Wednesday, November 9, 2011

စာရေးဆရာ ကိုအောင်ဆန်း, အပိုင်း (၄၄)

ဗိုလ်ချုပ်အောင်ဆန်းလွမ်းချင်း

ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံကိုလိုနီဘ၀မှ လွတ်မြောက်အောင် ကြိုးပမ်းခဲ့သော အမျိုးသား ခေါင်းဆောင် ဖြစ်သည်။ ဗိုလ်ချုပ်၏ အမျိုးသားရေးကြိုးပမ်းမှုများနှင့် ဗိုလ်ချုပ်၏ ဂုဏ်ကျေးဇူးများကို သူ၏ သွေးချင်းသားချင်း များကလည်း မေ့နိုင်ကြမည်မဟုတ်။ ကျွန်တော်တို့ကဲ့ သို့ သာမန် တိုင်းသူပြည်သား များကလည်း မေ့ပျောက်လို့ရနိုင်မည်မဟုတ်ပါ။ ဗိုလ်ချုပ်၏ ရုပ်ပုံလွှာ သည်ပြည်သူ လူထု ၏ အသည်နှလုံးတွင် စွဲထင်ကျန်ရစ်ခဲ့ပါတကား။

ဗိုလ်ချုပ်သည် အာဇာနည်သူရဲကောင်း မျိုးရိုးမှ ဆင်းသက်လာသူဖြစ်သည်။ မှန်သည်။ ဗိုလ်ချုပ်၏ အဘိုး သည် အင်္ဂလိပ်နယ်ချဲ့တို့ ကျူးကျော်သိမ်းပိုက်စဉ်က ခုခံတွန်းလှန်ရင်း ကျဆုံးခဲ့ရသော တောင်တွင်းကြီး မြို့နယ် မြို့လုလင်သူကြီး ရွှေလရောင်ဘွဲ့ခံဦးမင်းရောင် မဟုတ်ပါလော။

ကျွန်တော်သည် ဗိုလ်ချုပ်အောင်ဆန်းကို အောက်မေ့သတိရတိုင်း  သခင်ကိုယ်တော်မှိုင်း၏ "အောင်ဆန်း တို့ ရွှေလရောင်အဘိုး" ဟူသော "ရွှေလရောင်"ကဗျာကို ပြေးသတိရမိသည်။ အမျိုးသားစာဆိုကြီး သခင်ကိုယ်တော်မှိုင်း ရွှေလရောင်ကဗျာဖွဲ့စဉ်က ဗိုလ်ချုပ်သည် သခင်အောင်ဆန်း ဘ၀ မှာသာ ရှိသေး သည်။ စစ်ရေးဘကူအညီရရန် ပြည်ပသို့လည်း ထွက်ခွာမသွားရသေး။ ကျောင်းသားခေါင်းဆောင် ဘ၀ မှသည် သခင်ဘ၀ကို ကူးပြောင်းလာခါစသာရှိသေးသည်။ တို့ဗမာ့ အစည်းအရုံး အတွင်းရေးမှူး သာဖြစ်သေးသည် မဟုတ်ပါလော။ မှိုင်း၏ ရွှေလရောင်ကဗျာသည် သခင်အောင်ဆန်းကို အာဇာနည် သူရဲကောင်း တစ်ယောက် ဖြစ်လာအောင် သွေးသစ်လောင်း ပေးသကဲ့သို့ ဖြစ်နေပါတကား။

မကြာမီ သခင်အောင်ဆန်းသည် ဗမာ့ထွက်ရပ်ဂိုဏ်းတွင် အထွေထွေအတွင်းရေးမှူး ဖြစ်လာသည်။ ဥရောပ တွင် ဒုတိယကမ္ဘာစစ်ကြီးစတင်ဖြစ်ပွား နေပါတကား။ သခင်အောင်ဆန်းလည်း ပြည်ပသို့ ထွက်ခွာ သွားသည်။ သိပ်မကြာပါ။ မြန်မာပြည်သို့ ပြန်လာသည်။ ရဲဘော်သုံးကျိပ်ကို ဦးဆောင်၍ ဂျပန်ပြည် သို့သွားရောက် စစ် ပညာသင်သည်။ ထို့နောက် ယိုးဒယားပြည် ဘန်ကောက်မြို့တွင် ဗမာ့ လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ)ကို ဖွဲ့စည်းသည်။ ဗိုလ်ချုပ်ဖြစ်လာသည်။ မြန်မာ့မြေ ပေါ်မှ အင်္ဂလိပ် နယ်ချဲ့ တို့ကို တိုက်ထုတ်ခဲ့သည်။
ဂီတစာဆို သဟာယဆရာတင်သည် "ဗမာ့သူရဲကောင်း သီးချင်းရေးစပ်၍ ဗိုလ်ချုပ်ကို ချီးကျူးဂုဏ် ပြု ခဲ့ လေသည်။"

(ရာဇ၀င်အတ္ထုပ္ပတ္တိရှိရမည်၊ မော်ကွန်းလည်းထိုးလောက်တယ်၊ မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်း ရယ်)၂။ တိုင်းပြည် ကျိုးစွန့် ခဲ့တဲ့ မျိုးဇာနည်နွယ်၊ လွတ်လပ်ဖို့တို့များကို ကျွန်တွင်းမှကယ်၊ တို့ဗမာစိုးမိုးဖို့ မျှော်ကြရှာလို့ ပေါ်လာတယ်။ 
ယခု တိုင်းပြည်သူ လူထု နှုတ်ဖျားတွင် ရေးပန်းစားနေသော သီးချင်းတစ်ပုဒ်ပါတကား။

ကျွန်တော်သည် ဗိုလ်ချုပ်အောင်ဆန်းကို ကောင်းစွာသိမီလိုက်သူမဟုတ်ပါ။ ဗိုလ်ချုပ်တို့ လုပ်ကြံခံရစဉ်က ကျွန်တော် သည် ၉နှစ်သားအရွယ်။ မူလတန်းကျောင်းသား ဘ၀သာရှိသေးသည်။ ထိုအချိန်က မြန်မာနိုင်ငံ လွတ်လပ်ရေး မရသေး။ ဂျပန်ဖက်ဆစ်တို့ကို တော်လှန်ပြီးကာစ အချိန်ဖြစ်သည်။ ပြည်သူတို့ လွတ်လပ်စွာ ကုန်စည်ကူးသန်းရောင်းဝယ် ဖောက်ကားနေကြပြီ။ လယ်သမားအလုပ်သမားများလည်း လုပ်ငန်းခွင် များသို့ ၀င်ရောက်နေကြပြီ။ ကျောင်းတွေဖွင့်ပြီ။

စစ်ကိုင်းမြို့သည် ကျွန်တော်၏ဇာတိဖြစ်သည်။ တစ်မြို့လုံးစစ်ဘေးစစ်ဒဏ် အပြင်းအထန်အလူး အလဲ ခံခဲ့ ရသည်။ စစ်ကိုင်းတံထားကြီးလည်း ကျိုးပျက်နေပါတကား။ မြို့ထဲတွင်လည်း မီးလောင် ငုတ်ကို မည်းမည်း များနှင့် တဲပုတ်များသာတွေ့ရသည်။ အဆောက်အဦးကြီး ကြီးမားမားဟူ၍ သိပ်မကျန်ပေ။ စစ်ပြေး ဒုက္ခသည် များသည် မြို့ထဲသို့ တဖွဲဖွဲလာရောက်နေကြသည်။ ကျွန်တော်တို့ မိသားစုလည်း မြို့ထဲသို့ မ၀င် နိုင်သေး။ စစ်ကိုင်းတောင်ရိုးမှာ ကွန်းခိုနေရသေး သည်။ ကျွန်တော်တို့မောင်နှမတစ်စုသည် တောင်ရိုးမှ မြို့ထဲသို့ ကျောင်းသွားတက်ရသည်။ တမာပင်တွပေါသော ရန်နိုင်ရပ်ရှိ မူလတန်း ကျောင်း လေး ဖြစ်သည်။ ကျွန်တော်တို့ နေသော တောင်ရိုးနှင့် တစ်မိုင်လောက် ဝေးမည်ထင်သည်။

ကျွန်တော်တို့ကျောင်းသည် ၀ါတွင်းမှတစ်ပါး စနေ၊ တနင်္ဂနွေကျောင်းပိတ်သည်။ ကျောင်းပိတ်ရက် တွင် ကျွန်တော် တို့ သူငယ်ချင်းတစ်စုသည် ဧရာဝတီမြစ်ဆိပ်သို့သွားပြီး ရေကူးကြ၊ ပြေးကြ၊ လွှားကြ၊ စစ်တိုက်တမ်းကစားကြ သည်။ ပျော်စရာကောင်းပါတကား။ ကျွန်တော်တို့ ရေချိုးဆင်း သော ရေဆိပ်မှာ သရက်ပင် ဆိပ်ဖြစ်သည်။ တောင်ရိုးမြင်းလှည်းဂိတ်၊ လှည်းဂိတ်နှင့်နီးသည်။ လှေဆိပ်လှည်းဆိပ် ဆုံစည်းရာ နေရာ။ ခရီးသည်များ၊ ဘုရားဖူးများနှင့် မပြတ်စည်ကားရာ နေရာ ဖြစ်သည်။ စစ်ကိုင်း တံတားကြီး ကျိုးပျက်နေသဖြင့် စစ်ကိုင်းမှ မန္တလေးသို့သွားရာ အနီးဆုံးဖြတ် လမ်းလည်းဖြစ်သည်။ မြင်းလှည်း ဂိတ် ရှိကုန်စုံဆိုင်၊ ထမင်းဆိုင်၊ မုန့်တီဆိုင်၊ လက်ဖက်ရည်ဆိုင်၊ အကြော်ဆိုင် နှင့် ကွမ်းယာဆိုင် တို့မှာ လူပြတ်သည်ဟူ၍မရှိ။ လူလည်းစုံသည်။ သတင်းလည်းစုံ သည်။

မှတ်မိပါသေးသည်။ ကျောင်း ပိတ်ရက်တစ်ရက်တွင် ကျွန်တော်တို့ သူငယ်ချင်းတစ်စုသည် သရက်ပင် ဆိပ်မှာ ရေချိုးပြီး ပြေးတမ်း လိုက်တမ်းကစားရင်း ပြန်လာကြသည်။ အချိန်မှာ နေ့လည်မွန်းလွဲပိုင်း တစ်နာရီ နှစ်နာရီ လောက်ရှိပြီထင်သည်။ မြင်းလှည်းဂိတ်တွင် လူကြီးတွေ အုတ်အုတ် အုတ်အုတ်နှင့် စကားပြော နေကြပါတကား။ ကျွန်တော်တို့အလာတုန်းက ထိုသို့ဖြစ် နေသည်ကို သတိမထားမိပါ။ လူကြီး တွေ မျက်စိမျက်နှာမကောင်း။ မိန်မကြီးတချို့ရှိုက်ကြီးတငင် ငိုနေကြသည်။ ကျွန်တ်ာတို့အားလုံး အံ့အားသင့် သွားသည်။ ပြေးတမ်းလိုက်တမ်းကစားသည်ကို ရပ်ကာလူကြီးများ ထံ ချည်းကပ်ပြီး နားထောင် ကြသည်။

ဘာမျှ သဲသဲကွဲကွဲမသိရ။ ဇွတ်အတင်းမေး မှ လူကြီးတစ်ယောက်က ဗိုလ်ချုပ်တို့ လုပ်ကြံခံရကြောင်း၊ လူသတ် သမားတွေ ထွက်ပြေးလွတ် မြောက်သွားကြောင်း ပြေပြသည်။ ကျွန်တော်တို့ သူငယ်ချင်းတစ်စုလည်း ငိုင်ကျသွားသည်။ မည်သူမျှ စကားမပြောနိုင်ကြ၊ လူကြီးတစ်ဦးကမူ အစိုးရ တစ်ဖွဲ့လုံး ကုန်ပြီဟု ငိုသံပါကြီးနှင့် ပြောသည်။ မိန်းမကြီးတွေက ကျူကျူပါအောင် ငိုကြသည်။ လူသတ်သမား များနှင့် ပတ်သတ်၍မူ ကောလဟာလသတင်းအမျိုးမျိုး ထင်မြင်ချက်အဖုံဖုံ ပြော ဆို နေကြသည်။ တချို့က ရဲဘော် ဟောင်းများဟု ထင်သည်။ တချို့ကမူ ဂဠုန်ဦးစောတို့အဖွဲ့ဟု စွပ်စွဲကြသည်။ သို့သော် မည်သူမျှ ရေရေရာရာမသိ။ မိမိတို့ထင်ရာ မြင်ရာ ငြင်းခုံ ပြောဆို နေကြ ပါတကား။

ကျွန်တော်သည် သူငယ်ချင်းများနှင့်လမ်းခွဲ၍ ချက်ချင်းအိမ်သို့ ပြန်ပြေးသည်။ အိမ်တွင် အဖေမရှိ။ မနက်စောစော ကပင် မြို့ထဲသို့ ထွက်သွားသည်။ ကျွန်တော်သည် မြင်းလှည်းဂိတ်မှ လူကြီးများ ပြောသံ ကြားသည် ကို အမေ့အားပြောပြသည်။ အမေလည်း ဘာပြောရမှန်းမသိ၊ ငိုင်ကျသွားသည်။ ကျွန်တော်တို့ အစ်ကို နှင့် အစ်မတွေလည်း ပါးစပ်အဟောင်းသားနှင့် အံ့အားသင့်သွားကြ သည်။ မကြာမီ အဖေသည် မောကြီး ပန်းကြီးဖြင့် ပြန်ရောက်လာသည်။ ဗိုလ်ချုပ်တို့လုပ်ကြံခံရသည့် သတင်းကိုပြောသည်။ အဖေ့ အသံ ကြား၍ အနီးအနားရှိ လူများဝိုင်းအုံလာကြသည်။ ကြားရသူတိုင်း စိတ်မကောင်းကြ။ ရင်မှာ ဆို့နင့် နေသည်။ တချို့ငိုသည်။ တချို့ကမျက်ရည်စတွေနှင့် ဖြစ်သည်။

အဖေသည် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ အကြောင်းကို ကျွန်တော်တို့ မိသားစု အား ပြောပြသည်။ အထူးသဖြင့် ဗိုလ်ချုပ်အကြောင်းကို အများကြီးပြောပါသည်။ ပြောရင်း ပြောရင်း ငိုသံ ပါလာသည်။ မျက်ရည်တွေဝဲလာသည်။ ကျွန်တော်တို့ အမေငိုသည်၊ ကျွန်တော်နှင့် ကျွန်တော့် ညီလေးလည်း ငို သည်။ ကျွန်တော်တို့အစ်ကို အစ်မတွေလည်း ငိုကြပါသည်။ အဖေသည် တိုင်းရေး ပြည်ရေးအတွက် စိတ်မောလူမောဖြင့် မခံမရပ်နိုင်အောင် ဖြစ်နေပါ တကား။ ထိုနေ့က အဖေ သည် ညာစာကိုပင် မစားတော့ပေ။ ကျွန်တော်တို့လည်း အဖေပြောပြသော အာဇာနည် ခေါင်းဆောင် ကြီး များ အကြောင်းကို နားထောင်ရင်း ညဥ့်နက်မှ အိပ်ရာဝင်ခဲ့ကြလေ သည်။

ဆက်ရန်
.

No comments: