Sunday, October 23, 2011

မောင်သော်က ၏ ညနေခင်းများ, အပိုင်း (၆)

ယမကာညနေခင်း (၆)

သော်။    ။..ခရစ်နှစ် ၁၉၈၈ ခုနှစ်၊ ဧပြီလ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့၊ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာ နိုင်ငံစံတော်ချိန် နေလွဲစက် ၄ နာရီ ၅၀ မိန်စ ၄၉ စက္ကန့်အချိန် ဘာနုရာဇာ မည်သော တနင်္ဂနွေဂြိုလ်မင်းသည် ပြည်ပန်းညိုပွင့်နှင့်တူသော အဝတ်တန်ဆာတို့ကို ဝတ်ဆင်လျက် ကျွဲရဲ ကို စီးကာ လက်တစ်ဖက် က ပန်းခက်ကိုကိုင်ကာ ရေချမ်းအိုးကို ပိုက်လျက် အရှေ့ကသည် တောင်သို့ဝင်၏။ ဃောရသာဒေဝီ နတ်သမီးသည် အလှည့် စေ၍ မရမေသွာ နတ်မင်း၏သား အာသီမည်သော ဗြဟ္မာမင်း ၏ဦးခေါင်းကို ကမ်းသည်ရှိ သော် မဟောရကာဒေဝီနတ်သမီး ကား ငို၍လှမ်းလင့်၏။

ပင်စင်နာ။    ။အို ဆရာကြီးရဲ့၊ ဒီမှာ တံခါးလေး ဘာလေးများလာဖွင့်ပါဦး၊ ဘာတွေများလာဖွင့်ပါဦး၊ ဘာ တွေများ ဒီလောက် အော်ကြီးဟစ်ကျယ်နဲ့ ဖတ်နေတာလဲဗျ။

အယ်ဒီတာ။    ။ခင်ဗျားကလည်း မကြားဘူးလားဗျ၊ သူက သင်္ကြန်စာကို အထူးအဆန်းလုပ်ပြီး ဖတ်နေ တာဗျ။ တန်တော့ ဒီလူ ပေါက်နေပြီထင်တယ်။ ကျုပ်တို့ပြန်ကြရင် ကောင်း မယ်ဗျို့။

သော်။    ။ခင်ဗျားတို့ ပြန်ချင်လည်းပြန်ကြဗျာ။ အဲ... လက်ကဆွဲလာတဲ့ ပုလင်းကလေးတော့ ထားခဲ့ကြပါ။ ဘယ့်နှယ်ဗျာ သင်္ကြန်စာကို အလေးအနက်ထားဖတ်တာများ ပေါက် တယ်ပြောရသလား။ လာပါ လာပါ တံခါး ဖွင့် ထားပါတယ်။
ပင်စင်နာကြီးနှင့် အယ်ဒီတာကြီးတို့သည် မောင်သော်က၏မျက်နှာကို မယုံသင်္ကာနှင့်ကြည့်ကာ ဝင်ထိုင် ကြသည်။ မောင်သော်ကလည်း သူတို့ စိတ်မပြောင်းမီ လိုအပ်သော ကိရိယာများဖြစ်သည့် ဖန်ခွက်၊ ရေခဲဘူး၊ ဖောက်တံစသည်တို့ကို ကပျာကယာ ထုတ်ယူပြင်ဆင်ပေးရသည်။

ပင်။    ။ခင်ဗျား သင်္ကြန်စာက ဒီနှစ်အတွက်လား။ ဘယ်က ထုတ်တာလဲဗျ။

သော်။    ။ဟုတ်ပါတယ်ဗျာ။ အခုလာမယ့် နှစ်အတွက်ပါ။ ထုံးစံအတိုင်း မန္တလေးကထုတ်တာပေါ့။ "ပုဏ္ဏားတော် ပညာရှိဦးစိန္တာ၏သား၊ ပုဏ္ဏားတော် နက္ခတ်ဗေဒင်ပညာရှိ ဆရာကြီး ဦးလောကသာရနှင့် သား ဆရာလင်း၊ ဆရာသိန်းတို့ညှိနှိုင်း တွက်ချက်ကြသည်လို့ ဆိုထားတာပဲ။

အယ်။    ။နေပါဦး၊ ခင်ဗျားကလည်း ဒီနှစ် ဆယ်ရာစုနှောင်းကာလ ဆိုရှယ်လစ်ခေတ်ကြီးမှာ ဗေဒင်တို့ သင်္ကြန်စာ တို့ကို ယုံသေးသလား။

ပင်။    ။ဒီလူကတော့ တကယ့်ကို အောက်နေပြီဗှ။ အောက်အော့ဖ်ဒိတ်ဖြစ်နေပြီ။

သော်။    ။ခင်ဗျားတို့ အဲဒီလို သောက်ရမ်းမပြောကြနဲ့၊ မြန်မာပြည်ဆိုရှယ်လစ် ခေတ်ပြောင်းတော် လှန်ရေး ရဲ့အမာခံတွေဟာ တောင်သူလယ်သမားတွေဗျ။ မြန်မာတောင်သူလယ်သများ တွေဟာ သင်္ကြန်စာ ကို သတင်းစာထက် ယုံကြည်တတ်ကြတယ်။ အိမ်ကျူထရံမှာ ဝါး ခြမ်းပြားနဲ့ ညှပ်ထားပြီး တစ်နှစ်ပတ် လုံး အားကိုးတကြီးနဲ့ လေ့လာမှတ်သားကြတယ်။ စိတ်ချမ်းသာကြတယ်၊ စိတ်ဆင်းရဲကြတယ်၊ အားကိုး တကြီးနဲ့ မျှော်လင့်ချက်တွေ ထား ကြတယ်။ သင်္ကြန်စာကို ပစ်ပယ်ခြင်းဟာ တောင်သူ လယ်သမား ထုကြီး ကို ပစ်ပယ် ခြင်းပဲ။

အယ်။    ။အလို အလို တယ်ဆိုတဲ့စာပါလား။ ဆက်စမ်းပါဦး၊ ခင်ဗျား သင်္ကြန်စာက ဒီနှစ် သိကြား မင်း ဘာစီး ဆင်း မတဲ့လဲဗျ။ ဒွန်ဒါလား၊ မာစီးဒီးလား။

သော်။    ။ကျွဲစီးဆင်းမယ်တဲ့ဗျ။ ပြည်ပန်းညိုပွင့်နှင့်တူသော ဝတ်စားတန်ဆာကို ဝတ်မယ်။ လက် တစ်ဘက်က ပန်းခက်၊ တစ်ဖက်က ရေချမ်းအိုးက ကိုင်ဆင်းမယ်။

ပင်။    ။ကောက်ချက် အဓိပ္ပာယ်က ဘယ်လိုလဲ။

သော်။    ။အေးချမ်းမယ်၊ ဆန်ရေစပါးပေါများမယ်၊ တိုင်းပြည်မှာ အေးအေးချမ်းချမ်းနဲ့ သာသာယာ ယာရှိမယ် လို့ဆိုလိုတယ်။ သို့သော် မိုးဦး မိုးလယ်တန့်အံ့၊ မိုးနှောင်းကောင်းအံ့၊ ကျွဲနွား စသော အခြေလေးခုတို့ ပျက်စီးအံ့၊ မုန်တိုင်းလေပွေထန်အံ့တဲ့၊ ကံ-ခင်ဗျားတို့ ဇလဗေဒ ဌာနက ထုတ်ပြန်တဲ့ ရာသီဥတု ခန့်မှန်းခြေက အများဆုံးက သုံးလစာ၊ သူ့သင်္ကြန်စာက တစ်နှစ်လုံးအတွက် ဟောကိန်း ထုတ်ထားတာ သူကသာတယ်။

ပင်။    ။တယ်ဟုတ်ပါလား။ မိုးလေဝသဂြိုလ်တုက သတင်းပို့တာကမှ နောက်ကျသေးတယ်နော် တောင်သူလယ်သမားတွေကလည်း ဒါကို ယုံကြည်တာပဲလား။

သော်။    ။ဒီမှာ နားထောင်၊ ရက်အပိုင်းအခြားနဲ့ကို ဟောစာတမ်းထွက်တာ၊ နယုန်လဆန်း ဆယ် ရက် အတွင်း မိုးပြတ်တောင်းရွာနိုင်၏။ လူတို့ အနာအဖျားရောဂါဘယ ကျရောက်တတ် သည်။ နှမ်း၊ ဆီ ရှားပါးတတ်၏။ ဆန်စပါးဈေး တိုးတက်ကြီးမြင့်တတ်၏။ နိုင်ငံခြားမှာ သံ တမန်များ ရောက်ရှိတတ်သည်၊ နာမည်ကြီးပုဂ္ဂိုလ် ကွယ်လွန်တတ်သည်တဲ့။

အယ်။    ။သိပ္ပံခေတ်မှာ ဒါတွေယုံကြည်ဖို့ မကောင်းတော့ဘူး။ ဒါတွေဟာ ဗြဟ္မဏအယူအဆတွေ ပဲ။ ပုဏ္ဏားတော်ပညာရှိကြီးများရဲ့ခေတ် ကုန်ပါပြီ။

သော်။    ။ဒါတော့ ကျုပ်မပြောတတ်ဘူ။ သင်္ကြန်ကျတာကော ဗုဒ္ဓဘာသာနဲ့ဆိုင်သလဲ။ ဗြဟ္မဏ အယူအဆ ပဲ။ မြန်မာပြည်မှာ အရောင်းအသွက်ဆုံး မဂ္ဂဇင်းကတော့ ဝေဒမဂ္ဂဇင်းပဲ၊ တရုတ်ပြည် ဟောင်ကောင် မှာ ဘာလုပ်ငန်းလုပ်သည်ဖြစ်စေ၊ လူတစ်ရာမှာ ကိုးဆယ့် ကိုးယောက်က ဗေဒင်မေးပြီးမှ လုပ်လေ့ရှိကြတယ်။

ပင်။    ။ဒါဖြင့် ကျန်တဲ့လူတစ်ယောက်ကတော့ မမေးဘူးပေါ့။

သော်။    ။သူက ဗေဒင်ဆရာလေ။

အယ်။    ။ခင်ဗျားကော ဗေဒင်လေး၊ ဘာလေး မမေးဘူးလား။ ယုံကော ယုံကြည်သလား။

သော်။    ။ဘယ်နေလိမ့်မလဲဗျာ၊ ဒါပေမဲ့ ယုံကြည်လှတယ်တော့ မဟုတ်ပါဘူး။ ဘာပြုလို့လဲဆို တော့ ဗေဒင်ပညာဟာ အလွန်တိကျတဲ့ အာကာသနက္ခတ္တ သိပ္ပံပညာတစ်ရပ်ဗျ။ ကျုပ် လေ့လာခဲ့ဖူးတဲ့ သိပ္ပံတစ်ရပ်ဗျ။ ကျုပ် လေ့လာခဲ့ဖူးတဲ့ ဝိသောထရီဒသာက သိပ်တိကျ လွန်းတယ်။ ပါဒ်ဃံဋီ၊ ပိဃာဋီ၊ အနူဃဋီ၊ တနုအနုဃဋိထိ စိတ်လိုရတယ်။ ကျုပ်တို့က ကိုယ့်မွေးလ မွေးရက် မွေးချိန်ကို မှန်းဆချက်နဲ့သာ သိကြတော့ ဘယ်မှာမှန်နိုင်ပါ့မလဲ။ အခြေခံပြုတွက်ရတဲ့ ဒေတာ(Data) တွေက မမှန်တော့ တွက်ချက် (Result) က ဘယ်မှာမှန်နိုင်ပါ့မလဲ။

ပင်။    ။နေပါဦး၊ ခု ခင်ဗျားအသက် ဘယ်လောက်ရှိပြီလဲ။

သော်။    ။အသက်လေးဆယ်မှာ စွန်းလျှင်တော့ လပဲ။

ပင်။    ။တော်စမ်းပါ။ ခင်ဗျား အသက်လား လေးဆယ်၊ လူ့အသက်တော့် မဖြစ်နိုင်ဘူး။ ယမကာ သောက်သုံးတဲ့ အသက်ဆိုရင်တော့ ယုံတယ်။

သော်။    ။ဒီလိုလေဗျာ။ ဒီလို ဒီလို၊ ကျွန်တော်က ကျွန်တော့်အသက်ရော မွေးလမွေးရက်ရော မွေး ချိန်ပါမှန်းဆ တွက်ယူထားရတာ၊ လေးဆယ်ဆိုတာကတော့ အမျိုးသမီးတစ်ဦးနဲ့ညှိပြီး ပြောရတာ၊ လောက မှာ ကျွန်တော်ညှိစရာ သူတစ်ယောက်သာရှိတော့တယ်။

အယ်။    ။ခင်ဗျားမှာ ရက်ချုပ်တို့၊ ဇာတာတို့ မရှိဘူးလား။

သော်။    ။အဲဒါမရှိခဲ့လို့ ခက်နေတာပေါ့။ ကျွန်တော့်အသက် ၁၂ နှစ်သားလောက်မှာမှ အမေ့ကို မေးကြည့် ရတယ်။ ကျွန်တော့်ကို ဘယ်တုန်းက မွေးသလဲ အမေလို့။

ပင်။    ။အဲဒီတော့ ခင်ဗျားအမေက ဘာပြောသလဲ။

သော်။    ။မင်းနဲ့ မဝါနဲ့က မီးဝင်မီးထွက်ပဲတဲ့။ မဝါလို့ခေါ်တဲ့ ဝါလေးတိုတဲ့ အမျိုးသမီးက အဲ ဆိုကြ ပါစို့၊ ကျွန်တော်ရဲ့တူမဝမ်းကွဲတော်တယ်။ သူ့မွေးတာနဲ့ ကျွန်တော့်ကိုမွေးတာ (၇)ရက် လောက် ကွာတယ်ဆိုတော့ သူ့အမေ "မမတင့်ကို ဝါလေးကို ဘယ်တုန်းက မွေးသလဲဆို တော့ မမတင့်က ပြောတယ်။ ဝါလေးနဲ့ မဦးက မီးဝင် မီးထွက်ပဲတဲ့။

ပင်။    ။ဟောဗျာ။ အဲဒီ မဦးဆိုတာကကော။

သော်။    ။အဲဒီ မဦးဆိုတာလည်း ကျွန်တော်နဲ့ ဆွေမျိုးနီးစပ်ပါပဲ။ သူ့အမေက မချိုင်တဲ့။ ဒါနဲ့သွား ရပြန်ရော။ "မမချိုင် မဦးကို ဘယ်တုန်းက မွေးသလဲဆိုတော့ မင်းအမေ မမြိုင်နဲ့ငါနဲ့က မီးဝင် မီးထွက်ပဲတဲ့။ အဲဒီတင် ချာချာလည်တော့တာပဲ။ မိခင်သုံးယောက်က သူတို့သား ဖွားတာကို မီးဝင်၊ မီးထွက်နဲ့ချည်း မှတ်ထားကြတော့ ကျွန်တော်ရယ် မဝါရယ် မဦးရယ် က (၇)ရက်ကြီးငယ်ပဲ။ ဘယ်သူကြီးလို့ ဘယ်သူက ငယ်မှန်း တောင် အတိအကျမသိပါ ဘူး။ မဝါက မန္တလေးမှာနေတယ်။

အယ်။    ။အဲဒါနဲ့ ခင်ဗျားက ဘယ်လိုလုပ် အသက်လေးဆယ်ဖြစ်ရတာလဲ။

သော်။    ။တစ်လောဆီက မန္တလေး ကျွန်တော်ရောက်တယ်။ မန္တလေးက မိတ်ဆွေတချို့က မေး ကြတယ်။ ခင်ဗျားအသက်ဘယ်လောက်ရှိပြီလဲတဲ့။ ကျွန်တော်က ပြန်ပြောလိုက်တယ်။ မဝါနဲ့ ရွယ်တူပဲလို့ မဝါက အပျိုကြီးဗျ။

ပင်။    ။အဲဒါ ခင်ဗျားနဲ့ ဘာဆိုင်သလဲ။ အသက်မေးပါတယ်။ အပျိုကြီးက ပါသေးတယ်။

သော်။    ။ဆိုင်တာပေါ့ဗျ။ မဝါကပြောတယ် သူ့အသက်လေးဆယ်တဲ့။ ဒါကြောင့် ကျွန်တော်က လည်း သူနဲ့ ရွယ်တူမို့ လေးဆယ်ပဲဖြစ်ရမယ်၊ မဝါပြောတာ အမှန်ယူရမယ်။ သူပြောတာ က ကျွန်တော် ယုံတယ်။ ဒါကြောင့် ကျွန်တော့်အသက် လေးဆယ် မယုံရင် မဝါနဲ့ မဦး တို့ကိုသာ မေးကြည့်ပေတော့။

အယ်။    ။"ရိုးသားတည်ကြည်သော မိန်းမသားတစ်ဦးသည် မိမိအသက်အရွယ်မှလွဲလျှင် ကျန် အားလုံး ကိစ္စများတွင် အမှန်ကိုသာပြောဆို၏"ဆိုတဲ့ အင်္ဂလိပ်စကားပုံကို ခင်ဗျားမကြား ဖူးသေးဘူး ထင်တယ်။

ပင်။    ။အဲ မိန်းမတွေ တွက်ချက်ပုံတစ်ခု ကျုပ်ကြားဖူးတာလည်း ပြောရဦးမယ်၊ သူနဲ့ သူ့ယော  က်ျားလက်ထပ်ကြစဉ်တုန်းက အသက်ထက်ဝက်ကွာတယ်တဲ့။ သူ့အသက် ၁၈ နှစ် သူ့ ယောက်ျားအသက် ၃၆ နှစ်မှာ ညားကြတယ်တဲ့။ အခု သူ့ယောက်ျားအသက် ၇၀ ရှိပြီ။ ယူကြစဉ်က ထက်ဝက်ကွာတဲ့အတိုင်း အခု သူ့အသက်ဟာ ၃၅ နှစ်ပဲဖြစ်ရမယ်လို့ ပြော တယ်။ အဲဒါ မိန်းမတွေရဲ့တက္ကဗေဒနည်းနဲ့ တွက်ယူတာ။

သော်။    ။ကျုပ်ကတော့ မဝါနဲ့ညှိထားတာ အကောင်းဆုံး၊ စိတ်အချမ်းသာဆုံးလို့ပဲ ထင်တယ်။ နောက်မှ မဖြစ်တော့ ပါဘူးဆိုပြီး အမေ့ကို ထပ်မေးရတယ်။

ပင်။    ။အမေက ဘယ်လိုပြောသလဲ။

သော်။    ။အမေက မင်းသိပ်ရှုပ်တာပဲ။ မင်းသည်လောက်သိချင်မှ အိမ်နောက်ဖေးမှာ ခုထွန်းနေတဲ့ လသာမှန်အိမ်ကြီးသိတယ်မဟုတ်လား။ အဲဒီမှန်အိမ်ကြီးက မင်းမွေးတဲ့ညက မင်းအဖေ သွား ဝယ်ထား တာပဲတဲ့ဗျ။ ကျုပ်မှာ မှန်အိမ်ကြီးကို သွားမေးရတော့မလို ရှုပ်သွားတာပဲ။ နောက်အမျိုးမျိုးလှည့်မေးတော့မှ သဲလွန်စ ရတယ်။

အယ်။    ။ခင်ဗျားဟာ စုံထောက်ဝတ္ထုဆန်လိုက်တာ။

သော်။    ။ဟုတ်တယ်၊ အမေက ပြောတယ် မင်းမွေးပြီး မီးထွက်တဲ့နေ့မှာ ငါအပြင်ထွက်တော့ သင်္ကြန် ရေကစား တဲ့ ကလေးတွေ ရေနဲ့လှမ်းပက်လို့ မင်းအဖေနဲ့တောင် စကားများရ သေးတယ်တဲ့။ ဟုတ်ပြီ ဒီလိုဆို ကျွန်တော့်မွေးပြီး ၇ ရက်နေတော့ သင်္ကြန်ကျတာပေါ့။ သင်္ကြန်က ဧပြီ ၁၃ ရက်နေ့မှာ ကျလေ့ ရှိတယ်။ ဒီလိုဆို ဧပြီလ ၆ ရက်ဟာ ကျွန်တော့ မွေးနေ့ပဲဖြစ်ရမယ်။

ပင်။    ။ရက်ကကောဗျာ။

သော်။    ။အမယ် ရက်ကတော့ သေချာသား၊ သောကြာဗျ။ အမေကပြောတယ်။ မင်းသာ သော ကြာသားမို့ စကားသိပ်ရှည်တယ်တဲ့။ ဒါက သေချာတယ်ဗျို့၊ နောက် သဲလွန်စတစ်ခုက မင်း လေးဘက် တွားသွားတတ်တဲ့အချိန်မှာ ရွှေဘို မဟာနန္ဒာကန်တော်ကြီးကျိုးပြီး မြို့် ထဲရေတွေ ဒူးဆစ်လောက်ဝင်တာပဲဟေ့။ တို့အားလုံးအိမ်အောက်ထပ်က ခုတင်ပေါ် တက်နေရတယ်။ အဲဒါ မင်းက လေးဘက်တွားသွားရင်း ရေထဲကျသွားလို့ မင်းအစ်ကို ဘမော်က ဆွဲတင်ရတယ်တဲ့။ ဟော မွေးနှစ်သေချာသွားပြီ။

ပင်။    ။ဒါဖြင့် ရွှေဘိုမဟာနန္ဒကန်တော်ကျိုးတာ ဘယ်နှစ်ကလဲ။

သော်။    ။ဒါက ကျွန်တော့်ရဲ့လျှို့ဝှက်ချက်ပဲ။ ဘယ်ပြောလို့ဖြစ်မှာတုန်းဗျ။ ဘာပဲဖြစ်ဖြစ် ဧပြီ ၆ ရက်နေ့ဟာ ကျွန်တော့်မွေးနေ့ဖြစ်တယ်။ အဲဒါ ခင်ဗျားတို့ ဝီစကီတစ်လုံးကျစီ "ယူလာခဲ့ ကြပေတော့။ ကျွန်တော့် မွေးနေ့သဘင် ဆင်ယင်ကြရအောင်"။

ပင်။    ။ကောင်းပါပြီတဲ့ဗျာ။ သင်္ကြန်ကြရင်သာ ခင်ဗျားက တိုက်၊ အဲဒီတော့ ခင်ဗျားအလှည့်။

သော်။    ။သင်္ကြန်ကျရင် ကျုပ် ရန်ကုန်မှာမရှိဘူး။ ရန်ကုန်နှင့်ဝေးရာ မြို့ကြီးတွေနဲ့ဝေးရာ ပြေးပြီ သာမှတ်။ ရန်ကုန်သင်္ကြန်ရဲ့သရုပ်ပျက်မှု ဆူညံမှုကို ကျုပ်မခံနိုင်ဘူး။ ရိုးရာအလှ ရိုးရာ ယဉ်ကျေးမှုကို ပျက်စေ တဲ့ သင်္ကြန်ကို သည်းညည်းမခံနိုင်တာကြာပြီ။

အယ်။    ။လုပ်ပြီ ခင်ဗျားကဖြင့်၊ ဘာလဲ ချောင်ကောင်းကောင်းမှာ ဥပုသ်သီတင်းများ သွားပြီး ဆောက်တည်ဦးမှာမို့လား။
သော်။    ။မစောင့်ပါဘူး။ စောစောကပြောသလို သင်္ကြန်ဆိုတာ ဗုဒ္ဓဘာသာနဲ့ ဘာမှမဆိုင်တဲ့ ကိစ္စ ပဲ။ ကဆုန်လပြည့် တို့ ဝါကျွတ်ကာလတို့ သတင်းကျွတ်၊ တန်ဆောင်တိုင်တို့ကတော့ ဘာသာရေး နဲ့ သက်ဆိုင်ပါတယ်။ သင်္ကြန်က ဗြဟ္မဏအယူအဆကနေ အမျိုးသားယဉ် ကျေးမှု ပုံသွင်းထားတာပါ။ အခါကြီး ရက်ကြီးရယ်လို့ သတ်မှတ်ပြီး စောင့်ချင်တဲ့လူတွေ စောင့်ပေါ့။ ကျုပ် မကန့်ကွက်ပါဘူး။ ကောင်း ပါတယ်။ ကုသိုလ်ရပါတယ်လို့ ပြောရမှာပဲ။ ကျုပ်ကတော့ ချောင်ကောင်းကောင်းမှာ ညောင်စောင်း ကိုမှီပြီး စာဖတ်မယ် စာရေးမယ် စိတ်ကူးထားတယ်။

ပင်။    ။ရန်ကုန်သင်္ကြန်ကိုရှောင်တာလား။ သင်္ကြန်ပွဲတော်ကို ခင်ဗျား သဘောမကျဘူးလား။ ခင်ဗျားက ဘာသဘော လဲ၊ အရက်မချက်လို့ ရှောင်ပြေးတာလား။

သော်။    ။သင်္ကြန်ပွဲတော်ကို ဗုဒ္ဓဘာသာနှင့် ဘာမှမဆိုင်တဲ့ ရိုးရာဓလေ့ပွဲတစ်ခုအနေနဲ့ သဘော ကျတယ်။ ဥပမာ ထမင်းနဲပွဲလိုပေါ့။ ငယ်ငယ်ကတော့ဗျာ သင်္ကြန်ပွဲတော်ရက်ကို ပြွတ် စမ်းရင်းနဲ့ ရင်တဖိုဖိုတောင် စောင့်ရပါတယ်။ လူငယ်ဘဝနဲ့လည်း အားတက်သရော ပါ ဝင်ဆင်နွှဲခဲ့ဖူး၊ ပျော်ခဲ့ဖူးတယ်။ နောက် အသက်ကလည်း ကြီးတာကြောင့် တစ်ကြောင်း၊ သင်္ကြန်ပွဲတွေဟာ ပုံပျက် ပန်းပျက်နဲ့ သရုပ်ပျက် လာတာကြောင့်တစ်ကြောင်း အထူးသ ဖြင့် ရန်ကုန်သင်္ကြန်ကို ကျွန်တော် ရှောင်တယ်။

အယ်။    ။ရန်ကုန်သင်္ကြန်က ဘယ်လိုများ ပုံပျက်လာတာပဲဗျ။

သော်။    ။၁၉၂၀ များမှာ ရန်ကုန်မြို့လူဦးရေက တရုတ်၊ ကုလားသာများတာကြောင့် ရန်ကုန်မှာ မြန်မာတွေနေကြတဲ့ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ ပုဇွန်တောင်စတဲ့ ဆင်ခြေဖုံးများမှာ ရိုး ရာသင်္ကြန်ကို ယဉ်ယဉ် ကျေးကျေးပဲ ငွေဖလားနဲ့ရေကစားတယ်။ နောက် ၁၉၃၀ ဆယ် စနှစ်လောက်ဆီမှ မြို့တွင်းမှာ ပျံနှံ့ ကူးစပ်လာပြီး ကန်တော်ကြီးကို ခြေကန်ပက်တော့ ရယ်တာပေါ့ဆိုတဲ့ "ရယ်တာပေါ့ သင်္ကြန်" ဖြစ်လာတယ်။ ဒါက စစ်ကြိုခေတ်သင်္ကြန်။

စစ် ပြီးခေတ်မှာ လူမျိုးပေါင်းစုံ ပါဝင်လာပြီး မီးသတ်ပိုက်နဲ့ ရေပက်ကြမ်းလှတဲ့ "မီးသတ်ပိုက် သင်္ကြန်(သို့မဟုတ်) ပြည်သူ့သင်္ကြန်"ဖြစ်လာတယ်။ ယဉ်ယဉ်ကျေးကျေး ပျော်ပျော်ရွှင် ရွှင် ရေကစား ကြရာက မိုက်မိုက်ကြမ်းကြမ်းနဲ့ ရေကစားလာကြတယ်။

မီးသတ်ပိုက် နို့ ဆီခွက်စုတ်တွေနဲ့ သရုပ်ပျက်လာကြပြီး နောက်တော့ စီးပွားရေးသမား၊ နိုင်ငံရေးသမား များက သင်္ကြန်ကို အခွင့်ကောင်းယူပြီး သူတို့ စီးပွားရေးလုပ်ငန်းကြေငြာအဖြစ် မဏ္ဍပ် တွေ အပြိုင် ဆောက်၊ အလှပြကားတွေနဲ့တစ်မျိုး ထပ်တိုးလာတဲ့ "စီးပွားရေးသင်္ကြန်"အ ဖြစ် ပုံသဏ္ဍာန် ပြောင်းလာတယ်။ အခုတော့ မဏ္ဍပ်တွေ၊ အလှပြကားတွေ ပျောက်ကွယ် သလောက်ရှိသွားပါပြီ။ မဏ္ဍပ်ခန့်ခန့်ညားညားဆိုလျှင်တော့ ဌာနဆိုင်ရာများက ထိုးပြီး စတီရိယို၊ စတိတ်ရှိုးတွေနဲ့ တစ်မျိုးတစ်ဖုံ မိုးကောင်း နေကြတဲ့ "ဌာနဆိုင်ရာ သင်္ကြန်" ဖြစ်သွားပြီ။ ပြည်သူလူထုက ဘေးဖယ်နေကြရတဲ့ ငေးကြည့် နေကြရတဲ့ ဌာနဆိုင်ရာ အပြိုင်မဏ္ဍပ်သင်္ကြန်ဖြစ်နေတယ်။ ဒါတွေဟာ သင်္ကြန်ရဲ့ ပုံသဏ္ဍာန် ပြောင်းလဲမှု တွေပါ။

ပင်။    ။အဲဒီလို အဆင့်ဆင့်ပြောင်းလဲလာတဲ့ သင်္ကြန်ကို ရေဘုယျအားဖြင့် ခင်ဗျား ဘယ်လို က္ခဏာ ဖြစ် သလဲ။

သော်။    ။သင်္ကြန်ဆိုတာ မြန်မာ့ရိုးရာဓလေ့တစ်ရပ်ပါ။ ယဉ်ယဉ်ကျေးကျေး ပျော်ပျော်ရွှင်ရွှင် သိမ် သိမ်မွေ့မွေ့ နဲ့ ကျင်းပစေချင်တယ်။ ရခိုင်ရိုးရာသင်္ကြန်ဟာ ခုထိ ထိုက်သင့်သမျှသော ရိုး ရာယဉ်ကျေးမှု ထိန်းသိမ်း နိုင်စွမ်းရှိတယ်။ သင်္ကြန်ဟာ ပြည်သူလူထုရဲ့ပွဲတော်ပါ။ အုပ် ချုပ်ရေးပိုင်းက ပွဲတော်အတွင်း ရေ လုံလောက်စွာ ရရှိရေး၊ ယာဉ်တိုက်မှုနည်းပါးရေး၊ ခိုက်ရန်မဖြစ်ပွားရေး၊ စည်းကမ်းသေဝပ်ရေး၊ အရေးပေါ် လူနာ သူနာပြုကိစ္စ စသည်တို့ မှာသာ တာဝန်ယူရနယ်။ သူက ဘာမှဝင်ပါစရာအကြောင်း မရှိဘူး။ အခုတော့ သူကပဲ အစစအရာရာ ဝင်ပါနေပြီးတော့ ပြည်သူ့မဏ္ဍပ်ဆိုတာ အုံးလက်ကလေး လေးငါး ခြောက်လက် စည်ပိုင်းပြတ် ၆ လုံးလောက်နဲ့ ရေခြောက်ကပ်ကပ်နဲ့ ပြီးကြရပြီး၊ ဌာန ဆိုင်ရာ မဏ္ဍပ်များက ဟီး နေအောင်ဆောက်ကာ ဝင်ပါနေကြတာတော့ ကျုပ်သဘော မကျနိုင်ဘူး။ သူတို့က နေရာတကာ ဝင်ပါ နေကြတော့ ပြည်သူအများက ဘေးဖယ်နေ ကြရတယ်။ ဒါကြောင့် တောကိုပဲ ပြေးတော့မယ်။

ပန်၊ ဧပြီ၊ ၁၉၈၈
ဆက်ရန်
.

2 comments:

Anonymous said...

"ရိုးသားတည်ကြည်သော မိန်းမသားတစ်ဦးသည် မိမိအသက်အရွယ်မှလွဲလျှင် ကျန် အားလုံး ကိစ္စများတွင် အမှန်ကိုသာပြောဆို၏"
Good Prove a ma shwe zin :P

Unknown said...

အမရေ
တော်တော်လေး ဖတ်ကောင်းတယ်ဗျာ။ ရှေးတုန်းကနဲ့ အခုခေတ် တော်တော်ကွာလာလိုက်တာ။
ဆက်ရန် စောင့်နေတယ်ဗျို့... :)

ခင်လျက်