Friday, October 21, 2011

မောင်သော်က ၏ ညနေခင်းများ, အပိုင်း (၅)

ယမကာ ညနေမင်း(၅)

ကျွန်တော်၏ ယမကာညနေခင်းများမှာ နဂိုအနေအားဖြင့် အိုကေကာ စိုပြေနေသော်လည်း လွန်ခဲ့သော လများ တွင် ခြောက်ကပ်နိုင်စပြုလာသည်ကို တွေ့ရသည်။ အဓိကမှာ အရပ်ပျက်၍ အရက်ပြတ်နေ ခြင်း ပေတည်း။ စားကုန်နှင့် အဖျော်ယမကာကော်ပိုရေးရှင်းတွင် တစ်လ လျှင် ကျွတ်တန်းဝင် ပုလင်းကလေး နှစ်ပုလင်း၊ သုံးပုလင်း ဝယ်ယူရရှိပါမည့်အရေးမျက်နှာကို ဆီးရွက်လောက် သေးသေး လေးထားလျက် လျှောက်ထား ဝယ်ယူ နေရသည်မှာလည်း အောက်တန်းကျလှသည်ဟု ထင်သည်။ မှောင်ခိုတွင် ဝယ်ပြန် တော့လည်း ဈေးက အဆမတန်။ တစ်ပုလင်း တစ်ရာကျပ်မျှမက ရောင်းချနေကြ သည်။ ဒီအထဲ "အင်'' က ပါလိုက်ပြန်သေးသည်။

မနေနိုင်သူ မတတ်နိုင်သူ ယမကာလုလင်ကြီးများမှာတော့ ယောင်္ကျားတန်မဲ့ အဖြူဆင်းကုန်ကြသည်။ ကျွန်တော် ကမူ ဖြူဖြူ ခေါ် အိုပီထိ ဆင်းမသောက်နိုင်သေး။ ဂျာမကာရမ် နှင့် အမိ နို့ရည်ဖြတ်လာခဲ့သူမို့ ယမကာ ယောင်္ကျားကောင်း သိက္ခာကို မန္တလေးရမ်မှာပင် တင်ကျန်နေစေသေးသည်။ မာန်သာတင်း ထား ရသော်လည်း တစ်ခါတစ်ရံ ဟန်လုပ်ရန်ပင် မလွယ်တော့ပါ။ တချို့သော ယမကာ လုလင်ကြီးများ ဆိုလျှင် ဖြူဖြူ ပင် မတတ်နိုင်တော့။

 ဖြူဖြူ ကလည်း အစိုးရဈေး ရှစ်ကျပ်၊ အပြင်တွင် သုံးဆယ့်ငါးကျပ် ပေးနေရသည်။ ထို့ကြောင့် ဖြူဖြူမှ တစ်ဆင့် ဆင်းကာ ကော်နီကို နှိပ်နေရသည်။ ကော်နီ မှာ ယမကာ နယ်ပယ်တွင် တောမှာချက်သည့် နံနံ စော်စော် ချက်အရက်ပင်ဖြစ်တော့၏။ အဆိုတော်ကော်နီက "တာဇံ'' စတီရိယိုတေးကို ဆို၏။ တာဇံ တောမှာ နေသည်။ ထို့ကြောင့် ကော်နီညီမျှခြင်း တာဇံ၊ မျှခြင်းတော။ တောညီမျှခြင်း ချက်အရက်---- သို့လျှင် ကောက်ချက် ဆွဲ နိုင်သည်။ ကျွန်တော်ကမူ ကော်နီကို အနံ့ပင်ခံ၍ မရပါ။

ဤသို့ ယမကာပြဿနာအထွေထွေကို စဉ်းစားနေသည့် တစ်ညနေတွင် မိတ်ဆွေ  ပင်စင်နာကြီးနှင့် ရုပ်ရှင် ထုတ်လုပ်သူ ဒါရိုက်တာကြီးတို့ရောက်လာကြသည်။ သူတို့၏လက်တွင် လေးမျက်နှာကိုယ်တော် ခေါ်သည့် လေးထောင့်ပုလင်းတစ်လုံး ကိုင်လာကြသည်။

သော်။    ။ဟာ... ဒါရိုက်တာကြီး ကြွပါခင်ဗျာ။ ကြွပါ၊ အမယ် ကိုယ့်လူက ဘယ်ဆိုးလို့လဲ၊ ဂျော်နီဝါကား ဘလက်လေဘဲလ် နဲ့ ပါလား။ ချဲထီ ပေါက်လာတယ်ထင်တယ်။

ဒါ။    ။ထပ်သရီး... ဘယ်ကလာ ချဲထီတိုက်ရမှာလဲ။ ဒါလည်း ဂျော်နီဝါကား မဟုတ်ပါဘူး။ တရုတ် ဝီစကီ ပါ၊ ပုလင်းများလည်း သေသေချာချာကြည့်ပါဦး။

သော်။    ။ဟာ ဟုတ်သားပဲ၊ ပုလင်းပုံကတော့ ဘလက်လေဘဲလ်ပုံ၊ တံဆိပ်ကလည်း ခပ်ဆင်ဆင်၊ ယောင်ယောင် ပဲ သေးတယ်၊ ခင်ဗျားက "အင်"ကြီးများဖြစ်နေပါဦးမယ်။

ပင်။    ။စကားမများနဲ့၊ ဖန်ခွက်သာထုပ်၊ တရုတ်ဝီစကီ မြည်စမ်းကြည့်ကြတာပေါ့။ တရုတ်ဂျင် က တော့ မဆိုး ဘူးဗျ။ သူ့ဈေးနဲ့သူ ပေးတဲ့  ဘော်တဲလ်ကစ် (Bottle Kick) က တန်ပါတယ်။ (ပင် စင်နာများမှာ စကား ပြောလျှင် အင်္ဂလိပ်စကားလုံးညှပ်မပြောရသော် မကျေနပ်သူများဖြစ်ခြင်း ကြောင့် ညည်းခံခွင့်လွှတ် နားသောတ ဆင်ကြပါရန်)

သော်။    ။အင်း... တော်တော်ကြာ ဘော်တဲလ်ကစ် သာ မဟုတ်သေးဘဲ ဘတ်ကက်ကစ် (Kick the bucket) ဖြစ်နေလို့ စန့်နေပါဦးမယ်။ မြန်မာပြည်မှာတော့ တစ်လောဆီက အင်းစိန်မှာ အိုပီကို မက်သနော နဲ့ ရောစပ်ရောင်းလို့ သုံးယောက်ချောသွားပြီလို့ ကြားရတာပဲ။

ဒါ။    ။ကဲ ကဲ အရက်အိတ်စပတ်ကြီးက မြည်းစမ်းကြည့်ပြီး မှတ်ချက်ကလေး ပေးပါဦး။

သော်။    ။ပထမ အရက်သားလေးချည်း လက်တစ်ဆစ်လောက် ထည့်၊ ဖန်ခွက်ထောင်ကြည့်၊ အဲ... ဟုတ်ပြီ၊ အရောင်ကတော့ အရောင်၏ကောင်းခြင်းနဲ့ပြည့်စုံပြီ၊ ပြီး နမ်းကြည့်၊ အာ... သစ်ကြံ ပိုးစော် နံ တယ် စင်နာမွန် (Cinnamon) သစ်ကြံပိုးခေါက်နဲ့ ဘလဲန်းဒင်း (Blending) လုပ်ပြီး အနံ့သတ်ထားတာနဲ့ တူသဗျ။ နောက်ပြီး လျှာဖျားကလေးနဲ့ တစ်ငုံစာမြည်းစမ်း။ သေချာပါ သဗျာ။ ပူလိုက်ပုံက သစ်ကြံပိုး အပူ ပဲ။ ဒါလောက်ပူရင် ရေများများ ရေစပ်သော်မှ တော်ကာ ကျမယ်။ အသည်းရောင် အသည်းကျွတ်ရောဂါ အမြန်ဆုံး ရနိုင်တယ်။

ပင်။    ။ဒါပဲလားဗျာ၊ ခင်ဗျား မှတ်ချက်က။

သော်။    ။မပြီးသေးဘူး။ နောက်မှတ်ချက်ကိုတော့ နှစ်ပက်လောက် သောက်ပြီးမှ ပေးနိုင်မယ်။ သူက ပေး တဲ့ အရှိန်၊ ခင်ဗျားပြောတဲ့ ကစ်(Kick) ပေါ့ဗျ။ နှစ်ပက်လောက်သောက်ပြီးမှ အရှိန်က ရီ ဝေဝေမလာဘဲ ကိုယ် တွေသာ ပူလာမယ်ဆိုရင်တော့ ခင်ဗျားတို့ "အင်"နဲ့ တိုးပြီသာမှတ်။ နောက်မှတ်ချက်ကိုတော့ နောက် တစ်နေ့ နံနက် ဆီးသွားတဲ့အခါ ပူ နေရင် နံစော်နေရင် အာမိုးနီးယား (Ammonia) ဇဝက်သာနံ့ ထောင်းခနဲ ထလာရင် ဒီအရက်ဟာ တာရှည်စွဲသောက် ဖို့ မကောင်းဘူး။ ဒါပေမဲ့ ခင်ဗျား နောက်ကျ သွားပြီ။ ခေါင်းအုံ နေလိမ့်။

ပင်။    ။တယ်လည်း ဟုတ်ပါလားဗျာ။ ခင်ဗျားရဲ့စမ်းသပ်မှု (Test) က။

သော်။    ။နောက်ဆုံးစမ်းသပ်မှုကတော့ ခြောက်လလောက် စွဲသောက်ကြည့်ပါ။ ခင်ဗျားမျက်နှာကြီး ထူ အမ်းအမ်း ဖြစ်လာရင် မသန့်တဲ့ ဖျူဆီလ်အွိုင်း (Fusil Oil) တွေက ခင်ဗျားအသားအရေကို အန္တရာယ် ပေးလိမ့်မယ်။ ဒါကြောင့်မို့ ကျွန်တော် ပြောပါပကော... မိန်းမမှာကောင်းခြင်းငါးဖြာ သာရှိတယ်၊ အရက်မှာ ကောင်းခြင်း ခြောက်ဖြာရှိမှ အရက်ကောင်းလို့ ခေါ်တယ်။

ဒါ။    ။အရက်ကောင်း တို့၏ လက္ခဏာကို လင်းစမ်းပါဦး ကိုယ်တော်ကြီးရဲ့၊ ကျွန်တော်များ ကြားနာ မှတ်သား ရအောင်ပါ။

သော်။    ။စာမော်ကွန်းဆိုတဲ့ စာစောင်မှာ ကျုပ်ရေးထားခဲ့ပါပြီဗျာ။ အရက်ဟာ အရောင်၏ကောင်းခြင်း၊ အနံ့၏ ကောင်းခြင်း၊ အရသာ၏ ကောင်းခြင်း၊ မူးယစ်ခြင်း၏ ကောင်းခြင်း၊ အရှိန်ပြေခြင်း၏ ကောင်းခြင်း၊ တာရှည် မိတ်ဆွေပြု သုံးစွဲခြင်း၏ ကောင်းခြင်း တို့နဲ့ ပြည့်စုံမှ အရက်ကောင်း မည် တယ်။

ပင်။    ။ဒါဖြင့် အခု တရုတ်ဝီစကီကကောဗျာ။

သော်။    ။ပြောပါပကော၊ ခြောက်လလောက် စွဲသောက်မှ အပြီးသတ်မှတ်ချက်ကို ပေးနိုင်မယ်။ အ နည်းဆုံး သုံးလ ထားဗျာ။ လောလောဆယ်တော့ ယတိပြတ် မပြောနိုင်သေးဘူး။ သင့်ပါတယ် လို့ ဆိုရမယ်၊ သူ့ဈေးနဲ့သူ ပေါ့။ တစ်ခု ယတိပြတ်ပြောနိုင်တာက တရုတ်လူမျိုး ဆိုတာ အရက် ကောင်းကောင်း သောက်တတ်တဲ့ လူမျိုး မဟုတ်ဘူး။ ဒါကြောင့် အရက်ချက်ပညာမှာလိုသေး တယ်။ အနုမြူဗုံး တော့ လုပ်ကောင်းလုပ်နိုင်မယ်၊ အရက် ယဉ်ကျေးမှုနယ်ပယ် အရက်ချက် သိပ္ပံမှာတော့ သိပ် မထွန်းကား သေးဘူး။

ပင်။    ။ဗျာ... တရုတ် အရက်မသောက်တတ်ဘူး ဟုတ်လား။ မော်ထိုင်း ကတော့ နာမည်ကြီးလှချည် လား ဗျ။

သော်။    ။မော်ထိုင်း တို့၊ ရုရှဗော့ဒကာ တို့၊ ဂျပန်ဆာကေး တို့ဆိုတာ ကမ္ဘာမှာတော့ ခပ်ညံ့ညံ့အရက်တွေ ပါဗျာ။ ဒါပေမဲ့ ဗော့ဒကာ နဲ့ ဆာကေး ကတော့ ကမ္ဘာ့ဈေးကွက်မှာ အတော်လေးဈေးကွက်ဝင် နေပါပြီ။ အခု တရုတ် က ဝိုင်နဲ့လှည့်ပြီး ကမ္ဘာ့ဈေးကွက်ဝင်ဖို့ ကြိုးစားနေတယ်။ တရုတ်ပြည် မှာ လာ မြေနေရာ ရွေးပြီး စပျစ်ခြံစိုက်ပေးတယ်။ လွန်ခဲ့တဲ့ နှစ်လောက်ကစပြီး တရုတ်ဝိုင်ကို လီတာသန်းချီပြီး ထုတ်လုပ် လာတယ်။ အနောက်နိုင်ငံ ဈေးကွက်ကိုဝင်ဖို့ ကြိုးစားနေတယ်။ ဒါပေမဲ့ဗျာ ကျွန်တော်ပြောသလိုပါပဲ။ ကိုယ်တိုင် က ဟင်းကောင်း ကြိုက် မှ ဟင်းကောင်း ချက်တတ် သလို လူမျိုးက အရက်ကောင်း သောက်တတ် မှ အရက် ကောင်းကောင်း ချက်တတ်တယ်။ ဒါဟာ အခြေခံဥပဒေသ ပဲဗျ။ (ဤတွင် ဒါရိုက်တာကြီး သည် သူ့ဖန်ခွက် ကို ချကာ စီးကရက်ဘူးကို ထုတ်ယူ လိုက်ပြီး...)

ဒါ။    ။ကဲ ဟောဒါကလည်း တရုတ်စီးကရက်ဗျာ။ ခင်ဗျား ဘယ်လိုမှတ်ချက်ပေးဦးမှာလဲ၊ လုပ်စမ်း ပါဦး။

သော်။    ။အင်း... ကျုပ်တို့လည်း အဝတ်အစားနဲ့ ဆေးဝါးပစ္စည်းကအစ တရုတ်အားထားပြီး တရား အားထုတ် နေရပါပကော။ ဒူးယားစီးကရက်တွေ ရှားပါးတော့ တရုတ်စီးကရက်တွေ လှိမ့်ဝင် လာတာ ပေါ့ဗျာ။ ခင်ဗျား စီးကရက်က မင်လီ (Minle) ဆိုရင်တော့ ကျေးဇူးပြပြီး မသောက်ပါ နဲ့ဗျာ၊ အနံ့ အသက်ကြီး က ဆိုးလွန်းလို့ ကျုပ်နှာခေါင်းမခံနိုင်ဘူးဗျ၊ ရှင်းရှင်း (Xin Xing)ဆိုရင် တော်ပါသေးတယ်။ ကျုပ် က ဆေးလိပ်သောက်တာကို ဆေးပေါ့လိပ်ကအစ ဘာဆေးလိပ် ဖြစ်ဖြစ် မူအားဖြင့်ကို သဘော မတူဘူး။

ပင်။    ။ဘာဖြစ်လို့လဲဗျ။ ငွေစက္ကူကို မီးရှို့ပစ်တဲ့သဘောကြောင့်လား။

သော်။    ။ဒါလည်းဒါပေါ့ဗျာ။ ဒါပေမဲ့ ဆေးလိပ်သောက်တဲ့လူဟာ လူညာဗျ။ ဘယ်သူ့မှ မညာတောင် သူ့ ကိုယ်သူ ညာနေတဲ့လူ။ ခင်ဗျားတို့ စဉ်းစားကြည့်လေ။ လောကမှာ အလုပ်မရှိဘဲ ဘာအ လုပ်မှမလုပ်ဘဲနဲ့ ငါအလုပ် တစ်ခု ကို လုပ်နေတယ်လို့ ထင်တဲ့အလုပ်ဟာ ဆေးလိပ်သောက် ခြင်းပဲ။

ပင်။    ။ဒါဖြင့် ခင်ဗျား ဆေးလိပ်မသောက်ဘူးပေါ့။

သော်။    ။ကျုပ် တစ်ဆယ့်ခုနစ်နှစ်သားက စသောက်ခဲ့တယ်။ ဒီနေ့ထိမစွဲဘူး။ ကျုပ်သောက်ဖို့ စီးက ရက် ကို မဟာမိတ်လေယာဉ်ပျံ များက လေထီးနဲ့ချပေးတယ်။ ဂိုးဖ်လိပ်တို့၊ ဝိုင်းဝုဒ်ဘိုင်တို့ပေါ့။ နောက် တပ်ထဲ ရောက်တော့လည်း ကပ်စတန်တို့၊ ပလေးယား နံပါတ် (၃)တို့၊ ငါးသုံးလုံးတို့၊ စတိတ်အိတ်စပရက်တို့ သောက် ခဲ့တယ်။ ဒါပေမဲ့ ကျုပ်က ဖွာရုံသက်သက်ပဲ။ မကြိုက်ပေမဲ့ မွှေးတယ်ထင်ရတယ်။ ခင်ဗျား တရုတ် စီးကရက် က တစ်စက်မှမမွှေးဘူး။ စက္ကူမီးရှို့စော်ပဲ နံ တယ်။ အရက်သောက်တဲ့အခါ ဖွာလေ့ရှိပေမယ့် ဒီလို နံနံ စော်စော် စီးကရက် မျိုး တော့ မဖွာ သေးဘူး။

ပင်။    ။ဘာလဲ၊ တရုတ်တွေ ဆေးလိပ်လည်း မသောက်တတ်ဘူးလို့ ပြောဦးမလို့လား။ ခင်ဗျားက အပြစ် ပြောချင်ရင် သမိုင်းနဲ့ လူမျိုးနဲ့ချီပြီး ပြောတတ်လွန်းလို့။

သော်။    ။ဟုတ်တယ်လေ။ ဆေးလိပ်သောက်တာလည်း တရုတ်တို့ရဲ့မူလယဉ်ကျေးမှုမှ မဟုတ်ဘဲနဲ့၊ ကြာတော့ ကြာပြီ။ တရုတ်ပြည်မှာ ဘိန်းမစွဲမီကတည်းက ဆေးလိပ်သောက်တဲ့အကျင့် ရောက်လာ ခဲ့ တယ်လို့ ဆိုတယ်။ ဆေးလိပ်ဆေး တရုတ်ပြည်ကို ဝင်လာတာက ဖိလစ်ပိုင်က ဗျ။ ၁၇ ရာစုလောက်က ဝင် လာတာ။

စပိန် စွန့်စားသူသင်္ဘောသားတွေ အမေရိကတိုက် အင်ဒီးယန်းများဆီက ရရှိပြီး အဲဒီကတစ်ဆင့် သူတို့ဟာ ဖိလစ်ပိုင် ကို ယူလာတယ်။ နောက် တရုတ်ပြည်ရောက်တယ်။ ဆေးရွက်မျိုးစေ့တွေယူလာပြီး တရုတ်ပြည်မြောက်ဘက် ဒေသနဲ့ ကွမ်တုံနယ်မှာ အနှံ့အပြားစိုက်တယ်။ "မင်း"မင်းဆက်က မင်းသား ဝမ်လီ (Wang Li)လက် ထက်အထိ ဆေးလိပ်၊ ဆေးတံ တရုတ်ပြည်မှာ လုံးဝမရှိသေးဘူးလို့ မှတ်တမ်း တစ်ရပ် က ဆို တယ်။ အဲဒီနောက်မှာ ကျန်စုနဲ့  ဟူပေပြည်နယ်တွေမှာ ဆေးအကြီးအကျယ် စိုက်ပျိုးပြီး ဆေးတံရိုး ရှည်ကြီးတွေနဲ့ သောက်စပြုလာကြတယ်။

ဒါကြောင့် တရုတ်ဆေးလိပ်သောက် တာဟာ နှစ်ပေါင်း ၃၆၀ လောက်ပဲရှိသေးတယ်။ တရုတ်ပြည်ကို ဆေးရွက်၊ ဆေးမျိုးစေ့ဝင် တဲ့ လမ်းနောက်တစ်လမ်းက ဂျပန်နဲ့ ကိုရီးယားက ဝင်တယ်။ ဒါလည်း ပေါ်တူဂီ သင်္ဘော သားတွေ ယူလာတဲ့လမ်းပါ။ အဲဒီမှာ တရုတ်အာဏာပိုင်များက နိုင်ငံခြားကိုရီးယားက ဝင်တဲ့ ပစ္စည်းမဟုတ်ဘူးဆိုပြီး ဆေးလိပ်သောက်ခွင့်ကို ပိတ်ပင်တားမြစ်ခဲ့သတဲ့ဗျာ။ ဒါပေမဲ့ ဘုရင့် နန်းတော် တစ်ခုလုံး ဆေးလိပ်စွဲနေကြပြီဖြစ်လို့ ၁၆၄၁ ခုနှစ်မှာ ဆေးလိပ်သောက်ခြင်း တား မြစ်တဲ့အမိန့်ကို ပြန်ရုပ်သိမ်း ရသတဲ့။

အခုတော့ သူတို့တွင် သောက်ရှူရုံမက မြန်မာပြည်ကိုပါ မှောင်ခိုလမ်းက တင်သွင်း ရောင်းချ နေတော့ တာပေါ။ ခင်ဗျားတို့ ဆေးလိပ်သောက်သူတွေ၊ နိုင်ငံခြားဝီစကီမှ ခပ်မြက်မြက်ကလေး ခံတွင်းတွေ့ ပါတယ် ဆိုတဲ့လူတွေ၊ ခင်ဗျားတို့ နှုတ်ဖျား က အမျိုးသားစိတ်တို့၊ တိုင်းချစ်ပြည်ချစ်စိတ်တို့ ပြောထွက်တာ အံ့သြ လှသဗျာ။ ကျုပ်တို့ကေ တာ့ မန္တလေးရမ် မှန်မှန်ရရင် တော်ပါပြီ။ ဆေးလိပ်ကလည်း ဆေးပေါ့လိပ်ပဲ သောက် ကြပေါ့။

ပင်။    ။နေပါဦး၊ ခင်ဗျားက ဒါတွေ ဘယ်ကရှာဖွေ စုဆောင်းထားတာတုန်း။

သော်။    ။လွယ်ပါတယ်ဗျာ။ ကမ္ဘာ့ကုလသမဂ္ဂကျန်းမာရေးဌာန ဒဗလျူအိပ်ခ်ျအိုကထုတ်တဲ့ သတင်း လွှာ တွေထဲမှာ ဒီအချက်အလက်တွေ အားလုံးတွေ့နိုင်ပါတယ်။ နိုင်ငံခြားမှာ ဘယ်တိုင်းပြည် က လူဦးရေ ဘယ်လောက် ဆေးလိပ်သောက်တယ်။ ဘယ်ရွှေ့ဘယ်မျှက အရက်သောက် တယ်။ တင်ပို့တယ်၊ တင်သွင်းတယ် ဆိုတဲ့ သတင်းတွေ အတိအကျ သိနိုင်ပါတယ်။ ဒါထက် လွယ်လွယ် ရှာဖတ်ချင်ရင်တော့ လူထုဒေါ်အမာ ရေးတဲ့ ဆောင်းပါး ဖေဖော်ဝါရီလထုတ် "ဘက်စုံ" စာစောင် မှာ ပါပါတယ်။ ဆေးလိပ် သောက်ခြင်း၊ အရက်သောက်ခြင်းတို့ရဲ့ နယ်ပယ် အကျယ်ဝန်းနဲ့ အပြစ်အနာအဆာတွေပါ။ ရုရှားပြည်မှာ ဂေါ်ဘာချော့ဗ် တက်လာမှ အရက် သောက်သုံးမှုဟာ ၁၉၈၇ ခုနှစ်ကစပြီး သိသိသာသာ ကျဆင်း လာတယ် ဆိုတဲ့ သတင်း ကောင်းလည်း ပါတယ်ဗျ။

ပင်။    ။ဒါ သတင်းကောင်းလားဗျ။

သော်။    ။သတင်းကောင်းပေါ့ဗျ။ ရုရှတွေဟာ သောက်လုံးကြီးလွန်းလို့ လုပ်အားတွေ ကျဆင်းတယ်တဲ့၊ ဟုတ်တယ်။ ဒါပေမဲ့ ကျုပ်တို့ဆီမှာကျတော့ အကြောင်းအမျိုးမျိုးနဲ့ အရက်ကိုဖိသောက်နေ ကြတယ်။ မြန်မာပြည် ဖြစ် မန္တလေးရမ်၊ ဇေယျဝတီအိုပီ အလုံအလောက်မရလို့ မဲခေါင်နဲ့ တရုတ်ဝီစကီ တွယ်နေကြ ရတယ်။

ဒါ။    ။အဲဒီ မှောင်ခို က ဗြောင်လျှိုဝင်လာတာတွေလေ၊ အထူးသဖြင့် စီးကရက်၊ အရက်တွေကို မနှိမ် နင်း သင့် ဘူးလားဗျာ။

သော်။    ။ပပျောက်အောင် မနှိမ်နင်းနိုင်ရန် ပိုပြီးဈေးကြီးလာတတ်တယ် ဗျ။

ပင်။    ။ဒီမှောင်ခိုသမား တွေက နေရာတကာပါပဲလားဗျာ။

သော်။    ။ဒါကတော့ ခင်ဗျားတစ်ကိုယ်လုံးပေါ်မှာ၊ ခင်ဗျားရဲ့အိမ်မှာ မှောင်ခိုပစ္စည်းနဲ့ လွတ်သလားဆို တာ အလျင်ကြည့်ဦး လေဗျာ။

ဒါ။    ။ဒါထက် ဟိုအပတ်က ခင်ဗျားရေးလိုက်တဲ့ ရုပ်ရှင်သရုပ်ဆောင်အကြောင်းက အတော်ဂရက် ရိုက် သွားတယ်ဗျ။ စာပေနယ် ရုပ်ရှင်နယ်မှာ သူ့အကြောင်းပဲ ပြောဆိုနေကြတယ်။ ခင်ဗျား ဆက်ရေးဦး မှာလား။

သော်။    ။ဘာပြုလို့ ရေးရမှာလဲဗျာ။ ကျုပ် ရေးလိုက်တာကို က စာပေဟောပြောပွဲ စင် သန့်စေချင်တဲ့ စေတနာ နဲ့ ပါ။ ပုဂ္ဂိုလ်ရေး မဟုတ်ပါဘူး။ ကျုပ်က ပြီးပြီးပြတ်ပြတ်ပဲ သဘောထားပါတယ်။ ဒီထက် အရေးကြီး တဲ့ အကြောင်းတွေ ကျုပ်မှာရေးလို့ မကုန်နိုင်ပါဘူး။ ခုဟာက ချစ်သနား လို့ ဖော့ သေနတ် နဲ့ ပစ်တမ်း ကစား တာပါ... "ဒိုင်းညှောင့်"။

ပန်၊ မတ်၊ ၁၉၈၈
.

1 comment:

Anonymous said...

အမရေ
စာပေငတ်မွတ်နေတဲ့ ကျနော့်အတွက် ဒီလိုကောင်းမွန်သွက်လက်ချောမွေ့တဲ့အရေးအသားကို ဖတ်ရတော့ ပြီးပြည့်စုံတဲ့ တနင်္ဂနွေဖြစ်သွားပြီ
ကျေးဇူးပါအမ