ပေးလို့ရ မျှမှရ
စာရေးသူ - သန်းငြိမ်းအေး
အေအက်ဖ်ပီ သတင်းတစ်ပုဒ်တွင် ဖတ်လိုက်ရသည်။ ကမ္ဘာကျော်ဘီလျံနာ သူဌေးများ ပေးလှူဖို့ ကတိ ပေးကြသော သတင်းဖြစ်ပါသည်။ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်နှစ်ဦး ဖြစ်သော ရင်းနှီးမြှုပ်နှံမူ သူဌေးကြီး ဝါရင်းဘက်ဖက် နှင့် မိုက်ခရိုဆော့ဖ် တည်ထောင်သူ သူဌေးကြီး ဘီလ်ဂိတ် တို့၏ လှုံ့ဆော်မူဖြင့် အမေရိကန် ဘီလျံနာ သူဌေးကြီး လေးဆယ်တို့သည် ၄င်းတို့ ပိုင်ဆိုင်မူ၏ တစ်ဝက်ထက်မနည်းသော ငွေပမာဏ ကို လှူဒါန်းသွားရန် ၂၀၁၀ ပြည့်နှစ် သြဂုတ်လ ၄ ရက်နေ့က ကတိပြု လက်မှတ်ရေးထိုး ခဲ့ကြသည်။
၎င်းတို့ထဲတွင် နယူးယောက်မြို့တော်ဝန်နှင့် ဘလွန်းဘာ့ဂ်ျ စီးပွားရေးဝက်ဘ်ဆိုက် တည်ထောင်သူ တက်ဒ်တာနာ၊ အော်ရကယ်လီ ကုမ္ပဏီ ပူးတွဲတည်ထောင်သူနှင့် အမူဆောင် ချုပ် လာရီအယ်လီဆင်န်၊ ဟောလိဝုဒ် ဒါရိုက်တာ ဂျော့လူးကပ်စ်တို့ ပါဝင်ကြသည်။
လှူဒါန်းမူ သည် စုစုပေါင်း ဘီလီယံ ၆၀၀ (အမေရိကန်ဒေါ်လာ သန်း ၆ သိန်း) မျှရှိမည်ဖြစ်သည်။ ဘီလ်ဂိတ် နှင့် ဘက်ဖက် တို့သည် အမေရိကန်ဘီလျံနာ သူဌေး ၄၀၀ ခန့်ကို စီစဉ်ထားသည်ဟု ဆိုသည်။ ထိုသတင်းသည် သတင်းကောင်းတစ်ပုဒ်ဖြစ်ပါသည်။
ဗြိတိသျှနန်းရင်းဝန်ကြီး ဒစ္စရေးလီက "ဘဝ၌ မိမိအဖို့ချည်း ဆောင်ရွက်နေပြီး သူတစ်ပါးအတွက်မူ ကမ္မသကာ သဘောထားမျိုး ထားတတ်သော အခြေအနေ ကို ပြောင်းပြန် လှန်ပစ်ဖို့ လိုအပ်သည်။ စာနာမူ ဟူသော ကရုဏာတရားသည် စာနာသူ၏ ဂုဏ်သိက္ခာကို မြင့်မားတိုးတက်စေသည်။" ဟု ပြောခဲ့ သည်။
လောက ၌ မိမိဖို့ချည်း ဆောင်ရွက်နေသူသည် အတ္တဝါဒီဖြစ်ပါသည်။ အတ္တဝ်ါဒီသည် တစ်ကိုယ် ကောင်း သမားဖြစ်ပါသည်။ တစ်ကိုယ်ကောင်းသမားသည် ကရုဏာတရားရှိသူမဟုတ်၊ စာနာတတ်သူမဟုတ်။ ထိုအခြေအနေ ကို ပြောင်းပြန်လှန်ပစ်သော် ကရုဏာတရားရှိသူ၊ စာနာတတ်သူ ဖြစ်လာပါမည်။ တစ်ကိုယ်ကောင်း သမား မဟုတ်ပဲ စာနာတတ်သူ၊ ကရုဏာတရားရှိသူ ဖြစ်ပါမှလည်း ဒုက္ခ ရောက်နေသူ အား ကူညီ ထောက်ပံ့ပေးကမ်းမည်ဖြစ် သည်။
ဤနေရာတွင် စာရေးဆရာမ ပတ္တမြားခင် ၏ "ဆင်းရဲသားတွေ ကို ဒုက္ခမပေးပါနှင့်" ဟူသော ရသ အတွေး အမြင် ကို သတိရ မိပါသည်။ တစ်နေ့တွင် တက္ကသိုလ် ပါမောက္ခတစ်ဦးနှင့် လူငယ်ကျောင်းသား တစ်ဦး တို့သည် လယ်တော သို့ အလည်သွားကြသည်။ လယ်ကွင်းထဲတွင် လယ်သမားတစ်ဦး လယ်ထွန် နေသည်။ လယ်ကွင်း အစပ် တွင် လယ်သမား က ဖိနပ်တစ်ရန်ချွတ်ထားသည်။
လူငယ်က... "ဆရာကြီး၊ လယ်သမားရဲ့ ဖိနပ်ကို ဝှက်ထားပြီး သူလယ်လိုနေမလဲဆိုတာ အကွယ်က စောင့်ကြည့်ရရင် ကောင်းမလား" ဟုမေးလိုက်သည်။ ဆရာကြီးက.. "အဲဒီလိုတော့ မကျီစယ်ပါနဲ့ကွာ၊၊ ဆင်းရဲသား တစ်ယောက် ကို ထပ်ပြီးစိတ်ဆင်းရဲအောင် မလုပ်ချင်ပါနဲ့။ မင်းလုပ်ချင်ရင် ဖိနပ်ထဲကို ရွှေဒင်္ဂါး တစ်ပြားစီ ထည့်ကြည့်ပါလား" ဟုပြောလိုက်သည်။
လူငယ်ကလည်းပါမောက္ခကြီးပြောသည့်အတိုင်း ဖိနပ်ထဲသို့ ရွှေဒင်္ဂါးတစ်ပြားစီ ထည့်လိုက် သည်။ ပြီးတော့ အကွယ် က စောင့်ကြည့်နေကြသည်။
ခဏအကြာတွင် လယ်သမားသည် လယ်ထွန်ခြင်းကို ရပ်ပြီးလယ်တွင်းထဲမှ တက်လာသည်။ ပြီးတော့ ဖိနပ် ကို စီးသည်။ လယ်သမားသည် ခိုးလုခုလုအရသာကိုခံစားလိုက်ရသည်။ သို့ဖြင့် ဖိနပ်ကိုချွတ်ကာ ဖိနပ်ထဲ သို့ လက်ဖြင့်နှိုက်ကြည့်သည်။ ဖိနပ်ထဲတွင် ရွှေဒင်္ဂါးတစ်ပြားစီကို တွေ့ရသည်။ လယ်သမားသည် အံ့သြစိတ်၊ မယုံသင်္ကာဖြစ်စိတ်၊ ဝမ်းသာစိတ်တို့ဖြင့် ဘေးဘီဝဲယာကို မျက်လုံးကစားလိုက်သည်။ တစ်စုံ တစ်ယောက် ကိုမျှ မတွေ့သောအခါ ကောင်းကင်ကို မော့ကြည့်ပြီး.. "ကျေးဇူးကြီးလှပါတယ် ဘုရားသခင်။ ဘုရားသခင် ရဲ့ ကောင်းချီးပေးမူအတွက် ကျေးဇူးတင်လှပါတယ်။ရရှိလာတဲ့ ငွေနဲ့ အိပ်ရာ ထဲ လဲနေတဲ့ ဇနီး သည်ကိုဆေးကုသနိုင်ပါပြီ။ စားစရာချို့တဲ့နေတဲ့သားသမီးတွေကိုလည်း ကျွေးမွေး နိုင်ပါပြီ" ဟု အသံထွက်လျက် တတွတ်တွတ် ပြောဆိုနေလေတော့သည်။
ထိုမြင်ကွင်းကိုမြင်ရသော ဆရာတပည့်နှစ်ယောက်စလုံးမှာ အပျော်တွေ ကူးစက်ပြီး ပျော်ရွှင်ကြရသည်။ တပည့်ဖြစ်သူက "ဆရာကြီးပေးတဲ့ အသိတရားအတွက် ကျေးဇူးတင် ပါတယ်" ဟု ကျေးဇူးတင် စကား ဆိုလေသည်။ ကျွန်တော်သည် ထိုအတွေးရသကို သတိရတိုင်း ပျော်ရွှင်ကြည်နူးမိပါသည်။ ယခု ပြန်တွေး၊ ပြန်ရေး နေသည့် အခိုက်မှာပင် ကြည်နူးနေမိပါသည်။ ကမ္ဘာကျော် ဘီလျံနာသူဌေးကြီးများသည် သူတို့ ပိုင်ဆိုင်မူ၏ တစ်ဝက်ကို လှူဒါန်းကြမည်ဟု သတင်းစကားကြားရသည်ကိုပင် ကြားကတည်းက ဝမ်းသာ မိပါသည်။ ဆင်းရဲသောလယ်သမား ရွှေဒင်္ဂါးရသည့် ကိန်းဆိုက်နေပါပြီ။
ကမ္ဘာကျော် ဘီလျံနာသူဌေးကြီးများ လှူဒါန်းငွေဖြင့် အတိဒုက္ခရောက်နေသူများ၊ ကပ်ရောဂါ ခံစား နေကြ ရသူများ၊ ခိုကိုးရာမဲ့ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များ ၊ စားသောက် ဖွယ်ရာနှင့် နေထိုင်စရာ အခက်အခဲတွေ့နေသူများကို ကူညီထောက်ပံ့နိုင်တော့မည် ဖြစ်သည်။ သူဌေးကြီးများ၏ စာနာမူသည် ယခုမှ မဟုတ်ပါ။ အထက်ကျော်ကာရီကလည်း ပေးကမ်းထောက်ပံ့ခဲ့ပါသည်။ ယခုလောလောဆယ် ၌လည်း ပေးကမ်းထောက်ပံ့နေဆဲ။ နောင် ကာလ၌လည်း ပေးကမ်းထောက်ပံ့နေဦးမည် ဖြစ်ပါသည်။
ဗုဒ္ဓမြစ်စွာက... "ပေးကမ်းထောက်ပံ့လှူဒါန်းခြင်း ဒါနပြုသူသည် ချမ်းသာခြင်းကို အကျိုးပေးမည်။ မိမိကိုယ် မှ မလိုအပ်၍ စွန့်ပစ်သော မစင်ကို လောက်ကလေးများ စားပါစေဟု စိတ်ထား၍ စွန့်ပစ် လျှင်လည်း ဒါနဖြစ်ပါသည်။ ပန်းကန်ဆေးရာတွင် စားကြွင်းစားကျန်များကို ရေမြောင်းအတွင်းရှိ သတ္တဝါ ကလေး များ စားပါစေဟု စိတ်ထား၍ ဆေးကြောလျှင်လည်း ဒါနမြောက်ပါသည်" ဟု ဟောကြားတော် မူခဲ့ ပါသည်။
ဗုဒ္ဓမြတ်စွာက"ပေးလို့ရ မျှမှရ" သဘောတရားကို ဟောကြားတော်မူခဲ့သည်။လှူဒါန်းပေးကန်းမှု့ သည် အချည်းနှီး မဖြစ်ပါ။ ကောင်းကျိုးချမ်းသာပြန်လည်ခံစားရမည် ဖြစ်ပါသည်။ တစ်ခုခုပြန် ရစေဟု ဆန္ဒ မရှိဘဲ လွတ်လွတ်လပ်လပ် စွန့်လှူသောဒါန သည် အစင်ကြယ်ဆုံး၊ အမြတ်ဆုံး ဒါနဖြစ်ပါသည်။ ကမ္ဘာကျော် ဘီလျံနာသူဌေးကြီး များသည် ကရုဏာရှင်များ ဖြစ်ကြပါသည်။ တစ်ခုခုပြန်ရစေ ဟူသော ဆန္ဒမျိုး မရှိနိုင်ပါ။ ထို့ကြောင့် လွယ်လွယ် လှူဒါန်းကြခြင်း ဖြစ်ပါသည်။ စာနာစိတ်ဖြင့် လွယ်လွယ် ပေးကမ်း ထောက်ပံ့ခြင်း ဖြစ်ပါသည်။
မည်သို့ဆိုစေ၊ လိုအပ်နေသူများအား ထောက်ပံ့ကူညီပေးကမ်းကြသူများသည် ကြီးစွာသော အကျိုးပေး ကို ခံစားကြရ မည်မှာ မလွဲပါ။ တစ်ခုခု ပြန်ရစေဟူသော အလိုဆန္ဒမပါဘဲ လွယ်လွယ်စွန့်လှူကြသော သူဌေးကြီး များသည် အကျိုးတစ်စုံတစ်ရာမရဘဲ မနေနိုင်ပါ။ သူဌေးကြီးများက ပေးကမ်း ထောက်ပံ့ လှူဒါန်း ကြသောကြောင့် လိုအပ်သူများ ပြည့်စုံ၊ လိုအပ်တာ ပေးဝေကူညီသူများလည်း တိုးတက် ချမ်းသာ ခြင်းဖြင့် ပေးလို့ရ၊ မျှမှရ ကြကာ ကိုယ်ချမ်းသာခြင်း၊ စိတ်ချမ်းသာခြင်း တစ်လုံးတစ်ဝတည်း ပြည့်စုံ ချမ်းသာ ကြမည် ဖြစ်ပါသည်။
စာရေးသူ - သန်းငြိမ်းအေး
စရဏ မဂ္ဂဇင်း စက်တင်ဘာ ၂ဝ၁၁
.
.
4 comments:
လှူတာဟာ ယူတာပါပဲတဲ့။ ဘာမှ ပြန်လည်ရယူလိုစိတ်မရှိပေမယ့် အလှူပြီးတဲ့နောက်မှာ ပီတိအလိုလို ရရှိလာတာဟာ သိပ်ကို ကြည်နူးဖို့ကောင်းပါတယ် မမရေ။
ခင်တဲ့
မေသိမ့်
လိုတဲ့နေရာတွေမှာ မည်သည့်အကျိုးကိုမှ မမျှော်ကိုးပဲ စွန့်လွှတ်လှူဒါန်းခြင်းသည်သာ အမွန်မြတ်ဆုံးပါ။ လှူခြင်းသည်ပင် ရယူခြင်းမည်၏ တဲ့..။
ခင်မင်စွာဖြင့်
ငယ်လေး
အစ်မကြီးရွှေစင်ရေ မင်္ဂလာရှိသော နေ့လည်ခင်းပါနော်...ရန်ကုမြို့ တာမွေမြို့နယ် ဆုထူးပန်ဆရာတော်ရဲ့ ဆုံးမစကားကို ကြားယောင်နေမိပါသေးရဲ့။ ဆရာတော်ကြီးက ...
"လှူတာဟာ ယူတာပဲ၊ ငွေမလှူနိုင်တောင်မှ ရေကို လှူရမည်"တဲ့။
ဝမ်းသာဖို့ကောင်းလိုက်တာနော်
ဒီလောက်ချမ်းသာတဲ့သူတွေက ပိုင်ဆိုင်မှုရဲ့ တစ်ဝက်ထက်မနည်းတဲ့ငွေလှူမယ်ဆိုတော့ မကျန်းမာနေတဲ့ ကမ္ဘာမြေကြီးရဲ့ တစ်နေရာက လူတွေအတွက်တော့ အားကိုးအားထားဖြစ်လောက်ပါတယ်။
ဆင်းရဲသားတွေရဲ့ ဖိနပ်ထဲကို ရွှေဒင်္ဂါးထည့်ဖို့ မတတ်နိုင်ပေမဲ့ ငွေ၁၀၀၀ ငွေ ၁၀၀၀၀ လောက်ဖြစ်ဖြစ် ထည့်နိုင်အောင် ကြိုးစားပါမယ်။
Post a Comment