Friday, October 21, 2011

ဝင်းဖေဝင်း ဘာသာပြန် စိန်မင်းသမီး အဆက် အပြိုင်အဆိုင်အနိုင်, အပိုင်း (၉)

(၉)

လိုသာတို့အား လူလေးဦးက ချိန်းဆိုထားသည့်နေရာမှ စောင့်နေကြသည်။ သူတို့သည် တစ်ချိန်က ပြောက်ကျား တိုက်ပွဲကို အတူတကွလက်တွဲဆင်နွှဲခဲ့ကြသော ရဲဘော်ရဲဘက်ဟောင်းများဖြစ်သည်။ သေချင်းပေါင်း ရှင်ချင်းပေါင်း များဖြစ်သည်။ တောင်အာဖရိကတပ်များောကာင့် သူတို့သည် မြက်ခင်းပြင် ကြီး ထဲ၌ တစ်ခါတစ်ရံတွင် လူစုခွဲခြေရာဖျောက်ပြီး ပြေးကြရသည်။
ထိုသို့ လူစုခွဲပြေးပြီးနောက် ရက်အတန်ကြာတွင် သူတို့သည် လုံခြုံစိတ်ချရသော လျှို့ဝှက်နေရာများ၌ ပြန် လည်ဆုံစည်းတွေ့ဆုံကြသည်ဖြစ်၏။ သူတို့ ထိုသို့စုဝေးရာနေရာများ၌ ရေရှိသည်။ တောင်စောင့်ကျောက် ဆောင်ကြားမှ ထွက်ကျသော စိမ့်စမ်းရေ၊ ရေတွင်းတူး၍ရသော ရေခန်းနေသည့်မြစ်မျိုးရှိသည့် နေရာမျိုး များပင်ဖြစ်သည်။

သူတို့စုဝေးရာ လျှို့ဝှက်နေရာသည် အစဉ်သဖြင့် ဘေးပတ်ဝန်းကျင်ကို ကောင်းစွာမြင်နေရသော နေရာမျိုး ဖြစ်သည်။ သို့မှသာ ၎င်းတို့အား ရနသူများက ရုတ်တရက် အငိုက် ၀င်မတိုက်နိုင်မည်ဖြစ်သည်။ ထို့အပြင် ထိုနေရာများ တစ်ဝိုက်၌ မြင်းများအစာကျွေးရန် မြက်ခင်းများ၊ လူများ ခိုလှုံရန် အကာအကွယ်များရှိပြီး လျှို့ ၀ှက်မြှုပ်နှံသိမ်းဆည်းထားသော လက်နက်ခဲယမ်း မီးကျောက်နှင့် ရိက္ခာများ လည်းအသင့်ရှိသည်။

ယခုလိုသာ စီစဉ်ချိန်းဆိုထားသော တွေ့ဆုံရန်နေရာမှာ နောက်ထပ် အခွင့်အလမ်းကောင်းတစ်ခု ပင် ထပ်မံ ရှိနေသေးသည်။ ယင်းမှာ တောင်ပေါ်ဒေသဖြစ်ပြီး ကြွယ်ဝချမ်းသာသော ဂျာမန်မွေးမြူရေးသမား ၏ ခြံများနှင့် မိုင်အနည်းငယ်သာဝေးသည့် မြောက်ဘက်တွင်ရှိသည်။ ထိုဂျာမန်မွေးမြူရေးသမားများသည် လိုသာ မိသားစု နှင့် ရင်းနှီးသော မိတ်ဆွေကောင်းများဖြစ်သည်။

လိုသာသည် ရေခြောက်ခန်းနေသော ချောင်းရိုးအတိုင်းလျှောက်လာပြီး တောင်တန်း လွင်ပြင်ထဲသို့ ၀င် လိုက်သည်။ လွင်ပြင်ကျယ်ထဲသို့ သူလျှောက်ဝင်သွားသည်နှင့် တစ်ပြိုင်နက်စောင့်နေသောသူ့လူများက လိုသာ အား အဝေးမှပင် လှမ်းမြင်ကြရသည်။ ထို့ကြောင့် နှစ်မိုင်ခန့်အဝေးရှိ ကုန်းမြင့် တစ်ခုအပေါ် ချိန်းဆို ထားသောနေရာတွင် ပျပျလေးသာမြင်ရသော လူသဏ္ဍာန်တစ်ခုက လိုသာအား လက်ဝှေ့ ယမ်းပြ ကာကြိုဆို နေကြသည်။ ထိုလူသဏ္ဍာန်ဆီသို့ နောက်ထပ်သုံးခုထပ်ရောက်သွားပြီး ကုန်းမြင့်ပေါ်မှနေ၍ အောက် သို့ ခုန်ပေါက်ပြေးဆင်းကာ လာကြိုကြသည်။

ပြေးလာသူများအနက် ရှေ့ဆုံးမှလူမှာ "ဗတ်ဂျန်" သို့မဟုတ် "ပစ်ဂျွန်"ဖြစ်သည်။ လူမည်းလူထွား စစ်သည် တော်ဖြစ်သည်။ သူ့နောက်မှပါလာသူမှာ ဆ ၀ပ်ဟင်းဒရစ်၏ မယားငယ်မှမွေးသောသားကလိန်းဘွိုင်းဖြစ် သည်။ သူက သူ့ဖခင် ဟင်းဒရစ်ထံပြေးသွားပြီး ၀မ်းသာအားရနှုတ်ဆက်သည်။ သူ၏ အရပ်အမောင်းနှင့် ကိုယ်လုံး ကိုယ်ထည် မှာ အဖေလောက်နီးပါးရှိနေသည်။ သို့သော် ဖအေလောက် အသားမမည်းဘဲ မအေ ထက် ရုပ်ရည်ရူပကာ ပိုကောင်းသည်။

ထိုနှစ်ယောက်သည်  ဝေါတစ်ပင်လယ်ကွေ့၌ လိုသာတိုပ ငါးဖမ်းသင်္ဘောတွင် အလုပ်လုပ်ခဲ့ကြသူများ ဖြစ်သည်။ ဟင်းဒရစ်က သူတို့နှစ်ဦးအား အလျင်စေလွတ်လိုက်ပြီး သူ လိုချင်သူများကို အခေါ်လွှတ်လိုက် ခြင်း ဖြစ်သည်။ သူခေါ်ခိုင်းလိုက်သူများကို ယခုချိန်းဆိုထားသည့်နေရာတွင် တွေ့ကြရပြီ။
လိုသာ က ထိုသူများကိုကြည့်လိုက်သည်။ သူတို့နှင့် နောက်ဆုံးခွဲခွာလာခဲ့သည်မှာ ၁၂ နှစ်ပင်ကြာခဲ့ပါပြီ။ သူတို့ ၏ ရွပ်ရွပ်ချွံချွံ သက်စွန့်ကြိုးပမ်း တိုက်ပွဲဝင်ခဲ့မှုများကို လိုသာပြန်သတိရသည်။ သူတို့ကို လိုသာက ယခင် ကလိုပင် နာမည်ပြောင်များဖြင့် လှမ်းခေါ်ကာ အားပါးတရနှုတ်ဆက်သည်။

" မင်းတို့ကို မင်းတို့ မိန်းမတွေရဲ့ ဗိုက်ပူကြီးတွေကြားကရယ် ဘီယာအိုး တွေကြားကရယ် ငါကတော့ ဆွဲထုတ် ခေါ်ယူ လိုက်တာပဲ"
လိုသာ စကား ကြောင့် သူတို့ ဟက်ဟက်ပက်ပက် အော်ရယ်ကြသည်။
"ကလိန်းဘွိုင်း နဲ့ ပစ်ဂျွန်တို့က ခင်ဗျားနာမည်ပြောလိုက်တာနဲ့တစ်ပြိုင်နက် ကျွန်တော်တို့ ထ လိုက်လာကြတာပဲဗျာ " သူတို့က ပြန်ပြောသည်။

" မင်းတို့ ငါ့အပေါ်ချစ်ခင်မှု၊ သစ္စာရှိမှုတို့ကြောင့် လာတာပေါ့ဟုတ်လား၊ လင်းတတို့ မြေခွေးတို့က အစာ ကြောင့် လာတာမဟုတ်ဘဲ ချစ်လို့လာတာမျိုးပေါ့လေ၊ မဟုတ်ဘူးလား"
လိုသာ ၏ ဟာသကြောင့် သူတို့ အားရပါးရ ဟက်ဟက်ပက်ပက်ရယ်လိုက်ကြပြန်သည်။
လိုသာ၏ ထိုစကားမျိုး သူတို့မကြားရတာ ကြာသဖြင့် လွမ်းဆွတ်ကြည်နူးနေသည်။
" ပစ်ဂျွန်က ရွှေတွေရမယ်လို့ ပြောတယ်၊ ကလိန်းဘွိုင်းကတော့ တိုက်ခိုက်ရလိမ့်ဦးမယ်လို့ဆိုတယ်"
လိုသာက ကျွဲကြီးဟု နာမည်ပေးထားသူက ပြောလာသည်။

" ကျွန်တော်လို အသက်ကြီးလာပြီဖြစ်တဲ့ လူတစ်ယောက်ဟာ ကိုယ့်မိန်းမ ပျော်အောင် တစ်နေ့ကို တစ်ခါ လောက်ပဲ ချော့မြူနိုင်မှာပါ၊ ဒါပေမယ့် ကိုယ့်အပေါင်းအသင်း မိတ် ဟောင်းဆွေဟောင်းအတွက်ဆိုရင် နေ့ရောညပါ တိုက်ခိုက်နိုင်ပါသေးတယ်ဗျ"
လိုသာ က အရပ်ရှည်သဖြင့် ငှက်ကြီးဝန်ပိုဟု အမည်ပေးထားသူက ပြောလိုက်ရာ အားလုံးက  ၀ိုင်းရယ်ကြ ပြန်သည်။
သူတို့ဆင်းလာပြီး တွေ့ဆုံကြသည့်နေရာမှ ချိန်းဆိုထားသည့် နေရာဟောင်းသို့ လိုသာတို့အားခေါ်သွားကြ သည်။ ထိုနေရာသည် အလွန်ပင် လုံခြုံစိတ်ချရသော တောင်စောင်းအစွန်းရှိ ကျောက်ဂူတစ်လုံးဖြစ်သည်။ ဂူဝ မှ ကြည့်လိုက်လျှင် အောက်ဘက် လွင်ပြင်တစ်ခုလုံးကို အပေါ်စီးမှ လှမ်းမြင်နေရသည်။ သူတို့ အပေါ် က လှမ်းမမြင်ရဘဲ သူတို့ဂူပေါက်ဝသို့ ချဉ်းကပ်လာနိုင်သော အခြားလမ်းမ`၇ှိပေ။

ထိုဂူထဲသို့ ဦးစွာရောက်နှင့်နေသူ လေးဦးက ယခင်က ဖွက်ထားသော သေတ္တာများကို တူးဖော် ထုတ်ယူကာ ဖွင့်ထားပြီးဖြစ်သည်။ အထဲမှပစ္စည်းများသည် ၁၄-၅ နှစ်ကြာလေပြီဖြစ်သော်လည်း လိုသာ ခန့်မှန်းထား သည်ထက်ပင် ပိုကောင်းနေသေးသည်။ စည်သွပ်ဘူးများနှင့် ခဲယမ်းမီးကျောက်ဘူးများကို ချိတ်ပိတ်ထားခဲ့ ည်။ မော်ဇာရိုင်ဖယ်များကို အမဲဆီသုတ်ပြီး ဆီစိမ်စက္ကူနှင့်ပတ်ကာ သေတ္တာဖြင့် ထည့်ထားခဲ့သည်။ ထိုပစ္စည်းအားလုံး အကောင်းပကတိအတိုင်း တွေ့ရသည်။ မြင်းကုန်းနှီး အပို များနှင့် အ၀တ်အစား များပင် သဲကန္တရ ၏ ခြောက်သွေ့သောလေကြောင်း မဆွေးမမြည့်မပျက်မစီးရှိနေသည်။

အမဲသားဘူးများနှင့် ဘီစကွတ်ပုံးများကိုဖွင့်ကာ သူတို့စားသောက်ကြသည်။ ယခ်ုက ထိုအစားအစာများမှာ သူတို့ အဖို့  နေ့တိုင်းစားနေရ၍ ငြီးငွေ့ခဲ့ရသည်။ သို့သော် ယခုလိုစီးပွားပျက်ကပ်ဆိုက်၍ ငတ်မွတ်နေချိန် တွင် နတ်သုဒ္ဓါ တမျှ အရသာရှိလှသည်။
စားသောက်ပြီးသောအခါ သူတို့သည် မြင်းကုန်းနှီးအကောင်းများကိုယူသည်။ မြင်းစီး ဖိနပ်ရှည်များ ကိုစီးသည်။ လက်နက်ကိုယ်စီကိုင်ဆောင်သည်။ လိုအပ်သောပစ္စည်းအ၀၀ကို ယူပြီးနောက် ခရီးစ နှင်ရန် စိုင်းပြင်းကြသည်။

လိုသာ က သားဖြစ်သူ မာနီအားပြောလိုက်သည်။
" ငါတို့ လုပ်ကိုင်ရှာဖွေခဲ့တဲ့ ပစ္စည်းအားလုံး ငါ့လက်က သူများလုယူသွားပြီမဟုတ်လား၊ ဒီတော့ ငါတို့က လက်စား ပြန်ချေရမယ်၊ တို့ဆီကလုသွားတာတွေကိုတို့ရအောင် ပြန်ယူရမယ်၊ ဒါပေမယ့် အင်္ဂလိပ်တွေရဲ့ တရားဥပဒေ ကတော့ ငါတို့ကို ရာဇ၀တ်ကောင်တွေလို့ ရှုမြင်မှာပဲ၊ တို့တွေ ပြေးလိုက်လွှားလိုက်ပုန်းလိုက် ခိုလိုက် လုပ်နေရမှာပဲ၊ သူတို့ကလဲ တို့ကို အမဲလိုက်သလိုလိုက်ကြလိမ့်မယ်၊  တို့အဖို့ သတ္တိနဲဥာဏ်ရှိမှ အသက်ရှင် ရပ်တည် နိုင်မယ် "
လိုသာပြောနေသည်ကို မင်းဖရက်က စိတ်ပါ ၀င်စားစွာ စိုက်ကြည့်နားထောင်နေသည်။ သူ့အဖေက သူ့ အား လူကြီးတစ်ယောက်လို အရာထားပြီး ဤကိစ္စများပြောဆို ဆွေးနွေးနေသည်ကို ဂုဏ်ယူနေမိသည်။

လိုသာက ဆက်ပြောပြန်သည်။
" ငါတို့မြောက်ဘက်ကိုသွားမယ်၊ တန်ဂျန်ယိက၊ ညာဆာလန်နဲ့ ကင်ညာဒေသတွေမှာ စိုက်ပျိုးလို့ ကောင်းတဲ့ မြေတွေရှိတယ်၊ ငါတို့လိုလူတွေတော်တော်များများအဲဒီကို ရောက်နေကြပြီ၊  ဟိုကျရင် ငါတို့ နာမည် တွေ တောင် ပြောင်းကောင်းပြောင်းရလိမ့်မယ်၊ ငါတို့ဒီကိုပြန်လာနိုင်မော့မယ် မထင်ဘူး၊ ဒါပေမယ့် ငါတို့ဟိုမှာ သာယာတဲ့ဘ၀သစ်ထူထောင်နိုင်မှာပဲ"
"ဘယ်တော့ မှ ပြန်မလာတော့ဘူးလား၊ ဒါဖြင့် ရှာဆာကိစ္စကကော ဘယ်လိုလုပ်မလဲ"
မင်းဖရက် က အမူအရာပြောင်းသွားပြီး မျက်မှောင်ကုတ်ကာမေးလိုက်သည်။

လိုသာက မင်းဖရက်မေးခွန်းကို မသိချင်ယောင်ဆောင်ကာ သူပြောချင်တာကို ဆက်ပြောသည်။
" ညာဆာလန်မှာဖြစ်ဖြစ်၊ ကလီမင်ဂျရိုအောက်ပိုင်းမှာဖြစ်ဖြစ်၊ ငါတို့ကော်ဖီခြံဝယ်ပြီး စိုက်ပျိုးမယ်၊ အဲဒီမှာ အမဲလိုက် လို့ကောင်းတဲ့လွင်ပြင်တွေလဲရှိတယ်"
" ဖေဖေ ... ကျွန်တော် တခြားတမြေတရေကိုမသွားချင်ဘူး၊ ကျွန်တော် ဒီမှာပဲနေချင်တယ်"
မင်းဖရက် က ပြောလိုက်ချင်သော်လည်း ပါးစပ်ကမထွက်ရဲသဖြင့် အသာငြိမ်နေချင်တယ်"
ထိုညက သူတို့အိပ်နေကြစဉ် အလွန်ကြောက်စရာကောင်းသော အသံကြီးကြားလိုက်ရသဖြင့် မင်းဖရက် လန့်နိုး သည်။ ဇက်ပိုးမှဆံပင်မွှေးညှင်းများထောင်သွားသလားအောက်မေ့ရသည်။ ဖခင်အား လှုပ် နှိုးပြီး မေးလိုက်သည်။

" ဖေဖေ ဘာသံကြီးလဲ "
" ကာလာဟာရီ တောနက်ကြီးထဲက အစာရှာထွက်ခြ့တဲ့ ခြင်္သေ့ဟိန်းသံလေ၊ သတ္တိအရှိဆုံး လူတွေ တောင် မှ ပထမဆုံးကြားရတဲ့အချိန်မှာ ကြောက်စိတ်ဝင်ကြရတဲ့ အသံမျိုးပေါ့သားရယ် "
----
နောက်တစ်နေ့မနက်တွင် သူတို့ တောင်စောင်းမှဆင်းလာသောအခါ လွင်ပြင်သို့ရောက်လာသည်။ လိုသာ သည် ရှေ့မှဦးဆောင်လျှောက်လာရာမှ တစ်နေရာတွင် တုံ့ခနဲရပ်လိုက်ပြီး မင်းဖရက်အား သူ့ဘေးသို့ခေါ် လိုက်သည်။

" မင်းညက အသံကြားရတဲ့ ခြင်္သေ့ခြေရာ ဒီမှာလေကွာ "
လိုသာက ခြင်္သေ့ခြေရာကိုပြရင်း ပြောလိုက်သည်။ ခြင်္သေ့ခြေရာမှာ ထမင်းစားပန်းကန်ခန့်ရှိပြီး အ၀ါရောင် မြေပျော့ ပေါ်တွင် အထင်းသားပေါ်လွင်နေသည်။ လိုသာက ခြေရာများကိုကြည့်ကာ အဓိပ္ပာယ်ဖွင့်လိုက် သည်။

" ခြေင်္သေ့က အထီးအအိုကြီးပဲ၊ တစ်ယောက်တည်းသမား။ ခြေတစ်ဘက်ထော့နင်းထော့နင်းဖြစ်နေတယ်၊ တောတိရစ္ဆာန်သားကောင်ကို ဖမ်းဖို့မလွယ်တော့လို့ မွေးမြူရေးခြံနား ကပ်လာတာပဲဖြစ်ရမယ် "
လိုသာ  မင်းဖရက်နှင့် ဟင်းဒရစ်တို့သည် လွင်ပြင်အတိုင်း ဆက်ထွက်လာကြသည်။ ကျန်လူများအား လျှို့ ၀ှက်စခန်း၌ ထားရစ်ခဲ့သည်။ လိုသာ၏ မိတ်ဆွေရင်းတစ်ဦးနေသော မွေးမြူရေးခြံဆီသို့ သူတို့သွားကြခြင်း ဖြစ်သည်။ မွေးမြူရေးခြံပိုင်ရှင်သည် ရွာစားကြီးဖြစ်သည်။ လိုသာလိုပင် ဂျာမန် အဆက်အနွယ်ဖြစ်သည်။

သူတို့လာသည်ကို ရွာစားကြီးက အဝေးမှပင် လှမ်းမြင်ပြီး စမ်းချောင်းလေးနေရာအထိ ထွက်ကြိုနေသည်။ သူသည် လိုသာမိခင်ဘက်မှ ဆွေမျိုးတော်သူဖြစ်သည်။ သူက လိုသာတို့ သုံးဦးကို အိမ်ထဲသို့ခေါ်သွားသည်။ ဆ ၀ပ်ဟင်းဒရစ်အား အစေခံများနေသောနေရာသို့ ပို့လိုက်ပြီး လိုသာနှင့်မင်းဖရက်အား ဧည့်ခန်းထဲသို့ခေါ်သွားသည်။ ဧည့်ခန်းထဲတွင် မြို့စားကြီးကတော်က သူတို့အတွက် ဂျာမန်ဘီယာပုလင်းများနှင့် အိမ်လုပ် ဂျင်ဂျာဘီယာမြေခရားများကို အသင့်ပြင်ထားသည်။

သူတို့ ရေမိုးချိုးနေစဉ်တွင် အစေခံများက သူတို့ အ၀တ်အစားများကို ယူသွားသည်။ တစ်နာရီခန့်ကြာ၍ ပြန်ယူလာသောအခါ လျှော်ဖွပ်မီးပူတိုက်ပြီး ဖြစ်နေသည်။
သူတို့ ဖိနပ်များကိုလည်း တိုက်ထားသည်မှာ ပြောင်လက်နေသည်။ ညစာစားပွဲတွင် စားကောင်း သောက်ဖွယ် ရာများနှင့်  ၀ိုင်အကောင်းစားဖြင့်တည်ခင်းသည်။
မင်းဖရက်သည် တစ် ၀တစ်ပြဲ စားသောက်ပြီးသောအခါ အိပ်ချင်သဖြင့် သမ်းဝေလာသည်။ အိမ်ဖော်တစ် ယောက်က မင်းဖရက် အား အိပ်ခန်းသို့လိုက်ပို့သည်။ ရွာစားကြီးက လိုသာအား ဟာဗာနာ ဆေးပြင်းလိပ် ဖြင့် ဆက်လက်ဧည့်ခံသည်။ ဆေးပြင်းလိပ်ကို အားရပါးရဖွာလိုက်ပြီးနောက် ရွာစားကြီးကစပြောသည်။

" ခင်ဗျား ၀င်းဟုပ်မြို့ ကပို့လိုက်တဲ့စာကို ကျွန်တော်ရပါတယ်။ ခင်ဗျား စီးပွားပျက် သွားတာ သိရတဲ့ အတွက်လဲ အလွန်ပဲ စိတ်မကောင်းပါဘူး၊ အခုအချိန်ကတော့ ကျွန်တော်တို့ အားလုံးအတွက် အခက်အခဲ အကျပ် အတည်း တွေနဲ့ ရင်ဆိုင်နေရတဲ့အချိန်ပါပဲ၊ ခင်ဗျားအမေဟာ ကျွန်တော်တို့ လေးစားခင်မင်တဲ့ သူတော်စင် အမျိုးသမီးကြီး၊ သူ့သားဖြစ်တဲ့ခင်ဗျားအတွက် မကူညီနိုင်စရာ ဘာအကြောင်းမှမရှိပါဘူး၊ ဒါပေမယ့် ... "
 ဒါပေမယ့် ဟူသော စကားဆက်ကို ကြားလိုက်ရသဖြင့် လိုသာ စိတ်ပျက်သွားသည်။ ရွာစားကြီးက စကားကို ခေတ္တနားလိုက်ပြီး ဆက်ပြောသည်။

" ဒါပေမယ့် ခင်ဗျားစာမရခင် ရက်သတ္တ နှစ်ပတ်လောက်မှာပဲ စစ်တပ်က ၀ယ်ူယူရေးအရာရှိ တစ်ဦး ကျွန်တော့်ခြံ ရောက်လာလို့ ကျွန်တော့်ဆီမှာ ပိုလျှံနေတဲ့မြင်းတွေအားလုံးရောင်းလိုက်တယ်၊ ကျွန်တော့် လုပ်ငန်း တွေ အတွက် လိုအပ်သလောက် မြင်းကောင်ရေပဲချန်ထားပြီး ပိုတာတွေ အားလုံး ရောင်းလိုက်တယ်"
လိုသာသည် စားကျက်မျက်ခင်း၌ မြက်စားနေသော မြင်းကောင်းမြင်းသန့် အကောင်  ၄၀ ခန့်ကို အလာတုန်းက တွေ့ခဲ့ရပြီဖြစ်သော်လည်း မြို့စားကြီး၏ စကားကို သဘောပေါက်နားလည် လက်ခံစွာဖြင့် ခေါင်း ညိတ် ပြ လိုက်သည်။

" ဒါပေမယ့် ကျွန်တော့်မှာ သန်သန်မာမာ လား တစ်စုံတော့ ကျန်သေးတယ်၊ အဲဒါကို ခင်ဗျားကို ကျွန်တော် ဈေးပေါပေါ နဲ့ ပေးလိုက်မယ်၊ ပေါင် ၅၀ ပဲ ပေးပေါ့ဗျာ "
" တစ်စုံကို ငါးဆယ်လား "
" ဟင့် အင်း၊ တစ်ကောင်ကို ငါးဆယ်စီပါ၊ နောက်ပြီး ခင်ဗျားစာထဲမှာ ငွေချေးဖို့၊ အကြွေးထားဖို့ ဆိုတာ တွေ ပါတယ်၊ ကျွန်တော့်မှာ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တစ်ရပ်ရှိတယ်။ ဒါကေတော့ မိတ်ဆွေ တစ်ယောက်ကို ငွေ မချေးဘူး ဆိုတဲ့ ဆုံးဖြတ်ချက်ပဲ၊ ဘာ့ကြောင့် ဒီဆုံးဖြတ်ချက် ထားသလဲဆိုတော့ မိတ်ဆွေရော ငွေ ရော နှစ်မျိုး စလုံး မဆုံးရှုံးအောင်လို့ပဲပေါ့ဗျာ"
လိုသာ ကလည်း ငွေချေးဖို့ စိတ်မကူးတော့၊ ငွေချေးမည့်အစား အခြားနည်းလမ်းတစ်ရပ်ကို စိတ်ဝင်စား သွား ပြီဖြစ်သည်။

" စစ်တပ်က၀ယ်ယူရေး အရာရှိက ဒီအနားတစ်ဝိုက်မှာရှိတဲ့ မွေးမြူရေးခြံတွေက မြင်းတွေအားလုံးကို လိုက် ၀ယ် သွားတာလား "
လိုသာ က မေးလိုက်သည်။
" အားလုံးပေါင်းမြင်းအကောင် ၁၀၀ လောက်လိုက်ဝယ်သွားတယ်လို့သိရတာပဲ၊ အားလုံး ပထမတန်းစား မြင်းကောင်းတွေကြီးပဲ၊ သဲကန္တာရဒဏ်ခံနိုင်မယ့် မြင်းတွေချည်းပဲ"
ရွာစားကြီးကပြန်ပြောသည်။

" သူ အဲဒီမြင်း တွေကို တောင်ဘက်မီးရထားလမ်းဆီ ယူသွားတယ်ထင်တယ်ဟုတ်လား "
" ဟင့်အင်း...မယူသေးဘူး၊ ဆ၀ါကော့မြစ်ရဲ့မြို့နဲ့ဝေးတဲ့ဘက်မှာထားသေးတယ်၊ မြင်းတွေကိုအနားပေးပြီး အစား ကောင်းကောင်းကျွေး အားမွေးနေတယ်၊ စုစုပေါင်း မြင်းအကောင် ၁၅၀ ရမှ ရထားလမ်း ဆီ ယူသွားမယ် လို့သိရတယ် "
လိုသာ မင်းဖရက်နှင့် ဆ ၀ပ်ဟင်းဒရစ်တို့သည် နောက်တစ်နေ့နံနက်တွင် ရွာစားကြီးဆီမှ သူတို့ လျှို့ဝှက်စခန်း သို့ ပြန်လာကြသည်။ လားနှစ်ကောင်ကို ပေါင်ငွေ ၂၀ နှင့်ရအောင် ဈေးဆစ်ပြီးဝယ်လာ ကြသည်။ ထိုလားနှစ်ကောင်ကို အမဲလိုက်ရာတွင် သုံးရန် လိုသာရည်ရွယ်ထားသည်။

သူတို့ ခိုအောင်းရာ ကျောက်ဂူသို့ ပြန်ရောက်လာသောအခါ လိုသာလျင်မြန်စွာပင် လုပ်ကိုင်ပြင်ဆင် တော့သည်။ မြင်းကုန်းနှီး ၁၂ ခုနှင့် ကျည်ဆန်အိတ်များ၊ ပစ္စည်းကိရိယာများကို အသင့်ပြင် ဆင် လိုက်သည်။ ထိုပစ္စည်းများကိုထည့်သိုပြီးသောအခါ ကျောက်ဂူဝတွင် ချထားလိုက်သည်။
" မြင်းကုန်းနှီးတွေ၊ လက်နက် ခဲယမ်း မီးကျောက်တွေတော့အသင့်ဖြစ်ပြီး ... မြင်းတွေပဲလိုတော့တယ်" ဟင်းဒရစ် ကပြောလိုက်သည်။
" တို့ဒီမှာ အစောင့် ထားခဲ့ဖို့တော့ကောင်းတယ်၊ ဒါပေမယ့်တို့လုပ်ငန်းမှာ လူအားလုံး လိုမှာဆိုတော့ မထား ခဲ့ တော့ဘူး"
လိုသာစကားဖြတ်လိုက်ပြီးပစ်ဂျွန်ကို ငွေ ၅ ပေါင်ပေးကာ ပြောလိုက်ပြန်သည်။

" ဒီငွေ ၅ ပေါင်ဟာ ကိပ်စမုတ် အရက် တစ်ပေပါလောက်ဝယ်လောက်တယ်၊ အဲဒီအရက် တစ်ဖန်ခွက်ဟာ ကျွဲထီးကြီး တစ်ကောင် ဘိုင်းခနဲ လဲသေနိုင်တယ်၊ ဒါပေမယ့် ငါပြောတာကို မင်းကောင်းကောင်း မှတ်ထားစမ်း ပစ်ဂျွန်၊ ငါတို့ ဟိုနေရာကထွက်ခွာမယ့်အချိန်မှာ မင်းဟာ မြင်းမစီးနိုင်လောက်အောင် သိပ်မူး နေရင် မင်းကိုရဲတွေက မေးမြန်းစစ်ဆေးလို့ ရအောင် ဒီအတိုင်းတော့ ငါမထားခဲ့ဘူး၊ မင်းခေါင်းထဲကို ကျည်ဆံ တစ်တောင့်ပစ်သွင်းပြီးမှထားခဲ့မယ်"
အိုကာဟင်ဂျာမြို့သို့ ပြန်သွားရမည့်ခရီးမှာ မိုင် ၂၀ ခန့်နီးပါးရှိသဖြင့် လိုသာတို့မရောက်လာမီကြိုရောက် နှင့်နေရန်ပစ်ဂျွန်ချက်ချင်းပင် ခရီးနှင်တော့သည်။ သူထွက်သွားပြီးခဏကြာမှ ကျန်လူများ ခရီးစတင်ကြသည်။ လားနှစ်ကောင်ပေါ်တွင် ပစ္စည်းပစ္စယများတင်ကာ မင်းဖရက်ကရှေ့မှဆွဲပြီး တောင်စောင်း အတိုင်း ဆင်းလာကြသည်။ တောင်ကုန်းအမြင့်၏ တောအုပ်အပုကလေးထဲမှနေ၍ လိုသာ သည် အောက်ဘက်ရှိ ဆွာကော့မြစ်၏ ဟိုဘက်ကမ်းဆီသို့လှမ်းကြည့်လိုက်သည်။ အိမ်အမိုးများနှင့် ဘုရား ရှိခိုးကျောင်း အမိုးချွန်ချွန်တို့ကို လှမ်းမြင်ရသည်။

ဆွာကော့မြစ်က ကွေ့ပတ်စီးဆင်းသော မြစ်ဖြစ်သည်။ ထိုမြစ်အကွေ့တွင် ရေအိုင်လေးသုံးခုရှိသည်။ ရေများက စိမ်းရောင်စိုနေသည်။ ထိုရေအိုင်များပတ်ပတ်လည်တွင် အ၀ါရောင်သဲသောင်ပြင်တို့ ၀ိုင်းပတ် နေသည်။ ထိုမြစ်သည် မိုးရွာပြီးတစ်ခဏ တောင်ကျရေ ကျခိုက်သာစီးဆင်းပြီးနောက်တော့ ခြောက်ခန်း သွား သည်။
ရေအိုင်တွင်မြင်းများကို ရေတိုက်ထားကြသည်။ မြစ်ကမ်းပါးအပေါ်ဘက်၌ သစ်တပ်များရှိသည်။ ထို သစ်တပ် များတွင် မြင်းများကိုထားသည်။ သစ်တပ်များကို ညပိုင်းမပိတ်မီ မြင်းများကို ရေတိုက် နေခြင်းဖြစ်သည်။ ရွာ စားကြီးပြောလိုက်သောစကားမှန်နေသည်။ စစ်တပ်မှ ၀ယ်ယူရေး အရာရှိ ၀ယ်သွားသောမြင်းများမှာ အကောင်းဆုံး မြင်းများချည်းဖြစ်နေသည်ကို လိုသာမှန်ပြောင်းထဲမှ မြင် နေရသည်။

သဲကန္တရဒဏ်ကို ခံနိုင်မည့် မြင်းကောင်းများချည်း ဖြစ်သည်။
လိုသာသည် မြင်းထိန်းသမားများဘက်သို့ အာရုံပြေင်းလိုက်ပြန်သည်။ အားလုံးပေါင်းငါးယောက်ဖြစ်သည်။ လူဖြူမဟုတ်သူများဖြစ်ပြီး ကာကီယူနီဖောင်းဝတ်ထားသည်။ လူဖြူအရာရှိကို လိုက်ရှာသော်လည်း မတွေ့ ရပေ။ မြင်းဇောင်းသစ်တပ်များဘေးရှိ အညိုရောင်စစ်တပ်သုံးရွက်ဖျင်တဲများကို မှန်ပြောင်းဖြင့်ကြည့်ရင်း လိုသာပြောလိုက်သည်။
"သူတို့ဒီမှာစခန်းချနေကြတာကိုး "
ထိုအချိန်မှာပင် သူ့နောက်မှလေချွန်သံခပ်တိုးတိုး ကြားလိုက်ရသဖြင့် လိုသာ နောက်ဘက်သို့ လှည့်ကြည့် လိုက်သည်။ ဟင်းဒရစ်ကမိမိအား အချက်ပေးနေသည်။ လားနှစ်ကောင်က အရိပ်ထဲတွင်ရပ်နေ ကြသည်။ သူတို့ လူများက သစ်ကိုင်းအောက်အရိပ်ကောင်းသောနေရာများတွင် လဲလျောင်းနေကြပြီးစည် သွတ်ဘူး များထဲမှ အစားအစာများကိုဖွင့်ဖောက်စားနေကြသည်။

လိုသာသူတို့နားရောက်သွားသောအခါ ပစ်ဂျွန်ကမတ်တတ်ရပ်လိုက်သည်။
" မင်း အရောက်နောက်ကျလှချည်လား"
လိုသာက ပစ်ဂျွန်=သားရေဂျာကင် အင်္ကျီကို ရင်ဘတ်မှ ဆောင့်ဆွဲပြီးပြောလိုက်သည်။
" ကျွန်တော် အရက်တစ်စက်မှ မသောက်ပါဘူးဆရာ ကျိန်ပြောရဲပါတယ် "
" မင်းတကယ်နော် "
လိုသာ က သူကိုင်ထားသော ပစ်ဂျွန်အင်္ကျီရင်ဘတ်ကို လွှတ်ပေးလိုက်ပြီး ပစ်ဂျွန်ခြေထောက်နားမှအိတ်ကို လှမ်းကြည့် လိုက်သည်။

" ၁၂ပုလင်းပါဆရာ၊ ဆရာမှာလိုက်တဲ့အတိုင်းပဲ"
လိုသာက အိတ်ကိုဖွင့်လိုက်ပြီးအထဲမှ နာမည်ကြီးကိပ်စမုတ်ဘရန်ဒီတစ်ပုလင်းကို ဆွဲထုတ်လိုက်သည်။ ပုလင်း လည်ပင်း၌ ချိတ်တံဆိပ်နှိပ်ထားသည်။ ပုလင်းကို ထောင်ပြီး ကြည့်လိုက်သောအခါ အညိုရောင် အရက် ကို ပုလင်းထဲ၌ တွေ့ရသည်။
" မင်းရွာထဲမှာ ဘာတွေ့ခဲ့သလဲ "
လိုသာက ပုလင်းကိုအိတ်ထဲပြန်ထည့်ရင်း မေးလိုက်သည်။

" စခန်းမှာ မြင်းထိန်းသမား ခုနစ်ယောက် ရှိတယ်"
" ငါ တွေ့တာတော့ ငါးယောက်တည်းပါ "
" ခုနစ်ယောက်ပါ ကျွန်တော်တွေ့ခဲ့တာ သေချာပါတယ်"
" လူဖြူအရာရှိကရော ဘယ်မှာလဲ"
" အော်ဂျီဝါရွန်ဂါကို မနေ့ကပဲထွက်သွားတယ်၊ အရက်ပုလင်းတွေယူပြီး ဟိုစခန်းကိုသွားပေတော့"
လိုသာက နေကိုတစ်ချက်ကြည့်ပြီး ပစ်ဂျွန်ကို ပြောလိုက်သည်။

" ကျွန်တော်က သူတို့ကဘယ်လိုပြောရမလဲ"
" မင်းက အရက်လာရောင်းတာ၊ ဈေးပေါပေါ နှင့် ရောင်းတယ်လို့ပြော၊ ပြီးတော့ သူတို့ကို အမြည်း အလကား ပေး မင်းအလိမ်အညာအဖြီးအလှိုင်းကောင်ပါတယ်ကွာ၊ ဆက်သာလှိမ့်ပေတော့"
" သူတို့က မသောက်ရင် ဘယ့်နှယ်လုပ်မလဲ "
လိုသာ က အားရပါးရ ရယ်လိုက်သော်လည်း ပစ်ဂျွန်၏ အမေးကို အရေးလုပ်ပြီးမဖြေတော့ပေ။
" လထွက်လာပြီး သစ်ပင်တဖျား ကျော်လာရင် ငါစတင်လှုပ်ရှားလာမယ်၊ ဒီတော့ မင်းနဲ့ မင်းရဲ့ ဘရန်ဒီ တွေက သူတို့ကို ဖလက်ပြအောင်လုပ်ဖို့အချိန် လေးနာရီရမယ် "
ပစ်ဂျွန် က အရက်ပုလင်းများထည့်ထားသောအိတ်ကို လွယ်လိုက်ရာ အိတ်ထဲမှပုလင်းများက အသံမြည် သွားသည်။

"ဒီမှာပစ်ဂျွန်၊ မင်းမမူးနဲ့နော်၊ အေး ... မူးရင်တော့ သေပြီသာမှတ် "
" ကျွန်တော်ဟာ လူကြီးလူကောင်း လို အရက်မသောက်တတ်တဲ့ တိရစ္ဆာန်တစ်ကောင် လို့ ဆရာက ထင် လို့လား"
ပစ်ဂျွန်က ပြောပြောဆိုဆိုနှင့် စစ်တပ်စခန်းဘက်သို့ ဆင်းသွားသည်။ လိုသာကပစ်ဂျွန်ကို မှန်ပြောင်းထဲမှ ကြည့် နေသည်။ ပစ်ဂျွန်သည် ရေခန်းခြောက်နေသော မြစ်ထဲမှသဲပြင်ကိုဖြတ်ပြီး စစ်တပ်စခန်းဆီသို့ ရှေ့ရှူ သွားသည်။ သစ်တပ်အ၀င် ဂိတ်ဝရောက်သောအခါ အစောင့်ကဆီးတားသည်။ ပစ်ဂျွန်နှင့် အစောင့်တို့ အချီအချပြောနေကြသည်ကို လိုသာမှန်ပြောင်းထဲမှ မြင်နေရသည်။
နောက်ဆုံးတွင် အစောင့်တပ်သားက သူ၏ကာဘိုင်သေနတ်ကို ဘေးတွင်ချထားလိုက်ပြီး ပစ်ဂျွန်ဟပြနေ သောအိတ်ထဲသို့ ငုံ့ကြည့်လိုက်သည်။ အစောင့်မျက်နှာက ၀င်းထိန်သွားပြီး ရွက်ထည်တဲများထဲမှ သူ့ အဖော် များကိုလှမ်းခေါ်လိုက်သည်။

ရွက်ထည်တဲထဲမှ တပ်သားနှစ်ယောက်ထွက်လာသည်။ သူတို့သည် အောက်ခံဘောင်းဘီတိုကလေးများ သာ ၀တ်ထားသည်။ သူတို့နှစ်ဦးနှင့်အစောင့်တပ်သားတို့ အတော်ကြာအောင်ငြင်းခုန်ပြောဆိုနေကြသေး သည်။ နောက်ဆုံး ပစ်ဂျွန် က အရက်တစ်ပုလင်းကိုဖွင့်ကာ သူတို့အားလှမ်းပေးလိုက်သည်။
ပုလင်း ကို တစ်ယောက်တစ်လှည့် လျင်မြန်စွာ လက်ပြောင်းကာ မော့လိုက်ကြသည်။ ပုလင်းတစ်လုံးကုန် သွားသောအခါ သူတို့သုံးဦးက ပစ်ဂျွန်အား အထူးဧည့်သည်တော်တစ်ယောက်အလား သစ်တပ်ထဲသို့ ပျူပျူ ငှာငှာ ခေါ်သွားသည်။

နေ၀င်သွားပြီး ညအမှောင်ထုရောက်လာသည်။ လိုသာက ဟင်းဒရစ်အား တိုးတိုးလေး လေချွန် ခေါ်ပြီး ပြော လိုက်သည်။
"မြစ်ကို အပေါ်ဘက်ကဖြတ်ပြီး စခန်းဘေးကပတ်သွား"
ထိုအချိန်တွင် မြစ်တစ်ဘက်မှ အော်ဟစ်သံသဲ့သဲ့ကြားလိုက်ရသဖြင့် သူတို့ နှစ်ယောက်စလုံး လှမ်းကြည့်လိုက်သည်။ ရွကထည်တဲများရှေ့၌ ဖိုထားသော မီးပုံတစ်ပုံမှာ မီးတောက် အား ပိုကောင်း လာသည်။ မီးပုံပတ်ပတ်လည်၌ စစ်သားများ၏ အရိပ်များကိုလည်းတွေ့ရသည်။ သူတို့မီးပုံ ပွဲ ကျင်းပ နေကြသည်။

" သူတို့ဘာလုပ်နေကြတယ်လို့ မင်းထင်သလဲ၊ က နေကြတာလား၊ ရန်ဖြစ်ပြီး ထိုးကြိတ်နေကြတာလား"
လိုသာ က မေးလိုက်သည်။
" အခုဆို သူတို့ကိယ်သူတို့ ဘာဖြစ်နေမှန်းတောင် သိကြမှာမဟုတ်ဘူး"
ဟင်းဒရစ်က ဟက်ခနဲရယ်ပြီး ပြောလိုက်သည်။
မီးပုံကြားတွင် ဒယိမ်းဒယိုင်ဖြင့်တစ်ယောက်နှင့်တစ်ယောက် ၀င်တိုက်လိုက်ကြ၊ တစ်ဦးကိုတစ်ဦး ဆွဲလိုက် ကြ၊ လွဲလိုက်ကြ၊ ဖုန်ထဲလဲကျလိုက်ကြနှင့်ရှိနေသည်။ မြေကြီးပေါ်တွင် လေးဘက်ထောက် တွားသွားသူက တွားသွား နေကြသည်။ ကုန်းထလိုက်သောအခါ ပြန်လဲကျသွားပြန်သည်။

----------------------------------------------------------------------
" ကဲ မင်းသွားဖို့အချိန်ကျပြီ၊ မာနီကို မင်းနဲ့ခေါ်သွား၊ မြင်းတွေဖမ်းဖို့နဲ့ မြင်းထိန်းဖို့ မင်းလက်ထောက်အဖြစ် ထည့်လိုက်တာ"
လိုသာက ဟင်းဒရစ် ပခုံးကိုပုတ်ပြီး ပြောလိုက်သည်။
ဟင်းဒရစ် လှည့်ထွက်သွားသည်။ လိုသာ ထပ်ပြောလိုက်သောစကားကြားရသဖြင့် နောက်ပြန် လှည့်ကြည့် ပြီး ခေါင်းညိတ်ပြသည်။
" မာနီ ကို မင်းတာဝန်ယူရမယ်နော်၊ သူတစ်စုံတစ်ခုဖြစ်ရင်တော့ မင်းအသက် ဖက်နဲ့ထုပ်ထားပေတော့"

ဟင်းဒရစ်က ဘာမှပြန်မပြောဘဲ အမှောင်ထုထဲသို့ ၀င်ရောက်ပျောက်ကွယ်သွားသည်။ နာရီဝက်ခန့်ကြာ သော အခါ ဟင်းဒရစ်နှင့် ဖရက်တို့ မြစ်ကိုဖြတ်သွားနေသည်ကို လိုသာ မြင်ရသည်။ မီးပုံဘေးသို့ လိုသာ မှန်ပြောင်း ဖြင့် လှမ်းကြည့်လိုက်ပြန်သည်။ အရက်မူးပြီး အတုံးအရုံးလဲနေကြသည်မှာ စစ်မြေပြင်၌ တိုက်ပွဲ ကျနေသူများ သဖွယ်ဖြစ်သည်။ လဲကျနေသူများထဲမှ တစ်ယောက်မှာ ပစ်ဂျွန်နှင့် အတော်တူသည်။ ၀မ်းလျား မှောက်လျက်လဲကျနေသဖြင့် မျက်နှာကို မြင်ရသော်လည်း ကိုယ်လုံးပုံပန်းက အတော်ပင်တူနေ သည်။ လွဲမှားစရာ မရှိနိုင်။
" အင်း ... ပစ်ဂျွန် ... မင်းသာဆိုရင်တော့ သေပြီသာမှတ် "
လိုသာ က အံကြိတ်ပြီး ပြောလိုက်သည်။

လိုသာသည် ပခုံးကသေနတ်ကို ပြောင်းလွယ်ပြီး အောက်သို့ဆင်းသွားသည်။ လိုသာသည် စခန်းထဲသို့ အေးဆေးစွာ ပင် ၀င်သွားသည်။ မြင်းဇောင်းသို့သွားပြီး မြင်းများကိုလန့်အောင် လုပ်လိုက်သည်။ မြင်းများလန့်ပြီး ၀ရုန်းသုန်းကားဖြစ်နေချိန်တွင် သူ၏ မော်ဇာသေနတ်ကို အပေါ်ထောင်ပြီး ကျည်တစ်ကပ် ကုန်အောင် ဆက်တိုက်ပစ်ခတ်လိုက်သည်။
သေနတ်သံများကြောင့် မြင်းများပိုထိတ်လန့်ပြီး ထွက်ပြေးကြသည်။ ထိုမြင်းများကို ဟင်းဒရစ်နှင့် မင်းဖ၇က် တို့အဖွဲ့သားများက လိုက်လံဖမ်းဆီးထားကြလိမ့်မည်ဖြစ်သည်။
လိုသာက ရိုင်ဖယကို ကျည်ကပ်အသစ်လဲပြီး မီးသေလုနီးပါးဖြစ်နေသော မီးပုံဆီသို့ ပြေးသွားသည်။ ထိုအချိန် တွင် အရက်မူးလဲနေသော စစ်သားတစ်ယောက် မြင်းခွာသံများ၊ မြင်းဟီသံများ၊ သေနတ်သံများ ကြောင့် လန့်နိုးပြီး ဒယိမ်းဒ ယိုင်ဖြင့် သစ်တပ်ဘက်ပြေးကာ ကယောင်ကတမ်းအော်တော့သည်။

" မြင်းတွေ ပြေးပြီဟေ့ ... မူးနေတဲ့အကောင်တွေ ထကြ၊ မြင်းတွေလိုက်ဖမ်းကြ "
လိုသာ သည် လက်ထဲမှ ရိုင်ဖယ်ဒင်ကို ပခုံးတွင် ထောက်ချိန်လိုက်ပြီး ထိုသူအား ပစ်ထည့်လိုက်သည်။ သဲပြင် ပေါ်သို့ မှောက်လျက်ကျသွားသည်။
လိုသာက သူ့ကိုယ်ပေါ်မှ ကျော်ဖြတ်ပြီး အရေးတကြီးအော်လိုက်သည်။
" ပစ်ဂျွန် ... မင်းဘယ်မှာလဲပစ်ဂျွန် "
ဖြေသံ လုံးဝ ပေါ်မလာ၊ လိုသာစောစောကတွေ့ထားသော ပစ်ဂျွန်နှင့်တူသူဆီသို့ပြေးသွားသည်။ မှောက်လျက် လဲနေသူအား ခြေထောက်ဖိနပ်ဦးနှင့်ထိုးပြီး ပက်လက်လှန်လိုက်သည်။ ပစ်ဂျွန်မှ ပစ်ဂျွန် အစစ်၊ အရက်ကြောင့် ကမ္ဘာကြီးကို လုံးဝမေ့မောနေသည်။

" ထစမ်း ... "
လိုသာ က ပစ်ဂျွန်နံကြားကို ဖိနပ်ဦးနှင့် ဆောင့်ကန်လိုက်သည်။ ပစ်ဂျွန်ကတော့ လုံးဝမသိ၊ လူ့လောကကြီး ကို လုံးလုံးကြီးမေ့နေသည်။
" ကောင်းကွာ ... အေးလေ မင်းကို ငါ သတိပေးထားပြီးသားပဲ "
လိုသာသည် သေနတ်မောင်းကို ဆွဲတင်လိုက်ပြီး မောင်းထိန်းခလုတ်ကို လက်မနှင့်တွန်းဖွင့်လိုက်သည်။ ထို့ နောက် သေနတ်ပြောင်းဝ ကို ပစ်ဂျွန်၏ ခေါင်းတွင်တေ့လိုက်သည်။ အကယ်၍ သူ့ကို အရှင်အတိုင်းထားခဲ့ ပါက ရဲလက် ရောက်သွားမည်။ ရဲက ကျာပွတ်ဖြင့် လေးငါးချက်ရိုက်လိုက်ရုံနှင့် ပစ်ဂျွန်ပါးစပ် ပွင့်သွား ပေလိမ့် မည်။

လိုသာ၏ အစီအစဉ်အသေးစိတ်ကို ပစ်ဂျွန်မသိသော်လည်း၊ သူသိသမျှလောက်သည်ပင် လိုသာ၏ အခွင့် အလမ်း များကိုပျက်စီးသွားစေနိုင်သည်။ ထို့အပြင် လိုသာ အား စစ်တပ်မှ မြင်းများခိုးမှု၊ စစ်တပ်မှ ပစ္စည်း များ ဖျက်ဆီးမှုတို့ဖြင့် အလိုရှိသော လူစာရင်း၌ ပါသွားစေနိုင်သည်။
လိုသာသည် သေနတ်မောင်းခလုတ်ပေါ် တင်ထားသော လက်ညိုးကို ပြန်ရုပ်သိမ်းလိုက်သည်။ ပစ်ဂျွန်သည် မိမိ၏သစ္စာရှိ ကျွန်ယုံတစ်ယောက်ဖြစ်၍ မသတ်ရက်ပါချေ။ သို့သော် ထားခဲ့၍လည်းမဖြစ်။ ထို့နောက် သေနတ်မောင်းပြန်ချပြီး သေနတ်ကို ပခုံးတွင် လွယ်လိုက်သည်။ ပစ်ဂျွန်ကိုယ်ခန္ဓာကို လက်နှစ်ဖက်ဖြင့် မ သယ်လာပြီး လားတစ်ကောင် ၏ ပခုံးပေါ်၌ ကန့်လန့်ဖြတ်တင်လိုက်သည်။
လိုသာ လားကိုဆွဲပြီး တပ်စခန်းမှ ထွက်လာသည်။ တစ်နာရီကြာသောအခါ သူ့ရှေ့လရောင်မှောင်ရိပ်ထဲမှ ဟင်းဒရစ် ထွက်ပေါ်လာသည်။

" ဘယ်လိုလဲ ... မင်းတို့ မြင်းဘယ်နှစ်ကောင်မိသလဲ "
လိုသာက စိုးရိမ်တကြီးမေးလိုက်သည်။
" အများကြီး မိပါတယ်ဗျာ၊ စိတ်အေးအေးထားပါ "
ဟင်းဒရစ်က ရယ်ရယ်မောမောပြောလိုက်သည်။ လိုသာက ကြိုးနှင့်တွဲချီထားသော မြင်းများကို ရေတွက် လိုက်ပြီး ပြောလိုက်ပြန်သည်။
" အားလုံးပေါင်း ၂၆ ကောင်ပါလား၊ အေးလေ စိတ်ကြိုက်ထပ်ရွေးနိုင်တာပေါ့၊ ကဲ ... တို့သွားကြစို့၊ ဟိုတယ် စခန်း က တပ်သားတွေရရချင်း တို့နောက်လိုက်မှာသေချာတယ်"

ဆက်ရန်
.

No comments: