Tuesday, October 25, 2011

မောင်သော်က ၏ ညနေခင်းများ, အပိုင်း(၈)

ယမကာညနေခင်း (၈)

ပင်။    ။အလို ဘယ်လိုဖြစ်နေတာပါလိမ့်၊ ကျုပ်ဖြင့် လူကိုတောင် မမှတ်မိပါသလဲ။ မနည်းကြည့်ယူရ တယ်။ ဘာစိတ်ကူးရလို့များ ခေါင်းတုံးရိတ်လိုက်တာလဲ။

အယ်။    ။အမယ် ဒီလူ သင်္ကြန်တွင်းတုန်းက ဒုလ္လဘရဟန်းခံလိုက်သေးသလား။ ကျုပ်တို့တောင် မသိ ရပါလား။ သာဓုဗျာ၊ သာဓု...

သော်။    ။ဟိုး ဆရာ ဟိုး၊ ခင်ဗျား သာဓုကို ချန်ထားဦး၊ ဘယ်ကလာ ဒုလ္လဘရဟန်းခံရမှာလည်း စိတ် ညစ် လို့ ဆန္ဒပြတဲ့အနေနဲ့ ခေါင်းတုံးရိတ်ထားတာဗျ။

ပင်။    ။အမယ် ခင်ဗျားက ဘာများစိတ်ညစ်ရပြန်တာတုန်း။ ဘယ်တုန်းကမှ စိတ်မညစ်တတ်တဲ့လူ စိတ်ညစ် တယ်ဆိုတော့ ဆန်းသားကလား။ ဆိုစမ်းပါဦး။

သော်။    ။အရက်ကို လွယ်လင့်တကူ ဝယ်သောက်ချင်တောမရလို့၊ ကျက်သရေရှိရှိ သောက်ချင်တာ မသောက် ရလို့ စိတ်ညစ်တဲ့အထိမ်းအမှတ်ပါ။

အယ်။    ။ဒါနဲ့များ စိတ်ညစ်ခံပြီး ခေါင်းတုံးရိတ်မနေပါနဲ့ဗျာ။ ခင်ဗျားလိုသာ စိတ်ညစ်လို့ ခေါင်းတိုးရိတ် ဆန္ဒ ပြရရင် တိုင်းပြည်မှာ ခေါင်းတုံးတွေ မှိုလိုပေါက်ကုန်မှာပေါ့။

ပင်။    ။နေပါဦး၊ ခင်ဗျားဟာက စိတ်ညစ်တယ်လည်းပြောရဲ့ မျက်နှာကလည်း ပြုံးဖြဲဖြဲကြီးပါလား။ ဘာတွေများ ကြိတ်ပြီး ဝမ်းသာနေရပြန်တာတုန်း။

သော်။    ။ဝမ်းသာတာ သက်သက်တော့မဟုတ်ပါဘူး။ ဝမ်းနည်းဝမ်းသာစရာကြီးလို့ ဆိုကြပါစို့။

အယ်။    ။ငို၍ရယ်၍မရသော မျက်နှာပေါ့ဗျာ၊ ဆိုစမ်းပါဦး၊ ဘာဖြစ်လို့လဲ။

သော်။    ။အိမ်မှာ တယ်လီဖုန်းရလို့။

ပင်။    ။ဟာ တကယ်၊ တယ်ဟုတ်ပါလား။ ဘယ်လောက်များပေးလိုက်ရသလဲ။

သော်။    ။တစ်ပြားတစ်ချပ်မှာ မပေးရပါဘူးဗျာ။ နိုင်ငံတော်ကို ပေးသွင်းရတဲ့ ငွေ ၁၂၀၀ိ ပဲ ကုန်ကျပါ တယ်။ ခင်ဗျား တို့ တယ်ခက်တဲ့ လူတွေပါလား။ ငွေပေးရင် တယ်လီဖုန်းရတယ်ဆိုတဲ့ ကော လာဟလတွေ ဘယ်ကများ ကြားကြသလဲ။ မဟုတ်လည်း မဟုတ်ဘဲနဲ့၊ သားပုပ်လေလွှင့် လျှောက်မပြောကြပါနဲ့ဗျာ။

အယ်။    ။ကဲ ထားပါတော့။ မပေးရလည်း ဝမ်းသာပါတယ်။ အဲဒီလို မပေးရဘဲနဲ့ တယ်လီဖုန်းရတာ များ ခင်ဗျားက ဘာကြောင့် လွတ်လွတ်ကင်းကင်း ဝမ်းမသာနိုင်တာတုန်း မျက်နှာကြီးက လည်း ရှုံ့လို့။

သော်။    ။အခြေအနေအရပေါ့ဗျာ။ လောကမှာ ဝမ်းသာမှုဆိုတာ အများနဲ့မျှတခံစားရမှ တကယ်ဝမ်း သာစရာကောင်းတာ၊ ဆင်းရဲမှုကို တစ်ယောက်တည်း ကြိတ်မှိတ်ခံလို့ရတယ်။ ပမာပြောရ ရင်ဗျာ။ ခင်ဗျားအိမ်က နေ့စဉ် ဒံပေါက်ထင်းချက်စားနိုင်တယ် ဆိုပါစို့။ နံဘေးအိမ်တွေက လည်း အနည်းဆုံးတော့ ထောပတ်ထမင်းလေး အုန်းထမင်းလေးတော့ ချက်စားနိုင်မှ ခင် ဗျား ဒံပေါက်ကို မျိုကျမှာပေါ့။ ခင်ဗျား ကတော့ ဒံပေါက်ထမင်းချက်၊ အိမ်နီးပတ်ဝန်းကျင်က ထမင်းရည်လျက်နေရရင် ခင်ဗျားဒံပေါက်ဟာ အရသာ ရှိပါ့မလား။ လူစိတ်ရှိရင်တော့ ခင် ဗျား ဘယ်နည်းနဲ့မှ မျိုမကျနိုင်ပါဘူး။ အဲ... လူစိတ် ရှိပြန်ရင်လည်း ခင်ဗျား ခံရပြီသာမှတ်ပေ တော့။

ပင်။    ။အင်း အကျယ် ကို လင်းစမ်းပါဦး ဆရာကြီးရယ်။

သော်။    ။ဒီမှာ ခင်ဗျားတို့ ကျွန်တော်တို့ နေကြရတာက လူလတ်တန်းစားဝန်းကျင်မှာလို့ ဆိုကြပါစို့ အိမ်တိုင်း မှာ တယ်လီဖုန်းမရှိနိုင်ဘူး။ ဟိုဘက်ခန်း ဒီဘက်ခန်း အပေါ်ထပ် အောက်ထပ်က ခင်ဗျားအိမ်မှာ တယ်လီဖုန်း ရှိမှန်းသိတာနဲ့ ကိစ္စရှိလို့ပါလို့ လာလိမ့်မယ်။ နေ့ညအချိန်မရွေး လာလိမ့မယ်။ လူမှုရေးအရ ခင်ဗျား ငြင်းဆန်ရင် ကောင်းမလား၊ ကြီးကျယ်တယ်အပြောခံရ မယ်။

ပင်။    ။ဒါတော့ ဘယ်ကောင်းမလဲဗျာ။ မကောင်းတဲ့အတူ တစ်ခါဆက် တစ်ကျပ် နှစ်ကျပ်ယူပေါ့ဗျာ အဝေး မဆက်ရလို့လည်း ပြောထားဦး။

သော်။    ။ခင်ဗျားဟာလေ ပင်စင်ယူကတည်းက ထစ်ခနဲဆို ရသမျှအခွင့်အရေးလေးနဲ့ စီးပွားရှာဖို့ ချည်း စိတ်ကူးနေတော့တာပဲ။ မော်တော်ကား အသစ်လျှောက်ရောင်းစား။ အဟောင်းဝယ် တက္ကစီဆွဲ ဓာတ်ဆီ ထုတ်ရောင်းစား၊ ဒီအကြံမျိုးလောက်ပဲ ခင်ဗျားတို့ ပင်စင်နာတွေမှာ ရှိ တော့သလား။ ရရင် ဘနဖူး သိုက်တူးဖို့ ချည်း ကြံစည်နေကြတော့တာပဲ။ ကျုပ် အဲဒီအလုပ် မျိုး ဘယ်တော့မှ မလုပ်ဘူး။ တယ်လီဖုန်းဆက်ခယူပြီး စီးပွားရှာစားရတယ်လို့ဗျာ။

