ဗိုလ်ချုပ်နှင့် လွတ်လပ်ရေးကောက်ကြောင်း
(၁)
အာရုံဦးက ရောင်နီဖြာ
ဗိုလ်ချုပ်အောင်ဆန်းပါ။
တို့ဗမာပြည်အမှောင်တွင်း
သူ့ခေါင်းဆောင်လို့လင်း...။
စိတ်ရင်းမှန်လို့ သစ္စာတည်
ဗိုလ်ချုပ်အာဇာနည်...။
ကျွန်တော့်သမီးငယ် ၈ တန်းကျောင်းသူသည် သူ ဘယ်အချိန်ကရထားသည် မသိရသော ကဗျာ တစ်ပုဒ်ကို အော်ဆိုနေသည်။ ကျွန်တော်ကား နားစိုက်နေမိသည်။ ကလေးများ ဗိုလ်ချုပ်အောင်ဆန်းကို မမေ့ကြသေး။ ကျွန်တော် ဝမ်းသာမိသည်။
ကျွန်တော် သတိရသေးသည်။ ကျွန်တော် ၄ တန်းကျောင်းသားအရွယ်က အမေသည် ကျွန်တော့် ညီငယ်ကို ပုခက်လွှဲရင်း သီးချင်းဆိုသိပ်ခဲ့သည့် ထိုတစ်နေ့...။
"ဗမာ့လွတ်လပ်ရေး... တွက်၊ တပ်မတော်ဖွဲ့ဖို့... ဂျပန်ပြည်မှာကွယ်။ တကယ်ပဲ အသက်နဲ့လဲလို့... ဆင်းရဲ ဒုက္ခခံကာ ကြံစည်တယ်။ သူရဲကောင်း... တဲ့၊ ဗိုလ်အောင်ဆန်းနဲ့ အာဇာနည်တွေရယ်... "
ထိုအချိန်မှစတင်၍ ဗိုလ်ချုပ်အောင်ဆန်းဆိုသည့် အသံကိုကြားရဖူးပြီး ဦးကြီး၊ ဦးလေး တို့၏ပြော စကားများ ထဲတွင် ဗိုလ်ချုပ်အောင်ဆန်းပါလာသည်။ သူ၏လုပ်ရပ်၊ သူ၏စွမ်းဆောင်မှု၊ သူ၏ကိုယ် ကျိုးစွန့်မှု အကြောင်းများ...။ တွေးနေရင်း နားထဲပြန်ဝင်လာပြန်၏။
တို့ပြည်ကောင်းအောင် သူသယ်ပိုး...
သူ့ဂုဏ်ဘယ်မညှိုး...
ရိုးသားဖြောင့်မတ် သူ့မူယာ
ငယ်ငယ်တည်းကပါ။
ဗမာပြည်သူ့ အချစ်ပန်း
ဗိုလ်ချုပ် ဦးအောင်ဆန်း...။
သမီးငယ်ကား သူ့ကဗျာကို ထပ်ကာကြော့ကာ သီဆိုနေဖြစ်သည်။ သမီးငယ်ကား ကဗျာမှတစ် ဆင့် ဗိုလ်ချုပ် ကိုသိသည်။ ကျွန်တော်ကား သီချင်းမှတစ်ဆင့် ဗိုလ်ချုပ်ကိုသိရသည်။ သူ့အသိနှင့် သူ့ဖခင်ဖြစ်သူ ကျွန်တော့် အသိကား... ကာလခြားခဲ့ပြီ။ ဗိုလ်ချုပ်အကြောင်း ကျွန်တော် နောက် တစ်ခါ သိရပုံမှာ ကျွန်တော် ၏ ပထမဆုံး စာပေဆရာမ(ဒေါ်)စိန်စိန် (သာယာဝတီ)နှင့် ဆုံစဉ်ကပင် ဖြစ်သည်။ စာရူးပေရူး ဘဝ ကဗျာမှ ကဗျာသဲသဲမဲမဲ အစွဲကြီးနေသောကာလ။ ထိုအဦးအစလေးကို လည်း မမေ့နိုင်။
(၂)
"ဆွေးတသက်သက် ယူပွေကာ နှမြောပုံ မပြနိုင်ဘူး။
သွေးပွက်ပွက်ဆူဝေကာ ဇောအဟုန်ကြွပါလို့၊
ပြောမကုန်ကြအောင်ပ၊ ဆိုးလှတဲ့ ရာဇဝင်အခြေ၊
(အိုးကွယ်) ဒေါသူပုန်ထပါလို့ အငြိုးကဖြင့်
ကမ္ဘာတွင်မကျေ။"
ကျွန်တော်ကား အသံနေအသံထားဖြင့် လေးချိုးကဗျာကြီးကို ဟန်ကျပန်ကျ ဖတ်နေမိသည်။ ဆရာမစိန်စိန်၏အစ်မများဖြစ်ကြသည့် မမသန်း၊ မမအုန်းတို့ပါ ကျွန်တော် ကဗျာဖတ်ရာတွင် ညီ အစ်မ ၃ ဦး အာရုံစိုက် နေကြသည်။ ကျွန်တော်က ခဏရပ်ကာ ကဗျာနာသူတွေကို တစ်ချက်ကြည့် လိုက်၏။ ဆက်ဖတ်ပါဟု လက်ဟန်ပြကြသည်။ သူတို့ စိတ်ဝင်စားမှန်သိ၍ ကျွန်တော် ချောင်းတစ် ချက်ရှင်းကာ ဆက် ဖတ်မိ၏။
"သြော်... မြန်မာ့လက်မှာ အာဏာမနှင်းချင်လို့၊
အဓမ္မဖျက်ကာ မာယာနဲ့ ညှင်းကာပ၊
မသမာတဲ့ အခင်းနှော် ရှူးတိုက်လို့ပေးတာကြောင့်
ရူးမိုက်တဲ့ ခွေးသတ္တဝါတွေ သခင်ကို ပြန်ကာခဲသည်သို့
ကံကြမ္မာနဲသနော်၊ ညိုမှောင်သန်းရော့သလာ့။
ဗိုလ်အောင်ဆန်း ခေါ် မြန်မာသရဖူတစ်ပါးရယ်နဲ့...။
ကျန်သူများမှာ အစဉ်တ,ရမဲ့... သခင်မြအပြင်... "
ထိုအပိုဒ်အရောက်တွင် ကဗျာဖတ်နေသူ ကျွန်တော့်မှာအသံတိမ်ဝင်သွားသည်။ မမစိန်တို့ညီအစ်မ တွေကို ကြည့်လိုက်တော့ သူတို့လည်း စိတ်မကောင်းဟန် ခေါင်းယမ်းနေကြသည်...။
ဖြစ်ပုံမှာ၊ ကျွန်တော်က လက်ပံတန်းမြို့ အထက ၁ မှ ဟိုက်စကူးဖိုင်နယ်အောင်ကာ ရန်ကုန်တွင် တစ်ဖက် က ကျောင်းဆက်တက်ရင်း တက်ဖက်က အလုပ်လုပ်နေရသည်။ တစ်လတစ်ခါ မိဘရပ် ထံပြန်သည့်အခါ အသွား တစ်ခေါက်၊ အပြန်တစ်ခေါက် (ဒေါ်စိန်စိန်)မမစိန်တို့ အိမ်ဝင်တည်းကာ စာကြောင်းပေကြောင်း တစ်ညလုံး ထိုင်စကားပြော၊ မမစိန် စာအုပ်ဘီရိုကြီး ဖွင့်ကာဖွကာကြိုက်ရာ စာအုပ်ယူဖတ်နှင့် ရတနာပုံ ဆိုက်နေသည်။
တစ်ခါတွင်တော့ ကျွန်တော်က မမစိန်၏ပထမဆုံး စာ ပေလက်ရာအကြောင်း သိချင်သည်နှင့် မေးကြည့် မိသည်။ ထိုအခါတွင် မမစိန် တရိုတသေ သိမ်း ထားသည့် "တိုင်းရင်းသားဂျာနယ်"ကို ထုတ်ပြသည်။ ၁၉၄၇ ခုနှစ်၊ သြဂုတ်လထုတ်စာစောင်ပါ အဖွင့်ကဗျာ လေးချိုးကြီးဖြစ်သည်။ ပန်းချီပုံများဖြင့် သရုပ် ဖော်ကာ ခမ်းခမ်းနားနား ဖော်ပြထား သည်။ ရေးသူမှာ "ဂနိုင်မေ(သာယာဝတီ)"ဖြစ်သည်။ ဗိုလ်ချုပ်တို့ ကျစဉ် က ရေးခဲ့ခြင်းဖြစ်သည်။
"စိန်စိန်"ကလောင်မယူမီ အဦးအစ လက်ရာဖြစ်ကြောင်းသိရသည်။ ထိုမှစ၍ ဗိုလ်ချုပ်အောင်ဆန်း အကြောင်း အတော်အတန်သိလာရသည်။ ဂျပန်ခေတ်အကြောင်း သိလာရသည်။ မမစိန်က သူ့ ဖခင် ပြောပြ သည့် သူတို့ဖြတ်သန်းခဲ့ရသည့် ဂျပန်ခေတ်အကြောင်း ဖောက်သည်ချခဲ့သည်။
ဂျပန်တို့ ထိုစဉ်က (၁၉၄၂) မြန်မာနိုင်ငံတွင်း ဝင်ရောက်သည့် ပဓာနရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ ကို စစ်ရေး အတွက် အသုံးချရန်ဖြစ်သည်။ (အသုံးချလိုသည်မှာ တရုတ်၊ မြန်မာလမ်းမကြီးကြောင့် ဖြစ်၏။)
''တရုတ်၊ မြန်မာလမ်းမကြီး '' ကို ဗြိတိသျှအစိုးက ၁၉၃၇ ဒီဇင်ဘာလသွင် အလုပ်သမား ၃ သိန်း ခန့် လုပ်အား ကို သုံးကာ ဖောက်လုပ်ခဲ့သည်။ တရုတ်နိုင်ငံကူမင်းနှင့် မြန်မာနိုင်ငံလားရှိုးကို ဆက် သွယ် ထားသည်။ ထိုနှစ် ဇန်န၀ါရီတွင် ဖွင့်လှစ်ခဲ့သည်။ ဖွင့်ပြီး အင်္ဂလန်နှင့် အမေရိကန်တို့က တရုတ်သို့ စစ်လက်နက် ခဲယမ်း၊ စားရိက္ခာပို့နေခဲ့သည်။ ရန်ကုန်မှ လားရှိုး၊ ထိုမှ ကူမင်းသို့ ထိုလမ်း မကြီးကို အသုံး ပြုကာ ပို့နေသည်။
၁၉၃၇ ခုနှစ်မှစ၍ တရုတ်နှင့် ဂျပန်ကစစ်ဖြစ်နေသည်။ မဟာမိတ်တို့က တရုတ်မြန်မာလမ်းမကြီးမှ စစ်လက်နက်များ ပို့နေသည်ကို ဂျပန်မလိုလား၊ တရုတ်၊ မြန်မာလမ်းမကြီးပိတ်နိုင်ရန် ဂျပန်အတွက် အရေးကြီး နေသည်။ ထို့ကြောင့် ဂျပန်က ဗြတိသျှအစိုးရကိုရော မြန်မာကိုပါကပ်သည်။ မြန်မာသို့ ၁၉၃၈ ဒေါက်တာဘမော် ၀န်ကြီးချုပ်ဖြစ်စဉ် တစ်ကြိမ် ၁၉၃၉တွင် တစ်ကြိမ် အနုနည်းဖြင့် ချဉ်းကပ် ခဲ့ ကမ်းလှမ်း ခဲ့သည်။ တစ်ဖက်တွင် ဗြိတိသျှကို ချဉ်းကပ်ရာ ဗြိတိသျှအစိုးရက ထိုလမ်းမကြီးကို ၃လပိတ်ပေးခဲ့သည်။
၃ လပိတ်ပြီး ပြန်ဖွင့်သည့်အခါ ကမ္ဘာ့စစ်ရေးနှင့် နိုင်ငံရေးအခြေအနေ ပြောင်းလဲသွားသည်။ ၁၉၄၀ တွင် ပြောင်းလဲ လာသည့် ကမ္ဘာ့အခြအနေအရ ဂျပန်က အရှေ့တောင်အာရှ တစ်ခွင်လုံးနယ်ချဲ့ဖို့ ကြံစည် လာသည်။
ဗြိတိသျှက လမ်းမကြီးပြန်ဖွင့်သည့်အခါ ဂျပန်က မြန်မာနိုင်ငံအပေါ် ပိုအာရုံစိုက်လာသည်။ လမ်းမ ပိတ်ဖို့၊ ဖြတ်တောက် ဖို့ မြန်မာကူညီမှဖြစ်သည်။ ထိုအချိန်တွင် သခင်အောင်ဆန်းနှင့် သခင်လှမြိုင် က တရုတ် သွားကာ အဆက်အသွယ်မရဘဲ ''အမွိုင်''တွင် သောင်တင်နေသည်။
ဂျပန် က ဗိုလ်မှူးကြီးဆူဇူကီးကို မြန်မာနိုင်ငံသို့ လွှတ်သည်။ ၁၉၄၀ စက်တင်ဘာတွင် သခင်ကိုယ် တော်မှိုင်း၊ သခင်မြ၊တို့ဗမာအစည်းအရုံးဝင်တို့နှင့် လျှို့ဝှက်တွေ့ကာ မြန်မာကို ကူညီမည်ဟု ကတိ ပေးသည်။ ဒေါက်တာသိန်းမောင် ထံမှ ဆန်းနှင့်မြိုင်တို့၏ ဓာတ်ပုံနှင့် လိပ်စာယူကာ ဂျပန်သို့ခေါ်ရန် စီစဥ်ခဲ့သည်။
''အဲဒါ.... ရဲဘော်သုံးကျိပ် ဂျပန်သွားရတဲ့ အဦးအစပဲကောင်လေး... ''ဗိုလ်ချုပ်တို့ ပြည်တွင်းနဲ့ အဆက် အသွယ် လုပ်ပြီး၎ သုတ်ခွဲပြီး ဂျပန်ကို ပို့ရတယ်....။ အသက်ဖက်နဲ့ထုတ်ပြီး ရုပ်ဖျက်လှုပ် ရှားကြရတာ အင်္ဂလိပ် သူလျှိုတွေ မိသွားရင် အသက်စွန့်ရမှာ...... ''
ကျွန်တော် ကား သက်ပြင်းလေးချမိသည်။
(၃)
''ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်း၏သားငယ်၊ မင့်သက်လှယ်ကို
အဘယ်တရားဟောမည်နည်း......
ဆန်း၏သတ္တိ၊ ဆန်း၏သမာဓိ
ဆန်း၏ပညာ၊ ဟောစရာကား
အလွန်များ၏။
မင့်သားအရွယ်၊ သက်နှစ်ဆယ်တွင်
လူငယ်အောင်ဆန်း၊ သူ့အစွမ်းကို
ပန်းကောင်းတစ်ပွင့်၊ ပန်ဆင်တင့်သို့
မင့်သားသိစေချင်လှ၏။
ကျွန်တော်သည် ဆရာဇော်ဂျီ၏ ''သခင်အောင်ဆန်းတရား''ကဗျာကို ဖတ်ရင်း ခဏရပ်ကာ အဝေး သို့ ငေးနေမိ၏။ ဆရာမစိန်စိန်၏ ''ခရီးဆက်ကြပါစို့.... ''လေးချိုးကြီး ဖတ်စဉ်ကကဲ့သို့ ၀မ်းပမ်းတနဲ ဖြစ်နေသည်ကားမဟုတ်....။ ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကျွန်တော့်သားများ နားလည်နိုင်ရန် အဘယ် အစ ထုတ်ကာစပြောရမှန်း မသိ၍ ဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်များ၏ စွမ်းဆောင်ချက်ကားများခလှသည်။ ဗိုလ်ချုပ်ဖြတ်သန်းခဲ့ရ သည့် ကာလသည် မြန်မာနိုင်ငံ သူ့ကျွန်ဘ၀ကာလ ဖြစ်သည်။ ၁၉၃၆ ခုနှစ် အိုးဝေမဂ္ဂဇင်း အယ်ဒီ တာဘ၀မှစ၍ ဗိုလ်ချုပ် နိုင်ငံရေး နယ်ထဲ ရောက်ခဲ့သည်ဟု ယူဆမိသည်။
ဗိုလ်ချုပ်အောင်ဆန်းသည် စာပေ၀ါသနာပါသည်။ စာရေးဆရာဖြစ်ချင်သူ ဖြစ်သည်။ တိုင်းပြည် လွတ်လပ်ရေးရလျှင် နိုင်ငံရေးမှ အနားယူကာ စာရေးဆရာလုပ်မည်ဟု ကြံရွယ်ထားကြောင်းများ သိရသည်။ ဗိုလ်ချုပ်၏ အိုးဝေမဂ္ဂဇင်း အယ်ဒီတာဘ၀၊ ဂန္တလောကမဂ္ဂဇင်းတွင် အင်္ဂလိပ်ဘာသာ ဖြင့် ဗုဒ္ဓတရားတော်၊ ကျောင်းသူ ကျောင်းသားတို့ ၀တ်စားဆင်ယင်မှုအကြေင်းတို့ ရေးခဲ့သည်။ ''ကမ္ဘာ လောကကြီး ကို ကိုယ်တွေ့ပညာ ဗဟုသုတအမြင်တို့ကို ပေးသော စာသင်ကျောင်းနှင့် ဥပမာ တင်ကာ''ရေးသားထားသည့် ဗမာ့နိုင်ငံရေးအခြေအနေအထိ ရေးထားသည့် ''နိုင်ငံရေးအမျိုး မျိုးဆောင်းပါး တို့ကို ကျွန်တော်စာပေနယ်ရောက်သည့်အခါ ရှာဖွေဖတ်မိသည်။ ထိထိမိမိ ရှိလှ၏။ မြန်မာစာ အင်္ဂလိပ်စာ မညံ့ကြောင်း သိရသည်။
''အောင်ဆန်းသည် အင်္ဂလိပ်စကားကို ရေရေလည်လည်ပြောနိုင်သည်။ အင်္ဂလိပ်ပါလီမန် အမတ်ကြီး ဖြစ်သည့် အက်ဒ်မန်ဘတ်နှင့် ဒစ္စရေလီတို့၏ မိန့်ခွန်းများကို လေ့လာကာ အလွတ် နီးပါး ပင်ရ ကြောင်း '' ရေးသားချက်များ ဖတ်ရသည်။ ဗိုလ်ချုပ်အောင်ဆန်းထံ၌ အတုယူစရာ များစွာရှိသည် ဟု မှတ်ပိုက်မိ၏။
ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် အင်္ဂလိပ်လိုရေး၍ တက္ကသိုလ်နေ၀င်း မြန်မာပြန်ထားသော ''ဖက်ဆစ် တော်လှန်ရေးသမိုင်း''ကိုလည်း ဖတ်ရသည်။
ဗိုလ်ချုပ်အောင်ဆန်း သေနာပတိအဖြစ် ဆောင်ရွက်သည့် ''ဗမာ့လွတ်လပ်ရေးတပ်မတော်ကြီး သည် ဂျပန်စစ်တပ်များနှင့်အတူ ၁၉၄၂ နှစ်ဦးတွင် မြန်မာပြည်တွင်းသို့ ချီတက်ဝင်ရောက်လာခဲ့ သည်။ ဗိုချုပ်တို့ ဂျပန်တွင် လျှို့ဝှက်စွာ ပညာသင်နေရစဉ်ကပင် ဂျပန်တို့နှင့် အဆင်မပြေမှု၊ စိတ်ဝမ်း ကွဲပြားမှုများ တွေ့ကြုံခဲ့ရာ၊ ဂျပန်တပ်၊ မြန်မာပြည်တွင်းရောက်ပြီး မြန်မာတိုင်းရင်းသားတို့ အား ညှင်းပမ်း နှိပ်စက် လာသည်တွင် ဂျပန်ဖက်ဆစ်မုန်းတီးရေး၊ ဆန့်ကျင်ရေး၊ စိတ်ဓာတ်တွေ ပြင်း ထန်လာသည်။
ဗိုလ်ချုပ်တို့ ဂျပန်ကိုသွား ပညာသင်သည်မှာ အုပ်စိုးနေသည့် အင်္ဂလိပ်အစိုးရကို တိုက်ထုတ်ရန် ဖြစ်သည်။ နယ်ချဲ့ အင်္ဂလိပ်ကို တိုက်ထုတ်ပြီး ဗိုလ်ချုပ်တို့၏ ကြိုးပမ်းမှုများကြောင့် ၁၉၄၃ သြဂုတ် လ ၁၁ ရက်တွင် မြန်မာပြည် ကို လွတ်လပ်သောနိုင်ငံအဖြစ် ဂျပန်တို့ ကြေညာခဲ့သည်။ ဗိုလ်ချုပ် အောင်ဆန်းမှာ ကာကွယ်ရေး ၀န်ကြီးဖြစ်သည်။ ဂျပန်ပေးသော လွတ်လပ်ရေးနှစ်ပတ်လည် (၁၉၄၄ သြဂုတ် ၁ရက်)နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းက ဂျပန်တို့၏ လွတ်လပ်ရေးမှာ အတုအယောင်သာ ဖြစ်ကြောင်း၊ ထို့ကြောင့် ဖက်ဆစ်ဝါဒကို ဆန့််ကျင်ရမည်ဖြစ်ကြောင်း သဘောသက်ရောက်သည့် မိန့်ခွန်း တစ်ရပ် ဗြောင်ကျကျ မိန့်ကြားခဲ့သည်။
မြန်မာပြည်တွင် သာမက ဂျပန်ပြည် ဂျပန်အစိုးရပိုင်း တွင်ပါ လှုပ်ရှားတုန်သွားခဲ့သည်။ ဂျပန် ဖက်ဆစ် သည် မြန်မာပြည်တွင် ကမ်းကုန်အောင် ဆိုရွားခဲ့ သည်။
ဗိုလ်ချုပ်အောင်ဆန်း သည် ၁၉၄၃ ခုနှစ်မှစ၍ ဖက်ဆစ်ဂျပန်တို့အား တော်လှန်တိုက်ခိုက်ရေး အတွက် စည်းရုံးမှုများကို မနားမနေကြိုးပမ်းခဲ့သည်။ ၁၉၄၄ သြဂုတ်လတွင် ဖဆပလ (ဖက်ဆစ် တိုက်ဖျက်ရေး၊ ပြည်သူ့လွတ်လပ်ရေး) အဖွဲ့ချုပ်ကြီးကို စည်းရုံးတည်ထောင်မိသည်။ သိကြသည့် အတိုင်းပင် ၁၉၄၅ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းဦးစီးသည့် ဗမာ့တပ်မတော် နှင့် ပြည်သူတစ်ရပ်လုံးက ဖက်ဆစ်ဂျပန် တို့အား တစ်ခဲနက် အုံကြွတိုက်ခိုက်ကြသည်။
''ရင့်ကြွေညောင်းသည်
ရွက်ဟောင်းစွန့်ပစ်၊ ဘ၀သစ်သို့
သနစ်ပြောင်းမည်၊ ဖူးသစ်မီသည်
အနီထဲမှ ကြယ်ဖြူပွင့်....''။
ဖက်ဆစ်တော်လှန်ရေးကဗျာကို ဆရာဒဂုန်တာရာ ဖွဲ့ခဲ့သည်။ ကဗျာဖတ်ရင်း ရင်ထဲကတလှပ် လှပ် ဖြစ် လာသည်။ ဖက်ဆစ်တော်လှန်ရေး၏ ရုပ်ပုံတို့ရင်ထဲ ရုန်းကြွလာကြသည်။
ဖက်ဆစ်ဂျပန်တို့ မြန်မာပြည်တွင် (၁၉၄၂ မှ ၁၉၄၅)ထိ ၃နှစ်မျှ အုပ်စိုးခဲသည်။ အမျိုးဘာသာ၊ သာသနာကို စော်ကားချင်တိုင်းစော်ကားခဲ့သည်။ ထို ၃ နှစ်ကား တကယ့်သုံးနှစ်ဖြစ်၏။ ဂျပန်ခေတ် ခံစားမှုကို ''ထိုသုံးနှစ်''ဟု စာရေးဆရာ မန်းတင်က စာအုပ်ရေးခဲ့သည်။ တောင်သူလယ်သမားတို့ ဖိနှိပ်ချယ်လှယ်ခံရပုံကို ဆရာမောင်ထင်၏ ''ငဘ''တွင် ဖတ်ရသည်။ ချွေးတပ်စခန်းခံစားရပုံကို ဆရာလင်းယုန်သစ်လွန်က ''ကိုယ်တွေ့ချွေးတပ်မှတ်တမ်း''တွင် ဖွင့်ချခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ရဲဘော်သုံးကျိပ်အပါအ၀င် ဗမာ့လွတ်လပ်ရေးတပ်မတော် နှင့် ပြည်သူ တို့သည် ဖက်ဆစ်ဂျပန်ကို မြန်မာ့မြေပေါ်မှ မောင်းထုတ်နိုင်သည်။
ဂျပန်တော်လှန်ရေးအပြီး ၁၉၄၅ ခုနှစ် မေလ ၃ရက်နေ့တွင် အင်္ဂလိပ်တပ် ရန်ကုန်သို့ ပြန်ဝင်လာ ဖြစ်သည်။ ဗြိတိသျှအစိုးရက ၁၉၄၅ ခု မေ ၁၇ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ အုပ်ချုပ်ရေးမူဝါဒ သဘောတရား ကြေငြာချက် (စက္ကူဖြူစာတမ်း) ကို ထုတ်ပြန်ကာ မြန်မာနိုင်ငံကို ဆက်အုပ်ချုပ်ခဲ့ ပြန်သည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် မြန်မာ့ခေါင်းဆောင်များ လွတ်လပ်ရေးလုပ်ငန်းစဉ်းများ ဆက်လက်ချမှတ် ဆောင်ရွက် ကာ ၁၉၄၅ ခုနှစ် သြဂုတ်လ ၁၂ တွင် စည်းဝေးခဲ့သည်။ ကန်တော်ကြီးစောင်ရှိ နေသူရိန် ရုံကြီး တွင် ကျင်းပခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်း၏ သက်တမ်းတစ်လျှောက်ပြန်ကြည့်လျှင် နားနေရသည်ဟုမရှိ။ မြန်မာနိုင်ငံ သူ့ကျွန် ဘ၀က လွတ်မြောက်ကြိုးပမ်းမှုများနှင့်သာ ပြည့်နှက်နေသည်။
ကျွန်တော် သည် အတန်ကြာ ငေးမောတွေးတောနေရာမှ ဆရာဇောဂျီ၏ကဗျာကို ဆက်ဖတ်မိပြန် သည်။
''သူ့အစွမ်းကား အခြားမဟုတ်
အအုပ်ချုပ်ခံ၊ မျိုးခြားဒဏ်မှ
မြန်မာလွတ်လမ်း၊ ခရီးကြမ်းဝယ်
ဗန်းပြအလှ၊ ပကာသနကို
ပြာကျလောင်မြိုက်၊ သူမီးတိုက်၏
ခေတ်လိုက်ခါညီ၊ ခေတ်မှီပညာ
ကြုံရာဘ၀၊ မုတလုံလောက်
ခံမြို့ဆောက်၏။
ထို့နောက်တစ်ဆင့်၊ မိုးထိလွင့်အောင်
ရိုးကျင့်မြင့်ကြံ၊ သူ့အလံတည့်
ပျံတလူလူ၊ သူထူခဲ့ကြောင်း....
ခေါင်းဆောင်သဘော....
မင့်သားချောကို
ပြောလိုက်ပါဘိ ဟောပါဘိ....။
ဇော်ဂျီ
၁၅၊ ၇၊ ၁၉၆၆
ကျွန်တော်သည် ဆရာဇော်ဂျီ၏ ကဗျာကိုဖတ်ကာ သက်ပြင်ရှိုက်လိုက်မိပြန်သည်။ သမီးငယ်အား ..
''တို့မြန်မာပြည်.... အမှောင်တွင်း.... သူခေါင်းဆောင်လို့လင်း.... ''ဟု သူ့ကဗျာကို ဆက်ဆိုနေ လေသည်။
ဆက်ရန်
.
No comments:
Post a Comment