Friday, October 21, 2011

စာရေးဆရာ ကိုအောင်ဆန်း, အပိုင်း (၃၆)

စာရေးဆရာ သခင်အောင်ဆန်း
ဦးတင်ဦး (ကျူရှင်)

ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်းသည် ထိုစဉ်ကဖြစ်ပေါ်လာသော နိုင်ငံရေးအခြေအနေ များအရ ပြည်ပ အကူအညီ ကိုရှာရင်း ဂျပန်နှင့်ဆက်မိ၊ ဘီအိုင်အေတပ်ဖွဲ့စည်းကာ ဂျပန်နှင့်အတူ မြန်မာနိုင်ငံ အတွင်း သို့ ဝင်ကာ အင်္ဂလိပ်ကို မောင်းထုတ်စသော နိုင်ငံရေးဖြစ်စဉ်များကြောင့် ဗိုလ် ချုပ်အောင်ဆန်း ဟူ၍ဖြစ်ခဲ့ရသော်လည်း အမှန်စင်စစ်အားဖြင့် သူ့ပင်ကို ဝါသနာအတိုင်းဆိုသော် လက်နက်ကိုင် စစ်သား အဖြစ် သာ မရောက်ခဲ့ပါလျှင် စာရေးဆရာ သခင်နုတို့လို စာရေးဆရာ သခင်အောင်ဆန်း ဖြစ်နေခဲ့ လောက် ပေသည်။

ဗိုလ်ချုပ်ခမျာမှာ သူချစ်မြတ်နိုးသော အမိနိုင်ငံတော် လွတ်လပ်ရေးအတွက် ရရာနည်းလမ်းရှာရင်း အနား မရ၊ ဆက်တိုက် တိုက်ပွဲဝင်သွားခဲ့ရသဖြင့် နောက်ဆုံး၌ အသက်ပါစွန့်ရကာ သူဖြစ်ချင်သလို ထင်ရှားသော စာရေးဆရာ ကြီး ဖြစ်မသွားခဲ့ လိုက်ရရှာပေ။

၁၉၃၆ ခုနှစ် ဒုတိယကျောင်းသား သပိတ်ကာလအတွင်းက ကိုသိန်းဖေသည် သခင်သိန်းဖေဖြစ် နေပြီ ဖြစ်သော်လည်း ကိုနုနှင့် ကိုအောင်ဆန်းတို့သည် တို့ဗမာအစည်းအရုံးဝင် သခင်များမဖြစ်ကြ သေး။ ကိုစိုး နှင့် ကိုသန်းထွန်းတို့လည်း သခင်များမဖြစ်ကြသေး။ ၁၉၃၈ ခုနှစ် ပြည်ညီလာခံတွင် သခင်ဗစိန်နှင့် သခင်သိန်းမောင် တို့ ခွဲခဲ့ကြရာမှ တို့ဗမာအစည်းအရုံး နှစ်ခြမ်းကွဲသွားပြီးချိန်တွင်မှ သခင်နု၊ သခင်အောင်ဆန်း၊ သခင်စိုး၊ သခင်သန်းထွန်းဟူ၍ သခင်များဖြစ်လာခဲ့ကြခြင်းဖြစ်သည်။

ပင်ကိုဝါသနာအားဖြင့် သခင်နုသည်လည်းကောင်း၊ သခင်အောင်ဆန်းသည်လည်းကောင်း စာဖတ် စာရေးခြင်း တို့၌ ထက်သန်သူများဖြစ်ကြသည်။ သခင်နုသည် သခင်မဖြစ်မီကပင်လျှင် နဂါးနီတွင် ကိုထွန်းရွှေ တို့နှင့် တွဲ၍ စာပေနယ်ပယ်ထဲသို့ ခြေချပြီးလျက်ရှိနေပေပြီ။ သခင်အောင်ဆန်းမှာမူ သခင်ဖြစ်ချိန် မှ စ၍ အရွယ်နှင့်မလိုက်အောင် တို့ဗမာအစည်းအရုံး၏အထွေထွေ အတွင်းရေးမှူး တာဝန် ကို ရယူခဲ့ရပေရာ ကမ္ဘာ့နိုင်ငံရေးကလည်း ကမ္ဘာစစ်ကြီးဖြစ်ဖို့ တာဆူနေ။ နောက်ဥရောပ တွင် စစ်ဖြစ် သွားပြီး မြန်မာ့ပြည်တွင်းနိုင်ငံရေးမှာလည်း အခြေအနေပြောင်းလာခဲ့ရာမှ သခင် အောင်ဆန်းသည် စာရေးချိန် ဟူ၍ အေးအေးဆေးဆေး မရှိနိုင်ရှာတော့ဘဲ နိုင်ငံ့လွတ်လပ်ရေး ကြိုးပမ်းမှုထဲ၌ နစ်မြုပ် သွားခဲ့ ရလေသည်။

တကယ်တော့ ကိုအောင်ဆန်းသည် ကျောင်းသားဘဝကတည်းကပင်လျှင် စာရေးဝါသနာပါခဲ့၏။ ထိုဝါသနာ အခံကြောင့်လည်း တကသအမှုဆောင်အဖွဲ့ဝင် သူပါဝင်ရသည့်အခါ "အိုးဝေ"မဂ္ဂဇင်း၏ အယ်ဒီတာ တာဝန် ကို သူ့အားပေးခဲ့ကြခြင်း ဖြစ်ပေလိမ့်မည်။
နောင်အခါ ကိုအောင်ဆန်းသည် သခင်အောင်ဆန်းမှ ဗိုလ်ချုပ်အောင်ဆန်းဟူဖြစ်ကာ နိုင်ငံ့ခေါင်း ဆောင်ကြီး ဖြစ်သွားခဲ့သည်။ ထိုသို့ နိုင်ငံ့ခေါင်းဆောင်ဖြစ်နေချိန်၌လည်း ဗိုလ်ချုပ်သည် စာရေးခြင်း အလုပ် ကို အမှန်ပင်မြတ်နိုးတောင့်တရှိခဲ့သည်။ လွတ်လပ်ရေးရပြီးလျှင် နိုင်ငံရေးမှဖယ်နေပြီး စာ ရေးဆရာ လုပ်မည့်အကြောင်း အကြိမ်ကြိမ်ပြောခဲ့သည်။ ဦးရာဇတ်နှင့် လူထုဦးလှတို့ကိုလည်း ပြောဖူး ခဲ့၏။ သူ၏အပါးတော်မြဲ ဗိုလ်ထွန်းလှ(တက္ကသိုလ်နေဝင်း)ကိုလည်း ပြောခဲ့ဖူး၏။ ဒီးဒုတ် ဦးဘချိုကိုလည်း ပြောခဲ့ဖူး ၏။

အကယ်၍သာ ဗိုလ်ချုပ်သည် အသေမစောဘဲ သူပြောသလို လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင် နိုင်ငံရေး မှ အနားယူခွင့် အခြေအနေမျိုးရရှိခဲ့ပါလျှင် အိန္ဒိယက နေရူးတို့လို ကမ္ဘာကသိသော စာ မျိုးတွေ ရေး သွားနိုင်ခဲ့ လောက်ဖွယ်ရှိပေသည်။ သူရေးခဲ့သော စာများကိးု အကဲခတ်သောအားဖြင့် ဤအချက်ကို သိနိုင် ပေ လိမ့်မည်။

၁၉၃၅ ခုနှစ် ဧပြီလထုတ် ကန္ထလောကမဂ္ဂဇင်း အတွဲ ၂၁ ကျောင်းသား "အောင်ဆန်း"၏ Burma and Buddhism ဟူသော အင်္ဂလိပ်ဘာသာဖြင့်ရေးသားသည့် ဆောင်းပါးပါရှိသည်။ ထိုဆောင်းပါး ၌ ဗုဒ္ဓဘာသာ သည် သိပ္ပံနည်းကျ ဘာသာတစ်ရပ်ဖြစ်ကြောင်း၊ ကာလာမသုတ္တန်တွင် မြတ်စွာဘုရား ဟောကြားချက် ကို ကိုးကား၍ ရေးထားသည်။ မြန်မာနိုင်ငံမှာ ရာစုနှစ် များနှင့်ချီ၍ ဗုဒ္ဓဘာ သာနိုင်ငံ ဖြစ်လာ ခဲ့ သော်လည်း စိစစ်ဝေဖန်ပြီးမှ လက်ခံရန်ဟူသော ဗုဒ္ဓဘာသာ၏အရေးကြီးသည့် အနှစ်သာရ ပျောက် နေကြောင်း ရေးထားသည်။ မြန်မာလူမျိုးများသည် အပေါ်ယံကိစ္စများနှင့်ပင် တင်းတိမ် နေကြကြောင်း နမူနာအားဖြင့် ဘုရားပွဲ၊ ဘုန်းကြီးပျံပွဲ၊ သင်္ကြန်ပွဲနှင့် မီးထွန်းပုံများကို ကြည့်လျှင် သိနိုင် ကြောင်း ယင်းတို့ကို ဝေဖန်ဆန်းစစ်သင့်ကြောင်း ရေးလေသည်။

ထိုနှစ် မေလထုတ်နှင့် ဇူလိုင်လထုတ် မဂ္ဂဇင်းများတွင်လည်း ကိုအောင်ဆန်း၏ Freedom of Dress in Schools ဟူသော အင်္ဂလိပ်ဘာသာဖြင့် ရေးသားသော ဆောင်းပါးပါရှိသည်။ ဦးသန့်က ကျောင်းများ၌ တူညီဝတ်စုံ သတ်မှတ်ထားခြင်းကို တိုက်ပွဲဝင်ရန် နှိုးဆော်သည့်စာကို ဧပြီလထုတ် စာစောင်တွင် ရေးသားခဲ့ခြင်း အပေါ် ကိုအောင်ဆန်းက ပြန်လည်ဝေဖန်ရေးသားသည့် ဆောင်းပါး ဖြစ်သည်။ ကိုသန့် က ကျောင်းများ တွင် အဝတ်အစားကို လွတ်လပ်စွာဝတ်ဆင်ခွင့်ရှိအပ်ကြောင်း ရေးသားသည်ကို ကိုအောင်ဆန်း က ကျောင်းများတွင် တိုင်းရင်းသားလူမျိုးများ၏ဝတ်စုံများကို ဝတ်ဆင်စေသောအားဖြင့် ကိုယ့်ပြည်တွင်း ဖြစ်ကို အားပေးရာရောက်ကြောင်းစသည်ဖြင့် ပြန်လည် ရေးသားပါသည်။

ကျောင်းများတွင် လွတ်လပ်စွာ ဝတ်စားဆင်ယင်ခွင့်ပေးခြင်းဖြင့်လည်း ကျောင်း သားကလေးများတွင် တစ်ကိုယ်ရေ လွတ်လပ်မှု တိုးတက်ဖွံ့ဖြိုးလာရေးအတွက် အရေးမပါလှဟု ကိုအောင်ဆန်း က ယူဆ ပါသည်။ တိုတိုချုပ်၍ တင်ပြရလျှင် The introduction of uniform dress will not goad the students to feel that their personal freedom has been thus curtailed ဟု အကြောင်းပြကာ တူညီဝ တစ်စုံဝတ်ရေး ဘက် မှ ကိုအောင်န်းက တင်ပြခဲ့ပေသည်။

ကျောင်းသားကိုအောင်ဆန်းသည် သူရိယမဂ္ဂဇင်း ၁၉၃၅ ဇွန်လထုတ်နှင့် ထိုနှစ် သြဂုတ်လထုတ် တို့တွင် ဗိုလ်လရောင် ဟုလည်းကောင်း၊ ရွှေလရောင်ဟုလည်းကောင်း အမည်ခံသည့် မင်းကြီး ဦးမင်းရောင် အကြောင်း ကို "အညာသားလေး"ကလောင် အမည်ဖြင့်ရေးခဲ့သည်။ ထိုဦးမင်းရောင်မှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းက "အခေါင်မမြန်း အမှောင်စမ်းသမို့၊ အောင်ပန်းညှို့ရရှာတဲ့၊ အောင်ဆန်းတို့ရဲ့ ရွှေလရောင်အဘိုး"ဟု ကဗျာဖွဲ့ခဲ့သူဖြစ်ပါသည်။ ထိုဦးမင်းရောင်မှာ ဗိုလ်ချုပ် အောင်ဆန်း၏ဘေးမ မယ်စိုးနှင့် တူအရီးတော်သူ (မယ်စိုးက ဦးမင်းရောင်၏မိထွေးဖြစ်ပြီး တူအရီး ဆိုသော်လည်း သက်တူ ရွယ်တူမျှ ရှိသည်ဟု ဆိုသည်)ဖြစ်ပါသည်။ ဗိုလ်ချုပ်၏အဘိုးလေးတော်သူ ဖြစ်သည်။

ထိုဦးမင်းရောင်အကြောင်းကို ကိုအောင်ဆန်းရေးခဲ့သည်မှာ လယ်ဝေးကိုဘရီဆိုသူက ထိုနှစ် ကဆုန် လထုတ် သူရိယမဂ္ဂဇင်းတွင် ဦးမင်းရောင်သည် လယ်ဝေးအနီး၌ ကားစင်အတင်ခံရ ကြောင်း ရေးသားခဲ့ခြင်း ကို မိမိကြားသိမှတ်သားမိသမျှ အချက်အလက်များနှင့်မညီ လွဲမှားနေသ ဖြင့် ရှင်းလင်း ရေးသား သော ထိုဆောင်းပါးနှစ်ပုဒ်ကို ဖတ်ကြည့်မိသည့်အခါ စာရေးဆရာတစ်ဦး၏ သန္ဓေစစ်၊ သန္ဓေမှန် သည် ထိုစဉ်ကပင်လျှင် သူ့၌ကောင်းစွာတွယ်နေကြောင်း တွေ့ရှိရပါသည်။

တကယ့် စာရေးဆရာဆိုသည်မှာ မည်သူမည်ဝါ၏မျက်နှာကိုထက် အမှန်တရား၏မျက်နှာကိုသာ ထောက် တတ် လေသည်။ စာရေးဆရာ၏တာဝန်မှာ လူ့လောက၌ အမှန်တရား ပြန့်ပွားအောင် ဖြန့် ဖြူးပေးရခြင်း ဖြစ်ပေရာ ဘဝကံဇာတာအရ ထင်ရှားသောစာရေးဆရာကြီးဖြစ်ခွင့်ရမသွားရှာသော် လည်း ကိုအောင်ဆန်းသည် သူသိရသမျှ သူ့အဘိုးဦးမင်းရောင်၏ စရိုက်အမှန်ကို (ကိုယ့်အဘိုးဟူ ၍ မငဲ့ကွက်ဘဲ) ထိုဆောင်းပါး များ၌ သူ့အရှိအတိုင်း ရေးသားတင်ပြထားလေသည်။

ဦးမင်းရောင်မှာ လယ်ဝေးကိုဘရီရေးသလို ကားစင်အတင်ခံရခြင်းမဟုတ်ဘဲ စစ်ဘာရီများ၏ ခေါင်း  ဖြတ် အသတ်ခံ ရကြောင်း၊ ခေါင်းကိုဖြတ်ပြီး နတ်မောက်သို့ ယူလာသဖြင့် သူ့အဘိုးနှင့် ဦးမင်းရောင် ကိုသိသူ အခြား လူကြီးများ သွားကြည့်ကြသေးသည်ဟု လူကြီးများပြောပြချက်ကို မှတ်သားမိ ကြောင်း ထို ဆောင်းပါး ၌ ကိုအောင်ဆန်းက ရေးသားတင်ပြခဲ့သည့်အပြင် ဦးမင်းရောင်မှာ မြို့လု လင်မှာ မြို့လုလင် သူကြီး မျှသာဖြစ်ကြောင်း၊ သူ့ညီဦးမင်းမောင်သာလျှင် သူ့ထက်ရာထူးကြီးပြီး တောင်တွင်းကြီးမြို့ဝန်၊ ပင်း နတ်မောက် ကျောက်ပန်းတောင်း သုံးမြို့ဝန်၊ အခွန်ဝန်၊ တောင်ငူနယ် ခြားဝန် စသည့်ရာထူးများကို ထမ်းရွက် ခဲ့သူဖြစ်ကြောင်း၊ စုံနံ့သာမြိုင် ဦးကြော့ စာရေးအဖြစ် အမှု ထမ်းသည်မှာ ထိုသုံးမြို့ဝန် ဦးမင်းမောင် ထံတွင်ဖြစ်ကြောင်းတို့နှင့်တကွ သူသည်မှာ ထိုသုံးမြို့ဝန် ဦးမင်းမောင် ထံတွင်ဖြစ်ကြောင်း တို့နှင့်တကွ သူ့အဘိုးလေး ညီအစ်ကိုများသည် တစ်ဦးနှင့်တစ်ဦး စရိုက်မတူကြပုံများကိုလည်း ရေးသား တင်ပြ ထားသည်။

မတူပုံ ဖော်ပြရာ၍ "ဦးမင်းရောင်ကား စိတ်ထက်မြက်၏။ ရွပ်ရွပ်ချွံချွံလုပ်တတ်၏။ ရက်စက်၏။ ၎င်း ၏ညီ ဦးမင်းမောင် ကား ပျော့ပျောင်းချိုသာ၏။ စိတ်နှလုံး နူးညံ့၏။ စောင်းတီး အတတ်တော်၏။ သီ ချင်းဆို ကောင်း ၏။ အခါတစ်ပါး ကြက်သားစားချင်၍ ညီဖြစ်သူအား အသတ်ခိုင်းသောအခါ ဦးမင်း မောင်မှာ စိတ်နှလုံး နူးညံ့ သည့် အတိုင်း ကြက်မသတ် ဘဲနေရာ ဦးမင်းရောင်ကိုယ်တိုင် သတ်ဖြတ်၍ ချက်ပြုတ် စားသောက် ပြီး လျှင် အကျန်ဟင်းများကို ညီဖြစ်သူအားမကျွေး။ ခွေးကျွေးပစ်သောဟူ၏" (မူရင်းသတ်ပုံ အတိုင်း) ဟူ၍ ရေးသားထားသည်။ (မူရင်းစား၌ "ဟူ၏ နေရာ၌ ဟူ၍ ဖြစ်နေသဖြင့် စာရေးသူ ပြင်ထည့် ထားသည်) ဤအချက်ကိုထောက်၍ ကိုအောင်ဆန်းသည် သူ့အဘိုး၏စရိုက်အ မှန်ကို အမှန်အတိုင်း ဖော်ပြ လိုသော စာရေးဆရာတစ်ဦးဖြစ်ကြောင်း ထင်ရှားလေသည်။
ပထမဆောင်းပါးတွင် "ဦးမင်းရောင်ကား ၎င်း၏ညီ ဦးမင်းမောင်နှင့် အနည်းငယ်မျှမတူ၊ ကြမ်းတမ်း ခက်ထန် ၏" ဟုရေးကာ "ဤအကြောင်းကိုရေးရခြင်းမှာ အမှန်သိစေလို၍ရေးရပါသည်။ ကျွန်တော့် အဘိုး ပင် တော်စေကာမူ အမှန်အတိုင်း ရေးသားပေးပို့လိုက်ပါသည်"ဟု နိဂုံးချုပ်ထားသည်။

သို့ရာတွင် ဦးမင်းရောင်၏ချီးကျူးဖွယ် ဂုဏ်လက္ခဏာကိုလည်း "အညာသားလေး"ခေါ် ကိုအောင် ဆန်းက ဤသို့ရေးပြခဲ့ပါသည်။
"ဦးမင်းရောင် မှာ ရွတ်ပင်ရွတ်သော်လည်း လူကြီးသူမများကို ၎င်းနှင့်ညီနှစ်ဦးစလုံးပင် အထူးရိုသေ ကိုင်းရှိုင်း သောဟူ၏"
"မောင်အောင်ဆန်း၊ ဘီအေ"သည် ၁၉၃၈ ခုနှစ် အောက်တိုဘာလတွင် သခင်အောင်ဆန်းဖြစ်ခဲ့ရာ ထိုသို့ သခင်မဖြစ်မီ ၁၂၉၉ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ (၂၇-၁၁-၁၉၃၇)ထုတ် မန္တလေး သူရိယ (အမျိုးသားနေ့အထူးစာစောင်)တွင် "ကျောင်းသားဝတ္တရား"ဟူသောခေါင်းစဉ်ဖြင့် ဆောင်းပါး တစ်ပုဒ် ရေးခဲ့သည်။

ထိုဆောင်းပါး၌ ကျောင်းသားများသည် စာအုပ်စာပေမှ သင်အံ၍ ရ အပ်သောပညာမှ ကျော်လွန်သော ပညာ ကို ရအောင်ယူတတ်ဖို့ လိုကြောင်း ရေးသားထားသည်။ ဂိုးလ်စမစ်၊ ဆာဝေါလတာစ "ပညာစစ် ကိုရရန် လွတ်လပ်စွာ တွေးတော ပြောဆို ဆွေးနွေးလုပ်ကိုင် လိုသော စိတ်မွေးရန်လို၏"ဟူ၍လည်း ညွှန်ပြ ထားသည်။ ဤအချက်ကို academic freedom ဟူ သော ပညာသင်ကြားရေး လွတ်လပ်ခွင့်ဟူ၍ ပညာရှင် များက ခေါ်ဝေါ်ကြကြောင်းလည်း ရေးသား ထားသည်။ အချိန်နှင့်အခါအလျောက် ကျောင်းသား ဝတ္တရား လည်း ကွဲပြားလာကြောင်းကို စပိန်နှင့် တရုတ်ပြည်တို့တွင် ကျောင်းသားများ ကိုယ်ထိ လက်ရောက် တိုက်ခိုက်နေရပုံဖြင့် ထောက်ပြကာ အထင်အရှား ဖွဲ့စည်းတည်ထောင်ပြီးဖြစ်သည့် "ဗမာ့နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂအ သင်းကြီးကို ဝင်ရောက်အားပေးရန်မှာ ကျောင်းသား တိုင်း၊ တိုင်းပြည်ချစ်စိတ် ရှိသော သူတိုင်း၏ တာဝန်ဝတ္တရားပင်တည်း"ဟု နိဂုံးချုပ်ရေးထားပေသည်။

ဒဂုန်မဂ္ဂဇင်း၌ ဖော်ပြခဲ့သော "နိုင်ငံရေးအမျိုးမျိုး"ဟူသော အခန်းဆက်ဆောင်းပါးမှာ ကိုအောင် ဆန်း သခင်ဖြစ်လာပြီးနောက်ပိုင်းတွင်မှ "သခင်အောင်ဆန်း"ဟူသော ကလောင်အမည် နှင့် ရေး သားခြင်း ဖြစ်သည်။ ထိုဆောင်းပါးကို ဖတ်ကြည့်လျှင် စာရေးဆရာ သခင်အောင်ဆန်း၏နိုင်ငံရေး ဗဟုသုတ ကြွယ်ဝပုံ ကို တွေ့မြင်ရပေလိမ့်မည်။

သခင်အောင်ဆန်း သည် "ကမ္ဘာစစ်နှင့်ဗမာ"ဟူသော ဆောင်းပါးကိုလည်း ရေးသားခဲ့ပေရာ ထို ဆောင်းပါး ၌ (က) ကမ္ဘာ့အရေးနှင့် (ခ) ဗမာ့အရေးဟူ၍ ကဏ္ဍနှစ်ရပ်ခွဲ၍ ဖော်ပြထားသည်။ ကမ္ဘာ့ အရေးနှင့် ပတ်သက်၍ "ယခု စစ်ပွဲကြီးသည် နိုင်ငံကလေးများ၏လွတ်လပ်ရေး၊ ကမ္ဘာ့လွတ်လပ် ရေးအတွက် မဟုတ် သည့် အပြင် နယ်ချဲ့စနစ်မှ ပေါ်ပေါက်လာသော စစ်ပွဲအချိန်ဖြစ်သည်ဟု ငါတို့ အတိအလင်း ကြေညာကြောင်း" ဟူ၍ မြန်မာ့သဘောထားကို ဖော်ပြထားပြီး ဗမာ့အရေးနှင့် ပတ် သက်၍ ၉၁ ဌာနအုပ်ချုပ်ရေး ကို တိုက်ဖျက်၍ ဗမာများအလိုကျ ဗမာ့အုပ်ချုပ်ရေးကို အမြန်ဆုံးရရှိ ရန် ကြိုးစားရမည်။ တိုင်းပြည် နိုင်ငံရေး ညီညွှတ်မှုအတွက် ကြိုးစားရမည်ဟူ၍ ဖော်ပြထားလေ သည်။

ထိုဆောင်းပါးအဆုံး၌ "လွတ်လပ်ရေးတိုက်ပွဲအတွက် ပြင်ဆင်ရာ၌ လူမျိုးအချင်းချင်း၊ လူတန်းစား အချင်းချင်း မကွဲသင့်သည့်အချိန်တွင် မကွဲထိုက်သည့်ကိစ္စများနှင့် မကွဲလွဲအောင်လုပ်တတ်သော နယ်ချဲ့ စနစ်၏ ပရိယာယ်ကို သတိပြု။ × × ×  ဤကဲ့သို့အချိန်ကောင်း အခြေအနေကောင်းတွင် ငါတို့၏ လွတ်လပ်ရေးအတွက် အပြင်းအထန် အားထုတ်ကြပါစို့ ရဲဘော်တို့"ဟု အဆုံးသတ်ထားပေသည်။

၁၉၄၃ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့ထုတ် ဗမာ့ခေတ်သတင်းစာပါ "ဗမာ့လွတ်လပ်ရေး အရေးတော် ပုံ"တွင်ကား "ဗိုလ်ချုပ်အောင်ဆန်း"ဟူသော ကလောင်နာမည်ဖြင့် ၁၉၃၈ ခုနှစ် အောက်တိုဘာလ တွင် သခင်ဖြစ်ပြီးနောက် တက္ကသိုလ်မှ ထွက်လိုက်ပုံမှစကာ လွတ်လပ်ရေးအတွက် "ငါ့အတွက် ဖြစ်လိုရာဖြစ်စေတော့၊ နိုင်ငံရေး ဂယာက်အတွင်းသို့ ခြေစုံပစ်၍ ဇွတ်ဆင်းကာ ငါ၏နိုင်ငံလွတ်လပ် ရေးအတွက် မနေမနားစွန့်စား လုံးပမ်းတော့အံ့"ဟူသော အဓိဋ္ဌာန်ပြုလျက် ဥရောပတွင် စစ်ဖြစ် လာသော အခါ ဗမာ့ထွက်ရပ်ဂိုဏ်း တည်ထောင်ခဲ့ကြပုံ၊ အိန္ဒိယနိုင်ငံ ရမ်ဂါကွန်ဂရက်သို့ တက် ရောက်ခဲ့ပုံ၊ ထို့နောက် ဖမ်းဆီးဝရမ်းကိုရှောင်ကာ ခြေရာဖျောက်၍ အမွိုင်မြို့သို့ထွက်ခဲ့ပုံ၊ မြန်မာ နိုင်ငံသို့ ဗမာ့လွတ်လပ်ရေး တပ်မတော်နှင့်အတူဝင်ခဲ့ပုံ၊ ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဗမာ့ ကာကွယ်ရေး တပ်မတော် ဟူ၍ ပြောင်းလဲခဲ့ပုံတို့ကို ပြန်ပြောင်းရေးသားထားသည်။ "ဗမာနိုင်ငံ၏ ကြမ္မာနှင့် ပတ်သက်၍ ကျွန်ုပ် သည် ဘယ်အခါ ကမှ စိတ်သက်သာမှုမရခဲ့ပေ။

အိမ်မက်များတွင်မှာ ပင် ကျွန်ုပ်သည် လွတ်လပ်သောနိုင်ငံအတွက် ယောင်ယမ်းငိုခဲ့၏။ ဒေါသထွက်ခဲ့မိ၏" ဟူ၍ လည်း လွတ်လပ်ရေးအတွက် စိတ်မအေးခဲ့ရပုံကိုပါ ရေးသားခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်ခေတ်တွင် သူ၏မပြီးဆုံးသော ကိုယ်ရေးအတ္ထုပ္ပတ္တိကို ရေးသားခဲ့ ရာ အခန်း ၁ ကို ဖတ်ကြည့်လျှင်ပင် သူ၏စာရေးဆရာ အရည်အသွေးကို အထင်သားတွေ့မြင်နိုင် ပေသည်။ သူ့အား မွေးဖွားခဲ့ရာ ချက်မြှုပ်ဇာတိမြေ နတ်မောက်ရွာ၏တည်နေရာကို မျက်စိထဲမှာ မြင်လာအောင် ရေးသား နိုင်ပေသည်။ ယခုအခါကဲ့သို့ မြို့မဆန်ဘဲ တောရွာစုကြီး တစ်ခုမျှသာဖြစ် သော ထိုနေရာ၌ "နံနက် ညနေခင်း များတွင် ရက်ကန်းသံ တချွင်ချွင်နှင့်ကြားတုန်း ရှိသေးသည်။ ထိုရွာ၏မြောက်စွန်း၌ တစ်ရွာလုံး ရှိ အိမ်ဝိုင်းများတွင် အကျယ်ဆုံးအိမ်ဝိုင်းကြီးထဲတွင် ဧရာမရှေး အိမ်ကြီး ရှိလေသည်။ မူလက ဆင်တစ်ရပ်ခန့်ဝင်နိုင်အောင်မြင့်၍ အဆောင်ပေါင်းများစွာရှိသော် လည်း ထိုအခါကာ အဆောင်ရှစ်ပင် ခန့်မျှသာရှိတော့သည်။ အိမ်အမြင့်မှာလည်း ၃ ပေခွဲမျှသာရှိ တော့သည်။ ထိုအိမ်ကား ဗမာမင်း လက်ထက်က နတ်မောက်မြို့သူကြီး၏အိမ်ပင်ဖြစ်လေသည်။ ယခုကား အိမ်မရှိတော့ပြီ။ ထို အိမ်နောက်ဖေး အဆောင်ငယ်တွင် ကျွန်တော့်အား ဖွားမြင်ခဲ့သည်" ဟု သူ့အားဖွားရာ ချက်မြှုပ်နေရာကို ပုံပေါ်အောင် ရေးသားထားလေသည်။

ထို့ပြင် "ဖေဖော်ဝါရီလ ၁၃ ရက်ကား၊ နာမည်ကျော် နက္ခတ်ဗေဒင်ဆရာကြီး ကီရို၏ဟောပြောချက် အရ ဆိုလျှင် တိုင်းပြည်တစ်ပြည်၏အစိုးရနန်းတို့ကို ဖြိုဖျက်နိုင်စွမ်းသောသူများ မွေးတတ်သောနေ့ ဟု ဟောထား လေသည်။ ထိုနေ့တွင်မွေးသော ကျွန်တော်မှာ သူပုန်လောင်းကလေးဖြစ်သည်ကို ထိုအခါ မည်သူမျှ ထူးထူးခြားခြား မထင်ခဲ့ကြချေ"ဟူ၍လည်း သူ၏မွေးရက်နှင့် စပ်လျဉ်း၍ သရုပ် ဖော် ရေးသား ထား လေသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် စာရေးဆရာပီပီ မိမိကိုယ်တိုင် ရဲရဲဝံ့ဝံ့ပြန်လည်သုံးသပ်ပြနိုင်၏။ "ကျွန် တော် ငယ်ငယ်တုန်းက တော်တော်နှင့် စကားမပြောတတ်။ လူကြီးမိဘများမှာ အ ၍များပင် (အ) နေပလားဟု စိုးရိမ်ခဲ့ ရသည်ဟု သိရလေသည်။ အနာအဖျားထူသည်၊ အစားကြူးသည်။ အမဲသား စိမ်း ကို အတင်းလု၍ စားမည်ပြုသည် ဟု ကျွန်တော် ကြားသိရလေသည်"ဟူ၍ သူ၏စရိုက်သဘာဝ ကို ရေးပြထားလေသည်။

"လူရိုင်းဘဝက ကျွန်တော်လာသလားမသိ။ ယနေ့အထိ လူရိုင်းသဘောမျိုး နေချင်သည့်စိတ်ထား များ ရှိသည်။ တစ်ခါတစ်ရံ လူယဉ်ကျေးများနှင့် အသားမကျတဲ့၍ မျက်စိ၊ ဦးနှောက် မြင်ပြင်းကတ် လာသည့် အခါ လူယဉ်ကျေးများနှင့် ငါလူရိုင်း ဟု ဇာတိခွဲပစ်ချင်သည့် စိတ်များရှိသည်"ဟုလည်း ဝန်ခံ ရေးသားထာသည်။ (ဒဂုန်တာရာက သူ၏ရုပ်ပုံလွှာအရေးအသားများတွင် "အောင်ဆန်း သို့မ ဟုတ် အရိုင်း"ဟု ရေးသားခဲ့သည်ကို အချို့က သဘောမကျကြ။ လက်မခံချင်ကြ။ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ကမူ ထိုအရေးအသား ကို ဆန့်ကျင်သည်ဟု မကြားဖူးပေ။)
ဤသို့သော အရေးအသားများမှာ ကိုယ့်ကို လူထုက မပြစ်မြင်၊ အထင်သေး မခံလိုသော နိုင်ငံရေး သမား များ မရေးဝံ့သော အရေးအသားမျိုးဖြစ်သည်။ စာရေးဆရာစိတ်ရှိသူမို့သာ ကိုယ့်ဘဝကို မခြွင်းမချိန် အမှန် အတိုင်း ရေးသားပြရဲခြင်း ဖြစ်သည်။

သူ့အစ်ကို ဦးအောင်သန်းနှင့် သူ စရိုက်သဘာဝမတူပုံကိုလည်း ဗိုလ်ချုပ်အောင်ဆန်းက ဤသို့ရေး ပြသည်။
"အစ်ကိုအောင်သန်းနှင့် ကျွန်တော်မှာ အသက် ၃ နှစ်ခွဲ ၄ နှစ်မျှကွာ၏။ သူနှင့်ကျွန်တော်က ငယ် ငယ်က ရန်ဖြစ်ဖက် ဖြစ်၏။ သူကား လက်မြန်၏။ ကျွန်တော်ကား အားကြီး၏။ မချိန်မဆ လက် လွတ်စပယ် လုပ် တတ်၏။ သူကား နု၏။ မင်းသားကျချင်၏။ ကျွန်တော်ကား ကြမ်း၏။ သူသည် အစားအသောက် အနေအထိုင် မှ စ၍ သပ်ရပ်၏။ အစားဆိုလည်း အစားတိုင်းမစား၊ စားသောက်နေ သည့်အခါ အစာမြေကြီး ပေါ်သို့ ကျသွားလျှင် သူသည် မစားတော့။ ကျွန်တော်ကား ဖုတ်ဖတ်ခါ၍ စားနိုင်လျှင် စား၏။

တစ်ခါက ဥပုသ်နေ့တစ်နေ့တွင် ထုံးစံအတိုင်း (စာမအံရသော်လည်း) ဘုန်းကြီးကျောင်းသို့ သွား ကြ ရပေရာ ဘုန်းကြီးက အလုပ်မရှိလျှင် အိပ်နေကြ၊  မကစား နှင့်ဟု အမိန့်ရှိသည်။ အားလုံးသော ကျောင်းသား များအား မအိပ်ချင်ဘူးလားဟု ဘုန်းကြီးက မေးသည့်အခါ  မအိပ်ချင်ကြသော်လည်း ဘုန်းကြီး အလိုကျ အိပ်ချင်ကြောင်း ဖြေကြသည်။ "ဘုန်းကြီးက အောင်ဆန်း ကော မအိပ်ချင်ဘူး လားဟု အထူး တလည် မေးရာ ကျွန်တော်က မအိပ်ချင်ပါဘုရား ဟု ပြန်လျှောက်ရာ ဘုန်းကြီးမှာ ပြုံး၍ နေလေတော့သည်"ဟု ဗိုလ်ချုပ်က ငယ်စဉ်အခါကတည်းက သူ့သဘာဝမှာ မည်သို့ရှိတတ် ကြောင်းကို ပေါ်လွင် အောင် ရေးပြနိုင်လေသည်။

စာရေးဆရာ ဗိုလ်ချုပ်အောင်ဆန်း သူ၏ငယ်ဘဝကို ပြန်လည်သုံးသပ်ပြပုံမှာ အလွန်ချစ်ဖွယ် ကောင်း သည်။ "ကျွန်တော်၏ကလေးဘဝမှာ ချီးမွမ်းစရာ အလွန်နည်း၏" ဟူ၍လည်းကောင်း၊ "ကျွန်တော်သည် ထိုကလေး ဘဝကပင် သူပုန်စိတ်ထားရှိလေသည်။ အကြံကြီးသူဖြစ်လေသည်" ဟူ၍လည်းကောင်း၊ "ကျွန်တော်ကား စကားအပြောအဆို မဖွယ်မယဉ်ကျေး၊ အသက် ၈ နှစ်ထဲ ရောက်၍ ကျောင်းစနေသည့် အခါ၌ပင် ဘုန်းကြီးကို ဘုန်းကြီးစကားဖြင့် မလျှောက်တတ်၊ အမူအ ရာလည်းကြမ်း၏"ဟူ၍လည်းကောင်း၊ တစ်ခါတွင် ရေနံချောင်းသို့အသွား၊ မကွေးတွင် မိန်းကလေး ရှိသော အသိအိမ်၌ တည်းခို၍အိပ်ရသည်။ ထိုအဖြစ်အပျက်ကို "လူပျိုပေါက်ဖြစ်သော ကျွန်တော် မှာ သူစိမ်းတစ်ရံစာအိမ်တွင် မနေတတ်၊ အထူးရှက်တတ်သည်။ မိန်းကလေးနှင့်ဆိုလျှင်သာ၍ပင် ရှက်တတ်သည်။ ထို့ကြောင့် ညအိပ်ခါနီး ရှက်လွန်း၍ သေးမပေါက်မိ။ ညအိပ်သည့်အခါ မအောင့် နိုင်ဘဲ သေးပေါက်သည်။ ကျွန်တော်လည်း ပါပြီးမှ သိ လေသည်။ ဤမျှ ကျွန်တော် မသိမ်မွေ့"ဟူ ၍လည်းကောင်း မကွယ်မဝှက်ဘဲ မိမိ၏ဘဝအမှန်ကို အရိုးခံအတိုင်း ဖော်ပြသွားသည်ကို တွေ့ရ ပေသည်။

ဖော်ပြပါ ဗိုလ်ချုပ်အောင်ဆန်း၏ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိမှ ရေးသားချက်များကို ကြည့်လျှင် သူ သည် တကယ်ပင် စာရေးကောင်းသော စာရေးဆရာကြီးတစ်ဦးဖြစ်လာနိုင်မည့် အရည်အချင်း ကောင်းများကို တွေ့မြင် ရမည်ဖြစ်လေသည်။
၁၉၄၅ ခုနှစ် စက်တင်ဘာ ၂၅ ရက်နေပတွင် လော့ဒ်မောင့်ဘက်တန်ထံသို့ ရေးသားထားသောစာ ၌ ပြန်လည် ဖွဲ့စည်းမည့် မြန်မာ့တပ်မတော်တွင် မိမိအား ပြန်လည်ထမ်းဆောင်ရန် ကမ်းလှမ်းချက် ကို လက်မခံ နိုင်သည့် အကြောင်း ဤသို့ထည့်သွင်းရေးသားခဲ့သည်။

I regret very much that shall not be able to serve further in the Army, but this is majority decision, and I must abide by it. Personally, I would have preferred a military career, above all others, for a permanent calling.

ထိုရေးသားချက်အရ ဗိုလ်ချုပ်သည် သူ့သဘောဆန္ဒအလျောက်ဆိုလျှင် စစ်တပ်ထဲတွင်ပင် ဆက် လက်နေသွားပါသော်လည်း နိုင်ငံရေးတွင် သူ၏ဦးဆောင်မှုရှိဖို့လိုသည်ဟု အများကဆုံးဖြတ်ခဲ့ခြင်း ကြောင့် ထိုဆုံးဖြတ်ချက်အတိုင်း လိုက်နာကာ ဖဆပလ ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့ရခြင်းဖြစ် ကြောင်း ထင်ရှား ပေသည်။ စစ်တပ်နှင့် နိုင်ငံရေးတွင် နိုင်ငံရေးကို ရွေးချယ်လိုက်ရသဖြင့်လည်း သူ့မှာ ရန်သူတွေ များ လာကာ လုပ်ကြံခံခဲ့ရခြင်းဖြစ်သည်ဟု ဆိုနိုင်ပေသည်။

မည်သို့ဖြစ်စေ ဗိုလ်ချုပ်အောင်ဆန်းသည် ကံကြမ္မာဆိုးနှင့်လည်း မကြုံခဲ့ရ၊ သူ့ရည်ရွယ်ချက်အ တိုင်း လွတ်လပ်ရေးရပြီး နောက်တွင် နိုင်ငံရေးမှ အနားယူခွင့်သာရလိုက်ပါလျှင် သခင်အောင် ဆန်း၊ သို့မဟုတ် အောင်ဆန်း ဟူသော စာရေးဆရာအဖြစ်နှင့် ကမ္ဘာသိ စာအုပ်များကို ရေးသား သွားနိုင်မည် မုချဟု ယူဆချင် ပါသတည်း။

ဦးတင်ဦး (ကျူရှင်)

ရည်ညွှန်း
၁။ မြဟန်- ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ ၁၉၉၈ (ပကြိမ်)
၂။ Aung San of Burma by Maung Maung. 1962.
.

No comments: