(၄၁)
"ငါတော့ နားမလည်ဘူး စင်တိန်၊ တို့အားလုံး မင်းနဲ့လိုက်လို့ မဖြစ်ဘူးလား" ဂါရီကုတ်နေက မေး လိုက်သည်။
"ဟင့်အင်း ... မဖြစ်လို့ပါ ပါပါ၊ ကျွန်မတစ်ယောက်တည်း သွားလုပ်မှ ဖြစ်မယ်ကိစ္စမို့ပါ"
"ငါနဲ့ အန် တစ်ယောက်ယောက်လိုက်မှ ဖြစ်မယ်ထင်တယ်၊ မင်းကို ငါနောက်တစ်ကြိမ် ထပ်ပြီး သွားခွင့် မပေးနိုင် တော့ဘူး"
"အန်က ရှာဆာ ကို စောင့်ရှောက်ဖို့ နေခဲ့ရမယ်လေ"
"ဒါဖြင့် ငါလိုက်ခဲ့မယ်လေ၊ မင်းအတွက် ယောက်ျားတစ်ယောက်တော့ ပါဦးမှပေါ့"
"ဟင့်အင်း ... ပါပါ၊ ပါပါ နားလည် သဘောပေါက်ဖို့ ကျွန်မ တောင်းပန်ပါရစေ၊ ကျွန်မတစ်ယောက်တည်း လုပ်မှ ဖြစ်မယ့်ကိစ္စမို့ပါ၊ ကျွန်မရဲ့ ကိုယ်ရေးကိုယ်တာကိစ္စမို့ပါ"
"စင်တိန် ... မင်းကို ငါဘယ်လောက်ချစ်တယ်ဆိုတာ မင်းသိပါတယ် သမီးရယ်၊ မင်း ဘယ်နေရာသွားမယ်၊ ဘာလုပ်မယ် ဆိုတာ မသိသင့်ဘူးလား"
"ကျွန်မလဲ ပါပါ့ကို ချစ်ပါတယ်၊ ဒါပေမယ့် အဲဒါတော့ ပြောလို့ မဖြစ်လို့ပါ၊ အဲဒါ ပြောလိုက်ယင် ကျွန်မရဲ့ ရည်ရွယ်ချက်တွေ၊ အစီအစဉ်တွေအားလုံး ပျက်သွားလိမ့်မယ်၊ ကျွန်မ မသွားမဖြစ်လို့ သွားတယ်လို့ပဲ သဘော ထားပါ၊ ကျွန်မ အဲဒီလောက်ပဲ ပြောပြနိုင်ပါတယ်"
"ဘယ်လောက် ကြာမှာလဲ"
"ဘယ်လောက်ကြာမယ်ဆိုတာ ကျွန်မလဲ အသေအချာ မပြောနိုင်ဘူး၊ လေးငါးခြောက်လ ကြာချင် ကြာမယ်၊ ဒီထက် ပိုချစ်ပိုမယ်"
စင်တိန်က ခေါင်းငုံ့လိုက်ပြီး သက်ပြင်းချလိုက်သည်။ ဂါရီက မတတ်သာ၍ လိုက်လျောရမည့်အနေအထား ရှိသော် လည်း ၀မ်းနည်းပုံ ပေါ်နေသည်။
"ကဲ ... ဒါဖြင့် ငါ ဘာကူညီရမလဲ"
"ဘာမှ မလိုပါဘး၊ ကျွန်မ မရှိတုန်း ရှာဆာကိုသာ စောင့်ရှောက်ထားပါ၊ မတတ်သာလို့ သွားရတဲ့ အတွက် လဲ ကျွန်မကို ခွင့်လွှတ်ပါ"
"ငွေလိုသလား"
"မလိုပါဘူး၊ ကျွန်မအမွေရထားတာ ပါပါ သိသားပဲ"
"မိတ်ဆက်စာတွေတော့ လိုမှာပေါ့၊ ဒီလောက်တော့ ငါ အနည်းဆုံး လုပ်ပေးစမ်းပါရစေ"
"ကျေးဇူးပါပဲ ပါပါ"
စင်တိန်သည် ထိုကိစ္စကို အန်နှင့် ပြောရသောအခါ ဂါရီကို ပြောရသလောက် မလွယ်ပေ။ အန်က ဒေါပွပြီး အကြောက်အကန် လုပ်နေသည်။
"ညည်းကို ငါ သွားခွင့်မပြုနိုင်ဘူး၊ ညည်းရော တို့အားလုံးရော ဒုက္ခရောက်လိမ့်မယ်၊ မရူးစမ်း မမိုက်စမ်း ပါနဲ့ အေ၊ ငါစီစဉ်တဲ့ အတိုင်းသာ ညည်းကိစ္စကို ရှင်းပစ်လိုက်စမ်းပါ၊ အဲဒါ အမြန်ဆုံးနဲ့ နောက်ဆုံးနည်းပဲ"
"မဟုတ်ဘူးအန်၊ ကျွန်မကလေးကို ကျွန်မ မသတ်နိုင်ဘူးရှင်၊ အဲဒီလိုမလုပ်နိုင်ဘူး"
"ညည်းမသွားဖို့ ငါတားတယ်အေ"
"ဟင့်အင်း ... ကျွန်မကို တားလို့လဲ မရဘူး၊ ရှင်းပစ်ခိုင်းလို့လဲ မရဘူး၊ ခဏသည်းခံစောင့်နေပြီး ကျွန်မ သွားတုန်း ရှာဆာ ကို ကြည့်ထားပေးစမ်းပါ" စင်တိန်က အန်ကို ဖက်ပြီး ချော့လိုက်သည်။
"ညည်း ဘယ်သွားမယ်ဆိုတာလောက်တော့ ငါ့ကို ပြောစမ်း"
"နောက်ထပ် မမေးပါနဲ့တော့ အန်ရယ်၊ ကျွန်မကို နောက်ယောင်ခံမလိုက်ဘးဆိုတာ ကတိပေးစမ်းပါ၊ ပါပါ ဂါရီ ကိုလဲ ကျွန်မကို နောက်ယောင်ခံမလိုက်အောင် တားပေးထားစမ်းပါ။ တကယ်လို့ သူနောက်ယောင်ခံ လိုက်ယင် ဘာတွေ တွေ့သွားမယ်ဆိုတာ အန်သိပါတယ်လေ"
"ညည်းဟာ အတော်ခေါင်းမာတဲ့ ကောင်မလေးပဲ၊ ညည်းပြန်မလာယင်တော့ ငါ့အသည်းကွဲပြီဆိုတာ သိထားလိုက် စမ်းပါအေ"
အန်ကလည်း စင်တိန်အား ပြန်ဖက်ရင်း ပြောလိုက်သည်။
"ဒီလို မပြောပါနဲ့ အန်ရယ်၊ ပြန်လာမှာပါ"
စင်တိန် မီးရထားဖြင့် ထွက်လာခဲ့သည်။ သဲကန္တာရအငွေ့အသက်နှင့် မြင်ကွင်းများက သူမအဖို့ အတိတ်ကို ပြန်လည် လွမ်းမောသတိရစေသည်။
ဂါရီကုတ်နေ၏ ရှေ့နေက ၀င်းဟုပ်ဘူတာရုံတွင် စင်တိန်အား လာကြိုသည်။ ကိပ်တောင်းမှ ရထားမထွက် ခင် ကပင် စင်တိန်က ရှေ့နေထံ သံကြိုးရိုက် မှာထားသည်။ ရှေ့နေနာမည်မှာ အေဘရာဟင် ဖြစ်ည်။ ထက်မြက်စူးရှသော မျက်လုံးများ ရှိသည်။
ဂါရီထံမှ၊ မိတ်ဆက်စာကို စင်တိန်က ပေးလိုက်သည်။
"ဒီမှာ ခင်ဗျားကို လူတိုင်း သိပါတယ်၊ ခင်ဗျား ယောက္ခမကြီးစာတောင် မလိုပါဘူး၊ ခင်ဗျားကို ကူညီခွင့် ရတာ ကိုက ကျွန်တော့်အတွက် ဂုဏ်တစ်ပါးပါဗျာ"
ရှေ့နေက စင်တိန်အား ကိုင်ဇာဟောဖ် ဟိုတယ်သို့ ကားဖြင့် လိုက်ပို့သည်။ စင်တိန်အား ရေမိုးချိုး အနားယူ ရန် ထားခဲ့ပြီး ညနေစောင်းကျမှ ပြန်လာတော့သည်။
"ကဲ မစ္စက်ကုတ်နေ ကျွန်တော် ဘာလုပ်ပေးရမလဲ"
"ကျွန်မအတွက် လုပ်ကိုင်ပေးရမှာတွေကို စာရင်းရေးလာပါတယ်၊ အဲဒီစာရင်းစာရွက်ထဲမှာ ကြည့်ပါ၊ ပထမဆုံး ရှင်လုပ်ပေးစေချင်တာကတော့ ကျွန်မတွေ့ချင်တဲ့ လူတစ်ယောက်ကို ရှာပေးဖို့ပါပဲ"
စင်တိန်က စာရင်းစာရွက်ကို ကမ်းပေးလိုက်သည်။ ရှေ့နေက အသေအချာ ကြည့်ပြီး ပြန်ပြုံးကာ ပြော လိုက် သည်။
"ဒီလူရှာဖို့က သိပ်မခက်ပါဘူး၊ ဒီလူကလဲခင်ဗျားလိုပဲ ဒီမှာ လူတိုင်း သိနေတဲ့လူပါ"
လမ်း က အလွန်ကြမ်းသည်။ ကျောက်ခဲများ ခင်းထားကာစရှိသေးသည်။ အင်္ကျီမပါသော လူမည်း အလုပ်သမား များ၏ ကိုယ်တွင် ချွေးများ ရွှဲစိုနေသည်။ ကျောက်တုံးကျောက်ခဲကြီးများကို ထုခွဲပြီး လမ်းခင်း နေကြသည်။ စင်တိန်က ထိုလမ်းကြမ်းအတိုင်း အေဘရာဟင်၏ ဖို့ဒ်ကားဖြင့် မောင်းသွားသည်။ စင်တိန် က လူမည်းအလုပ်သမားများအား လှမ်းအော်ပြီး မေးလိုက်ရာ သူတို့က ပြုံးပြပြီး အပေါ်ဘက်သို့ ညွှန်ပြကြ သည်။
တောင်စောင်းအတိုင်း တက်လာရာ လမ်းဆုံးပြီး သွားမရတော့ပေ။ လူမည်း အလုပ်သမားခေါင်း တစ်ဦးက အလံနီ ကို ဝှေ့ယမ်းပြရင်း စင်တိန်ဆီ ပြေးလာသည်။
"သွားလို့ မရတော့ဘူးမစ္စက်၊ သူတို့ ဟိုတောင်စောင်းကို ဒိုင်းနမိုက်နဲ့ ဖောက်ခွဲတော့မလို့"
စင်တိန်က လမ်းဘေးမှ ဆိုင်းဘုတ်ရှေ့တွင် ကားရပ်လိုက်သည်။ ဆိုင်းဘုတ်ကို မော့ကြည့်ပြီး ဖတ်လိုက် သည်။
ဒီလာရေး ဆောက်လုပ်ရေးကုမ္ပဏီ
လမ်းဖောက်လုပ်ရေးနှင့် မြို့ပြအင်ဂျင်နီယာလုပ်ငန်း
စင်တိန်က ကားပေါ်မှ ဆင်းလိုက်သည်။ ယောက်ျား ရှပ်အင်္ကျီနှင့် ဘောင်းဘီအရှည် ၀တ်ထားပြီး ဖိနပ်စီး ထားသည်။ ခေါင်းတွင် စည်းလာသော အ၀တ်စကို ချွတ်လိုက်သည်။ ကိုယ်ပေါ်မှ ဖုန်များကို ခါလိုက်သည်။ ၀င်းဟုပ်မြို့မှနေ၍ မိုင် ၅၀ခန့်လာရသော ခရီး ဖြစ်သည်။ အရုဏ်မတက်ခင်ကပင် တစ်ဦးတည်း ထွက် လာခဲ့ ခြင်း ဖြစ်သည်။
နံနက်စာ ကြက်ဥညှပ်ပေါင်မုန့်နှင့် လက်ဖက်ရည်ဘူးပါလာသည်။ ဆာလာသဖြင့် ကားနောက်ခန်းမှ လှမ်းယူပြီး ကားစက်အဖုံးပေါ်တင်ပြီး စားရင်း အောက်ဘက်မှ လွင်ပြင်ဆီသို့ ငေးကြည့်နေမိသည်။ ရွှေရောင် ဆံပင် များကို သတိရလာသောအခါ ရှိန်းဖိန်းသွားသည်။ သို့သော် တစ်မုဟုတ်ချင်းပင် မိမိ၏ ပျော့ညံ့မှု ကို ပြန်ရှက်မိပြီး ကိုယ့်ကိုယ်ကိုယ် ဆုံးမလိုက်သည်။
"ငါသူ့ကို မုန်းတယ်၊ ငါ့ကို အခုလို ကိုယ်ဝန်ရစေတဲ့အတွက် သူ့ကို ငါမုန်းတယ်၊ ငါ စိတ်ဓာတ်ခိုင်မာရမယ်၊ ပြတ်သား ရမယ်၊ ဒါ ရှာဆာ့ အကျိုးအတွက်ပဲ"
ထိုအချိန်မှာပင် သူမနောက်ကျောဘက် တောင်စောင်း ခပ်မြင့်မြင့်ဆီမှ ခရာမှုတ်၍ သတိပေးလိုက်သံ ကြား ရသည်။ တောင်နံရံကို မိုင်းဖြင့်ခွဲ၍ လမ်းခင်းရန် ကျောက်သား ထုတ်ယူရေးအတွက် လုပ်နေကြခြင်း ဖြစ်သည်။ ခဏငြိမ်သက်သွားပြီးနောက် ပေါက်ကွဲသံကြီး ပေါ်လာကာ မြေကြီးပါတုန်ဟည်းသွားသည်။
စင်တိန်က ပေါက်ကွဲသည့်တောင်စောင်းဘက်သို့ လှည့်ကြည့်လိုက်သည်။ သဲကန္တာရ၏ ကြည်ပြာရောင် ကောင်းကင်ပြင် ထဲသို့ ဖုန်လုံးကြီး ထိုးတက်သွားသည်။ တောင်စောင်းမှ ကျောက်သားကျောက်တုံးများ ပြိုကွဲ လိမ့်ဆင်းလာသည်။ ပေါက်ကွဲသံ၏ ပဲ့တင်ထပ်သံများလည်း ရိုက်ခတ်လာသည်။ တစ်ခဏအကြာ တွင် အသံများ ငြိမ်သက်သွားပြီး ဖုန်လုံးများလည်း လွင့်စဉ် ကွယ်ပျောက်သွားသည်။ တောင်စောင်းမှ မြင်ကွင်း ကို စင်တိန် ကြည်လင် ထင်ရှားစွာ ပြန်မြင်လာရသည်။
စင်တိန်က တောင်စောင်းဆင်ခြေလျှောဘက်သို့ ရပ်ပြီး ငေးကြည့်နေသည်။ တစ်ခဏအကြာတွင် လူ တစ်ယောက် မြင်းစီးပြီး တောင်းစောင်းမှ အောက်ဘက်သို့ ဆင်းလာနေသည်ကို လှမ်းမြင်ရသည်။ ကြမ်းတမ်း ခက်ထရော်သော လမ်းအတိုင်း ဖြည်းဖြည်းမြင်းစီးပြီး ဆင်းလာနေသည်။ ကျောက်တုံးများ ဂလုံး ဂခု လမ်းပေါ်တွင် မြင်းက ခြေမချော်အောင် မနည်းခြေကုတ်ပြီး ဖြည်းဖြည်းလျှောက်နေရသည်။ မြင်းပေါ်မှ အရပ်ရှည်ရှည် နှင့်လူမှာ ဘယ်ယိမ်းညာနွဲ့ဖြင့် အလိုက်သင့် လှုပ်ရှားရင်း ပါလာသည်။
"အင်းလေ ... တကယ်လို့ သူသာ လူချောတစ်ယောက် မဖြစ်ယင် ငါငြိစွန်းမိမှာ မဟုတ်ဘး" စင်တိန်က တစ်ကိုယ်တည်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ထိုသူက ငှက်မွေးအတောင်တပ်ထားသော ဦးထုပ်ကို ခေါင်းမှ ဆွဲချွတ်လိုက်ပြီး အ၀တ်အစားပေါ်မှ ဖုံ များကို ဦးထုပ်ဖြင့် ခါထုတ်လိုက်သည်။ ခေါင်းမှ ရွှေရောင်ဆံပင်များက နေရောင်တွင် တဖိတ်ဖိတ် တောက်နေသည်။ မြင်းက တောင်ခြေရင်းသို့ အရောက် စင်တိန်နှင့် ခြေလှမ်းတစ်ရာခန့် အကွာတွင် ထိုသူက မြင်းပေါ်မှ လွှားခနဲ ခုန်ဆင်းလိုကသ်ည။
မြင်းဇက်ကြိုးကို အသင့်စောင့်နေသော လူမည်း အလုပ်သမားခေါင်းထံ လှမ်းပေးလိုက်သည်။ အလုပ်သမား ခေါင်းက ထိုသူ့အား တစ်စုံတစ်ရာကို အရေးတကြီး ပြောလိုက်ပြီး စင်တိန်ရပ်နေရာဘက်သို့ လက်ညှိုး ထိုးပြသည်။ လိုသာက ခေါင်းညိတ်လိုက်ပြီး စင်တိန်ရှိရာဆီသို့ အပြေးကလေး ဆင်းလာသည်။ လမ်းတစ်ဝက် တွင် လိုသာတုံ့ခနဲ ရပ်လိုက်ပြီး သူမအား စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။
စင်တိန် သည် ခြေလှမ်းငါးဆယ်လောက်အကွာရှိ လိုသာ၏ အ၀ါရောင် မျက်လုံးက အရောင်များ တဖျပ်ဖျပ် တောက်လာသည်ကို လှမ်းမြင်ရသည်။ လိုသာက သူမဆီသို့ ပြေးလာသည်။
စင်တိန် မတုန်မလှုပ် ကျောက်ရုပ်သဖွယ် ရပ်နေသည်။ လိုသာအား စိန်းစိန်းကြီး စိုက်ကြည့်နေသည်။ စင်တိန် ၏ တင်းမာအေးဆက်သော အသွင်ကို မြင်လိုက်ရသောအခါ လိုသာသည် စင်တိန် ဆယ်လှမ်းခန့် အကွာ ၌ ရပ်လိုက်ပြန်သည်။
"စင်တိန် ... ငါ မင်းကို အခုလို တွေ့ရလိမ့်မယ်လို့ လုံးဝ မထင်ပါဘူး အချစ်ရယ်"
လိုသာက ရှေ့သို့ တစ်လှမ်းချင်း ဆက်လျှောက်လာရင်း ပြောသည်။
"ကျွန်ကို မထိနဲ့၊ နောက်ထပ် ကျွန်မအသားကို လုံးဝ မထိနဲ့ ရှင့်ကို သတိပေးပြီးသား"
စင်တိန်က မာကျောအေးစက်စွာ ပြောလိုက်သည်။ ရင်ထဲက တက်လာသော ခံစားချက်ကို အံကြိတ်ပြီး မျိုချလိုက်သည်။
"ဒါဖြင့် မင်းဘာဖြစ်လု့ ဒီကို လိုက်လာတာလဲ၊ မင်း ငါ့ကို သတိရတမ်းတလို့ လာတာ မဟုတ်ဘူးလား၊ ငါ့ကို ထပ်ပြီး ညှဉ်းပန်းနှိပ်စက်ချင်လို့လာတာလားဟင်"
"ရှင်နဲ့ အပေးအယူလုပ်စရာ တစ်ခုရှိလို့လာတာ၊ ရှင့်ကို မေးစရာ တစ်ခုရှိတယ်" စင်တိန်သည် ဒေါသနှင့် ခံစားချက်တို့ကို ထိန်းချုပ်နိုင်ပြီဖြစ်ပြီး အေးဆေးစွာ ပြောလိုက်သည်။
"မင်းက ဘာများအပေးအယူ လုပ်ချင်လို့လဲ၊ အဲဒီ့ အပေးအယူထဲမှာ မင်းပါ ပါတယ်ဆိုယင်တော့ ငါ့ဘက် က ဘာမဆို လက်ခံမယ်"
"မပါဘူး၊ ကိုယ့်ကိုယ်ကိုယ်သာ သတ်သေလိုက်မယ်၊ ရှင့်ကိုတော့ ကျွန်မကိုယ်ကို ထိုးမအပ်ဘူး" စင်တိန်က ခေါင်းသွင်သွင် ခါယမ်းပြီး ပြောလိုက်သည်။
"မင်းဟာ တကယ်ကို အသနားကြင်နာမရှိတဲ့ မိန်းမ၊ နှလုံးသားမရှိတဲ့ မိန်းမပါလား"
"အဲ့ဒါတွေ ကျွန်မ ရှင်ဆီက တတ်ခဲ့တာပဲလေ"
"ကဲ ပြောစမ်းပါဦး၊ မင်းက ဘာများ အပေးအယူ လုပ်ချင်တာလဲ"
"သဲကန္တာရထဲမှာ ရှင်ကျွန်မကို တွေ့ခဲ့တဲ့နေရာကို ကျွန်မကို ပြန်ပို့ပေးရမယ်၊ သွားဖို့လာဖို့ ယာဉ်တွေ၊ ခိုင်းဖို့ စေဖို့ အိမ်ဖော်တွေ၊ တခြားလိုအပ်တာတွေအားလုံး ရှင်စီစဉ်ပြီး ကျွန်မကို အဲဒီတောင်ခြေကို ရှင်ပြန်ပို့ ပေးရမယ်၊ ပြီးတော့ ကျွန်မကို အဲဒီနေရာမှ တစ်နှစ်လောက်ထားခဲ့ပြိး ရှင်ပြန်သွားတော့"
"ဘာဖြစ်လို့ မင်းအဲဒီနေရာ ပြန်သွားချင်ရတာတုံး"
"ဒါ ရှင်နဲ့ မဆိုင်ပါဘူး"
"ငါနဲ့မဆိုင်ဘူးဆိုတာတော့ မမှန်ဘူး၊ မဆိုင်ယင် ငါပါစရာ မလိုဘူးပေါ့"
"အဲဒီနေရာကို ကျွန်မဘာသာ လိုက်ရှာယင် နှစ်တွေ သိပ်ကြာပြီး မတွေ့ဘဲနဲ့တောင် သေသွားနိုင်တယ် ရှင့်၊ ဒါကြောင့် ရှင့်ဆီလာတာ"
"မင်းတွေးတာ မှန်တယ်၊ ဒါပေမယ့် မင်းပြောတာလုပ်ပေးက ပိုက်ဆံတော်တော်ကုန်မယ်၊ ငါ့ရှိသမျှ ပိုက်ဆံ အားလုံးက ကုမ္ပဏီထဲမှာ အရင်းမြုပ်နေပြီ ငါ့အိတ်ထဲမှာ ပိုက်ဆံတစ်ြားတစ်ချပ်တောင် မကျန်တော့ဘူး"
"ကုန်ကျစရိတ်အားလုံး ကျွန်မ တာဝန်ယူတယ်၊ ရှင်က လူပဲ စိုက်ပြီး လုပ်ပေးပါ"
"ဒါဆိုယင် ဖြစ်နိုင်တယ်၊ ကဲ ... ငါက အဲဒီလိုလုပ်ပေးတာ့၊ မင်းဘက်က ငါ့ကို ဘာပေးမှာလဲ"
"အပေးအယူအဖြစ်နဲ့ ရှင် ကျွန်မကို ပေးသွားတဲ့ လူလွန်မသားလေးကို ရှင့်ပြန်ပေးမယ်"
စင်တိန်က အံကြိတ်လိုက်ပြီး လက်ဖြင့် ဗိုက်ကို ပုတ်ပြကာ ပြောလိုက်သည်။
လိုသာ့မျက်နှာတွင် အံ့သြမှု၊ ၀မ်းသာမှုတို့ဖြင့် တစ်မုဟုတ်ချင်း ပြည့်လျှံသွားသည်။ ပီတိဖြာသွာသည်။
"စင်တိန် ... ကလေး ဟုတ်လား ... တို့ကလေးကို မင်း ၀မ်းနဲ့ လွယ်ထားရပြီပေါ့ ဟုတ်လား"
လိုသာ ခြေလှမ်းများက အလိုအလျောက် ရှေ့တိုးလာသည်။
"ရှင် ရှေ့မတိုးလာနဲ့၊ နောက်ပြန်ဆုတ်၊ ကျွန်မတို့ရဲ့ ကလေး မဟုတ်ဘူး၊ ရှင်တစ်ယောက်တည်းရဲ့ကလေး၊ ဒီကလေးမွေးပြီးတာနဲ့ ကျွန်မနဲ့ လုံးဝမဆိုင်တော့ဘူး၊ ကြည့်တောင် မကြည့်ချင်ဘူး၊ မွေးပြီးပြီချင်း ၀မ်းက ကျွတ်တာနဲ့ ရှင် တစ်ခါတည်း ယူသွားပေတာ့၊ ရှင်ကြိုက်သလိုလုပ်၊ ကျွန်မတော့ လုံးလုံး မလုပ်ချင်ဘူး၊ မကြည့်ချင်ဘူး၊ မုန်းတယ်၊ ဒီကလေးရစေတဲ့ ရှင့်ကို မုန်းတယ်၊ ဒါပဲ"
လိုသာသည် စင်တိန်အား တောင်ခြေစခန်းမှနေ၍ ဂါရီနှင့် ချိန်းထားသောနေရာသို့ ခေါ်လာခဲ့စဉ်က တိရစ္ဆာန်ဆွဲ လှည်းများ၊ မြင်းများဖြင့် လာရခြင်းကြောင့် ရက်သတ္တသုံးလေးပတ် ကြာခဲ့သည်။ သို့သော် ယခု တောင်ခြေသို့ ပြန်သွားရာတွင် မော်တော်ကားများဖြင့် သွားခြင်းကြောင့် ရှစ်ရက်သာ ကြာသည်။ ဤသည်ပင်လျှင် ကျောက်တောင်ထူထပ်သော တောင်ကြားလမ်းများ၌ နှစ်ကြိမ် မိုင်းခွဲပြီး လမ်းဖောက်ရ ခြင်းကောင့် ဤမျှ ကြာသွားခြင်း ဖြစ်သည်။
သူတို့ခရီးစဉ်တွင် လော်ရီကားကြီးနှစ်စီးနှင့် ဖို့ဒ်ကားတစ်စီးပါသည်။ ထိုကားများကို ၀င်းဟုပ်မြို့မှ စင်တိန် ၀ယ်လိုက်ခြင်း ဖြစ်သည်။ စခန်းတွင် ခိုင်းရန် အိမ်ဖော်ခြောက်ယောက်၊ လူမည်းလော်ရီဒရိုင်ဘာ နှစ်ဦးတို့ကို လိုသာ ရွေးချယ် ငှားလာသည်။ စင်တိန့်အတွက် သက်တောင်စောင့် ကိုယ်ရံတော်အဖြစ် သူ့ညာလက်ရုံး တပည့် ဆ၀ပ်ဟင်းဒရစ်ကို အထူး တာဝန်ပေးသည်။
"ကျွန်မ သူ့ကို မယုံဘူး၊ သူက လူသားစားတဲ့တယ်" စင်တိန်က ကန့်ကွက်သေးသည်။
"မင်း သူ့ကို စိတ်ချယုံကြည်နိုင်ပါတယ်၊ သူ ကို ငါ မသတ်ဘူး၊ မင်းနည်းနည်းလေးစိတ်တိုင်းမကျတာနဲ့ ငါသူ့ကို ဖြည်းဖြည်း ညှဉ်းပြီး သတ်ပစ်လိုက်မယ်"
လိုသာ က ဟင်းဒရစ်ရှေ့တွင်ပင် ပြောလိုက်ရာ ဟင်းဒရစ်က ပြုံးဖြဲဖြဲကြီး လုပ်နေသည်။
"သူပြောတာ မှန်ပါတယ် မစ္စက်၊ တခြားလူတွေကို အဲဒီလို လုပ်ခဲ့တာ ကျွန်တော့်အမြင့်ပါ"
လိုသာ နှင့် ဟင်းဒရစ်က လမ်းဖောက်လုပ်သားများနှင့်အတူ ရှေ့ဆုံးလော်ရီကားမှ လိုက်သွားသည်။ လူများက ကားရှေ့မှ သွားပြီး သစ်ပင်များ၊ သစ်ကိုင်းသစ်ခက်များအား ခုတ်ကာ လမ်းရှင်းပေးသွားသည်။ သူ့အလို အလျောက် လမ်းရှင်းသည့် နေရာများတွင်မူ ကားပေါ်တက်လိုက်ကြသည်။ ဒုတိယလော်ရီကား တွင် ပစ္စည်းပစ္စယများနှင့် ၀န်စည်စလယ်များ တင်လာသည်။ စင်တိန်က နောက်ဆုံးမှ ဖို့ဒ်ကားများကို ကိုယ်တိုင် မောင်းပြီး လိုက်သည်။
ညဘက်အိပ်ရာတွင် စင်တိန်သည် သူ့အတွက်တဲကို အခြားတဲများနှင့် ခပ်လှမ်းလှမ်းနေရာတွင် ထိုးစေပြီး သီးခြား အိပ်သည်။ ညစာကိုလည်း ထိုတဲတွင်ပင် သီးခြားစားသည်။ သေနတ်ကို ကျည်ထိုးပြီး အိပ်ရာဘေး တွင် အသင့်ထားကာ အိပ်သည်။
လိုသာသည် စင်တိန်၏ အပေးအယူကမ်းလှမ်းချက်ကို သိသွားပုံရသည်။ စကားသိပ်မပြောဘဲ ခပ်အေးအေး ပင် နှုတ်ဆိတ်နေချင်သည်။ စင်တိန်နှင့် အလုပ်သဘောအရ လိုအပ်လာမှသာ မုန်းတီးနှင့် လိုရင်း ပြော သည်။
တစ်နေ့ နံနက် ၁၀နာရီခန့်တွင် မော်တော်ကားတန်းကြီး သွားရင်း ရပ်သွားသည်။ ကားတန်းရပ်သည်မှာ ကြာ နေသဖြင့် စင်တိန်သည် ကျွဲမြီးတိုကာ သူမဖို့ဒ်ကားပေါ်မှ ဆင်းပြီး ရှေ့ဆုံးမှ လိုသာ ကားဆီးသို့သွား သည်။ လိုသာ အင်္ကျီချွတ်ပြီး ဒရိုင်ဘာနှင့်အတူ မော်တော်ကား စက်ဖုံးဖွင့်ကာ ကုန်းပြင်နေသည်။ စင်တိန် နောက်မှ ရောက်လာ ရပ်ကြည့်နေသည်ကို လိုသာ လုံးဝ မသိ။
လိုသာ ၏ ဖြူဖွေးပြီး ကြွက်သားအပြိုင်ပြိုင် ထနေသေးသောကျောပြင်နှင့် လက်မောင်းသားများကို မြင်ရသောအခါ စင်တိန် အသက်ရှူမှားချင်လာသည်။ ထိုကျောပြင်ပေါ်တွင် မိမိပစ်လိုက်သော လျူဂါ သေနည်ကျည်ဆန် ထိမှန်သွားသည့် ဒဏ်ရာအမာရွတ်ကြီးကို စင်တိန် မြင်လိုက်ရသည်။
"ကျည်ဆန်ရယ် အဆုတ်ထဲအထိ ၀င်ဖောက်သွားရောပေါ့" ဟု စင်တိန်က ဒေါသဖြင့် စိတ်ထဲမှ ပြောလိုက် ပြီး နောက်ဘက်သို့ ချာခနဲ ပြန်လှည့်သွားသည်။
နောက်ဆုံး ရှစ်ရက်မြောက်နေ့တွင် သူတို့ရှေ့၌ တောင်တန်းကြီးက ဘွားခနဲ ပေါ်လာသည်။ စင်တိန်သည် ဖို့ဒ်ကား စက်ဖုံးတောနက်ပေါ်သို့ တက်ပြီး တောင်တန်းကြီး၏ တောက်ပနေသော အရောင်များကို ငေးကြည့် နေမိသည်။ စင်တိန်သည် ရှေးဟောင်းနောက်ဖြစ်များကို ပြန်သတိရပြီး ၀မ်းနည်းမိလာသည်။
စင်တိန် ဆီသို့ လိုသာ ရောက်လာပြီး မေးသည်။
"မင်းကို ဘယ်နေရာကို ခေါ်သွားပြီး ပို့ပေးရမယ်ဆိုတာ ငါ့ကို တိတိကျကျ မပြောသေးဘူးနော်"
"ခြင်္သေ့နဲ့တွေ့တဲ့ သစ်ပင်လေ၊ ရှင် ကျွန်မကို တွေ့ခဲ့တဲ့ သစ်ပင်ကြီးဆီ ခေါ်သွားပေတော့လ
စင်တိန်တက်ပြေးခဲ့သော မိုပါနီသစ်ပင်ကြီး၏ ပင်စည်တွင် ယခုအထိ ခြင်္သေ့လက်သည်းဖြင့် ကုတ်ခြင်းရာ များ ရှိနေသေးသည်။ သစ်ပင်အောက် မြက်တောထဲတွင် ခြင်္သေ့အရိုးများ ပြန့်ကျဲနေသည်။
လိုသာသည် စင်တိန်အတွက် အမြဲတမ်း စခန်းတစ်ခုကို သူ့လူများနှင့်ဆောက်ရာ နှစ်ရက်တိတိ ကြာသည်။ မိုပါနီသစ်ပင်ကြီး၏ ပတ်လည်တွင် သစ်ကိုင်းလုံးများဖြင့် ၀ိုင်းပတ်ကာ သစ်တပ်ခံတပ်အဖြစ် ဆောက်လုပ် သည်။ သစ်လုံးခံတပ်အပြင်ဘက်၌ သစ်ကိုင်းများထပ်မံ၍ ၀ိုင်းပတ်ချထားလိုက်ပြန်သည်။
သစ်တပ်အလယ်ကောင်ရှိ မိုပါနီအပင်ကြီး၏ အရိပ်အောက်တွင် စင်တိန်နေရန် တဲထိုးပေးသည်။ ထိုတဲရှေ့ တွင် ညဘက်များ၌ မီးဖိုရင်း မီးပုံနေရာ လုပ်လိုက်သည်။ သစ်တပ်အ၀င်း လေးလံကြီးမားသော သစ်သား ဂိတ်ပေါက်ဝနှင့် အစောင့်အတွက် တစ်လုံးထိုးလိုက်သည်။
"ဟင်းဒရစ်က အစောင့်တဲမှာ အိပ်လိမ့်မယ်၊ အမြဲတမ်း ခင်ဗျားလှမ်းခေါ်လို့ရမယ့်နေရာမှာ သူရှိနေမှာပါ" လိုသာက စင်တိန်အား ပြောလိုက်သည်။
စင်တိန် သစ်တပ်နှင့် ခြေလှမ်းနှစ်ရာခန့်အကွာ တောစပ်တွင် အိမ်ဖော်များနှင့် အလုပ်သမားများအတွက် ပို၍ ကြီးမားသော သစ်တပ်စခန်းကြီးတစ်ခုကို ဆောက်သည်။ အားလုံး ဆောက်ပြီးသောအခါ လိုသာက စင်တိန် အား လာပြောသည်။
"ကဲ လိုအပ်တာတွေအားလုံး လုပ်ပေးပြီးပြီ"
"ဟုတ်ပါတယ်၊ ကျွန်မတို့ အပေးအယူ စည်းကမ်းအရ ရှင့်ဘက်က လုပ်ပေးရမှာတွေ တာဝန်ကျေပါပြီ၊ ဒီတော့ သုံးလကြာယင် ရှင်ဒီကို ပြန်လာခဲ့၊ ကျွန်မဘက်က ပေးစရာရှိတာပေးမယ်"
လိုသာသည် ထိုသို့ ပြောဆိုပြီး နာရီပိုင်းအတွင်းမှာပင် ထရပ်ကားတစ်စီးဖြင့် ပြန်သွားသည်။ လူမည်းယာဉ် မောင်းသမား တစ်ယောက်ကိုခေါ်ကာ ၀င်းဟုပ်မြို့သို့ အပြန်ခရီးအတွက် လိုအပ်မည့် ဓာတ်ဆီနှင့် သောက်ရေ ကိုသာ ယူပြီး ပြန်သွားတော့သည်။
ထရပ်ကား တရွေ့ရွေ့ မောင်းနှင်းပျောက်ဆုံးသွားသည်အထိ ကြည့်နေရင်းက စင်တိန်က ဟင်းဒရစ်အား ပြောလိုက်သည်။
"မနက်ဖြန် မနက်သုံးနာရီထိုးယင် ရှင့်ကို ကျွန်မ နှိုးမယ်၊ ဆောက်လုပ်ရေး အလုပ်သမားလေးယောက်ပဲ ကျွန်မ တို့နဲ့ အတူ ခေါ်သွားမယ်၊ သူတို့ကို စောင်တွေရယ်၊ ချက်ပြုတ်စရာအိုးခွက်တွေရယ်၊ ဆယ်ရက်စာ စားနပ်ရိက္ခာ ရယ် တစ်ပါတည်း ယူခဲ့ လို့ မှာထားပါ"
ဆက်ရန်
.
No comments:
Post a Comment