Saturday, November 5, 2011

စာရေးဆရာ ကိုအောင်ဆန်း အပိုင်း (၄ဝ)

ဤသို့ ကျွန်တော်က ပြောဆိုအားပေးပြီးနောက် ဗိုလ်ချုပ်အား ဇွတ်ပင်လှေစီးစေခဲ့ရလေသည်။ ဗိုလ်ချုပ် အောင်ဆန်း ကတော့ သူ ရေမကူးတတ်၍ ရေလမ်းသွားရမှာ ကြောက်ကြောင်း ကို မရှက်ဘဲ ခပ်ရှင်းရှင်း ပင် ဖွင့်ပြောခဲ့လေသည်။

တောင်ကုတ်ချောင်းဝမှ လှေဖြင့်ထွက်ခဲ့ကြပြီး  ပင်လယ်ဝအရောက် ပင်လယ်ရေပြင်ကို မြင်လျှင် ဗိုလ် ချုပ်အနေဖြင့် ပို၍ကြောက်မည်ဖြစ်သောကြောင့် ကျွန်တော်နှင့် ကွန်မြူနစ်ပါတီကိုယ်စားလှယ်အဖြစ် လိုက်ပါလာသူ သံတွဲသားကိုသာညွန့် (အငြိမ်းစားဥပဒေဝန်ထမ်း)တို့ တိုင်ပင်ပြီး "ကိုင်း.. ဗိုလ်ချုပ်၊ သံတွဲ ရောက်ရောက်ချင်း တရားဟောရဦးမယ်မဟုတ်လား။ ခရီးပန်းလာတာ အမောပြေသွားအောင် စောစော စီးစီး ပဲ အိပ်လိုက်ပါ"ဟု လှေပေါ်တွင် အတင်းအိပ်စေရသည်။ တကယ်လည်း ပင်ပန်းနွမ်းနယ် နေသဖြင့် ဗိုလ်ချုပ် ခမျာ ခဏချင်းပင် အိပ်ပျော်သွားတော့ရာ သူ အိပ်ပျော်နေခိုက် ကျွန်တော်တို့ လှေ သည် ပင်လယ်ပြင် ကို ဖြတ်သန်းလှော်ခတ်ခဲ့ရလေသည်။

မတ် ၂၁ မှာ သံတွဲမြို့မှာ ဟောပြောပြီး ညပိုင်းမှာ လှေနဲ့ တောင်ကုတ်ကို ပြန်လာခဲ့ကြပါတယ်။ မတ် ၂၂ မှာ တောင်ကုတ်က ထွက်ခွာပြီး ရန်ကုန်ကို မတ် ၂၄ မှာ ပြန်ရောက်ကြပါယ်။ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်း များ (၁၉၄၅-၁၉၄၇) "(စာပေဗိမာန်၊ ပထမအကြိမ် ၁၉၇၁)မှာ ရခိုင်ခရီးစဉ်နဲ့ပတ်သက်ပြီး ဒီလို ဖော်ပြ ထား ပါတယ်။
၂၆ ရက်နေ့ နံနက် ၉ နာရီခွဲတွင် သတင်းစာကွန်ဖရင့်ကျင်းပ၍ ရခိုင်ပြည်အခြေအနေများကို ရှင်းလင်း ပြောပြ လေသည်။