အယ်။    ။ခင်ဗျား အဲဒီလိုတော့ အရမ်းမပြောနဲ့ဗျာ။ ဒီလူတွေရှိနေလို့ မြို့ထဲမှာ အရေးအကြောင်းရှိ တယ်လီဖုန်း သုံးရတာ လွယ်နေသေးတာ၊ သူတို့သာမရှိရင် ဒုက္ခပဲဗျ။ ဘယ်သွားဆက်ရမှာ တုန်း။

သော်။    ။ခင်ဗျားပြောတာလည်း ဟုတ်သလောက် ဟုတ်ပါတယ်။ နောက်တော့ ကျုပ် သီးသန့်ဆွေး နွေးပါ့မယ်။ ခုပြောတာက လူမှုရေးအရ မငြင်းပယ်နိုင်တာကို ပထမပြောတာပါ။ နောက်တစ် ခါ သူတို့က တစ်ဆင့် ခင်ဗျားနံပါတ်ကို ပေးထားကြပြန်ရော၊ လာပါလိမ့်မယ်။ ဟိုဘက်ခန်းက ဟဘယ်သူ့ကိုခေါ်ပေးပါ။ အပေါ်ထပ် က ဘယ်ဝှာကို ပြောပေးပါဆိုတဲ့ အားမနာ ရှာမကျိုး နိုင်တာမျိုးတွေ၊ ကိုယ့်တယ်လီဖုန်းနဲ့ကိုယ် အနှိပ်စက်ခံ အညှင်းပန်းခံဖြစ်ရတာမျိုးတွေ။

အယ်။    ။ဟုတ်ပါ့ဗျာ။ ကျုပ်လည်း ဒီအဖြစ်မျိုး ခံနေရတာပါပဲ။

သော်။    ။နောက်ပြီး ကိုယ့်အိမ်သားထဲကပဲ ထားပါတော့။ လူတွေက တယ်လီဖုန်းယဉ်ကျေးမှု (Telephoen Etiquette)မရှိဘူးဗျ။ တယ်လီဖုန်းဆိုတာ အရေးကြီးမှအရေးကြီးသလို အသုံး ချရတာ လိုရင်း တိုရှင်းသာပဲပြော၊ ပြောပြီးပြန်ချလိုက် ခုတော့ ဟုတ်ပေါင်ဘူးဗျာ။ တစ်ခါ ပြောရင် ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်၊ နာရီဝက်လောက် လေကြောရှည်ပြီး ဆွဲပြောနေတယ်။ ဘာမှအရေးမကြီးတာတွေနဲ့ စကားကြောရှည်နေတတ်ကြတယ်။ သိပ်နားကြားပြင်းကတ်ဖို့ ကောင်းတာပဲ။ အဲဒီအချိန်မှာ ကိုယ့်အိမ်ကို အခြားလူက အရေးတကြီး ဆက်ချင်နေရင် တော့ သေပေတော့။ စောင့်ပေဦးတော့၊ အင်ဂေ့ခ်ျ- အင်ဂေ့ခ်ျ- အင်ဂေ့ခ်ျ ကြီးပဲဗျာ။

ပင်။    ။ဟုတ်တယ်။ မိန်းမတွေကို လေရှည်ကြတယ်။ ကျုပ်အိမ်က မိန်းမလည်း ဖြစ်ကြောင်းရယ်တဲ့ ကုန်စဉ်ကို နတ်သံနှောလို့ ဖုန်းပေါ်ကပြောတာ။ ကျုပ်တောင် တစ်ရေးအိပ်လို့ရတယ်။

သော်။    ။ဒါကြောင့် တယ်လီဖုန်းဆိုသည်မှာ သိပ်သောက်မြင်ကတ်လောက်သည့် အဆင်ပြေမှုနှင့် သိပ် အဆင်ပြသော သောက်မြင်ကတ်စရာပစ္စည်းတစ်ခုသာ (A Telephone is most convenient nuisance and most nuisance convenience) လို့ ဆိုတာပေါ့။

အယ်။    ။အဲဒီတာ့ အဲဒီလို ကိုယ့်အိမ်ပေါ် ကိုယ်ပင့်ခေါ်လာတဲ့ပြဿနာကို ဘယ်လိုများဖြေရှင်းကြရင် ကောင်း မလဲ။

သော်။    ။အလွယ်ဆုံးနဲ့ အခက်ဆုံးကတော့ အများပြည်သူသုံး တယ်လီဖုန်းသေတ္တာ( Public Telephone Booth) ပဲ၊ အဲဒါတွေကို စနစ်တကျနဲ့ နှံ့နှံ့စပ်စပ်ထားနိုင်ရန် ဆက်သွယ်ရေး ပြဿာပြေလည်ပြီဆိုရမှာပေါ့။ ဒါပေမဲ့ အဲဒါဟာ အခက်ခဲဆုံးပြဿနာပဲ။

ပင်။    ။ဘာဖြစ်လို့လဲဗျာ။

သော်။    ။အများပြည်သူတွေဟာ ပြည်သူများအတွက် ထားပေးတဲ့ ပြည်သူပိုင်ပစ္စည်းတွေကို ရိုသေရ ကောင်းမှန်း မသိသေးဘူး။ ပြည်သူ့ကျင့်ဝတ်၊ ပြည်သူ့နီတိကို လိုက်နာရကောင်းမှန်း မသိ သေးဘူး။ တစ်နည်း အားဖြင့်ဆိုလျှင် တိုင်းကြီးပြည်ကြီးကား အဆင့်အတန်းမရှိသေးဘူး။ ယဉ်ကျေးတဲ့လူမျိုး မပီသ သေးဘူး။ ဒါကြောင့် အများပြည်သူအကျိုးအတွက် နိုင်ငံတော် အစိုးရက လုပ်ဆောင်ပေးသမျှဟာ အိတ်ပေါက်နဲ့ ဖားကောက်သလို ဖြစ်ရတယ်။

အယ်။    ။ခင်ဗျားဟာက တွယ်လှချည်လား။ ဖိလှနှိပ်လှချည်လား။

သော်။    ။ဖိမှ နှိပ်မှ ချိုးမှ ဖဲ့မှနာတတ်မယ်။ ဒီလူတွေအတွက်ကတော့ ဒီစကားမျိုးနဲ့ပဲ တန်တယ်။ အိမ်သာတောင်မှ မစင်မကပ်အောင် မယိုတတ်တဲ့လူမျိုး၊ ဖင်ထိုင်အိမ်သာတောင်မှ ဖင်ချ မထိုင်တတ်ဘဲ ဆောင့်ကြောင့် ထိုင်ရမှ သွားတတ်တဲ့လူမျိုး။ တွေ့ကရာကို တုတ်ခနောင်ချိုး ပြီး အီးအီးကုန်း တတ်တဲ့ လူမျိုးကို ဘာအထင်ကြီးစရာရှိသလဲ။

ပင်။    ။နေပါဦး၊ ခင်ဗျားဟာက တယ်လီဖုန်းကနေ ဘယ့်နှယ့်လုပ် အိမ်သာကိစ္စရောက်သွားတာလဲ၊ အိမ်သာ ကို မောင်သစ် စပယ်ရှယ်လစ်လုပ်ပြီး ရေးနေပါတယ်။ အိမ်သာဒေဝလုပ်နေတာ မောင်သစ်ပေါ့။ သူရေးဖို့ ထားပါဦး။

သော်။    ။အဲဒီအိမ်သာကအစ ပြောမှ အရင်းအမြစ်ကနေ လှန်ပြောတာဗျ။ အိမ်သာကအစ ပန်းခြံတို့၊ အများပြည်သူ သုံးတယ်လီဖုန်းရုံတို့၊ အိုဗျာ အလှအပမှန်သမျှ၊ သောဘဏအလှမှန်သမျှ၊ ပြည်သူ့အကျိုးပြု ပစ္စည်း မှန်သမျှ ဘာကိုမှ တန်ဖိုးမထားတတ်တဲ့လူတွေပါ။

ပင်။    ။ဘာတွေများ ဖျက်ဆီးနေကြတာကို ခင်ဗျားက နာကျည်းနေရတာလဲ။

သော်။    ။ခုနကပြောတဲ့ အများသုံးတယ်လီဖုန်းတွေပေါ့ဗျာ။ တစ်ချိန်သောအခါက ခင်ဗျားမှတ်မိပါ လိမ့်မယ်။ လမ်းထောင့်တွေမှာ၊ ရုပ်ရှင်ရုံတွေမှာ၊ ဈေးတွေမှာ၊ ပန်းခြံထဲမှာ၊ ဆေးရုံတွေမှာ အများသုံး တယ်လီဖုန်း အနီလေးတွေလေ။ ပိုက်ဆံတစ်မတ် အကြွေထည့်ရင် ပြောလို့ရတာ လေးတွေ နိုင်ငံတော် အစိုးရက ထားပေးဖူးတယ်။ မှတ်မိသေးသလား။

အယ်။    ။ဟုတ်ပြီ၊ မှတ်မိတယ်။ အခုတော့ မတွေ့သလောက် ပျောက်နေပါပြီ။

သော်။    ။ဘယ်မှာတွေ့တော့မလဲဗျာ။ လူတွေက တစ်ခြားလူတွေကို အခွင့်အရေးမပေးဘဲ ရုံထဲက မထွက်တမ်း စကားပြောတယ်။ ပိုက်ဆံအကြွေတစ်မတ်ထည့်ရမယ့်အစား မဟုတ်တာတွေ ထည့်တယ်။ တုတ်နဲ့ ထိုးတယ်။ ပိုက်ဆံအကြွေ နှိုက်ယူတယ်။ လုံလုံခြုံခြုံဆိုရင် အတွင်းမှာ အီးအီးပါတယ်။ ရှူရှူပေါက်တယ်။ စကားပြောကိရိယာကိုဖြတ်ပြီး ခိုးယူသွားတယ်။ ဒီလို အကျင့်တန်တဲ့ လူတစ်ချို့ကို နိုင်ငံတော် က ဘယ်လောက်ကြာရှည် သည်းခံနိုင်ပါ့မလဲ။ အဆုံးမှာတော့ဗျာ။ အများပြည်သူဟာ ပြည်သူ့ နီတိကို မသိနားမည်တာမှာ ဘာစီမံကိန်းမှ မအောင်မြင်တာရဲ့အခြေခံပဲ။
ပင်။    ။နေပါဦး။ ခင်ဗျား အခုမှ တယ်လီဖုန်းရသလား။ အရင်က တယ်လီဖုန်းမရှိခဲ့ဘူးလား။ အောက် လှချည်လား။

သော်။    ။ရှိခဲ့ပါဗျာ။ မလိုချင်တာနဲ့ လွင့်ပစ်ခဲ့တာ။ ခုနက ပြောသလို တယ်လီဖုန်းကို အသုံးပြုမှားခြင်း အလွှဲသုံးစားပြုခြင်းကြောင့် ဖြတ်ပစ်လိုက်တာဆိုပါတော့။ အိမ်ကသမီးတွေ အပျိုဖြစ်လာပြီး ကတည်းက ဖြုတ် ပစ်ခဲ့တာ။ ဘယ့်နှယ်ဗျာ တယ်လီဖုန်းကို ကိုယ်အသုံးပြုရတယ်မရှိဘူ။ ရည်းစားစကားပြောတာနဲ့၊ ကျောင်းက သူငယ်ချင်းကို စာမေးတာနဲ့၊ စာကူးတာနဲ့၊ ရုပ်ရှင် ဇာတ်လမ်းကို အစအဆုံးပြောတာနဲ့ ဒါနဲ့ သောက်မြင် ကတ်ပြီး ဖြုတ်ပစ်လိုက်တာ။

အယ်။    ။အခုတော့ကောဗျာ။

သော်။    ။ခုတော့ လင်ရလို့ ကျုပ်မှာမြေးတောင်ရနေပြီ။ လင်ကတော့ တယ်လီဖုန်းမရှိလည်း ရမှာပါပဲ။ အဲ... သူတို့ လင်ရသွားလို့ အိမ်ထောင်ကျသွားတော့မှ တယ်လီဖုန်း ပြန်လိုချင်တော့ မလွယ်ဘူးဗျ။ ကိုယ် ကလည်း အသက်ကြီးလာပြီလေ၊ အရင်ကလို ပေါ့ပေါ့ပါးပါး သွားနိုင် တော့တာမှ မဟုတ်ဘဲ။ အဲဒီတော့ တယ်လီဖုန်းနဲ့ ပြီးတန်တဲ့ကိစ္စ လူကိုယ်တိုင်မသွားရ အောင် တပ်ဆင်ရတာပေါ့။

ပင်။    ။ဝမ်းသာပါတယ်ဗျာ၊ ဒါထက် နံပါတ်က ဘယ်လောက်လဲ။

သော်။    ။ဘာလို့ပြောရမှာလဲဗျ။

ပင်။    ။အလို ဘာဖြစ်လို့များလဲ ခင်ဗျာ။

သော်။    ။ကျုပ် တယ်လီဖုန်းက ကျုပ်ပြောချင်ရင်သာ ပြောလို့ရအောင်ထားတာ။ ခင်ဗျားတို့ အားအား ရှိ လှမ်းဆက်တိုင်း အလုပ်ပျက်ခံ၊ အိပ်ရေးပျက်ခံ ပြောဖို့ တပ်ထားတာမဟုတ်ဘူး။
အယ်။    ။အလိုလေးဗျာ။ ဒါဖြင့် တယ်လီဖုန်းလမ်းညွှန် (Directory)ထဲမှာ ဘယ်လိုဖော်ပြမလဲ။

သော်။    ။ဒါရိုက်ထရီမှာလည်း ပါမှာမဟုတ်ဘူး။ ဒါက စာရင်းမတင်တဲ့ တယ်လီဖုန်းပဲ။ အရေးကြီး ပုဂ္ဂိုလ်မှန်သမျှ ဒီလိုချည်းပဲဟာ၊ ကျုပ်လည်း ကျုပ်ဟာ ကျုပ်တော့ ဗွီအိုင်ပီနေတာပဲဟာ။ မတော် မဂ္ဂဇင်းအယ်ဒီတာများက စာမူကို တယ်လီဖုန်းနဲ့တောင်းခံတာတို့၊ ဆောင်းပါးမ ကောင်းလို့ စာဖတ်သူက လှမ်းဆက် ဆဲတာ တို့ကို ကာကွယ်ဖို့ လျှိုဝှက်ထားရလိမ့်မယ်။

ပင်။    ။ခင်ဗျားလိုသာ တယ်လီဖုန်းကို စနစ်တကျအသုံးပြုရင် လိုင်းတွေ အတော်ရှင်းသွားလိမ့်မယ် ထင်တယ်။ ကျုပ်အိမ်တော့ တဂွမ်ဂွမ်လာနေတာပဲ၊ သူ့ကိုဖြေဖို့ လူတစ်ယောက်သက်သက် ထားရ မလိုဖြစ်နေတယ်။

သော်။    ။တစ်ခုတော့ရှိတယ်ဗျ။ မြန်မာပြည်ရဲ့ထူးခြားချက်လို့ ဆိုရမှာပေါ့။ မြန်မာပြည်တွင် အရေး ကြီးသည့်အခါ ခေါ်လျက်မရ၊ လိုင်းများပျက်နေသည့်ပစ္စည်းကို တယ်လီဖုန်းဟု ခေါ်သည်လို့ ဆိုရမှာလား မသိပါဘူးဗျာ။ ဟိုတစ်လောဆီက အရေးကြီးတဲ့ကိစ္စ လေးငါးရက်ပေါ်မှ တယ် လီဖုန်းတွေက ဘယ်မှ ခေါ်လို့ မရတော့ဘူးဗျာ။ မိုးမရွာခင်မှာ ထီးပေးထားပြီး မိုးရွာမှ ထီး မဆောင်းစေလိုလို့ ထီး ပြန်တောင်း တာတော့ မကောင်းပါဘူးဗျာ။

ပန်၊ ဇွန်၊ ၁၉၈၈
.

3 comments:

Unknown said...

အဲ..ဖိထားနှိပ်ထားလိုက်တာများ... တော်တော်လေး အားရစရာကောင်းပ အမရ.. :D

ခင်လျက်
ငယ်လေး

စော(အဝါရောင်မြေ) said...

အင်း ကောင်းပါ့။

Thu said...

ကျုပ်လူမျိုးအတွက် ငိုရတယ် - လွှမ်းမိုး

မပြောမဖြစ်လွန်းလို့ပြောရတာပါခင်ဗျာ
လွန်တာကျွံတာ ရှိက ဆုံးမပါ
အလွန်ယဉ်ကျေးတယ်၊ ကျော်ကြားတယ်၊ အမျိုးအတွက်ရယ်
ခိုးပြီး ခိုးပြီး ကျုပ်မှာ ငိုရတယ်

ဟီးနိုး၊ ရေးနိုး၊ မီးရထား ဆိုဖါတွေကို
ဓားနဲ့ခွဲတဲ့ အကျင့်က ဘယ်လိုလဲ
ဒီ အကျင့်ဆိုးတွေ၊ အညစ်အကြေးတွေ၊ စိတ်ဓာတ်တွေ
အမျိုးသားစိတ်နဲ့ ကြိတ်ခါ ငိုရတယ်

တိုးတက်လွန်းတဲ့ ရှေ့လူကို ခြေထိုး၊ ဘေးကတက်တဲ့ ကိုယ့်မိတ်ဆွေကိုတောင်
တံတောင်အတွက်ကလေးနဲ့ ပုခုံးတိုက်ကာ တွန်းထုတ်တယ်
အဲ့ဒီအကျင့်က သိပ်ရွံစရာကောင်းတယ်

အမျိုးအတွက် ကျုပ်မှာ ငိုယိုဝမ်းနည်း ပက်လက် မျက်နှာ ငယ် ငယ် ငယ်၊ ငယ် ငယ် ငယ်
အမျိုးအတွက် ကျုပ်ငိုတယ်

မီးဘေးဒုက္ခကျရောက်လာပြီလေ
ဟေ့ ပြေး ပြေး မီးဘေး ကယ်ဆယ်ရေး
ဒီအခါမျိုးတောင် ခိုးဖို့ရယ်၊ လုဖို့ရယ်
ကျုပ်တို့မြို့က တောကြောင် သိပ်ပေါတယ်

ရှေးရှေးတုန်းက ကျုပ်တို့ ဗမာပြည်ဟာ
တစ်ဦးနဲ့တစ်ယောက်နဲ့ သိပ်ချစ်ခင်တာကလား
အကူအညီပေးတာ၊ အလိုက်သိတာ၊ ယဉ်ကျေးတာ
တမ်းတမှန်းဆ လွမ်းတာကျသေးသဗျာ

ကြားဖူးတုန်းက ကျုပ်တော့ မယုံချင်ပါ
သဘောင်္ပျက်တဲ့ကျေးလက်တစ်နေရာ
လူတွေ ရေထဲမှာ၊ မိုးထဲမှာ ကူးခတ်ကာ
အသက်လုပွဲထဲ ဓားပြ၀င်တိုက်သေးသဗျာ
အမျိုးအတွက် ကျုပ်မှာငိုယိုဝမ်းနည်းပက်လက် မျက်နှာငယ် ငယ် ငယ်၊ ငယ် ငယ် ငယ်
အမျိုးအတွက် ကျုပ် ငိုတယ်

မပြောမဖြစ်လွန်းလို့ပြောရတာပါခင်ဗျာ
လွန်တာကျွံတာ ရှိက ဆုံးမပါ
အလွန်ယဉ်ကျေးတယ်၊ ကျော်ကြားတယ်၊ အမျိုးအတွက်ရယ်
ခိုးပြီး ခိုးပြီး ကျုပ်မှာ ငိုရတယ်


http://www.youtube.com/watch?v=IhiaKBIYWtY&feature=share