Monday, October 17, 2011

ဝင်းဖေဝင်း ဘာသာပြန် စိန်မင်းသမီး အဆက် အပြိုင်အဆိုင်အနိုင်, (၆)

(၇)

ဤသီးသန့်ကိုယ်ပိုင် ရထားတွဲကြီးကို မူလက စီစီရိုးဒမ်စ်နှင့် ဒီဘီးယားကုမ္ပဏီကပိုင်သည်။ ထိုရထားတွဲကို စင်တိန်ကုတ်တနေ က ၀ယ်ယူလိုက်ခြင်းဖြစ်သည်။ ထိုရထားတွဲကို ၀ယ်ယူ လိုက်ရခြင်းအတွက် သူမ အကျေနပ်ကြီး ကျေနပ်နေသည်။ ပြင်သစ်မှ ဒီဇိုင်းဆရာတစ် ယောက်ကို ငှားရမ်းခေါ်ယူပြီး ရထားတွဲကြီး ကို ပြန်လည်ပြုပြင်မွမ်းမံစေခဲ့သည်။ 
ရထားတွဲ အတွင်း၌ ပြင်ဆင်မွမ်းမံထားပုံများကို စင်တိန်သဘောကျနှစ်သက်နေသည်။ ရထားတွဲ၏ ပင်မအိပ်ခန်း ထဲတွင် ခုတင်မွေ့ရာကို ပြုပြင်ထားပုံအား တွေ့ရသောအခါ စင်တိန် သဘောကျပြီး ပြုံး လိုက်မိသည်။ ရှာဆာက မိမိအားစောင့်ကြည့် နေသည်ကို စင်တိန်တွေ့သွားသည်။

'မေမေ တစ်ခါတလေ မေမေ့ မျက်လုံးကို ကြည့်လိုက်တာနဲ့ မေမေ ဘာတွေ တွေးနေတယ်ဆိုတာ ကျွန်တော် သိနေတယ် ထင်တယ်'
ရှာဆာက ပြောလိုက်သည်။
'မင်းတကယ် မသိပါဘူး သားရယ်၊ ဒီအခန်းထဲမှာ အေးတယ်ကွ'
စင်တိန်က ပြောပြောဆိုဆိုနှင့် သူမထိုင်နေသော အလုပ်စားပွဲမှ ထ, လိုက်သည်။ အလုပ်ခန်း မှန်တံခါးကို တွန်း ဖွင့်ပြီး ရထားတွဲ၏ လူသွားစင်္ကြံလမ်းသို့ ထွက်လိုက်သည်။ ထိုအခန်းမှာ လေအေးစက် တပ်ထား သဖြင့် အေးစိမ့်နေခြင်း ဖြစ်သည်။

သဲကန္တာရထဲမှ ဖြတ်တိုက်လာသော လေပူက သူတို့သားအမိကို တွေ့ထိ နှုတ်ဆက်လိုက်သည်။ စင်တိန့် ဆံပင် နှင့် စကတ်တို့ လေတွင်လွင့်နေသည်။
'ဘယ်အချိန်ရှိပြီလဲ '
စင်တိန်က မေးလိုက်သည်။
သူမနောက်မှပါလာသော ရှာဆာက လက်ပတ်နာရီကို ကြည့်ပြီး ပြန်ပြောသည်။
'ရထားမောင်းသမား အချိန်ကိုက် မောင်းလာနိုင်ယင်တော့ နောက်ဆယ်မိနစ်ဆိုယင် ကျွန်တော်တို့ လိမ္မော်မြစ် ကို ဖြတ်ရတော့မယ်'
'လိမ္မော်မြစ်ကို ဖြတ်လိုက်ရမှ ကိုယ့်အိမ်ကိုယ့်ရာကို ပြန်ရောက်သလို ခံစားရတော့မှာပဲ'
စင်တိန်နှင့် ရှာဆာတို့ ရထားပြတင်းပေါက်မှ အပြင်သို့ လှမ်းကြည့်နေကြသည်။ လိမ္မော်မြစ်ုသည် ဂွတ်ဟုပ် အငူနှင့် ယခင်က ဂျာမန်ကိုလိုနီနယ်မြေ အနောက် တောင်အာဖရိကတို့ အကြား ပိုင်းခြားထားသော နယ်စပ် လည်းဖြစ်သည်။

ရထားဘရိတ်ဖမ်းသံ နကျွီကျွီ မြည်လာသည်။
'ရထားက တံတားနား ရောက်လို့ တံတားကိုဖြတ်ဖို့ အရှိန်လျှော့နေပြီ'
ရှာဆာက ပြောပြောဆိုဆိုနှင့် အပြင်ဘက်သို့ ခေါင်းပြူကြည့်သည်။
'ဟော... ဟိုမှာ တံတားကြီးတွေ့ပြီ'
ရှာဆာ က ပြောလိုက်သည်။ အုတ်တိုင်ကြီးများပေါ်မှ သံမဏိကုန်းတံတား သံဘောင်ကြီးများကို စင်တိန် လှမ်းမြင် ရသည်။
'စိန်မြစ်ကြီး'
စင်တိန်က ရှာဆားနှင့် ပခုံးချင်းယှဉ်ကာ ရပ်ပြီး အပြင်ကို လှမ်းကြည့်ရင်း ပြောလိုက်သည်။ ရှာဆာက ကော်ဖီရောင် မြစ်ရေပြင်ကို ငုံ့ကြည့်လိုက်သည်။
'စိန်တွေ က ဘယ်ကနေလာတာလဲ'
ရှာဆာက မေးလိုက်သည်။ တကယ်တော့ အဖြေကို သူသိထားပြီး ဖြစ်သည်။ သို့သော် သူ့ အမေ ပြောစကား သံကို ရှာဆာထပ်၍ ကြားချင်နေသေးသည်။

'အာဖရိကတိုက်ကြီး စတင်တည်ရှိချိန်လောက်က မီးတောင်ပေါက်ကွဲပြီး လေထဲလွင့်စဉ်သွားတဲ့ စိန်ကျောက် တွေဟာ ရေနဲ့ အတူ ဒြီမစ်ထဲကို ပြန်စီးဆင်းဝင်လာတယ်လေ၊ နှစ်သန်းပေါင်းရာချီပြီး စီးဝင် စုစည်း နေခဲ့တာပေါ့၊ စိန်တွေဟာ ဘာဖြစ်လို့ တခြားကျောက်တွေလို ကြေမွတိုက်စားပြီး ပါမသွားတာလဲ'
စင်တိန် က ရှင်းပြနေရာမှ သားဖြစ်သူအား မေးလိုက်သည်။ 'ဘာဖြစ်လို့ လဲဆိုတော့ စိန်ဟာ အမာဆုံး သဘာဝ သတ္တိ ရှိလို့ပဲ၊ စိန်ထက် ပိုမာတာ၊ စိန်ထက် ပိုလှတာ ဘာမှ မရှိဘူး၊ မင်းလဲစိန်ကို တဖြည်းဖြည်း ချစ် လာလိမ့်မယ်၊ စိန်နဲ့ အလုပ်လုပ်တဲ့လူတိုင်းဟာ စိန်ကိုချစ်လာကြတာချည်းပဲ'
စင်တိန် က သူ့ လက်မှလက်စွပ်ကြီးကို ရှာဆာအား ထောင်ပြရင်း ပြောလိုက်သည်။

'မြစ်အကြောင်းလဲ ပြောပြစမ်းပါဦး'
ရှာဆာက မေးသည်။ စင်တိန်က ဆက်ပြောသည်ကို ရှာဆာစိတ်ဝင်တစား နားထောင်နေသည်။
'မြစ်က ပင်လယ်ထဲစီးဝင်သွားတဲ့ နေရာမှာ ပင်လယ် ကမ်းခြေပေါ်တွေကို စိန်တွေသွန်ချပစ်ခဲ့ကြတယ်၊ ပြီးတော့ နုံးတွေ မြေတွေထဲမှာ မြုပ်သွားတယ်၊ အဲဒီကမ်းခြေတွေဟာ စိန်တွေနဲ့ ပေါကြွယ်ပြည့်ဝနေတော့ တားမြစ် ထားတဲ့ ဒေသဖြစ်သွားတာပေါ့ သားရယ်'
'ဒါဖြင့်ယင် သစ်သီးခြံထဲမှာ ကြွေကျနေတဲ့ သစ်သီးတွေကို ကောင်ယူသလို စိန်တွေကို အိတ်တွေနဲ့ အိတ် အပြည့် လိုက်ကောက်ယူလို့ ရမလား မေမေ'
'ဒီလောက်တော့ မလွယ်ဘူးသား၊ မင်း အနှစ်၂၀ ရှာယင်တောင်မှ စိန်တစ်ပွင် တွေ့ချင်မှတွေ့မယ်၊ ဒါပေမယ့် ဘယ်နေရာစိန်ရှိတယ်ဆိုတာ သိပြီ ကုသိုလ်ကံက သိပ်ကောင်းယင်တော့ ခပ်ရိုးရိုး လွယ်လွယ် ပစ္စည်း နဲ့ တူးယင်တောင်...' 'ဒါဖြင့် ဘာဖြစ်လို့ အဲ့ဒီကို မသွားတာလဲမေမေ'

'ဘာဖြစ်လို့်လဲဆိုတော့ အဲဒီနေရာအားလုံးကို အပိုင်သိမ်းထားပြီးသား၊ ဆာအားနက်စ် အိုပင်ဟီးမား ဆိုတဲ့လူ နဲ့ ဒီဘီးယား ဆိုတဲ့သူ့ ကုမ္ပဏီ က ပိုင်ဆိုင် ထားတာသား'
'အဲဒီနေရာ အားလုံးကို ကုမ္ပဏီတစ်ခုတည်းက ပိုင်ဆိုင်ထားတယ်ဆိုတော့ ဘယ်တရား ပါ့မလဲ မေမေ'
ရှာဆာ က ဘ၀င်မကျသည့် အသွင်ဖြင့် မေးလိုက်သည်။ ရှာဆာ၏ ကျက်လုံးထဲတွင် လိုချင်တပ်မက်မှု အရိပ်အယောင် ကို ပထမဆုံးအကြိမ် စင်တိန်တွေ့မြင်လိုက်ရသဖြင့် အားရ၀မ်းသာဖြစ်သွားသည်။ အကယ်၍ ရှဆာသာ လောဘရမ္မက် မရှိလျှင် သူ့အတွက် မိမိမျှော်မှန်း ကြိုးစားနေသော စီမံကိန်းများ မည်သို့မျှ အောင်မြင်မည်မဟုတ်ဟု စင်တိန်စွဲမှတ်ထားသည်။
ရှာဆာ ကို လောဘကြီးအောင်၊ ကျိကျိတက် ချမ်းသာအောင်၊ အာဏာမက်မောအောင် သင်ပေးရ ဦးမည်ဟုစင်တိန် စိတ်ထဲက စွဲမှတ်ထားသည်။

'အိုပင်ဟီးမားဟာ လိမ္မော်မြစ်ကို ချောင် ချောင်လေးနဲ့ ရလိုက်တာ၊ ကင်ဘာလေရယ်၊ ၀က်စတန်ရယ်၊ ဘတ်ဖေါင်တိန် ရယ် ပြီးတော့ တခြားစိန်ထုတ်နေတဲ့ မိုင်းတွင်းတွေ အားလုံးကို သူပိုင်ထားတာ၊ အဲဒီအပြင် သတ္တုတွင်ုး အားလုံး က စိန်ရောင်းချမှု အားလုံးကို သူကချုပ်ကိုင်ထားတာ၊ ငါတို့တွင်းက ထွက်တဲ့စိန်တွေ ရောင်းချတာလဲ သူ့ချုပ်ကိုင်မှု အောင်က ရောင်းနေရတာပဲ'
'ကျွန်တော်တို့ကို သူက ချုပ်ကိုင်ထားတယ်၊  ဟာနီစိန်တွင်းကိုလဲ သူက ချုပ်ကိုင်ထားတယ်...ဟုတ်လား'
'ဟုတ်တယ်သား၊ တို့သိတ္တုတွင်းက ထွက်သမျှ စိန်တွေကို သူရဲ့ ဗဟိုရောင်းဝယ်ရေး အဖွဲ့ကို တင်ပြ ရတယ်၊ အဲဒီတော့မှသူက ရောင်းဈေးသတ်မှတ်ပေးတယ်'
'သူ့ သတ်မှတ်ပေးတဲ့ ဈေးအတိုင်း ကျွန်တော်တို့က လက်ခံရတယ်လား'

'ဟင့်အင်း...မဟုတ်ဘူး၊ ဒါပေမယ့် သူတို့ကို မတင်ပြဘဲ ငြင်းဆန်ယင် တို့မိုက်မဲရာကျ မှာပေါ့'
'ကျွန်တော်တို့က အာခံယင် သူက ဘာလုပ်နိုင်မလဲ'
'ရှာဆာ၊ မင်းကို ငါအလျင်က မကြာခဏ ပြောခဲ့ဖူးပြီ၊ မင်းထက်အင်အားကြီးတဲ့လူနဲ့ ဘယ်တော့မှ ပြိုင်မတိုက်နဲ့၊ ဒီအာဖရိကမှာတင် မဟုတ်ဘူး၊ နည်းနည်းပဲ ရှိတယ်၊ အဲဒီ နည်းနည်းထဲမှာ အာဟားနက် ကိုပင်ဟီးမား က တစ်ယောက်ပဲကွ'
'သူကဘာလုပ်နိုင်လို့လဲ'
ရှာဆာက စောဒကတက်သည်။

 'သူက တို့လုပ်ငန်းကိုဝါးမျိုပစ်လိုက်မှာပေါ့၊ အဲဒါဆိုသူ သိပ်ပြီးပျော်သွားလိမ့်မယ်၊ တို့လုပ်ငန်းက တစ်နှစ် ထက် တစ်နှစ် ပိုပြီးကြီးပွားလားတော့ သူစိတ်ဝင်စားနေတယ်၊ ကမ္ဘာပေါ်မှာ တို့ကြောက်ရမယ့် လူတွေထဲမှာ သူတစ်ယောက် အပါအ၀င်ပဲ၊ ဟောဒီသူ့ရဲ့ မြစ်ကြီးနားကို ရောက်လာလေ အထူးသဖြင့် သတိထား ရလေပဲ'
စင်တိန်က မြစ်ပြင်ကို လက်ဖြင့်ဝှေ့ယမ်းပြရင်း ပြောလိုက်သည်။
'မြစ်ကို သူပိုင်တယ်လား'
ရှာဆာက မေးလိုက်သည်။
'တရားဝင်တော့ မဟုတ်ဘူးပေါ့၊ ဒါပေမယ့် လောဘစိတ်နဲ့ ချဉ်းကပ်သွားယင်း အိုပင်ဟီးမားက တွယ်လိုက် လိမ့်မယ်'
'ဒါဖြင့် မြစ်ထဲမှာ စိန်တွေရှိတယ်လား'

မီးရထားသည် လိမ္မော်မြစ်ကို ဖြတ်ကျော်လိုက်ပြီးနောက် အရှိန်ပြန်မြှင့်ကာ ဆက်မောင်းနေသည်။ စင်တိန် က စိန်ဆက်လက်ရှင်းပြပို့ချနေသည်။ ထို့နောက် စကားကို ရပ်လိုက်သည်။
'ကဲ...ရထားတွဲ အခန်းထဲ ပြန်ဝင်ကြစို့၊ လေးအေးစက်ကို ငါပိတ်လာခဲ့တော့ အခုလောက်ဆိုယင် နွေးနေ လောက်ပါပြီ'
စင်တိန်က ရှာဆာ အား သူမ၏ အလုပ်စားပွဲသို့ ခေါ်သွားသည်။
'မင်း ကို ငါပြစရာရှိသေးတယ်'
စင်တိန်သည် ကုတ်နေသတ္တုတွင်းနှင့် ဘဏ္ဍာရေး ကုမ္ပဏီ၏ နှစ်ပတ်လည် ငွေစာရင်းရှင်းတမ်း အကျဉ်းချုပ် လျှို့ဝှက်ဖိုင်တွဲကို ဖွင့်လိုက်သည်။ ငွေစာရင်းများကို ကြည့်ရှုရန်သင်္ချာအားနည်းသော ရှာဆာ အဖို့ ငြီးငွေ့ဖွယ် ဖြစ်မည်ကို စင်တိန်ရိပ်မိသည်။

'မင်း စစ်ဘုရင်ဝါသနာပါတယ် မဟုတ်လား'
'ပါတယ်မေမေ'
'ငွေစာရင်းရှင်းတမ်း အစီရင်ခံစာတွေကို ဖတ်ပြီး တွက်ချက်ရတာ ဟာလဲ စစ်ဘုရင် ကစားသလိုပါပဲ၊ ပိုစိတ်ဝင်စား စရာ ကောင်းပြီး အမြတ်အစွန်း ဆုလာဒ်လဲ ပိုရတယ်၊ အဲ့ဒီ စည်းမျဉ်းဥပဒေတွေကို မင်းနားလည်း လာယင်ပေါ့လေ'
'ဒါဖြင့် ကျွန်တော့်ကို သင်ပေးပါမေမေ'
'တ၌ထိုင်တည်း နဲ့ အကုန်သင်လို့ တော့မပြီးနိုင်ဘူး၊ တစ်ခါကို နည်းနည်းစီး သင်သွားမှရမယ်'
စင်တိန် က စတင်သင်ကြားပေးရာ ရှာဆာက မျက်မှောင်ကုတ် နားထောင်ပြီး လိုက်မှတ်သားနေသည်။

'ဒီနေ့အတွက် တော်လောက်ပါပြီကွာ၊ ကဲ... ငါသင်ခဲ့တဲ့ စည်းမျဉ်းဥပဒေတွေက ဘာတွေလဲ ပြန်ပြော စမ်းပါဦး'
စင်တိန် က ဖိုင်တွဲကို ပိတ်ရင်း မေးလိုက်သည်။
'ပစ္စည်းတစ်ခုကို သူ့ မူရင်းတန်ဖိုးထက် ပိုရအောင် ရောင်းရမယ်'
ရှာဆာ က ပြန်ဖြေရာ စင်တိန်က ခေါင်းညိတ်ပြီး ထောင်ခံအားပေးလိုက်သည်။
'သူများတွေ ရောင်းနေတဲ့ အချိန်မှာ ကိုယ်က ၀ယ်ရမယ်၊ သူများတွေဝယ်နေတဲ့ အချိန်မှာ ကိုယ်က ရောင်း ရမယ်'
'ကောင်းတယ်၊ မှန်တယ်၊ ကဲ... တို့ ညစာစားပွဲ အတွက် အ-၀တ်အစားမလဲခင် အပြင်ထွက်ပြီး လေကောင်း လေသန့် ကလေးရှူလိုက်ရအောင်'
စင်တိန် ထိုင်ရာမှ ထလိုက်သည်။ ရထားတွဲ စင်္ကြံလမ်းထဲသို့ သားအမိနှစ်ယောက် ထွက်လာကြသည်။ ပြတင်းပေါက် မှ နေ၍ အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ စင်တိန်က ရှာဆာ ပခုံးကို လှမ်းဖက် လိုက်ရင်း ပြောလိုက်သည်။

'တို့ သတ္တုတွင်း ရောင်ယင် မင်းဒေါင်တာတွမ်တီးမင်းဂျုန်းနဲ့ မနက်ပိုင်းတွေမှာ အလုပ် လုပ်စေချင်တယ်၊ မွန်းလွဲ ညပိုင်းတွေမှာတော့ အားမှာပေါ့၊ မနက်ပိုင်း လုပ်ရုံပါပဲ၊ သတ္တုတွင်းလုပ်ငန်းအားလုံး မင်း သိရှိ တတ်ကျွမ်း ထားစေချင်တယ်၊ မင်း အတွက် မလုပ်လုပ်ခ ငါပေးမယ်'
'မလိုပါဘူး မေမေရယ်'
'နောက်ထပ် စညးမျဉ်းတစ်ခု ပြောဦးမယ်၊ ရလာတဲ့ အခွင့်အရေးကို ဘယ်တော့မှ မလွှဲဖယ်နဲ့'
သူတို့ စကားစ ပြတ်သွားကြသည်။ နေ၀င်းဟုပ်မြို့ကိုရောက်လိမ့်မယ်၊ တို့ရထားပေါ်မှာပဲ အိပ်မယ်၊ နက်ဖြန် မနက်ကျမှ သတ္တုတွင်းကို သွားမယ်၊ ဒေါက်တာ တွမ်တီးမင်ဂျုန်းနဲ့ အေဘရာဟင် အေဆရာဟမ်တို့ ငါတို့နဲ့ ညစာအတူတူ လာစားလိမ့်မယ်၊ ကဲ...ငါတို့ အ၀တ်အစားသွားလဲကြစို့'

ရှာဆာသည် ရထားတွဲရှိ သူ့အိပ်ခန်းထဲမှ မှန်အရှည်ကြီး ရှေ့တွင်ရပ်ကာ ရှပ်အင်္ကျီ လက်ရှည်အဖြူကို ၀တ် လိုက်သည်။ ထို့နောက် လည်ပင်းတွင် အနက်ရောင်လိပ်ပြာပုံ လည်စည်းကို စည်းနေရာနေသား တကျ လှလှပပ မဖြစ်ဘဲဖြစ်နေုသည်။ လိပ်ပြာပုံ လှလှလေးပေါ်အောင် လက်ရာမြောက် မလုပ်တတ် ဘဲဖြစ်နေသည်။ ရထားအရှိန်  နှေးသွားပြီး ဥသြဆွဲလိုက်သံကို ကြားလိုက်ရသည်။
ရှဆာ ပြတင်းပေါက်မှ အပြင်သို့ လှမ်းကြည့်လိုက်သည်။ သူတို့ရထားသည် တောင်ပေါ်မှ ဆင်းလားပြီး မြို့စွန်ပိုင်းသို့ ၀င်လာသည်။ လမ်းဓာတ်မီးတိုင်မှ မီးရောင်းများကို မြင်လာရသည်။ ၀င်းဟုပ်မြို့သည်၊ ကိပ်တောင်းမြို့ ၏ ဆင်ခြေဖုံးရပ်ကွက် တစ်ခု စာလောက်သာရှိသည်ကို ရှာဆာသတိပြုမိသည်။ မြို့လယ်ကောင် လမ်းတစ်ချို့ တွင်သာ မီးလင်းနေသည်။

မြို့စွန်ပိုင်းသို့ ၀င်သည်နှင့် ရထားအသွားနှုန်းမှာ လူလမ်းလျှောက်သွားသလောက်သို့ လျှော့ချလိုက်သည်။ ထင်းမီး အနံ့က ရှာဆာ့နှာခေါင်းထဲသို့ ၀င်လာသည်။ ရထားလမ်း နှစ်ဘက်ဘေး သစ်ပင်အုပ်များထဲ၌ ရွက်ထည် တဲစခန်းများကို တွေ့လိုက်သည်။ ရှာဆာသည် ပြတင်းပေါက်မှ ခေါင်းပြူပြီး ပိုမြင်အောင် ကြည့် လိုက်သည်။ တဲများနှင့်မီးပုံးများကို တွေ့ရသည်။
'ငရဲမသွားဘူး'ဟု ရေးထားသော ဆိုင်းဘုတ်ကို ရှာဆာမြင်လိုက်ုသည်။ ဘာအဓိပ္ပာယ်မှန်း ရှာဆာ မသိသဖြင့် မျက်မှောင် ကုတ်ပြီး ကြည့်လိုက်သည်။ ထိုဆိုင်းဘုတ်ဘေးတွင်ရပ်ပြီး ရထားကို လှမ်းကြည့် နေသော  လူပုံသဏ္ဍန်နှစ်ခုကို ရှာဆာတွေ့လိုက်ရသည်။

ထိုနှစ်ယောက်အနက် အရိပ်ပုသူမှာ မိန်းကလေး ဖြစ်သည်။ ခြေထောက်တွင် ဖိနပ်မရှိ။ ကိုယ်ခန္ဓာ ပါးပါး လှပ်လှပ်လေး၊ ပုံပျက်ပန်းပျက် အဆင်းအရောင်မရှိ အင်္ကျီကို ၀တ်ထားသည်။ ရှာဆာက သူမဘေးရှိ အရပ် ရှည်ရှည် ကိုယ်လုံးကိုယ်ထည် တောင့်တောင့်နှင့် လူဆီသို့ အာရုံစိုက်ကြည့်လိုက်သည်။
ရှာဆာ အံ့အားသင့်သွားပြီး တစ်ကိုယ်လုံး တောင့်ခနဲ ဖြစ်သွားသည်။ ဒေါသလည်း ထောင်းခနဲ ထ လာသည်။ အလင်းရောင် မှုန်းဝါးဝါးထဲတွင် မြင်လိုက်ရသော်လည်း သူ့ခေါင်းမှ ရွှေရောင်ဆံပင်နှင့် မျက်ခုံး ထူထူ မည်းမည်း တို့ကိုကောင်းကောင်း မှတ်မိ နေသည်။

သူတို့နှစ်ယောက် တစ်ယောက်နှင့် တစ်ယောက် ခပ်တည်တည်ဖြင့် စိုက်ကြည့်နေကြ ည်။ တစ်ယောက်က မီးထွန်း ထားသော ရထားတွဲထဲ၌ ရှပ်အင်္ကျီအဖြူ ၀တ်ထားသော ရှာဆာ။ တစ်ယောက်က လမ်းဘေး မှောင်ရိပ် ထဲ၌ ဖုံအလူးလူးကာကီအင်္ကျီ ၀တ်ထားသော မင်း ဖရက်။
ရထားက ရွေ့ရွေ့ မောင်းသွားသော အခါ သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် မမြင်ကြ ရ တော့ပေ။
' သားရေ'
စင်တိန် အသံကြားရသဖြင့် ရှာဆာသည် ပြတင်းပေါက်မှ နေ၍ သူ့အမေဘက်သို့ လှည့်ကြည့်လိုက်သည်။ စင်တိန် သည် ယနေ့ညအဖို့ နီလာ လက်ဝတ်ရတနာများကို ဆင်မြန်းထားသည်။ အပြာနုရောင်ဂါဝန်က ပေါ့ပါး လှပ နေသည်။

' မင်းအဆင်သင့် မဖြစ်သေးဘူးလားသား၊ ရထားက ဘူတာကို ၀င်တော့မယ်ကွ၊ မင်းလည်စည်း စည်း ထားတာ နေရာမကျလိုက်တာ၊ လာ မေမေပြင်တပ်ပေးမယ်'
စင်တိန်က ရှာဆာအား လည်စည်းပြင်စည်းပေးနေသည်။ ရှာဆာသည် သူ့ ရန်သူဟောင်းအား မြင်ရုံနှင့်ပင် ဒေါသ ဖြစ်ခဲ့ရသဖြင့် ဒေါသကို မနည်းမျိုသိပ်နေရသည်။
စင်တိန် တို့၏ သီးသန့် ရထားတွဲကို ဘူတာအနီးရှိ ရထားအလုပ်ရုံဘေးမှ သီးသန့်နေရာ၌ သီးခြားတွဲထိုး ပေးလိုက်သည်။ ရထားတွဲထိုးလိုက်သည့် သီးသန့် ကွန်ကရစ်ပေါ်တွင် အေဘရာဟင်အေဆရာဟမ်၏ ဖို့ဒ် မော်တော်ကား အသင့်စောင့်နေသည်ကို တွေ့ရသည်။ ရထားတွဲရပ်လိုက်သည်နှင့် အေဘရာဟင်တွဲပေါ် တက် လာသည်။ ' စင်တိန်.... ခင်ဗျားအလျင်ကထက် ပိုချောလာတယ်'

အေဘရာဟင်က ဦးစွာနှုတ်ဆက်လိုက်သည်။ စင်တိန်လက်ကလေး ကို နှုတ်ဆက်အနမ်း နမ်းပြီးမှ ပါးနှစ်ဖက် ကို နှုတ်ဆက်အနမ်း ဆက်နမ်းသည်။ သူသည် စင်တိန်အရပ်လောက် ပင်ရှိသည် သို့သော် ပေါ့ပါး ဖျတ်လတ် သွက်လက်သည်။ မျက်စိလျင်သည်။ နားရွက်နှစ် ဖက်က ထောင်နေပြီး သူတစ်ပါး မကြားတာ ကို ကြားနိုင်သည့် နားရွက်မျိုးဖြစ်သည်။
စင်တိန်သဘောကျနှစ်သက်သူများထဲ၌ သူလည်း တစ်ယောက်အပါအ၀င်ဖြစ်သည်။ စင်တိန်၏ ကြွယ်ဝချမ်းသာမှု ငွေ ၁၀ ပေါင်အောက်သို့ ကျဆင်ခဲ့ဖူးသည့် အချိန်က သူသည် ခွင့်လိုင်စင်ကို သူ၏ ရှေ့နေ ကုမ္ပဏီကမှ တာဝန်ယူလျှောက်ပေးခဲ့သည်။ ထိုအချိန်မှစ၍ သူ သည် စင်တိန်၏ကုမ္ပဏီ၏ ဥပဒေပိုင်း ဆိုင်ရာ လုပ်ငန်းများနှင့် ကိုယ်ရေးကိုယ်တာ လုပ်ငန်း များကို အစဉ်တစိုက် ဆောင်ရွက် ပေးလာခဲ့ ရသည်။ သူသည် စင်တိန်၏ ခင်မင်ရင်းနှီးသော မိတ်ဆွေဟောင်းတစ်ယောက် ဖြစ်နေပြီ ဖြစ်သည်။

' ခင်မင်ရတဲ့ အေဘီရေ.... ရာချယ်ရော နေကောင်းရဲ့လား'
စင်တိန် က သူ့လက်နက်ဖက်ကို ပြန်ဆုပ်ကိုင် ညှစ်လိုက်ပြီး နှုတ်ဆက်လိုက်သည်။
'ရာချယ် နေကောင်း ပါတယ်၊ ကလေးသိပ်ငယ်သေးလို့ လိုက်မလာနိုင်တဲ့အတွက် တောင်း ပန်ပေးပါလို့ မှာလိုက် ပါတယ်'
'ဟုတ်ကဲ့ပါရှင်'
စင်တိန်သည် သူမ၏ ရှေ့နေဘက်မှ နေ၍ တခြားတစ်ဘက်ရှိ အရပ်ရှည်ရှည်လူဆီသို့ လှည့်ကာ လက်ကမ်း ပြီး နှုတ်ဆကိုက်သည်။
'ဒေါက်တာတွမ်တီးမင်ဂျုန်း'  'မစ္စက်ကုတ်တေနေ' ထိုသူက ပြန်နှုတ်ဆက်သည်။

စင်တိန်က အချိုသာဆုံး ပြုံးပြလိုက်သည်။ စင်တိန်နှင့် ဒေါက်တာတွမ်တီးမင်းဂျုန်းတို့၏ ဆက်ဆံရေးသည် စင်တိန် နှင့် အေဘရာဟင်တို့၏ ဆက်ဆံရေးနည်းတူ ရှည်ကြာပြီ ဖြစ် သည်။ ဒေါက်တာတွမ်တီးမင်းဂျုန်း သည် ယခင်က ဒီဘီးယားစိန်ကုမ္ပဏီ၏ အတိုင်ပင်ခံ သတ္တုတွင်း အင်ဂျင်နီယာ လုပ်ခဲ့သည်။
သို့သော် ၁၉၁၉ ခုတွင် သူသည် စင်တိန်အတွက် ဟာနီသတ္တုတွင်းကို တိုင်းထွာ တွက် ချက်ကာ လုပ်ငန်းစတင်ထူထောင် ပေးခဲ့သည်။ ထို့နောက်ငါးနှစ်လုံးလုံး စင်တိန်က ကြိုး စားစည်းရုံးလိုက်မှသာ ဟာနီ သတ္တုတွင်း၌ အမြဲတမ်းဌာနေ အင်ဂျင်နီယာအဖြစ် လက်ခံ လုပ်ကိုင်လာခဲ့သည်။ သူသည် တောင်အာဖရိက တွင် အတော်ဆုံး စိန်ပညာရှင် တစ်ဦးဖြစ် ရာ၊ ကမ္ဘာတွင် အတော်ဆုံးဟုပင် မှတ်ယူ ထားရသည်။

စင်တိန်သည် သူတို့နှစ်ယောက်အား ရထားတွဲ၏ ဧည့်ခန်းထဲသို့ ခေါ်သွားပြီး အရက် ကောင်တာမှ စားပွဲထိုး အား လက်ဝှေ့ယမ်းကာ အချက်ပြလိုက်သည်။
'အေဘရာဟင် .... ရှန်ပိန်သောက်မယ် မဟုတ်လား'
စင်တိန် သည် ကလပ်ပုံဖန်ခွက် ကလေးထဲသို့ သူမကိုယ်တိုင်ငှဲ့ ထည့်လိုက်ပြီး ဒေါက်တာ တွမ်တီးမင်းဂျုန်း အား ဆက်ပြောလိုက်သည်။
'ဒေါက်တာတွမ်တီးမင်းဂျုန်း က မာဒီရာသောက်မယ်နော်'
စင်တိန် က ဖန်ခွက်နှစ်ခွက်ကို လက်နှစ်ဖက်ဖြင့် ကိုင်ယူလာစဉ် ဒေါက်တာတွမ်တီးမင်းဂျုန်း က ချီးကျူး စကား ပြောလိုက်သည်။

'ခင်ဗျား ဘယ်သူဘာကြိုက်တယ်ဆိုတာ ဘယ်တော့မှ မမေ့ဘူးနော်'
စင်တိန် က ဖန်ခွက်မြှောက်ပြီး ဆုတောင်းလိုက်သည်။
' ရှင် တို့ ကျန်းမာချမ်းသာစေဖို့ ဆုတောင်းပါတယ်'
ထိုစဉ်ကပ်င အခန်းထဲသို့ ရှာဆာ ၀င်လာသည်။ ရှာဆာက ဧည့်သည်နှစ်ဦးအား စနစ်တကျ ဟန်ပါပါ နှုတ် ဆက်သည်။ စင်တိန်က ပြုံးပြလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် စင်တိန်က အလုပ်စားပွဲ နောက် ရှိ သူမကုလားထိုင်တွင် ၀င်ထိုင်လိုက်ရာ ဧည့်သည်နှစ် ယောက်က စားပွဲရှေ့ရှိ ကုလားထိုင်၌ ၀င်ထိုင် ကြသည်။ ရှာဆာသည် ကုလားထိုင်၌ ၀င် ထိုင်သည်။
'နောက်ဆုံးတော့ ကျွန်မတို့ မှန်းထားတဲ့အတိုင်း ဖြစ်လာပြီလေ'  စင်စိန်က ပြောလိုက်သည်။

သူတို့ နှစ်ယောက် ကုလားထိုင်ကို ကျောမှီထိုင်လိုက်ပြီး တစ်ယောက်မျက်နှာ တစ်ယောက် လှမ်းကြည့် လိုက်ကြသည်။ နောက်မှ ပြန်ပြောသည်။
' ဒီလိုဖြစ်လာလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားတာ တစ်နှစ်လောက်ရှိပြီပဲ'
အေဘရာဟင် က ပြောလိုက်သည်။
' ဘယ်လောက်လျှော့ချသလဲ'
တွမ်တီးမင်းဂျုန်းက မေးသည်။

'လေးဆယ်ရာခိုင်နှုန်း လျှော့ချလိုက်တယ်ရှင့်'
စင်တိန်ကဖြေသည်။ ပုဂ္ဂလိက တစ်ဦးချင်းစိတ် ထုတ်လုပ်သူများအနေဖြင့် မည်ရွေ့မည်  မျှ ထုတ်လုပ် ရမည်ကို ဗဟိုရောင်းချရေးအဖွဲ့က ခွဲတမ်းသတ်မှတ်ပေးရသည်။ တရားဝင်မ ဟုတ်သော်လည်း ထိုအစီအစဉ် ကို မည်သူမျှ မဆန့်ကျင်ဝံ့ပေ။ လိုက်နာကြရသည်သာ ဖြစ်သည်။
'လေးဆယ်ရာနှုန်း လျှော့ချမယ်ဆိုတော့ မတရားတာပဲ'
အေဘရာဟင် က ပေါက်ကွဲထွက်လာသည်။

' အမျိုးအစားလိုက်ကော အပြောင်းအလဲရှိသလား'
စင်တိန်သည် အိတ်ထဲမှ မှတ်တုစာအုပ်ကလေးကို ကြည့်ပြီး ကမန်းကတန်း တွက်သည်။ သူမနောက်တွင် ထိုင်ပြီး ကြည့်နေသော ရှာဆာအား စင်တိန် တစ်ချက်လှမ်းကြည့်လိုက် သည်။
'ငါတို့ ဘာတွေပြောနေတယ်ဆိုတာ မင်းနားလည်သလား သား'
'ထုတ်လုပ်မှု ခွဲတမ်း အကြောင်း ပြောနေတာ မဟုတ်လား နားလည်ပါတယ်'
'နားမလည်တာ ရှိယင် မေးပေါ့ဟုတ်လား'
စင်တိန် သည် သားကို ပြောနေရာမှ ဒေါက်တာတွမ်တီးမင်းဂျုန်းဘက်သို့ ပြန်လှည့်လိုက် သည်။

'ခင်ဗျား အသနားခံသေးသလား'
တွမ်းတီးမင်းဂျုန်း၏ အမေးကို စင်တိန်က ခေါင်းခါပြီး ပြောလိုက်သည်။
'ကျွန်မအသနားခံတင်ပြ ပြီးပါပြီ သူတို့က လက်မခံဘူး ၀ယ်လိုအားတွေ ကျနေတယ်။ ထိပ် ဆုံးအဆင့် ကျောက်မျက်ရတနာ နဲ့ လက်ဝတ်ရတနာတွေ အရောင်းရ ကျနေတယ်လို့ ဒီဘီး ယားနဲ့ သူ့လူတွေက ထောက်ပြကြတယ်လေ'
ဒေါက်တာ တွမ်တီးမင်ဂျုန်းက စာရွက်တစ်ရွက်နှင့် တွက်နေသည်။

'အဲ့ဒီလို လျှော့ချထုတ်လုပ်ယင် ကျွန်မတို့ ကုန်ကျစရိတ်ကျေပြီး အမြတ်ထွက်နိုင်ပါ့ မလား'
'စရိတ်ကျေရုံလောက်တော့ရှိမယ်၊ အလုပ်သမား တချို့ ထုတ်ပစ်ရလိမ့်မယ်၊ ဒါဆိုယင် အမြတ်အစွန်း အနည်းအကျဉ်းတော့ ရနိုင်ပါသေးတယ်၊ သူတို့ သတ်မှတ်ပေးမယ့် ကြမ်းခင်းဈေးပေါ်မှာ မူတည် တယ်လေ၊ အမြတ်တနင့်တပိုး တော့ ရနိုင်တော့မှာ မဟုတ်ဘူး'
စင်တိန်အဖို့ စိတ်ပျက် အားလျော့သွားသည် ။သူမ လက်ကလေးများပင် မသိမသာ တုန်လာသဖြင့် စားပွဲပေါ်မှ နေ၍ ပေါင်ပေါ်သို့ ပြောင်းတင်ထားလိုက်သည်။ ခဏကြာမှ စကားမပြောနိုင်ဘဲ ဖြစ် သွားသည်။ အသံမတုန်စေရန် လည်ချောင်းတစ်ချက်ရှင်းလိုက်ပြီး မှ ပြောလိုက်သည်။

'မတ်လ (၁) ရက်နေ့က ထုတ်လုပ်မှုလျှော့ချရမှာ၊ ဒီတော့ ကျွန်မတို့အတွက် တစ်ကြိမ်တော့ အပြည့်အ၀ တင်ပို့ဖို့ အခွင့်အရေးရှိသေးတယ်၊ ဘာလုပ်ရမယ်ဆိုတာ ရှင် သိပါတယ် ဒေါက်တာ တွမ်တီးမင်းဂျုန်း'
'အချိုဆုံး တွေဆိုတာဘာလဲ ဒေါက်တာတွမ်တီးမင်းဂျုန်း'
ရှာဆာ က ပထမဆုံးအကြိမ် ၀င်မေးလိုက်သည်။ အင်ဂျင်နီယာကြီးက သူ့ဘက်လှည့်ပြီး ရှင်းပြသည်။

'တစ်ခါတူးလိုက်လို့ အကောင်းဆုံးစိန်တွေ အများကြီးရယင် အားလုံးမပို့ဘဲ တချို့ကို ဖယ်ပြီး ချန် ထားတယ်၊ နောက်အခါတွေတူးလို့ အမျိုးအစားညံ့တဲ့ စိန်တွေ ရတဲ့အခါမှာ အစားထိုးလဲလှယ်ပို့နိုင်ဖို့ပေါ့၊ ဒီတော့ အလျင်ကဖယ်ထားတဲ့ ထိပ်တန်းစိန်တွေကို အခုနောက်ဆုံးအကြိမ် ခွဲတမ်းအပြည့်ပို့ခွင့်ရမယ့် အခါက် မှာ စုပြုံပုံအောပြီး ပို့လိုက်တော့ မယ်လို့ ဆိုတာ'
'ကျွန်တော်နားလည်ပြီ၊ ရှင်းပြတာ ကျေးဇူးပဲ ဒေါက်တာတွမ်တီးမင်းဂျုန်း'
'ခင်ဗျား အတွက် ဆောင်ရွက်ပေးရတာ ၀မ်းမြောက်စရာပါ မာစတာရှာဆာ'
'ကဲ ကျွန်မ တို့ ညစာသွားစားကြစို့'
စင်တိန် ထိုင်ရာမှ ထ, လိုက်သည်။ စားပွဲထိုးတစ်ယောက်က ထမင်းစားခန်းတံခါးကို တွန်းဖွင့် ပေးလိုက်သည်။ ထမင်းစားပွဲ ရှည်ကြီးပေါ်တွင် ငွေဇွန်းခက်ရင်းများ၊ ဖန်ခွက်များ၊ ပန်းကန်များက ဖိတ်ဖိတ်တောက် နေသည်။ အ၀ါရောင် နှင်းဆီပန်းများကလည်း စားပွဲပေါ်တွင်ဝေဆာနေသည်။

ဆက်ရန်
.

No comments: