလျက်နေကြသည်ကို ဝမ်းပန်းတသာ ကြိုဆိုရပါသည်။ နိုင်ငံတော် သမ္မတကြီး၏ဆန္ဒနှင့်အညီ လမ်းညွှန်မှုများကို အကောင်အထည်ဖော်ရာ၌ ဆိုင်ရာကဏ္ဍ တွင် တာဝန် ရှိ သူတိုင်း ဝိုင်းဝန်းဖော်ဆောင်ကြရမည်ဖြစ်သည်။ သို့သော် နိုင်ငံတော်သမ္မတကြိးက တစ်စုံတစ်ရာ မိန့်မြွက် လေတိုင်း အခွင့်အလမ်းကို ချောင်းလေကြသူများက မဆီမဆိုင် ထ အာကြ သည်ကိုတော့ လက်မခံနိုင်ပါ။ နိုင်ငံတော် သမ္မတကြီး၏လမ်းညွှန်မှုများကို အရင်းအနှီးပြုကာ မိမိ ကျော်ကြားရေးနှင့် မိမိ စီးပွား ဖြစ်ထွန်းရေး တို့အတွက် အမြတ်မထုတ်သင့်ကြပါ။ မလေးစားရာ ကပျက်ကချော်ပြုရာ ရောက်ပါသည်။ ခုတုံး လုပ်ရာ ရောက်ပါသည်။

အသက်ကြီးပေမယ့်လည်း စီးပွားရေးလောဘ ဝင်လာသောအခါတွင် အမှားပြုတတ်ကြပါသည်။ မြန်မာပြည် တွင် အမည်အားဖြင့်ပင် လေးစားထိုက်သည့် ပုဂ္ဂိုလ်ကြီးတစ်ဦးက မိမိကိုယ်တိုင် ဦးစီး သင်ကြား နေသည့် ကျူရှင်ကျောင်းတွင် နိုင်ငံတော်သမ္မတကြီး၏မိန့်ခွန်းကို ထုတ်နုတ်ဖော်ပြလျက် စီးပွားရေး ကြော်ငြာ လုပ်၍ ပိုစတာဆိုင်းဘုတ်တင်ခြင်းမျိုးမှာ မသင့်လျော်ပါကြောင်းကို အားမနာစွာ ဖော်ပြ လိုက် ရပါကြောင်း။

သောင်းပြောင်းထွေလာရယ်စရာ၊ ဒီဇင်ဘာ၊ ၁၉၇၉
.

No comments: