လိုသာ သည် လားမှကြိုးကိုဖြုတ်ပြီး လားကိုပြန်လွှတ်လိုက်သည်။ လားနှစ်ကောင်သည် သူ့သခင် အိမ်ဘက် ဆီ သို့ ဦးတည်ကာ ကဆုန်စိုင်းပြေးတော့သည်။
လိုသာ တို့ အဖွဲ့သားများသည် တစ်ယောက်လျှင် မြင်းတစ်ကောင်စီ တက်စီးပြီး အပိုမြင်းသုံးကောင်ကို နောက်မှ ဆွဲကာ ကျောက်ဂူလျှို့ဝှက်စခန်းသို့ ဦးတည်ပြန်သွားကြသည်။ နံနက်အရုဏ်တက်ချိန်၌ သူတို့ ခေတ္တရပ်နားကြသည်။ လိုသာက သူတို့ခိုးလာသော မြင်းတစ်ကောင်ကို စေ့စေ့စပ်စပ်စစ်ဆေးသည်။ ဒဏ်ရာ ရထားသော မြင်းနှစ်ကောင်ကို လွှတ်ပေးလိုက်သည်။ ကျန်မြင်းများမှာ မြင်းကောင်းချည်းဖြစ်နေ သည်။ လိုတာထက်ပိုနေ၍ လိုသလောက် စိတ်ကြိုက်ရွေးရန်ပင်ခက်နေသည်။
သူတို့မြင်းများ ရွေးချယ်နေစဉ်မှာပင် ပစ်ဂျွန် သတိရလာသည်။ မြေပေါ်တွင် ပုံလဲနေရာမှ အားအင် ချည့်နဲ့ စွာ ထိုင်လိုက်သည်။ ပြီးတော့ အန်လိုက်သည်။
" မင်းနဲ့ငါ စာရင်းရှင်းစရာရှိတယ်၊ ပြီးတော့မှ ရှင်းမယ်"
လိုသာက ပစ်ဂျွန်အား အသံမာမာဖြင့် ပြောလိုက်ပြီး ဟင်းဒရစ်ဘက်လှည့်ကာ အလုပ်ကိစ္စ တိုင်ပင် လိုက်ပြန် သည်။
" တို့ ဒီမြင်းတွေအားလုံးယူသွားမယ်၊ သဲကန္တာရခရီးမှာ မြင်းတချို့ဆုံးရှုံးမှာတော့ သေချာတယ်၊ ကဲ သွား ကြ စို့"
မွန်းမတည့်မီကလေးတွင် ကျောက်ဂူသို့သူတို့ပြန်ရောက်ကြသည်။ ခစလေးပင်နားပြီး မြင်းအားလုံးတွင် ကုန်းနှီး များ၊ ပစ္စည်းပစ္စယများတင်သည်။ ထို့နောက် မြင်းများကို တောင်ခြေသို့ခေါ်လာပြီး ရေအ၀ တိုက်သည်။
" ကျွန်တော်တို့က အချိန်ဘယ်လောက်လက်ဦးမှုရသလဲ"
ဟင်းဒရစ်က မေးလာသည်။
" ဟိုစခန်း က လူမည်းစစ်သားတွေဟာ သူတို့ရဲ့ လူဖြူအရာရှိတွေရောက်မလာစေချင်း ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး၊ လူဖြူအရာရှိတွေပြန်ရောက်လာဖို့ကလဲ နှစ်ရက် သုံးရက်လောက် ကြာဦးမယ်၊ နောက်ပြီး ၀င်းဟုပ်မြို့ ကို ကြေးနန်းရိုက်ပြီး အမိန့်တောင်းရဦးမယ်၊ ဒီတော့ အနည်းဆုံးသုံးရက်၊ လေးရက်နဲ့ ငါးရက်ကြာ ဖို့ ပိုများတယ်"
လိုသာ က ရှင်းပြသည်။
" ကျွန်တော်တို့က သုံးရက်အတွင်း ခရီးအတော်ပေါက်ထားနိုင်တာပေါ့ "
"ဲကန္တာရ ခရီးကြမ်း ဆိုတော့ သိပ်ပြီး ခရီးတွင်လှမှာတော့ မဟုတ်ဘူး"
" ဒါဖြင့် ခရီးစကြတော့မလား "
" ခဏလေးစောင့်ဦးကွာ၊ ငါ ကိစ္စတစ်ခုရှင်းလိုက်ဦးမယ်"
လိုသာသည် မြင်းကျောပိုးအိတ်ထဲမှ သားရေမြင်းဇက်ကြိုးအပိုတစ်ချောင်းကို ထုတ်ယူလိုက်သည်။ သားရေစ တစ်ဖက်က ညာလက်ကောက်ဝတ်၌ ပတ်လိုက်ရာ ကြေးကွင်းပါသော အစတစ်ဘက်က တွဲလောင်း ကျနေသည်။ လိုသာသည် မြစ်ကမ်းပါး၌ လက်ဝါးနှစ်ဘက်တွင် မျက်နှာအပ်ပြီး ထိုင်နေသော ပစ်ဂျွန် ထံ တစ်လှမ်းချင်းတိုးသွားသည်။
လိုသာက ပစ်ဂျွန်ရှေ့၌ရပ်ပြီး ပြောလိုက်သည်။
" မင်းကို ငါအသေအချာပြောထားပြီးသားနော် "
လက်ထဲမှ မြင်းဇက်ကြိုးကို လေထဲ၌ ၀ှီခနဲ လွှဲရိုက်လိုက်သည်။
" ကျွန်တော် ဘယ်လိုမှ ငြင်းလို့မရလို့ပါဆရာ "
လိုသာ၏ ရိုက်ချက်များက ပစ်ဂျွန်၏ ကျောကုန်းနှင့် နံကြားတို့ကို ထိသွားသည်။ ကြေးကွင်း က ဆွဲခြစ် သွား သဖြင့် အသားတွင် စုတ်ပြဲပြီး သွေးများဖြာထွက်လာသည်။
" သူတို့က ကျွန်တော့်ကို အတင်းအဓမ္မတိုက်ကြတာ "
နောက်တစ်ချက်ရိုက်လိုက်သောအခါ ပစ်ဂျွန် ပစ်လဲသွားသည်။ တအားအော်ဟစ် တောင်းပန်နေသည်။ သူ့စကား များက ရှေ့နောက်မညီတော့ပေ။ လိုသာက ဆက်ရိုက်ပြန်သည်။ တစ်ကိုယ်လုံးတွင် ခြင်္သေ့ကုတ် ခြစ်ထားသလား ထင်ရသည်။ သူအအော်ရပ်သွားမှ လိုသာလည်း အရိုက်ရပ်သွားသည်။ မြင်းဇက်ကြိုးမှ သွေး များကို သုတ်ပြီး ပြန်သိမ်းလိုက်သည်။
ဟင်းဒရစ်က ကျန်လူများအား ပြောလိုက်သည်။
" ဒါ နမူနာဘဲ၊ ကြည့်ထားကြ၊ ပြောတဲ့အတိုင်း မလုပ်ရင် ဒီလိုခံရမှာပဲ၊ ကျွန်တော် သူ့ကို ရှင်းလိုက် ရမလား ဆရာ"
" ဟင့်အင်း ... မရှင်းနဲ့၊ သူ့ဖိုမြင်းတစ်ကောင် ချန်ထားခဲ့၊ သူသတိရလာရင် တို့နောက်လိုက်ချင်လဲ လိုက်လာ လိမ့်မယ်၊ သူ့ရွာသူ ပြန်ချင်လဲပြန်လိမ့်မယ်၊ ကဲ ... တို့အားလုံးသွားကြစို့ "
သူတို့အားလုံး မြင်းကိုယ်စီလက်နက်ကိုယ်စီဖြင့် ခရီးစထွက်လာသည်။ သူတို့စိတ်ထဲ၌ ဘိုဝါးစစ်ပွဲတန်းက တိုက်ပွဲ ၀င်နေသလို ခံစားနေမိသည်။ ကာလာဟာရီ တောနက်ကြီးရှိရာ အရှေ့မြောက်ဘက်သို့ သူတို့ ဦးတည် သွားကြသည်။
ထိုညက သူတို့စခန်းချအိပ်နေကြစဉ် ပစ်ဂျွန်မြင်းတစ်စီးဖြင့် ရောက်လာသည်။
လိုသာက သူနှင့်မျက်နှာချင်းဆိုင် မီးပုံတစ်ဘက်ဘေး၌ အိပ်ခိုင်းလိုက်သည်။ ပစ်ဂျွန် သွား ၃၂ ချောင်း ပေါ် အောင် ပြုံးလိုက်သည်။
နောက်တစ်နေ့အရုဏ်တက်ချိန်တွင် သူတို့ခရီးဆက်ကြသည်။
ကျယ်ပြန့်ခြောက်သွေ့၍ ပူလောင်လှသော သဲကန္တာရခရီး။
-------
ဟာနီသတ္တုတွင်းသို့ သွားသောလမ်းသည် အနောက်တောင် အာဖရိကတွင်အဆိုးဆုံး၊ အကြမ်းဆုံး လမ်းတစ်ခုဖြစ်သည်။ သို့သော် သဲကန္တာရအတွင်း ဖြတ်ဖောက်ထားသော မိုင်ပေါင်းရာချီရှည်လျားသည့် လမ်း ကို အချောခင်းရန်နှင့် မြစ်ကူးတံတားများ၊ တောင်ဖြတ်လမ်းများ ဖောက်လုပ်ရန်တို့မှာ ငွေကြေး မတန် တဆကုန်မည်ဖြစ်၍ စင်တိန်လက်လျှော့ပြီးသည်အတိုင်းထားနေရသည်။
သတ္တုတွင်း နှင့် ၀င်းဟုပ်မြို့ကို ကြေးနန်းရိုက်သော ကြေးနန်းတိုင်များ သွယ်တန်းရသည်ကပင် ကုန်ကျစရိတ် အတော်များပြားကြီးမားခဲ့သည်။ တစ်မိုင်လျှင် ပေါင်စတာလင် ငွေ ၅၀ ကုန်မည်မှန်းခဲ့သော် လည်း တကယ်တမ်း ပြုလုပ်သောအခါ တစ်မိုင်လျှင်ပေါင်စတာလင်ငွေ ၁၀၀ ကျော်ကုန်ခဲ့သည်။ ထိုထက် ဆိုးသည်မှာ ထိုကြေးနန်းတိုင်များနှင့် ကြေးနန်းကြိုးများသည် ကာလာဟာရီတောကြီး၏ သဘာဝအလှကို ဖျက်ဆီး သလိုဖြစ်သွားသည်။
စင်တိန် သည် မိမိနေခဲ့ရသော ကာလာဟာရီတောကြီး၏ သဘာဝအလှကို တန်ဖိုးထားသူဖြစ်သည်။ အလှ ပျက်မှာ စိုးသည်၊ အကျည်းတန်မှာစိုးသည်။
စင်တိန်နှင့်ရှာဆာတို့သည် လမ်းအတိုင်း သတ္တုတွင်းဆီသို့ ဒိန်မလာကားကြီးကို မောင်းလာနေကြသည်။ နွေရာသီ လည်းဖြစ်၊ ကားကိုယ်ထည်ကသံပြားများဖြစ်၍ အလွန်ပင်ပူအိုက်လှသည်။ သူတို့ ကိုယ်တိုင် ရထား တွဲကြီး၌ လေအေးစက် တပ်ထားသလို ကားထြ၌ လေအေးစက်လေးတပ်ထားရလျှင် ကောင်းမည်ဟု စင်တိန်အတွေးပေါက်မိသည်။
သူမအတွေးက အတိတ်သို့ ပြန်ရောက်သွားသည်။ နမစ်သဲကန္တာရတွင် အိုဝါနှင့် ဟာနီတို့နှင့် အတူ သွား ခဲ့စဉ်က အပူဒဏ်ကာကွယ်ပုံကို ပြန်သတိရပြီး ရယ်မိခြင်းဖြစ်သည်။
" ဘာတွေများ သဘောကျပြီး ရယ်နေတာလဲမေမေ "
ကားမောင်းနေသောစင်တိန်ဘေး၌ ထိုင်ပြီးလိုက်ပါလာသည့် ရှာဆာကမေးလိုက်သည်။
" ဟိုတုန်းက မင်းမမွေးခင်တုန်းက ဖြစ်ပျက်ခဲ့တဲ့အကြောင်းတစ်ခုကို တွေးမိလို့ပါကွာ "
" ကျွန်တော့် ကို ပြောပြစမ်းပါမေမေရယ်၊ ဘာများလဲပြောပြစမ်းပါ "
ရှာဆာ က ကလေးလိုပူဆာလိုက်သည်။
စင်တိန်က ရှာဆာအားအကဲခတ်လိုက်သည်။ ရှာဆာ အရိပ်သဲကန္တာရ၏အပူဒဏ်၊ ဖုန်ဒဏ် နှင့် ကားဆောင့် သည့်ဒဏ်များကို ခံနိုင်ရည်ရှိနေသည်။ သြ ... သူခံနိုင်ရည်ရှိမည်ပေါ့၊ ဤနေရာသည် သူမွေးဖွား ခဲ့သည့် နေရာပေပဲ၊ သူသည် သဲကန္တာရ ၏သားကောင်းပေပဲဟု၊ စင်တိန့်စိတ်ထဲမှ ရေရွတ် လိုက်မိပြီး ပြုံးလိုက်မိပြန် သည်။
" ပြောပါမေမေ ... ပြောပါ "
စင်တိန် က အပူဒဏ်ခံနိုင်ရေးအတွက် သဲနှင့် ကျင်ငယ်ရည်ရောပြီး ကိုယ်တွင်မံထားရပုံကိုပြောပြသည်။
" မေမေ ကျင်ငယ်ရည် နဲ့ ... ဟုတ်လား "
ရှာဆာ့ အမူအရာက အံ့အားသင့်ပုံပေါ်လွင်နေသည်။
" မင်းအံ့သြသွားသလား၊ ဒါဖြင့် ငါပြောပြမယ်၊ ငါတို့မှာ ပါလာတဲ့ငှက်ဥရေဘူးတွေထဲက ရေတွေ ကုန် သွားတော့ တို့ဘာလုပ်တယ်ထင်သလဲ၊ ပစ်ဂမီလူပုမုဆိုးကြီးအိုဝါက သူ့ရဲ အဆိပ်လူးမြားနဲ့ တောနွားရိုင်း တစ်ကောင်ကို ပစ်ဖမ်းတယ်၊ ပြီးတော့ ဗိုက်ခွဲပြီး အစာအိမ်ထုတ်ယူတယ်၊ အစာအိမ်ကိုလက်နဲ့ ညှစ်ပြီး၊ ရတဲ့အရည် တွေကိုသောက်ရတယ်၊ အဲဒီလိုလုပ်သောက်ပြီးတော့မှ ရေစုပ်တွင်းကို ရောက်အောင် သွားလို့ ရခဲ့တာ "
" တကယ်လား ... မေမေ "
" တကယ်ပေါ့သားရယ်၊ မေမေဟာ ဖြစ်နိုင်ရင် ရှန်ပိန်ပဲသောက်တယ်၊ ဒါပေမယ့် အသက်ရှင်ဖို့ လိုအပ် လာမယ်ဆိုရင် ဘာမဆိုရရာသောက်မှာပဲ "
သူမ စကားကို နားထောင်ရင်း ရှာဆာက တွေးနေသည်။
" လိုအပ်လာရင် မင်း ရရာအရည်ကို သောက်မလား၊ ဒါမှမဟုတ် အသေခံမလား "
" ရရာ ကို သောက်ရမှာပေါ့ မေမေ "
ရှာဆာ က သင်ခန်းစာတစ်ခုရသွားပြီဟု စင်တိန်စွဲမှတ်လိုက်သည်။
ဒေါက်တာ တွမ်တီးမင်းဂျုန်းသည် စင်တိန်ထက် သုံးရက်စောပြီး ၀င်းဟုပ်မြို့မှသတ္တုတွင်းသို့ ပြန်သွားနှင့် သည်။ လမ်းမှ ရပ်နားရာစခန်းများရှိ အိမ်ဖော်များအား သခင်မလေး စင်တိန် ရောက်လာတော့မည့် အကြောင်း ပြောသွားနှင့်သည်။ သို့ဖြင့် လမ်းတစ်လျှောက် လုံးနားနေစခန်း များသို့ စင်တိန် ရောက်လာသော အခါ အားလုံး အဆင်သင့်ဖြစ်နေသည်။
နောက်ဆုံးနားနေစခန်းကို ကျော်ပြီးလာသောအခါ စင်တိန်က ရှာဆာအားကား တစ်လှည့် မောင်းခိုင်း လာသည်။
နေအတော်ပင်မြင့်လာသည်။
" ဒီနေရာမှာ ကားရပ်လိုက်စမ်းသား "
စင်တိန်က ရုတ်တရက်အမိန့်ပေးလိုက်ရာ ရှာဆာကားကို ရပ်ပေးလိုက်သည်။ စင်တိန်က ကားပေါ်မှ ဆင်းပြီး ကားအမိုးပေါ်တက်လိုက်သဖြင့် ရှာဆာလည်း နောက်မှတက်လိုက်သွားသည်။ မျက်နှာမူရာ ဘက် သို့ လှည့် ကြည့်လိုက်ကြည်။ ရှာဆာက ဘာရယ်မှန်းမသိ ဇဝေဇ၀ါဖြစ်နေသည်။
" ဘာလဲ ... မေမေ "
" မင်း ဟိုမှာမမြင်ဘူးလား၊ ဟိုးအဝေးမိုးကုပ်စက်ဝိုင်းနားမှာလေ "
ဟိုအဝေးမိုးကုပ်စက်ဝိုင်း၌ တိမ်များထဲတွင် မှိုင်းပျပျအရိပ်ကို ရှာဆာတွေ့ရသည်။
" ကောင်းကင်က တိမ်တွေထဲမှာ တောင်ကြီးလွင့်မျောနေတာ မတွေ့ဘူးလား၊ အဲဒါ အားလုံးသော ဘ၀ များ နေရာလို့ခေါ်တယ် "
စင်တိန်က ထိုတောင်တန်းအား ပစ်ဂမီလူပုကလေးများအခေါ်အဝေါ်အတိုင်း ရှာဆာအား ပြောပြ လိုက် သည်။
စင်တိန်တို့ သားအမိဆက်လက်၍ ကားမောင်းသွားကြသည်။ တောင်ကြီးကို ၀ိုးတ၀ါးမှ တဖြည်းဖြည်းထင် ထင် ရှားရှား မြင်လာရသည်။ တောင်အောက်ဘက်တစ်နေရာ၌ ဟာနီသတ္တုတွင်း အဆောက်အအုံ များ ကိုလည်း လှမ်းမြင်ရသည်။
သတ္တုတွင်း အုပ်ချုပ်ရေးရုံးရှေ့၌ ဖုန်အလိမ်းလိမ်း ကပ်နေသော ဒိန်မလာကားကြီးကို ထိုးရပ်လိုက်ပြီး သူတို့ နှစ်ယောက် ဆင်းလိုက်သောအခါ ဒေါက်တာတွမ်တီးမင်းဂျုန်းက အသင့်စောင့်ကြိုနေသည်။
" ခရီးပန်း လာတယ်မဟုတ်လား မစ္စက်ကုတ်နေ၊ ခင်ဗျားကိုယ်လက်သန့်စင်ပြီး ခေတ္တနားဦးမလား "
တွမ်တီးမင်းဂျုန်း က မေးလိုက်သည်။
" အလုပ်ကိစ္စ က ပိုအရေးကြီးပါတယ်၊ ကဲ ... အ လုပ်ကိုပဲ အလျင်စလုပ်ကြတာပေါ့ "
စင်တိန်က အဆောက်အအုံဝရန်တာအတိုင်း သူမ၏ အလုပ်ရုံးခန်းဆီသို့ လျှောက်သွားသည်။ ရှာဆာနှင့် တွမ်တီးမင်းဂျုန်း တို့က နောက်မှလိုက်သွားသည်။
စင်တိန် က သူမအလုပ်စားပွဲ၌ ၀င်ထိုင်ရင်း ရှာဆာအားအမိန့်ပေးလိုက်သည်။
" ငါ့ဘေးမှာ ထိုင်နေ "
သူတို့ပ်ငန်းအစီရင်ခံစာများကို စတင်ဖတ်ရှုပြီး တန်ဖိုးတွက်အစီအစဉ်များကို လုပ်ကိုင်ကြသည်။ ကိန်းဂဏန်းများကို တွက်ချက်ပြေဆိုနေရာ ရှာဆာ အတော်ပင် ကြိုးစားနားထောင်နေရသည်။ သူ့မိခင် သည် စောစောက လမ်း၌ မိန်းကလေးငယ်တစ်ဦးသဖွယ် မြူးမြူးရွှင်ရွှင်ရှိခဲ့ရာမှ ယခုတော့ တစ်မုဟုတ်ချင်း ပင် တည်တည်ခန့်ခန့်နှင့် အလုပ်ထဲ၌ စိတ်ရောကိုယ်ပါ မြှုပ်နှံပြောင်းလဲသွားသည်ကို အံ့သြေ နမိသည်။
" ရှာဆာ ... စိန်တစ်လုံးမှာ ပျမ်းမျှ ၂၃ ကာရက်ရှိရင် တစ်ကာရက်မှာ ကုန်ကျစရိတ်တန်ဖိုး ဘယ်လောက် ရှိမလဲ "
စင်တိန်က ရုတ်တရက် မေးလိုက်ရာ ရှာဆာမဖြေနိုင်ဘဲ ဖြစ်နေသည်။ ထို့ကြောင့် စင်တိန်က ရှာဆာအား မျက်မှောက် ကြုတ်ကြည့်ပြီး ပြောလိုက်သည်။
" ဒါ စိတ်ကူးယဉ် အိပ်မက်မက်နေရမယ့်အချိန် မဟုတ်ဘူး "
ထို့နောက် တွမ်တီးမင်းဂျုန်းဘက်လှည့်ပြီး ပြောလိုက်ပြန်သည်။
" ကောင်းပြီလေ ... ဒေါက်တာတွမ်တီးမင်းဂျုန်း၊ အခုကျွန်မတို့ စဉ်းစားရမှာက ထုတ်လုပ်မှုခွဲတမ်းကို သူတို့ သတ်မှတ်သလို လျှော့ချထုတ်လုပ်ရမှာပဲ၊ အဲဒီလို လျှော့ထုတ်တဲ့တိုင်အောင် ကျွန်မတို့ လုပ်ငန်း လည်ပတ် နေဖို့နဲ့ အမြတ်ရနေဖို့အတွက် ဘယ်လိုလုပ်ရမယ်ဆိုတာ စဉ်းစားရမှာပဲ "
နေ၀င်ရီသရောအချိန်လောက်တွင် စင်တိန်သည် အလုပ်ကိုရပ်ပြီး ထိုင်ရာမှထလိုက်သည်။
" ကဲ ... နက်ဖြန်ကျရင် လုပ်ငန်းတွေစကြတာပေါ့ "
စင်တိန်က ၀ရန်တာဘက်သို့ ထွက်သွားရာ ရှာဆာနှင့်တွမ်တီးမင်းဂျုန်းတို့က နောက်မှလိုက်သွားကြသည်။
" ကျွန်မ ရှင့်ကိုပြောထားတဲ့အတိုင်း နက်ဖြန်ကျရင် ရှာဆာရှင့်ဆီမှာစပြီး အလုပ်ဆင်းလိမ့်မယ်၊ သတ္တုတွင်းကတူးပြီးတဲ့ ပစ္စည်းတွေအပေါ်ကို စက်သီးတွေကရိန်းတွေနဲ့ ဆွဲတင်တဲ့ဌာနမှာ စလုပ်ရင် ကောင်းမယ် ထင်တယ် စင်တိန်က ဒေါက်တာတွမ်တီးမင်းဂျုန်းအား လှမ်းပြောလိုက်သည်။
" ဟုတ်တယ်၊ ကျွန်တော်လဲ အဲဒီနေရာမှစပြီး လုပ်ဖို့အကြံပေးမလို့ "
" ကျွန်တော်ဘယ်အချိန် လာခဲ့ရမလဲ "
ရှာဆာက ၀င်မေးလိုက်သည်။
" အလုပ်ဆိုင်းကတော့ မနက် ၅ နာရီမှာစတာပဲ၊ ဒါပေမယ့် မာစတာရှာဆာ နောက်ကျပြီးလာရင်လဲ ရပါတယ် "
" ကိစ္စမရှိပါဘူး၊ မနက် ၄ နာရီခွဲ ဂိတ်ဝအရောက် ကျွန်တော်လာခဲ့ပါ့မယ် "
ရှာဆာ အဖြေကို စင်တိန်သဘောကျသွားသည်။
" ကဲ ဒါဖြင့်လာသွားကြစို့၊ အလုပ်စောစော ဆင်းရမှာဆိုတော့ စောစောအိပ်ဖို့လိုမယ် "
စင်တိန်သည် ဒိန်မလာကားကြီးကို သူမရုံးရှေ့မှနေ၍ သွတ်မိုးတစ်ထပ်အိမ်ပုလေးများရှိသော ရိပ်သာ ဘက်သို့ ဦးတည်မောင်းလာခဲ့သည်။ ထိုအိမ်ကလေးများသည် လူဖြူအရာရှိများ၊ အလုပ်ကြပ်များနှင့် လက်မှုပညာ သည်များနေသော နေရာဖြစ်သည်။ လူမည်းအလုပ်သမားများကိုမူ မြင်းဇောင်းများလို တန်းလျားများတွင်ထားရှိပြီး သံဆူးကြိုးဝိုင်းပတ်ကာ အစောင့်အကြပ်များလည်း ချထားသည်။
အိမ်ပုကလေးများရှေ့မှာ ကားဖြတ်မောင်းလာရာ အစွန်ဆုံးအိမ်ရှေ့သို့ ကားအရောက်တွင် အိမ်အတက် လှေကား၌ ထိုင်နေသော မိန်းကလေးတစ်ဦးကို ရှာဆာ လှမ်းမြင်ရသည်။ သူမက ရှာဆာအား လျှာထုတ်ပြ သည်။ ရှာဆာ သူမကို နောက်ဆုံးတွေ့ခဲ့ရသည်မှာ လွန်ခဲ့သောတစ်နှစ်ခန့်ကဖြစ်သည်။ ထိုတစ်နှစ်အတွင်း သူမသည် ဖွံ့ထွားလာခဲ့ချေသည်။
သူမခြေထောက်များက ဖိနပ်မရှိဘဲ ညစ်ပတ်ပေရေနေဆဲ၊ လှိုင်းတွန့်ထနေသော သူမဆံပင်များကလည်း လေတွင်ပျံ့လွင့်နေဆဲ။ သို့သော် သူမ၏အရောင်အဆင်းလွင့်နေသော ချည်ထည်ဘလောက်စ်အင်္ကျီကမူ သူမ၏ ဖွံ့ထွားလှသော ကိုယ်ခန္ဓာအပေါ်ပိုင်းတွင် တင်းတင်းကျပ်ကျပ်လေးဖြစ်နေသည်။ သူမက ရှာဆာ အား လျှာကလေးတစ်လစ်တစ်လစ်ဖြင့် ပြုံးပြသည်။
ရှာဆာ ထိုကောင်မလေးအား ငေးကြည့်နေသည်ကို သူ့အမေ မြင်သွားသဖြင့် ရှာဆာက ကားရှေ့သို့ မျက်နှာလွှဲလိုက်သည်။
" ဒီကောင်မလေးဟာ ပျံတန်တန် နန့်တန့်တန့်ကောင်မလေး ငါတို့ အလုပ်ထုတ်ပစ်တဲ့အထဲမှာ သူ့အဖေလဲ ပါမယ်၊ ဒီကောင်မကလေးဟာ တို့ကိုရော သူ့ကိုယ်ရော ဒုက္ခမပေးခင်မှာ ရှင်းပစ်ရမှာပဲ " စင်တိန်က သူ့ကိုယ်သူ ပြောသလိုဖြင့် တတွတ်တွတ် ရေရွတ်လိုက်သည်။
မိမိနှင့် ကောင်မလေးတို့ အပြန်အလှန်ကြည့်နေကြသည်ကို မိခင်မြင်သွားသည်မှာသေချာသည်။ မိမိ၏ မိခင် သည် ဘယ်အရာကိုမှ မလွတ်တမ်းစောင့်ကြည့်နေသူဖြစ်ကြောင်း မိမိသိထားသင့်လျက် တစ်ချက် လစ်သွား ခဲ့သည်။ ယခုတော့ ကောင်မလေးကို အဝေးသို့ရှင်းပစ်တော့မည်။ တစ်စုံတစ်ရာကို ဆုံးရှုံးရမည့် ခံစားချက် မျိုး သူ့ရင်ထ၀င်လာ၍ ရှာဆာ အံ့အားသင့်သွားမိသည်။
" ကျွန်တော်တို့ အလုပ်ထုတ်ပစ်လိုက်တဲ့လူတွေ ဘာဖြစ်ကုန်ကြမလဲ မေမေ "
" သူတို့ဘာဖြစ်ကုန်ကြမယ်ဆိုတာတော့ မေမေလဲ မသိဘူး ဒီကိစ္စက တို့ပူပန်စရာ မဟုတ်ဘူးလို့ ထင်တယ် လေ၊ ဒီကမ္ဘာကြီးဟာ အကျပ်အတည်းတွေနဲ့ ပြည့်လွှမ်းနေတဲ့ကမ္ဘာကြီးပဲ၊ လူတိုင်းအဖို့ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ အကျပ်အတည်းကိုရင်ဆိုင်ကြရမှာပဲ သူတို့ကို အလုပ်ထုတ်မပစ်ရင် တို့အတွက် ဘယ်လို ဆိုးကျိုး တွေ ပေါ်ပေါက်လာမယ်ဆိုတာကို စဉ်းစားတာက ပိုကောင်းပါတယ် "
" သူတို့ကို အလုပ်မတုရင် ကျွန်တော်တို့ ငွေတွေဆုံးရှုံးမှာပေါ့ "
" ဟုတ်တယ်၊ မှန်တယ်၊ တို့အရှုံးပေါ်လာရင် သတ္တုတွင်းပိတ်ရလိမ့်မယ်၊ သတ္တုတွင်းပိတ်ရရင် လူအားလုံး အလုပ်လက်မဲ့ဖြစ်သွားမယ်၊ အခုဟာက လူတချို့ကို ထုတ်ပစ်ရတာပဲရှိမယ်၊
သတ္တုတွင်းပိတ်လိုက်ရရင် တို့လဲ သူများတွေကို ခြေဖ၀ါးလက်ဖ၀ါး ဘ၀ရောက်သွားမယ်"
ဆင်းရဲခြင်းနှင့်ငတ်မွတ်ခြင်းတို့ ရှာဆာခေါင်းထဲရုတ်ခြည်းဝင်ရောက်လာသည်။
" ဟင့်အင်း မေမေ ... ကျွန်တော် မဆင်းရဲချင်ဘူး၊ ကျွန်တော်တို့ကော ဆင်းရဲသွားနိုင်သလား မေမေ"
" ငါတို့ သတိရှိရှိနဲ့ ကြိုတင်မကာကွယ်ရင် ငါတို့လဲ အချိန်မရွေး ဆင်းရဲသွားနိုင်တယ်၊ ကြီးပွား ချမ်းသာဖို့ ဆိုတာ လုပ်ရတာ ခက်တယ်၊ ပျက်စီးဖို့ကတော့ လွယ်တယ်သား"
" ကျွန်တော်တို့ကော စီးပွားပျက်သွားနိုင်သလား မေမေ "
ရှာဆာ မျက်စိထဲ၌ သူ၏ ဇိမ်ခံရွက်လှေ၊ ပိုလိုကစားသော မြင်း၊ သူတို့၏ စံအိမ်တော်ကြီးနှင့် သစ်သီးခြံများ၊ မိတ်ဆွေအပေါင်းအသင်းများကို မြင်ယောင်လာပြီး ဆုံးရှုံးရမည်ကို ကြောက်ရွံ့လာသည်။
" လောကမှာ ဘာမှသေချာရေရာတာ မရှိဘူးသား၊ သဘာဝဆိုတာ ရုန်းကန်လှုပ်ရှားနေရတာမျိုးပဲ"
" ကျွန်တော် မဆင်းရဲချင်ဘူး မေမေ "
" မဆင်းရဲစေရပါဘူး၊ သတ္တိရှိမယ်၊ လုပ်သင့်တာကို မရွံ့မဆုတ်လုပ်မယ်ဆိုရင် မဆင်းရဲပါဘူး၊ ကြောက်ရင် လွဲ ရဲမှမင်းဖြစ်ဆိုသလိုပေါ့ "
" ဒါနဲ့ မေမေပြောတော့ ကမ္ဘာ့ ကုန်သွယ်ရောင်းဝယ်မှုကြီးတစ်ခုလုံး ရပ်ဆိုင်းသွားတော့မယ်ဆို၊ လူတွေက ကျွန်တော်တို့ရဲ့ စိန်တွေကို ရှေ့အဖို့ ၀ယ်နိုင်တော့မှာမဟုတ်ဘူးဆို "
" တစ်နေ့တော့ သံသရာတစ်ပတ် ပြန်လည် လာလိမ့်မယ်၊ မကြာခင်တစ်နေ့မှာ ပုံမှန်အတိုင်း ပြန်ဖြစ်လာလိမ့်မယ်ဆိုတာ ငါတို့ယုံကြည်လက်ခံထားရလိမ့်မယ်၊ ဥပဒေသတွေကို ကိုင်တွယ်ကျင့်သုံးရလိမ့်မယ်၊ ငါပြောထားတဲ့စီးပွားရေး ဥပဒေသတွေကို မှတ်မိသေးသလား "
စင်တိန်က မော်တော်ကားကို လမ်းကွေ့အတိုင်း ကွေ့ပြီး တောင်စောင်းပေါ်သို့တက်သွားသည်။ သတ္တုတွင်း အဆောက်အအုံများက နောက်ဘက်တွင်ကျန်ရစ်ကာ ကျောက်တောင်နှင့် ကွယ်ပျောက် သွားသည်။
" ပထမဆုံး စီးပွားရေး ဥပဒေသက ဘာလဲရှာဆာ "
" သူများတွေ ၀ယ်နေတဲ့အချိန်မှာ ရောင်းရမယ်၊ သူများတွေရောင်းနေတဲ့အချိန်မှာ ၀ယ်ရမယ် "
" မှန်တယ် ... ကဲ အခုဘာဖြစ်နေလဲ "
" လူတိုင်းက ရောင်းဖို့ကြိုးစားနေတယ် "
" ဟုတ်တယ် "
" ဒါပေမယ့် ကျွန်တော်တို့မှာ ပိုက်ဆံမရှိရင် ဘယ်လိုလုပ်ပြီး ၀ယ်နိုင်မလဲမေမေ "
စင်တိန်က ကားကိုဘေးသို့ချလိုက်ပြီး စက်သတ်လိုက်သည်၊ ထို့နောက် ရှာဆာဘက်သို့ လှည့်လိုက်ပြီး သူ့ လက်နှစ်ဖက်ကို တယုတယဆွဲကိုင်ယူကာ ပြောလိုက်သည်။
" မင်းကို ငါလူကြီးတစ်ယောက်လိုသဘောထားပြီးပြောမယ် အခုမင်းကို ငါပြောမှာက ငါတို့ရဲ့လျှို့ဝှက်ချက်၊ ငါတို့ရဲ့သီးသန့်စီးပွားရေးလုပ်ငန်းကိစ္စ၊ ဘယ်သူမှမသိဘူး၊ ဘယ်သူနဲ့မှအစုစပ်လုပ်မထားဘူး၊ မင်းအဖေကြီး လဲမသိဘူး၊ အန်လဲမသိဘူး၊ အေဘရာဟမ်လဲမသိဘူး၊ တွမ်တီးမင်းဂျုန်း လဲမသိဘူး၊ မင်းနဲ့ငါနဲ့နှစ်ယောက် တည်းသိတဲ့ တို့သားအမိရဲ့စီးပွားရေးကိစ္စ"
ရှာဆာ က သဘောပေါက်နားလည်စွာ ခေါင်းညိတ်ပြလိုက်ရာ စင်တိန်က ဆက်ပြောသည်။
" အခုတစ်ကမ္ဘာလုံးကို ရိုက်ခတ်နေတဲ့ စီးပွားပျက်ကပ်ကြီးဟာ ငါတို့အတွက်တော့ အခွင့်အရေးကောင်း တစ်ရပ်ပဲလို့ ငါစိတ်ထဲကအလိုလိုသိနေတယ်၊ ဒီလို အခွင့်ကောင်းမျိုးက လူတိုင်းရတာမဟုတ်ဘူး၊ လူတချို့ ပဲရတာ၊ ဒီအခွင့်လမ်းကောင်းပေါ်ကနေ ခေါင်းပုံဖြတ်အမြတ်ထုတ်ဖို့ ငါပြီးခဲ့တဲ့ သုံးလေးနှစ် ကတည်းက ကြိုတင်ပြင်ဆင်ထားတာ၊ ငါဘာလုပ်ထားသလဲသိသလား ... "
ရှာဆာ က ခေါင်းခါလိုက်ပြသည်။
" ဟောဒီသတ္တုတွင်းရယ်၊ ငါတို့နေတဲ့အိမ်ကြီးနဲ့ခြံဝင်းကြီးရယ်ကလွဲရင်၊ ကျန်တာအားလုံးကို ငွေအဖြစ် ပြောင်းထားတယ်၊ ဒီအပြင်ကို ငါငွေတွေအများကြီး ချေးယူထားသေးတယ်"
" ဒါကြောင့် မေမေထုတ်ချေးထားတဲ့ ငွေတွေအားလုံးကို ပြန်သိမ်းတာလား၊ ဒါကြောင့် ကျွန်တော်တို့ဝေါဗစ် ပင်လယ်ကွေ့က ငါးသေတ္တာစက်ရုံနဲ့ ငါးဖမ်းသင်္ဘောတွေဆီသွားခဲ့တာလား၊ ငွေလိုချင်လို့ လုပ်ခဲ့တာလား "
" ဟုတ်တယ် ... သား "
" ဒါဖြင့် မေမေပစ္စည်းတွဝယ်တော့မယ်ပေါ့ "
" တချို့တောင်ဝယ်ပြီးနေပြီ၊ မြေတွေနဲ့သတ္တုတွင်းတွေကို လျှော့ဈေးနဲ့ဝယ်တယ်၊ ကိပ်တောင်းမြို့က အယ် ဟင်ဘရာဇာတ်ရုံရယ်၊ ဂျိုဟန်နက်စဘတ်မြို့က အားကစားကွင်းကြီးရယ်ကိုလဲ ၀ယ်ထားတယ်၊ ဒါပေမယ့် အများဆုံး ၀ယ်ထားတာကတော့ မြေတွေပဲ၊ တစ်ဧကကိုနှစ်သျှီလင်နှုန်းနဲ့ဧကသိန်းသန်းချီပြီး ၀ယ်ထား တယ်၊ မြေဆိုတာဟာကြွယ်ဝချမ်းသာမှုအတွက် စစ်မှန်သော ပစ္စည်းပဲသား"
ရှာဆာအဖို့ စင်တိန်ပြောသည်ကို လိုက်မမီသော်လည်း အားရ၀မ်းသာ ဖြစ်နေမိသည်က အမှန် ပင်ဖြစ်သည်။
" အခု ငါရဲ့လျှို့ဝှက်ကို ငါ့သားသိပြီ၊ ငါတွက်ဆမှန်းထားတဲ့အတိုင်းမှန်ရင် ငါတို့အခုထက် နှစ်ဆ သို့မဟုတ် လေးဆပိုချမ်းသာလာမယ် "
စင်တိန်က အားပါးတရရယ်ပြီး ပြောလိုက်သည်။
" တကယ်လို့ အခြေအနေပြောင်းမသွားဘဲ စီးပွားပျက်ကပ်ကြီး ရေရှည်ဆက်ဖြစ်နေမယ်ဆိုရင်ကော၊ ဘာဖြစ် လာမလဲ မေမေ"
" ဘာမှမပူပါနဲ့ကွာ၊ တစ်နည်း မဟုတ်တစ်နည်း သူ့ဟာသူတော့ အဆင်ချောလာမှာပေါ့ "
စင်တိန်က ကားကိုစက်နိုးပြီး ကားကိုသူတို့၏ဘန်ဂလိုဆီသို့ ဆက်မောင်းသည်။ ကျယ်ပြန့်သောမြက်ခင်းပြင် အလယ်တွင်ဘန်ဂလိုက ထီးထီးမားမားရှိနေသည်။ ပြတင်းပေါက်များမှ လျှပ်စီးမီးရောင်များက ဖြာထွက်နေ သည်။ အိမ်ရှေ့ဝရန်တာတွင် အိမ်ဖော်များက စီတန်းရပ်ပြီး သူတို့သားအမိအား တလေးတစားကြိုဆိုနေသည်။
စင်တိန်က အိမ်ရှေ့လှေကားရင်း၌ကားကိုရပ်ကာ စက်သတ်လိုက်သည်။ ရှာဆာဘက်သို့လှည့်ပြီး ပြော လိုက်သည်။
" ဒီမှာရှာဆာ၊ ငါတို့ဘယ်တော့မှမဆင်းရဲဘူးသား၊ အလျင်ကထက် ပိုလို့ ပိုလို့သာချမ်းသာလာမယ်၊ အဲ့ဒီနောက်တော့ မင်းကတစ်ဆင့် ငါတို့မှာ အာဏာပါရှိလာလိမ့်မယ်၊ အများကြီးချမ်းသာမယ်၊ အာဏာလဲ အများကြီးရှိလာမယ်၊ ဒါတွေအားလုံးဖြစ်လာအောင် ငါစီစဉ်ပြီးပြီ၊ အသေအချာ ဂရုတစိုက် အသေးစိတ် စီစဉ် ပြီးပြီသား "
*********
စင်တိန်၏ စကားများသည် ဆာရှာခေါင်းထြ၌ အတွေးများအဖြစ် ဝေ့၀ဲပြည့်လျှမ်းနေသည်။ ထိုညက သူ့အဖို့ ကောင်းစွာပင်အိပ်မပျော်ဘဲ ကယောင်ချောက်ချား အိပ်မက်များပင်မက်ခဲ့သည်။
နောက်တစ်နေ့ မနက်စောစောတွင် ရှာဆာအိပ်ရာမှထပြီး သတ္တုတွင်းသို့ မြင်းစီးလာသည်၊ သူဂိတ်ဝသို့ ရောက်သော အခါ ဒေါက်တာတွမ်တီးမင်းဂျုန်း၏ ဖို့မော်တော်ကားကရောက်နှင့်နေပြီဖြစ်သည်။ ရှာဆာ သည် သတ်မှတ်ချိန်ထက်သုံးမိနစ်စောရောက်နေသဖြင့် တွမ်တီးမင်းဂျုန်းဘ၀င်ကျသွားသည်။
" သတ္တုတွင်းတူးတဲ့အောက်ထဲကို ဆင်းဖူးသလား မာစတာရှာဆာ "
" မဆင်းဖူးပါဘူး၊ မေမေကတစ်ခါမှ ဆင်းခွင့်မပြုခဲ့ဘူး "
တွမ်တီးမင်းဂျုန်းက ရှာဆာအား တွင်းအောက်ဆင်းရမည့် အ၀င်အ၀သို့ ခေါ်သွားပြီး အဆိုင်းတာဝန်ခံနှင့် မိတ်ဆက်ပေးလိုက်သည်။
" မာစတာရှာဆာဟာ ခင်ဗျားဆီမှာ အလုပ်လုပ်လိမ့်မယ်၊ တခြားအလုပ်လုပ်နေတဲ့ လူငယ်ကလေးတွေလိုပဲ သာမန်ပုံမှန်အတိုင်းဆက်ဆံပါ၊ ဒါပေမယ့် တစ်နေ့ကျရင် သူဟာ ခင်ဗျားရဲ့ ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်လာ လိမ့်မယ်"
ရှာဆာသည် တွမ်တီးမင်းဂျုန်းနှင့်အဆိုင်းတာဝန်ခံတို့ သွန်သင်ပြသခိုင်းစေသည့်အတိုင်း လိုက်လုပ်တာ ပညာယူသည်။ မွန်းတည့်ချိန်ရောက်သောအခါ တွမ်တီးမင်းဂျုန်းက ရှာဆာအား ပြောလာသည်။
" ခင်ဗျားအမေက ခင်ဗျားကို နေ့တစ်ဝက်ပဲ အလုပ်လုပ်ပါစေလို့ မှာလိုက်တယ်၊ ကဲ ကျွန်တော်အပေါ် တက်တော့မယ်၊ လိုက်ခဲ့ပေတော့ "
" ဟင့်အင်း ... ကျွန်တော် မလိုက်ချင်သေးဘူး၊ သူတို့ ကျောက်နံရံတွေမှာ အပေါက်တွေဖောက် ယမ်းတွေ သိပ်ပြီး ဖောက်ခွဲတာကြည့်ရဦးမယ် "
" ဒါတော့ ခင်ဗှားသဘောအတိုင်းပေါ့ဗျာ "
ရှာဆာက ဆက်လက်ကြည့်ရှုလေ့လာရင်း ကိုယ်တိုင်ပါဝင်လုပ်ကိုင်ပေးသည်။ ထိုနေ့ညနေခင်းတွင် ရှာဆာ သည် သူ၏မြင်းကလေးကိုစီးပြီး အလုပ်မှပြန်လာသောအခါ ရေဘုံဘိုင်၌ ရေခံနေသော အနာလီဆာ ဆိုသည့် မနေ့က၊ ယခင်ကတွေ့ခဲ့သော မိန်းမလေးနှင့်တွေ့ခဲ့သည်။ အကြည့်ချင်းဆုံသည်၊ အကြည့်ချင်း ဖလှယ်သည်။ ရင်ခုန်လှိုက်မောရသည်။
သူတကာမသိသော်လည်း သူတို့ချင်းသိကြသည်၊ မြင်ကြသည်၊ ခံစားကြရသည်။
----
(၁၁)
တစ်ပတ်ကြာသောအခါ ရှာဆာ တခြားတစ်နေရာသို့ အလုပ်ပြောင်းလုပ်ရသည်။ အလုပ်သမား ၄၀ ကိုတာ ၀န်ယူအုပ်ချုပ်ရသည်။ ထိုနေရာတွင် တာဝန်ယူလုပ်နေသော အိုဗန်ဘိုလူမည်းတာဝန်ခံလူငယ်နှင့် ရင်းနှီးရ သည်။ ထိုလူငယ်တွင် နာမည်နှစ်မျိုးရှိသည်။ သူ၏အလုပ်နာမည်မှာ မိုးဇက်ဖြစ်သည်။ သို့သော် သူ၏လူမျိုးစုနာမည်ကို အလုပ်ရှင်များမသိကြပေ။
သူသည် အသက် ၁၅ နှစ်ခန့်သာရှိသေးသည်။ သို့သော် သူ၏ဥာဏ်ပညာထက်မြက်မှုနှင့် ဦးဆောင်နိုင်မှုတို့ ကြောင့် အလုပ်ကြပ်တာဝန်ပေးခံရခြင်းဖြစ်သည်။ သူသည် အင်္ဂလိပ်စကားလည်း ပြောတတ် သည်။ အာဖရိကဖွား မျက်နှာဖြူများ၏ စကားလည်း ပြောတတ်သည်။
" ကျွန်တော်သာ မျက်နှာဖြူတစ်ယောက်ဖြစ်ခဲ့ရင် တစ်နေ့မှာ ကျွန်တော်ဟာ ဒေါက်တာတွမ်တီးမင်းဂျုန်းရဲ့ နေရာကို ရမှာပဲ၊ အခုလဲ တစ်နေ့နေ့မှာတော့ ကျွန်တော် ဒီနေရာရနိုင်ပါတယ်၊ ကျွန်တော် မရရင်လဲ ကျွန်တော့်သား၊ ဒါမှမဟုတ် ကျွန်တော့်မြေးကျရင် ရရာ မှာပေါ့ဗျာ "
သူ၏အတွေးအခေါ်များကြောင့် ရှာဆာအံ့အားသင့်သွားသည်။ သို့သော် သူတို့နှစ်ယောက် ခင်မင်ရင်းနှီး သွားကြ သည်။
ရှာဆာအလုပ်ဆင်း၍ တတိယမြောက် စနေနေ့တွင် မွန်းလွဲပိုင်း၌ မိုးဇက်၏ ဘိတ်ကြားချက်အရ သူ့အိမ်သို့ ရှာဆာ လိုက်သွားသည်။ အိမ်ရှေ့တံခါးပေါက်ဝ၌ တစ်နာရီခန့်ထိုင်ပြီး စကားပြောကြသည်။ မိုးဇက်၏ဇနီး၊ ပိန်ပိန် ပါးပါးနှင့် ရှက်တတ်သော အမျိုးသမီးက နွားနို့ဖြင့်ဧည့်ခံသည်။
ရှာဆာသည် မိုးဇက်အား အင်္ဂလိပ်စာပိုကောင်းလာအောင် ကူညီသင်ကြားပေးနေရာ ထိုနေ့က မက်ကော လေးရေးသော အင်္ဂလိန်သမိုင်းစာအုပ်ကို အသံထွက်ဖတ်စေကာ အသံမှန်အောင် သင်ကြားပေးသည်။
" ဒီစာအုပ်က သိပ်လေးတာပဲဗျ၊ ရေကောင်းရေသန့်ရ"
မိုးဇက် က ရှာဆာအား သူ့နာမည် အဓိပ္ပာယ်အတိုင်းပင်ခေါ်လိုက်သည်။
မိုဇက် သည် အခန်းထဝြင်သွားပြီး စာအုပ်ကိုဗီရိုထဲ၌ ထည့်ထားလိုက်သည်။ ထို့နောက် သတင်းစာ တစ်စောင်ကို ယူထားပြီး ရှာဆာအားလှမ်းပေးကာပြောသည်။
" အဲ့ဒါ ဖတ်ကြတာပေါ့ဗျာ "
ရှာဆာက သတင်းစာကို ဖြန့်ကြည့်လိုက်သည်။ စာရွက်မှာ အညံ့စား အ၀ါရောင်သန်းနေသော သတင်းစာ သုံး စက္ကူဖြစ်သည်။ မင်းကလည်းမကောင်း။ သတင်းစာ၏ထိပ်တွင် နာမည်ကို တိုင်းရင်းဘာသာ ဖြင့် " အမမ်လိုမိုဝါဘန်တူ"ဟု ရေးထားရာ အင်္ဂလိပ်အဓိပ္ပာယ်အားဖြင့် " လူမည်းနိုင်ငံများ၏အသံ"ဟု ရကြောင်း ရှာဆာ နားလည်သည်။ သတင်းနှင့်ဆောင်းပါးအများစုကို အင်္ဂလိပ်လို ရေးသားထားပြီး တိုင်းရင်း သားဘာသာဖြင့် အနည်းငယ်သာ ဖော်ပြထားသည်။
မိုးဇက်က သတင်းစာခေါင်းကြီးကို လက်ညိုးထိုးပြသည်။ ရှာဆာက ဖတ်ပြသင်ကြားပေးသည်။
" အာဖရိက အမျိုးသားကွန်ဂရက်ဆိုတာဘာလဲ၊ ဂျာဗာဘူးဆိုတာ ဘယ်သူလဲ" ရှာဆာက ခေါင်းကြီးထဲမှ သူမသိတာကို မိုးဇက်အားမေးလိုက်သည်။
" ဂျာဗာဘူးဆိုတာ လူမည်းအားလုံး လူမျိုးစု၏ ဘန်တူးဖခင်ကြီးပေါ့၊ အာဖရိကအမျိုးသားကွန်ဂရက်ကတော့ ကျွန်တော်တို့ကို စောင့်ရှောက်ကြီးကြပ်နေတဲ့အဖွဲ့ပြ"
" ကျွန်တော်တော့ နားမလည်ဘူး "
" ဒါဖြင့် ဒီနေရာက ကဗျာလေးကို ဖတ်ကြည့်လိုက်ပါဦး "
မိုးဇက်ပြသော ကဗျာကို ဖတ်ကြည့်ပြီးနောက် ရှာဆာက ပြောလိုက်သည်။
" ဒါ နိုင်ငံရေးကဗျာပဲ၊ လူမည်းတွေ နိုင်ငံရေးမှာမပါရဘူး မဟုတ်လား၊ နိုင်ငံရေးဆိုတာက လူဖြူတွေ လုပ်ရမယ့်ကိစ္စပဲ "
ရှာဆာက တောင်အာဖရိကမှ လူဖြူများ၏ အမြင်အတိုင်းပြောလိုက်သည်။
ရှာဆာ၏ ပေါင်ပေါ်မှ သတင်းစာကို မိုးဇက်ကလှမ်းယူသိမ်းဆည်းရင်းပြောလိုက်သည်။
" ကျွန်တော် ခင်ဗျားစာအုပ်ကိုဖတ်ပြီးရင် ပြန်ပေးပါ့မယ် "
မိုးဇက်က ရှာဆာ့မျက်လုံးကိုရှောင်လွှဲကာ အခန်းထဲဝင်သွားသည်။
*****
တနင်းလာနေ့ နံနက်တွင် ဒေါက်တာ တွမ်တီးမင်းဂျုန်းက ရှာဆာအား ဂိတ်ပေါက်ဝ၌စောင့်ကာ ပြော လာသည်။
" ခင်ဗျား ဒီဌာနမှာ လေ့လာသင့်တာတွေ လေ့လာပြီးလောက်ရောပေါ့ မာစတာရှာဆာ၊ ခင်ဗျား သတ္တုခွဲစက်၊ ကြိတ်စက်နဲ့ သန့်စင်စက်ဘက်ကို ပြောပြီး လုပ်ရလိမ့်မယ်"
တွမ်တီးမင်းဂျန်းက ရှာဆာအား နောက်ထပ်အလုပ်ဆင်းရမည့်စက်များဘက်သို့ ခေါ်သွားသည်။
" လူမည်း အလုပ်သမားတွေနဲ့ သိပ်ရင်းရင်းနှီးနှီးမနေပါနဲ့ မာစတာရှာဆာ၊ သူတို့က အခွင့်အရေးယူလာလိမ့် မယ်"
တွမ်တီးမင်းဂျုန်း စကားကြောင့် ပထမတော့ ရှာဆာအံ့အားသင့်သွားသည်။ နောက်မှ သဘောပေါက်ပြီး ရယ် လိုက်ကာပြန်ပြောသည်။
" သြော် ... ခင်ဗျားက မိုးဇက်ကို ဆိုလိုတာကိုး၊ သူကအလုပ်သမားမဟုတ်ပါဘူး၊ အလုပ်ကြီးကြပ်သူပဲ၊ ပြီး တော့ပျော်ပျော်နေတတ်တယ်၊ ထက်မြက်တယ် "
" သူကောင်းစားရေးအတွက် ထက်မြက်တာပါ၊ အဲ ... ဒီလို ထက်မြက်သူတွေဟာ အစဉ်သဖြင့် မကျေမနပ် နဲ့ပုန်ကန်ချင်သူတွေ၊ အရာရာကို ဒုက္ခပေးချင်သူတွေပဲပေါ့ဗျာ၊ ခင်ဗျား မိတ်ဆွေ မိုးဇက်ဟာဆိုရင် လူမည်း သတ္တုတွင်းအလုပ်သမားသမဂ္ဂဖွဲ့ဖို့ကြိုးစားနေတဲ့လူဗျ "
ဗော်လ်ရှီဗစ်များ၊ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များသည် ကြောက်စရာအကောင်းဆုံးသတ္တ၀ါများ၊ ယဉ်ကျေး သောလူ့အဖွဲ့အစည်းကို ဖျက်ဆီးပစ်မည့်သူများအဖြစ် ရှာဆာအား သူ့မိခင်နှင့်အဖေကြီးတို့က သွန်သင် ရိုက်သွင်းထားခံခဲ့ရသူဖြစ်သည်။ မိုးဇက်သည် ထိုလူများထဲမှာပါနေသည်ဆို၍ ရှာဆာ ထိတ်လန့် ကြောက်ရွံ့ သွားသည်။
တွမ်တီးမင်းဂျုန်း က ထပ်ပြောပြန်သည်။
" အိုင်ဒီဘီလှုပ်ရှားမှုတွေမှာ မိုးဇက်ဟာ အညှာပဲလို့ ကျွန်တော်တို့ သံသယရှိနတယ်ဗျ "
အိုင်ဒီဘီ ဆိုသည်မှာ စိန်မှောင်ခိုဝယ်ယူသော ဂိုဏ်းဖြစ်သည်။ စိန်ခိုးထုတ်သူများထံမှဝယ်ယူကာ တရားဝင် စိန်ရောင်းဝယ်မှု ကို ဖျက်ဆီးနေသောဂိုဏ်းဖြစ်သည်။ ထို့ကြောင့် မိုးဇက်အပေါ် ရှာဆာ မကျေမနပ် စိတ်များ ၀င်လာသည်။
ဒေါက်တာတွမ်တီးမင်းဂျုန်း က ဆက်ပြောသည်။
" ဒီလကုန် ကျရင် ကျွန်တော်တို့အလုပ်က ထုတ်ပစ်မယ့် လူတွေထဲမှာ ခင်ဗျားမိတ်ဆွေမိုးဇက်က ထိပ်ဆုံး က ပါနေတယ်ဗျ။ ဒီလူက အန္တရာယ်ပေးမယ့်လူ၊ ဒီတော့ သူ့ကို ရှင်းပစ်မှဖြစ်မယ် "
******
ဆက်ရန်
.

No comments:
Post a Comment