Saturday, October 8, 2011

စာရေးဆရာ ကိုအောင်ဆန်း အပိုင်း (၂၄)

ပင်လုံနှင့် ဦးအောင်ဆန်း
အယ်ဒီတာမှတ်ချက်

အောက်ပါဆောင်းပါးမှာ ဦးဖေခင်(မဟာသရေစည်သူ) နိုင်ငံဂုဏ်ရည် ပထမဆင့်ရေးသားသော “ကိုယ် တွေ့ ပင်လုံ” စာအုပ်မှ ဗိုလ်ချုပ်အောင်ဆန်း၏ အပါးတော်မြဲ အတွင်းဝန်ဟောင်း ဗိုလ်ထွန်းလှ (တက္ကသိုလ် နေဝင်း)၏ အမှာစာကို ပြန်လည်ကူးယူ ဖော်ပြထားခြင်းဖြစ်ပါသည်။
“ကိုယ်တွေ့ပင်လုံ”ဆိုသော ဆရာဦးဖေခင်၏ဆောင်းပါးများမှာ ပင်လုံစာချုပ်ဖြစ်ပေါ်လာရန် တောင် တန်းဒေသတွင် ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ရပုံများဖြစ်သည်။ ထိုရှည်လျားသော ဆောင်းပါးများကို ဗိုလ် ထွန်းလှ (ဆရာတက္ကသိုလ်နေဝင်း)မှ တက်နိုင်သမျှ လိုရင်းကို အကျဉ်းချုပ်ရေးသားထားသော အမှာစာ ဖြစ်သည့်အတွက် ယခု “စာရေးဆရာကိုအောင်ဆန်း”စာအုပ်တွင် ဖော်ပြလိုက်ရပါသည်။

ဗိုလ်ချုပ်အောင်ဆန်း၏အပါးတော်မြဲ အတွင်းဝန်ဟောင်း ဗိုလ်ထွန်းလှ(တက္ကသိုလ်နေဝင်း)၏ အမှာ
ကျွန်တော်သည် ၂၈-၁-၁၉၈၉ နေ့မှစ၍ ၁၀-၂-၁၉၈၉ နေ့ထုတ် လုပ်သားပြည်သူ့နေ့စဉ် (မြန်မာနှင့် အင်္ဂလိပ်)သတင်းစာများတွင် အငြိမ်းစားသံအမတ်ကြီး ဦးဖေခင်(နိုင်ငံ့ဂုဏ်ရည်ပထမဆင့်) ရေးခဲ့သော ၁၉၄၆ ခုနှစ်၊ “ရွှေတိဂုံညီလာခံ-ပင်လုံစာချုပ်၏မျိုးစေ့” အခန်းဆက်ဆောင်းပါးရှည်ကြီးကို အထူးစိတ်ပါ ဝင်စားစွာ ဖတ်ရှုခဲ့ပါသည်။ ကျွန်တော့်အနေဖြင့် ယင်းဆောင်းပါးရှည်ကြီးကို စိတ်ဝင်စားမိသည်မှာ လည်း အကြောင်းရှိပါသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် အစိုးရအဖွဲ့ခေါင်းဆောင်တာဝန်ကို ၁၉၄၆ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက် နေ့က ဗြိတိန်ဘုရင်ခံ ဆာဟုးဘတ်ရန့်စ်ထံမှ ရယူပြီးနောက် ထိုအချိန်မှစ၍ ပင်လုံစာချုပ် လက်မှတ်ရေး ထိုးသည့် ၁၂-၂-၁၉၄၇ နေ့အထိ တောက်လျှောက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အထူး ကြိုးပမ်းတည်ဆောက်ခဲ့ပုံ၊ တောင်တန်းဒေသပြည်နယ်များသို့ ကိုယ်တိုင်အပင်ပန်းခံ ခရီးထွက်ခဲ့ပြီး တိုင်းရင်းသားလူမျိုးစုများအား စည်းရုံးခဲ့ပုံများသည် ကျွန်တော့်အဖို့ မနေ့တစ်နေ့က ကြည့်လိုက်ရသော ရုပ်ရှင်ဇာတ်ကားတစ်ခုကဲ့သို့ ပြန်လည်အသက်ဝင်လှုပ်ရှားလာသလို ခံစားရပါသည်။

မြန်မာ့လွတ်လပ် ရေးအတွက် ဗြိတိသျှအစိုးရထံ အရေးဆိုရန် လန်ဒန်သို့မသွားမီ ၁၉၄၆ ခုနှစ်၊ ဒီဇင်ဘာလ အတွင်းက ဗိုလ်ချုပ်သည် ရှမ်းပြည်အနှံ့အပြားသို့ စည်းရုံးရေးထွက်ခဲ့စဉ်က ဗိုလ်ချုပ် ၏ “စတေရှင်ဝက်ဂွန်း” မော် တော်ကားကို ဆောင်းပါးရှင် ဦးဖေခင်ကိုယ်တိုင်မောင်းလျက် ခရီးသွားရင်း တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကိစ္စများ ဆွေးနွေးခဲ့ကြပုံများကိုလည်း ကျွန်တော့်အနေဖြင့် ပြန်လည်မြင်ယောင် မိသဖြင့် ဦးဖေခင်၏ဆောင်းပါးမှာ ကျွန်တော့်အဖို့ အထူးစိတ်ဝင်စား ဖွယ် ကောင်းနေပါတော့သည်။

ဦးဖေခင်၏ဆောင်းပါးခေါင်းစဉ်တွင်ပါသည့်အတိုင်း ၁၉၄၇ ခုနှစ်၊ ပင်လုံညီညွတ်ရေးစာချုပ်၏မူလမျိုးစေ့ မှာ ၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလက ကျင်းပခဲ့သော ဖဆပလ ပြည်လုံးကျွတ်ညီလာခံ (ရွှေတိဂုံအလယ် ပစ္စ ယံ ညီလာခံကြီး) ပင် ဖြစ်ပါသည်။ အဆိုပါ ညီလာခံကြီးသည် မြန်မာ့လွတ်လပ်ရေးသမိုင်းတွင် အဓိက အကျဆုံး၊ အထင်ရှားဆုံး သမိုင်းမှတ်တိုင်ကြီးတစ်ခုလည်း ဖြစ်ပါသည်။
ယင်းညီလာခံကြီးတွင် အဆိုတင်ဆုံးဖြတ်ခဲ့ကြသော အဆိုများအနက် အဆိုအမှတ် ၇ မှာ မြန်မာနိုင်ငံ လွတ်လပ်ရေး ရသည့်အခါ ရှမ်းပြည်အပါအဝင် တောင်တန်းဒေသအားလုံးကို မြန်မာပြည်မနှင့် တစ်စု တစ်စည်းတည်း ပေါင်းစည်းရေးအဆိုပင်ဖြစ်၍ ထိုအဆို တင်သွင်းခဲ့သူမှာ ဤစာအုပ်ရေးသားသူ သံအ မတ်ကြီး ဦးဖေခင်ပင်ဖြစ်ပါသည်။

ဤနေရာတွင် ဦးဖေခင်နှင့်ပတ်သက်၍ လူသိနည်းသော အချက်အချို့ကို ဖော်ပြမှသာ ပိုမိုပြည့်စုံမည် ဟု ယူဆ မိပါသည်။
ညီလာခံတွင် တောင်တန်းဒေသနှင့် မြန်မာပြည်မ  ပူးပေါင်းရေးအဆိုတင်ခဲ့သူဖြစ်၍ ဦးဖေခင်သည် ရှမ်း အမျိုးသားတစ်ဦးဟု ထင်သူက ထင်ကြပါသည်။ အမှန်မှာ သူသည် ပျော်ဘွယ်ဇာတိဖြစ်ပြီး ရှမ်းပြည် တွင် ကြီးပြင်း ခဲ့သူ မြန်မာ-မွတ်ဆလင်တစ်ဦး ဖြစ်ပါသည်။ ရွှေတိဂုံညီလာခံသို့ တက်ရောက်လာရခြင်း မှာလည်း ထိုစဉ်က ဖဆပလအဖွဲ့ချုပ် အလံတော်အောက်ရှိ အဖွဲ့အစည်းတစ်ခုဖြစ်သော မြန်မာ-မွတ် ဆလင်ကွန်ဂရက် (ထိုစဉ်အခေါ် ဗမက)၏ကိုယ်စားလှယ်တစ်ဦးအဖြစ် တက်ရောက်ခဲ့ခြင်းဖြစ်ပါသည်။

ဦးဖေခင်သည် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းရာ၌ ရှမ်းပြည်အပါအဝင် တောင်တန်းဒေသမှ လူမျိုးစုအား လုံး၏ စည်းလုံးညီညွတ်မှုသည် မရှိမဖြစ် အထူးအရေးကြီးသော လိုအပ်ချက်ဖြစ်ကြောင်း ဗိုလ်ချုပ် အောင်ဆန်း ၏ ခံယူချက်ကို အကြွင်းမဲ့ယုံကြည်သူဖြစ်သည့်အလျောက် သူ၏နှလုံးသားအတွင်း၌ ပြည် ထောင်စု စိတ်ဓါတ် အပြည့်အဝကိန်းအောင်းနေကြောင်းကို သူ၏လက်တွေ့ကြိုးပမ်းဆောင်ရွက်ချက် များ က ထင်ရှားစေသည်ဟု ဆိုနိုင်ပါသည်။

ထို့ကြောင့် ၁၉၄၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့ထုတ် ဒီးဒုတ်ဂျာနယ်၌ ရွှေတိဂုံညီလာခံအကြောင်း သတင်း ဖော်ပြရာတွင်
“၎င်းအဆိုကို မြန်မာ-မွတ်ဆလင်အဖွဲ့ကြီး ဒုတိယဥက္ကဋ္ဌ ဦးဖေခင်က တင်သွင်း၍ မန္တလေးသခင်ဗဟိန်း မြစ်ကြီးနား သခင်ကိုအေး၊ ဗန်းမော် ကိုထွန်းလှ တို့က ထောက်ခံလေသည်”
ယင်း ဒီးဒုတ်ဂျာနယ်သတင်းစာမှာပင်
“အစည်းအဝေး အကျိုးဆောင် သခင်ဗတင်က ညီလာခံသို့ လူမြင်သူမြင်မတက်ဝံ့၍ တိတ်တဆိတ် လာ ရောက်သူ ရှမ်းအမျိုးသားကိုယ်စားလှယ် နှစ်ဦးတို့က မိမိတို့နယ်တွင် ဖြစ်ပုံပျက်ပုံများနှင့်တကွ ညီလာခံ ကြီးကို ထောက်ခံကြောင်း စာတစ်စောင် ရေးသားပေးပို့သည်ကို ဖတ်ပြလေသည်။” ဟုလည်း ဖော်ပြ ထားပါသည်။

ဤသည်မှာလည်း အကြောင်းရှိပါသည်။ ထိုအချိန် ၁၉၄၆ ခုနှစ်၊ ဇန်နဝါရီက ဗြိတိသျှဘုရင်ခံ ဆာဒေါ် မန်စမစ်လက်ထက် ဗြိတိသျှအလိုတော်ရိ “ဆာပေါ်ထွန်း”အစိုးရခေတ်ဖြစ်ပြီး ဗြိတိသျှနယ်ချဲ့တို့က တိုင်းရင်းသား ပြည်သူများအား သွေးခွဲအုပ်ချုပ်သည့်စနစ် တည့်တံ့ရေးအတွက် အစွမ်းကုန် ဖိနှိပ်ချုပ် ချယ်ခြင်း၊ ခြိမ်းခြောက်ခြင်းများ အရှိန်အဟုန်ပြင်းစွာဖြင့် ပြုလုပ်နေသဖြင့် ရှမ်းပြည်နယ်မှ ကိုယ်စား လှယ်များ ရွှေတိဂုံညီလာခံသို့ ပြောင်ပြောင်တင်းတင်း မတက်ရောက်နိုင်ကြပါ။ ထိုသို့ လူသိမခံဘဲ တိတ်တဆိတ် ရန်ကုန်သို့လာခဲ့သူနှစ်ဦးမှာ နောက်ပိုင်း ပင်လုံစာချုပ်ဖြစ်မြောက်ရေးတွင် အထူးအရေး ပါခဲ့သော တောင်ကြီးမြို့မှ ဦးထွန်းမြင့်နှင့် ဦးတင်အေး(နိုင်ငံတော် ကောင်စီဝင်ဟောင်း) တို့ပင် ဖြစ်ပါ သည်။

၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၂ ရက်နေ့တွင် သမိုင်းဝင် ပင်လုံစာချုပ်ကြီး လက်မှတ်ရေးထိုးခဲ့သော ပုဂ္ဂိုလ် ၂၂ ဦးအနက် ဦးတင်အေးသည်လည်း ရှမ်းပြည်နယ်မှ လူထုကိုယ်စားလှယ်အဖြစ် လက်မှတ် ရေးထိုးခဲ့ ပါသည်။
အလျဉ်းသင့်၍ ဦးတင်အေး၊ ဦးထွန်းမြင့်နှင့် ဦးဖေခင်တို့၏ကြိုးပမ်းမှုတစ်ရပ်အကြောင်းကိုလည်း တင်ပြ လို ပါသည်။

ဗြိတိသျှအစိုးရနှင့် မြန်မာ့လွတ်လပ်ရေးကိစ္စ ဆွေးနွေးအရေးဆိုရန် ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင် သော ကျွန်တော် တို့ မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလ၊ ၆ ရက်နေ့က လန်ဒန် သို့ သွားခဲ့ကြပါသည်။ ဝန်ကြီးချုပ် မစ္စတာအက်တလီ ဦးဆောင်သော ဗြိတိသျှကိုယ်စားလှယ်အဖွဲ့နှင့် ဆွေးနွေးကြရာတွင် ဗိုလ်ချုပ်အောင်ဆန်းက တောင်တန်းဒေသပြည်နယ်များနှင့် မြန်မာပြည်မတို့ ပူး ပေါင်းလျက် ပြည်ထောင်စုပုံသဏ္ဍာန်အဖြစ် လုံးဝလွတ်လပ်ရေးပေးရန်  တိကျပြတ်သားစွာပင် တောင်း ဆိုခဲ့ပါသည်။ သို့ရာတွင် နှစ်ဖက်ဆွေးနွေးကြစဉ် အနှောင့်အယှက်တစ်ခုဖြစ်ပေါ်လာပုံကား ရှမ်းပြည် နယ်မှ စော်ဘွားနှစ်ဦးအမည်ဖြင့် “အောင်ဆန်းသည် ရှမ်းပြည်ကို ကိုယ်စားမပြု၊ ပြည်မမှ မြန်မာခေါင်း ဆောင်တစ်ဦးသာ ဖြစ်သည်”ဟူသော ကြေးနန်းစာတစ်စောင် ဗြိတိသျှအစိုးရထံသို့ ရောက်လာခဲ့ခြင်း ပင်ဖြစ်ပါသည်။ ဤတွင် သခင်မြ၊ ဦးကျော်ငြိမ်းစသော မြန်မာကိုယ်စားလှယ်အဖွဲ့များသည် အထူးစိုး ရိမ်မကင်းဖြစ်ခဲ့ကြရပါသည်။

သို့သော် နောက်နှစ်ရက်မျှအကြာတွင် နောက်ထပ် ကြေးနန်းစာတစ်စောင်ရောက်လာရာ ယင်းကြေး နန်း ၌ ဗိုလ်ချုပ်အောင်ဆန်းသည် ရှမ်းပြည်နယ်အပါအဝင် တောင်တန်းဒေသအားလုံးကို ကိုယ်စားပြု သော ခေါင်းဆောင်ဖြစ်ကြောင်းနှင့် တောင်တန်းဒေသမှ တိုင်းရင်းသားပြည်သူများအတွက် အရေးဆို ရန် အကြွင်းမဲ့ ထောက်ခံကြောင်း တောင်ကြီးမြို့၌ကျင်းပသည့် လူထုအစည်းအဝေးပွဲကြီးက တစ်ခဲနက် ထောက်ခံ ဆုံးဖြတ် ကြောင်း တိကျပြတ်သားစွာ ဖော်ပြပါရှိပါသည်။

အဆိုပါ ကြေးနန်းစာကြောင့်လည်း ဆွေးနွေးပွဲပြေလည် ချောမောကာ မြန်မာ့လွတ်လပ်ရေး အာမခံ ချက် ပေးသည့် အောင်ဆန်းအက်တလီစာချုပ် ၂၇-၁-၁၉၄၇ နေ့တွင် အောင်မြင်စွာချုပ်ဆိုနိုင်ခဲ့ပါသည်။
အဆိုပါတောင်ကြီး အစည်းအဝေးပွဲကြီး ဖြစ်မြောက်အောင်မြင်စေရန် စွမ်းစွမ်းတမံကြိုးပမ်းဆောင်ရွက် နေသူများ အနက် ဦးဖေခင်၊ ဦးတင်အေးနှင့် ဦးထွန်းမြင့်တို့သည် အဓိကအခန်းမှပါဝင်ကြိုးပမ်းခဲ့သူများ ဖြစ်ကြပါသည်။

ထို့ကြောင့် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့ ကျွန်တော်တို့ ရန်ကုန်ပြန်ရောက်သောအခါ တောင် ကြီး လူထုအစည်းအဝေးပွဲမှ ပို့လိုက်သော ကြေးနန်းကြောင့် “အောင်ဆန်း-အက်တလီ”စာချုပ် အောင် မြင် ချောမောခဲ့ရကြောင်း ကျွန်တော်က ဦးဖေခင်အား ပြောပြခဲ့ပါသေးသည်။

“လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော်”ဟူ၍ ဖြစ်ပေါ်စေခဲ့သည့် “ပင်လုံစာချုပ်”ကို ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် အောင်မြင်စွာ လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်းကိုကား အားလုံးသိ ရှိပြီးဖြစ်ပါသည်။ သို့သော် ထိုစာချုပ်ချုပ်ဆိုရေးသည် လွယ်လင့်တကူ ပြေလည်ချောမောခဲ့သည်မဟုတ် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့အထိ ကိုယ်စားလှယ်အားလုံး လက်မှတ်ရေးထိုးရန် မသေချာ ဘဲ လိပ်ခဲ တည်းလည်းဖြစ်ခဲ့ကြောင်းကို ကျွန်တော် စာပေဟောပြောပွဲများ၌လည်းကောင်း၊ ပြည်ထောင် စုနေ့ ဆောင်းပါးများ ရေးသားရာ၌လည်းကောင်း ဟောပြောရေးသားလေ့ရှိပါသည်။ ထိုအကြောင်း ကို ဦးဖေခင် ၏စာအုပ်တွင် အသေးစိတ်ဖော်ပြထားပါသည်။

ဦးဖေခင်ရေးသားသည့်အတိုင်း ပင်လုံမြို့သို့ရောက်ပြီးခါမှ အခြေအနေမသေချာဖြစ်နေခြင်းကြောင့် ဗိုလ်ချုပ်သည် စိတ်ပျက်လာရာမှ ရန်ကုန်ပြန်တော့မည်ဆိုကာ ကျွန်တော့်အား လေယာဉ်ပျံမှာယူခိုင်းပါ သည်။ သို့သော် ဦးဖေခင်နှင့် ကျွန်တော်တို့ တိုင်ပင်ပြီး လေယာဉ် မမှာသေးဘဲ တစ်ဖက်က လူမျိုးစု ခေါင်းဆောင်ကြီး များအား ကြိုးစားစည်းရုံးရင်း၊ တစ်ဖက်ကလည်း ဗိုလ်ချုပ်အား ရန်ကုန်မပြန်ရန် ဖျောင်းဖျ ပြောဆိုခဲ့မှုကြောင့် ဗိုလ်ချုပ်သည် စိတ်ပြေပြီးမပြန်ဘဲ ပင်လုံမှာဆက်နေရန် ဆုံးဖြတ်ခဲ့ပါသည်။

အကယ်၍သာ ကျွန်တော်တို့က ဗိုလ်ချုပ်စိတ်ပြေအောင် ဖျောင်းဖျပြောဆိုခြင်းမပြုနိုင်ပါက ယနေ့ သမိုင်းဝင် ပင်လုံစာချုပ်သည် အကောင်အထည်ပေါ်လာစရာ အကြောင်းမရှိရုံမက မြန်မာနိုင်ငံသမိုင်း သည်လည်း တစ်မျိုးတစ်ဖုံဖြစ်သွားကာ ဗြိတိသျှနယ်ချဲ့တို့ အကြိုက်ဖြစ်သွားမည်မှာ သေချာသည်ဟု ဆိုနိုင်ပါသည်။

ဤစာအုပ်တွင် သံအမတ်ကြီး(အငြိမ်းစား) ဦးဖေခင်သည် ရွှေတိဂုံအလယ် ပစ္စယံညီလာခံကြီးမှသည် ၁၂-၂-၁၉၄၇ နေ့ ပင်လုံစာချုပ် လက်မှတ်ရေးထိုးချုပ်ဆိုပြီးသည်အထိ သူကိုယ်တိုင် တောက်လျှောက် ပါဝင်ခဲ့သော တိုင်းရင်းသားစည်းလုံးညီညွတ်မှု တည်ဆောက်ရေးကြိုးပမ်းမှုများအကြောင်းကို ကွက် ကွက် ကွင်းကွင်း အသေးစိတ်ရေးသားဖော်ပြထားခြင်းဖြစ်ရာ နောက်လာလတ္တံ့သော ခေတ်အဆက် ဆက်မှ သမိုင်းသုတေသီများ၊ မြန်မာ့လွတ်လပ်ရေးသမိုင်းကို လေ့လာလိုသူများအတွက် ကိုးကားမှီး ငြမ်းစရာ အထောက်အထားခိုင်လုံသော ရည်ညွှန်းစာအုပ်ကောင်းတစ်အုပ် ဖြစ်နိုင်သည်သာမက အများပြည်သူ၊ ရဟန်းရှင်လူ၊ ကျောင်းသူကျောင်းသားများကအစ ဗဟုသုတအဖြစ် လေ့လာမှတ်သား သင့်သည့် စာအုပ်တစ်အုပ်ဖြစ်လာမည်မှာ မလွဲဧကန်ပင်ဖြစ်ပါသည်။

အခန်းဆက်ဆောင်းပါးများကို သတင်းစာတွင် ဖတ်ရစဉ်ကပင် ကျွန်တော်သည် ထိုဆောင်းပါးများကို စုပေါင်း၍ စာအုပ်အဖြစ် ထုတ်နိုင်လျှင်ကောင်းလေစွဟု အောက်မေ့မိခဲ့ရာ ဦးဖေခင်က သူ၏ဆောင်းပါး များကို စာအုပ်ထုတ်ဝေရန် စီစဉ်နေ၍ အမှာစာရေးသားပေးရန် လာရောက်မေတ္တာရပ်ခံသောအခါ ကျွန် တော်လည်း ဝမ်းမြောက်ရွှင်လန်းစွာဖြင့် ဤအမှာစာကို ရေးသားလိုက်ရပါသတည်း။

ဗိုလ်ထွန်းလှ(တက္ကသိုလ်နေဝင်း)
နိုင်ငံဂုဏ်ရည် (ပထမဆင့်)
.

No comments: