(၁၄)
အတွင်းသို့ သွားသောလမ်းကို သဲကန္တာရအားဖြတ်ပြီး ဖောက်ခဲ့သူမှာ လိုသာပင်ဖြစ်သည်။ သို့သော် ဤ အဖြစ် အပျက် မှာ လွန်ခဲ့သော ၁၂ နှစ်ကဖြစ်သည်။ ကာလကြာမြင့်ခဲ့ပြီ။ သို့သော် မိမိ၏ရည်မှန်းချက်ကို အကောင် အထည် ဖော်ရမည့် နေရာခြောက်နေရာလောက်ကိုမူ လိုသာမှတ်မိနေဆဲရှိသည်။
လိုသာ သည် သူတို့အားမမြင်ရန် ညတွင်ခရီးသွားပြီး ဖိုရီ၏ လော်ရီကားတန်းကို လမ်းမှဖြတ်စောင့်ကာ ဖိုရီ အား တွေ့ခဲ့သည်။ နောက်တစ်နေ့မနက်စောစော နေထွက်ချိန်တွင် လိုသာသည် သူမှတ်မိ နေသော နေရာ တစ်နေရာသို့ ရောက်လာသည်။ ထိုနေရာသည်ကား ကားလမ်းနှင့်ယှဉ်၍ ရေခန်းခြောက်နေသော မြစ်တစ်စင်း က အပြိုင်ရှိသောနေရာဖြစ်သည်။ ထို့အရှေ့ဘက်တွင် ကားလမ်းက မြစ်ထဲမှဖြတ်ပြီး လိုသာ ကိုယ်တိုင် ဆောက်ထားခဲ့သည့်နေရာဖြစ်သည်။
လိုသာသည် ရေန်းမြစ်ကမ်းပါးအတိုင်း လျှောက်လာရင်း၊ ယင်းပတ်ဝန်းကျင်ကို အသေးစိတ်အကဲခတ်လာ သည်။ ကားဖြတ်ကူးမည့် လမ်းကျဉ်းနေရာတွင် စိန်သယ်လာမည့်ထရပ်ကားကို ထောင်ခြောက်ဆင်ဖမ်း၍ ရနိုင်မည်။ အပေါ်မှ ကျောက်တုံးများလှိမ့်ချကာ လမ်းကိုပိတ်ဆို့လိုက်ရမည်ဟု လိုသာမြင်လာသည်။ ရေခန်း နေသောမြစ်ပြင်၌ သူတို့ပုန်းနေရမည်။ မြစ်ပြင်သဲပြင်ကိုတူးပါက ရေထွက်လာမည်။ စိန်ားကို စောင့်ရင်း သူတို့မြင်းများနှင့် သူတို့အတွက် ရေရနိုင်သောနေရာဖြစ်ရမည်။ ရှေ့ဆက်ရမည့် ခရီးပြင်း ခရီးရှည် အတွက် စောင့်ဆိုင်းနေသင့်သော နေရာကောင်းပင်ဖြစ်သည်။ ထို့အပြင် အနီးဆုံးရဲစခန်းနှင့် သုံးလေးရက် ခရီးဝေး သောနေရာဖြစ်သည်။
" ဒီနေရာဟာ ငါတို့အစီအစဉ် အကောင်အထည်ဖော်ရမယ့် နေရာပဲကွ" လိုသာက ဆ ၀ပ်ဟင်းဒရစ်အား ပြော လိုက်သည်။
မတ်စောက်သော ကမ်းပါးစပ်တွင် တဲစခန်းထိုးလိုက်သည်။ ထိုနေရာတွင် ကြေးနန်းကြိုးသွယ်တန်းထား သော သစ်သားတိုင် လည်းရှိသည်။ လိုသာသည် ကြေးနန်းတိုင်ပေါ်တက်ကာ ကြေးနန်းလိုင်းတွင် ၀ိုင်ယာ ဖြင့် ဆက်ပြီး သစ်သားတိုင်တစ်လျှောက် ၀ိုင်ယာကြိုးကို လူမမြင်အောင် အောက်သို့ ဆွဲချသွယ်တန်းကာ သူ၏ လျှို့ဝျက်နေရာနှင့် ဆက်ထားသည်။
ဟာနီ သတ္တုတွင်း နှင့် မြို့သို့ ကြေးနန်းအပြန်အလှန်သတင်းပို့သည်ကိုလိုသာကြားမှ ဖြတ်နားထောင် ရအောင် စီစဉ်ထားခြင်းဖြစ်သည်။
စောင့်ဆိုင်းနေရခြင်းသည် ပျင်းရိငြီးငွေ့စရာကောင်းလှသည်။ သို့သော် ဒုက္ခခံပြီးစောင့်ကာ ကြေးနန်း အဆက်အသွယ် များကို ကြားမှဖြတ်ပြီး နားထောင်နေသည်။ နေ့ပိုင်းတွင် လိုသာသည် လျှို့ဝှက် မြေကတုပ်ကျင်း ထဲ၌ တစ်ယောက်တည်းစောင့်ကာနားထောင်သည်။ ဆ ၀ပ်ဟင်းဒရစ်နှင့် မင်းဖရက် တို့က မြင်းများဖြင့် သဲကန္တာရထဲသို့သွားကြသည်။ အမဲလိုက်သွားခြင်းဖြစ်သလို၊ မင်းဖရက်နှင့်မြင်းများအား ရှေ့ခရီးကြမ်း အတွက် ကြံ့ခိုင်မှုရှိအောင် လေ့ကျင့်ခြင်းလည်းဖြစ်သည်။
ကြေးနန်းကြိုးမှ ဒီဒီ ... ဒါဒါအသံက နားထဲသို့ရုတ်တရက် ၀င်လာသည်။ ဟာနီသတ္တုတွင်းမှ ကြေးနန်း အော်ပရေတာက သတင်းစပို့ခြင်းဖြစ်သည်။ လိုသာက နားမှကြားသမျှကို မှတ်စုလိုက်ရေးတော့သည်။ ကြေးနန်းပို့၍ ဆုံးသွားသောအခါ လိုသာက ကြေးနန်းအဓိပ္ပာယ်ကို ဖွင့်လိုက်ရာ အောက်ပါ အတိုင်း ဖြစ်သည်။
ပက်တီဖိုဂါ အတွက်။ တနင်္ဂနွေညတွင် ကိပ်တောင်းမြို့သို့ သွားမည့် စာပို့ရထား၌ ဂျူနို၏ သီးသန့် တွဲ ချိတ်ဆွဲ လိုက်ပါ နိုင်အောင် ကြိုတင်စီစဉ်ထားပါ။ ဂျူနိုတနင်္ဂနွေနေ့မွန်းတည့်ချိန်တွင် အဲဒီကို ရောက်လာ လိမ့်မည်။ ပြီးပြီ။ ဗင့်။
လိုသာသည် ကြေးနန်းကို ဖတ်ပြီးတွေးဆသည်။ ကြေးနန်းပို့သူ ဗင်သည် ဒေါက်တာတွမ်တီးမင်းဂျုန်းဖြစ်ရ မည်။ ကြေးနန်းလက်ခံရသူ ပက်တီဖိုဂါသည် ရှေ့နေဘေဘရာ ဟင်ဖြစ်ရမည်။ ဂျူနိုသည် စင်တိန် ဖြစ်ရမည်။ စင်တိန် ၀င်းဟုပ်သို့ ပြန်ပေတော့မည်။ ထို့အတွက် ရထားအသင့်ပြင်ထားရန် ကြေးနန်း ရိုက် အကြောင်း ကြားခြင်းပင်ဖြစ်သည်။
စင်တိန်သည် ၀င်းဟုပ်မြို့သို့ တနင်္ဂနွေနေ့မွန်းတည့်ချိန်တွင် ရောက်ရန်အတွက် ဟာနီသတ္တုတွင်းမှ သောကြာနေ့ နံနက်စောစောတွင် ထွက်ရပေလိမ့်မည်။ ထိုသို့ထွက်လာလျှင် ဤနေရာသို့ စနေနေ့မွန်းလွဲ ပိုင်းလောက်တွင် ရောက်လိမ့်မည်ဟု လိုသာ တစ်မုဟုတ်ချင်းတွက်ချက်သိရှိလိုက်သည်။
လိုသာသည် ပူလောင်လှသော မြေကျင်းထဲ၌ ထိုင်နေရင်းက စင်တိန်အား ကြည့်လိုစိတ်မြင်လိုစိတ် ဆန္ဒများ တဖွားဖွားပေါ်နေသည်။ သူမကား ဖြတ်မောင်းသွားစဉ် ရိတ်ခနဲမြင်လိုက်ရလျှင်ပင် ဘ၀င်ကျ သွား နိုင်သည်။
သဲကန္တာရ ၏ ပူလောင်ပြင်းထန်သော မွန်းတည့်ချိန်တွင် စိန်မလာကားကြီးလာနေသည်ကို တထောင်း ထောင်း ထနေသော ဖုန်လုံးများကြောင့် လေးငါးဆယ်မိုင် အဝေးကပင် ကြိုပြီး လိုသာမြင်နေရသည်။ လို သာက ဆ၀ပ်ဟင်းဒရစ် နှင့် မင်းဖရက်တို့အား သူတို့မြေကျင်းဆီသို့လှမ်းပြီး အချက်ပေးလိုက်သည်။ သူတို့ သည် အချက်အချာကျသော နေရာများ၌ ပုန်းခိုနေရန် မြေကျင်းများအသင့်တူးထားကြသည်။ သစ်ကိုင်း သစ်ခက် များဖြင့်အုပ်ဆိုင်းကာ ခြေရာလက်ရာဖျောက်ထားကြသည်။
ယခု သူတို့ အစမ်းလေ့ကျင့်သည့်သဘော စောင့်ကြည့်ရုံကြည့်နေကြမည်ဖြစ်၍ မည်သူမှ မျက်နှာဖုံးစွပ် မထားပေ။ မော်တော်ကားကို ရေးရေးမြင်ရပြီး ကားစက်သံကိုသဲ့သဲ့ကြားလာရသည်။
" အား ... ကားကိုသောက်ရမ်းမောင်းတာပဲ၊ ဒီလိုမမောင်းသင့်ဘူးလေ စင်တိန် ... ငါ ဘာတွေ တွေးနေပါလိမ့် ... ငါ့ကိုယ်ငါ သူ့လင်ကျနေတာပဲ၊ အင်းလေ ... မင်းကားမောင်းရမ်းရင် မင်းပဲဒုက္ခ ရောက်မှာပေါ့ "
လိုသာ တစ်ကိုယ်တည်းစိတ်ထဲက ပြောနေမိသည်။ ထို့နောက် မြေကျင်းထဲသို့ ပုနေအောင် ၀ပ်ပြီး ပုန်းရင်း အရှေ့ဘက် ရှိ သစ်ကိုင်းများကြားမှ ချောင်းကြည့်နေသည်။ ကားက လမ်းပေါ်၌ ခုန်ပေါက်လာနေသည်။ မြစ်ကူး ကမ်းပါးထိပ် တွင် ကားကို တုန့်ခနဲရပ်လိုက်သည်။
ကားတံခါးကိုဖွင့်ပြီး စင်တိန်အောက်သို့ ဆင်းလိုက်သည်။ သူ့ကားပတ်လည်၌ ဖုန်များထနေသည်။ သူမရပ် နေသော နေရာမှာ လိုသာဝပ်ပြီး ပုန်းနေသောနေရာနှင့် ခြေလှမ်း ၂၀ ခန့်သာဝေးသည်။ မြေကြီးတွင် အပ် ထားသောလိုသာ့ ရင်မှာ တဒိန်းဒိန်းခုန်လာသည်။
" သူက ငါ့ကို ရင်ခုန်စေတုန်းပါပဲလား၊ ငါသူ့ကို မုန်းသင့်ပါပြီ၊ သူငါ့ဘ၀ကို အနိုင်ကျင့် ဖျက်ဆီးခဲ့ပြီ၊ ငါ့သား ကိုလဲ မိခင်အချစ် မိခင်ယုယမှု လုံဝမပေးခဲ့ဘူး၊ ငါသူ့ကို မုန်းသင့်တယ် "
လိုသာ စိတ်ထဲကပြောနေမိသည်။
ဒိန်မလာကား၏ ဟိုဘက်တံခါးပေါက်မှ ဆင်းလာသူအား စင်တိန်က လှမ်းပြောလိုက်သံကို လိုသာ ကြားလိုက် ရသည်။
" ငါတို့ဆင်းပြီး လမ်းလျှောက်ကြည့်မယ်သားရေ၊ မြစ်ကူးတဲ့နေရာမှာ လုံခြုံစိတ်ချရမှုရှိမရှိ သိရအောင်ပေါ့ "
လိုသာကရှာဆာအားလှမ်းကြည့်လိုက်သည်။ သူနောက်ဆုံးအကြိမ်တွေ့ခဲ့ချိန်ကထက် ရှာဆာက အရပ် နည်းနည်းပိုမြင့်လာသည်ကို တွေ့ရသည်။ မော်တော်ကားကိုထားခဲ့ပြီး သားအမိနှစ်ယောက် အောက်ဘက် ဆင်း သွားသည်။ မင်းဖရက်က အောက်ဆုံးမြေကျင်းထဲမှ လှမ်းကြည့်နေသည်။
အမျိုးသမီးသည် သူ့အတွက်မည်သို့မျှ အကြောင်းမရှိ။ သူ့မိခင်အရင်း ဖြစ်သော်လည်း မိခင်မှန်းသူလုံးဝ မသိ၊ သူမသည် သူ့အား တစ်ခါဖူးမျှမချီဖူး၊ နို့တိုက်မကျွေးဖူး။ သူမသည် သူ့အဖို့ တစိမ်းပြင်ပြင် ဖြစ်နေ သည်။ သူမကိုမြင်နေရသော်လည်း ရင်ထြ၌ဘာခ့စားမှုမှမရှိ။ သူမဘေးရှိ သူ့အရွယ်ကောင်ကလေးဆီသို့ အာရုံ ပြောင်းလိုက်သည်။
" မင်းက မိန်းမချော ချောတဲ့ကောင်ပဲ၊ ဒါပေမယ့် မင်းက လက်ဝှေ့ထိုးတော်တယ်၊ အရှောင်အတိမ်း အယိမ်း အနွဲ့ ကောင်းတယ်၊ မင်းနဲ့ငါ တစ်ကြိမ်တော့ ထပ်တွေ့ကြသေးတာပေါ့ကွာ "
မင်းဖရက် က တစ်ယောက်တည်း စိတ်ထဲမှပြောနေသည်။
ရှာဆာက ရေခန်းနေသော မြစ်ထဲသို့ ဆက်ဆင်းသွားပြီး စင်တိန်က ကားဘေးသို့ပြန်လျှောက်လာသည်။ ကားဘီး အပိုတွင် ချိတ်ထားသော ပတ္တူရေအိတ်ကို စင်တိန်ကဖြုတ်ယူလိုက်ပီး ပါးစပ်တွင်တေ့ကာ ရေတစ် ငုံသောက်ပြီး တစ်ငုံကို မြေကြီးပေါ်သို့ထွေးချလိုက်သည်။
ထို့နောက် စင်တိန်သည် အပေါ်ဝတ်ဖုန်ကာ ဂျာကင်အင်္ကျီကိုချွတ်လိုက်သည်။ ဆက်လက်၍ အောက်ခံ ဘလောက်အင်္ကျီ၏ကြယ်သီးများကိုဖြုတ်လိုက်သည်။ အ၀ါရောင်ပိုးစကတ်ကိုရေဆွတ်လိုက်ပြီး လည်ပင်း နှင့် ရင်သား များကို ရေ၀တ်ဖြင့် ပွတ်သပ်လိုက်သည်။ အသားအရေများ အေးမြသွားသဖြင့် လန်းဆန်း သွားပုံ ရသည်။
လိုသာ သည် မျက်စိကို တစ်ဘက်သို့ လွှဲလိုသော်လည်း လွှဲမရဘဲ စိုက်ကြည့်နေမိသည်။
" အားလုံးအဆင်ပြေတယ်မေမေ "
အောက်ဘက်မှတက်လာသော ရှာဆာ၏ လှမ်းပြောလိုက်သံကိုကြားရသည်။ စင်တိန်က အင်္ကျီကြယ်သီး များကို ကမန်းကတန်းတပ်လိုက်သည်။
" ကဲ ဒါဖြင့်သွားကြမယ် "
သားအမိ နှစ်ယောက် ကားပေါ်တက်ပြီး ဆက်မောင်းသွားကြသည်။

-------------------------------
" အို ... အေဘီ၊ ကျွန်မ အဲဒီဧည့်ခံပွဲတွေကို ဘယ်လောက်ငြီးငွေ့တယ်ဆိုတာ ရှင်သိပါတယ်၊ လူတွေ ပြည့်ကျပ် နေတဲ့ အခန်းထဲမှာ ဆေးပြင်းလိပ်မီးခိုးတွေက တထောင်းထောင်းနဲ့၊ ပြီးတော့ မသိတဲ့လူ တွေနဲ့ ဟိုပြော ဒီပြောနဲ့ အချိန်ဖြုန်းရတာ အဓိပ္ပာယ်မရှိဘူး" စင်တိန်ကပြောသည်။
" ဒီလူကတော့ တွေ့ဆုံသိကျွမ်းထားရင် အကျိုးရှိမယ့် လူမို့ပါ၊ သူနဲ့အလုပ်လုပ်စရာတွေလဲရှိတယ်၊ ဒီနယ် မြေမှာ သူဟာ ခင်ဗျားအတွက် တန်ဖိုးအရှိဆုံးလူ ဖြစ်လာနိုင်ပါတယ်ဗျာ "
အေဘိစကားမှန်သည်ဟု စင်တိန်သဘောပေါက်လာသည်။ ဤနယ်မြေ၏ အုပ်ချုပ်ရေးမှူးသည် နယ်မြေ ဘုရင်ခံပင်ဖြစ်ပြီး၊ အုပ်ချုပ်မှုအာဏာအပြည့်အ၀ သူ့တွင်ရှိနေသည်။ သူ၏ဧည့်ခံပွဲသို့ အနည်းဆုံး အလုပ် သဘော အဖြစ် တက်သင့်သည်။
အလျင်အုပ်ချုပ်ရေးမှူးလိုပဲ ငြီးငွေ့စရာကောင်းတဲ့အဘိုးကြီးတစ်ယောက်ပဲ ဖြစ်မယ်ထင်တယ် "
စင်တိန် က အေဘရာဟင်အား မေးလိုက်သည်။
" ကျွန်တော် သူနဲ့မတွေ့ဖူးသေးဘူး၊ သူ ဒီဝင်းဟုပ်မြို့ကို ရောက်လာတာ ရက်ပိုင်းပဲရှိသေးတယ်၊ ရှေ့လ တစ်ရက်နေ့ကျမှ သူ ကျမ်းသစ္စာကျိန်ပြီး ရာထူးလက်ခံမှာ၊ ဒါပေမယ့် တီဆူမက်ဒေသကမြေတွေကို ဈေး သက်သက်သာသာနဲ့ ၀ယ်ခွင့်ရဖို့ ကျွန်တော်တို့ တင်ထားတဲ့ လျှောက်လွှာဟာ သူ့စားပွဲပေါ် ရောက်နေပြီ၊ သူလက်မှတ်ထိုးဖို့ပဲ လိုတော့တယ်၊ စတုရန်းမိုင် ၂၀၀၀ ပတ်လည်မြေတွေအတွက် ခင်ဗျား နှစ်နာရီ သုံးနာရီ လောက်တော့ သွားပြီ ငြီးငွေကခံသင့်ပါတယ် "
" ဒီညနေထွက်မယ့်အမြန်ရထားမှာ ကျွန်မရဲ့ကိုယ်ပိုင်တွဲချိတ်ပြီး လိုက်ဖို့စီစဉ်ထားပြီးသားမဟုတ်လား၊ ဗုဒ္ဓ ဟူးနေ့ မနက်မှာ ရှာဆာဟာ သူ့ကျောင်းကို ပြန်ရောက်ရလိမ့်မယ် "
စင်တိန်က မတ်တတ်ထလိုက်ပြီး ရထားတွဲ ဧည့်ခန်းထဲ၌ လမ်းလျှောက်လိုက်သည်။
" အင်္ဂါနေ့ညနေမှာပဲ နောက်ထပ်အမြန်ရထားတစ်စီးထွက်ဖို့ရှိပါသေးတယ်၊ အဲ့ဒီရတားကျမှ ခင်ဗျားရဲ့ ကိုယ် ပိုင်တွဲကို ချိတ်ပြီးလိုက်ဖို့ ကျွန်တော် စီစဉ်ထားပါတယ်၊ မာစတာရှာဆာကတော့ ဒီညနေထွက်မယ့် အမြန် ရထားနဲ့ လိုက်သွားလို့ရပါတယ်၊ သူ့အတွက် ကျွန်တော်ကြိုပြီး ရထားလက်မှတ်စီစဉ်ထားပါတယ်၊ ဘာဂါရီ နဲ့ဇနီးက ကိပ်တောင်းဘူးတာကနေ စောင့်ကြိုနေပါလိမ့်မြယ်၊ ကဲ မာစတာ ရှာဆာ ... ခင်ဗျား အဖော် မပါဘဲ တစ်ယောက်တည်း ခရီးသွားနိုင်တယ်ဆိုတာ ကျွန်တော် ယုံကြည်တယ် "
အေဘရာဟင် က ရှာဆာဘက်သို့ပါလှည့်ပြီး စစ်ကူတောင်းလိုက်သည်။
" ဟုတ်ပါတယ် မေမေ၊ ကျွန်တော်တစ်ယောက်တည်း အိမ်ပြန်လို့ဖြစ်ပါတယ်၊ မေမေနေခဲ့ပါ၊ အုပ်ချုပ်ရေးမှူး အသစ်နဲ့တွေ့ဖို့က အရေးကြီးပါတယ်၊ ကျွန်တော် ကျောင်းကိုပြန်ဖို့ အန်က အ ထုပ်အပိုး ၀ိုင်း ပြင်ပေး မှာပါ"
သို့ဖြင့် စင်တိန်သည် နယ်မြေအုပ်ချုပ်ရေးမှူးသစ်၏ ဧည့်ခံပွဲသို့လိုက်တက်ရန် သဘောတူ လိုက် ရတော့သည်။
စင်တိန်သည် ပထမတွင် တစိုယ်လုံး စိန်သီးနေအောင် ၀တ်ရန်စီစဉ်ပြီးမှ အကြံကိုဖျက်လိုက်သည်။
" ပြည်နယ်အဆင့် ဧည့်ခံပွဲအသေးလေးပဲ၊ လယ်သမားတွေနဲ့ သူတို့ရဲ့ဖက်တီးပုပ်မိန်းမတွေရယ်၊ အရာရှိ ငယ် တွေရယ်သာ တက်မယ့်ပွဲပါ၊ ဒီလောက်ဝတ်စရာမလိုပါဘူး၊ အုပ်ချုပ်ရေးမှူး အဘိုးကြီးကိုလဲ မျက်စိ မကျိန်း စေချင်ပါဘူး "
ထို့ကြောင့် စင်တိန်သည် အ၀ါရောင်ပိုးသား ညနေ၀တ်စုံကိုသာ ဆင်မြန်းလိုက်သည်။ လက်ဝတ် လက်စား ကိုလည်း သင့်ရုံမျှသာ ၀တ်လိုက်သည်။
ဖိတ်ကြားထားသော အချိန်ထက်တစ်နာရီနောက်ကျပြီးမှ အေဘရာဟင်က စင်တိန်အားလာခေါ်သည်။ အေဘရာဟင် နှင့် အတူ သူ့ဇနီးရာရှယ်လည်းပါလာသည်။ အုပ်ချုပ်ရေးမှူးနေသော အဆောက်အအုံမှာ ရှေးဟောင်းဂျာမန်ဂိုသစ်ပုံစံပင်ဖြစ်သည်။ ဧည့်ခန်းဆောင်ထဲဝင်လာသောအခါ တွေ့ရသူများမှာ သူမ မှန်းထားသည့် အတိုင်းပင်ဖြစ်သည်။
" အုပ်ချုပ်ရေးမှူးသစ် ကို ကျွန်တော်တို့ တွေ့ဆုံဂါရ၀ပြုသင့်ပါယ်မစ္စက်ကုတ်နေ "
အေဘရာဟင် က စင်တိန်အား အသာဖေးကိုင်ကာ တွေ့ဆုံနှုတ်ဆက်ကြမည့် လူတန်းတွင် ၀င်စီလိုက် သည်။
" အုပ်ချုပ်ရေးမှူးအကြောင်း ကျွန်တော် အနည်းအကျဉ်းတော့ သိထားပါတယ်၊ သူ့နာမည်က ဒုဗိုလ်မှူးကြီး ဘလိန်းမယ်ကွန်တဲ့၊ နာတယ်မြင်းစီး ရိုင်ဖယ်တပ်ရင်းရဲ့ တပ်မှူးဖြစ်ခဲ့တယ်၊ စစ်ပွဲ အတွေ့အကြုံ တွေရှိပြီး စစ်ဘက်ဘွဲ့တံဆိပ်တွေရထားတယ်၊ ဥပဒေပညာရှင်တစ်ယောက်လဲ ဖြစ်တယ် "
ရဲတပ်ဖွဲ့ သင်ခရာတီးဝိုင်းက ဒေါ့ဇ်အကတီးလုံးကို တီးမှုတ်နေသည်။ တွေ့ဆုံနှုတ်ဆက်မည့်လူတန်းတွင် သူတို့က နောက်ဆုံးဖြစ်၍ စင်တိန်ကျေနပ်သွားသည်။ သူတို့အလှည့် ရောက်သောအခါ အုပ်ချုပ်ရေးမှူး၏ ကိုယ်ေ၇း အတွင်းရေးမှူး သူတို့အား အုပ်ချုပ်ရေးမှူးနှင့် မိတ်ဆက်ပေးသည်။ "မစ္စတာအေဘရာဟင် ဇနီးမောင်နှံ နဲ့ မစ္စက်စင်တိန်ဒီသိရိတို့ပါ ခင်ဗျာ "
သူမရှေ့တွင် ရပ်နေသူကို စင်တိန် မော့ကြည့်လိုက်သည်။ အထင်နှင့်အမြင် ပါစင်အောင်လွဲနေသည်။ ဗိုလ်မှူးကြီးဘလိန်းမယ်ကွန် အား စင်တိန် မျက်တောင်မခတ်စိုက်ကြည့်နေမိသည်။ ကိုယ်လုံးကိုယ်ထည် ကြံ့ ခိုင် သန်စွမ်းပြီး အရပ်မှာ ခြောက်ပေကျော်ရှိမည်။
အုပ်ချုပ်ရေးမှူးက သူမအား လက်ကမ်းကြိုဆိုရင်း ပြောလာသည်။
" မစ္စကုတ်နေ၊ ကျွန်တော့် ဧည့်ခံပွဲကို လာတဲ့အတွက် အထူးပဲ ၀မ်းမြောက်မိပါတယ်၊ ကျွန်တော် အထူးသဖြင့် တွေ့ချင်တဲ့သူ တွေထဲမှာ ခင်ဗျား ပါပါတယ်"
သူ့အသံက ကြည်လင်ပီသပြီး အေးမြနေသည်။ အသံကြားရုံဖြင့် ဝေလလူမျိုးဖြစ်နိုင်ကောင်းသည်ဟု စင်တိန် မှန်းဆသည်။ ပညာတတ် လူရည်မွန်တစ်ယောက်၏ အသံမျိုးဖြစ်ပြီး စင်တိန်အား ဆွဲဆောင်နိုင် သည့်အသံ ပင်ဖြစ်သည်။
စင်တိန်က သူ့လက်ကိုပြန်ကိုင်ပြီး လက်ဆွဲနှုတ်ဆက်သည်။ သူ့အသားက နွေးထွေးနူးညံ့သည်။ စင်တိန့် လက်ချောင်း ကလေးများအား ဖွဖွလေး ဖျစ်ညှစ်ဆုပ်ကိုင်ထားသော သူ့လက်ချောင်းများက အား ပါလှသည်။ သူ့မျက်ခုံး၊ မျက်လုံး၊ နှာတံ၊ မေးရိုးတို့က ယောက်ျားပီသပြီး ခန့်ချော ချောသူဖြစ် ပို ချောပြီး ပိုငယ်ပုံရနေ သည်။
သူ့အသက်သည် ၄၀ ပင်ပြည့်ပုံမရသေးဟု စင်တိန်မှန်းလိုက်သည်။ သူ့အလုပ်နှင့်ရာထူးထက်စာလျှင် လူကပင် ငယ်နေသေးသည်။
စင်တိန်က သူ့လက်ကိုကိုင်ထားဆဲရှိပြီး သူ့ရဲ့နှုတ်ခွန်းဆက်စကားကို မတုံ့ပြန်ရသေးပေ။ တစ်ယောက်နှင့် တစ်ယောက် အပြန်အလှန်ကြည့်ရှုအကဲခတ်နေကြသည်။ အေဘရာဟင်တို့ဇနီးမောင်နှံက သူတို့ နှစ်ယောက် ကို အပြန်အလှန်ကြည့်ပြီး ပြုံးစိစိဖြစ်နေကြသည်။
စင်တိန်က သူမလက်ကို မသိမသာလှုပ်လိုက်ရာ ဘလိန်းမယ်ကွန်က ဆုပ်ထားသောသူ့လက်ကို ဖြေပေး လိုက်သည်။
" ကျွန်မ တော့ ရှက်သွေးဖြာနေပြီ "
သူမ ထိုသို့ စိတ်မလှုပ်ရှားခဲ့သည်မှာ နှစ်အတော်ကြာခဲ့ပြီကော။
" ကျွန်တော် ခင်ဗျားတို့ မိသားစုနဲ့ ဟိုအလျင်တည်းက တွေ့ဆုံသိကျွမ်းခဲ့ဖူးပါတယ် "
" အို ... ဟုတ်လား "
" ကျွန်တော် ပြင်သစ်မှာတုန်းက ဗိုလ်ချုပ်ကြီးရှောင်ကုတ်နေလက်အောက်မှာ အမှုထမ်းဖူးပါတယ်၊ သူဟာ တကယ် တော်တဲ့ ဗိုလ်ချုပ်ကြီးပါ " ဘလိန်းမယ်လကွန်းက အပြုံးမပျက် ဆက်ပြောသည်။
" ဟုတ်ပါတယ်၊ သူဟာ တကယ်တော်တဲ့ ဗိုလ်ချုပ်ကြီးပါ " စင်တိန်က ထောက်ခံလိုက်သည်။
" ၁၉၁၇ ခုနှစ်တုန်းက ပြင်သစ်ပြည် အာရက်စ်မြို့က ဗိုလ်ချုပ်ကြီး ကုတ်တနေရဲ့ဌာနချုပ်မှာ ခင်ဗျား ရက် သတ္တပတ် သုံးလေးပတ်ရောက်နေခဲ့တယ်ဆို၊ အဲဒီတုန်းက ကျွန်တော် ရှေ့တန်းမှာရှိတယ်၊ နှစ်ကုန်တော့မှ နောက်တန်းဌာနချုပ် ပြန်ရောက်လို့ ခင်ဗျားနဲ့မတွေ့လိုက်ရတာ " ဘလိန်းမယ်ကွန်က ဆက်ပြောသည်။
စင်တိန် သည် မိမိ၏ စိတ်လှုပ်ရှားမှုကို မနည်းကြိုးစားပြီးထိန်းရသည်။
" ကဲ ... ကြိုဆိုနှုတ်ဆက်ရမယ့် ကျွန်တော့် တာဝန်တော့ပြီးသွားပြီ၊ မစ္စက်ကုတ်နေ၊ ခင်ဗျားနဲ့ ကျွန်တော် ဒေါ့ဇ် တေးသွား နဲ့ တစ်ပိုဒ်လောက် ကလို့ရမလား "
ဘလိန်းမယ်ကွန်က လက်ကမ်းလိုက်ရာ စင်တိန်က မဆိုင်းမတွ အလိုက်သင့် လိုက်ပါသွားသည်။ အခြား က နေသူများကို လမ်းဖယ်ပေးကြရာ သူတို့နှစ်ယောက်က ပွဲကြည့်စင်ပေါ်သို့ ရောက်သွားသည်။ သူတို့ က ကြရာ တေးတစ်ပိုဒ်ဆုံးသွားသည်။ အခြားကနေသူများက သူတို့ဘေးမှဝိုင်းလိုက်ကြပြီး လက်ခုပ် သြဘာ များ တီးကြသည်။ သူတို့တစ်ယောက်နှင့် တစ်ယောက် တော်တော်နှင့်မလွတ်သေးဘဲ ဖက်ထားကြသည်။ အခြား သူများကလည်း ကြည့်နေသည်။
အတန်ကြာမှ ဘလိန်းက လက်များဖြေလျှော့လိုက်ပြီး ပြောလာသည်။
" ကဲ ... ကျွန်တော်တို့ ရှန်ပိန်တစ်ခွက်စီလောက် သောက်ဖို့တော့ တန်ပါပြီ "
က ပွဲကြမ်းပြင် အစွန်တစ်နေရာတွင် ဖန်ကလပ်ကိုယ်စီဖြင့် သူတို့နှစ်ယောက် ရှန်ပိန်သောက်နေကြသည်။ စကားပြောရင်း တစ်ယောက်မျက်နှာ တစ်ယောက် မလွတ်တမ်းကြည့်နေကြသည်။ နောက်တစ်ကြိမ်တေး တစ်ကျော့ တီးခတ်ပြန်ရာ စင်တိန်ကပင်စတင်ပြီး ဘလိန်းပခုံးပေါ်သို့ လက်လှမ်းတင်ကာ ကရန် အချက်ပြ လိုက်သည်။ သူတို့ နောက်တစ်ကျော့ ဆက်က ကြပြန်သည်။
ကရင်းပင် စကားပြောကြသည်။ ပြင်သစ်က တိုက်ပွဲများအကြောင်း၊ မြင်းအကြောင်း၊ ပိုလိုကစားပွဲ အကြောင်း အထိ ရောက်သွားသည်။ ဘလိန်းက သူ့မိန်းမ နေမကောင်းနေကြောင်းပြောလာ သည်။
ခင်ဗျား ကျွန်တော့် မိန်းမနဲ့ တွေ့စေချင်တယ်၊ ကျွန်တော် ခင်ဗျားနဲ့သူ့ကို မိတ်ဆက်ပေးရမလား "
စင်တိန် က ခေါင်းညိတ်ပြသည်။ သို့သော် သူမရင်ထဲ၌ တစ်မျိုးကြီးဖြစ်နေသည်။
ဘလိန်းက စင်တိန်အား အပေါ်ထပ်တက်သည့် ကြောင်လိန်လှေကားကြီးခြေရင်းရှိ လူအုပ်ဆီသို့ခေါ်သွား သည်။ ထိုအုပ်စုထဲမှ အမျိုးသမီးများကို စင်တိန်လိုက်ကြည့်ပြီး ဘယ်သူများဖြစ်နိုင်ပါလိမ့်ဟု အပြေးအလွှား တွေးနေမိသည်။ ဘလိန်းဇနီးဖြစ်နိုင်သော ငယ်ရွယ်သည့် အမျိုးသမီးနှစ်ဦးသာ ထိုအုပ်စု ထဲတွင် မပါ။ ချော လည်းမချော။ မည်သည့်ဘက်ကမှ မိမိအားယှဉ်ပြိုင်နိုင်သည့်ပုံမရှိပေ။
လူအုပ်စုရှေ့ တွင် သူတို့နှစ်ယောက်ရပ်လိုက်သောအခါ စင်တိန်က ခေါင်းကလေးမော့ပြီး ရင်ကလေး ချီကာ တင်ကလေးနောက်ပစ်၍ ဟန်ရေးပြလိုက်သေးသည်။ လူအုပ်စုက ဘေးသို့ ဖယ်ပြီး ရှဲပေး လိုက်သော အခါ သူမကိုစင်တိန် တွေ့လိုက်ရပါပြီ။
ဘလိန်းမိန်းမ သည် စင်တိန်ထက်ငယ်ပြီး ရှားပါးသောအလှမျိုးပိုင်ရှင်ဖြစ်နေသည်။ အ၀တ်အစားကိုလည်း ရိုးရိုး ကလေးပင် ၀တ်ထားသည်။ သို့ရာတွင် ဘလိန်းက စင်တိန်အား သူမနှင့်မိတ်ဆက်ပေးချိန်၌ သူမက စင်တိန် အား ပြုံးပြနေသောအပြုံးတွင် ၀မ်းနည်းရိပ်လွမ်းဆွေးရိပ်များ ယှက်သန်းနေကြောင်း စင်တိန် သတိ ထားမိသည်။
" မစ္စက်ကုတ်နေ ... ဒါ ကျွန်တော့်ဇနီး အစ္စအယ်လာပါ "
" ရှင် အကသိပ်ကောင်းတာပဲ မစ္စက်ကုတ်နေ၊ ရှင်နဲ့ ဘလိန်းတို့ တအားပျော်ရွှင်နေကြတာကို ကျွန်မစောင့် ကြည့် နေပါတယ်၊ ဘလိန်း က လဲ အကကောင်းတာပါပဲ" ဘလိန်းဇနီးက ဆိုလာသည်။
" ကျေးဇူးတင်ပါတယ် မစ္စက်မယ်ကွန် "
စင်တိန် က တိုးတိုးကလေးပြန်ပြောလိုက်သည်။ စိတ်ထဲကမူ မနာလိုတိုရှည်ဖြင့် အတွင်းကျိတ် ကျိန်ဆဲ လိုက် သည်။
" ဗိုင်းတာမ ၊ နင်ငါ့ကိုရိနေတာပဲ၊ အေး ... တစ်နေ့နင့်ကိုငါအနိုင်ရမယ်၊ ငါ နင့်ကိုမုန်းတယ် သိလား "
ဘလိန်းမယ်ကွန် ၏ ဇနီး အစ္စအယ်လာသည် လက်တွန်းကုလားထိုင်ပေါ်တွင် ထိုင်နေခြင်းဖြစ်ပြီး သူမ နောက် တွင် သူနာပြုဆရာမက အသင့်ရပ်နေသည်။ သူမသည် ခြေထောက်နှစ်ဘက်လုံး အကြော သေနေပြီး မတ် တတ်မရပ်နိုင်သော ဒုက္ခသည်ဝေဒနာရှင်ဖြစ်နေသည်။
စင်တိန့် စိတ်တွင် ကြေကွဲနာကြည်းစွာ ပြောလိုက်မိသည်။
" ဘဲလိန်းက ရှင့်ကိုဘယ်တော့မှ ပစ်ထားခဲ့မှာမဟုတ်ဘူး၊ မတ်တတ်မရပ်နိုင်တဲ့ ရှင့်ကိုဘယ်တော့မှ ပစ်ထား ခဲ့မှာမဟုတ်ဘူး၊ ပစ်ထားခဲ့မယ့်လူစားမျိုး ဘလိန်းမဟုတ်ပါဘူး "
*****
နံနက်အရုဏ်မတက်မီ တစ်နာရီလောက်တွင်ပင် စင်တိန် အိပ်ရာမှ နိုးလာသည်။ အိပ်ရာထဲ၌ပင် တစ်ခဏ နှပ် နေလိုက်သေးသည်။ ထို့နောက်မှ နေ့သစ်တစ်နေ့အတွက် လုပ်စရာကိုင်စရာများကို သတိရလာ ပြီး ခုတင်ပေါ်မှ ဆင်းလိုက်သည်။
ခုတင်ဘေးရှိစားပွဲပေါ်၌ ထောင်တင်ထားသော မိုက်ကယ်ကုတ်နေ၏ ဓာတ်ပုံဆီသို့ မျက်စိ ရောက် သွားသည်။ စင်တိန်က တောင်းပန်တိုးလျှိုးသည့် လေသံသဲ့သဲ့လေးဖြင့် ပြောလိုက်သည်။
" ကျွန်မတောင်းပန်ပါတယ် မိုက်ကယ်၊ ကျွန်မ ရှင့်ကိုချစ်ပါတယ်၊ ဟိုတုန်းကလဲချစ်တယ်၊ အခုလဲ ချစ်တယ်၊ ထာဝရချစ်နေမှာပါ၊ ဒါပေမယ့် စိတ်ထဲကချစ်နေတာ တစ်ခုတည်းနဲ့တော့ တခြားဆန္ဒတွေကို မဖုံးလွှမ်း မဖြည့်ဆည်းနိုင်ပါဘူး ကျွန်မကို ခွင့်လွှတ်ပါမောင်ရယ်၊ ကျွန်မတစ်ယောက်တည်းဖော်မဲ့ တစ်ကိုယ်တော် နေခဲ့ရတာ ကြာလှပါပြီ၊ ကျွန်မ သူ့ကိုလိုချင်တယ်မိုက်ကယ်၊ ကျွန်မ သူနဲ့ လက်ထပ် ချင်တယ်၊ ကျွန်မအတွက် သူဟာလိုအပ်နေပါတယ် "
စင်တိန်က ဓာတ်ပုံကို ကောက်ကိုင်ပြီး စိုက်ကြည့်လိုက်သည်။ ထို့နောက် ရင်ခွင်ထဲ၌ခေတ္တအပ်ထားလိုက် ပြီးမှ စားပွဲအံဆွဲကို ဖွင့်ကာ အ၀တ်အစားများပေါ်၌ မှောက်ချထားလိုက်ပြီး အံဆွဲကို ပြန်ပိတ်လိုက်သည်။ စင်တိန်သည် ပိုးသားအပေါ် ၀တ်ရုံတစ်ထည်ကို ကောက်ဝတ်လိုက်ပြီး ခါးစည်းကြိုးကို ဆွဲချည်လိုက်သည်။ အိပ်ခန်း ထဲမှ ဧည့်ခန်းဘက်သို့ ထွက်သွားပြီး အလုပ်စားပွဲ၌ ၀င်ထိုင်လိုက်သည်။
စင်တိန်သည် ဆာဂါရီထံသို့ပို့ရန် ကြေးနန်းတစ်စောင်ကို စရေးသည်။ အများသုံး ကြေးနန်းလိုင်း မှပို့ရမည်ဖြစ်၍ သူတို့၏ ကိုယ်ပိုင်လျှို့ဝှက်သင်္ကေတများဖြင့် အောက်ပါအတိုင်းရေးလိုက်သည်။
အနောက်တောင်အာဖရိကဒေသ၌ အသစ်ခန့်အပ်လိုက်သည့် အုပ်ချုပ်ရေးမှူး၊ ဒုတိယဗိုလ်ချုပ်ကြီး မယ်လကွန်ဘလိန်း နှင့် ပတ်သက်သော ကိုယ်ရေးရာဇ၀င်ကို အမြန်ဆုံးပို့ပေးပါ။ လျှို့ဝှက် သင်္ကေတ ဖြင့်ပို့ပါ၊ ချစ်သောဂျူနို။
စင်တိန်သည် သူမအတွင်းရေးမှူးကို ခေါင်းလောင်းတီးပြီး ခေါ်လိုက်သည်။ တစ်ခဏအတွင်း အ၀တ်အစား ကပိုကရိုနှင့် ရောက်လာသည်။
" ဒီကြေးနန်းကို အမြန်ဆုံးပို့လိုက်၊ ပြီးရင် အေဘရာဟင်ဆီကို တယ်လီဖုန်းခေါ်ပေးစမ်း "
" ဒီကြေးနန်းကို အမြန်ဆုံးပို့လိုက်၊ ပြီးရင် အေဘရာဟင်ဆီကို တယ်လီဖုန်းခေါ်ပေးစမ်း"
တစ်ခဏချင်းပင် အေဘရာဟင်နှင့် တယ်လီဖုန်းအဆက်အသွယ်ရသွားသည်။
" စင်တိန် ... အခုမှမနက်ခြောက်နာရီရှိသေးတယ်၊ ကျွန်တော်တို့ မနက်သုံးနာရီကမှ အိပ်ရာ ၀င်ခဲ့ကြရတာ" အေဘရာဟင်က ဘ၀င်မကျသည့်လေသံဖြင့် ပြောလာသည်။
" ရှေ့နေကောင်းတစ်ယောက်အဖို့ သုံးနာရီလောက် အိပ်ရရင် လုံလောက်ပါတယ်လေ၊ ဗိုလ်မှူးကြီးမယ်ကွန် နဲ့သူ့ဇနီးကို ဒီညနေမှာ ကျွန်မရဲ့ ကိုယ်ပိုင်ရထားတွဲဆီလာပြီး ညစာသုံးဆောင်ဖို့ ဖိတ် ပေးစမ်းပါ "
အတန်ကြာမျှ စကားပြတ်ပြီး တိတ်ဆိတ်သွားသည်။ ထိုတိတ်ဆိတ်နေခြင်းကို စင်တိန်က ဖြိုခွင်း လိုက် သည်။
" ရှင်နဲ့ရာချယ်ကိုလဲ ညစာအတူတူလာစားဖို့ ဖိတ်ပါတယ် "
" ဖိတ်ရမှာက အချိန်သိပ်ကပ်နေပြီ၊ အုပ်ချုပ်ရေးမှူးက သိပ်အလုပ်များတာ၊ သူ လာနိုင်မယ်မထင်ဘူး " အေဘရာဟင် က စကားလုံးများကို သတိထားရွေးချယ်ပြီးပြောသည်။
" သူ့ကို ရှင်ကိုယ်တိုင်သာသွားဖို့ဖိတ်စမ်းပါ၊ သူ့ဇနီးဆီကိုလဲ ဖိတ်စာအလျင်ပို့လိုက်ပါ "
" သူ လာမှာမဟုတ်ဘူး၊ လာလိမ့်မယ်လို့ ကျွန်တော် မထင်ဘူး "
" ရှင် ဘာကို ဆိုလိုတာလဲ "
" ခင်ဗျား မီးနဲ့ကစားနေတာပဲ စင်တိန်၊ မီးမှ ဖယောင်းတိုင်မီး မဟုတ်ဘူး၊ တောမီးကြီးဗျ "
" ရှင့်အလုပ် ရှင်လုပ်ပါ၊ ကျွန်မ အလုပ် ကျွန်မလုပ် .... "
စင်တိန် စကားမဆုံးမီ အေဘရာဟင်က ဖြတ်ပြောလိုက်သည်။
" ခင်ဗျားချစ်သူကို ခင်ဗျားနှမ်းပါ၊ ကျွန်တော့် ချစ်သူကို ကျွန်တော် နမ်းပါမယ် "
အေဘရာဟင်က ကလေးများပြောသော စကားဖြင့် စင်တိန့်စကားကို အဆုံးသတ်ပေးလိုက်ရာ စင်တိန်သဘောကျသွားပြီး အပျိုဖြန်းလေးလို ခိုးခိုးခစ်ခစ်ရယ်တေ့သည်။ စင်တိန် ထိုသို့ ရယ်သည်ကို အေဘရာဟင် ယခင်ကမကြားဖူးသဖြင့် တအံ့တသြ ဖြစ်သွားသည်။
" ရှင့်စကားက တယ်လျှော်ကန် သင့်မြတ်လှပါကလားအေဘီရယ် "
စင်တိန်က မြူးမြူးကြွကြွလေးရယ်ပြန်သည်။
" ခင်ဗျား အလုပ်တွေကိုလုပ်ပေးဖို့ ခင်ဗျား ကျွန်တော့်ကို အခကြေးငွေတွေ တနင့်တပိုးပေးခဲ့တာပဲ၊ ဒီမှာ စင်တိန်မနေ့ညက ခင်ဗျားလုပ်ခဲ့တာဟာ လူတစ်ရာလောက်ရဲ့ ပါးစပ်ပေါက်မှာ ပြောစရာဖြစ်နေပြီ၊ ဒီမနက် ကျရင် တစ်မြို့လုံးမှာ ခင်ဗျားအကြောင်းပြောနေကြလိမ့်မယ်၊ ခင်ဗျားက ထင်ရှားတဲ့အမျိုးသမီး၊ လူတိုင်းက ခင်ဗျားကို စောင့်ကြည့်နေတာ၊ ဒီတော့ ခင်ဗျား ချိန်ချိန်ဆဆလုပ်ပါ "
" ကိစ္စမရှိပါဘူး၊ ကျွန်မပြောတဲ့အတိုင်း ဖိတ်စာသာပို့လိုက်ပါ "
ထိုနေ့မွန်းလွဲပိုင်းတွင် စင်တိန်အနားယူ အိပ်စက်လိုက်သည်။ ယမန်နေ့ညက အိပ်ရေးပျက်ခဲ့သည်။ ယနေ့ ညနေပွဲတွင် လန်းဆန်းနေစေရန် အနားယူ အိပ်စက်ခြင်းဖြစ်သည်။ ညနေ ၄ နာရီသာသာတွင် သူမအတွင်း ရေးမှူးက စင်တိန်အား နှိုးလာသည်။ ဖိတ်ကြားမှုအတွက် အကြောင်းပြန်ချက်ကို ရှေ့နေ အေဘရာဟင် ရရှိ ထားပြီဖြစ်သည်။ အုပ်ချုပ်ရေးမှူးနှင့်ဇနီးတို့က ညစာစားပွဲတက်ရန် ဖိတ်ကြားခြင်း ကို ၀မ်းမြောက်ဝမ်းသာ လက်ခံပါသည်တဲ့။
အောင်နိုင်သူ၏ အပြုံးဖြင့် စင်တိန် ပြုံးလိုက်သည်။ ထို့နောက် သူ အိပ်ပျော်နေစဉ်ရောက်လာသော ဆာဂါရီ ထံမှ ကြေးနန်းပြန်စာကို ဖတ်လိုက်သည်။
ဂျူနိုအတွက်။ မေးမြန်းထားသူ၏ နာမည်အပြည့်အစုံမှာ ဘလိန်းမာစဒင်မယ်ကွန်ဖြစ်ပြီး ၁၈၉၃ ခု၊ ဇူလိုင် ၂၈ ရက်တွင် ဂျိုဟန်နက်စဘတ်မြို့၌ မွေးဖွားခဲ့သည်။
" ဒါဆို သူ့အသက် ၃၉ နှစ် နီးပါးပဲရှိပါသေးလား " စင်တိန်က တွက်ချက်ရေရွတ်လိုက်ပြီး ကြေးနန်းကို ဆက်ဖတ်ပြန်သည်။
ထိုသူသည် ၀တ်လုံတော်ရနှင့် သတ္တုတွင်းပိုင်ရှင်ကုမ္ပဏီများ စုပေါင်းထားသော ဂိုးလ်ဖီးလ်ကုမ္ပဏီကြီး၏ ညွှန်ကြားရေးမှူးဖြစ်သူ ဂျိမ်းမာစဒင်မယ်ကွန်၏ ဒုတိယသားဖြစ်သည်။ ထိုသူ့ဖခင်သည် ၁၉၂၂ ခုတွင် ကွယ် လွန်ခဲ့သည်။ ထိုသူသည် ဂျိုဟန်နက်စဘတ်မြို့မှ စိန်ဂျွန်ကောလိပ်နှင့် အောက်စဖို့အိုရီယာယ် ကောလိပ်တို့၌ ပညာသင်ခဲ့သည်။ အားကစားတွင် ခရစ်ကတ် ပိုလိုနှင့် ပြေးခုန်ပစ်တို့၌ အောင်မြင်ခဲ့သည်။ ၁၉၁၂ ခုတွင် မဟာဝိဇ္ဇာ (ဂုဏ်ထူးတန်း)ဘွဲ့ ရခဲ့သည်။ ၁၉၁၃ ခုတွင် ဥပဒေတန်းတက်သည်။ ၁၉၁၄ ခုတွင် နာတယ်မြင်းစီးရိုင်ဖယ်တပ်၌ ဒု-ဗိုလ် အဖြစ် စတင်ဝင်ရောက်သည်။ အနောက်တောင် အာဖရိက ထိုးစစ်၌ ပါဝင်ဆင်နွှဲသည်။ ၁၉၁၅ ခုတွင် ဗိုလ်ကြီး ဖြစ်လာသည်။ ထိုနှစ်တွင်ပင် ပြင်သစ်သို့ သွားရောက်အမှုထမ်းရသည်။
၁၉၁၆ ခုတွင် ဗိုလ်မှူးဖြစ်လာပြီး ဥပဒေဘွဲ့လည်းရကာ ၀တ်လုံလိုင်စင်ရသည်။ ၁၉၁၇ ခုတွင် ဒု-ဗိုလ်မှူးကြီး ဖြစ်လာပြီး တပ်ရင်းမှူးဖြစ်လာသည်။ ၁၉၁၈ ခုတွင် အမှတ် ၆ တပ်မ ဦးစီးအရာရှိ ဖြစ်သည်။ ဗာဆေးအပစ် အခတ်ရပ်စဲရေး စေ့စပ်ဆွေးနွေးပွဲတွင် ဗိုလ်ချုပ်ကြီးစမတ်၏ အဖွဲ့ဝင်အဖြစ် ပါဝင် ဆွေးနွေးခဲ့သည်။ ၁၉၁၇ ခုတွင် ရှေ့နေလုပ်ငန်းကို မိတ်ဆွေဖြစ်သူ စတယ်လင်နှင့် ဖက်စပ် ထူထောင်ခဲ့သည်။ ၁၉၂၄ ခုတွင် ပါလီမန် အမတ် ဖြစ်လာသည်။ ၁၉၂၆ မှ ၂၉ အထိ ဒုတိယ တရားရေးဝန်ကြီးဖြစ်ခဲ့သည်။ ၁၉၃၂ ခု၊ မေ ၁၁ ရက်နေ့တွင် အနောက်တောင် အာဖရိက ဒေသ၏ အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်ခံရသည်။ ၁၉၁၈ ခုတွင် အစ္စဘယ်လာတာရာနီဟာရစ်ဆန်နှင့် လက်ထပ် ခဲ့သည်။ တာရာအစ္စဘယ်လာနှင့် မယ်သီဒါဂျနီဆိုသော သမီးနှစ်ယောက်ရှိသည်။
စင်တိန်အဖို့ နောက်ထပ်အံ့အားသင့်စရာတစ်ချက် ပေါ်လာသည်။ သူတို့တွင် ကလေးရှိလိမ့်မည်ဟု စင်တိန် တွေးမထားခဲ့။
" အင်းလေ၊ ဒါပေမယ့် သူ့မိန်းမက ယောက်ျားလေး မွေးပေးနိုင်တာမှမဟုတ်ဘဲ၊ သမီးနှစ်ယောက်ကလဲ အမေတူ အချောလေးတွေဖြစ်မှာပါ၊ သူ့အဖေက သိပ်ချစ်မှာပေါ့ "
စင်တိန်က ကောက်ချက် ချလိုက်ပြန်သည်။ ဆက်လက်၍ ဆာဂါရီ၏ကြေးနန်းမှ ဝေဖန်သုံးသပ်ချက်ကို ဆက်ဖက်ပြန်သည်။
ဗိုလ်ချုပ်ကြီး ဂျန်စမတ်ကို မေးမြန်းစုံစမ်းကြည့်ရာ ထိုသူသည် တရားဥပဒေလောကနှင့် နိုင်ငံရေးဘက်၌ ထွန်းတောက် လာမည့် အလားအလာရှိကြောင်း သိရသည်။ အက်စ်အေပါတီ အာဏာပြန်ရလျှင် ၀န်ကြီးဖြစ် လာနိုင်သူဖြစ်သည်။
စင်တိန်သည် ထိုမှတ်ချက်အတွက် ကျေနပ်အားရစွာ ပြုံးလိုက်ပြီး ဆက်ဖတ်သည်။
ထိုသူ၏ဇနီးသည် ၁၉၂၇ ခုတွင် မြင်းပေါ်မှကျခဲ့ရာ ကိုယ်အောက်ပိုင်းအကြောသေသွားသည်။ ဖခင်ဖြစ်သူက ပေါင်စတာလင် ၆၅၅၀၀၀ တန်ခြံနှင့် အိမ်အမွေထားခဲ့ရာ ညီအစ်ကိုနှစ်ယောက်ခွဲယူရမည်၊ ထိုသူ၏ လောလောဆယ် ငွေရေးကြေးရေးအခြေအနေကို တိတိကျကျမသိရ။ ခန့်မှန်းခြေအရမူ အတော် အတန်ရှိသူဟု ယူဆရသည်။ ပိုလို ကစားရာတွင် ကျွမ်းကျင်သည်။ ၁၉၂၉ ခုနှစ်က အာဂျင်တီးနားနှင့် ကစားခဲ့သော တောင်အာဖရိကအသင်း၏ ကပ္ပတိန်ဖြစ်သည်။ သင်၏ စုံစမ်းမေးမြန်းမှုသည် စီးပွားရေး လုပ်ငန်းအတွက်ဟု မျှော်လင့်ပါသည်။ စီးပွားရေးလုပ်ငန်းအတွက် မဟုတ်လျှင် ထိန်းထိန်းသိမ်းသိမ်း လုပ် စေချင်ပါသည်။ အားလုံးအတွက် ထိခိုက်နစ်နာစရာများ၊ ၀မ်းနည်းစရာများဖြစ်လာနိုင်ပါသည်။ ရှာဆာကို ကျောင်းသို့ချောမောစွာ ပို့ပြီးပါပြီ။ အန်နှင့် ငါက မင်းကို သတိရနေပါသည်။ အိုဗစ်။
အိုဗစ်ဆိုသည်မှာ ဆာဂါရီ၏ လျှို့ဝှက်အမည်သင်္ကေတဖြစ်သည်။
*****
ညနေခင်း ဖိတ်ကြားသည့်အချိန်တွင်ပင် သူတို့ရောက်လာသည်။
အစ္စဘယ်လာအား လက်တွန်းကုလားထိုင်ဖြင့် သယ်ယူရွေ့ပြောင်းရာတွင် စင်တိန် က သူ၏ အိမ်ဖော်လေး ယောက်နှင့် အတွင်းရေးမှူးများကို ပါဝင်ကူညီစေသည်။ ဘလိန်းမယ်ကွန်က သူတို့အကူအညီမယူဘဲ သူ့ဇနီး ကို သူကိုယ်တိုင် သယ်ယူရွှေ့ပြောင်းသည်။
မော်တော်ကားပေါ်မှနေ၍ ရထားတွဲဘေး ပလက်ဖောင်းပေါ်အထိ အစ္စဘယ်လာအား လက်တွန်းကုလား ထိုင်ဖြင့် တင်တွန်းလာသည်။ ထို့နောက် ဘလိန်းက အစ္စဘယ်လာအား ကုလားထိုင်ပေါ်မှနေ၍ တယုတယ ပွေ့ချီယူကာ စင်တိန်ရထားတို့၏ ဧည့်ခန်းသို့ယူလာသည်။
ထို့နောက် စင်တိန်အား ခွင့်ပြုချက်ပင်မတောင်းတော့ဘဲ အခန်းထဲရှိအကောင်းဆုံး ကုလားထိုင်ပေါ် တင် လိုက် သည်။ စင်တိန်တစ်ယောက်တည်း ထိုင်လေ့ရှိသော သီးသန့်ကုလားထိုင်ဖြစ်သည်။ ကုလားထိုင်ပေါ် မှ သူ့မိန်းမ ရှေ့တွင် ဘလိန်းက ဒူးတစ်ဖက်ထောင်ပြီး ထိုင်ချလိုက်သည်။
အစ္စဘယ်လာ၏ အကြောသေကြုံလှီနေသော ခြေထောက်နှစ်ချောင်းကို နေသာတကျဖြစ်အောင် ယှဉ်တွဲ ချထား ပေးသည်။ ထို့နောက် ဒူးနှင့်ခြေထောက်ပေါ်မှ စကတ်စကိုလည်း ပုံပန်းကျအောင် ပွတ်သပ် ပြင်ဆင် ပေးသည်။ ဤသို့ လုပ်နေကြဖြစ်ကြောင်းကို သူ့လုပ်ပုံကိုင်ပုံက ထင်ရှားစေသည်။
စင်တိန့် စိတ်ထဲက မနာလို ၀န်တိုသလို ရှိသော်လည်း ဟန်မပျက်နေလိုက်သည်။
ထမင်းစားပွဲမှာ အောင်မြင်သော ထမင်းစားပွဲဖြစ်သည်။ စင်တိန်သည် ဟင်းအမည်များကို သူကိုယ်တိုင် စိတ်ကြိုက် ရွေးချယ်ခဲ့သည်။ ချက်ပြုတ်ရာတွင် ထမင်းချက်များနှင့်လွှတ်မထားဘဲ သူကိုယ်တိုင်ဝင်လုပ်ခဲ့ သည်။
ပုစွန်ထုပ်ကြီးများကို ၀ိုင်းအကောင်းစားဖြင့် တွဲဖက်စားသုံးသည်။
စင်တိန်နှင့် အစ္စဘယ်လာတို့ တစ်ဦးနှင့်တစ်ဦး ပျူပျူငှာငှာရှိကြသဖြင့် အေဘရာဟင်နှင့် ဘလိန်းတို့ စိတ် သက်သာရာ ရပြီး ၀မ်းသာကြရသည်။ ရင်းနှီးသောမိတ်ဆွေများ ဖြစ်လာနိုင်သည့်အသွင် ဆောင် နေသည်။ အေဘရာဟင်ဇနီး ရာချယ်က အသာငြိမ်နေပြီး အလိုက်သင့်သာ ၀င်စကားပြောသည်။
မိသားစုအကြောင်း၊ နိုင်ငံရေးအကြောင်းများ ပြောရင်းစားသောက်လာကြရာ အချိန်အတော်လင့်လာ သည်။
" ဟော ... သန်းခေါင်တောင် ကျော်လာပြီ၊ ကျွန်တော်တို့တော့ ဧည့်သည်ချဉ်ဖတ်ဖြစ်နေပြီထင်တယ် " ဘလိန်းက နာရီကြည့်ပြီး ပြောလိုက်သည်။
" ဟုတ်တယ်မောင်၊ သမီးလေးတာရာလဲ ကောင်းကောင်းနေမကောင်းဘူး၊ ကျွန်မတို့ ဒီကိုမလာခင်ကပဲ သူ ဗိုက်နာတယ် လို့ ပြောလိုက်သေးတယ် "
" ဒါပေမယ့် အမျိုးသားတွေကို ဘရန်ဒီလေးနဲ့ ဆေးပြင်းလိပ်ကလေးတော့ ဧည့်ခံပါရစေဦး၊ ကဲလာ ကျွန်မ တို့အားလုံး ဧည့်ခန်းထဲပြန်သွားကြရအောင် "
စင်တိန်ဦးဆောင်ပြီး ထမင်းစားခန်းမှ ဧည့်ခန်းသို့ သူတို့ ထွက်လာကြသည်။ ထိုအခါ စင်တိန့် အတွင်းရေးမှူး ကသူမနားသို့ ရစ်သီရစ်သီလာလုပ်သည်။ သူ့အသွင်က စိုးရိမ်ကြောင့်ကြနေပုံပေါ်သည်။
" ကဲ ဆို ဘာကိစ္စများလဲ "
စင်တိန်က မေးလိုက်သည်။ အတွင်းရေးမှူးက သူ့လက်ထဲမှ သံကြိုးစာကို လှမ်းပေးရင်းပြန်ဖြေသည်။
" ဒေါက်တာတွမ်တီးမင်းဂျုန်းဆီက ပို့လိုက်တဲ့ သံကြိုးပါမဒမ်၊ အရေးကြီး၊ အလျင်အမြန်တဲ့ "
စင်တိန်က သံကြိုးစာရွက်ကို လှမ်းယူပြီး ခေါက်လျက်အတိင်း ကိုင်ထားသည်။ ဧည့်သည်များအတွက် ကော်ဖီနှင့် ဘရန်ဒီအသင့်ဖြစ်ကာ ဘလိန်းနှင့်အေဘရာဟင်တို့လက်၌ ဟားဗနားစီးကရက်များ မီးညှိပြီး နေသားတကျရှိမှ ဧည့်သည်များအား ခွင့်တောင်းပြီး သူမအိပ်ခန်းထဲသို့ဝင်သွားသည်။
စင်တိန် သံကြိုးကိုဖွင့်ဖတ်လိုက်သည်။
ဂျူနိုအတွက်။ ဂါဟတ်ဖိုရီဦးဆောင်သော သပိတ်မှောက်ကော်မတီက လူဖြူ အလုပ်သမား အားလုံးကို စည်းရုံးကာ သပိတ်မှောက်လိုက်ပြီ။ စက်ရုံနှင့် လုပ်ငန်းများအပြင် ပစ္စည်းပို့ဆောင်ရေးတို့ကိပါ ကာဆီးပိတ်ဆို့ထားကြသည်။ အလုပ်ဖြုတ်လိုက်သော လူဖြူအလုပ်သမားအားလုံးကို အလုပ်ပြန်ခန့်ရန်နှင့် အားလုံး အတွက် လုပ်ငန်းခွင်အာမခ့ချက်ရှိစေရန် သပိတ်သမားများက တောင်းဆိုနေသည်။ ညွှန်ကြားချက် ပေးပါ။ ဗင့်။
စင်တိန် သူမခုတင်ပေါ်တွင် ထိုင်ချလိုက်သည်။ သူမ တစ်သက်တာတွင် ယခုတစ်ခါလောက်ဘယ်တုန်းကမှ စိတ်မဆိုးဖူး။ ဒေါသဖြစ်လွန်း၍ လက်များပင် တုန်နေသည်။ သစ္စာမဲ့မှု၊ လုံးဝခွင့်မလွှတ်နိုင်သော သစ္စာမဲ့မှု၊ ဤသတ္တုတွင်းသည် မိမိ၏ သတ္တုတွင်း၊ ဤစိန်များသည် မိမိ၏စိန်များ၊ သူတို့ကို လုပ်ခများပေးခဲ့ပြီးပြီ။ သူတို့ကို ငှားပိုင်ခွင့်ရော ဖြုတ်ပိုင်ခွင့်ပါ မိမိ၌ လုံးဝရှိသည်။
သံကြိုးစာထဲ၌ပါသော " ပစ္စည်းများပို့ဆောင်ရေး " ဆိုသည့် စကားမှာ စိန်ထုပ်ကြီးကို ဆိုလိုခြင်းဖြစ်သည်။ မိမိ၏ အနာဂတ် စီးပွားရေးသည် ထိုစိန်ထုပ်ပေါ်တွင် တည်နေသည်။ သူတို့၏ တောင်းဆိုချက်ကို ဖြည့်ဆည်း ပေးလိုက်လျှင် ဟာနီသတ္တုတွင်းအရှုံးပေါ်လိမ့်မည်။
ဂါဟတ်ဖိုရီဆိုတာ ဘယ်သူလဲ ...။ စင်တိန်သည် စဉ်းစားသည်။ ယဉ်မောင်းခေါင်းဆောင်ဖြစ်ကြောင်း စင်တိန် အမှတ်ရလာသည်။
စင်တိန် အိပ်ခန်းတံခါးဆီသွားပြီး တံခါးဖွင့်လိုက်သည်။ အတွင်းရေးမှူးက အပြင်ဘက်၌ အသင့်စောင့်နေ သည်။
" မစ္စတာအေဘရာဟင်ကို ဒီခဏ လာပါဦးလို့ ပြောလိုက်စမ်းပါ "
အေဘရာဟင် အိပ်ခန်းထဲ ၀င်လာသောအခါ စင်တိန်က ကြေးနန်းစာရွက်လှမ်းပေးလိုက်သည်။
" သူတို့ ကျွန်မ ကို ဒီလိုလုပ်ဖို့ လုပ်ပိုင်ခွင့်မရှိဘူး "
စင်တိန်က ဒေါသတကြီး ပြောလိုက်သည်။ အေဘရာဟင် သံကြိုးစာ ဖတ်နေသည်ကိုလည်း မနည်း အောင့်အည်းပြီး စောင့်နေရသည်။
" ဒီမှာ မစ္စကုတ်နေ၊ သူတို့မှာ လုပ်ပိုင်ခွင့်ရှိတယ်၊ ၁၉၂၄ ခု စက်မှုလုပ်ငန်းဆိုင်ရာ စေ့စပ်ဖြန်ဖြေမှု ဥပဒေ အရ ဆိုရင် ... "
ကျွန်မကို ဥပဒေတွေလာပြောမနေနဲ့ အေဘီ၊ ဒီလူတွေဟာ အစာကျွေးတဲ့လက်ကို ပြန်ကိုက်နေတဲ့ ဘိုရှီဗစ် တွေပဲ"
စင်တိန်က အေဘရာဟင် စကားမဆုံးမီပင် ပြန်အော်လိုက်သည်။
" စိတ်လိုက်မာန်ပါ အဆောတလျင် မလုပ်ပါနဲ့ စင်တိန်၊ တကယ်လို့ ကျွန်တော်တို့ ..... "
" အေဘီ ... ကျွန်မရဲ့ ဒိန်မလာကားကြီးကို ရထားတွဲပေါ်က ချက်ချင်းပြန်ချခိုင်းလိုက်ပါ၊ ဒေါက်တာ တွမ်တီး မင်းဂျုန်းဆီကိုလဲ ကြေးနန်းတစ်စောင် အခုချက်ချင်း ရိုက်လိုက်ပါ၊ ကျွန်မလာနေပြီ၊ သူ ဘာမှမလုပ်နှင့်ပါနဲ့ ဦးလို့ ရေးလိုက်ပါ၊ ကျွန်မ ရောက်တဲ့အထိ ဘာကတိမှလဲ မပေးပါနဲ့ဦး၊ အလျှော့ မပေးပါနဲ့ဦးလို့ အကြောင်းကြားလိုက်ပါ "
" ခင်ဗျား မနက်ကျမှ သွားမှာမဟုတ်လား "
" ဟင့်အင်း ... အခု နာရီဝက်အတွင်း သွားမယ်၊ ဧည့်သည်တွေ ပြန်ပြန်ချင်း ကျွန်မ ခရီးထွက်မယ်၊ ကားကို ရထားပေါ်က အမြန်ဆုံး ပြန်ချခိုင်းပါ "
" အနက်ကျမှသွားရင် ..... "
အေဘရာဟင်သည် ခိုင်မာပြတ်သားသောစင်တိန်၏ မျက်နှာအမူအရာကို မြင်လိုက်သဖြင့် ဆက် မကန့်ကွက် တော့ပဲ လက်လျှော့လိုက်သည်။
" ခင်ဗျား ပထမဆုံးရောက်မယ့် ရပ်နားစခန်းက အစောင့်ဆီကိုလဲ ကြေးနန်းရိုက်လိုက်မယ်၊ ခင်ဗျားလာမယ် စောင့်နေပါလို့ "
" ဓာတ်ဆီထပ်ဖြည့်ဖို့ အသင့် လုပ်ထားပါလို့ပဲ အကြောင်းကြားလိုက်ပါ၊ ဓာတ်ဆီဖြည့်ပြီးတာနဲ့ ကျွန်မ ခရီးဆက်မယ်၊ ကြာကြာမနားဘူး "
စင်တိန် တံခါးဝသို့ လျှောက်သွားသည်။ စိတ်ငြိမ်အောင် လုပ်ပြီးမှ ဧည့်ခန်းထဲသို့ဝင်သွားသည်။
" အကြောင်းတစ်ခုခုများရှိလို့လား မစ္စက်ကုတ်နေ၊ ကျွန်တော် ကူညီနိုင်မယ့် အကြောင်းဆိုရင်လဲပြောပါ ဘလိန်းက ထိုင်ရာမှထလိုက်ပြီး ပြုံးရွှင်စွာပြေလိုက်သည်။
" သြော် ... စိတ်အနှောင့်အယှက် ဖြစ်စရာကိစ္စလေးတစ်ခုပါ၊ သတ္တုတွင်းမှာ ပြဿနာတစ်ခုပေါ်လာလို့ပါ၊ ကျွန်မ အဲ့ဒီကို ချက်ချင်း ပြန်သွားမှဖြစ်မယ် "
" ဒီညတော့ မဟုတ်ပါဘူးနော် "
" ဟုတ်တယ်၊ ဒီညပဲသွားမှာ "
" ခင်ဗျား တစ်ယောက်တည်းလား .... ခရီးက ဝေးပြီး လှမ်းတယ် "
ဘလိန်း၏စိုးရိမ်ပူပန်မှုကို စင်တိန်ကြည်နူးသွားသည်။
" ကျွန်မတော့ တစ်ယောက်တည်းသွားရတာ ပိုကြိုက်တယ်၊ အဖော်ခေါ်မယ်ဆိုရင် အတော့်ကို ဂရုစိုက် ရွေးနေရမှာ၊ ကျွန်မရဲ့ အလုပ်သမားအချို့က သပိတ်မှောက်ကြတယ်လေ၊ အဓိပ္ပာယ်မရှိ၊ မတရား လုပ်ကြ တာပါရှင်၊ ဒီကိစ္စကို ကျွန်မ ကိုင်တွယ် ဖြေရှင်းနိုင်ပါတယ်၊ ဒါပေမယ့် တစ်ခါတစ်ရံမှာ ပြဿနာက အကြမ်း ဖက်မှု၊ ဖျက်ဆီးမှုတွေဖြစ်လာတတ်တယ် "
" အစိုးရက ခင်ဗျားဘက်က ပူးပေါင်း ကူညီပါ့မယ်လို့ ကျွန်တော် အာမခံချက်ပေးပါတယ်၊ ခင်ဗျား ဆန္ဒရှိမယ် ဆိုရင် ငြိမ်းချမ်းမှုထိန်းသိမ်းရအောင် ရဲတပ်ခွဲတစ်ခွဲ ကျွန်တော် လွှတ်လိုက်ပါမယ် " ဘလိန်းက ချက်ချင်းပင် အာမခံချက်ပေးသည်။
" ကျေးဇူးပါပဲ၊ ရှင့်ရဲ့အကူအညီကို ကျွန်မတန်ဖိုးထားပါတယ်၊ ရှင့်ရဲ့အကူအညီကိုရမယ်ဆိုတာ သိရတဲ့ အတွက် ကျွန်မအများကြီးစိတ်အေးရပါပြီ "
" နက်ဖြန်မနက်လင်းလင်းချင်း ကျွန်တော်ဒီကိစ္စ စီစဉ်ပါမယ်၊ ဒါပေမယ့် နှစ်ရက်သုံးရက်တော့ကြာလိမ့်မယ် "
ခေတ္တစကားပြတ်သွားကြသည်။
" မောင် ... မစ္စက်ကုတ်နေကခရီးထွက်ဖို့ ပြင်ဆင်ရဦးမှာဆိုတော့ ကျွန်မတို့ ပြန်ကြစို့လေ" အစ္စဘယ်လာ က ၀င်ပြောလိုက်သည်။
******

(၁၅)
သံကြိုးတိုင်မှသွယ်ထားသော နားကြပ်ခွက်ကို ခေါင်းဘေး၌ အသင့်ထားပြီး လိုသာအိပ်သည်။ ထို့ကြောင့် နားကြပ်ခွက်မှ " တီ ... တီ ... တီ ... တီ" နှင့်စမြည်သည်နှင့်တပြိုင်နက် လိုသာနိုးတော့သည်။ နာကြပ်ကို ခေါင်းမှာ ကောက်စွပ်လိုက်ပြီး ဆ၀ပ်ဟင်းဒရစ်အားနှိုးလိုက်သည်။
" ထစမ်းဟင်းဒရစ်၊ ဖယောင်းတိုင်ထွန်း၊ သူတို့ကြေးနန်းပို့နေတယ်၊ အခုလိုညကြီး ကြေးနန်း ပို့တယ်ဆိုတော့ အရေးကြီးတာဖြစ်မယ် "
လိုသာ သည် နားမှကြားသမျှကို မှတ်စုစာအုပ်၌ ကမန်းကတမ်းလိုက်ခြစ်ပြီး ရေးမှတ်လိုက်သည်။
" ဂါဟတ်ဖိုရီဦးဆောင်သော သပိတ်မှောက် ကော်မတီက လူဖြူအလုပ်သမားအားလုံးကို စည်းရုံးပြီး သပိတ် မှောက်နေသည်။"
တွမ်တီးမင်းဂျုန်း၏ကျေးနန်းစကားကြောင့် လိုသာအံ့အားသင့်ပြီး ကြက်သေသေသွားသည်။
" ဂါဟတ်ဖို့ရီ ... ဒီခွေးမသား ဘာတွေလျှောက်လုပ်နေပါလိမ့် "
လိုသာတစ်ောက်တည်း ပြောလိုက်မိသည်။ ထိုင်ရာမှခုန်ထပြီး မြေကျင်းထဲမှထွက်လာကာ ရေမရှိသောမြစ်ထဲ ဆင်းလျှောက်သည်။
" ဒီကောင် ဘာကြောင့်အခုလို သပိတ်မှောက်ရတာလဲ၊ ပစ္စည်းတွေပို့ဖို့ကိုလဲ ပိတ်ဆို့တားဆီးထားတယ် ဆို ပါလား၊ ပစ္စည်းတွေဆိုတာဟာ စိန်တွေကို ပြောတာ၊ သပိတ်သမားတွေက စိန်တွေကို သတ္တုတွင်းကသယ် သွားဖို့ ခွင့်မပြုဘူးပေါ့ "
လိုသာလျှောက်နေရာက တုန့်ခနဲရပ်လိုက်သည်။ ဘယ်လက်ဖ၀ါးကို ညာလက်သီးဖြင့် ထိုးလိုက်သည်။
" ဒါ ဖိုရီအကြံပဲ၊ ဒီအကောင် ငါနဲ့အပေးအယူလုပ်ထားတဲ့ ကိစ္စကနေ လွတ်အောင်ရုန်းဖို့ သပိတ်မှောက် တာပဲ၊ ငါသတ်မယ်ဆိုတာ သိလို့ လွတ်ပေါက်ရှာတာ၊ ဒါသူရဲကထွက်ပေါက်ပဲ၊ သူငါနဲ့ ပူးပေါင်း မလုပ် တော့ဘူး ပေါ့၊ ငါ့အကြံအစည်ပျက်ပြီ "
လိုသာ ရပ်နေရင်းမှ ဒေါသလှိုင်းတံပိုးထန်လာပြန်သည်။
" ငါအများကြီးစွန့်စားလုပ်ဆောင်ခဲ့ရပြီး၊ အချိန်ကုန်လူပန်းခဲ့ပြီ၊ မြင်းတွေခိုးခဲ့ရတာလဲ အလဟသဖြစ်ရပြီ ... "
ဖိုရီသာထိုနေရာ၌ ရှိလျှင် လိုသာ ချက်ချင်းပစ်သတ်မိမှာသေချာသည်။
" ဆရာကြီး ... မြန်မြန်လာပါ၊ ကြေးနန်းပို့နေပြန်ပြီ "
ဟင်းဒရစ်က ကသောမြောပါးလှမ်းအော်ခေါ်သည်။
လိုသာသည် မြေကျင်းဆီသို့ တစ်ရှိန်ထိုးပြေးပြီး နားကြပ်ကိုယူကာ ခေါင်းတွင်စွပ်လိုက်သည်။ ၀င်းဟုပ်မြို့ ရှိ ကုတ်နေသတ္တုတွင်းနှင့် ဘဏ္ဍာရေးကုမ္ပဏီမှ အော်ပရေတာက ကြေးနန်းသင်္ကေတများကို ပို့နေသည်။
ဗင့်အတွက်။ ကျွန်မ အမြန်ဆုံးပြန်လာနေပါပြီ။ ကတိလည်း မပေးပါနှင့်။ အလျှော့လည်းမပေးပါနှင့်။ ကျွန်မ တို့ဘက်မှ သစ္စာခံအလုပ်သမားများကို လက်နက်ပေးပြီး သူတို့ခြိမ်းခြောက်မှုကို ဟန့်တားထားပါ။ သူတို့ကို ကျွန်မ ကျေးဇူးမမေ့ပါဘူး။ ဆုလာဘ်များပေးမယ်ဆိုတာ အာမခ့ချက်ပေးထားပါ။ စက်ရုံက ကုမ္ပဏီ ရဲ့စတိုး ဆိုင်ကို ချက်ချင်းပိတ်လိုက်ပါ။ သပိတ်သမားတွေနဲ့ သူတို့မိသားစုတွေကို အစားအစာ လည်း မရောင်းပါနဲ့၊ တခြားဘာပစ္စည်းမှလည်း မရောင်းပါနဲ့။ သပိတ်သမားတွေရဲ့ အိမ်တွေကို ရေရော မီးရော ဖြတ်လိုက်ပါ။ ရဲ တပ်ခွဲတစ်ခွဲလာနေပြီဆိုတာ သပိတ်ကော်မတီကို ပြောလိုက်ပါ။ ဂျူနို။
" ဖိုရီနဲ့သူ့လူတွေဟာ သူတို့ဘာလုပ်နေမှန်း နားမလည်ကြပါလား။ စင်တိန်ကို ဒီလိုသွားလုပ်လို့ဘယ်ရမလဲ၊ သူတို့ထက်ဟိုက ရှစ်စပ်ကလည်တယ် "
လိုသာက အားရပါးရအော်ပြောလိုက်သည်။ ထို့နောက် လိုသာခေတ္တစဉ်းစားလိုက်ပြီး သူ့အမြင်ကို ဟင်းဒရစ် နှင့်မင်းဖရက်အား ပြောပြလိုက်သည်။
" သပိတ်မှောက်သည်ဖြစ်စေ၊ မမှောက်သည်ဖြစ်စေ၊ ဟိုစိန်တွေကိုတော့ ၀င်းဟုပ်မြို့ကိုယူသွားလိမ့်မယ်လို့ ငါ့စိတ်ထဲ မှာ အလိုလိုသိနေတယ်၊ ဒါပေမယ့် ဖိုရီကိုတော့ ကားမောင်းခိုင်းမှာ မဟုတ်တော့ဘူး၊ စိန် တွေက တော့ ဒီလမ်းကဖြတ်သယ်ရမှာပဲ၊ သူတို့သယ်တဲ့အချိန်မှာ တို့ ဒီနေရာမှာရှိနေဖို့လိုတယ် "
နောက်တစ်နေ့ ၁၁ နာရီတွင် အ၀ါရောင်ဒိန်မလာကားကြီးသည် သူတို့စခန်းချနေသော နေရာရှေ့မှ ဖြတ် မောင်းသွားသည်။ လိုသာက ကားမီးရောင်ကို စမြင်ရချိန်မှ နောက်ဆုံးမြင်ကွင်းမှ ပျောက်ကွယ်သွားသည် အထိ မျက်စိတဆုံး စောင့်ကြည့်နေသည်။
ထို့နောက် မီးခြစ်ခြစ်ပြီး နာရီကိုကြည့်ကာ တစ်ကိုယ်တည်းပြောလိုက်သည်။
" သူ မနေ့ညက ကြေးနန်းရိုက်ပြီးတစ်နာရီအကြာမှာ ၀င်းဟုပ်မြို့ကထွက်လာတာပါလား၊ ၂၂ နာရီလုံးလုံး တောက်လျှောက် မောင်းလာတာကိုး၊ ဒီအတိုင်း ဆက်မောင်းသွားရင် နက်ဖြန်မွန်းမတည့်မီ သူ သတ္တုတွင်း ကို ရောက်မှာပဲ "
*************
ဆက်ရန်
.
No comments:
Post a Comment