(၄၃)
ဒေါက်တာဂျုန်း သည် စင်တိန်၏ ခြင်္သေ့သစ်ပင်စခန်း၌ နောက်ထပ် သုံးရက်ဆက်နေသေးသည်။
သူသည် သူမအား အစီရင်ခံစာ၌ ရေးသားဖော်ပြထားသည်များကို စင်တိန် နားလည် သဘောပေါက် အောင် အသေးစိတ် ရှင်းပြသည်။ စက္ကူအိတ်တစ်အိတ်စီမှာ နမူနာစိန်ပွင့်ကလေးများကိုလည်း လက်တွေ့ ပြသကာ ရှင်းလင်း သင်ကြားပေးသည်။ စိန်ညှပ်သော ဇာဂနာလေးများဖြင့် စိန်ပွင့်ကလေးများကို ညှပ်ယူ ပြသကာ အရည်အသွေး အနေအထား အမျိုးမျိုး ရှိနေပုံများကို ပြောကြားသည်။ စင်တိန့်လက်ဝါးပေါ်သို့ စိန်ပွင့်ကလေး များ တင်ပေးပြီး ထူးခြားသော အရည်အသွေးများကို ပြသသင်ကြားပေးသည်။
"တချို့ စိန်ပွင့်ကလေးတွေက သေးတယ်နော်၊ အဲဒီ စိန်အမှုန်အမွှားကလေးတွေက တန်ဖိုး ရှိပါ့မလား" စင်တိန် က မေးလိုက်သည်။
အဲဒါလေးတွေက စက်မှုလုပ်ငန်းသုံးစိန်လို့ ခေါ်တယ်၊ ခင်ဗျားအတွက် ပေါင်မုန့်ဖိုး ထောပတ်ဖိုးတော့ ကောင်းကောင်း ရတယ်၊ ခင်ဗျားအတွက် ကုန်ကျစရိတ်တွေဟာ အဲဒီစိန်အမွှားကလေးတွေ ရောင်းရတာနဲ့ တင် ကျေလိမ့်မယ်၊ စိန်အလုံးကြီးတွေကတော့ အားလုံးရဲ့အပေါ်က ယိုပေါ့၊ စတော်ဘယ်ရီယိုလို့ တင်စား ပြောပါရစေ၊ ခင်ဗျားအတွက် စီးပွားကောင်းကောင်း ဖြစ်မယ့် အရည်အသွေးကောင်းစိန်တွေပဲဗျာ"
ဒေါက်တာဂျုန်း အစီရင်ခံစာ၏ နောက်ဆုံး အပိုင်းသည် စာမျက်နှာ ၂၁ မျက်နှာရှိပြီး စိန်တွင်းအား မည်သို့ တူးဖော် ထုတ်လုပ်ရမည်ကို အကြံပြုရေးသားထားသော အပိုင်း ဖြစ်သည်။
ဒီစိန်တွင်း ကို စနစ်တကျ တူးဖော်နိုင်ဖို့ဆိုယင် ခင်ဗျား သိပ်ကံကောင်းတယ် မဒမ်၊ တခြား စိန်ရှိတဲ့ မြေတွေ မှာ ဆိုယင် စိန်တူးသမားတွေ ရာနဲ့ချီပြီး ၀ိုင်းတူးနေကြတော့ ပရမ်းပတာ ဖြစ်ပြီး လုပ်ရကိုင်ရ ခက်တယ်၊ အခု ဒီမှာက ခင်ဗျား တစ်ယောက်တည်းရယ်၊ တခြားနေရာတွေမှာဆိုယင် ပေ ၃၀ ပတ်လည် ကို တွင်းရာချီ တူးကြရတော့ အကုန် ရှုပ်ကုန်ကြတော့တာပေါ့၊ ကုန်ကျစရိတ်အများကြီး များတယ်၊ လူတွေလဲ တွင်းထဲမှာ ပိပြီး သေတယ်၊ ခင်ဗျား ဒီမှာကတော့ အစီရင်ခံစာထဲမှာ ကျွန်တော် ရေးထားတဲ့ ပုံစံ အတိုင်းသာ အဆင့်ဆင့် လုပ်သွားပါ။ အဆင့်ဆင့်လုပ်သွားရမှာတွေကို ကျွန်တော် အသေးစိတ် ရေးပြထားပါတယ်"
"ဒေါက်တာဂျုန်း ... ကျွန်မ ဒါတွေ လုပ်ဖို့ လူတွေအများကြီး လိုမှာပဲနော်"
"ဟုတ်တယ်၊ ခင်ဗျားမှာ ဦးဆုံး မြေကြီးတွေ တူးဖော်ရွှေ့ပြောင်းတဲ့ဘက်မှာ အတွေ့အကြုံကောင်းကောင်း ရှိတဲ့ အင်ဂျင်နီယာကောင်း တစ်ယောက်လိုမယ်၊ နောက်ပိုင်းကျယင်တော့ အင်ဂျင်နီယာ အတော်များများ နဲ့ အလုပ်သမားရာထောင်ချီပြီး လိုလာလိမ့်မယ်၊ နေပါဦး ခင်ဗျားရဲ့လုပ်ငန်းကို နာမည်ပေးပြီးပြီလား၊ ကုတ်နေသတ္တုတွင်းလို့ နာမည်ပေးမယ် ထင်ပါရဲ့" စင်တိန်က ခေါင်းယမ်းလိုက်ပြီး ဖြေလိုက်သည်။
"ဟာနီစိန်တွင်းလို့ နာမည်ပေးထားတယ်" "ခပ်ဆန်းဆန်းပါလား၊ ဘာအဓိပ္ပာယ်လဲ"
"ကျွန်မ ကို ဒီနေရာကို ခေါ်လာတဲ့ ဆန်လူမျိုး ပစ်ဂမီလူပုမိန်းမကြီး ရဲ့ နာမည်ကို ပေးထားတာပါ"
"အင်းလေ ... လိုက်ပါပေတယ်ဗျာ၊ ကဲ ... ဒီတော့ ကျွန်တော် ရေးဆွဲပြထားတဲ့ အစီအစဉ်အတိုင်း ကနဦး တူးဖော်ရေးလုပ်ငန်းတွေ လုပ်ဖို့ အင်ဂျင်နီယာကောင်းတစ်ယောက် လိုမယ်"
"အဲဒီလို လူမျိုး ဒေါက်တာ စဉ်းစားထားမိတာများ ရှိမလား"
"အင်း ... ခက်တယ်၊ လူကောင်း တော်တော်များများက ဒီနီးယား စိန်တွင်းတွေမှာ အမြဲတမ်း အမှုထမ်းနေ ကြတာ၊ ကျန်တဲ့အထဲက တစ်ယောက်ကလဲ မကြာခင်ကပဲ မတော်တဆ ဗုံးပေါက်ကွဲလို့ မစွမ်းမသန် ဖြစ် သွားတယ်၊ အာဖရိကဖွား လူဖြူလူငယ်အင်ဂ်ျငနီယာတစ်ယောက်၊ အလုပ်တော်တယ် ကောင်းတယ် ဆိုတာ တော့ ကြားဖူးတယ်၊ သူနဲ့တော့ ကျွန်တော်လက်တွဲ အလုပ်မလုပ်ဖူးပါဘူး၊ သူ့နာမည်က ဘာတဲ့ ... သြော် ... သိပြီ ... သီပြီ ... ဒီလာရေးတဲ့" "ဟင့်အင်း" စင်တိန်က တစ်မဟုတ်ချင်း ငြင်းလိုက်သည်။
"၀မ်းနည်းပါတယ်ဗျာ၊ ခင်ဗျား သူ့ကို သိသလား"
"သိတယ်၊ ကျွန်မ သူ့ကိုမလိုချင်ဘူး"
"ခင်ဗျား သဘောပါပဲ၊ ကျွန်တော် တခြားတစ်ယောက် စဉ်းစားကြည့်ပါဦးမယ်"
ထိုနေ့ညက စင်တိန်သည် တော်တော်နှင့် အိပ်မပျော်ဘဲ ခုတင်ပေါ်တွင် ဘယ်ညာလူးလှိမ့်နေမိသည်။ ဒေါက်တာဂျုန်း၏ အကြံပြုချက်ကို အပြန်ပြန်အလှန်လှန် စဉ်းစားပြီးနောက် ခုတင်ပေါ်တွင် လှဲနေရာမှ ထထိုင် လိုက်သည်။
"ဘာလို့မဖြစ်နိုင်ရမှာလဲ၊ သူလဲ ဒီကိုဘယ်နည်းနဲ့မဆို ပြန်လာရဦးမှာပဲ၊ တခြားသူစိမ်းတစ်ယောက် ဒီအချိန် မှာ ဒီကိုလာယင် ငါ့ ကိုယ်ဝန် ကို တွေ့သွားမယ်၊ သူတွေ့လို့ကတော့ အကြောင်း မဟုတ်တော့ဘူး၊ သူ့ကို လိုမှာက ကနဦးအဆင့် လုပ်ငန်းပိုင်း မှာပဲ လိုမှာပါ၊ နောက်ပိုင်းလိုမှာမှ မဟုတ်တာ၊ ဒီတော့ ငါလိုသာ့ကို ဒီကို လွှတ်လိုက်ပါလို့ အေဗရာဟင်ဆီ အခုပဲ စာရေးတော့မယ်"
စင်တိန် သည် အိပ်ရာမှထပြီး မှန်အိမ်ထွန်းကာ စားပွဲ၌ စာထိုင်ရေးတော့သည်။
နောက်တစ်နေ့နံနက်တွင် ဒေါက်တာ ကွမ်တီးမင်းဂျုန်းသည် စင်တိန့်စခန်းမှ ထွက်ခွာရန် အသင့် ဖြစ်နေ သည်။ သူ့ပစ္စည်းပစ္စယမျာကို လော်ရီကားနောက်ပိုင်း၌ ထုပ်ပိုးတင်ထားသည်။ ထိုအပေါ်တွင် သူနှင့်ပါလာ သော အလုပ်သမားများက ထိုင်နေသည်။
စင်တိန် က သူ့အား အစီရင်ခံစာကို ပြန်ကမ်းပေးလိုက်သည်။
"အဲဒီအစီရင်ခံစာကို ကျွန်မစာနဲ့အတူတူ ၀င်းဟုပ်မြို့က ကျွန်မရှေ့နေဆီ ပေးပေးပါ ဒေါက်တာရယ်"
"စိတ်ချပါ မဒမ်"
"အဲဒီအစီရင်ခံစာကို ရှင်က သူ့ကို ရှင်းပြဖို့လဲ သူ လိုလားလိမ့်မယ် ထင်တယ်၊ ကျွန်မ ငွေအပ်တဲ့ ဘဏ် ကနေ ငွေချေးဖို့ ကျွန်မရှေ့နေကို ကျွန်မ ညွှန်ကြားထားတယ်၊ ဘဏ်မန်နေဂျာကလဲ ရှင်နဲ့ တိုင်ပင် ကောင်း တိုင်ပင်ချင်လိမ့်မယ်၊ အဲဒီအခါကျယင် ကျွန်မ စိန်တွင်းရဲ့တန်ဖိုးပမာဏနဲ့ ပတ်သက်ပြီး ရှင့်အမြင် အတိုင်း ပြောပြပေးစေချင်ပါတယ်"
"ဒါတွေ ကျွန်တော် မျှော်လင့်ထားပြီးသားပါ၊ ခင်ဗျား ရှာဖွေတွေ့ရှိထားတဲ့ စိန်တွင်းရဲ့ တန်ဖိုးပမာဏကို ကျွန်တော် သူတို့ကို ပြောပြလိုက်မယ်ဆိုတာ စိတ်ချ ယုံကြည်နေပါ"
"ကျေးဇူး ပါပဲရှင်၊ ဒီစာထဲမှာ ကျွန်မရှေ့နေကို ညွှန်ကြားလိုက်တာ တစ်ခုပါပါတယ်၊ ဘဏ်က ချေးငွေ ထုတ်ပြီးယင် ဒေါက်တာ ကွမ်တီးမင်းဂျုန်း ကို နောက်ထပ် ဆုကြေးအဖြစ် ရွှေဒင်္ဂါးအပြား ၁၂၀၀ ထပ်ပေး လိုက်ပါ လို့ ရေးထားပါယ်"
တကယ်တော့ ခင်ဗျား ကျွန်တော့်ကို ထပ်ပေးဖို့ မလိုပါဘူး၊ ဒါပေမယ့် ခင်ဗျားက သိပ်စေတနာကောင်း တော့ ကျွန်တော် ၀မ်းသာကျေးဇူးတင်ရတာပေါ့ဗျာ"
"ဒီမှာ ဒေါက်တာ သိပ်မကြာခင်မှာဘဲ ကျွန်မ ဒေါက်တာကို ဟာနီစိန်တွင်းရဲ့ အမြဲတမ်းကျွမ်းကျင်သူ အတိုင်ပင်ခံ အဖြစ် လိုချင်ပါတယ်၊ ကျွန်မအတွက် အကြံဥာဏ်ကောင်းတွေ ထပ်ပေးနိုင်ပါစေလို့လဲ ဆုတောင်း ပါတယ်"
"ကျွန်တော် အကြံဥာဏ် အတွက် ခင်ဗျားပိုက်ဆံကုန်စရာ လိုမယ် မထင်ပါဘူး၊ ခင်ဗျားက ဥာဏ် ကောင်းတယ်၊ အကင်းပါးတယ်၊ ပြတ်သားသွယ်၊ ထက်မြက်တယ်၊ ရဲရင့်တယ်၊ သတ္တိရှိတယ်၊ သိလွယ် တတ် လွယ်တယ်၊ ဒီတော့ ... ခင်ဗျားကိုယ်တိုင် ဘာကျွမ်းသလဲ မမေးနဲ့ဆိုတဲ့ "စိန်မင်းသမီး" တစ်ပါး ဖြစ် လာလိမ့်မယ် ဆိုတာ ကျွန်တော် ဟောကိန်းထုတ်ခဲ့စမ်းပါရစေဗျာ"
"ဒါဖြင့် ကျွန်မ နောက်ဆုံးတစ်ခု တောင်းဆိုပါရစေ"
"ပြောပါ မဒမ်"
"အခု ကျွန်မ ဒီမှာ ကိုယ်ဝန်ကြီးနဲ့ ရှိနေတယ်ဆိုတာကိုတော့ နှုတ်ပိတ်ထားစေချင်ပါတယ်"
ဒေါက်တာဂျုန်း မျက်စိ က စင်တိန်၏ဗိုက်ဖုံးအင်္ကျီ ဖားဖားဖောင်းဖောင်းကြီးဆီသို့ တစ်မုဟုတ်ချင်း ရောက် သွားသည်။
"စိတ်ချပါ မဒမ်၊ ကျွန်တော့်အသက်မွေးမှုလုပ်ငန်းနဲ့ မပတ်သက်တာကို ကျွန်တော် စပ်စုရိုး ပြောရိုးထုံးစံ မရှိ ပါဘူး။ ပြီးတော့ ကျွန်တော်ဟာ ကိုယ့်မိတ်ဆွေတစ်ယောက် ထိခိုက်နစ်နာအောင် ဘယ်တော့မှ မလုပ်ပါ ဘူး"
"ရှင်ဟာ တကယ့်မိတ်ဆွေကောင်းပါပဲ ဒေါက်တာကွမ်တီးမင်းဂျုန်း"
"ခင်ဗျား ဟာလဲ တကယ့်မိတ်ဆွေကောင်းပါပဲ မဒမ်"
ဒေါက်တာဂျုန်းအား သွားပို့ပြီး ပြန်လာသော လော်ရီကားသည် ရှစ်ရက်သာ ကြာသည်။ ထို အတော အတွင်း ကမ္မဇလေကလည်း ပိုမိုလှုပ်ရှားလာသည်။ မွေးဖွား ရက် ပိုနီးလာသည်။
မော်တော်ကား မောင်းဝင်လာသည်ကို စင်တိန် သူ့တဲမှ လှမ်းမြင်နေရသည်။ ရှေ့မှကားတွင် လိုသာ ဒီလာရေး ပါလာသည်ကို မြင်ရသော်လည်း ဂရုမစိုက်ပေ။ သို့သော်လည်း ကားရှေ့ခန်းမှ လိုသာ ဆင်းလာသည်ကို မြင်ရသောအခါ စင်တိန့် ရင်တွေ အလိုလိုခုန်လာမိသည်။ ဖုန်အလိမ်းလိမ်း လူးလာ သော်လည်း အရပ်ရှည်ရှည်နှင့် ယောက်ျားပီပီ ချောသော လိုသာအသွင် စင်တိန့် ရင်ကို တုန်ခါသွား စေသည် မှာ အမှန်။
နောက်ထပ် ခရီးဖော်တစ်ယောက်အား လိုသာက ကားပေါ်မှတွဲပြီး ချပေးလိုက်သည်ကို မြင်ရသောအခါ စင်တိန် အံ့အားသင့်သွားသည်။ ထိုနောက်တစ်ယောက်မှာ ခရစ်ယန်မယ်သီလရှင်တစ်ပါး ဖြစ်နေသည်။
"သူနာပြု လက်သစ် တစ်ယောက် ခေါ်ခဲ့ဖို့မှာလိုက်တာ ဘာကြောင့်များ မယ်သီလရှင် ခေါ်လာပါလိမ့်"
စင်တိန် က ဒေါသတကြီး ရေရွတ်လိုက်သည်။
ကားနောက်ပိုင်းမှ အသားမည်းအမျိုးသမီးနှစ်ဦး ဆင်းလာသည်။ ကလေးငယ်တစ်ယောက်စီကို ခါးထစ်ခွင် ချီထားသော သားသည်အမေများ ဖြစ်သည်။ နှစ်ယောက်မှာ ရုပ်ချင်းဆင်ရာ ညီအစ်မ ဖြစ်ပုံရသည်။ ဖွံ့ထွား သော ရင်သား များရှိသဖြင့် နို့သယ်လုပ်ရန် ငှားလာခြင်း ဖြစ်ရပေမည်။
မိမိ၏ ကလေး ကို ဤအသားမည်းများက နို့တိုက်ပေတာ့မည်။ စင်တိန်သည် မိမိအစီအစဉ်နှင့် ပတ်သက်၍ ပထမဆုံး အကြိမ် ရင်ထဲက နင့်ခနဲ ခံစားလိုက်ရသည်။
လိုသာ နှင့် သီလရှင်တို့က စင်တိန့်တဲဆီသို့ လာသည်။ လိုသာက စင်တိန်အား စာအိတ်များ ပါသော အထုပ် တစ်ထုပ် လှမ်းပေးလိုက်ပြီးနောက် သီလရှင်နှင့် မိတ်ဆက်ပေးလိုက်သည်။
"ဒါ စိန့်အန်ဆေးရုံ က မစ္စတာအမယ်လီယာနာတဲ့၊ သူ ကျွန်တော်ရဲ့အမေဘက်က မောင်နှမ၀မ်းကွဲတော် တယ်၊ သားဖွာဆရာမ သင်တန်းလဲ အောင်ထားတယ်၊ ဒါပေမယ့် သူက ဂျာမန်စကားတစ်ခုပဲ ပြော တတ်တာ ပါ၊ သူ့ကို ယုံကြည်စိတ်ချစွာ အားကိုးနိုင်ပါတယ်"
အသားဖြူပြီး ပိန်ပိန်ပါးပါး ရှိသော ဂျာမန် သီလရှင်သည် စင်တိန့်ထံမှ နှင်းဆီပန်းခြောက်အနံ့ ရသောအခါ နှာခေါင်း တရှုံ့ရှုံ့ ဖြစ်သွားပြီး လိုသာအား တစ်စုံတစ်ရာ ပြောလိုက်သည်။ သီလရှင်က စင်တိန့်အပေါ် ဘ၀င် မကျ ဖြစ်နေပုံရသည်။ သူမစကားကို လိုသာက စင်တိန်အား ဘာသာပြန်ပြောလိုက်သည်။
"သူက ခင်ဗျားကိုယ်ဝန်ကို စမ်းသပ်ကြည့်ချင်တယ်တဲ့၊ ကျွန်တော် တစ်အောင့်နေမှ ပြန်လာပြီး ခင်ဗျား လိုအပ်မယ့် အလုပ် ကိစ္စ ဆွေးနွေးကြတာပေါ့"
"ရှင့် မယ်သီလရှင် က ကျွန်မကို သဘောမကျပါဘူး"
သီလရှင် နှာခေါင်းတစ်ရှုံ့ရှုံ့ လုပ်နေသည်ကို စင်တိန်က ပြန်ပက်လိုက်သည်။ လိုသာအဖို့ ပြောရကျပ်သွား ပြီး နောက်မှ အခြေအေနကို ရှင်းပြလိုက်သည်။
"ခင်ဗျား နဲ့ ကျွန်တော် အပေးအယူ လုပ်ထားတဲ့ကိစ္စို သူက ဘ၀င်မကျဘူးလေ၊ သူ့ဘ၀တစ်လျှောက်လုံး ကလေး တွေကို မွေးဖွားခဲ့တယ်၊ ပြုစုစောင့်ရှောင်ပေးခဲ့တယ် မဟုတ်လား၊ အခု ခင်ဗျားက ကိုယ့်ရင်သွေး ကို ပေးလိုက်မယ်ဆိုတာ့ သူ နားမလည်နိုင်အောင် ဖြစ်နေတာပေါ့ဗျာ၊ ကျွန်တော်လဲ အတူတူပါပဲ"
"ကျွန်မကလဲ သူ့ကို သဘောမကျဘူးဆိုတာ ရှင့်မယ်သီလရှင်ကို ပြောလိုက်ပါ၊ ပြီးတော့ သူဒီမှာ လုပ်ရမယ့် တာဝန် ကိုပဲ လုပ်ပါ။ ကျွန်မအပေါ်မှာ အကဲဖြတ်စရာ ဆုံးဖြတ်စရာမလိုဘူးလို့ ပြောလိုက်ပါ"
"စင်တိန် ..." လိုသာက ဟန့်တားလိုက်သည်။
"ကျွန်မပြောခိုင်းတာသာ ပြောလိုက်စမ်းပါ"
လိုသာအဖို့ မတတ်သာတော့သဖြင့် သီလရှင်အား လှည့်ပြီး ပြောလိုက်ရသည်။ ထို့နောက် သီလရှင်ပြော စကား ကို စင်တိန်အား ပြန်ပြောပြသည်။
"သူကလဲ ပြောပါတယ်၊ ခင်ဗျားတို့ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု ရှိပါတယ်တယ်တဲ့၊ အဲဒါ ကောင်း ပါတယ်၊ သူက ကလေးကိစ္စအတွက်ပဲ လာတာပါတဲ့၊ အကဲဖြတ် ဆုံးဖြတ်တာကိုတော့ ကောင်းကင်ဘုံ က ဘုရားသခင်က လုပ်ပါလိမ့်မယ်တဲ့"
"ဒါဖြင့်ယင် ကျွန်မ ကိုယ်ဝန်ကို စမ်းသပ်လို့ရပြီလို့ ပြောလိုက်ပါ"
မယ်သီလရှင်ကို စင်တိန်အား စမ်းသပ်စစ်ဆေးပြီး ပြန်သွားသောအခါ စင်တိန်သည် လိုသာနှင့် ပါလာသော စာများ ဖောက်ဖတ်သည်။ ပထမစာမှာ ဂါရီကုတ်နေထံမှ စာဖြစ်သည်။ အိမ်အကြောင်းများကို ပြည့်ပြည့်စုံစုံ ရေးထားသည်။ သူ့လက်မှတ်အောက်တွင် ရှာဆာ၏ လက်ဗွေပုံစံလေး နှိပ်ပေးလိုက်ပြီး မိုက်ကယ်ကုတ်နေ ၏ လက်ဗွေဟု ရေးပေးလိုက်သည်။
ဒုတိယစာမှာ အန်၏ စာအထူကြီး ဖြစ်သည်။ ထိုစာ ဖတ်ပြီနောက် တတိယနှင့် နောက်ဆုံးစာဖြစ်သော ရှေ့နေ အင်ဘရာဟင်ထံမှစာကို ဖောက်ဖတ်လိုက်သည်။
ခင်မင်ရသော မစ္စက်ကုတ်နေ
ခင်ဗျားစာနဲ့ ဒေါက်တာ ကွမ်းတီးမင်းဂျုန်းရဲ့အစီရင်ခံစာဖိုင်တွဲက ကျွန်တော့်ကို အလွန်အမင်း အံ့အား သင့်သွားစေပါတယ်။ ခင်ဗျားရဲ့ အောင်မြင်မှုအတွက် ဘယ်လို ချီးကျူးရမယ်၊ ခင်ဗျားရဲ့ ကြွယ်ဝချမ်းသာမှု အတွက် ကျွန်တော် ဘယ်လောက် ၀မ်းသာတယ်ဆိုတာကို ပြောပြဖို့ စကားလုံးတောင် ရှာမတွေ့ ပါဘူးဗျာ။
ဒေါက်တာဂျုန်းနဲ့ ကျွန်တော်ဟာ စတင်းဒတ်ဘဏ်က ညွှန်ကြားရေးမှူးတွေ၊ မန်နေဂျာတွေနဲ့ တွေ့ပြီး ကျယ်ကျယ် ပြန်ပြန့် ညှိနှိုင်းခဲ့ ဆွေးနွေးခဲ့ပါတယ်၊ နမူနာ စိန်ပွင့်တွေနဲ့ အစီရင်ခံစာတွေကို သူတို့ အသေအချာ လေ့လာခဲ့ကြတယ်။ ဘဏ်က ခင်ဗျားကို တစ်နှစ် ၅ရာခိုင်နှုန်းအတိုးနဲ့ ပေါင်စတာလင်ငွေ တစ်သိန်း ချေးဖို့ သဘောတူလိုက်တယ်၊ အဲဒီငွေ အခု ခင်ဗျား ကြိုက်သလောက် ထုတ်ယူလို့ရပြီ၊ ဒါဟာ လည်း ပဏာမ လုပ်ငန်း စနိုင်အောင် ထုတ်ပေးတာတဲ့၊ နောက် မကြာခင်မှာပဲ ထပ်ပြီး ချေးငွေများ ပေးပါဦး မယ်တဲ့။
ဒေါက်တာဂျုန်းက မစ္စတာ လိုသာ ဒီလာရေးနဲ့ တွေ့ပြီး အဆင့်တစ် တူးဖော်ရမယ့်လုပ်ငန်းတွေကို ညွှန်ကြား လိုက်ပါပြီ၊ အဲဒီလုပ်ငန်းအတွက် ပေါင် ၅၀၀၀ ပေးရမယ်။ အခု ကျွန်တော် စရံအဖြစ် ပေါင် ၁၀၀၀ ပေးလိုက် ပါပြီးပါပြီ။ သူ့ဆီကရတဲ့ ငွေရပြေစာကိုလည်း ထည့်ပေးလိုက်ပါတယ်။
ခင်ဗျားမှာလိုက်တဲ့ ပစ္စည်းအားလုံးလဲ ၀ယ်ပေးလိုက်ပါတယ်။ ဒါပေမယ့် ခင်ဗျားမှာလိုက်တဲ့ ခြင်ထောင် အလုံး၂၀ဟာ ဘာသုံးဖို့ဆိုတာ ကျွန်တော် မတွေးတတ်အောင် ဖြစ်နေတယ်။ နောက်တွေ့မှပဲ ခင်ဗျားကို မေး တော့မယ်။
စင်တိန်သည် အေဘရာဟင်စာကို နောက်မှ အေးအေးဆေးဆေး ပြန်ဖတ်တော့မည်ဆိုကာ သိမ်းထား လိုက် ပြီး လိုသာ အား လူလွှတ်ခေါ်ခိုင်းလိုက်သည်။
လိုသာ ချက်ချင်း လိုက်လာသည်။
"မစ္စတာ အယ်မလီယားနားက ပြောတယ် မင်းရဲ့ကျန်းမာရေးနဲ့ ကိုယ်ဝန်အခြေအနေ အားလုံး ကောင်းပါ တယ်တဲ့၊ ချောချောမောမော မွေးဖွားနိုင်မှာပါတဲ့"
စင်တိန်က ၀တ်ကျေတမ်းကျေသာ ခေါင်းညိတ်ပြလိုက်ပြီး လိုသာအား သူမနှင့် မျက်နှာချင်းဆိုင် ကုလားထိုင် တွင် ၀င်ထိုင်ရန် လက်ညှိုးထိုးပြလိုက်သည်။
"မင်းရဲ့ စိန်တွင်းကြီးတွေ့ရှိမှုအတွက် ၀မ်းသာစကားတောင် ငါမပြောရသေးဘူး၊ ဒေါက်တာဂျုန်းကတော့ မင်း ရဲ့စိန်တွင်းဟာ စိန်သုံးသန်းဖိုး လောက် ထွက်လိမ့်မယ်လို့ အကြမ်းဖျင်း ခန့်မှန်းထားတယ်၊ မယုံကြည် နိုင်စရာ ကောင်းလောက်အောင် မင်းဟာ ကုသိုလ်ကံထတာပါပဲလား စင်တိန်"
စင်တိန်က ခေါင်းကို အသာငဲ့လိုက်ပြီး သာမန် လေသံမှန်ဖြင့် ပြန်ပြောလိုက်သည်။
"ရှင်က ကျွန်မဆီမှာ အလုပ်လာတဲ့လူလဲ ဖြစ်တယ်၊ ပြီးတော့ ရှင်နဲ့ ကျွန်မ အခု ဆက်ဆံရေးကလဲ သာမန် ဆက်ဆံရေး ပဲ ဖြစ်တယ်၊ ဒီတော့ ရှင် နောက် ကျွန်မကို စင်တိန်လို့ ရင်းရင်းနှီးနှီး ခေါ်လို့ မရဘူး၊ အလုပ် သဘော အရ မစ္စက်ကုတ်နေလို့ပဲ ခေါ်၊ စင်တိန်လို့ ခေါ်စရာ ရှေ့အဖို့ အကြောင်းမရှိတော့ဘူး"
လိုသာ မျက်နှာတွင် အပြုံးများ ပျောက်ကွယ်သွားသည်။ လိုသာ့က ဘာမှမပြောနိုင်တော့ဘဲ ငြိမ်ကျသွား သည်။
"ကဲ အခု ရှင်လုပ်မယ်ဆိုပြီး ကန်ထရိုက်ယူထားတဲ့ အလုပ်ကိစ္စအကြောင်း ဆွေးနွေးကြရအောင်"
"ခင်ဗျား က ကျွန်တော့်ကို အခု အလုပ်ချက်ချင်း စလုပ်စေချင်ပြီလား၊ မွေးဖွားပြီးမှ စလုပ်မှာ မဟုတ်ဘူး လား"
"ချက်ချင်း အလုပ်စစေချင်တယ်၊ တောင်ကြားချိုင့်ဝှမ်းထဲကို ၀င်တဲ့ လိုဏ်ခေါင်းလမ်း ရှင်းလင်းရေး လုပ်ငန်း ကို ကျွန်မကိုယ်တိုင် ကြီးကြပ်ကွပ်ကဲမယ်၊ နက်ဖြန်ည လုပ်ငန်းစမယ်"
နေ၀င်ချိန် အရောက်တွင် သူတို့ အသင့် ဖြစ်နေကြသည်။ ပျားလိုဏ်ခေါင်းဝသို့ သွားသော လမ်း တစ်လျှောက်မှာ ချဲ့ထွင်ထားသဖြင့် ကျယ်ဝန်း ရှင်းလင်းနေသည်။ လိုသာ့ အလုပ်သမားများက သစ်ကိုင်း သစ်ခက် များ အသင့် လုပ်ထားကြသည်။
အမှောင်ထု လုံးဝ ဖုံးသွားသည့်အခါ ပျားကောင်များသည် လိုဏ်ခေါင်းထဲသို့ ပြန်ဝင်သွားကြသည်။ ပျားများ သူ့နေရာတွင်သူ သူ့အိပ်တန်းဝင်ကာ နေသားတကျ ဖြစ်သွားစေရန် စင်တိန်က နောက်ထပ် တစ်နာရီ ခန့် အချိန်ပေး စောင့်နေလိုက်သည်။
ထို့နောက် လိုသာအား ခပ်တိုးတိုး ပြောလိုက်သည်။
"မီးခိုးမှိုင်းတိုက်မယ်အိုးတွေမှာ မီးထည့်ပေတော့"
လိုသာ၏ အယုံကြည်စိတ်ချရဆုံး လူလေးယောက်က မီးအိုးများထဲသို့ ကုန်းကာ မီးစတင် မွေးကြသည်။ မီးအိုး များမှာ အသားငါးပိသာဆန့် ဆန်သံပုံးများ ဖြစ်သည်။ ထိုအိုးများထဲတွင် မီးသွေးများနှင့် စင်တိန် ကိုယ်တိုင် ညွှန်ပြ ခူးယူခိုင်းထားသော ဆေးရွက်များ၏ လျှို့ဝှက်အာနိသင်ကို တစ်ကြိမ်က အိုဝါ လက်တွေ့ ပြသထား၍ စင်တိန် သိနေခြင်း ဖြစ်သည်။
ဆေးရွက်အိုးများအား အလုပ်သမားများက မီးမွှေးနေချိန်တွင် စင်တိန်သည် အိုဝါအား သတိရမိသည်။ ဆေးရွက် များကို မီးစွဲလောင်သောအခါ စူးရှသော အနံ့များ က ထွက်လာသည်။ အိုးလေးလုံးစလုံး အတွင်း ရှိ ဆေးရွက် ဆေးမြစ်များ ညီညီညာညာ မီးစွဲလောင်ပြီး မီးခိုးများ တထောင်းထောင်း ထ လာသောအခါ လိုသာက သူ့လူများအား အမိန့်ပေးလိုက်သည်။ ထိုအခါ သူ့လူများက အိုးများကို ဆွဲယူကာ ဥမင်လိုဏ်ခေါင်း အ၀သို့ ဦးတည်သွားကြသည်။
သူတို့၏ ခန္ဓာကိုယ် အောက်ပိုင်းတွင် သားရေဖိနပ်ရှည်ကြီးများ စီးပြီး သားရေဘောင်းတီများဝတ်ကာ ကာကွယ်ထားကြသည်။
သူတို့ခေါင်းများနှင့် ကိုယ်ခန္ဓာအထက်ပိုင်းတွင်မူ ခြင်ထောင်အဖြူများဖြင့် အုပ်ပြီး ပတ်ထားကြသည်။ တစ်ယောက်ပြီး တစ်ယောက် လိုဏ်ခေါင်းလမ်းထဲသို့ ကုန်းကုန်း ကုန်းကုန်းဖြင့် ၀င်သွားကြသည်။ သူတို့ လက်ထဲ မှ ဆွဲသွားကြသော မှိုင်းတိုက်မီးအိုး သံပုံးများထဲမှနေ၍ အပြာရောင်မီးခိုးများက တထောင်းထောင်း ထပြီး ပါသွားသည်။
ထိုအလုပ်သမား များ လိုဏ်ခေါင်းထဲ ၀င်သွားပြီးနောက် တစ်နာရီကြာမှ စင်တိန်နှင့် လိုသာ လိုက်ဝင်သွား သည်။
စူးရှသောအနံ့များ ထွက်နေသည့် မီးခိုးလုံးများက လိုဏ်ခေါင်းထဲတွင် ခိုနေသည်။ ထို့ကြောင့် ရှေ့သို့ အနည်းငယ် သာ လှမ်းမြင်နိုင်သည်။ မီးခိုးအငွေ့များကြောင့် ခေါင်းထဲတွငက် မူးဝေလာကာ ပျို့ချင် အန်ချင် သလို ဖြစ်လာသည်။ သို့သော် ပျားကောင်များ၏ တ၀ီဝီမြည်သံများမှာမူ ယခင်အခါ များ ကလောက် အသံ မကျယ်လောင်တော့ဘဲ မီးခိုးမှိုင်းငွေ့များကြောင့် အသံတိုးတိုးသဲ့သဲ့သာ မြည်နိုင် တော့သည်။ ပျားကောင် များသည် ဆေးငွေ့ဆေးအနံ့သာ မြည်နိုင်တော့သည်။ ပျားကောင်များသည် ဆေးငွေ့ ဆေးအနံ့ မှိုင်းမိလာ ကာ ပျားအုံများနှင့် ဥမင်လိုဏ်ခေါင်းအခိုတွင် တွယ်ကပ် ယစ်မူး နေကြသည်။
စင်တိန်သည် လိုဏ်ခေါင်းပေါက်ထဲမှနေ၍ တောင်ကြားချိုင့်ဝှမ်းထဲသို့ လျင်မြန်စွာ ထွက်လိုက်သည်။ ချွေးပြန်နေသော မျက်နှာပေါ်တွင် အုပ်ထားသည့် ခြင်ထောင်ကို ဆွဲဖယ်သည်။ ညဥ့်လေ အေးအေးလေးကို တစ်ဝကြီး ရှူလိုက်မှသာ ရင်ထဲ၌ ကောင်းသွားပြီး ပျို့ချင်အန်ချင်စိတ်များ ပြေပျောက် သွားသည်။
လိုသာအား စင်တိန်က ပြောလိုက်သည်။
"ရှင့်လူတွေကို ပြောလိုက်တော့၊ လိုဏ်ခေါင်းထဲမှာ သစ်ကိုင်းသစ်ခက်တွေ သွားပုံလို့ရပြီလို့၊ ဒါပေမယ့် ပျားအုံတွေကိုတော့ မထိစေနဲပနော်၊ ပျားအုံတွေက လိုဏ်ခေါင်းအမိုးကနေပြီး အောက်ကို အတော်နိမ့် အောင် တွဲလောင်းကျနေတာ"
စင်တိန်သည် လိုဏ်ခေါင်းအမှောင်ထဲသို့ ပြန်မ၀င်တော့ပေ၊ အပေါက်ဝဘေးဘက်တွင် သွားထိုင်နေသည်။ လိုသာ့လူများ သစ်ကိုင်းသစ်ခက်များ ယူကာ လိုဏ်ခေါင်းထဲ ပြန်ဝင်သွားက်ြသည်။
သန်ခေါင်းကျော်အချိန်တွင် လိုသာက စင်တိန်အား သတင်းလာပို့သည်။
"အဆင့်သင့်ဖြစ်ပြီ"
"ဒါဆိုယင် ရှင့်လူတွေ ခေါ်ပြီး တောင်ကြားချိုင့်ဝှမ်းအောက်ဘက်ကို ဆင်းပေတော့၊ အဲဒီမှာ ရှင်တို့ နှစ်နာရီ နေပြီးမှ ဒီနေရာကို ပြန်တက်လာခဲ့"
"ကျွန်တော်တော့ ခင်ဗျားလုပ်တာ နားမလည်နိုင်တော့ဘူးဗျာ"
"ဒီမှာ ကျွန်မတစ်ယောက်တည်း ခဏလောက် နေချင်လို့ပါ"
စင်တိန်သည် တစ်ယောက်တည်း ထိုင်နေပြီး လိုသာနှင့် သူ့လူများ အောက်ဘက်သို့ ဆင်းသွားသည့် အသံ များ ပျောက်ကွယ်သည်အထိ စောင်နေ့လိုက်သည်။
အသံများ လုံးဝ ပျောက်သွားသောအခါ စင်တိန်သည် ကောင်းကင်သို့ မော်ကြည့်လိုက်သည်။ တောင်ကြား ချိုင့်ဝှမ်းအပေါ်တည့်တည့် ကောင်းကင်တွင် အိုဝါ၏ မွေးနေ့ကြယ်ကို တွေ့လိုက်ရသည်။
"မဟာခြင်္သေ့ကြယ်မင်း၊ ကျွန်မကို ခွင့်လွှတ်တော်မူပါ"
စင်တိန်သည် ထိုင်ရာမှ ထပြီး မီးအိမ်ကို ဆွဲကာ ကျောက်တောင်နံရံဆီသို့ လေးကန်စွာ သွားလိုက်သည်။ မီးအိမ် ကို ခေါင်းပေါ်သို့ မြှောက်ပြီး ဆန်လူမျိုးတို့၏ နံရံဆေးရေး ပန်းချီအရုပ်များကို ကြည့်လိုက်သည်။ နံရံ ပေါ်မှ အီလန်နှင့် မင်းတစ် တို့၏ ပုံများသည် မှန်အိမ်မီးရောင်တွင် တဖျပ်ဖျပ်တောက်နေသည်။
"အီလန်နှင့်မင်းတစ် နတ်မင်းများ၊ ကျွန်မကို ခွင့်လွှတ်တော်မူပါ၊ သတ္တ၀ါတို့ ထာဝရရှင်သန်သော ဤနေရာ ကို စောင့်ကြပ်ကြသည့် အစောင့်အကြပ်များအားလုံး မကြာခင်သေကြရတော့မည် ဖြစ်၍ ကျွန်မအား ခွင့်လွှတ်တော် မူပါ၊ ဒီကိစ္စကို ကျွန်မအကျိုးအတွက် ပြုလုပ်ခြင်း မဟုတ်ပါ။ သင်တို့၏ မြင့်မြတ်သော ဤနေရာ တွင် မွေးဖွားခဲ့သော ကလေးအတွက် ရေကောင်းရေသန့်များ ဖန်တီးပေးနိုင်ရန် ပြုလုပ်ရခြင်း ဖြစ်ပါတယ်"
စင်တိန်သည် ပျားလိုဏ်ခေါင်းဝသို့ လေးကန်စွာ ပြန်လာပြီး ပြောလိုက်ပြန်သည်။
"အိုဝါနဲ့ ဟာနီ၊ သင်တို့၏ ၀ိညာဉ်များက ကျွန်မကို စောင့်ကြည့်နေကြပါသလား၊ ကျွန်မ အခုကိစ္စကို လုပ်လိုက်ယင် ကျွန်မကို ဆက်လက် မစောင့်ရှောက်ကြတော့ဘူးလား၊ ကြောက်စရာကောင်းတဲ့ သစ္စာ ဖောက်မှုကြီးကို ကျွန်မ ကျူးလွန်ပြီးတဲ့နောက်မှာ နမ်ချိုင်းနဲ့ ရှာဆာကို အိုဝါနဲ့ ဟာနီက ဆက်လက် ချစ်ဦး မှာ လား၊ ဆက်လက် စောင့်ရှောက်ဦးမှာလား"
စင်တိန်သည် ဒူးထောက်ထိုင်ချလိုက်သည်။ ဆန်လူမျိုးများ ကိုးကွယ်သော နတ်အားလုံးကို တိတ်ဆိတ်စွာ ရှိခိုး တောင်းပန်နေသည်။ အချိန် နှစ်နာရီကုန်သွားသည်ကိုပင် မသိလိုက်။ အောက်ဘက်မှ တက် လာသော လူများ၏ အသံများကို ကြားရမှ သတိပြန်ဝင်လာသည်။
လိုသာက လက်တစ်ဖက်စီတွင် ဓာတ်ဆီတစ်ပုံးစီ ကိုင်လာပြီး လိုဏ်ခေါင်းပေါက်ဝရှေ့ရှိ စင်တိန် ရှေ့တွင် လာရပ်သည်။
"ကဲ လုပ်ပေတော့"
စင်တိန်က အမိန့်ပေးလိုက်သည်။ လိုသာသည် ဓာတ်ဆီပုံးနှစ်လုံးကို ဆွဲပြီး ပျားများရှိသော လိုဏ်ခေါင်းထဲ သို့ ၀င်သွားသည်။
ဓာတ်ဆီပုံး အခွံ သတ္တုပါးပါးအား ဓားဖြင့် ထိုးဖောက်သောအသံ၊ အထဲမှ ဓာတ်ဆီများ ပန်းထွက်လာသော အသံ တို့ကို စင်တိန် အပြင်မှ ကြားရသည်။ ပြင်းထန်စူးရှသောအနံ့ကလည်း လိုဏ်ခေါင်းထဲမှနေ၏ ဝေ့ထွက် လာသည်။ တစ်ချိန်တည်း မှာပင် ဓာတ်ဆီအနံ့ ကြောင့် စောစောက မူးယစ် ငိုက်မျဉ်း နေသော ပျား များ လန့်နိုးကာ အော်မြည်လာသော အသံများကိုလည်း ကြားလိုက်ရသည်။
လိုသာသည် လိုဏ်ခေါင်းထဲမှ ပြေးထွက်လာရာ ဓာတ်ဆီအကြွင်းအကျန်များက သူ့နောက်မှ ကြွက်မြီးတန်း ၍ ကျလာသည်။ ထို့နောက် ဓာတ်ဆီပုံးများကို အ၀တွင် လွှတ်ချထားလိုက်သည်။
"မြန်မြန်လုပ်၊ ပျားတွေ ထွက်မလာခင် မြန်မြန်လုပ်"
စင်တိန်က အော်ဟစ်သတိပေးလိုက်သည်။ ပျားတချို့ထွက်လာပြီး စင်တိန့်အနားမှ လက်ဆွဲမီးအိမ် အလင်းရောင်ဆီသို့ ပျံသန်းလာသည်။
စင်တိန် သည် မီးအိမ်ကို ဆတ်ခနဲ ကောက်ယူပြီး လိုဏ်ခေါင်းအခင်းပေါ်သို့ ပစ်ကျကာ မှန်များကွဲသွားပြီး လိမ့် သွားသည်။ မီးအိမ်မှမီးက ဓာတ်ဆီအစက်များဆီသို့ ကူးသွားပြီး ဓာတ်ဆီများက မီးဟုန်းဟုန်း ထတောက် တော့သည်။
လိုဏ်ခေါင်းထဲတွင် မီးလောင်ပေါက်ကွဲသွားရာ မြေကြီး ပါ အနည်းငယ်တုန်သွားပြီး စင်တိန်ပင် နောက်သို့ အနည်းငယ် ယိုင်သွားသည်။ လိုဏ်ခေါင်းအပေါက်ဝတွင် မီးဟုန်းဟုန်းတောက်နေပြီး အပြင်သို့ပင် မီးစွယ် များ တိုးထွက်နေသည်။ အထဲမှ သစ်ကိုင်းသစ်ခက်များ မီးတောက်လောင်နေရာ အပူငွေ့က အပြင်ဘက် သို့ ပါဟပ်လာသဖြင့် စင်တိန် နောက်သို့ အနည်းငယ်ဆုတ်သည်။ ပျားကောင်များသည် မီးလျှံအောက်တွင် အတုံး အရုံး သေကြသည်။
ထိုအချိန်တွင်ပင် စင်တိန်သည် လိုဏ်ခေါင်းထဲ၌ လေးလံသော အတုံးကြီးများ အောက်သို့ တဘုန်းဘုန်း ပြုတ် ကျသော အသံများကို ကြားရပြန်သည်။ စင်တိန်တွေဝေသွားသည်။ သက်ရှိ သတ္တ၀ါများ အမိုးပေါ်မှ ပြုတ် ကျသည့် အသံမျိုး ဖြစ်သည်။ သို့သော် လိုဏ်ခေါင်းဝ ကျောက်သားမြေပြင်ပေါ်မှနေ၍ မည်းနက် စေးထိုင်း သော အရည်ပျစ်များ စီးထွက်လာသည်ကို မြင်ရတော့မှ စင်တိန် သဘောပေါက် နားလည်သွား သည်။
"ပျားရည်တွေပါလား၊ ပျားလဘို့တွေပြုတ်ကျပြီး အရည်ပျော် စီးထွက်လာတာကိုး"
ပျားသတ္တ၀ါ များ နှစ်ပေါင်းရာချီပြီး စုဆောင်းဖွဲ့စည်းထားသော ပျားလဘို့ကြီးများသည် လိုဏ်ခေါင်းနံရံ၌ တွဲကျ နေရာမှ အောက်ဘက်မှ မီးအပူရှိန်ကြောင့် ပြုတ်ကျလာကြသည်။ ထို့နောက် အပူရှိန်ကြောင့်ပင် အရည်ပျော် ပေါက်ကွဲကာ ပျားရည်များ စီးဆင်းထွက်လာခြင်း ဖြစ်သည်။ ပျားရည်အနံ့က လေထဲတွင်ပင် စေးထန်း နေသည်။
သန်းခေါင်ကျော်မှစ၍ လောင်မြိုက်သောမီးသည် အရုဏ်မတက်မီကျမှ ငြိမ်းသွားသည်။ စင်တိန်က တစ်ချိန် လုံး ရပ်ကြည့်နေသည်။ နံနက် အလင်းရောင် လာချိန်တွင် ကျောက်တောင်ကျောက်စွန်းများ၌ ကျပ်ခိုး များ နှင့် မည်းနေသည်ကို တွေ့ရသည်။ လိုဏ်ခေါင်းတစ်လျှောက်တွင်လည်း မည်းမှောင် ပျက်စီး နေသည်။ အောက်ဘက်မြေပြင်တွင် စေးထန်းသော ပျားရည်များ စီးဆင်းနေသည်။
စင်တိန်သည် နံနက်လင်းချိန်တွင် ခြင်္သေ့သစ်ပင်စခန်းရှိ သူမ၏ သစ်တပ်ဆီသို့ ပြန်ရောက်လာသည်။ စင်တိန် က သစ်တပ်သို့ ဒယိမ်းဒယိုင်ဖြင့် ရောက်လာရာ စစ္စတာအမယ်လီယာနာက ဆီးကြိုဆွဲခေါ်ပြီး ရေမိုးချိုး ပေးကာ အိပ်စင်ပေါ်သို့ တင်ပေးလိုက်သည်။
ထိုနေ့ မွန်းလွဲ တစ်နာရီအချိန်တွင် စင်တိန် ဗိုက်စနာပြီး မီးဖွားခန်းသို့ ၀င်ရတော့သည်။
စင်တိန်အဖို့ ကလေးမျက်နှာမြင်ရခြင်းထက် အသက်လုတိုက်ပွဲ နွှဲနေရခြင်းနှင့် ပိုတူသည်။
ထိုနေ့ မွန်းလွဲပိုင်း တစ်ချိန်လုံးနှင့် ညပိုင်းတွင် မိခင်ရော ကလေးပါ ရုန်းကန်လှုပ်ရှားကာ တိုက်ပွဲဝင်နေရ သည်။
စင်တိန် သည် ဗိုက်နာသော ဒဏ်ကို အံကြိတ်ပြီး တင်းခံသည်။
"ငါ မငိုဘူး၊ ငါ့ကို မင်း ငိုအောင် လုပ်လို့ မရဘူး"
စင်တိန်သည် ရှာဆာကို မွေးစဉ်က ဟာနီက သွန်သင်ပြသခဲ့သည်များကို သတိရသည်။ သို့သော် ယခု တစ်ကြိမ် တွင် မစ္စတာအယ်မလီယာနာ ပြသည့်အတိုင်း လိုက်လုပ်နေရသည်။ ဟာနီနှင့် မွေးရတာ လောက် အဆင်မပြေဘဲ ဖြစ်နေသည်။
"မုန်းတယ် ... မုန်းတယ်၊ မင်းတို့ကို သိပ်မုန်းတယ်"
ဝေဒနာခံစား ရတိုင်း စင်တိန် က ဒေါသဖြင့် ညည်းတွားမိသည်။
"မွေးစမ်း ... မြန်မြန်မွေးစမ်း၊ မြန်မြန်မွေးပြီးမှ အေးမယ်"
လိုသာသည် တစ်ကြိမ်တွင် အပြင်မှနေ၍ လှမ်းမေးသည်။
"စစ္စတာ ဘယ်လိုလဲ၊ အခြေအနေကောင်းရဲ့လား"
"ကြောက်စရာပဲဟေ့ ... အမျိုးသမီးက ကလေးမွေးတာနဲ့ မတူဘဲ စစ်တိုက်တာနဲ့ တူနေတယ်" စစ္စတာက ပြန်ပြီး လှမ်းပြောလိုက်သည်။
အရုဏ်မတက်မီ နှစ်နာရီအလိုတွင် စင်တိန် နောက်ဆုံး အားကုန်ညှစ်ပြီး ကြိုးပမ်းလိုက်ရာ ကလေး ၀မ်းမှ ကျွတ်သွားတော့သည်။ ၀မ်းမှကျွတ်ပြီး တစ်မိနစ်ခန့်အကြာတွင် ကလေးငိုသံက ညအမှောင်ထုနှင့် တိတ်ဆိတ်မှု ကို ဖောက်ထွင်းထွက်ပေါ်လာတော့သည်။
"မင်း ငိုတယ်လား၊ ငိုပေါ့၊ ငါ မငိုဘူး"
စင်တိန်က ရေရွတ်လိုက်သည်။ စင်တိန်သည် သူ့ခန္ဓာကိုယ်၌ သန့်ရှင်းစင်ကြယ်သွားပြီဟု ခံစားလိုက်ရပြီး အိပ်ပျော် သွားသည်။
စင်တိန်အိပ်ရာမှနိုးသောအခါ လိုသာက သူမအိပ်စင်ခြေရင်းတွင် မတ်တတ်ရပ်နေသည်။ နံနက်ဦး အလင်းရောင် က လိုသာ့နောက်ဘက်မှ ထိုးနေရာ လိုသာကို ရေးရေးသာ စင်တိန် မြင်ရသည်။
"ယောက်ျားလေး မွေးတယ်၊ မင်း သားတစ်ယောက်ရပြန်တာပေါ့"
လိုသာ က အချိုသာဆုံး ပြောလာသည်။
"ဟင့်အင်း ... ကျွန်မကလေး မဟုတ်ဘူး၊ ရှင့်ကလေး"
သို့သော် သားကလေး၊ ယောက်ျားကလေး၊ ငါ့အသွေးငါ့အသားတွေရဲ့ အစိတ်အပိုင်းပါလားဟု စင်တိန် တွေးမိသည်။
"ကလေးဆံပင်တွေက ရွှေရောင်ဝင်းလို့"
လိုသာ က ပြောလိုက်ပြန်သည်။
"ကျွန်မ မသိချင်ဘူး၊ ကျွန်မတို့ အပေးအယူလုပ်ထားတဲ့အတိုင်း ဘာမှသိစရာ မလိုတော့ဘူး"
သူ့ ဆံပင်လေး တွေက နေရောင်မှာ ရွှေရောင်တောက်နေမှာပဲ၊ သူ့အဖေ လိုပဲ ချောလိမ့်မယ်ထင်တယ်၊ စင်တိန့် စိတ်ထဲ က တွေးမိလိုက်ပြန်သည်။
"ကလေးနာမည်ကို မင်းဖရက် လို့ ပေးထားတယ်၊ ငါ့ပထမကလေးနာမည်အတိုင်း ပေးထားတာ"
"ရှင်ကြိုက် သလို ပေး၊ ကြိုက်သလိုခေါ်၊ ကျွန်မနဲ့ ဝေးနိုင်သမျှ ဝေးတဲ့နေရာကို ခေါ်သွားပေတော့"
မင်းဖရက်၊ ငါ့သား ... စင်တိန့် အသည်းကွဲပြီး တစ်စစီ ကြွေသွားသလို ရင်ထဲက ခံစားနေရသည်။
"ကလေးကို နို့ထိန်း က နို့တိုက်နေတယ်လေ၊ မင်း ကြည့်ချင်တယ်ဆိုယင် ခေါ်လာပြီး ပြမယ်လေ"
"မကြည့်ချင်ဘူး၊ ဘယ်တော့မှ မမြင်ချင်ဘူး၊ ဒါ ကျွန်မတို့ရဲ့ အပေးအယူစည်းကမ်းပဲ၊ ခေါ်သာ သွားပါတော့"
စင်တိန့်ရင်သား များက တင်းလာသည်။ နို့ချိုတိုက်ကျွေးရန် ငံ့လင့်နေသည်။
"ကောင်းပြီလေ"
လိုသာ သည် စင်တိန်ဘာပြောဦးမလဲဟု တစ်မိနစ်ခန့် စောင့်နေသေးသည်။ သို့သော် စင်တိန်က မျက်နှာ လွှဲ လိုက်သည်။
"စစ္စတာအယ်လီယာနာ က ကလေးကို သူနဲ့တူတူ ခေါ်သွားလိ့မ်မယ်၊ သူတို့ အခုပဲ ၀င်းဟုပ်မြို့ကို ချက်ချင်း သွားကြလိမ့်မယ်"
"မြန်မြန်သွားပါ လို့ သူ့ကို ပြောလိုက်ပါ၊ ရှင့်ကလေးကိုလဲ တစ်ပါတည်း ခေါ်သွားပါစေ"
အလင်းရောင် က လိုသာ့ ကျောဘက်မှ ပျပျသာထိုးနေ၍ လိုသာ့မျက်နှာကို စင်တိန် မမြင်ရပေ။
လိုသာ ချာခနဲလှည့်ပြီး တဲထဲမှ ထွက်သွားသည်။ ထို့နောက် မိနစ်အနည်းငယ်အကြာတွင် မော်တော်ကား စက်နှိုးသံ၊ ကားထွက်သွားသံနှာင့် ကားစက်သံ တဖြည်းဖြည်းဝေးပြီး ပျောက်သွားသံများကို စင်တိန် ကြား နေရသည်။
စင်တိန် သည် တိတ်ဆိတ်ငြိမ်သက်သော တဲထဲမှ အိပ်စင်ပေါ်တွင် ပက်လက်လှန်နေရင်း ကာထားသော တာလပတ်စ ၏ ဟနေသော နေရာမှနေပြီး နေမင်းကြီး ထွက်ပြူလာနေသည်ကို ကြည့်နေမိသည်။
သူမချစ်သော သဲကန္တာရ၏ လေသင်းနံ့လေးကို တစ်ဝကြီး ရှူရှိုက်မိသည်။ သို့သော် သွေးညှီနံ့ရလာသဖြင့် ရသ ပျောက် သွားရပြန်သည်။ အနံ့က မိမိသားမွေးသော သွေးနံ့လော၊ ပူပူလောင်းပြင်းထန်လှသည့် ကာလာဟာရီ သဲကန္တာရ နေရောင်အောက်မှ ဟာနီ၏ သွေးခဲများ အနံ့လော ... သူမ မဝေခွဲတက်နိုင်။
ကျောက်တောင် ကျောက်တုံးများပေါ်မှ ဟာနီ့သွေးကွက်များ၏ ပုံရိပ်က စင်တိန်၏ မျက်စိထဲက အမြင်ကို တစ်မျိုး ပြောင်းသွားစေသည်။ ပျားရည်များ ဆူပွက်လောင်မြိုက်ပြီး ပင်လယ်နက် သဖွယ် စီးဆင်းလာပုံကို ပြန်မြင် ရသည်။ သကြားနံ့ သင်းသော ပျားရည်နံ့က သွေးနံ့ကို လွှမ်းသွားကြပြန်သည်။
မီးခိုးငွေ့များထဲတွင် အသည်းပုံသဏ္ဍာန် ဟာနီ၏ ပုံရိပ်ကို စင်တိန်က ရေးရေးမြင်ယောင်လာပြန်သည်။
"ကလေးအတွက် ... ရှာဆာအတွက်ပါ"
စင်တိန်က တိုးတိုးလေး ညည်းတွားလိုက်သည်။ မီးခိုးငွေ့များထဲမှ သဏ္ဍာန်ပုံရိပ်က ပျောက်ကွယ်ပြီး စင်တိန် ၏ ပထမကလေးပုံရိပ် ပေါ်လာသည်။
"ရှာဆာ ... လူကလေး၊ မင်း ရေကောင်းရေသန့်ကို ထာဝရ ရှာတွေ့နိုင်ပါစေ သားလေးရယ်
သို့သော် ရှာဆာ့ဦးခေါင်း မှ အနက်ရောင်ဆံပင်များက ရွှေရောင်သို့ ပြောင်းသွားသည်။
"ငါ့ရဲ့သားငယ်လေး ... မင်းလဲ ရေကောင်းရေသန့်ရှာတွေ့ပါစေလို့ အမေဆုတောင်းပါတယ်"
ထို့နောက် မီးခိုးနဂါးငွေ့တန်း ထဲတွင် ပုံရိပ်တစ်ခု ထပ်မံ ပေါ်လာပြန်သည်။
ထိုပုံရိပ် သည် လိုသာ့မျက်နှာလား၊ မိုက်ကယ့်မျက်နှာလား စင်တိန် ဝေခွဲပိုင်ခြား၍ မရပါချေ။
"ငါ တစ်ယောက်တည်း အထီးကျန် ဘ၀ပါလား၊ တစ်ယောက်တည်း မနေချင်ပါဘူး" စင်တိန် ခပ်တိုးတိုး ပြော လိုက်သည်။
ထိုစဉ် သူမပြောသွားသော စကားလုံးတချို့ကို ပြန်ကြားလာရသည်။
"အခုလောလောဆယ်မှာတော့ ခင်ဗျားဟာ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး အမျိုးသမီးတစ်ယောက် ဖြစ်ကောင်း ဖြစ်နေပြီဗျ"
"ငါပိုင် တဲ့ စိန်တွေအားလုံး၊ ဟာနီ့ စိန်တွင်းက စိန်တွေ အားလုံးကို ငါချစ်တဲ့သူကို ပေးမယ်၊ သူရယ်၊ ငါရယ်၊ ငါ့သားနှစ်ယောက်ရယ် ပျော်ပျော်နေမယ်"
စင်တိန် ထိုသို့ အတွေးဝင်လာပြန်သည်။
သို့သော် ချက်ချင်း အတွေးတစ်မျိုး ပြောင်းသွားပြန်သည်။ ပထမအတွေးကို ဒေါသတကြီး ချေဖျက် လိုက်သည်။
"ဒီအတွေးဟာ အားပျော့သူ၊ သူရဲဘောကြောင်သူ၊ စိတ်မတည်ငြိမ်သူ မိန်းမျိုးရဲ့ ဂယောင်ချောက်ချား အတွေး တွေပဲ၊ ငါဟာ အခုလောလောဆယ် အားအင်ကုန်ခန်းပြီး ပင်ပန်း နွမ်းနယ်နေသေးတယ်၊ နေမကောင်း နေသေးတယ်၊ ငါအခု အိပ်ရမယ်"
စင်တိန် ကိုယ့်ကိုယ်ကိုယ် အားတင်းပြီး မျက်စိမှိတ်လိုက်သည်။ ထို့နောက် ပြောလိုက်ပြန်သည်။
"မနက်ဖြန် ... မနက်ဖြန်ကျယင် ငါအားပြည့်လာမယ်၊ သတ္တိ ရှိလာမယ်၊ ရဲဝံ့လာမယ်၊ ပြတ်သားလာမယ်၊ ငါ့အတွက် မနက်ဖြန်က စောင့်ကြိုနေတယ်"
ဆက်ရန်
.
1 comment:
ဒီအမေတော့ ပါးနားတောင်ဆွဲရိုက်ပစ်ဖို့ကောင်းတယ်။ သူသောင်းကျန်းလို့ ရလာတဲ့ ကလေးမဟုတ်လို့ ဘာလဲ။ ဇာတ်လမ်းက မိန်းမရေးတာ မဟုတ်ဘဲ ယောက်ျားတစ်ယောက် စိတ်ကူးယဉ်ပြီး ရေးထားတာထင်တယ်။
သူ့ကလေးကို လူမည်းအမေတွေက နို့တိုက်မှာ မကြိုက်ရအောင် သံသရာမှာ သူရော ဒီလိုဘဝတွေ မရောက်ခဲ့ဖူးလို့လား။
Post a Comment