တောင်ကုတ်သို့ မရောက်ခင် တစ်ရက်တွင် ဘုန်းကြီးနှစ်ပါးသည် ဖဆပလဆန့်ကျင်ရေးဝါဒကို လက် သိပ်ထိုးဖြန့်နေသည်ဟု သိရကြောင်း၊ သို့သော် မတ်လ ၂ ရက်နေ့ တရားတော်ပွဲ ကျင်းပလိုက်သည့်အ ခါ လူ အတော် စည်ကားပြီး ရှင်းလင်းသွားကြောင်း၊ ထို့နောက် ခရီးစဉ်နှင့် ဟောပြောခဲ့သည်များကို ရှင်း ပြပြီး ရခိုင်ပြည်၏စီးပွားရေး၊ နိုင်ငံရေးအခြေအနေတို့ကို ပြောပြကြောင်း၊ နိုင်ငံရေးမှာ ရခိုင်တစ်ပြည်လုံး သည် ဖဆပလဘက်သို့ စိတ်အားထက်သန်နေကြသည်ကို သိခဲ့ရကြောင်း။ ရောက်သည့်နေရာတိုင်းမှာ ပင် အစိုးရပိုင်း မှ အနှောင့်အယှက်မတွေ့ရဘဲ အချို့ကိစ္စကို ဓားပြမှုနှင့်ဖမ်းကြောင်း၊ စင်စစ်မှာ အချို့ သည် ဓားပြမှု နှင့် လုံးဝမပတ်သက်ဟု သိရကြောင်း၊ ဖဆပလမှ လူ ၁၂ ယောက်ခန့် ဖမ်းဆီးထားရာ ထို ကဲ့သို့ ဖမ်းဆီး ထားခြင်းသည် ရခိုင်ပြည်လုံးဆိုင်ရာ ညီလာခံသဘင်ပျက်ပြားစေရန် အမှုရှာသည်နှင့်တူ ကြောင်း ပြောဆိုကြောင်းတို့ဖြစ်ပါသည်။
(၄)

၁၉၄၆ ဇွန် ၂၆ မှာ ဖဆပလအဖွဲ့ဟာ ဦးဆောင်ပြီး ရန်ကုန်မြို့မှာ လူတစ်သိန်းကျော်က "စက္ကူဖြူစာ တမ်း"ကို ကန့်ကွက်ဆန္ဒပြကြပါတယ်။ ဇွန်လထဲမှာပဲ ဘုရင်ခံ ဒေါ်မန်စမစ်ဟာ ဝမ်းကိုက်ရောဂါကိုအ ကြောင်းပြပြီး ဗြိတိန်ကို အပြီးပြန်သွားပါတယ်။ ဘုရင်ခံသစ် ဆာဟူးဘတ်ရန့် (Hubert Ramce)ရောက် လာပါတယ်။ ဆာဟူးဘတ်ရန့်နဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ ရင်းနှီးကြပါတယ်။
စက်တင်ဘာ အတွင်းမှာ သပိတ်ထဲ အမှုထမ်းပေါင်းစုံဝင်ပါလာရာကနေ အထွေထွေသပိတ်ကြီး ပေါ် ပေါက် လာခဲ့ရတယ်။ မြန်မာတစ်ပြည်လုံး ပြန့်နှံ့သွားပါတယ်။

ဆာဟူးဘတ်ရန့်က ဗိုလ်ချုပ်အောင်ဆန်းကို အမှုဆောင်ကောင်စီဖွဲ့ဖို့ ကမ်းလှမ်းပါတယ်။ ၁၉၄၆၊ စက် တင်ဘာ ၂၆ မှာ ဗိုလ်ချုပ်အောင်ဆန်းကြီးမှူးပြီး ဘုရင်ခံအမှုဆောင်အဖွဲ့ (ဝန်ကြီးအဖွဲ့)ကို ဖွဲ့စည်းပါ တယ်။ ဥက္ကဋ္ဌက ဘုရင်ခံ၊ ဒုတိယဥက္ကဋ္ဌက ဗိုလ်ချုပ်အောင်ဆန်းဖြစ်ပြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေးနဲ့ နိုင်ငံခြားရေး တာဝန်ကိုပါ ရရှိထားပါတယ်။ အရင်က အမှုဆောင်ကောင်စီဟာ ဘုရင်ခံကို အကြံပေးရုံ သာ ပေးနိုင်ပါတယ်။ အခု ဗိုလ်ချုပ်တို့ အမှုဆောင်ကောင်စီမှာ ဘုရင်ခံက ဝင်မစွက်တော့ပါဘူး။

အောက်တိုဘာ ၄ မှာ ဗိုလ်ချုပ်တို့က ဖြေရှင်းပေးလို့ အထွေထွေသပိတ်ကြီး ရပ်စွဲသွားပါတယ်။ နိုဝင်ဘာ ၁၁ မှာ ဖဆပလအဖွဲ့ချုပ်က ဗြိတိသျှအစိုးရကို ရာဇသံပေးလိုက်ပါတယ်။
- ၁၉၄၇  ဧပြီမှာ တိုင်းပြုပြည်ပြု လွှတ်တော်ခေါ်ယူနိုင်ဖို့၊ ရွေးကောက်ပွဲကျင်းပပေးဖို့၊
- လွှတ်တော်မှာ တောင်တန်းဒေသနဲ့ လူမျိုးစုကိုယ်စားလှယ်တွေ တစ်လုံးတစ်စည်းတည်း ပါဝင်ခွင့်ပြုဖို့၊
- ၁၉၄၈ ဇန်နဝါရီ ၃၁ မတိုင်ခင် မြန်မာပြည်ကို တစ်နှစ်အတွင်း လွတ်လပ်ရေးပေးပါမယ်လို့ ဗြိတိသျှ အစိုးရ က အတိအလင်းကျေညာပေးဖို့။

- ဒီကာအတွင်း ပရိုဂျက်စီမံကိန်းတွေကို ပြန်လည်ဆန်းစစ်ဖို့အတွက် ဗြိတိသျှအစိုးရက သဘောတူဖို့ တို့ ဖြစ်ကြပါတယ်။
ဗိုလ်ချုပ်တို့ အမှုဆောင်အဖွဲ့ကလည်း မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးဖို့ ဗြိတိသျှအစိုးရက ၁၉၄၈ ဇန်နဝါရီ ၃၁ မတိုင်ခင် ကြေညာပေးဖို့၊ မကြေညာရင်  မိမိတို့အဖွဲ့နုတ်ထွက်မယ်ဆိုပြီး ရာဇသံပေး လိုက် ပါတယ်။

ဗြိတိသျှဝန်ကြီးချုပ် အက်တလီက အသေးစိတ်ဆွေးနွေးဖို့ ဗိုလ်ချုပ်နဲ့အဖွဲ့ကို ဘိလပ်(အင်္ဂလန်)ကို ဖိတ်ခေါ်လိုက်ပါတယ်။ ဗိုလ်ချုပ်နဲ့အတူ သခင်မြ၊ ဦးတင်ထွဋ်၊ ဦးကျော်ငြိမ်း၊ ဦးဘအေး၊ ဦးစော(ဂဠုန်)၊ သခင်ဗစိန်တို့ ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ အင်္ဂလန်ကိုသွားကြပါတယ်။ ဒီဆွေးနွေးပွဲမအောင်မြင်ခဲ့ရင် လက်နက်ကိုင်တိုက်ပွဲဝင်ပြီး အရေးဆိုဖို့ မြန်မာပြည်တွင်းမှာ အသင့်ပြင်ဆင်ထားကြပါတယ်။
ဆွေးနွေးပွဲကို ၁၉၄၇ ဇန်နဝါရီ ၁၃ မှာ စတင်ပါတယ်။ ဇန်နဝါရီ ၂၇ မှာ "အောင်ဆန်းအက်တလီစာချုပ်" နဲ့ ဆွေးနွေးပွဲကို အဆုံးသတ်ခဲ့ကြပါတယ်။
စာချုပ်ထဲမှာ တိုင်းပြုပြည်ပြု လွှတ်တော်အတွက် ရွှေးကောက်ပွဲကျင်းပဖို့၊ ပြည်ထောင်စု မြန်မာနိုင်ငံအ တွက် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲဖို့၊ ဒီကြားကာလမှာ ဗြိတိသျှအစိုးရ့ ဗိုလ်ချုပ်တို့ အမှုဆောင်အဖွဲ့ (အစိုးရအဖွဲ့)ကို ဒိုမီနီယံအစိုးရအဖြစ် အသိအမှတ်ပြုဖို့ ဆိုတဲ့အချက်တွေပါပါတယ်။
(၅)

ဒီဂယက်ဟာ ရခိုင်ဒေသကိုလည်း ပြင်းပြင်းထန်ထန် ရိုက်ခတ်လာခဲ့ပါတယ်။ ဒီလိုနဲ့ ရခိုင်တိုင်းအတွင်းရှိ နိုင်ငံရေးအဖွဲ့ပေါင်းစုံကျင်းပတဲ့ "မြေပုံညီလာခံကြီး" ပေါ်ပေါက်လာခဲ့ရပါတယ်။ ဒီညီလာခံနဲ့ပတ်သက် ပြီး "ရခိုင်ပြည်နယ် ပြည်သူ့ကောင်စီ၊ ပြည်နယ်ဖြစ်စဉ်သမိုင်း (ဒုတိယတွဲ) နိုင်ငံရေးကဏ္ဍ" (၁၉၈၃)မှာ ဒီလို ဖော်ပြထားပါတယ်။
ယင်းညီလာခံသို့ တက်ရောက်ရန် ဦးအောင်ဇံက တိုက်တွန်းဖိတ်ခေါ်ချက်အရ ဗိုလ်ချုပ်အောင်ဆန်း သည် ဒုတိယနှင့်နောက်ဆုံးအကြိမ်အဖြစ် သက်တော်စောင့်ဗိုလ်ထွန်းလှ၊ ဦးဗဆွေ၊ ဗိုလ်မင်းလွင်၊ သ တင်း ထောက် ဦးပုလေးတို့နှင့်အတူ ၁၉၄၇ ခု၊ ဧပြီ ၁ ရက်နေ့ စစ်တွေမြို့သို့ လေယာဉ်ဖြင့် ဆိုက်ရောက် ခဲ့လေသည်။ ခရီးရောက်မဆိုက် ဗိုလ်ချုပ်အောင်ဆန်းနှင့်အဖွဲ့သည် ဦးအောင်ဇံဝေ၊ ဦးညိုထွန်းတို့လိုက် ပါလျက် အစိုးရရေတပ်သင်္ဘောဖြင့် မြေပုံညီလာခံသို့တက်ရောက်ရန် ညနေ ၆ နာရီ ခရီးစတင် ထွက် လာခဲ့လေသည်။

ဘုံပေါက်သာကျော်ရဲ့ "တော်လှန်ရေးခရီးဝယ် (၂) (နိုင်ငံရေးဆိုင်ရာ စာပေခွင့်ပြုချက်အမှတ် ၀၆၅၈၊ မင်းဆွေ စာစဉ်၊ ပထမအကြိမ် ၁၉၇၅ ဇန်နဝါရီ)ထဲမှာ ဒီလိုဖော်ပြထားပါတယ်။
မြေပုံညီလာခံ ကို ၁၉၄၇ ခု၊ ဧပြီလ ၃ ရက်နေ့အထိ ကျင်းပရန် အားလုံးသဘောတူကျင်းပကြသည်။ ညီ လာခံပထမနေ့အထိ ဆရာတော်ဦးစိန္ဒာ သဘာပတိအဖြစ်လည်းကောင်း၊ ကျွန်တော်က အတွင်းရေးမှူး (ယခု အခမ်းအနားမှူးဟု ခေါ်ကြသည်။)အဖြစ်လည်းကောင်း၊ ကိုအောင်လင်း... စသူတို့က နိုင်ငံရေး တရားဟောပြောမည့်သူများအဖြစ်လည်းကောင်း သတ်မှတ်ထားရှိပြီး ညနေဆည်းဆာအချိန်တွင် ဗိုလ် ချုပ်အောင်ဆန်း၊ ကိုဗဆွေ၊ ဦးအောင်ဇံဝေ၊ ဗိုလ်မင်းလွင်တို့ မမျှော်လင့်ဘဲ အမ်ဂျီဘီသင်္ဘောငယ်တစ် စီးဖြင့် ရောက်လာကြသည်။

သူတို့မြေပုံတွင် ညဥ့်အိပ်မနေနိုင်။ အလုပ်ကိစ္စများရှိနေ၍ သူတို့အား ယနေ့ညဥ့်တရားပွဲကို ဟောပြော ခွင့်ပြုရန်တောင်းဆိုလာသည်။ ညီလာခံစတင်ရန် နာရီအနည်းငယ်သာလိုတော့ပြီး ခေါင်းဆောင်ပိုင်း များ ချက်ချင်းဆွေးနွေးပြီး ဗိုလ်ချုပ်အောင်ဆန်း၊ ကိုဗဆွေနှင့် ကိုအောင်လင်းတို့အား ယနေ့နိုင်ငံရေး တရားဟော ခွင့်ပြုရန် ဆုံးဖြတ်ကြသည်။ ညနေ ၇ နာရီခန့်တွင် နိုင်ငံရေး တရားဟောပြောပွဲကို စတင် ကျင်းပ၏။

ဒီညီလာခံမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့မိန့်ခွန်းထဲက တိကျတဲ့အချက်တစ်ချက်ကို ၁၉၄၇၊ ဧပြီ ၂၄ ထုတ် သူရိယ သတင်းစာထဲ ဒီလိုဖော်ပြခဲ့ပါတယ်။
ထို့နောက် ဗိုလ်ချုပ်က ရုတ်တရက်ထ၍ ကျွန်တော် လူထုကို နည်းနည်းရှင်းပြပါရစေဟု အစချီကာ တော်လှန်ရေး ဆိုသည်မှာ မလွယ်ကြောင်း၊ အပြောနဲ့လုပ်ကိုင်လို့မဖြစ်နိုင်ကြောင်း၊ လက်တွေ့လုပ်ကိုင် ပြမှသာလျှင် ဖြစ်နိုင်ကြောင်း၊ ထိုသို့ တော်လှန်ရေးမလုပ်မီတွင်လည်း အဖက်ဖက်မှ ပြင်ဆင်မှုများလို ကြောင်း၊ ထိုပြင်ဆင်မှုများ ပြီးမြောက်အောင်မြင်လျက်ရှိပါက သေနတ်တစ်ချက် မဖောက်ဘဲနဲ့ အာဏာ ကို သိမ်းယူနိုင်ကြောင်းစသည်ဖြင့် ပြောဆိုသွားကြောင်းလို့ ဖြစ်ပါတယ်။

"ပြည်နယ်သမိုင်းဖြစ်စဉ် (ဒုတိယတွဲ) နိုင်ငံရေးကဏ္ဍ"ထဲမှာ
ညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံရေးအခြေအနေကို အကျယ်တဝင့် ဟောပြောခဲ့ သည်။ ဗိုလ်ချုပ်ဟောပြောပြီးနောက်တွင် အစီအစဉ်မရှိဘဲ ပုသိမ်ဘက်မှရောက်လာသော ရဲဘော် အောင်လင်းဆိုသူက ညီလာခံသို့တက်ရောက်၍ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖဆပလအဖွဲ့ကြီးကို ဆန့် ကျင် ပုတ်ခတ် လျက် ဟောပြောလေရာ ပရိသတ်ရုတ်ရုတ်သဲသဲဖြစ်သွားသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အဖွဲ့သည် ညီလာခံမှထွက်ခွာကာ ညတွင်းချင်းပင် စစ်တွေသို့ပြန်လာခဲ့ကြလေသည်။

စစ်တွေတွင် ဦးကျော်သာခေါင်းဆောင်သည့် ပလက်ဝကျောင်းသားထုဆန္ဒပြခြင်းနှင့် ကြုံကြိုက်၍ ၎င်း ဆန္ဒပြမှုကို ဖြေရှင်းပေးခဲ့ရသည်။
လို့ဖြစ်ပါတယ်။
(၆)

ဒုတိယအကြိမ် ရခိုင်ကအပြန် ၃ လလောက်အကြာမှာ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံခဲ့ရပါတယ်။ ဗိုလ် ချုပ်အေင်ဆန်း ဟာ သူရဲ့နိုင်ငံရေးရည်မှန်းချက်တွေ လုပ်ငန်းတာဝန်တွေကို ပြီးစီးအောင်မကုန်နိုင်ခဲ့တဲ့ အိပ်မက်တစ်ဝက်တပျက်နဲ့ ဘဝဇာတ်သိမ်းခဲ့ရပါတော့တယ်။

တက္ကသိုလ်မောင်ယဉ်သူ။

ဆက်ရန်
.

No comments: