Saturday, November 5, 2011

မောင်သော်က ၏ ညနေခင်းများ, အပိုင်း (၉)

ယမကာညနေခင်း (၉)

ပင်စင်။    ။ခင်ဗျား တယ်လီဖုန်းအကြောင်း ရေးတာတော့ဟုတ်ပါရဲ့၊ အများသုံး တယ်လီဖုန်းတွေကို တပ်ဆင် ထားပေးလို့မရအောင် တာဝန်မဲ့တဲ့ ရန်ကုန်မြို့တော်သူ မြို့တော်သားတွေကို ဖိ ထောင်း တာတော့ လွန်သဗျာလို့ ဒီက အယ်ဒီတာကြီးက သဘောပေါက်နေတယ်။

အယ်။    ။ဟုတ်တယ်ဗျာ၊ ကျုပ်ကတော့ သိပ်ဘဝင်မကျဘူး။ တော်တော်ကြာ ခင်ဗျားဟာ ရေးရင်းရေး ရင်း နဲ့ ပြည်သူနဲ့ ဓမ္မအန္တရာယ်ဖြစ်သွားနိုင်တယ်။ နည်းနည်းပါးပါးလည်း လျှော့လျှော့ပေါ့ပေါ့ တော့ လုပ်ဦး မှပေါ့။ အများပြည်သူတွေ မဟုတ်ပါဘူး။ လမ်းသူရဲတစ်စုလို ရေးရင်တော့ တော်သေးတာပေါ့။

သော်။    ။လမ်းသူရဲလည်း ပြည်သူပါပဲဗျာ။ ဆင်သေကို ဆိတ်သားရေနဲ့ မဖုံးချင်ကြစမ်းပါနဲ့၊ ကျွန်တော် တို့မှာ တစ်ယောက်နဲ့တစ်ယောက် ပြောရဆိုရမှာ အားတုံ့အားနာဖြစ်ပြီး ပြောသင့်တာကို ကွက်ကွက် ကွင်းကွင်း နဲ့ တဲ့တိုးမပြောကြဘဲ ဝေ့လည်ကြောင်ပတ်ပြောတာကြောင့် တိုင်း ပြည်မနစ်နာသင့်ဘဲ နစ်နာ နေတယ်။ ဘယ်သူ့မှလည်း မနာလိုလို့ မဟုတ်ဘူး။ ဘယ်သူ့မှ လည်း အားမနာနိုင်ဘူး။ ပြောသင့်တယ် ထင် တာတော့ ပြောကိုပြောရမှာပဲ။ တာဝန်ရှိတဲ့ လူ တွေဘက်က တာဝန်ပျက်ကွက်လျှင်လည်း ပြောခွင့် ရလျှင် ပြောမှာပဲ။ မောင်သော်က စင် ပေါ်မှာလည်း ပြောနေတာပဲ။ ခင်ဗျားတို့မဂ္ဂဇင်း စာမျက်နှာမှာ မရေးစေချင် လည်း မရေးရုံရှိ တာ။  မောင်သော်က ကတော့ မှန်တယ်ထင်လျှင် မလျှော့နိုင်ဘူး။ မကြိုက် လို့ လူကိုရိုက် ချင်လည်း ရိုက်သွားကြ၊ ခေါင်းတုံးအဆင်သင့်ရိတ်ထားတယ်။

ပင်။    ။ခေါင်းတုံးရိတ်ထားတယ်ဆိုလို့ ဇာဂနာကို သတိရမိတော့တယ်။ ခင်ဗျား မေလ ၁၈ ရက်၊ ဗုဒ္ဓဟူး နေ့ညကပြတဲ့ ရုပ်မြင်သံကြားဇာတ်လမ်း "နမော်နမဲ့" ဆိုတာ ကြည့်လိုက်မိသေးသ လား။

သော်။    ။ကြည့်မိပါတယ်ဗျာ။ ဝတ္ထုဇာတ်ညွှန်းက ပေါင်းတည်ဘုန်းကြည်ဆိုလို့ ကြည့်ဖြစ်အောင်ကို စောင့်ကြည့်ပါတယ်။ ဇာဂနာဆိုတာ အမွေးအမှင်နုတ်တဲ့ ပစ္စည်းတစ်ခုပါ။ ဒီတစ်ချီတော့ ဇာဂနာကိုယ်တိုင် အမွေးနုတ် ခံသွားရတယ်။ ကျွန်တော်တို့မှာ ငို၍ ရယ်၍မရသောမျက်နှာနဲ့ ကျန်ရစ်ခဲ့ပါတယ်။

ပင်။    ။ပေါင်းတည်ဘုန်းကြည်ကို ခင်ဗျား သိသလား။

သော်။    ။သိပါတယ်ဗျာ။ လူချင်းလည်း ရင်းနှီးပါတယ်။ ဒီလူစာရေးကောင်း၊ တစ်ခုတော့ရှိတယ်။ သူက အီးတီ နဲ့ တူတယ်ဗျ။ ပန်းကန်ပြားပျံကို အထူးပြုလေ့လာတာ၊ သူကိုယ်တိုင် ဒါရိုက်တာ ဝင်လုပ်တာတော့ အင်း ပျင်း လို့ နေပါလိမ့်မယ်။

အယ်။    ။ခင်ဗျား ဘယ်လိုသဘောရသလဲ။ သဘောထားလေးလည်း ပြောဦးမှပေါ့။

သော်။    ။စာရေးဆရာ ဒါရိုက်တာက စည်ပင်သာယာ အရာရှိတစ်ဦးပါ။ အစိုးရဌာနအသီးသီးဟာ သူတို့ ဌာန သူတို့ အဖွဲ့အစည်းရဲ့လုပ်ငန်းများ အောင်မြင်မှု၊ ပြည်သူအကျိုးပြုနေမှုနဲ့ ပြည်သူ နဲ့ တိုက်ရိုက် စပ်လျဉ်း နေလျှင် ပြည်သူကို ပညာပေးဖို့ တာဝန်ရှိပါတယ်။ တစ်နည်းအားဖြင့်ဆို လျှင်တော့ ဝါဒဖြန့်ချိရေး ဆိုပါတော့ဗျာ။ လုပ်သင့် လုပ်ထိုက်တဲ့ လုပ်ငန်းပါ။

ပင်။    ။ဝါဒဖြန့်ချရေး ဆိုတာကကော ဘယ်လိုသဘောရှိသလဲ။

သော်။    ။ကိုလိုနီခေတ်မှာ လူဖြစ်လာတဲ့ ကျုပ်တို့လိုကောင်တွေကလည်း ခက်တာပဲ။ အင်္ဂလိပ်လိုရှင်း မှ အားရ တယ်ဗျာ။ ကျွန်တော်ပြောမယ်။ အင်္ဂလိပ်လိုက Propaganda is a machine to generate public opinion. လို့ဆိုတယ်။ "ဝါဒဖြန့်ချိရေးလုပ်ငန်းဆိုသည်မှာ ပြည်သူ၏အမြင် တွင် ထင်ဟပ်စေရန်အတွက် ထုတ်လုပ်ရသည့် ယန္တရားတစ်ရပ်ဖြစ်သည်"တဲ့။ ကျွန် တော်တော့ ဒီလောက်ပဲဝင်အောင် ဘာသာပြန် တတ်တယ်။ လိုပါတယ်။ တိုင်းပြည်နိုင်ငံ တိုင်း အစိုးရအဖွဲ့အစည်းတိုင်းမှာ ဝါဒဖြန့်ချိရေးလုပ်ငန်း လိုပါတယ်။ ဒါပေမဲ့ ဝါဒဖြန့်ချိရေး လက်နက်ဆိုတာ နှစ်ဖက်ချွန်လိုပဲဗျ။ ကိုယ်ထိုးနှက်ချက် မိလျှင်မိ မမိ လျှင် ဘက်ပြန်ဆောင့် ပြီး ကိုယ့်ဝမ်းဗိုက် ကိုယ်စူးတတ်တယ်။ သတိထားသုံးရတယ်။ နမော်နမဲ့ လုပ်လို့ မရဘူး။

အယ်။    ။"နမော်နမဲ့"က ဘာကို ဖြန့်ချိသွားသလဲ။ သူ့ Message က ဘာလဲ။

သော်။    ။ကျွန်တော် ခံစားရတာကတော့ ညစ်ပတ်တဲ့ရေတွေကို ယောက္ခမလောင်းကြီးအပေါ် သွန်ချ မိလျှင် သူ့သမီး နဲ့ မပေးစားနိုင်ဘူး ဆိုတာပဲ ခံစားရတယ်။ သူများတွေတော့ ကျွန်တော့် ထက် အသိများ ပိုမလား မသိဘူး။

ပင်။    ။ဇာဂနာ က ကော မရယ်ရဘူးလား။

သော်။    ။အဲဒါခက်တာပေါ့ဗျ။ ဇာဂနာ မနေတတ် မထိုင်တတ် နဲ့ ရှေ့တန်းသရုပ်ဆောင်သွားလုပ်တာ။ ဇာဂနာ ဟာ တစ်ခေတ် မှာ တစ်ခါ ပေါ် တဲ့ ဟာသလူရွှင်တော်၊ Comedian ပါ။ လူတော်တစ် ယောက်ပါ။ သူ့ နေရာ သူ ရှိပြီးသားလူပါ။ ဟာသဇာတ်လမ်း Comedy မှာ ဝင်သရုပ်ဆောင် လျှင်တော့ ဟုတ်ပါတယ်။ အခုတော့ ငိုမရ ရယ်မရတဲ့ ဝါဒဖြန့်ချိရေးဇာတ်လမ်းမှာ သူ့မျက်နှာ ကို ငှားလိုက်တော့ ဇာဂနာဟာ မွေးညှပ်ဖြစ်သွားတာပေါ့။ မွေးညှပ်မှ ဆယ်ပြားစေ့နှစ်စေ့ နဲ့ ညှပ်တဲ့ မွေးညှပ်အပေါစား။

အယ်။    ။ဒီလိုဆို ဒီကားမျိုး မရိုက်သင့်ဘူးလား၊ မရိုက်ရတော့ဘူးလား။

သော်။    ။ရိုက်သင့်တာ မှ သိပ်ရိုက်သင့်တာပေါ့။ ဇာဂနာနဲ့ မရိုက်သင့်ဘူးလို့သာ ကျုပ်ကပြောတာ၊ ပြည်သူ့ ပညာပေး သိပ်လိုတာပေါ့။ နောက်ပြီး ဘက်စုံအောင်လည်း ပြရမယ်။ လူတွေ နောက်ဖေး လမ်းကြား အမှိုက်သွန်ချတဲ့ ပြကွက်လောက်နဲ့မှ မလုံလောက်ဘဲ။ အဲဒီလိုသွန်ချ လို့ ဘာဖြစ်တယ်ဆိုတဲ့ အကျိုးဆက် တွေ၊ ကောင်မလေး တက်ရန်တွေ့တာနဲ့လည်း ပြီးမ သွားသင့်ဘူး။ ဒါ့ပြင် စည်ပင်သာယာ ဘက်က ချွတ်ယွင်းချက်တွေကို လမ်းပြသင့်သ လောက် ရဲရဲတင်းတင်းပြပါ။ အမှိုက်ကား မလာလို့ ပုံနေတဲ့ အမှိုက်ပုံကြီး တွေ၊ မပြင်ပဲထားရ လို့ ပျက်စီးနေတဲ့ လမ်းမကြီးတွေ၊ ရေမလာသေးလို့ ရေဘုံဘိုင်မှာ တန်းစီ နေတဲ့ ရေပုံးတွေ၊ မြင်ကွင်းတွေပြပြီးတော့မှ ဘယ်လိုလုပ်ကြမယ်ဆိုတဲ့ အစီအစဉ်တွေနဲ့ ပြည်သူတွေကို စည်း ရုံးရမယ်။

ပင်။    ။စည်ပင်သာယာဘက်ကကော လစ်ဟင်းတာများ ရှိသေးသလား။ သူတို့လည်း အတတ်နိုင် ဆုံး အကောင်းဆုံး ဖြစ်အောင် လုပ်နေတာပဲ။

သော်။    ။ဟေ့လူ တော်တော်။ ကျုပ် လာပြီး ခွတိုက်မမေးနဲ့ ရေမချိုးရတာ ငါးရက်ရှိလို့ စိတ်တိုနေရ တဲ့ အထဲမှာ...။

အယ်။    ။လမ်းတွေလည်း ပြင်နေတာပဲဗျာ။ ပြင်ရင်းက ပျက်ချည်းသာနေတော့ ဘယ်လိုတတ်နိုင် မှာလဲ။

သော်။    ။ပျက်မှပြင်၊ ပြင်တော့လည်း မစို့မပို့နဲ့ ထုံးဖြူးသလို လုပ်ပြင်နေမှတော့ ဘယ်မှာပြင်လို့နိုင်ပါ့ မလဲ။ မပျက်ခင်က ကြိုတင်ကာကွယ်တားဆီးလျှင် မပျက်တော့ဘူး။ ပြင်ရလျှင်လည်း သက် သာတယ်။

ပင်     ။    ။ဘယ်လို ကြိုတင်တားဆီးရမလဲဗျာ။

သော်။    ။မြန်မာပြည်က မုတ်သုံရာသီ ပြင်းထန်တဲ့ တိုင်းပြည်ဗျ။ မိုးရွာချိန်များတယ်၊ မိုးရွာတာ လည်း များတယ်၊ ကားလမ်းတွေ ပျက်ရခြင်းရဲ့ အဓိကအကြောင်းရင်းဟာ လမ်းမကြီးပေါ်မှာ ရေတင်လို့ ရေ၀ပ် လို့ပဲ။ ဒါကိုသိတဲ့ အင်္ဂလိပ်များက လမ်းဘေးရေစီးမြောင်းကို အစဉ် ကောင်းနေအောင် လုပ်ထားကြတယ်။ မိုးရွာပြီးတာ နဲ့ လမ်းပေါ်မှာ ရေတစ်စက်မှ တင် မကျန်နေစေရဘူး။ လမ်းဘေးမြောင်းထဲကို စီးဆင်း သွားရမယ်။ ''Drainage''ဟာ အဓိကဗျ။ အခု ရန်ကုန်မှာ ပြင်လို့မနိုင်အောင် ပျက်နေတဲ့ လမ်းမကြီးတွေကို ကြည့်စမ်းပါ။ လမ်းဘေး ရေစီးမြောင်းတွေ ပျက်နေပြီ၊ ပိတ်ဆို့နေပြီ၊ လုံးဝပိတ်ဖုံးနေတာကို တွေ့ရ လိမ့်မယ်။

ပင်    ။    ။အေး၊ ခင်ဗျားပြောမှ သတိပြုမိတယ်။ ကျုပ်တို့ အလျင်နေတဲ့ အလုံဆူပါပင်လမ်းဆိုရင် လမ်းဘေး ရေမြောင်း လုံးဝမရှိတော့ဘဲ လမ်းမကြီးလည်း ရစရာမရှိလောက်အောင် ပျက်နေ ပြီ။ ကားမောင်း လို့တောင် မရသလောက်ပဲ။

သော်။    ။ကျွန်တော့်အိမ်ရှေ့က အထက်ကြည့်မြင်တိုင်လမ်းမကြီးဆိုတာ တစ်ခါမှလာမပြင်ဘဲနဲ့ ခုထိ ချောမွတ်နေတာပဲ။ အဲဒါဘာဖြစ်လို့လည်းသိလား။ လမ်းမကြီးကမြင့်ပြီး လမ်းပခုံးစောင်း အလျှော ကောင်းလို့ မပျက်တာ။ သို့သောလ မကြာတော့ပါဘူး။ နောက် သုံးနှစ်လောက်ဆို လျှင် ရစရာမရှိအောင် ချိုင့်တွေ နဲ့ တင်းကျမ်းဖြစ်လာပါလိမ့်မယ်။ ပျက်စီးခါနီးနေပြီ၊ ဒီအ တိုင်းပစ်ထားလျှင် ပျက်မှာ သေချာ တယ်။

အယ်။    ။ဘာပြုလို့လဲဗျ၊ ခင်ဗျားအိမ်ရှေ့က လမ်းမကြီးအတော်ကောင်းတာပဲ။

သော်။    ။အဲဒါပေါ့ဗျ။ သတိမမူရင် အန္တရာယ်ကို ကြိုမမြင်ဘူးလေ။ အိမ်ရှေ့မှာ နဂိုကရေမြောင်းရှိ တယ်။ ရေမြောင်းမှ ကောင်းလိုက်တဲ့မြောင်းဗျာ။ တစ်ပေခွဲလောက် နက်တယ်။ ကွန်ကရစ် မြောင်း၊ အခု မရှိတော့ဘူ။ သိပ်နှမြောစရာကောင်းတာပဲ။ ပျောက်ကွယ်သွားပြီ။

ပင်။        ။ဘယ်ရောက်သွားပြီလဲ။

သော်။    ။ရေမြောင်းက ခြေပေါက်ပြီးထွက်ပြေးပါ့မလားဗျာ၊ ရှိပါတယ်။ မြေအောင်ဖုံးနေတာ နှစ်အ တော်ကြာပါပြီ။ တစ်လျှောက်လုံးပဲဆိုပါတော့။ ရှင်မိဝက္ခလကျောင်းထိပ်က ပန်းပင်ကြီးလမ်း တစ်လမ်းလုံး တစ်ကွေ့ကြီးဖုံးသွားပြီ။ ရေမြောင်းကို ပိတ်ဆို့ရာကအစ နယ်ချဲ့ပြီး စည်ပင် သာယာမြေပေါ်မှာ ဆိုင်ကြီး တဲကြီးတွေနဲ့ တခမ်းတနား မြောင်းကို ဖုံးကွယ်ထားကြတယ်။

အယ်။    ။ဟုတ်တယ်။ ဟိုတစ်လောဆီက လုပ်သားပြည်သူ့နေစဉ်သတင်းစာမှာ ထင်ပါရဲ့၊ ဆောင်းပါး တစ်စောင် ပါလာသေးတယ်။ မိုးဦးကာလတွင် မှိုလိုပေါက်လာသော လမ်းဘေးဈေးဆိုင်း များဟာ လမ်းသွားလမ်းလာများအတွက် ယာဉ်အန္တရာယ်ဖြစ်စေကြောင်းဆိုတဲ့ ဆောင်းပါး လေး ကျွန်တော် မှတ်မိသေးတယ်။

သော်။    ။ရေးလည်း ရေးရေးပါပဲဗျာ။ အပိုဖြစ်နေတာပါပဲ၊

ပင်။        ။ဘာပြုလို့  ပိုရမှာလဲဗျာ။ သက်ဆိုင်ရာက လာစစ်ဆေးအရေးယူမှာပေါ့။ ဖျက်သိမ်းမှာပေါ့။ စည်ပင်သာယာမြေပေါ် ကျူးကျော်လို့ ဘယ်ရမလဲ။

သော်။    ။ခင်ဗျား တော်တော်ခက်သေးတဲ့လူပဲ။ ဒီခေတ်ကြီးနဲ့အမီလည်း အသိဉာဏ်က မလိုက်နိုင် သေးပါလား။ ဒါက စစ်ဆေးသူတွေရဲ့ စားပေါက်ဗျ။ သူတို့စားပေါက်ကို သူတို့ပိတ်ပါ့မလား။ ကိုယ့်စားကျက် ကို ကိုယ်ဖျက်ပါ့မလား။

ပင်။        ။"နမော်နမဲ့"က ဒါတွေတော့ သရုပ်ပေါ်အောင် ရိုက်မပြနိုင်ဘူးလား။ ဇာတ်ကားအဖွင့်မှာ တော့ လမ်းဘေးရေမြောင်းတွေ ရှင်းတာတို့ ဘာတို့ နည်းနည်းပါးပါးရိုက်ပြသားပဲ။ အစက တော့ ဟန်မလိုလိုနဲ့ နောက်မှ မဟန်ဘူးဖြစ်သွားတာ။

သော်။    ။သူလည်း နမော်နမဲ့ ဖြစ်သွားတယ်နဲ့တူပါတယ်။ ကျွန်တော်က ပြည်သူပိုင်သတင်းစာများက တင်ပြခွင့်မရှိတဲ့သူမို့ သက်ဆိုင်ရာမြို့နယ်ကောင်စီကို စာရေးပါတယ်။ ကြည့်လုပ်ကြပါဦး။ လမ်းမကြီးပျက်တော့မယ်ပေါ့။ အာဇာနည်နေ့လေး ဘာလေးရွေး၊ သန့်ရှင်းရေးလုပ်အားပေး ဆိုပြီး လူထုလှုပ်ရှားမှု နဲ့ ရေမြောင်းကို ဖော်ကြပါဦးလို့ ရေးပါတယ်။ ကျုပ်လည်း ပေါက်ပြား ဆွဲပြီး အိမ်ရှေ့က မြောင်းကိုဖော်ပါတယ်ပေါ့ဗျာ။ ဒါပေမဲ့ မလှုပ်ပါဘူး။ သူတို့မှာလည်း တိုင်း ပြည်အတွက် ဒါထက် အရေးကြီး တာတွေ နေ့မအား ညမအား ဆောင်ရွက်နေရတော့ကာ အခြားအလုပ်တွေနဲ့ ရှုပ်နေဟန် တူပါတယ်။

အယ်။    ။ဒါမှမဟုတ် နမော်နမဲ့ဖြစ်သွားသလား။

သော်။    ။ဒါလည်း ဖြစ်နိုင်ပါတယ်။ ကျုပ်တော့ စည်ပင် သာယာကို ပါဝင်ကူညီလိုစိတ် နည်းသထက် နည်းသွားပြီး စေတနာခန်းခန်းလာတယ်။

ပင်။    ။ဟာ ဒီလိုတော့ မပြောနဲ့လေဗျာ။ ဘယ်နားမှ စေတနာခန်းသွားရတာလဲ။ ကိုယ့်မြို့ကိုယ်ရွာ စည်ပင် သာယာရေးမှ လူတိုင်း စေတနာထားပြီး ပါဝင်လုပ်ဆောင်ကြမှ မြို့ရွာစည်ပင်သန့် ရှင်းတော့ မပေါ့။

သော်။    ။ခင်ဗျား မှတ်မိသလား။ ဘတ်စ်ကား မှတ်တိုင်များမှ ဘတ်စ်ကားစီး ခရီးသည်များ ခိုနားဖို့ရာ အမိုးနဲ့ ခိုနားစရာလေးတွေလေ စေတနာရှင်များ လှူဒါန်းနိုင်ကြပါတယ်။ စည်ပင်သာယာက အပြီးဆောက်ပေးမှ ၂၀၀၀ိ ဆိုလားကျတယ်။ တော်တော်များများ စေတနာရှင်တွေ လှူခဲ့ကြ ပါတယ်။ နာမည်ကဗ္ဗည်းတောင် ရေးထိုးပေးသေးတယ်လေ။ ကျုပ်လည်း ကျုပ်အိမ်နားက အမှတ် ၃၃ ကားဂိတ်မှာ တစ်ခု ဆောက်လှူမလို့ဟာ အခုတော့ အတော်စိတ်ကုန်သွားပြီ။

ပင်။    ။ဘာပြုလို့လဲဗျာ။ ခရီးသည်တွေ နေလုံ၊ မိုးလုံ ခိုနားပါစေလား။

သော်။    ။ဘာပြုလို့ရမလဲ။ ခရီးသည်တွေ ခိုနားရတယ်မရှိဘဲ။ ဆေးလိပ် ကွမ်းယာသည်ကအစ ဈေး သည်အစုံက သူတို့ရောင်းဖို့များ အလှူရှင်က လှူထားတာကျနေတာပဲ။ ဆိုင်နဲ့ကနားနဲ့ဖြစ် နေတယ်။

ပင်။    ။ဟုတ်ပါ့ဗျာ။ ခင်ဗျားတို့ ရွှေလှိုင်လမ်းထိပ်က မှတ်တိုင်ဆို စည်ပင်သာယာက ထိန်းသိမ်းပေး ဖို့ မဆို ထားနဲ့၊ သူ့ဘာသာသူ ပြိုလဲကျသွားတာတောင် ကြည့်နေတယ်။ အကြာကြီးနေမှ လာ ဖျက်သိမ်း သွားတယ်။

သော်။    ။အဲဒီတော့ အလှူရှင် ဘယ်စိတ်ကောင်းနိုင်ပါတော့မလဲဗျာ။ "ပုဗ္ဗ-မုဉ္စ-ပရ"ဆိုတဲ့ စေတနာ သုံးတန် မှာ စေတနာနှစ်တန်ပျက်ရတယ် နောက်ပြီးရှိသေးတယ်။ ဘတ်စ်ကားမှတိုင်လည်း ဆောက် လိုက်ရော ဘတ်စ်ကားက အဲဒီမှတ်တိုင်ရှေ့မှာ ဘယ်တော့မှ မရပ်တော့ဘူးဗျာ။ ကျော်ရပ်တယ်။ လျှော့ ရပ်တယ်။ ခရီးသည်တွေက အပြေးအလွှား လိုက်ကြရတယ်။ အဲဒီ ရှေ့မှာ မရပ်လေနဲ့လို့ သူတို့ကို အမှတ် အသား ပြထားတာ ကျနေတာပဲ။

အယ်။    ။အဲဒါကတော့ ဘတ်စ်ကားတွေက စည်းကမ်းပျက်တာပါဗျာ။ အဲဒီအတွက်တော့ မထသမှာ တာဝန်ရှိတယ်ထင်ပါတယ်။

သော်။    ။အဲ... အဲဒီ မထသကြီးအကြောင်းလည်း ပြောစရာရှိပါဗျား။ အခုအပတ်တော့ စည်ပင်သာ ယာဖို့ "နမော်နမဲ့"ကို ဒီမှာတင်ပဲ တစ်စခန်းရပ်ထားပြီး နောက်အပတ်မှာ မထသ ရဲ့ မတော် မတည့်အကြောင်း ပြောကြဦးစို့ရဲ့။ ရမ်မသောက်ဘဲပြောရတာ အာခြောက်လိုက်တာဗျာ။

ပန်၊ ဧပြီလ၊ ၁၉၈၈
.

No comments: