၎င်းနေ့ည နတ္တလင်းမြို့ ကျွန်ုပ်တို့စစ်စခန်းချရာ ချစ်တီးတိုက်တွင် ဗိုလ်ချုပ်နှင့် ရဲဘော်တစ်ခု စကား ထိုင် ပြောနေကြ၏။ ဗိုလ်ချုပ်သည် အခြားနိုင်ငံရေးကိစ္စ၊ တပ်မတော်၏နောင်ရေးကိစ္စအကြောင်းတွေ ပြောပြပြီး နောက်။
“နောက်တစ်ခုက ကျုပ်တို့လုပ်ငန်းတွေက သေသေချာချာပြီးမြောက်သေးတာမဟုတ်ဘူး။ ဒါကြောင့် ကိုယ့် လူထဲ က မိန်းမယူမယ်ကြံတဲ့လူတွေလည်း တစ်နှစ်လောက်တော့ အောင့်ထားဦး”ဟု ခပ်တည် တည် မှုတ် လိုက်သဖြင့် ကျွန်ုပ်တို့လူပျိုရဲဘော်တစ်ခုက ပြုံးမိကြလေသည်။
“ဘာဖြစ်လို့ လဲ ဗိုလ်ချုပ်”
ကျွန်ုပ် က မရဲတရဲ တွန့်လိုက်မိသည်။
“နိုင်ငံရေးလုပ်နေတဲ့အခါ အိမ်ထောင်ပြုတော့ သားမယားသံယောဇဉ်တွေက အတော်ရှိသားကွ၊ ရခါစ တော့ ထုံးစံအတိုင်း မိုးမမြင် လေမမြင် ပျော်သလောက် နောင်တဖြည်းဖြည်းကြာလာပြီး၊ သားသမီးတွေ ရလာတဲ့ အခါ တာဝန်ကိစ္စ တွေလည်း တဖြည်းဖြည်းများလာတတ်တယ်။ ငါဆိုရင်တောင် လူပျိုဘဝ တုန်း က ဖြစ်သလိုနေခဲ့ပေမဲ့ သားသမီးနဲ့အိမ်ထောင်နဲ့ဆိုရင်ပဲ၊ အနည်းဆုံး တွေးပူရတဲ့ သံယောဇဉ်က လေးရှိ လာတာပဲ၊ ဘာပဲဖြစ်ဖြစ်ကွာ အိမ်ထောင်နဲ့ဆိုတော့ လူပျိုဘဝလို တုံးတိုက်တိုက် ကမ်းတိုက် တိုက် သံယောဇဉ် ကင်းကင်း နဲ့ အလုပ်လုပ်လို့ မကောင်းလို့ပါပဲကွာ”
ကြည့်စမ်းပါဦး၊ ဗိုလ်ချုပ်ပါးစပ်က စီကာပတ်ကုံးထွက်လာတဲ့ စကားတွေ ဘယ်လောက်များ သဘာဝကျ ပြီး ဘယ်လောက် လူဆန်သော စကားများပေနည်း။
၁၉၄၅ ခု၊ ဒီဇင်ဘာလ။
ဗိုလ်ချုပ်သည် မဟာမိတ်သေနာပတိချုပ် မောင့်ဘက်တန်က ပေးအပ်သော စစ်ဗိုလ်တပ်မင်းကြီးရာထူး ကို လက်မခံ ဘဲ၊ ဖဆပလအဖွဲ့ချုပ်က ဥက္ကဋ္ဌအဖြစ် ဗမာ့လွတ်လပ်ရေးတပ်ဦးကို ပဲ့ကိုင်လျက်ရှိလေ သည်။
ကျွန်ုပ်တို့မှာ ဗိုလ်ချုပ်အောင်ဦးအောင်လျက်- ပြည်သူ့ရဲဘော်တပ်မတော်ကြီးကို တပင်တပန်းတည် ဆောက် နေကြဆဲဖြစ်သည်။ တစ်နေ့သော နံနက် ကျွန်ုပ် ဗိုလ်ချုပ်အိမ်သို့ရောက်သွားသည်။
“ဟေ့ကောင် မင်း ငါ့အိမ်လာနေပါလားကွ”
“မဖြစ်ဘူးထင်တယ် ဗိုလ်ချုပ်”
“ဘာဖြစ်လို့လဲ”
“ကျွန်တော် အခု မိန်းမရနေပြီ”
“ဟေ ဟုတ်လား၊ ငါလခွေး မင်းဟာက မြန်လှချေလား၊ ဘယ်တုန်းက ရလိုက်တာလဲ၊ ဒို့တောင်မသိဘူး၊ ဘယ်မှာ လက်ထပ်သလဲ”
“လက်ထပ်တာမဟုတ်ဘူး၊ ခိုးပြေးတာ”
စင်စစ် ကျွန်ုပ်မှာ မိန်းမယူသည့်အတွက် ဗိုလ်ချုပ်က ကြိမ်းမှာကြောက်နေလေသည်။ လွန်ခဲ့သော ၆ လ ကပင် နတ္တလင်းမှာတုန်းက ဗိုလ်ချုပ်သည် လူပျိုရဲဘော်တွေ မိန်းမမယူကြသေးဖို့ ပြောခဲ့၏။
“မင်းအသက် ဘယ်လောက် ရှိပလဲ”
“နှစ်ဆယ့်ခြောက်နှစ်”
“ဟာ ဒါဖြင့် အောရိုက်ပဲ၊ အမှန်ကတော့ စောစောအိမ်ထောင်ပြုတဲ့ (Early Marriage)စနစ်ဟာ ကိုယ့် မှာ အလုပ် အကိုင် အတည်တကျနဲ့ ဝင်ငွေမရှိသေးလို့ ဘိုင်ကျတာကလွဲရင် အဘက်ဘက်က ကောင်း တာချည်းပဲ။ ဒို့မြို့ကြီးပြကြီးတွေမှာသာ ဂွကျနေတာ တောအရပ်ဒေသတွေမှာဆိုရင် ရှေးစနစ်အတိုင်း စောစော စီးစီး အိမ်ထောင်ပြုကြတာချည်းပဲ။ အဲဒါသိပ်ပြီး ကျန်းမာသန့်ရှင်းပြီး အစစအရာရာ ကောင်းတဲ့ နည်းပဲကွ၊ မြို့ကလူတွေမှာသာ အင်္ဂလိပ်ပညာသင်လို့ အချိန်ကုန်ရတဲ့ထဲ အလုပ်အကိုင်နေရာကျဖို့ စောင့်ရ၊ ဟိုငဲ့ရ သည်ငဲ့ရနဲ့ အချိန်တွေ ကုန်သထက်ကုန်ပြီး လူလည်းဟိုင်းဆွေးပြီး မဟုတ်တာ ဖြစ်ချင် တဲ့ လူလည်း ဖြစ်ကုန်တော့တာပဲ။ ဒါကြောင့် ငါလည်း သိပ်ရှည်ရှည်ဝေးဝေး စဉ်းစားမနေပဲ ဇွတ်မိန်းမယူ လိုက်တာ ပဲ ဟား ဟား” ရယ်ရယ်မောမောနှင့် ဗိုလ်ချုပ်သည် အိမ်ထောင်ပြုတရားဟောနေလေသည်။
“နောက်ပြီး ငါတစ်ခုမကြိုက်တာရှိသေးတယ်၊ ဗမာ့ထုံးစံဆိုပြီး မင်္ဂလာဆောင်အခမ်းအနား အကြီးအ ကျယ် လုပ်ပြီး ငွေတွေ နင်းကန်ဖြုန်းတာဟာ အပိုပဲ၊ လက်ထပ်တယ်ဆိုရင် ဘယ်သူမှရိုးရိုးနဲ့ ကျဉ်းကျဉ်း မလုပ်ချင်ကြဘူး၊ ပိုက်ဆံဖြုန်းပြီး လက်ထပ်မှ ဟုတ်တယ်ထင်ကြတယ်၊ ဒါကြောင့် ငါတော့ ခိုးယူတာ အအေးဆုံး ပဲလို့ထင်တယ်။ ဘာမှ သိပ်မကုန်ဘဲနဲ့ လိုရင်းရောက်တာဘဲ မဟုတ်လား”
“ဒါတော့ ဟုတ်ပါတယ် ဗိုလ်ချုပ်၊ ဒါပေမဲ့ လူတွေက ဒါလောက် ခေတ်မမီသေးတော့ ခက်တာပါပဲ၊ အခု ကျွန်တော့် မိန်းကလေးအိမ်ကို လူကြီးများနဲ့ ပြန်အပ်ဖို့ စီစဉ်နေတယ်”
“ဟ ဒီပြန်အပ်တာလဲ ငါတော့ ပိုတယ်လို့ထင်တာဘဲ၊ မိန်းမနဲ့ ယောက်ျားနှစ်ဦးသဘောတူကြရင် လူသိ နတ်ကြား လင်မယား အဖြစ်နေလိုက်ရင် ပြီးရောပေါ့ကွ”ဟု ဗိုလ်ချုပ် တအားမှုတ်နေသည်ကို သူ့ချစ်ဇနီး ဒေါ်ခင်ကြည် က ပြုံးရင်းနားထောင်နေသည်။
၎င်းတစ်ကြိမ် သာ မဟုတ်၊ သူ ရေတိမ်နစ် မကျဆုံးမီကလေးတွင် ကာကွယ်ရေးအတွင်းဝန် ဦးဘတင့်၏ မင်္ဂလာဆောင် သို့ ဗိုလ်ချုပ်နှင့် ကျွန်ုပ်သွားကြရာ၊ တကယ့် ရန်ကုန်မြို့ မျက်နှာကြီး မင်္ဂလာဆောင်ဖြစ် သည့် အတိုင်း အပိုဆာဒါးတွေက အလွန်ရှုပ်ပြီး တစ်ယောက်ကိုတစ်ယောက် ဂုဏ်ပြိုင်ကာ အရမ်းဝတ် စား ဆင်ယင်လာကြသော မင်းပရိသတ်အပေါင်းကို သူအလွန် မျက်စိနောက်ဟန်ရှိလေသည်။ လက်ထပ် မင်္ဂလာပွဲ မှအပြန် ကားထဲတွင် ဗိုလ်ချုပ်နှင့် ကျွန်တော်တို့ဇနီးမောင်နှံပေါင်း ၃-ယောက်ပါလာရာ၊ တစ် လမ်းလုံး မျက်မှောင်ကုတ်၍ စကားမပြောဘဲလာခဲ့သော ဗိုလ်ချုပ်သည် တာဝါလိန်းထဲသို့ မော်တော် ကား ချိုးဝင်ကာ နီးသောအခါ
“ယောက်ျားနဲ့မိန်းမ၊ အိမ်ထောင်ပြုတဲ့နေရာမှ ခိုးယူတာ အကောင်းဆုံးပါပဲကွာ”ဟု ဗိုလ်ချုပ်က ဇနီးဖြစ် သူအား လှမ်းပြောလိုက်လေသည်။
ဤကား အိမ်ထောင်ပြုရေးနှင့်ပတ်သက်၍ ဗိုလ်ချုပ်၏အယူအဆသဘောတရား (Philosophy)ပင် တည်း။
အော် ဗိုလ်ချုပ် ဗိုလ်ချုပ် သူ့ကို အတိုင်းမသိ ကြည်ညိုအားကိုးသော ဗမာလူထုကြီးက ကောင်းကောင်း မသိ သလောက်၊ တကယ့်သဘာဝကျသော အတွေးအခေါ် ယူဆချက်များနှင့် “လူနှင့်အလွန်တူသော ဗိုလ်ချုပ်”
“လွတ်လပ်ရေးရပြီးရင် ငါတော့ နိုင်ငံရေးကထွက်ပြီး စာတွေရေးမယ်၊ နိုင်ငံရေးရာ ရာဇဝင်အပြင်၊ အိမ် ထောင်ပြုရေး၊ သားသမီးစောင့်ရှောက်ပြုပြင်ရေး၊ အချစ်ပြဿနာ၊ (sex)လိင်ပြဿနာနဲ့ပတ်သက်လို့ ငါ့ အယူအဆ သဘောထားတွေကိုပါ စာအုပ်ရေးဦးမှာပဲ”ဟု ၁၉၄၇ ခု၊ ဧပြီလက မေမြို့မှာ ခေတ္တအနား ယူ နေရင်း ပြောခဲ့သော ဗိုလ်ချုပ်သည် အထက်ပါသူ၏ရည်ရွယ်ချက်လေးတွေမှ မပြည့်သေးမီ ရေတိမ် နစ်ခဲ့ရရှာ လေပြီတကား။
ဗမာလွတ်လပ်ရေးဗိသုကာ နိုင်ငံခေါင်းဆောင်ကြီး ဗိုလ်ချုပ်အဖြစ် ဗမာနိုင်ငံလုံးက နှမြောတသကြသ လောက်။ သူ့ကို လူတစ်ယောက်အဖြစ် ကောင်းကောင်းကြီးသိခဲ့သော ဒေါ်ခင်ကြည်၊ အောင်ဆန်းဦး၊ အောင်ဆန်းလင်း၊ မမစုကလေးတို့၏စိတ်ဝယ် မည်မျှ ယူကျုံးမရဖြစ်ရှာလေမည်နည်း။
အောင်ဆန်းဦးတို့အဖေ
၁၉၄၆ ခု စက်တင်ဘာလ၊ ၂၉ ရက်နေ့ဖြစ်လေသည်။ မိုးရာသီတစ်ချိန်လုံး အုံ့မှိုင်းရီဝေနေခဲ့သော ရန်ကုန်မြို့ ၏ ကောင်းကင်သည် မိုးရိပ်တိမ်လိပ်များ ကင်းစင်လျက် ကြည်လင်တောက်ပ၍နေလေသည်။ ဗဟန်းလမ်း အတိုင်း တိရစ္ဆာန်ရုံဘေးမှ အလံပြဘုရားလမ်းဘက်သို့ တအားပြေးနေသော ဂျစ်ကားတစ် စင်း၏ နောက်ပိုင်း တွင် ကာကီစိမ်းရောင် စစ်ဝတ်ယူနီဖောင်း ဖိုသီဖတ်သီဝတ်လျက်၊ ခေါင်းတုံးဆံ ထောက်နှင့် လူရွယ်တစ်ယောက်၊ မျက်လုံးမျက်ဖန်ကောင်းကောင်းနှင့် လုံးကြီးပေါက်လှ မိန်းမတစ် ယောက် တို့ကို မြင်ရလေသည်။
လူငယ်တစ်ဦးက ဂျစ်ကားကိုမောင်းလျက်ရှိလေသည်။ တခြားလူတော့ မဟုတ် ဖဆပလအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ပြည့်သူ့ ရဲဘော် တပ်ဖွဲ့ သေနာပတိ ဗိုလ်ချုပ်အောင်ဆန်းသည် ယမန် နေ့ကပင် ဘုရင်ခံ၏အမှုဆောင် ဝန်ကြီးအဖြစ်ရောက်သွားလျက် ပူပူနွေးနွေး ကာကွယ်ရေးနှင့် နိုင်ငံခြား ရေးဝန်ကြီး ဦးအောင်ဆန်းအဖြစ် သူ၏ဇနီး ဒေါ်ခင်ကြည်နှင့်အတူ မြို့ထဲဘက်သို့ ထွက်လာခြင်းဖြစ် လေသည်။ ဂျစ်ကားမောင်းသည့် ရဲဘော်ကား စာရေးသူပင်ဖြစ်သတည်း။ တစ်လမ်းလုံး စကားတစ်ခွန်း မှ မပြောဘဲ ငေး၍သာလာခဲ့သော ဗိုလ်ချုပ် ကား အလံပြဘုရားလမ်း (အော်တိုလမ်း)တိုက်ရှေ့သို့ ရောက်လာသောအခါ ကျွန်ုပ်အားလှမ်း၍ အင်္ဂလိပ် လို ပြောလိုက်လေသည်။
(I am not happy in Office) “အစိုးရထဲဝင်ပြီး ရာထူးယူရတာ ငါတော့မပျော်ပါဘူးကွာ”
“ဘာဖြစ်လို့လဲ ဗိုလ်ချုပ်”
ဒေါ်ခင်ကြည်က ဘာမျှမပြော။ ကျွန်ုပ်က လှမ်း၍ မေးလိုက်ခြင်းဖြစ်လေသည်။
“ဘာကြောင့်မှန်းမသိဘူး။ ငါတို့ နိုင်ငံရေးလုပ်လာတာ ဗြုန်းကနဲ ဒီလိုအစိုးရအဖွဲ့ထဲရောက်လိမ့်မယ်လို့ တစ်ခါ မှ စိတ်မကူးခဲ့ဘူး။ ခုတော့ မမျှော်လင့်ဘဲ အစိုးရအဖွဲ့ဝင်ရာထူးယူလိုက်ရတော့ ငါ့စိတ်ထဲ ဘာ ကြောင့်မှန်း မသိရ၊ ပျော်ကိုမပျော်ပါဘူးကွာ”
ကျွန်ုပ်လည်း ဘာမျှပြန်မပြောတော့ဘဲ ကားကိုသာ မောင်းမြဲမောင်းနေလေသည်။ အမှန်တော့ သူ ဘာ ကြောင့် စိတ်ထဲမှာ မပျော်သလဲဟူသော မေးခွန်း၏အဖြေကို ကျွန်ုပ် သိသည်။ ကျွန်ုပ်သာမဟုတ် တစ် လမ်းလုံး ငေးလာရင်း အတွေးနယ်ကျွံနေဟန်ရှိသော ဗိုလ်ချုပ်နှင့် သူ၏ဘေးမှ ထိုင်လျက်ရှိသော ဒေါ် ခင်ကြည် သည်လည်း ၎င်းအဖြေကို သူစိတ်တွင်းမှ လှိုက်လှဲစွာသိကြသည်။
ထုတ်ဖော်မပြောကြ၍သာ၊ ၁၉၄၆ ခု စက်တင်ဘာလ ၂၂ ရက် တနင်္ဂနွေနေ့ကို အမှတ် ၂၅ တာဝါလိန်းရှိ အိမ်သူ အိမ်သားတွေ စိတ်ထဲမှာ ထာဝစဉ် သတိရနေပေလိမ့်မည်၊ အကြောင်းမူကား ထိုနေ့တွင် ဗမာတစ်နိုင်ငံလုံး တွင် အလုပ်သမားအရေး၊ သပိတ်အရေးတို့ကြောင့် ဆာပေါ်ထွန်း အစိုးရ ပြုတ်ကျ ပြီးနောက် အကင်းပါး သော ဘုရင်ခံ သစ်ဆာဟူးဗတ်ရန့်(စ်)က ဖဆပလခေါင်းဆောင်များနှင့် အပူတပြင်း စေ့စပ် ဆွေးနွေး လျက် ဗမာပြည်၏ရှေးရေးကံကြမ္မာ သတင်းကို လူတိုင်းက စိတ်ဇောကြီးစွာ နားစွင့်နေခိုက်၊ အလုပ်အ များဆုံး ခေါင်းအရှုပ်ဆုံးလူဖြစ်သော ဖဆပလအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်အောင်ဆန်း ၏ချစ်ဇနီး ဒေါ်ခင် ကြည်တွင် စတုတ္ထမြောက် ရင်နှစ်သည်းချာ သမီးရတနာ လေး တစ်ဦး မီးရှူးသန့်စင် ဖွားမြင်လေသော ကြောင့်တည်း။
ဖဆပလ အလုပ်အမှုဆောင် အစည်းအဝေးများကား၊ ထိုအချိန်က ဗိုလ်ချုပ်အိမ်မှာချည်း လုပ်လေ့ရှိ သည်။ ဗမာလူထုကြီး ၏ကိုယ်စားလှယ်အစစ်ဖြစ်သော ဖဆပလအဖွဲ့ချုပ်ကြီး၏ ဦးနှောက်ကား၊ အလုပ် အမှုဆောင် အဖွဲ့ပင်ဖြစ်ရာ၊ ဗမာလူထုနှင့် ဗမာပြည်၏ကံကြမ္မာကို ဖန်တီးနိုင်သည့် ဖဆပလအလုပ်အမှု ဆောင် အစည်းအဝေးများသည် (အထူးသဖြင့် ထိုကဲ့သို့ လူထုအုံကြွမှုဖြစ်နေစဉ်တွင်) မည်မျှအရေးကြီး ကြောင်းကို စာဖတ်သူများ တွေးကြည့်နိုင်ပေသည်။ တစ်ခါတစ်ရံ နံနက် ၉ နာရီကစသော အစည်းအ ဝေး တစ်ခုတွင် (နေ့လည်စာကို အစည်းအဝေးအခန်း၌ပင် ခေါက်ဆွဲကြော်တစ်ပန်းကန်နှင့်ပင်ပြီးရသည်) ည ၉ နာရီ၊ ၁၀ နာရီထိုးမှပင် ပြီးတတ်လေသည်။
“တံခါးအမြဲဖွင့်ထားသော” ဆာဒေါ်မန်စမစ်၏ လော ကွက်ကို အခါခါ ငြင်းပယ်ခဲ့သော ဖဆပလအဖွဲ့ကြီး အစိုးရ အဖွဲ့ ဇာတ်စင်ပေါ်တက်ကရမည့်အရေး သည် အလွန်ပင်အရေးကြီးရကား ဘုရင်ခံနှင့် စေ့စပ်ချက် များကို အထူးသတိကြီးစွာ သုံးသပ်ဝေဖန်ရ သည်မှာ ဖဆပလအဖွဲ့ခေါင်းဆောင်များအဖို့ အတော်ခေါင်းရှုပ်စရာဖြစ်နေသည်။ ဤသို့လျှင် ခေါင်းရှုပ် သောလူများ၏သဘာပတိ ဗိုလ်ချုပ်အောင်ဆန်း သည် ၎င်းတော်သလင်းလဆုတ် ၁၂ ရက် တနင်္ဂနွေနေ့ က သူ့တွင် သမီးရတနာတစ်ဦးတိုးပြန်ပြီဟူသော မင်္ဂလာသတင်းကောင်းကို ကြားရသောအခါ မည်မျှ ဝမ်းမြောက် ဝမ်းသာပီတိဖြစ်ရှာလေမည်နည်း။
သူ၏ ကလေးအကြီးဆုံး နှစ်ယောက်မှာ ယောက်ျားက လေးချည်းဖြစ်နေလျက် တတိယကလေးမှာ မိန်းကလေး ဖြစ်သည်။ ပြေးလွှားကစားဆော့တတ်သည့်အ ရွယ်ဖြစ်သော သားနှစ်ယောက်ကိုကြည့်ရင်း တစ်ခါ တစ်ခါ မျက်စိနောက်သော ဗိုလ်ချုပ်သည် သူ၏ သမီးကလေးပေါ် အချစ်တွေ ပိုမိလေသည်။ ယခုတစ်ဖန် သမီးရတနာတစ်ဦးထွန်းကားပြန်ပြီ။ များမ ကြာမီ သူရုံးကပင်ပန်းပြီး ပြန်လာတိုင်း လှေခါးထိပ် မော်တော်ကားဆိုက်ရာသို့ “ဖေဖေပြန်လာပြီ”ဟုဆို ကာ ဘဝင်အေးစရာ အပြုံးကလေးဖြင့် ဆီးကြို တတ်သော သမီးကလေးနှင့်အတူ၊ အဖော်ရမည့် သမီး ထွေးကလေးကို စိတ်ကူးယဉ်ကြည့်ရင်း ဗိုလ်ချုပ် (ဝါ) အောင်ဆန်းဦး တို့ အဖေ၊ ဦးအောင်ဆန်း ၏ စိတ် တွင် နှစ်သိမ့်ကြည်နူးသွားလေသည်။
သို့သော် ကံကြမ္မာက သူ၏မျှော်လင့်ချက်အဆောက်အအုံကို တစ်ဟုန်တည်း မုန်တိုင်းဆင်း၍ ချေမှုန်း ဖျက်ဆီးပစ်လိုက်လေသည်။ စက်တင်ဘာလ ၂၆ ရက်နေ့ (ဗိုလ်ချုပ်တို့ဝန်ကြီးအဖြစ် ကျမ်းကျိန်သော နေ့) တွင် ဗိုလ်ချုပ်၏သမီးထွေးကလေးသည် သူ့ဖခင်၏ဂုဏ်ရှိန်သမ္ဘာကို လူ့ပြည်တွင် ၅ ရက်မျှခံစား ကာ အနိစ္စ ရောက်သွားရှာတော့သတည်း။ ထိုသတင်းကို ကြားကြားခြင်း ဗိုလ်ချုပ် တစ်ချက်မျှငိုင်သွား ကာ-
“အင်း အိမ်ထောင်ကျတဲ့ ၅ နှစ်ရာသီ အတွင်း ကလေးလေးယောက်ရလို့ များလှတယ်ဆိုပြီး စိတ်တော့ ညစ် မိပါတယ်။ ဒါပေမယ့် ရပြီးမှတော့ ကလေးကိုမသေစေချင်တော့ သိပ်နှမြောတာပဲဗျာ”ဟု ညည်းရှာ လေသည်။
နိုင်ငံရေးကိစ္စ အဝဝတွေကြောင့် အလွန်အလုပ်များလျက်ရှိသော သူ၏ခန္ဓာကိုယ်အတွင်းရှိ နှလုံးထဲမှ ဖခင်တို့၏ချစ်ခြင်း မေတ္တာအဟုန်လည်း ပေါက်ကွဲ၍ ထွက်လာလေသည်။ ကြည့်စမ်းပါဦး၊ တနင်္ဂနွေနေ့ ကပဲ သမီးရတနာရခဲ့သည့် ကြာသပတေးနေ့ကျသောအခါ အစိုးရအဖွဲ့ထဲသို့ဝင်ပြီး ဝန်ကြီးအဖြစ် ကျမ်း ကျိန် ခဲ့သည်။ ၎င်းကြာသပတေးနေ့မှာပင် ချစ်သမီးကလေးဆုံးရပြန်သည့် ကံကြမ္မာက သူ့အားပြောင် လှောင် ကာ ပျက်ရယ်ပြုပြင်ခြင်းမဟုတ်ပါလော၊ ဘယ်လောက်ဘဲ ဝန်ကြီးရာထူးက စည်းစိမ်ရှိသည်ဆို ဆို ဘယ်လိုပင် မော်တော်ကား၊ ရေဒီယို၊ တယ်လီဖုန်းစသော အဆောင်အယောင်တွေများများ အဖိုးမ ဖြတ် နိုင်သော ရတနာ(သမီးထွေးကလေး)ဆုံးရှုံးရသည့် ဗိုလ်ချုပ်ခမျာမှာ အဘယ်မှာလျှင် ပျော်နိုင်ရှာ မည်နည်း။
ထို့ကြောင့်ပင် “အစိုးရအဖွဲ့ထဲ အဘယ်မှာပျော်နိုင်ရှာမည်နည်း” ထို့ကြောင့်ပင် “အစိုးရအဖွဲ့ ထဲဝင်ပြီး ရာထူး ယူရတာ ဘာကြောင့်မှန်းမသိ၊ ငါတော့ မပျော်ဘူးကွာ”ဟု ပြောသော်လည်း သူမပျော်ရ မည့် အကြောင်းများအနက် အထက်ဖော်ပြပါ အကြောင်းသည် အရေးပါသော အချစ်တစ်ချက်ဖြစ်ရမည် ဟု ကျွန်ုပ် က တထစ်ချထင်လိုက်မိသည်။ ဖဆပလ အလုပ်မှုဆောင် အစည်းအဝေးများ၊ တိုင်းပြုပြည်ပြု လွှတ်တော်ကော်မတီ အစည်းအဝေးများကျင်းပစဉ် ဗိုလ်ချုပ်အား အမှတ်မဲ့ ချောင်းကြည့်ဖူးသူတို့သည် သူ၏ စိတ်အားထက်သန်စွာ ဆွေးနွေးဖြစ်လာနေသော ပြဿနာအကြောင်းအရာ၌ စိတ်အားထက်သန် စွာ အာရုံစူးစိုက်နေပုံ (Power of Concentration)ကို သတိမပြုဘဲ မနေနိုင်ကြချေ။ ထိုပြဿနာအ ကြောင်းအရာတစ်ခုခုကို အချိန်ကြာမြင့်စွာ စိတ်အာရုံစူးစိုက်နိုင်ခြင်းမှာ ဗိုလ်ချုပ်၏ထူးခြားသော အရည် အချင်းတစ်ခုပင်ဖြစ်လေသည်။ သူ၏နေ့စဉ်လုပ်ငန်း အစီအစဉ် စာအုပ်ကလေးကို အမှတ်မဲ့ကြည့်လိုက် လျှင်။
နံနက် ၈ နာရီ - ဆိုင်ရွန်တိုဗီလာ ပြန်လည်ထူထောင်ရေး အစည်းအဝေး
၁၀ နာရီ - အစိုးရအမှုထမ်း ကိုယ်စားလည်များနှင့်တွေ့။
၁၁ နာရီ - အမေရိကန်ကောင်စစ်ဝန်နှင့် ချိန်းထားသည်။
၁၂ နာရီ - ကာကွယ်ရေးဆိုင်ရာ ကော်မတီအစည်းအဝေး။
နေ့ ၂ နာရီခွဲ - တိုင်းပြည်ပြုလွှတ်တော် အခြေခံဥပဒေ ဆပ်ကော်မတီအစည်းအဝေး။
ညနေ ၄ နာရီ - ဖဆပလအမှုဆောင် အစည်းအဝေး။ စသည်ဖြင့် တွေ့ရပေလိမ့်မည်။ နေ့စဉ်နှင့်အမျှ သူ၏ လုပ်ငန်းစဉ်မှာ ဤသို့ပင် ပြည့်ကျပ်လျက်ရှိသည်။ အစည်းအဝေးတစ်ခုနှင့် တစ်ခုဆက်၍နေသ လောက် ဆိုင်ရာပြဿနာ အကြောင်းအရာတွေမှာ တခြားစီဖြစ်နေသည်ကို တစ်ချိန်လုံးစိတ်အာရုံစူး စိုက်လျက် တစ်ခုပြီးတစ်ခု ပြဿနာတွေကို အောင်မြင်စွာ ဖြေရှင်းသွားနိုင်ခဲ့ခြင်းမှာ ချီးမွမ်းအံ့သြဖွယ်ရာ ပင်တည်း။ “ဗိုလ်ချုပ် အဲသလို အစည်းအဝေးတွေ တစ်ခုပြီးတစ်ခု တက်ပြီး စိတ်အာရုံ (Concentrate) စူးစိုက် နိုင်တာ တော်သကွာ။ ငါတော့ တစ်ခါတစ်လေ အစည်းအဝေးလုပ်နေရင်း စိတ်ကတခြားကို လွင့် သွား တတ်လွန်း အားကြီးလို့ မနည်းကို အားခဲပြီး အစည်းအဝေးထဲ စိတ်ရောက်အောင် ကြိုးစားရတယ်” ဟု အစိုးရအဖွဲ့ ထဲဝင်ခါစ ကိုကြီးနုက ကျွန်ုပ်အား ပြောဖူးလေသည်။ မှန်နေသည်။
ဖြူစင်သိမ်မွေ့သော စိတ်ထားနှင့် အနုပညာသမား ကိုကြီးနုသည် အစိုးရ အဖွဲ့ ခေါင်းဆောင် လုပ်ခြင်း၏တာဝန်ဝတ္တရားများ၊ အစည်းအဝေးများ၊ မသွားမနေရသည့် ဧည့်ခံပွဲထမင်းစားပွဲ ပါတီများ၏ ဒဏ်ကို ခံနိုင်ရည်ရှိဟန်မတူပေ။ အစည်းအဝေးများ၌ မြင်ရသော ဘုကျကျမျက်နှာထားနှင့် ဗိုလ်ချုပ်အား အချို့ က အလိုလိုကြောက်ကြ သည်။ အမှန်တော့ ဗိုလ်ချုပ်သည် စိတ်နှင့်အခန့်မသင့်လျှင် ဘုမှုတ် တတ် သလောက် နူးညံ့သိမ်မွေ့ သည် လူသာမန်တို့၏စိတ်သဘောများ သူ့တွင်အပြည့်ရှိပေသည်။
သူ၏ချစ်ဇနီးနှင့် သားသမီးများအ ပေါ် ကြင်နာယုယသည့် စိတ်သည်လည်း အခြားလူများထက်မနည်းပေ။ သူ၏သားသမီးများ ပြုစုစောင့် ရှောက်ရေး၊ ပညာသင်ကြားရေး၊ သူတို့၏ရှေ့ရေးအတွက် ဗိုလ်ချုပ်သည် စိတ်ထဲတွင် အစဉ်စဉ်းစား ဆင်ခြင်နေတတ်သည်။ ၁၉၄၅ ခုနှစ် စစ်ကြီးပြီးသောအခါသမယတွင် တော်လှန်ရေး မျိုးချစ် ဗမာ့တပ်မ တော်ကြီး၏သေနာပတိ ဂျင်နရယ်အောင်ဆန်းဆိုသူအား နိုင်ငံခြား သတင်းစာဆရာများ၊ သတင်း ထောက်များသည် အထူးစိတ်ဝင်စားလျက်ရှိရာ၊ မကြာခဏ တာဝါလိန်း ဗိုလ်ချုပ်အိမ် သို့ လာရောက် တွေ့ဆုံစကားပြောရင်း မဟာမိတ်စစ်ဘက်အရာရှိကြီးများရပ်ကွက်တွင် ထင်ရှား လှသော ဗိုလ်ချုပ် အောင်ဆန်းကို စုံစမ်းအကဲခတ်လေ့ရှိကြ၏။
“ခင်ဗျားရှေ့ကို ဘယ်လိုကြံစည် စိတ်ကူးပါသလဲ၊ စစ်တပ်ကိုပဲ ဆက်လက်ဦးစီမလား၊ သို့မဟုတ် နိုင်ငံ ရေးကိုပဲ တစ်ရှိန်ထဲလုပ်သွားမလား”ဟူသော မေးခွန်းကို ခဏခဏ မေးတတ်ကြသည်။
“ကျုပ်တော့ အခုစစ်လည်းပြီးပြီမို့ စစ်တပ်ကို ဆက်လက်ဦးစီး ရှေ့ဆောင်မလုပ်တော့ပါဘူး။ ကျုပ်ကိုယ် စား အခု ဒုတိယစစ်သေနာပတိ ဗိုလ်လက်ျာ ကပဲ ဦးစီးပါလိမ့်မယ်၊ ကျုပ်အဖို့တော့ နိုင်ငံရေးကို ထိထိ ရောက်ရောက် ဝင်လုပ်လိုက်ဦးမယ်၊ ဒါလည်း ဗမာပြည်လွတ်လပ်ရေးရတဲ့ အထိပါပဲ။ လွတ်လပ်ရေးရ ပြီးရင် နိုင်ငံရေးကထွက်ပြီး အေးအေးဆေးဆေး စာအုပ်ကလေး ဘာလေးရေးမယ် ကြံတာပဲဗျာ၊ ကျုပ် ရဲ့ အိမ်ထောင် (Family) အတွက် ဂရုစိုက်ပြီး စီစဉ်စရာတွေ အများကြီးရှိသေးတယ်၊ ကလေးတွေ ပြုစု စောင့်ရှောက်ရေး၊ ပညာသင်ကြားရေးကိစ္စတွေလည်း ကျုပ်ကိုယ်တိုင် ကြီးကြပ်စီမံချင်တယ်။”
ဗိုလ်ချုပ်၏ အဖြေကား ဤသို့ချည်းသာတည်း။
ဤသို့လျှင် ဖဆပလအဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ် ထိရောက်စွာ ဝင်မလုပ်ရသေးမီကပင် ဗိုလ်ချုပ်သည် နိုင်ငံရေး က ထွက်ချင်သည့်ဆန္ဒကို အတိအလင်း ထုတ်ဖော်ခဲ့လေသည်။ ဖဆပလအဖွဲ့ချုပ် ဥက္ကဋ္ဌလုပ် ရာက အစိုးရ အဖွဲ့သို့ ဝင်ရသောအခါ၌ကား၊ လွတ်လပ်ရေးရပြီးရင် နိုင်ငံရေးကထွက်မယ်ဟူသော စကားကို ခဏခဏ ပြောလာလေတော့သည်။
အိမ်မှ ဆူညံစွာဆော့ကစားနေရာမှ တစ်ယောက်နှင့် တစ်ယောက် ကစားစရာ လုကြငိုကြနှင့်လုပ်သော သားနှစ်ယောက် အား တစ်ခါတစ်ခါ စိတ်မရှည်သော ဒေါ်ခင်ကြည်က မိခင်တို့ဘဝ “တယ်ဆိုးတဲ့ကောင် လေးတွေပဲ”ဟု ညည်းမိရာ ကုတင်ပေါ်မှာလှဲရင်း စာဖတ်နေသော ကလေးတို့အဖေက
“ငါ့ကလေး တွေ ဆိုးချင်ဆိုးပါစေကွာ၊ အရေးကြီးတာက ကလေးဆိုတာ (Character)စိတ်ဓါတ်ကောင်း ရှိဖို့ရယ် (Love Truth) တည်ကြည်ဖြောင့်မတ်ခြင်း လိုလားတဲ့စိတ်ရှိဖို့ရယ်၊ ဒါပဲ အရေးကြီးတယ်”ဟု သူ့ ကိုယ်နှင့်လည်း နှိုင်းယှဉ် သူ၏စိတ်ထဲတွင် ထင်မြင်မိသော (idea)စံပြယောက်ျားကောင်းကို မျှော် မှန်းရင်း ပြောလိုက် လေသည်။
ဟုတ်ပါသည်။ သူ၏သားများကို တည်ကြည်ဖြောင့်မတ်သော စိတ်ဓါတ်ကောင်းကောင်းနှင့် တိုင်းပြည်၏ သားကောင်း ရတနာများဖြစ်စေချင်သည့် စေတနာတွေ ဗိုလ်ချုပ်တွင် အခြားအခြားသော ဖခင်များနည်း တူရှိခဲ့လေသည်။ သားနှစ်ယောက်အနက် အကြီး(အောင်ဆန်းဦး)မှာ သေးသေးသွယ်သွယ် အသား အနည်းငယ်ညို၏၊ မှတ်ဉာဏ်ကောင်း၏။ လူကြီးများကဲ့သို့ အရွယ်နှင့်မလိုက်အောင် စကားကြီးစကား ကျယ်တွေလည်း ပြောတတ်၏။ သားအငယ် (အောင်ဆန်းလင်း)မှာမူ ကိုယ်လုံးကိုယ်ပေါက် ထွားထွား ကြိုင်းကြိုင်း နှင့် အသားအရေဖြူဖွေးပြီး၊ ရယ်စရာမောစရာ အလွန်လုပ်တတ်ပြောတတ်၏။ ရဲဘော်တွေ က သူ့ကို တစ်ခါခါ (ကိုလင်း ဘတ်ဖလိုး- ကျွဲကြီး)ဟု ချစ်စနိုးခေါ်တတ်၏။ သူ၏ဝိုင်းစက်ပြူးကျယ်သော မျက်လုံးကြီး များမှာ မိခင်ထံမှရရှိသော အလှများပင်တည်း။
တစ်ညနေ၌ မိသားတစ်စုစုံညီစွာရှိစဉ် ဗိုလ်ချုပ်သည် သူ၏ကလေးများကိုကြည့်ရင်း ပီတိဖြစ်ရာမှ သူ့ စိတ်ထဲတွင် ထင်မြင်ဝေဖန်ချက်များကို ထုတ်ဖော်ပြောလေသည်။
“အကြီးကောင် ငဦးက (Very Serious)အရွယ်နှင့်မလိုက်အောင် တည်တာရယ် မှတ်ဉာဏ်ကောင်းတာ ရယ် ကို ထောက်တော့ သူ့အဖေလိုလာမယ်ထင်တာပဲ။ အငယ် ငလင်းကြီးကတော့ သူ့ကြည့်ရတာ ရူး ပေါပေါကြီးပဲ။ ပေါ့ပေါ့စားပေါ့ပေါ့နေရင်း ကြီးလာမဲ့အကောင်ကြီးကွ၊ ကြီးလာရင် တေများ တေဦးမလား တောင် မသိဘူး။ ဘာဘဲပြောပြော ငါ့သမီးကလေးကတော့ အားလုံးထဲမှာ အလိမ္မာဆုံး၊ ချစ်စရာအ ကောင်းဆုံး ဖြစ်မှာပဲ၊ ဒါပေမဲ့ မိန်းမရတဲ့ ၄ နှစ်အတွင်းမှာ ကလေးတစ်နှစ်တစ်ယောက် မှန်မှန်ကြီးရတာ က ခွကျသကွာ ဟဲ ဟဲ”ဟု ရယ်သွမ်းသွေးကာနှင့် ပြောလိုက်ရာ အနီးရှိ ချစ်ဇနီး ဒေါ်ခင်ကြည်က (ဘုကျပြီး အပြင်လူများကြောက်သည်ဆိုသော) ဗိုလ်ချုပ်အား မျက်စောင်းထိုးလိုက်လေသတည်း။
ဆက်ရန်
.

1 comment:
“အကြီးကောင် ငဦးက (Very Serious)အရွယ်နှင့်မလိုက်အောင် တည်တာရယ် မှတ်ဉာဏ်ကောင်းတာ ရယ် ကို ထောက်တော့ သူ့အဖေလိုလာမယ်ထင်တာပဲ။ အငယ် ငလင်းကြီးကတော့ သူ့ကြည့်ရတာ ရူး ပေါပေါကြီးပဲ။ ပေါ့ပေါ့စားပေါ့ပေါ့နေရင်း ကြီးလာမဲ့အကောင်ကြီးကွ၊ ကြီးလာရင် တေများ တေဦးမလား တောင် မသိဘူး။ ဘာဘဲပြောပြော ငါ့သမီးကလေးကတော့ အားလုံးထဲမှာ အလိမ္မာဆုံး၊ ချစ်စရာအ ကောင်းဆုံး ဖြစ်မှာပဲ၊ ဒါပေမဲ့ မိန်းမရတဲ့ ၄ နှစ်အတွင်းမှာ ကလေးတစ်နှစ်တစ်ယောက် မှန်မှန်ကြီးရတာ က ခွကျသကွာ ဟဲ ဟဲ”ဟု ရယ်သွမ်းသွေးကာနှင့် ပြောလိုက်ရာ အနီးရှိ ချစ်ဇနီး ဒေါ်ခင်ကြည်က (ဘုကျပြီး အပြင်လူများကြောက်သည်ဆိုသော) ဗိုလ်ချုပ်အား မျက်စောင်းထိုးလိုက်လေသတည်း။....ကြည်နူးစရာလေး.... :):) မမရေ ကျေးဇူးပါလို့..
Post a Comment