Saturday, November 5, 2011

ဝင်းဖေဝင်း ဘာသာပြန် စိန်မင်းသမီး အဆက် အပြိုင်အဆိုင်အနိုင် အပိုင်း (၁၃)

ထို့နောက် လိုသာ သစ်ပင်ရိပ်များအောက်သို့ ၀င်ရောက်ပျောက်ကွယ်သွားသည်။

ဖိုရီ အဖို့ အနာလီဆာထံသို့ စိတ်ရောက်သွားသည်။ မိမိအဖို့ တန်ရာတန်ဖိုးမရဘဲဖြစ်ခဲ့ရပြီ။ နောက်တစ်ည စခန်း ချမည့်နေရာတွင် ထပ်ကြိုးစားကြည့်ရဦးမည်။ သို့သော် ဆပ်စလူးအဖြစ်မှ ဂျင်ကလည်ဘ၀ ရောက်နေ ပြီဖြစ်သော အနာလီဆာ ထံမှ ဘာ တစ်ခုမှရဖို့မျှော်လင့်ထား၍ မဖြစ်နိုင်ပါတော့ချေ။

အထူးသဖြင့် လိုသာဒီလာရေးက မိမိအတွေး၌ လွှမ်းမိုးနေပါပြီ။
********
(၁၃)

ကျောက်တောင်စွန်း အောက်ဘက်ရှိ သစ်တောထဲ၌ သူတို့သားအမိနှစ်ယောက် စိတ်အေးချမ်းသာပျော်ရွှင် စွာဖြင့် မြင်းကိုယ်စီစီးလာကြသည်။ သူတို့ တောစခန်းထွက်မည့် ရှေ့ရက်များအတွက် စတ်မောလာကြ သည်။
ရှာဆာသည်  သူ့မြင်းကလေး ပရက်စတာဂျွန်ကိုစီးလာသည်။ သူ့ဘယ်ဘက်ဒူးအောက် ကုန်းနှီးဘေးတွင် ၇-မမ မန်လင်ချာ အမဲလိုက်ရိုင်ဖယ်ပါလာသည်။ ထိုသေနတ်သည် သူ၏ ၁၄ နှစ်မြောက်မွေးနေ့တွင် အဖေကြီး က လက်ဆောင်ပေးခဲ့ခြင်းဖြစ်သည်။ သေနတ်ဒင်၌ ရှာဆာ့နာမည်ကို ရွှေစာလုံးဖြင့် ရေးထိုး ထားသည်။

စင်တိန်က သူမ၏ အညိုရောင်မြင်းကြီးကို စီးလာသည်။ စင်တိန်သည် သူငယ်ငယ်တွင်ဖခင်က လက် ဆောင်ပေးခဲ့သောမြင်းကြီးအား နာဂီ(တိမ်ပျံ)ဟု နာမည်ပေးခဲ့သလို ယခုမြင်းကြီးကိုလည်း ထိုနာမည် အ တိုင်း ပေးထားသည်။
" အို ... ရှာဆာ၊ မေမေတော့ ငယ်ငယ်ကလို ကစားနေတဲ့ ကောင်မလေးဘ၀ကို ပြန်ရောက်နေရသလိုပဲ "
ရှာဆာအား စင်တိန်ကပြောလိုက်သည်။ စင်တိန်သည် မြင်းစီးတောလိုက်ဝတ်စုံကို  ၀တ်ထားပြီး လည် ပင်း ၌ ပိုးပ၀ါအ၀ါရောင်ကလေးကို စည်းထားသည်။

ကလာဟာရီတောနက်ကြီးထဲသို့ သူတို့သားအမိ တဖြည်းဖြည်းဝင်လာကြသည်။ စင်တိန်သည် တောထဲ တောင်ထဲ၌ နေတတ်အောင် တောသဘာဝအား ဆန်လူမျိုးပစ်ဂမီလူပုဇနီးမောင်နှံထံမှ အသေးစိတ် သင် ကြား တတ်မြောက်ထားသူဖြစ်သည်။ ထိုအတတ်ပညာများကို ယနေ့အထိ စင်တိန်မမေ့သေးပေ။ တောထဲ ရောက် လာသည်နှင့်အမျှ တောတွင်းသားဘ၀ကို ပိုမို၍ ပြန်လည်ခံစားလာမိသည်။
မွန်းတည့်ချိန် မှ အတော်ကလေးကြာလာသောအခါ ဟိုအဝေးမိုးကုပ်စက်ဝိုင်းဆီတွင် နွားရိုင်းများ တစ်ကောင်ချင်း ရှေ့နောက်စီတန်းကာ ဖြည်းဖြည်းချင်း သွားနေကြသည်ကို လှမ်းမြင်ရသည်။ တဖြည်းဖြည်း နှင့် နေစောင်းလာသောအခါ သဲကန္တာရ၌ နေရောင်ဖျော့လာပြီး အရိပ်တချို့ ထင် လာသည်။ နောက်ထပ်နွားရိုင်းတစ်အုပ်ကို ခပ်နီးနီးကတွေ့ရသဖြင့် စင်တိန် ရှာဆာအား ညွှန်ပြ လိုက် သည်။
" ငါတို့ အခုစခန်းနဲ့ မိုင်ဝက်လောက်ပဲဝေးသေးတယ်၊ ညစာအတွက်လဲ လိုသေးတယ်"

စင်တိန်က ပြောလိုက်သောအခါ ရှာဆာခေါင်းညိတ်လိုက်ပြီး မြင်းကုန်းနှီးဘေးမှ ရိုင်ဖယ်ကို ဆွဲထုတ်လိုက် သည်။ ထို့နောက် ရှာဆာကရှေ့မှ ဦးဆောင်သွားရာ စင်တိန်ကနောက်မှ လိုက်သွားသည်။ ရှာဆာသည် သားကောင် ကို မိမိရရထိထိရောက်ေ၇ာက် ပစ်ခတ်နိုင်လိုက်သည်။ ထို့နောက် သူ့အဖေကြီး သင်ပေးထား သည့် အတိုင်း အမဲဖျက်ကာ ပြန်ယူလာကြသည်။
ထိုနေ့ည က စင်တိန်နှင့် ရှာဆာတို့သားအမိသည် သူတို့လိုက်ခဲ့သော သားကောင်ဟင်းဖြင့်ပင် ညစာစားကြ သည်။
သူတို့ အမဲလိုက်ထွက်လာသော တောစခန်းသည် တောင်ခြေရင်း၌ရှိသည်။ တောင်ကျစမ်းလည်းရှိသဖြင့် ရေ အဆင်ပြေသည်။

နောက်တစ်နေ့ နံနက်အရုဏ်တက်တွင် သားအမိနှစ်ယောက်မြင်းကိုယ်စီ လက်နက်ကိုယ်စီဖြင့် ထွက်လာ ကြသည်။ ခရီးစထွက်လာ၍ တစ်မိုင်ခန့် မရောက်မီတွင်ပင် စင်တိန်သည် မြင်းကိုဇက်သတ်လိုက်ပြီး မြေပြင် ပေါ်သို့ ငုံ့ကြည့်လိုက်သည်။
" ဘာလဲမေမေ၊ ဘာတွေ့လို့လဲ "
" လာ ... မြန်မြန်လာ သား၊ ဒါတွေကို မင်းဘာလို့ ထင်သလဲ"
စင်တိန် က မြေပျော့ပေါ်၌ ထင်နေသောအရာများကို လက်ညိုးထိုးပြပြီး မေးလိုက်သည်။

ရှာဆာသည်  မြင်းကုန်းနှီးပေါ်က ခုန်ဆင်းလိုက်ပြီး မြေပေါ်၌ ထင်နေသောအရာများပေါ်မှ ရပ်ကာ အသေ အချာ ငုံ့ကြည့်လေ့လာပြီးမှ ပြန်ဖြေလိုက်သည်။
" လူ့ခြေရာပဲမေမေ၊ ဒါပေမယ့် ခြေရာတွေက သိပ်သေးတယ်၊ ကလေးခြေရာတွေလားဟင် "
ရှာဆာက သူ့အမေအား မော့ကြည့်ပြီး မေးလိုက်သည်။ သူ့အမေက ပြုံးပြုံးကြီးလုပ်ပြလိုက်ရာ ရှာဆာအဖို့ သဲလွန်စ ရသွားသည်။

" ပစ်ဂမီလူပုလေးတွေလား၊ တောထဲက လူရိုင်းလူပုကလေးတွေလား "
" ဟုတ်တယ်သား၊ အမဲလိုက်ထွက်တဲ့ ပစ်ဂမီလူပုလေး နှစ်ယောက်၊ သူတို့ သစ်ကုလားအုပ် တစ်ကောင် နောက် ကို လိုက်လာကြတာ၊ တိရစ္ဆာန်ခြေရာနဲ့ သူတို့ခြေရာတွေ ရောပြီး ထပ်နေကြတယ် "
" ကျွန်တော်တို့ရော သူတို့နောက်လိုက်လို့ ဖြစ်မလား မေမေ "
ရှာဆာလည်း စင်တိန်လိုပင် စိတ်ဝင်စားလာပြီး လိုလိုလားလားမေးလိုက်သည်။ စင်တိန်ကလည်း သဘောတူ လိုက်သည်။

" သူတို့ခြေရာတွေက လတ်လတ် ဆတ်ဆတ်ကြီး၊ တစ်ရက်ပဲရှိသေးတယ်၊ တို့မြန်မြန်လိုက်ရင် သူတို့ကို မီ နိုင်သေးတယ်"
စင်တိန်က ခြေရာများကိုကြည့်ပြီး ရှေ့မှမြင်းစီး၍ ဦးဆောင်သွားသည်။ ရှာဆာက နောက်မှ လိုက် သွားသည်။ မူလခြေရာများမပျက်အောင် ရှောင်တိမ်းသွားသည်။
" ဒီမှာကြည့်စမ်း ... လူပုလေးတစ်ယောက်ရဲ့ သွားပွတ်တံပါလား "
ခြေရာဘေး၌ကျနေသော သစ်ကိုင်းအချောင်းကလေးတစ်ချောင်းကို စင်တိန်က လက်ညိုးထိုးပြပြီး ပြော လိုက်သည်။ သစ်ကိုင်းချောင်းလေးတစ်ဘက်ထိပ်တွင် သွားဖြင့်ကိုက်င ပွတ်တိုက်ထားသဖြင့် ဖွာနေသည်။ ဘုန်းကြီးများသုံးသောတံပူတံမျိုးပင်ဖြစ်သည်။

သူတို့သားအမိ မြင်းဆက်စီးလာကြပြန်သည်။
" သစ်ကုလားအုပ်ကို ဒီနေရာမှာသူတို့စတွေ့တာပေါ့ "
" မေမေ ဘယ်လိုလုပ်သိသလဲ "
" ဒီနေရာမှာ သူတို့ေ လးကိုင်းကိုကြိုးတပ်တယ်လေ၊ လေးကိုင်းကို မြေကြီးမှာ ထောက်ထားတဲ့ အရာတွေ တွေ့ရလို့သိတာပေါ့ "
ရှေ့ဆက်လာရာ  ခဏအကြာတွင် စင်တိန်ကပြောပြန်သည်။

" ကြည့်စမ်းရှာဆာ ... ဒီနေရာမှာ သူတို့သားကောင်ကို စတင်ချဉ်းကပ်တာပေါ့၊ ခြေရာတွေက ခြေဖျား ထောက်ပြီး ဖွဖွလေး လှမ်းသွားတဲ့ပုံပြနေတယ်၊ ဟော ... ဒီနေရာကျတော့ သူတို့ဝမ်းလျှားမှောက်ပြီးမြွေလို သွားကြပြီ၊ ဟောဒီနေရာမှာ ဒူးထော်ထိုင်ပြီး လေးကြိုးမှာ မြားတံတပ်တယ်၊ ပစ်တယ်၊ ဟောဒီနေရာမှာ သစ် ကုလားအုပ်ကြီး မြားမှန်ခံရပြီ၊ မြားထိတာနဲ့ တချိုးတည်း ကဆုန်ပေါက်ပြေးတော့တယ်၊ ကြည့်စမ်း ဒီမှာ မုဆိုး ကလဲ နောက်ကပြေးလိုက်သွားတဲ့ခြေရာတွေ "
စင်တိန်က မြင်းဖြင့် ရှေ့မှသွားရင်း ခြေရာများကို ကြည့်ကာ ရှာဆာအား အခြေအနေကို ပြောပြ သွားသည်။ စင်တိန်သည် အရှေ့ဘက်တစ်နေရာသို့ လက်ညိုးထိုးပြပြီး ပြောလိုက်ပြန်သည်။
" ဟိုမှာ လင်းတတွေ "

သူတို့ရှေ့ဘက်ေ လးငါးမိုင်ခန့် အကွာတွင် အပြာရောင် ကောင်းကင်၌ အမည်းစက်များကိုမြင်ရသည်။
" ဖြည်းဖြည်းပဲသွားမယ်သား၊ တို့မြင်းတွေ ကဆုန်စိုင်းစီးသွားလို့ သူတို့လန့်ပြေးပြီး ၀ရုန်းသုန်းကားပြေးရင် တို့အတွက်အန္တရာယ်ရှိတယ် "
သားအမိနှစ်ယောက် မြင်းကိုအသားကျ ဖြည်းဖြည်းစီးသွားရာ မကြာမီမှာပင် သစ်ကုလားအုပ် အသေ ကောင် ရှိရာသို့ ရောက်သွားသည်။ သစ်ကုလားအုပ်အသေကောင်ကြီးမှ အသားများကို လှီးဖြတ် ဆုတ်ဖဲ့ ယူထားကြ သည်။

ဘေးနားရှိ ချုံပုတ်ဘေးတွင် သက်ငယ်တဲ့ တစ်လုံးကို ဖြစ်ကတတ်ဆန်းထိုးထားသည်။ သစ်ကုလားအုပ် သား များကို သစ်သားများတွင် အမြှောင်လိုက် ချိတ်ဆွဲချည်နှောင်ကာ နေခြောက်လှမ်းထားသည်။ ထို ပတ် ၀န်းကျင် တွင် ခြေရာသေးလေးများကိုလည်း မွနေအောင်တွေ့ရသည်။
" အသားတွေလှီးဖြတ်ဖို့ သယ်ဖို့အတွက် သူတို့ မိန်းမတွေနဲ့ ကလေးတွေကိုပါ ခေါ်လာတာကိုး" စင်တိန်က ခြေရာ များကို ကြည့်ပြီး ပြောလိုက်သည်။
" အနံ့ တွေကဆိုးလိုက်တာ၊ ဒါနဲ့ ... လူပုကလေးတွေကရော ဘယ်ရောက်သွားသလဲ "ရှာဆာက နှာခေါင်း ပွစိပွစိ လုပ်ပြီး မေးလိုက်သည်။

" ပုန်းနေကြမှာပေါ့၊ ငါတို့ လာတာကို သူတို့ လေးငါးမိုင်လောက်ကနေပီး ကြိုမြင်ကောင်း မြင်နေမှာပါ "
စင်တိန်က ရှာဆာအား ပြန်ဖြေလိုက်ရင်း မြင်းခြေနင်းကွင်းပေါ်တွင် အားပြုကာ မြင်းပေါ်တွင် လူကိုယ်ကို မတ်မတ် ရပ်လိုက်သည်။ ထို့နောက် မိမိမျက်နှာကိုထင်ထင်ရှားရှား မြင်နိုင်စေရန် ဆောင်းထားသော ဦးထုပ် ကို အပေါ်သို့ လှန်တင်လိုက်သည်။ ယင်းနောက် ထူးခြားသော အသံတစ်မျိုးဖြင့် အရပ် ရှစ်မျက်နှာ သို့အသံ ပြုလိုက်သည်။

" သူတို့ ဒီအနားတစ်ဝိုက်မှာရှိနေတယ်ဆိုတာ သေချာနဲ့လားမေမေ "
ရှာဆာက မေးလိုက်ပြန်သည်။
" သူတို့မှာ ငါတို့ကို ပုန်းပြီး စောင့်ကြည့်နေမှာပါ၊ သူတို့က အလျင်စလို မလုပ်တတ်ကြဘူး "
ထို့နောက် ခဏအကြာ၌ သူတို့နှင့်မလှမ်းမကမ်းတွင် မြေ ကြီးပေါ်၌ ပျားပျားဝပ်နေသူတ်ယောက် ထလာပြီး သူ့ခေါင်းကို တဆတ်ဆတ် ညိတ်ပြသည်။ ထိုသူသည် တိရစ္ဆာန်သားရေကို ၀တ်ဆင်ထားသည်။ အရပ် အလွန်ပုသော ပစ်ဂမီလူပုကလေးဖြစ်သည်။ ကိုယ်လုံးကိုယ်ပေါက် ပါးပါးလျားလျား နှင့် အလွန် အပြေးသန် မည့်ပုံမျိုးဖြစ်သည်။ သူ့ဦးခေါင်းကို  ဂုဏ်ယူ ၀င့်ကြွားစွာ မော့ထားသည်။
ထိုသူ က စင်တိန်အား ညာလက်ကိုမြှောက်ပြပြီး နှုတ်ဆက်ကာလှမ်းပြောသည်။

" ကျွန်တော်ခင်ဗျားကို မြင်တယ် နမ်ချိုင်း "
ထိုသူက စင်တိန်၏ တောတွင်းပစ်ဂမီနာမည်ကို ခေါ်ကာ ပြောလိုက်သည်။ စင်တိန်ကလည်း ၀မ်းသာ အားရ လှမ်းအော် လိုက်သည်။
" ကျွန်မ လဲ ရှင့်ကို မြင်ပါတယ် ကေ ၀ိ"
" ခင်ဗျား နဲ့ ပါလာတာ ဘယ်သူလဲ "
ကေ၀ိဆိုသူ လူပုကလေးကပြန်မေးသည်။

" သူက ကျွန်မသားလေ၊ ရှာဆာဆိုတဲ့ ရေကောင်းရေသန့်ပေါ့၊ ကျွန်မ ရှင်တို့နဲ့ပထမဆုံးအကြိမ် တွေ့တုန်း က ပြောခဲ့သားပဲ ရှင်တို့လူမျိုးတွေရဲ့အမြင့်မြတ်ဆုံးနေရာမှာ သူ့ကိုမွေးခဲ့တာပေါ့၊ အိုဝါက သူ့ရဲ့ မွေးစား အဖေကြီး၊ ဟာနီက သူ့ရဲ့ မွေးစားအမေကြီးလေ"
ထိုအခါ ကေ၀ိသည် သဲကန္တာရပြင်ကျယ်ဘက်သို့လှည့်ပြီး အော်ပြောလိုက်သည်။

" ဆန်လူမျိုးတို့၊ သူပြောတာ အမှန်ပဲ၊ ဒီအမျိုးသမီးနာမည်က နမ်ချိုင်းတဲ့၊ ငါတို့ရဲ့မိတ်ဆွေပဲ၊ သူ့သားဟာ ငါတို့အတွက် အစဉ်အလာရှိတဲ့ပုဂ္ဂိုလ်ပဲ၊ သူ့ကိုနှုတ်ဆက်ကြဟေ့"
ပုန်းအောင်းနေကြသော ဆန်လူပုကလေးများ အလျှို့လျှို့ပေါ်လာကြသည်။ အားလုံးပေါင်း ၁၂ ယောက် ရှိ သည်။ အမျိုးသား လူကြီးနှစ်ယောက်ပါသည်။ ကေ၀ိနှင့် သူ့ညီကေ၀ိဝတုပ်ဖြစ်သည်။ ကျန်လူများမှာ သူတို့၏ မိန်းမများနှင့် ကလေးများဖြစ်သည်။ သူတို့အားလုံး စင်တိန်နှင့်ရှာဆာ ဘေးမှာ ၀ိုင်းလာပြီး ရယ်မော ကြသည်။ စင်တိန်က မြင်းပေါ်မှ လွှားခနဲဆင်းပြီး သူတို့ကို တစ်ဦးချင်း နာမည်ခေါ်ကာ နှုတ်ဆက်သည်။ နောက်ဆုံးကလေးငယ်နှစ်ယောက်ကို ဘယ်ညာခါးထစ်ခွင်ပြီး ကောက်ချီလိုက်သည်။

" မေမေ သူတို့ကို ဘယ်လိုလုပ်ပြီး ဒီလောက်သိနေတာလဲဟင် "
" ကေ၀ိနဲ့ သူ့ညီဟာ မင်းရဲ့မွေးစားအဖေကြီး အိုဝါနဲ့ အမျိုးတော်တယ်၊  ငါတို့ ဟာနီသတ္တု တွင်းကို စတင် တည်ထောင်တုန်း မင်းငယ်ငယ်လေးတုန်းက ငါသူတို့ကို စတွေ့တာပဲ၊ ဒီနေရာတစ်ဝိုက်ဟာ သူတို့ အမဲ လိုက်တဲ့ နေရာတွေပေါ့ "

ထိုနေ့တစ်နေ့လုံး သားအမိနှစ်ယောက် ကေ၀ိ ညီအစ်ကို ဆန်မိသားစုများနှင့်နေကြသည်။ ညနေစောင်း သူတို့ပြန်ခါနီးတွင် စင်တိန်က ဆန်အမျိုးသမီးများအား ၇ မမ ကြေးကျည်ဆန်ခွံများ လက်တစ်ဆုပ်စီ လက် ဆောင်ပေးသည်။ သူတို့အထူး ၀မ်းမြောက်ဝမ်းသာဖြစ်ပြီး က ခုန်ကြသည်။ ထိုကြေး ကျည်ဆန် အခွံ များကို သူတို့က ငှက်ဥခွံများဖြင့် ရောသီ၍ လည်ဆွဲပုတီးလုပ်ကာ ဆွဲကြလိမ့်မည်။ တခြား ဆန် အမျိုးသမီး များ အလယ်တွင် သူတို့အဖို့ ဂုဏ်ယူစရာ လည်ဆွဲများပင် ဖြစ်သည်။

ရှာဆာက ကေ၀ိအား သူ၏ ဆင်စွယ်အရိုးတပ်ထားသော အမဲလိုက်ဓားမြှောင်ကို လက်ဆောင်ပေးလိုက် သည်။ ကေ၀ိသည် ဓားသွားဖြင့် လက်မကိုအသာဖိလိုက်ရာ ဓားရှပြီးသွေးများထွက်လာသည်။ ၎င်းကို ဂုဏ်ယူ ၀င့်ကြွားစွာဖြင့် အမျိုးသမီးများအားလိုက်ပြပြီး ပြောလိုက်သည်။
" ကြည့်စမ်း ... ငါ့ဓားဘယ်လောက်ထက်သလဲ "
စင်တိန်က ကေ၀ိဝတုပ်အား သူမ ခါးပတ်ကို ပေးလိုက်သည်။ ပြောင်လက်နေသော ခါးပတ်ကြေးခေါင်းကို ကြည့်ကာ ကေ၀ိဝတုပ် ကြည်နူးပျော်ရွှင်နေသည်။ သူတို့ ပြန်ခါနီးတွင် ကေ၀ိက စင်တိန်အား ပြော လာသည်။

" နောက်တစ်ခါခင်ဗျား ကျွန်တော်တို့ဆီလာလယ်ချင်ရင် မိုးကုန်လောက်အထိ ကျွန်တော်တို့ အိုချီပမ်း အနား က မွန်ဂိုတောအုပ်မှာရှိနေမယ် "
စင်တိန်တို့သားအမိ မြင်းကိုယ်စီဖြင့်ပြန်လာကြသည်။ ကခုန်နေကြသော လူပုကလေးများအား နောက်ပြန် လှည့်ကြည့်ပြီးနောက် ရှာဆာက ပြောလိုက်သည်။
" သူတို့သိပ်ပျော်နေကြတယ် မေမေ "

" သူတို့ဟာ ကမ္ဘာပေါ်မှာအပျော်ရွှင်တတ်ဆုံး အချမ်းမြေ့ဆုံး လူသားတွေပဲ၊ ဒါပေမယ့် သူတို့လူမျိုးတွေ ဘယ်လောက် ကြာကြာ ဆက်ရှိနေနိုင်ကြဦးမလဲဆိတာ မေမေ စဉ်းစားနေတာပဲသား "
" မေမေ တကယ်ပဲ သူတို့လိုနေခဲ့ရသေးတယ် ဟုတ်လား၊ တောထဲကလူပုကလေးတွေကို တိရစ္ဆာန် သားရေ ၀တ်ပြီး သစ်ဥသစ်ဖုတွေစားခဲ့ရတယ်လား "
" ဟုတ်တယ်၊ မင်းလဲ အဲဒီလိုပဲနေခဲ့ရသေးတာပဲ၊ ခုနတွေ့ခဲ့တဲ့ ကလေးတွေလိုပဲ မင်းလဲ ကိုယ်လုံးတီးနဲ့ပေါ့ "
" တစ်ခါ တစ်ခါ ကျွန်တော် အိပ်မက် မက်တယ် မေမေ ကျောက်ဂူကြီးလို မည်းမှောင်နေတဲ့ နေရာမျိုး တွေ့ရတယ် အလယ်ကောင်မှာရေတွေက အခိုးငွေ့တွေ ထနေတယ်" ရှာဆာက မျက်မှောင်ကုတ်ပြီး ပြန် စဉ်းစား ကာ ပြောလိုက်သည်။

" အဲဒါ ငါတို့ရေချိုးတဲ့ ရေပူအိုင်ပေါ့ သားရယ်၊ ဟာနီသတ္တုတွင်းရဲ့ ပထမဆုံး စိန် တစ်လုံးကို အဲ့ဒီအိုင် ကနေ အမေရခဲ့တာပေါ့ "
" ကျွန်တော် အဲဒီနေရာကို တစ်ခါလောက် သွားလည်ချင်တယ် မေမေ "
" မဖြစ်နိုင်တော့ဘူးသား၊ အဲဒီနေရာဟာ အခု တို့ တူးနေတဲ့သတ္တုတွင်းရဲ့ အလယ်ကောင် တည့်တည့် ရောက်နေပြီ၊ အဲဒီနေရာကို တူးဖော်လိုက်တဲ့အတွက် ရေပူအိုင်လဲပျက်သွားပြီ၊ အဲဒီနေရာဟာ ဆန်လူမျိုး တွေရဲ့ အထွတ်အမြတ်ဆုံးနေရာပဲ၊ အဲ့ဒီနေရာကို  ငါတို့ဖျက်ဆီးပစ်လိုက်တဲ့ အတွက် သူတို့ မကျေမနပ်ဖြစ်ပုံ မပေါ်တာတော့ ထူးခြားတယ် " စင်တိန်က မြင်းကိုဖြည်းဖြည်းချင်း စီးသွား ရင်း ပြောလိုက်သည်။

" အဲဒီကိစ္စ မေမေ .... မေးမကြည့်ဘူးလား "
" အဲဒီကိစ္စကို မေမေတော်တော်စောစောကတည်း ကေ၀ိနဲ့ ဆွေးနွေး ဖူးတယ်၊ အဲ့ဒီလျှို့ဝှက်နေရာဟာ သူတို့ ပိုင်တာ မဟုတ်ဘူးတဲ့၊ သူတို့ကိုးကွယ်တဲ့နတ်တွေ ပိုင်တာတဲ့၊ နတ်တွေ မကြိုက်ရင် အခုလို သတ္တု တွင်း တူးလို့ ရမှာမဟုတ်ဘူးတဲ့၊ နတ်တွေဟာ ဒီနေရာမှာနေတာသိပ်ကြာလှပြီမို့ ငြီးငွေ့နေပြီနဲ့တူတယ်တဲ့၊ ဒါကြောင့် တခြားတစ်နေရာ ပြောင်းရွှေ့သွားချင်ပြီနဲ့တူတယ်တဲ့၊ အဲဒါကြောင့် သတ္တုတွင်းတူးလို့ ရတာ နေမှာ ပေါ့လို့ ကေ၀ိကပြောတယ်"

******

နောက်တစ်နေ့မနက်စောစောတွင် သူတို့သားအမိနှစ်ယောက် စခန်းမှ မြင်းကိုယ်စီဖြင့် ထွက်လာကြသည်။ အစေခံများကိုမူ ပစ္စည်းပစ္စယများ သိမ်းဆည်းထုပ်ပြီး မြင်းများဖြင့်တင်ကာ နောက်မှ လိုက်ခဲ့ဖို့ မှာကြား ခဲ့သည်။
သူတို့နှစ်ယောက် ဟာနီသတ္တုတွင်းဘက်သို့ ဦးတည်ကာ မြင်းစီးလာကြသည်။ မွန်းလွဲပိုင်းတွင် သစ်ပင်ကြီး တစ်ပင်အောက်၌ သူတို့ရပ်နားကြသည်။ နေအပူရှိန်ကျသွားချိန်တွင် မြင်းကိုယ်စီဖြင့် တောင်ခြေမှပတ်ကာ စီးလာကြသည်။

တစ်နေရာအရောက်တွင် ရှာဆာသည် ရုတ်တရက်ကိုယ်ကို မတ်လိုက်ပြီး နေရောင်ကိုလက်ဖြင့်ကွယ်ကာ တောင်ပေါ် သို့ မော့ကြည့်လိုက်သည်။
" ဘာလဲသား" စင်တိန်ကမေးလိုက်သည်။
ရှာဆာသည် မိမိအား အနာလီဆာက ခေါ်သွားသော တောင်စောင်းကလေးလို ပြန်မှတ်မိသွားသည်။
" မင်း တစ်ခုခုကြောင့် စိုးရိမ်ပူပန်နေတယ်မဟုတ်လား" စင်တိန်က ရှာဆာအမူအရာကိုအကဲခတ်ပြီးပြော လိုက်သည်။

ရှာဆာသည် မိခင်အား တောင် စောင့်မယ်တော်၏ နတ်ကွန်းဆီသို့ခေါ်သွားလိုစိတ်ပေါ်လာသည်။ ထိုအကြောင်းကို မိခင်အား ပြောပြတော့မလိုလုပ်ပြီးမှသစ္စာပြုထားသည်ကို သတိရပြီး ရပ်လိုက်သည်။
" မင်း ငါ့ကိုမပြောပြချင်လို့လား "
ရှာဆာ၏ မတင်မကျဖြစ်နေသော အမူအရာကို ကြည့်ပြီး စင်တိန်ကေ မးလိုက်သည်။ မိခင်ကို ပြောခြင်း သည် သူတစိမ်းကို ပြောခြင်းမဟုတ်၍ သစ္စာဖောက်ရာ မရောက်နိုင်။ မိခင်အရင်းဖြစ်၍ ပြောသင့် သည်ဟု ဆုံးဖြတ်ကာ ပြောလိုက်သည်။

" အပေါ်က တောင်စောင်းမှာ ပစ်ဂမီလူပုလေးတစ်ယောက်ရဲ့ အရိုးစုရှိတယ်မေမေ၊ ကြည့်ချင်ရင် လိုက်ပြ မယ်လေ"
" ပစ်ဂမီလူပုလေး ... ဟုတ်လား၊ မင်းဘယ်လိုလုပ်သိသလဲ "
" ဦးခေါင်းခွံမှာ ဆံပင်တွေရှိသေးတယ်၊ ကေ၀ိနဲ့သူ့လူမျိုးတွေရဲ့ ဆံပင်တွေလိုပဲ ကောက်ကွေး တွန့်လိမ် နေတာပဲ၊ ဒါကြောင့်သိတာ "
" အဲဒါကို မင်းဘယ်လိုလုပ်တွေ့သလဲ "
" အနာ ... " ရှာဆာစကား မဆုံးဘဲရပ်သွားသည်။

" ဟိုကောင်မလေးက မင်းကိုလိုက်ပြတာလား "
" ဟုတ်ပါတယ် "
" ဒါဖြင့်  မင်းအဲဒီနေရာကို မှတ်မိဦးမလား" စင်တိန်က စိတ်ဝင်တစားမေးလိုက်သည်။
" မှတ်မိလိမ့်မယ်ထင်တယ်၊ ကျွန်တော် အဲ့ဒီနေရာကိုမှတ်လာခဲ့တယ်၊ ဟိုနေရာပေါ့" ရှာဆာက တောင်စောင်း တစ်နေရာသို့ လက်ညိုးထိုးပြလိုက်သည်။
" ကဲ ... ဒါဖြင့် ငါ့ကိုလိုက်ပြစမ်း "
" မြင်း တွေဒီမှာထားခဲ့ပြီး ခြေကျင်တက်မှဖြစ်မယ် "

သူတို့သားအမိ သစ်ပင်ခြုံပင်များကြားမှ တောင်စောင်းတစ်နေရာသို့ တက်သွားသည်။ အပူရှိန်ကလည်း ပြင်း ထန် လှသည်။ သစ်ကိုင်းသစ်ခတ်များကလည်း ဆူးငြိစေသည်။
" ဒီနေရာလောက်မှာပဲ၊ ဘယ်ဘက်ကို နည်းနည်းကျချင်ကျမယ်၊ သစ်ကိုင်းတွေနဲ့ ကွယထားတာ၊ သစ်ကိုင်း တွေကိုဖယ်ပြီး ရှာရင်တွေ့မယ် ရှာဆာကကျောက်တုံးတစ်တုံးပေါ်တွင်ရပ်ပြီးပြောသည်။
ရှာဆာက ရှေ့မှသစ်ကိုင်းများဖယ်ရှားပြီးသွားသည်။ စင်တိန်က နောက်မှလိုက်သည်။ ရှာဆာက လေ ချွန်ပြီး အချက်ပေးသွားသည်။ တစ်နေရာအရောက်တွင် နောက်မှ စင်တိန့်အသံမကြားရသဖြင့် ရှာဆာ စိတ်ပူသွားသည်။ ထို့ကြောင့် နောက်ဘက်သို့လှည့်ပြီး အော်မေးလိုက်သည်။

" မေမေ ... ဘယ်မှာလဲ "
" ငါဒီမှာ "
စင်တိန့်အသံမှာတိုးပြီး တစ်စုံတစ်ရာ ခံစားချက်ကြောင့် ဆို့နင့်နေပုံရသည်။ ရှာဆာက ကျောက်တုံးများပေါ်မှ ကျော်လွှားပြီး သူ့အမေရှိသောနေရာသို့ ပြန်လာသည်။
စင်တိန်သည် ဦးထုပ်ကို နှုတ်ခမ်းရှေ့တွင်အုပ်ကိုင်ပြီး နေပူထဲတွင်ငူငူကြီးရပ်နေသည်။ သူမပါးပေါ်တွင် ရေ စက်ရေပြောက်လေးများကိုတွေ့ရရာ ချွေးစက်များဟု "ဦးစွာ" တင်လိုက်သည်။ သို့သော် မျက်လုံးအိမ်မှ စီးကျထွက်လာသော မျက်ရည်စီးကြောင်းကို ထပ်မြင်လိုက်မှ သူ့အမေ ငိုနေမှန်းသိရသည်။

" မေမေ "
ရှာဆာသည်  စင်တိန့်နောက်ဘက်သို့ ချဉ်းကပ်သွားသောအခါ စင်တိန်နတ်ကွန်းအား မြင်တွေ့သွားပြီကို သိလိုက်ရသည်။
နတ်ကွန်းရှေ့မှ ကာထားသောသစ်ကိုင်းကို စင်တိန်က ဘေးသို့ဆွဲဖယ်ထားသည်။ မြေအိုးလေးများက မူလ အ တိုင်းရှိနေဆဲ၊ ပန်းများက ခြောက်နွမ်းနေသည်။
" ဒီအရိုးစုက တောင်စောင့်မယ်တော်ရဲ့ အရိုးစုလို့ အနာလီဆာကပြောတယ်" ရှာဆာက နတ်ကွန်းထဲမှ အရိုးစု အပုံကို လှည့်ကြည့်ပီး ပြောပြလိုက်သည်။
စင်တိန် က ခေါင်းခါပြလိုက်သည်။ စကားပြော၍ မရနိုင်ဘဲဖြစ်နေသည်။

" ဒီတောင်ကို စောင့်တဲ့မယ်တော်တဲ့၊ ဆုတောင်းရင် ပြည့်တယ်လို့ဆိုတယ်"
" ဟာနီ ... ငါရဲ့ သိပ်ချစ်ရတဲ့အမေပေါ့"
စင်တိန်က ဆို့နင့်ကြေကွဲစွာပြောလိုက်သည်။
" မေမေ ဘယ်လိုလုပ်သိတာလဲ "
 တစ်သိမ့်သိမ့်ရှိုက်နေသော စင်တိန်၏ ပခုံးနှစ်ဖက်ကို ရှာဆာက အသာဆုပ်ကိုင်ထိန်းပေးထားရင်း မေး လိုက်သည်။ စင်တိန်က သူမကျောကိုရှာဆာ့ရင်ဘတ်တွင်မှီကာ မှေးထားလိုက်သော်လည်း ပြန်မဖြေ နိုင် သေးဘဲရှိသည်။

" ကျောက်ဂူတွေထဲမှာရယ်၊ ခြုံတွေကြားမှာရယ်၊ ပစ်ဂမီလူပုတွေရဲ့အရိုးစုတွေ ရာချီပြီး ရှိနေမှာပေါ့မေမေ"
စင်တိန်က ခေါင်းကို သွင်သွင်ခါပြီး ငြင်းလိုက်သည်။
" မေမေ ဘယ်လိုလုပ်ပြီး အသေအချာသိမလဲ "
" ဒါ ဟာနီရဲ့အရိုးစုဆိုတာသေချာတယ်၊ သူရဲ့သွားတွေရယ်၊ လည်ဆွဲငှက်ဥခွံပုတီးလုံးရယ်ကို မေမေ ကောင်းကောင်းမှတ်မိနေတယ်၊ တခြားသက်သေအထောက်အထား ရှာစရာ မလိုတော့ဘူး၊ ဒီနှစ်ခုနဲ့ တင် ဟာနီ ဆိုတာ သေချာတယ် "

ရှာဆာသည် အရိုးစုအောက်မှ လည်ဆွဲပုတီးကုံးကို ယခုမှ သတိထားကြည့်မိသည်။ မြေတွင် တစ်ဝက်မြှုပ် ပြီးအပေါ် မှ အရိုးစုဖုံးနေသော ပုတီးကုံးကို ပထမတစ်ခေါက်က ရှာဆာမမြင်ခဲ့မိပေ။
" ထိုင် မေမေ ... ထိုင် "
ရှာဆာက စာတိန်အား ကျောက်တုံးတစ်တုံးပေါ်တွင် ထိုင်ခိုင်းလိုက်သည်။
" မေမေ နေကောင်းသွားပါပြီသား၊ ဟာနီအရိုးစုကို ရုတ်တရက်တွေ့လိုက်ရတော့ မေမေ ဆို့နင့် ကြေကွဲ သွား လို့ပါ၊ ဒီအရိုးစုကို မေမေလိုက်ရှာနေတာ နှစ်တော်ကြာခဲ့ပြီ၊ ဒီနားက တစ်နေရာရာမှာရှိရမယ် ဆိုတာ မေမေသိတယ်၊ ဟာနီအရိုးစုနဲ့ မနီးမဝေးတစ်နေရာရာမှာ အိုဝါအရိုးစုလဲရှိရမယ်၊ သူတို့နှစ်ယောက် အပေါ် ကို ကုတ်ကပ်တက်ပြီး ပြေးကြတန်း သူက သေနတ်နဲ့ပျစ်ချတာ၊ သူတို့နှစ်ယောက် တစ်နေရာတည်း လောက် မှာ ပစ်ကျနေလိမ့်မယ် "

" သူတို့ကို ဘယ်သူကပစ်ချတာလဲ မေမေ "
" လိုသာ ... လိုသာ ဒီလာရေး "
သူမ အသံက တုန်ခါနေသည်။

*****
ထိုနေရာ၏ အပေါ်အောက် ဘေးဘက် ဘယ်ညာတစ်ဝိုက်တွင် တစ်နာရီကျော်  လိုက်ရှာသော်လည်း အို ၀ါ ၏ အရိုးစုကို သူတို့ထပ်မတွေ့ရတော့ပေ။
" တွေ့မှာမဟုတ်တော့ပါဘူး၊ သူရှိနေတဲ့အတိုင်းပဲနေပါစေတော့သားရယ် "
သူတို့ မူလနတ်ကွန်းလေးနေရာသို့ ပြန်လာကြသည်။ အပြန်တွင် တောပန်းကလေးများခူးလာကြသည်။
" ပထမတုန်းကတော့ ဟာနီအရိုးစုကို ကောင်းကောင်း မွန်မွန် မြှုပ်နှံသင်္ဂြိုဟ်မလို့ပဲ၊ ဒါပေမယ့် ဟာနီက ခရစ်ယာန် မဟုတ်ဘူး၊ ဒီတောင်တွေတာ သူတို့ရဲ့ မြင့်မြတ်တဲ့ နေရာပဲ၊ ဒီတော့ ဒီနေရာတွေမှာ သူတို့နေ ကြပါစေ "

စင်တိန်က ဆောင့်ကြောင့်ထိုင်ပြီး ပန်းအိုးများ၌ ပန်းလဲလှယ်ရင်း တတွတ်တွတ်ပြောပြန်သည်။
" ကျွန်မ သိပ်ချစ်ရတဲ့အမေကြီး၊ ဒီမှာပဲ အနှောင့်အယှက် ကင်းစွာ အေးချမ်းစွာနေပါ၊ ကျွန်မလာလည်ပါဦး မယ်"
စင်တိန် ထိုင်ရာမှထပြီး ရှာဆာအား ပြောလိုက်ပြန်သည်။

" မေမေ တွ့ဖူးသမျှလူတွေထဲမှာ ဟာနီဟာစိတ်ကောင်းအရှိဆုံး၊ အကြင်နာဆုံး လူတစ်ယောက်ပဲ၊ ဒါကြောင့် လဲ မေမေ သူ့ကို သိပ်ချစ်တာ "
သူတို့ဘန်ဂလိုသို့ ပြန်ရောက်ချိန်၌ နေ၀င်နေပြီ။ အိမ်ဖော်များက စိုးရိမ်တကြီးဖြင့် အိမ်ရှေ့မှ ထွက်ကြို နေကြ သည်။

*****
နောက်တစ်နေ့ နံနက်စာစားချိန်တွင် စင်တိန်သည် ရွှင်ရွှင်ပျပျရှိလာသော်လည်း ငိုထားသည့်အရှိန်ကြောင့် မျက်ခွံကမို့နေသေးသည်။
" ငါတို့ ကိပ်တောင်းမြို့ မပြန်ခင် ဒီမှာနေတာ အခုအပတ်ဟာ နောက်ဆုံးအပတ်ပဲ " စင်တိန်က ရှာဆာ အား ပြောလိုက်သည်။
" ကျွန်တော်တော့ ဒီမှာပဲအမြဲနေချင်တယ် " ရှာဆာက သူ့ဆန္ဒကိုပြောသည်။

" အမြဲနေလို့ကတော့ ဘယ်ဖြစ်မလဲ၊ မင်းလဲကျောင်းတက်စရာရှိသေးတယ်၊  ငါ့မှာလဲ လုပ်စရာလုပ်ငန်းတာ ၀န်တွေရှိသေးတယ်၊ တို့ဒီကိုနောက်တော့ ပြန်လာသေးတာပေါ့၊ အခုနောက်ဆုံး အပတ် မှာ မင်းစက်ရုံက ဆေးကြောသန့်စင်တဲ့ဌာနနဲ့ ရွေးချယ်တဲ့အပတ်မှာ မင်းစက်ရုံက ဆေးကြော သန့်စင် တဲ့ဌာနနဲ့ ရွေးချယ်တဲ့ ဌာနတွေကို လေ့လာဖို့ ငါစီစဉ်ထားတယ်၊ မင်းစိတ်ဝင်စားမယ်ဆိုတာ ငါ အာမခံရဲပါတယ် "

ရှာဆာသည် ထိုနှစ်ဌာန၌ တစ်နေ့လုံးစိတ်ဝင်စားစွာ လေ့လာခဲ့သည်။ အထူးသဖြင့် ရွေးချယ်သည့်ဌာန၌ စိန် အသေးအမွှားကလေးများမှ အကြီးစားအထိ အဆင့်ဆင့်ရွေးထုတ်ပုံကို အထူးစိတ်ဝင်စားခဲ့သည်။ ညနေ အလုပ်သိမ်းချိန်၌ ရှာဆာနှင့် တွမ်တီးမင်းဂျုန်းတို့ ပြန်လာသောအခါ စင်တိန်က ဘန်ဂလို ၀ရန်တာ မှဆီးကြို နေသည်။
" မင်း စိတ်ဝင်စားစရာတွေ့ခဲ့ရဲ့လား "

" စိန်တွေတွေ့ရတာ စိတ်ဝင်စားပါတယ်မေမေ၊ တော်တော် ကောင်းတဲ့စိန်တွေပဲ "
" မင်း တွေ့လာတဲ့စိန်တွေက ဒီလောက်မကောင်းသေးပါဘူး၊ တကယ်ကောင်းတဲ့ စိန်တွေ တို့မီးခံသေတ္တာ ထဲမှာ ရှိတယ်၊ ဒေါက်တာ တွမ်တီးမင်းဂျုန်း ... ရှာဆာကို ထုတ်ပြလိုက်စမ်းပါဦး "
စင်တိန်က ဒေါက်တာတွမ်တီးမင်းဂျုန်းအား မီးခံသေတ္တာသော့လှမ်းပေးလိုက်သည်။ သူတို့သုံးယောက်  စင်တိန့် အလုပ်ခန်းထဲဝင်သွားကြသည်။ စင်တိန်နှင့် ရှာဆာက စားပွဲ၌ ထိုင်သည်။ ဒေါက်တာတွမ်တီးမင်းဂျုန်း က စိန်များကို မီးခံသေတ္တာ ဖွင့်ပြီးယူလာကာ စားပွဲပေါ်တင်ပြီး ရှာဆာအား ပြ လိုက်သည်။

စိန်များမှာ အရည်အသွေးကောင်းပြီး လုံးကြီး လုံးချောများ၊ အနာအဆာကင်းသောစိန်မျးဖြစ်သည်။
" အဲဒီစိန်တွေ တန်ဖိုးဘယ်လောက်ရှိမလဲ " ရှာဆာက မေးသည်။
" စက်မှုလုပ်ငန်းသုံး စိန်တွေရော၊ စိန်လုံးကြီးလုံးကောင်းတွေရော အားလုံးကို ဆိုတာလား " ဒေါက်တာ တွမ်တီးမင်းဂျုန်း က ပြန်မေးသည်။
" ဟုတ်ပါတယ်၊ ဘယ်လောက်တန်မလဲ "
" ပြီးခဲ့တဲ့အသုတ်က အတိုင်းသာ ဒီဘီးယားကုမ္ပဏီကဈေးဖြတ်ပြီး လက်ခံမယ်ဆိုရင် ပေါက်စတာလင် တစ်သန်းကျော်ဖိုးရှိမယ်"
ပေါင်တစ်သန်း ကျော်တောင် ... ဟုတ်လား "

" ဒီမှာ ရှာဆာ ဒီတစ်သန်းကျော်လုံးက အမြတ်မဟုတ်ဘူး၊ ထုတ်လုပ်မှုကုန်ကျစရိတ်က ရှိသေးတယ်၊ ပြီးတော့ အခွန်အကောက်က ဒီပေါ်မှာပေးရဦးမှာ "
စင်တိန်က ရှာဆာအားပြောလိုက်သည်။
ထို့နောက် တစ်ဆက်တည်းမှာပင် ဒေါက်တာတွမ်တီးမင်းဂျုန်းဘက်သို့လှည့်ပြီးပြောလိုက်သည်။
" လာမယ့် သောကြာနေ့မှာ ကျွန်မနဲ့ ရှာဆာကို ၀င်းဟုပ်မြို့ကို ပြန်မယ်ဆိုတာ ရှင်သိသားပဲ၊ ရှေ့အပတ်ကုန်ရင် ရှာဆာကျောင်း သွားရတော့မှာ၊ ဒီစိန်တွေကို ကျွန်မရဲ့ ဒိန်မလာကားနဲပဲ ၀င်းဟုပ် ကိုယူ သွားမယ်လေ "

" မစ္စက်ကုတ်နေ၊ ကျွန်တော် ဒါကိုတော့ ခွင့်မပြုနိုင်ဘူးခင်ဗျာ၊ ဒါကိုခွင့်ပြုလိုက်ရင် ကျွန်တော် တာဝန်မဲ့ရာ ကျပါလိမ့်မယ်၊ ကျွန်တော် ခင်ဗျားအတွက် စဉ်းစားပြီး ပြောတာပါ။ ပေါင်တစ်သန်းကျော်လောက်တန်တဲ့ စိန် တွေဟာ ဒီတစ် ၀ိုက်မိုင်တစ်ထောင်ဝန်းကျင်က လူဆိုးဓားပြတွေ၊ လုက်ဖောက်ထွင်းသူ လူဆိုးတွေကို သား ရေတမြားမြား ကျစေပါလိမ့်မယ် "
" ကျွန်မက စိန်တွေကို လူမြင်အောင် ကားအမိုးပေါ်မှာ ဖြန့်ခင်းသွားမှာမဟုတ်ပါဘူး
" ဟုတ်ပါတယ်လေ၊ ဒါပေမယ့် အာမခံကိစ္စကရှိသေးတယ်၊ စိန်တွေကို သတ်မှတ်ထားတဲ့အတိုင်း လက်နက် ကိုင်အစောင့်အရှောက်ပါတဲ့ကားနဲ့ မယူသွားဘဲ တစ်စုံတစ်ရာဆုံးရှုံးလာရင် အာမခံကုမ္ပဏီက လျော်ကြေး ပေးမှာမဟုတ်ဘူး "
" ကဲ ... ဒီလိုဆိုရင် ရှင့်သဘောအတိုင်းပါပဲရှင် "
**********
ဆက်ရန်
.

No comments: