(၂၀)
ခေတ္တအနားယူလိုက်ရခြင်း ကတိုက်ကရိုက် စားသောက်လိုက်ရခြင်းနှင့် ပူပူလောင်လောင် ချိုချိုကျကျ ကော်ဖီ သောက်လိုက်ရခြင်းတို့ကြောင့် စင်တိန်အဖို့ မောပန်းနွမ်းနယ်မှုများ လျော့ပါးသွားသလို ရှိသည်။
ထို့နောက် ခရီးပြင်းဆက်လာသောအခါ အပူရှိန်ကြောင့် ပင်ပန်းနွမ်းလာပြန်သည်။ ထို့ကြောင့် စင်တိန် သည် မြင်းပေါ် မှာ ခွေယိုင်နွမ်းလျနေသည်။ ဘလိန်းကမူ မြင်းပေါ်၌ မတ်မတ်ထိုင်ကာ စီးနေသည်။ သူ့အဖို့ ပင်ပန်းနွမ်းနယ်နေသည့်ပုံ မပေါ်ပေ။
"နောက်ဆယ်မိနစ်ကြာယင် ကျွန်တော်တို့ ရေသောက်ဖို့ ခဏနားတာပေါ့" ဘလိန်းက စင်တိန်အား လှမ်း ပြောလိုက်သည်။
"ကျွန်မ အခြေအနေ ကောင်းပါတယ်"
"ကျွန်တော်တို့အားလုံး ပင်ပန်းနေကြပါပြီ၊ ပင်ပန်းတာကို ၀န်ခံရတာ၊ ရှက်စရာ မဟုတ်ပါဘူး" ဘလိန်းက စကား ရပ်လိုက်ပြီး၊ မျက်စိပေါ်မှ လက်ဖြင့်အုပ်ကာ ရှေ့ဘက်က လှမ်းကြည့်လိုက်သည်။
"ဟိုရှေ့ကဟာ ဘာလဲ" စင်တိန်က မေးလိုက်သည်။
"ဘာရယ် ထင်ထင်ရှားရှား ကွဲကွဲပြားပြား မမြင်ရသေးဘူး"
ဘလိန်သည် လည်ပင်း၌ ဆွဲထားသော မှန်ပြောင်းကို မျက်စိတွင် အပ်ကာ ကြည့်လိုက်သည်။
ဘလိန်းက မှန်ပြောင်းကို စင်တိန်အား ပေးလိုက်ရာ၊ စင်တိန်က ယူကြည့်လိုက်သည်။
"ဘလိန်း ... စိန် တွေ၊ အဲဒါ စိန်ထည့်တဲ့သေတ္တာ၊ သူတို့ စိန်တွေကိုချထားခဲ့ပြီ"
ပင်ပန်းနွမ်းနယ် မှုများသည် စင်တိန်တစ်ကိုယ်လုံးမှ ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားသည်။ ဘလိန်း က မတားလိုက်မီမှာပင် စင်တိန်က သူမမြင်းကိုက စုန်စိုင်းပြီး ရှေ့သို့ တဟုန်ထိုး ထွက်သွား သည်။ ရှေ့မှ ပြေးနေသော လူပုကလေးနှစ်ယောက်ကိုပင် သူမမြင်းက ကျော်တက်သွားသည်။ သူမ မြင်းနောက် မှ တွဲချည်ထားသော မြင်းအပိုနှစ်ကောင်ပါလိုက်ပြီး ကဆုန်စိုင်းရတော့သည်။ မြင်းများ ကျောပေါ် ၌ တင်ထားသော ရေပုလင်းများလည်း ဘောင်ဘင်ခတ်ပါသွားသည်။
"စင်တိန်"
ဘလိန်းက လှမ်းအော်လိုက်ပြီး စင်တိန်အား လိုက်ဆွဲရန် သူ့မြင်းကိုလည်း ကဆုန့်စိုင်းစေပြီး နောက်မှ လိုက်သွားသည်။
ရှေ့မြင်း နှစ်ကောင် ကစုန်စိုင်းသွားသည်ကို မြင်သောအခါ တပ်ကြပ်ကြီး ဟန့်စ်မေယာသည် ကျန် တပ်သား များနှင့် မြင်းများအားလုံး ကဆုန်စိုင်းပြီး လိုက်ပါချီတက်စေသည်။
"တပ် ... ရှေ့သို့ အမြန့်ချီတက်"
အမိန့်သံ ဆုံးသည်နှင့်တစ်ပြိုင်နက် နောက်မှ မြင်းအားလုံး လိုက်ပါ ချီတက်သည်။
ထိုအချိန် တွင်ပင် စစ်တိန့် မြင်းကြီးက နာကျင်သော ဝေဒနာ ခံစားရသည့်အသံဖြင့် မြည်ဟည်းလိုက်ပြီး ပတတ်ရပ် လိုက်ရာ စင်တိန်သည်ပင် မြင်းပေါ်မှ ကျသွားမလို ဖြစ်သွားသည်။ ထိန်းထားနိုင်၍သာ မြင်းပေါ် မှ ကျမသွားခြင်း ဖြစ်သည်။ နောက်မှ ပါသွားသော အပိုမြင်းများကလည်း နာကျင်သော အသံဖြင့် မြည်ဟည်းကာ ကန်ကျောက်ရုန်းကန်ကြသည်။
ဘလိန်း က သူတို့ကို ထိန်းသိမ်းရန် သူတို့အနားရောက်အောင် ကြိုးစားရသည်။ သို့သော် သူ့အဖို့ နောက်ကျ သွားသည်။ သူ့မြင်းလည်း ဒူးထောက်ကျသွားသည်။ သူ့နောက်မှ အပိုပါလာသော မြင်းများ လည်း ၀ရုန်းသုန်းကား ဖြစ်သွားသည်။
"ရပ် ..."
ဘလိန်းက အော်ဟစ် အမိန့်ပေးလိုက်သည်။ လက်ဖြင့်လည်း အချက်ပြလိုက်သည်။ တပ်ကြပ်ကြီး ဟန့်စ်မေယာ က တွေ့မြင် ကြားသိသွားပြီး သူ့နောက်မှ တပ်သားများကို ထပ်ဆင့်အမိန့်ပေးလိုက် သည်။
"ရပ် ... တပ်ဖွဲ့ ...ရပ်"
သူနှင့် နောက်မှ မြင်းတပ်သားအားလုံး ထိုနေရာတွင် ရပ်လိုက်ကြသည်။ ဖုန်များ တထောင်းထောင်း ထသွားသည်။
စင်တိန် သည် မြင်းပေါ်မှ ခုန်ဆင်းပြီး မြင်း၏ ရှေ့ခြေထောက်နှစ်ဘက်ကို ကြည့်လိုက်သည်။ ရှေ့ ခြေနှစ်ချောင်း က အကောင်းပကတိ ရှိသည်။ ထို့ကြောင့် နောက်ခြေထောက်ခွာတစ်ဖက်ကို မကြည့် လိုက်ရာ၊ သူမအဖို့ မယုံကြည်လောက်အောင် ဖြစ်သွားပြီး စိုက်ကြည့်နေမိသည်။ သံချေးတတ်နေသော သံစူးချွန် တစ်ချောင်းက ထိုခွာတွင် စိုက်နေသည်။ ထိုနေရာမှ သွေးအနက်များလည်း စီးထွက်နေသည်။
စင်တိန်သည် မြင်းခွာ ၌ စူးနေသော သံဆူးချွန်ပါသည့် သံကြယ်ပွင့်အမြှောင့်များ ဆွဲချွတ်သည်။ သို့သော် သံဆူးချွန်က မြင်းခွာထဲ၌နက်နက် စူးဝင်နေသဖြင့် စင်တိန်က ဆွဲဖြုတ်ရာတွင် မြင်းက နာလွန်းပြီး အော်သည်။ စင်တိန်က အားစိုက်ပြီး ဖြည်းဖြည်းချင်း ဆွဲထုတ်ရာ နောက်ဆုံး ကျွတ်သွား သည်။ သံဆူးချွန် ကို ကိုင်ပြီး စင်တိန်က ဘလိန်းအား လှမ်းကြည့်လိုက်သည်။
ဘလိန်းသည် သူ့မြင်းခွာ၌ စူးနေသော သံဆူးချွန်များကို ဆွဲနှုတ်ရင်း အလုပ်များနေသည်။ နောက်ဆုံး သံဆူး နှစ်ချောင်းကို သွေးအလိမ်းလိမ်းဖြင့် လက်ထဲတွင် ကိုင်ရင်း စင်တိန်အား လှမ်းပြောလိုက်သည်။
"မြင်းတွေ သံချွန်စူးပြီး ဒုက္ခရောက်အောင် တမင်လုပ်ခဲ့တာပဲ၊ စစ်ပြီးကတည်းက ဒီလို ရက်ရက် စက်စက် လုပ်တာမျိုး ဒီတစ်ခါပဲ တွေ့ဖူးသေးတယ်"
စင်တိန် သည် သူမမြင်းအပိုသုံးကောင်၌ စူးနေသော သံဆူးချွန်များကိုလည်း တစ်ကောင်ပြီးတစ်ကောင် ဆွဲနှုတ် လိုက်သည်။ စင်တိန်သည် သံဆူးချွန်များကို ဒေါသဖြစ်ဖြစ်နှင့် အဝေးကြီးသို့ တအားကုန်လွှဲပစ် ပြီး လွှင့်ပစ်လိုက်သည်။
တပ်ကြပ်ကြီး ဟန့်စ်မေယာနှင့် တပ်သားများ မြင်းပေါ်မှ ဆင်းပြီး သူတို့ကို လာကူညီကြသည်။ မြေတွင် ပြန့်ကျဲ နေသော သံဆူးချွန်များကို မနင်းမိအောင် ဂရုတစိုက်ကြည့်ရှုရှောင်ကွင်း လာရသည်။ သံဆူးများ ကို ကောက်ယူ ရှင်းလင်းပြီး မြင်းများကို အန္တရာယ် ကင်းရာ အနောက်ဘက်သို့ ပြန်ဆွဲယူလာသည်။
သို့သော် မြင်းခြောက်ကောင် သံဆူးချွန်ထိခဲ့ရသည်။
"မြင်းခြောက်ကောင် တော့ သုံးမရတော့ဘူး၊ ဒီခြောက်ကောင်ကို တစ်ခါတည်း ရှင်းပစ်လိုက်ဦးမယ် ခဏ စောင့်ကြဦး"
ဘလိန်းသည် သူ့မြင်းကုန်းနှီးဘေး၌ ချည်ထားသော ပွိုင့် ၃၀၃ ရိုင်ဖယ်ကို ထုတ်ယူလိုက်ပြီး ဟန့်စ်မေယာ အား အမိန့်ပေးလိုက်သည်။
"ငါတို့မြင်းက ကုန်းနှီးတွေကို မင်းရဲ့ မြင်းအပိုတွေမှာ ပြောင်းပြီး ဆင်လိုက်၊ ဒဏ်ရာရသွားတဲ့ မြင်းတွေ က ရေပုလင်း တွေကိုလဲ မြင်းကောင်းတွေမှာ ပြောင်းပြီး မျှတင်လိုက်၊ မင်းတပ်သားနှစ်ယောက်ကို သံဆူးချွန် တွေ လွတ်တဲ့နေရာက လမ်းပြပြီး သွားခိုင်း၊ မြန်မြန်လုပ် ... အချိန်ဖြုန်းလို့ မဖြစ်ဘူး"
အမိန့်အတိုင်း တပ်ကြပ်ကြီးက သွားလုပ်သည်။ စင်တိန်သည် ရှေ့အဖို့၌ ရပ်နားအပန်းဖြေချိန် ရှိတော့ မည် မဟုတ်သည်ကို သိလာသည်။ လိုသာက သံဆူးချွန်များ ဆက်လက် ချသွားဦးမည်ဖြစ်ရာ မိမိတို့ အဖို့ ခရီးနှောင်းနှေး လေတော့မည်။
ဟန့်စ်မေယာက သူမဘေးသို့ ရောက်လာပြီး ပြောလိုက်သည်။
"ကျွန်တော်တို့ ခရီးဆက်ဖို့ အသင့်ပဲမဒမ်"
သူက မြင်းအသစ်တစ်ကောင်၏ ဇက်ကြိုးကို စင်တိန့်အား လှမ်းပေးလိုက်သည်။ သူမက လှမ်းယူပြီး မြင်းပေါ် တက်လိုက်သည်။ သူတို့နောက်ဘက်သို့ လှည့်ကြည့်လိုက်သည်။
ဒဏ်ရာရသွားသော မြင်းခြောက်ကောင်ကို ဘလိန်းက ရိုင်ဖယ်ဖြင့် ပစ်သည်။ တစ်ကောင်ပြီး တစ်ကောင် လဲကျ သွားသည်။ စင်တိန့်မျက်လုံးအိမ်မှ မျက်ရည်များ စီးကျလာသည်။ ကိစ္စပြီးသွားသော အခါ ဘလိန်း က သူမဘေးသို့ မြင်းဖြင့် ရောက်လာသည်။
"တို့တစ်နာရီလောက် အချိန်ကုန်သွားတယ်၊ တပ် ... ရှေ့သို့ချီ"
ဘလိန်း က အမိန့်ပေးလိုက်သည်။ ထိုနေ့ညဘက် မရောက်ခင် လမ်း၌ သူတို့နှစ်ခါ ရပ်နားပြီး သံဆူးများ ကို ရှင်းရသည်။ တန်ဖိုးရှီသော အချိန်များ အလဟသလစ်ဟင်း ကုန်ဆုံးရသည်။
"တို့ဘက်က တစ်ပန်းရှုံးနေပြီ၊ တို့သေနတ်သံတွေကို သူတို့ ကြားပြီး နိုးနိုးကြားကြား ရှိနေကြရော့မယ်၊ သူတို့ရှေ့မှာ နောက်ထပ် မြင်းအသစ်တွေနဲ့ စောင့်နေတဲ့ လူရှိလိမ့်မယ်၊ တို့ထက် သူတို့က ပိုပြီး ခရီး ပြင်း နှင်ကြလိမ့်မယ်" ဘလိန်းက အခြေအနေကို သုံးသပ်ပြီး ပြောလိုက်သည်။
........................................................................
ပတ်ဝန်းကျင်အခြေအနေမှာ ချက်ချင်းပင် လုံးဝ ပြောင်းလဲသွားသည်။ သဲကန္တရမှ တောအုပ်အပိုင်းသို့ ၀င်လာသည်။ ကယ်ကာရင်က ထွက်လာပြီးတည်းက မြင်းကျားအုပ်နှင့် အခြားတိရစ္ဆာန်အချို့ကို ပထမ ဆုံး အကြိမ် တွေ့ရသည်။ ထိုတိရစ္ဆာန်များကို မြင်တွေ့ရခြင်းဖြင့် မိမိတို့ ဦးတည်သွားသော ရေရှိသည့် စခန်းမှာ မိုင်အနည်းငယ်သာ ဝေးတော့ကြောင်း သိသာသည်။
လိုသာ ဒီလာရေးသည် မြင်းကုန်းနှီးပေါ်တွင် မိမိဘာသာ မိမိတစ်ဦးတည်း မတ်မတ်ထိုင်နိုင်စွမ်းပင် မရှိ တော့ပေ။ ဆ၀ပ်ဟင်းဒရစ်နှင့် သူ့သားကလိန်းဘွိုင်တို့က မြင်းနှစ်စီးဖြင့် ၀ဲယာနှစ်ဘက်ထည့်ညှပ်ပြီး လိုသာအား ထိန်းထားရသည်။ လိုသာသည် ငန်းဖျားဝင်လာသဖြင့် ကယောင်ချောက်ချား ပြောသည်။ မြင်းပေါ်မှ မကျအောင် ဘေးနှစ်ဘက်မှ ထိန်းထားရသည်။
မင်းဖရက်က သူတို့နောက်မှ ကပ်ပါလာသည်။ သူ့ဖခင်ကို နောက်မှ စိုးရိမ်တကြီး မျက်ခြည်မပြတ် စောင့်ကြည့် လာသည်။ သူလည်း အလွန်အမင်း အားအင်ကုန်ခန်းပြီး ရေသိပ်ငတ်နေသည်။
သူတို့တောင်ကုန်း တစ်ခုပေါ်သို့ တက်လိုက်သည်။ အပေါ်ရောက်သောအခါ သူတို့ရှေ့ဘက်ရှိ တောင်ကြားလါင်ပြင်ကို ဟင်းဒရစ်က လှမ်းမျှော်ကြည့်လိုက်သည်။ မြင်းများက တောင်အောက်သို့ သစ်ပင်များ ထဲမှ ဖြတ်ပြီး ဆင်းသွားသည်။ အောက်ဘက်တွင် ရေရှိသော နေရာသို့ ရောက်သွားကြသည်။
ရေအိုင်ထဲမှ ရေသည် ကော်ဖီရောင် ထနေသည်။ ရေအိုင်၏ အကျယ်ဆုံးနေရာမှာ ခြေဆယ်လှမ်းစာ သာ ရှိသည်။ ရေအနက်မှာ ဒူးဆစ်လောက်အထိသာ ရှိမည်။ ရေအိုင်ပတ်ပတ်လည်၌ တိရစ္ဆာန်ခြေရာ များ မွနေအောင် ထင်ကျန်နေသည်။
ဟင်းဒရစ်နှင့် ကလိန်းဘွိုင်းတို့သည် သူတို့မြင်းကို ရေအိုင်အလယ်ကောင်အထိ စီးဆင်းသွားသည်။ ထို့နောက် ရေထဲခုန်ဆင်းကာ ပျော်ရွှင်မြူးထူး ရယ်မောပြီး တစ်ကိုယ်လုံး ရေဆွတ်ကြသည်။ ရေ သောက်ကြသည်။
မင်းဖရက်သည် သူ့ဖခင်အား တွဲပြီး ရေစပ်၌ မြင်းပေါ်မှ အောက်သို့ ချသည်။ ထို့နောက် ဦးထုပ်ဖြင့် ရေများ ခပ်ပြီး လိုသာဆီ ယူလာသည်။ လိုသာသည် ဒူးခေါင်းပေါ်အားပြုကာ ပုံလျက် ထိင်ကျနေသည်။ လိုသာ သည် ရေကို အလောတကြီးသောက်ရာ သီးပြီး ချောင်းဆိုးကုန်သည်။ မျက်နှာမှာ အဖျားဒဏ် ကြောင့် နီရဖောင်းမို့နေသည်။ မျက်လုံးကလည်း ငန်းဖျားအရောင် ထွက်နေသည်။ သွေးအဆိပ်ဒဏ် ကလည်း တစ်ကိုယ်လုံးကို လောင်မြိုက်နေသည်။
ဆ၀ပ်ဟင်းဒရစ် သည် ရေထဲ၌ မြူးထူးနေရာမှ တစ်စုံတစ်ခုကို သတိရသောအခါ ရပ်လိုက်ပြီး တွေဝေ သွားသည်။ ဘေးပတ်ဝန်းကျင်ကိုလည်း လှည့်ကြည့်လိုက်သည်။
"ဒီမှာ ဘယ်သူမှ မရှိပါလား၊ ကျွဲကြီးနှင့် ခြောက်ရှေတို့ ဘယ်ရောက်နေကြသလဲ"
ဟင်းဒစ်သည် သစ်ပင်ရိပ်တစ်ခုအောက်ရှိ ယာယီတဲတစ်လုံးဆီသို့ ပြေးသွားသည်။ တဲထဲ၌ မည်သူမျှ မရှိ မီးပုံ ဖိုခဲ့သော မီးသွေးများက လွင့်စဉ်ပျံ့နှံ့နေသည်။ မီးသွေးခဲများကို ကြည့်လိုက်ရာ ရက်သတ္တပတ် အတန်ကြာပြီဖြစ်ကြောင်း သိရသည်။ သူတောထဲသို့ ပြေးဝင်သွားသည်။ နောက်ဆုံး လိုသာရှိရာသို့ ပြန်ပြေး လာသည်။ ကလိန်းဘွိုင်းနှင့် မင်းဖရက်တို့က လိုသာအား သစ်ပင်ရိပ်အောက်သို့ တွဲခေါ်သွား သည်။ လိုသာ သည် ပင်စည်ကို မှီပြီး ထိုင်လိုက်သည်။
"သူတို့ ထွက်သွားကြပြီ"
လိုသာအား ဟင်းဒရစ်က ပြောလိုက်သည်။ ဟင်းဒရစ်၏ အစီရင်ခံချက်ကို လိုသာက ကြိုတင် တွက်ဆ သိမြင်ပြီ ဖြစ်သည်။
"ငါအစကတည်းက တွေးမိဖို့ ကောင်းတယ်၊ ပေါင်စတာလင် ငွေ ၅၀စီတန်တဲ့ မြင်းဆယ်ကောင်စီနဲ့ ထားခဲ့တာ ဆိုတော့ သူတို့အတွက် သစ္စာဖောက်ချင်စရာကြီးပေါ့၊ မက်လုံးက သားရေကျစရာ သိပ်ကောင်း နေတာကိုး" လိုသာက ပြောလိုက်သည်။
သောက်ရေကျန် အနည်းငယ် ကို သောက်လိုက်ရသဖြင့် သူပြန်လည် လန်းဆန်းလာပုံရသည်။
"ကျွန်တော် တို့ သူတို့ကို ဒီမှာ ထားခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ သူတို့ လစ်ပြေးသွားပုံရတယ်၊ မြင်းတွေကို ပေါ်တူဂီ တွေဆီ ယူသွားပြီး ရောင်းမှာ သေချာတယ်၊ ပြီးတော့ အိမ်က သူတို့မိန်းမတွေဆီ ပြန်ကြမှာပဲ"
"မင်း သူတို့ကို ပြန်တွေ့ယင် ဖြည်းဖြည်းချင်း နှိပ်စက်ပြီး သတ်ပစ်မယ်လို့ ငါ့ကို ကတိပေးစမ်းပါ ဟင်းဒရစ် ရယ်"
"ကတိပေးပါတယ်ဗျာ ... ကျွန်တော် ဒီကောင်တွေကို ပါးပါးလှီးပြီး နုတ်နုတ်စင်းပစ်မယ်၊ တွေ့ကြသေး တာပေါ့ ခွေးမသားတွေရယ်" ဆ၀ပ်ဟင်းဒရစ်က တောက်ခေါက်ပြီး ကြုံးဝါးလိုက်သည်။
လိုသာနှင့် ဟင်းဒရစ်တို့သည် ကန်စောင်းရှိ မြင်းလေးကောင်ကို စကားမပြောဘဲ စိုက်ကြည့်နေကြ သည်။ မြင်းဗိုလ်များက ရေသော် လိုက်ရသဖြင့် ဖောင်းတက်လာသော်လည်း မြင်းဦးခေါင်းများက မြေကြီးနှင့် ထိလုနီးပါး စိုက်ကျနေသည်။
"မြစ်ကို ရောက်အောင် အနည်းဆုံးမိုင် ၇၀ သွားရဦးမယ်"
လိုသာက တိတ်ဆိတ်ခြင်းကို ဖြိုခွင်းလိုက်သည်။
သူ့လက်မှ ဒဏ်ရာတွေ ပတ်ထားသော ပြီပုပ်များနှင့် သွေးပုပ်များ စွန်းထင်း ညစ်ပေနေသည့် ပတ်တီး ကို ဖြေလိုက်သည်။ ဒဏ်ရာရသောလက်မှာ ရောင်ကိုင်းဖူးရောင်နေသည်။ လက်ကောက်ဝတ်မှ ဒဏ်ရာအရှီနသည် လက်ဖျံနှင့် တံတောင်ဆစ်အထိ ဖူးရောင်နေသည်။ အကိုက်ခံထားရသော နေရာမှာ အတော်နက်သည်။ အနာဝ ပက်ပြဲကြီး ဖြစ်နေသည်။ တံတောင်ဆစ်အပေါ်ပိုင်းတွင်ပါ မသိ မသာ ရောင် နေသည်။
"အနာကတော့ သွေးလေမလျှောက်တဲ့ ဂန့်ဂါရင်းအနာ ဖြစ်နေပြီ"
လိုသာ တစ်ယောက်တည်း ညည်းလိုက်သည်။ ဒဏ်ရာရစက အနာကို ကာတော်လစ်အက်စစ်နှင့် ဆေးကြောခဲ့သဖြင့် အခြေအနေ ပိုဆိုးသွားကြောင်း လိုသာ သိလာရသည်။
"ဆေးက သိပ်ပြင်းတယ်၊ ဆေးပြင်းသုံးလိုက်မိတာ မှားသွားတယ်၊ လက်ကို ဖြတ်ပစ်လိုက်ဖို့ ကောင်း တယ်"
လိုသာသည် အခြေအနေမှန်ကို ရဲရဲပင် တွေးလိုက်သည်။ တံတောင်ဆစ်မှ ဖြတ်ပစ်ဖို့ စဉ်းစားလိုက် သည်။
"ငါဒီလိုလုပ်လို့ မဖြစ်ဘူး၊ ဒီကိစ္စတွေးတောင် မတွေးသင့်ဘူး၊ ဒဏ်ရာက အခြေအနေပေးသမျှ ဆက်ထားရမယ်၊ ငါ့သားမင်းဖရက်အတွက် အရေးကြီးတယ်"
လိုသာက သူ့သားကို မော့ကြည့်ပြီး ပြောလိုက်သည်။
လိုသာက အတတ်နိုင်ဆုံး အသံတည်ငြိမ်အောင် ကြိုးစားပြောသော်လည်း ဖျော့တော့လွန်းနေသည်။ ဝေဒနာခံစားနေရသံ ပေါ်နေသည်။ လိုသာသည် အနာကို ကာဘော်လစ်အရည်ဖြင့် လောင်းထည့်ပြီး စောင်မှဆုတ်ထားသော အစဖြင့် ပတ်တီးစည်းလိုက်သည်။ အပိုအလျှံ အင်္ကျီစ အ၀တ်စအားလုံးကို ပတ်တီး အဖြစ် သုံးခဲ့ပြီးဖြစ်၍ ကုန်နေပြီ ဖြစ်သည်။
"သူတို့ ငါတို့နောက် ဘယ်လောက်အဝေးကို ရောက်လာပြီလဲ ဟင်းဒရစ်" ပတ်တီးစည်းနေရင်း လိုသာ က မေးလိုက်သည်။
"သူတို့အချိန်အတော် ယူလိုက်ရတယ်၊ သူတို့ မြင်းတွေလဲ ချွေတာသုံးနေရမှာပါ"
ရေစပ် မှ မြင်းတစ်ကောင်သည် အားအင်ကုန်ခန်းပြီး ခြေကုန်လက်ပန်းကျကာ ပစ်လဲကျသွားသည်။
"ထို့နောက် ငါးနာရီ ခြောက်နာရီစာ ခရီးအကွာမှာ သူတို့ ရောက်နေကြတယ်"
လိုသာတို့အဖို့ မြစ်ကို ရောက်ရန် မိုင် ၇၀ကျော် လိုသေးသည်။ နောက်မှ လိုက်လာသူများသည် နယ်စပ်ကို ဖြတ်ကျော်ပြီး ဟိုဘက်အထိ မလိုက်ဟု မည်သူမျှ အာမမခံပေ။
"မင်းဖရက် ... စိန်တွေယူခဲ့"
လိုသာက လေသံခပ်သဲ့သဲ့ဖြင့် ပြောလိုက်သည်။ မင်းဖရက်က ပတ္တူအိတ်ကို လိုသာ့ဘေး၌ ချထားပေး လိုက်သည်။ လိုသာက အိတ်ကို ဖြေလိုက်သည်။
အညိုရောင်စက္ကူဖြင့် ထုတ်ထားပြီး အနီရောင်ချိပ်ဖြင့် ပိတ်ထားသော အထုပ်ကလေးပေါင်း ၂၈ထုပ် ရှိ သည်။ လိုသာသည် တစ်ပုံလျှင် ခုနစ်ထုပ်စီဖြင့် အပုံလေးပုံ ပုံလိုက်သည်။
"အရေအတွက် အညီအမျှစီပေါ့၊ တစ်ထုပ်မျာ ဘယ်လောက်တန်တယ်ဆိုတာ တန်ဖိုးဖြတ်ဖို့ အချိန် မရှိတော့ဘူး၊ ဒီတော့ အထုပ်အရေအတွက်နဲ့ပဲ လေးပုံ အညီအမျှ ပုံလိုက်တယ်၊ အငယ်ဆုံးလူက အလျင်ဆုံး ကောက်ပေါ့၊ သဘောတူသလား ဟင်းဒရစ်"
ပစ္စည်း များကို ယခုလို ခွဲဝေလိုက်ခြင်းသည် နောက်ဆုံးတွင် သူတို့အားလုံး မြစ်ဆီသို့ ရောက်နိုင်တော့ မည် မဟုတ်သည်ကို ပြညွှန်းလိုက်ခြင်း ဖြစ်ကြောင်း ဟင်းဒရစ်သဘောပေါက်သည်။ ဟင်းဒရစ်သည် လိုသာ့ မျက်နှာကို ကြည့်နေရာမှ ခေါင်းကို အောက်စိုက်ချလိုက်သည်။
မိမိနှင့် ဤအသားဖြူဖြူ ရွှေရောင်ဆံပင်ပိုင်ရှင်သည် ဟိုကလေးဘ၀ကတည်းက အတူလက်တွဲလာခဲ့ ကြရာ အချိန်ကာလကြာမြင့်လှပြီ ဖြစ်သည်။ မိမိတို့နှစ်ယောက်အား မည်သည့်အချက်က နှောင်ဖွဲ့ တုတ်နှောင် ထားကြောင်း သူတစ်ခါမှ မစဉ်းစားမိခဲ့။ မိမိသည် လူဖြူအားလုံးကို လုံးဝ မယုံကြည့်ခဲရာ လိုသာ တစ်ယောက်သာ ထိုအထဲ၌ မပါဝင်ခဲ့ပေ။ ခွဲရတော့မည်ဟု တွေးမိလိုက်သောအခါ ဟင်းဒရစ် ရင်ထဲ ၌ ခံစားချက်ဖြင့် နင့်ခနဲ ဖြစ်သွားသည်။
"သဘောတူပါတယ်"
ဟင်းဒရစ် သည် ဆို့နင့်သော အသံဖြင့် ပြန်ပြောလိုက်သည်။ ဟင်းဒရစ်က လူဖြူကောင်လေးမင်းဖရက် ကို လှမ်းကြည့်လိုက်သည်။
"မင်းဖရက် မင်းကြိုက်တာတစ်ပုံ ရွေး"
လိုသာ က အမိန့်ပေးလိုက်သည်။
"ကျွန်တော် မသိဘူး ဖေဖေ"
မင်းဖရက် က အပုံတစ်ပုံကို ထိတွေ့ရန် ၀န်လေးနေပြီး လက်နှစ်ဖက်ကို နောက်ပစ်ထားသည်။
"ကြိုက်တဲ့တစ်ပုံ ရွေးကွာ"
လိုသာ က ထပ်ပြောလိုက်ရာ မင်းဖရက်သည် ဖခင်အား နားထောင်ပြီး သူနှင့်အနီးဆုံးမှ အပုံကို လက်နှင့် ထိပြလိုက်သည်။
"ကောင်ပြီး ယူထားလိုက်"
လိုသာသည် သူ့သားကို ပြောပြီးနောက် ဟင်းဒရစ်၏ သား လူမည်းကလေးကို လှမ်းကြည့်ပြီး ပြောလိုက် သည်။
"မင်းလဲ ကြိုက်ရာတစ်ပုံရွေး ကလိန်းဘွိုင်"
ကောင်ကလေး က ရွေးယူပြီးသွားသောအခါ နှစ်ပုံသာ ကျန်တော့သည်။
"မင်းအသက် ဘယ်လောက်ရှိပြီလဲ ဟင်းဒရစ်" လိုသာက မေးလိုက်သည်။
"မီးလောင်နေတဲ့တောင်လောက် အသက်ကြီးပြီး နွေဦးမှာ ပထမဆုံးပွင်တဲ့ပန်းလောက် အသက်ငယ် တယ်" ဟင်းဒရစ်က ပြောလိုက်ရာ နှစ်ဦးသားသဘောကျပြီး ရယ်လိုက်ကြသည်။
ဟင်းဒရစ် စိတ်ထဲက တွေးမိသည်။ "ငါတို့မှာ အမြဲတမ်း စိန်တွေ ရှိနေယင် ရယ်နိုင်ကြမှာပဲ၊ ကမ္ဘာပေါ် မှာ ငါအချမ်းသာဆုံးလူ ဖြစ်တော့မယ်" ဟင်းဒရစ်သည် မျက်နှာပေါ်တွင် အပြုံးရိပ် မပေါ်အောင် ဖုံးဖိပြီး လှမ်းပြောလိုက်သည်။
"ကျွန်တော်က ခင်ဗျားကို အမြဲတမ်း ပြုစုစောင့်ရှောက် လာရတာဆိုတော့ ခင်ဗျားပဲ အလျင်ရွေးပါ"
လိုသာက အပုံတစ်ပုံကို ရွေးပြီး သားဖြစ်သူ မင်းဖရက်ဘက်သို့ တွန်းပို့လိုက်သည်။
"အဲဒါတွေ အားလုံး ပတ္တူအိတ်ထဲထည့်ထားလိုက်" လိုသာက အမိန့်ပေးလိုက်သည်။
မင်းဖရက် က သူတို့သားအဖနှစ်ယောက်ဝေစုကို ပတ္တူအိတ်ထဲ ထည့်ပြီး ထိပ်မှာ ချည်နှောင်ကာ ပိတ် လိုက်သည်။ လူမည်း သားအဖကလည်း သူတို့ဝေစုများကို သူတို့ ကျူးနစ်အင်္ကျီအိတ်များထဲသို့ ထည့် ကြသည်။
"ကဲ ... ရေပုလင်းတွေကို ရေဖြည့်ကြ၊ မြစ်ကိုရောက်ဖို့မိုင် ၇၀ပဲ လိုတော့တယ်" လိုသာက ဖြေလိုက် သည်။
သူတို့ သွားရန် အသင့်ဖြစ်သောအခါ ဟင်းဒရစ်က လိုသာအား တွဲထူရန် ပြင်လိုက်သည်။ သို့ရာတွင် လိုသာ က ဟင်းဒရစ်လက်ကို ပုတ်ထုတ်လိုက်သည်။ သစ်ပင် ပင်စည်ကို ကိုင်ပြီး အားပြုကာ သူ့ဘာသူ မတ်တတ် ရပ်သည်။
မြင်းလေးကောင်အနက် ရေစပ်၌ လဲကျသွားသော မြင်းမှာ ပြန်မထနိုင်တော့သဖြင့် သည်အတိုင်း ထားခဲ့ရသည်။ ခရီးစ ထွက်လာ၍ တစ်မိုင်ခန့်အရောက်တွင်ပင် နောက်ထပ် မြင်းတစ်ကောင် ပစ်လဲကျ သွားသည်။ ကျန်နှစ်ကောင်ကလည်း ချည့်နဲ့ယိမ်းယိုင်နေသည်။ လူတစ်ယောက် ခန္ဓာကိုယ်ကို သယ် နိုင်စွမ်း လုံးဝ မရှိတော့ပေ။ သို့သော် တစ်ကောင်ကို ရေပုလင်းများ သယ်စေသည်။ ကျန်တစ်ကောင်ကို လိုသာ က ချိုင်းထောက်သဖွယ် ကောင်းသောလက်ဖြင့် ဖက်ပြီး မှီတွဲကာလိုက်ရ သည်။
ကျန်လူသုံးယောက် မြင်းနှစ်ကောင်ကို ရှေ့မှအလှည့်ကျ ဆွဲသွားရသည်။ တစ်ခါတစ်ရံတွင် လိုသာ သည် အကြောင်း မရှိပါဘဲ ရယ်သည်။ ထို့နောက် သီချင်းဆိုသည်။ ပထမတွင် အသံက ပြတ်သား သော်လည်း နောက်ပိုင်းအသံက ဆို့နင့်လာသည်။ ၀ါးလာသည်။ တစ်ခါတစ်ရံ တအားကြုံးအော်သည်။ ငန်းဖျား ၀င်လာပြန်သည်။ မင်းဖရက်က ဖခင်ဘေးသို့ ပြေးလာပြီး ခါးကို ဖက်ကာ ဖေးမလိုက်ရာ လိုသာ ငြိမ်ကျသွားပြန်သည်။
"မင်းဟာ လူကောင်းလေးတစ်ယောက်ပါ မာနီ၊ မင်းဟာ အမြဲတမ်းကောင်းနေတဲ့ ကောင်လေးပါ၊ ဒီက ရှေ့အဖို့တို့အတွက် သာယာချမ်းမြေ့တဲ့ဘ၀ကို ရောက်တော့မှာပါ၊ မင်းကျောင်းကောင်းကောင်း နေရ တော့မယ်၊ မင်းလူကြီးလူကောင်း ဖြစ်လာတော့မယ်၊ မင်းနဲ့ငါ ဘာလင်မြို့ကို အတူတူသွားမယ်၊ အော်ပရာကပွဲ ..."
"ဖေဖေ ... စကားမပြောပါနဲ့၊ မောမယ်၊ အင်အားကို ချွေတာပါ ဖေဖေ"
လိုသာ အား မင်းဖရက် က တွဲပြီး ခေါ်နေရသည်။ သူ့ခြေထောက်များက မြေတွင် ဒယဥ့်ဆွဲနေပြီ။
သူတို့ရှေ့ဘက် ဟိုအဝေးတွင် လိပ်သည်း ကျောက်တောင်ကတုံးကို လှမ်းမြင်ကြရသည်။ တောင်ကတုံး သည် ပုလဲလုံးလိုလုံးပြီး ပြောင်ချောနေသည်။ ကျောက်တောင်မှ ချောမွေ့သော ကျောက်သားများသည် နေရောင် တွင် ငွေရောင်တော်ကနေသည်။
ဆက်ရန်
.

1 comment:
လိုသာ့အတွက်စိတ်မကောင်းဘူး...အဲဒီကျေးဇူးကန်း
တဲ့မိန်းမ..စိန်တွေယူလာပြီးကတဲကေ ခြထောက်တ
ဖက်လောက်ချိုးထားခဲ့လိုက်ရင်..ခုလိုလိုက်လာနိုင်မှာ
မဟုတ်ဘူး..။
Post a Comment