Tuesday, October 25, 2011

ဝင်းဖေဝင်း ဘာသာပြန် စိန်မင်းသမီး အဆက် အပြိုင်အဆိုင်အနိုင်, အပိုင်း (၁၂)

" စတိုဖဲဘိုသာဘယ်မှာလဲ၊ သူဘာဖြစ်လို့ အလုပ်မလာတာလဲ "
စက်ရုံမှ နေ့လယ် ထမင်းစား ဥသြဆွဲချိန်တွင် ရှာဆာက သတ္တုကြိတ်ခွဲစက်မှ ကြီးကြပ်ရေးမှူး အားမေးလိုက် သည်။
" ဘယ်သူမှ သူဘယ်မှာဆိုတာ မသိကြပါဘူး၊ သူအလုပ်မဆင်း ဘူးဆိုတဲ့ အကြောင်းကြား စာလေး တစ်ရွက်ပဲ ရုံးချုပ်က ကျွန်တော့်ဆီပို့လိုက်ပါတယ်၊ ဘာ့ကြောင့် အလုပ်မဆင်းဘူး ဆိုတာတော့ မပါဘူး၊ သူ့ကိုအလုပ်ဖြုတ်လိုက်တာဖြစ်ကောင်းဖြစ်နိုင်တယ်၊ ကျွန်တော်လဲမသိဘူး" ကြီးကြပ်ရေးမှူး က သူ သိသမျှ ထင်မြင်သမျှကိုဖြေသည်။

မွန်းလွဲပိုင်း အလုပ်ချိန်တွင် ရှာဆာသည် အလုပ်ထဲ၌ စိတ်ကိုမြှုပ်ပြီး ထိုအကြောင်း မစဉ်းစားဖြစ်အောင် နေရသည်။ ညနေအလုပ်ဆင်းချိန်တွင် ရှာဆာသည်မြင်းစီးပြီးအနာလီဆာတို့ မိသားစုနေသော အိမ်ကလေး များဆီသို့ ထွက်လာသည်။ တကယ်တော့ သူ့မိခင်အမိန့်ကို အံတုပြီး လာခဲ့ရခြင်းဖြစ်သည်။ မိမိကြောင့် သူတို့မိသားစု မည်မျှထိခိုက်နစ်နာ ဒုက္ခရောက်ကြရသည်ကို သိလို၍ လာခြင်းဖြစ်သည်။
သူစက်ရုံ ဂိတ်ဝသို့ ရောက်သောအခါ မိုးဇက်ပေါ်လာပြီး မြင်းအနားကပ်လာကာ နှုတ်ဆက်သည်။

" ကျွန်တော် ခင်ဗျားကို မြင်ပါတယ် ရေကောင်း ရေသန့် "
" ဟေ့ မိုးဇက်၊ ငါ မင်းဆီအခုလာ လည်တော့မလို့ကွ "
" ကျွန်တော် ခငှ်ားစာအုပ်ယူလာခဲ့ပါတယ် "
အိုဘန်ဘိုလူမည်းကလေး မိုးဇက်က " အင်္ဂလန်သမိုင်း" စာအုပ်ထူကြီးကို လှမ်းပေးရင်း ပြောလိုက်သည်။

" မင်း ဒီစာအုပ်ကို ဒီလောက်မြန်မြန်နဲ့ ဘယ်ဖတ်လို့ ပြီးနိုင်မှာလဲကွ၊  ငါဖတ်တာတောင် လချီကြာတာ"
" ကျွန်တော် ဘယ်တော့မှ ဖတ်နိုင်တော့မှာမဟုတ်ပါဘူး ရေကောင်းရေသန့်၊ ကျွန်တော် ဒီဟာနီ သတ္တုတွင်း ကနေ ထွက်ခွာသွားရတော့မယ်၊ နက်ဖြန် မနက်ကျရင် ထရပ်ကားတွေနဲ့ ၀င်းဟုပ်မြို့ကို ကျွန်တော်တို့ သွားကြရတော့မယ် "

" ဘာဖြစ်လို့ မင်းက သွားချင်ရတာလဲမိုးဇက် "
" သွားချင်တယ် မသွားချင်ဘူးဆိုတာက ကျွန်တော်ရဲ့ဆန္ဒ မဟုတ်ပါဘူး၊ နက်ဖြန်မနက်ကျရင် လူတော် တော်များများ ထရပ်ကားတွေနဲ့ ဒီကနေသွားကြရလိမ့်မယ်၊ သွားရမယ့်လူတွေကိုတော့ ဒေါက်တာဂျုန်း ကရွေးတာပဲ၊  ဘာ့ကြောင့် အလုပ်က ထွက်ရမယ်ဆိုတဲ့ အကြောင်းပြချက်တွေကိုတော့ ခင်ဗျားအမေက ရှင်း ပြတယ်၊ ကျွန်တော် လို လူတစ်ယောက်အဖို့တော့ ပြန်လှန်မေးမြန်းနိုင်တဲ့ အဆင့်မရှိပါ ဘူး၊ ကျွန်တော် တို့ကို လုပ်ခတစ်လစာပေးလိုက်တယ်လေ၊ ဒီမှာခင်ဗျားစာအုပ် "
သူက စာအုပ်ကို လှမ်းပေးရင်း ရှင်းပြသည်။ သူ့မျက်နှာက ပြုံးနေသော်လည်း ခါးသီးသောအပြုံးမျိုး။

" မင်းပဲ ယူထားပါ၊ ငါ့ရဲ့လက်ဆောင်ပေါ့ "
ရှာဆာက သူ့လက်ကိုတွန်းဖယ်ရင်း ပြောလိုက်သည်။
" ကောင်းပါပြီဗျာ၊ ကျွန်တော် ယူထားပါမနယ်၊ ခင်ဗျားကို  အမှတ်တရပေါ့၊ ခင်ဗျားဘ၀ငြိမ်းချမ်းပါစေဗျာ "
သူက တစ်ဘက်သို့ လှည့်ထွက်သွားသည်။ ရှာဆာက "မိုးဇက်" ဟု လှမ်းခေါ်လိုက်သဖြင့်  ပြန်လှည့်လာ သည်။ သို့သော် ရှာဆာတွင် ပြောစရာစကား ရှာမရပါချေ။ ထို့ကြောင့် လက်ကမ်းပေးလိုက်သည်။ မိုးဇက် က နောက်သို့ဇတ်ခနဲ တစ်လှမ်းဆုတ်လိုက်မိသည်။

လူဖြူနှင့် လူမည်းတို့ လက်ဆွဲနှုတ်ဆက်ရိုးမရှိ။
" မင်းဘ၀လဲ ငြိမ်းချမ်းပါစေ "ရှာဆာက ဆုတောင်းလိုက်သည်။
မိုးဇက်က ဘေးပတ်ဝန်းကျင်ကို လှမ်းကြည့်ပြီးမှ ရှာဆာ့လက်ကိုလှမ်းပြီး ဆုပ်ကိုင်လိုက်သည်။ မိုးဇက် အသားက အေးစက်နေရာ လူမည်းအားလုံး ဒီလိုပဲလားဟု ရှာဆာ တွေးမိသည်။
" ကျွန်တော်တို့ မိတ်ဆွေတွေပဲဗျ၊ မဟုတ်ဘူးလား "
ရှာဆာက ပြောလိုက်သည်။

" ကျွန်တော်တော့ မသိဘူး "
မိုးဇက်က ပြန်ဖြေသည်။
" ခင်ဗျား ဘာဆိုလိုတာလဲ "
" ကျွန်တော်တို့နှစ်ယောက် တကယ့်မိတ်ဆွေ ဖြစ်နိုင်ပါ့မလားဆိုတာကို ကျွန်တော်မသိတာပါ "
မိုးဇက် က ရှာဆာလက်ကို ညင်သာစွာဖြေလျှော့လိုက်ပြီး တစ်ဘက်သို့ လှည့်ထွက်သွားသည်။ သူ နောက်သို့ တစ်ချက်ပင် လှည့်မကြည့်တော့ပါချေ။

*********
ထရပ်ကားယာဉ်တန်းသည် လွင်ပြင်ကို ဖြတ်မောင်းနေသည်။ တစ်စီး၏ဖုန်များကို တစ်စီးမမိရန် ခပ်လှမ်းလှမ်းခွာပြီး မောင်းလာနေသည်။ ရှေ့ဆုံးမှထရပ်ကားကို ဂါဟတ်ဖိုရီက မောင်းနေသည်။ အိုက် သဖြင့် အင်္ကျီရင်ဘတ် ကြယ်သီးများကို ဖွင့်ထားသည်။ နောက်ကြည့်မှန်ထဲမှနေ၍ ကားနောက်ပိုင်းသို့ မကြာ ခဏ လှမ်းကြည့်နေသည်။

ထရပ်ကားနောက်ပိုင်း ကုန်တင်အခန်းတွင် သတ္တုတွင်းမှ အလုပ်ထုတ်ခံရသော လူဖြူနှင့် လူမည်း အလုပ် သမားမိသားစုများ၏ ၀န်ချီစလည်များ၊ ပရိဘောဂများ တင်ထားသည်။ ထိုပစ္စည်းများပေါ်တွင် ကံဆိုး ရှာသူ အလုပ်သမားစုများပါလာသည်။ အမျိုးသမီးများက ဆံပင်ထဲဖုန် မ၀င်စေရန် ပ၀ါများ ခေါင်း၌ စည်းထား သည်။ မညီညာသောလမ်းတွင် ကားက ဘယ်လူးညာယိမ်းဖြင့် ခုန်ပေါက်နေသဖြင့် သားသည် မိခင် များ က ကလေးများကို မြဲမြဲ ပိုက်ထားကြရသည်။ ကလေးကြီးများကမူ ၀န်ချီစလည် များကြားတွင် နေရာယူကာ လိုက်ပါလာကြသည်။

ဖိုရီသည် သူ့ရှေ့မှန်ကို လက်ဖြင့်ကိုင်ပြီး နေရာပြင်ကာ နောက်ခန်းမှ ကောင်မကလေးအား ကောင်းကောင်း မြင်အောင်လုပ်လိုက်သည်။ ကောင်မလေးသည် အိပ်ရာလိပ်တစ်ခုပေါ်တွင် ထိုင်ပြီး သေတ္တာ တစ်လုံးကို မှီ ထားသည်။ စောင်တစ်ထည်ကို ခေါက်ပြီး ခေါင်းအောက်၌ခုကာ ငိုက်မျဉ်းမှေးစက် လာသည်။ ကားလှုပ် သည်နှင့်အမျှ သူ့ခေါင်းကလိုက်လှုပ်နေသည်။ ကောင်မလေး၏ ကပိုကရိုနှင့် လက်လွတ် စပယ် ငိုက်မျဉ်း နေပုံကို ကြည့်ပြီး ဖိုရီသက်ပြင်းအခါခါချနေမိသည်။ သူနှင့် ကောင်မကလေး တို့၏ အတွေ့အကြုံဟောင်းကို ပြန်ပြောင်း သတိရကာ အတွေ့အကြုံသစ်ထပ်တွေ့နေချင်သည်။
မည်သည့် စွန့်စားမှု ပေးဆပ်မှုပင်လုပ်ရပါစေ၊ သူ့ဘက်ကတော့ ပေးဆပ်စွန့်လွှတ်ရန် အသင့်ရှိနေသည်။

ရှေ့ခပ်လှမ်းလှမ်း၌ သစ်ပင်အုပ်တစ်အုပ်ကို ဖိုရီလှမ်းမြင်ရသည်။ ဤလမ်းကို စတင်ဖောက်စကပင်စပြီး ဖိုရီ အခေါက်ခေါက်အခါခါ သွားခဲ့ပြီးဖြစ်၍ လမ်းအကြောင်း နောကျေနေသည်။ ဖိုရီ နာရီကို ကြည့်လိုက်သည်။ ရောက်ရမည့် အချိန်ထက် မိနစ် ၂၀ ခန့်နောက်ကျနေသည်။
ဖိုရီသည် ကားကိုလမ်းဘေးသို့ချလိုက်ပြီး ရပ်လိုက်သည်။ ကားပေါ်မှခုန်ဆင်းပြီးနောက် ကားနောက်ခန်း ထဲမှ လူများအား အော်ပြောလိုက်သည်။
" အားလုံးခဏဆင်းနိုင်တယ်၊ ပေါက်တော ... ပေါက်တော အမျိုးသမီးတွေက လမ်းဘယ်ဘက်ကို သွားကြ၊ အမျိုးသားတွေက လမ်းညာဘက်ကိုသွားကြ၊ ဆယ်မိနစ်အတွင်းကားကို ပြန်မရောက်တဲ့လူ ကျန်နေရစ်ပြီ သာမှတ် "

ဖိုရီသည် ဆီးမြန်မြန်သွားပြီး ကားသို့ ပထမဆုံးပြန်ရောက်လာသည်။ ထို့နောက် ဘယ်ဘက်နောက်ဘီးကို ကြည့်ရှုနေသည်။ တကယ်တော့ ဘီးကို စစ်ဆေးနေဟန်ဖြင့် ကောင်မကလေးကို စောင့်နေခြင်းသာဖြစ် သည်။
ကောင်မကလေးသည် စကတ်ကို ပြန့်အောင်အပေါ်မှသပ်ရပ်ရင်း သစ်ပင်အုပ်ထဲမှ ထွက်လာသည်။ အပူဒဏ် ဖုန်ဒဏ်ကြောင့် ပင်ပန်းနွမ်း ယိနေပုံပေါ်သည်။  သို့သော် ဖိုရီက မိမိအား စိုက်ကြည့်နေသည်ကို မြင်သော အခါ ခေါင်းကို မော့လိုက်ပြီး တင်ကလေးဟန်ပါပါ မသိမသာလှုပ်ရမ်းရင်း ဖိုရီအား မမြင်သလို လုပ် ကာဆက်လျှောက်သွားသည်။
ကားပေါ်သို့ တက်ရန် ကောင်မကလေးက ခြေလှမ်းလိုက်ချိန်တွင် ဖိုရီက ခပ်တိုးတိုးလေးခေါ်လိုက်သည်။

" အနာလီဆာ "
" အမေ့ ... ဂါဟတ်ဖိုရီပါလား၊ ရှင် ကျွန်မအနား မကပ်နဲ့နော်၊ အဖေ့ကို တိုင်လိုက်မယ် "
ခါတိုင်းဆိုလျှင် အနာလီဆာသည် ဖိုရီအား လိုလိုလားလား မျက်နှာသာပေးသည်။ ယခုတော့ သူမကျော နှင့် တင်ပါး ၌ အရှိုးချင်းထပ်အောင် အရိုက်ခံထားရသဖြင့် ယောက်ျားမြင်လျှင် လန့်နေသည်။ စိတ်မဆာရဲ အောင်ဖြစ်နေသည်။

" မင်းကို ငါ ပြောစရာရှိလို့ပါကွာ "
" ပြောစရာရှိလို့ ... ဟုတ်လား၊ ရှင် ဘာလိုချင်တယ်ဆိုတာ ကျွန်မသိပါတယ် "
" ညကျရင် စခန်းအပြင်ဘက်မှာေ တွ့ကြရအောင်ကွာ " ဖိုရီက တောင်းပန်တိုးလျှိုးသည့်လေသံဖြင့် ပြော လိုက်သည်။
" ဟင့်အင်း ... ကြောက်တယ်၊ မတွေ့ရဲဘူး "
အနာလီဆာက ကားပေါ်သို့ လွှားခနဲ ကျော်တက်လိုက်ရာ သူမ၏ သလုံးသားနှင့်ပေါင်တံတို့ကို ဖိုရီရင်မော ဖွယ်မြင်လိုက်ရသည်။
" အနာလီ ဆာ ... ငါမင်းကို ပိုက်ဆံပေးပါမယ် "
ဖိုရီအဖို့ အောင့်အည်းမျိုသိပ်မရနိုင်အောင် ဖြစ်နေသည်။

အနာလီဆာသည် ကားအောက်မှ ဖိုရီအား ငုံ့ကြည့်ပြီး တွေးလိုက်မိသည်။ ပိုက်ဆံပေးမည်ဆို၍ စိတ်ဝင်စား သွားသည်။ မိမိဝါသနာပါသော၊ စိတ်သန်သောကိစ္စကို ယောက်ျားသားများက ငွေပေးဖို့ ၀န်မလေး ပါလားဟု အသိအမြင်သစ်ရလာသည်။
" ဘယ်လောက်လဲ "
သူမက စိတ်ဝင်စားစွာမေးလိုက်သည်။
" တစ်ပေါင်ပေးမယ် "
တစ်ပေါင်ဆိုသည့်ငွေမှာ နည်းနည်းနောနော မဟုတ်။ ထိုမျှလောက် သူမတစ်ခါမှ မပိုင်ဆိုင်ဖူးပါချေ။ သို့သော် သူမ၏ ကြေးစားစိတ်က အလိုလို နိုးထလာကာ ဘယ်လောက်အထိ ရနိုင်မည်ကို စမ်းသပ်လိုစိတ် ပေါ်လာသည်။ ထို့ကြောင့် ဟန်ပါပါဖြင့် တစ်ဘက်သို့ ငေးကြည့်လိုက်သည်။

" နှစ်ပေါင်းပေးမယ်လေ "
ဖိုရီက ကမန်းကတန်းတိုးပေးလိုက်သည်။ အနာလီဆာအဖို့ ရလေလိုလေ အိုတစ္ဆေဖြစ်လာပြီး ကျောမှ အနာ များပင် ပျောက်သလိုရှိသွားသည်။ ထို့ကြောင့် ခပ်တိုးတိုးနှင့် ရဲရဲဝံ့ဝံ့ပင် ဈေးဆိုလိုက်သည်။
" ငါးပေါင်းပေးမှရမယ် "
ထိုပိုက်ဆံသည် သူ့ဖခင်၏ တနင်္ဂနွေတစ်ပတ်စာ လုပ်ခနီးပါးရှိသည်။ ဖိုရီကလည်း ဈေးဆစ်သည်။
" သုံးပေါင်ထားပါကွာ "
" မရဘူး၊ ရှင်က နံစော်နေတဲ့အဘိုးကြီး "
အနာလီဆာက တစ်ဘက်သို့လှည့်လိုက်သည်။

" ကောင်းပြီ ... ကောင်းပြီ၊ ငါးပေါင်ပေးမယ် "
အနာလီဆာက အောင်နိုင်သောအပြုံးကို ပြုံးလိုက်သည်။ ဆုံးစမမြင်သော ချမ်းသာမှုနှင့် ပျော်ရွှင်မှုကမ္ဘာ သစ်ကို သူမလှမ်းမြင်လိုက်ရပြီး၊ ထိုကမ္ဘာထဲသို့ ၀င်တော့မည်ဖြစ်သည်။
ထို့နောက် အနာလီဆာသည် သူ့နှုတ်ခမ်းကို လက်ညိုးဖြင့် ထိပြပြီး ပြောလိုက်ပြန်သည်။
" ရှင်ဒီနှုတ်ခမ်လေးကို လိုချင်ရင်လဲ နောက်ထပ်တစ်ပေါင်ပေးရဦးမယ်နော် "
************
လပြည့်ပြီးနောက် သုံးလေးရက်သာ ရှိသေးသဖြင့် သဲကန္တာရတွင် လရောင်ဆမ်းနေသည်။ တောင်ကြားလျှို မြောင်ထဲတွင်မူ လရောင်ကွယ်ကာ အမှောင်ရိပ်များ ဖြစ်နေသည်။ တစ်ညတာ ရဂပ်နား စခန်း ချသောနေရာမှ အသံဗလံများက လျှို့မြောင်ထဲသို့ ခပ်သဲ့သဲ့ ၀င်လာသည်။
ထင်းခုတ်သံ၊ သံပုံးသံခွက်များအသံနှင့်အမျိုးသမီးများ၏ ချက်ပြုတ်နေသံများက အဝေးမှကြားနေရသော ငှက်သံများနှင့်တူလှသည်။

ဖိုရီသည် တောင်ခါးပန်းနံရံကို ကျောမှီလိုက်ကာ စီးကရက်ကို မီးညှိလိုက်သည်။ မောင်ကလေးလာမည့် လျှိုမြောင်လမ်းတစ်လျှောက်ကို ငေးမျှော်စောင့်ကြည့်နေသည်။ ကောင်မလေးလာနေသောအရိပ်ကို မြင် သောအခါ ဖိုရီထိုင်ရာမှထလိုက်ပြီး စီးကရက်ကို ခြေပစ်လိုက်သည်။ ကောင်မလေးသူနှင့် နီးလာသောအခါ လှမ်းခေါ်လိုက်သည်။
" အနာလီဆာ "
သူ့အသံက တိုးပြီးတုန်နေသည်။ ကောင်မလေးက သူ့ရှေ့တည့်တည့် သူနှင့် လက်တစ်ကမ်း ကျော် အကွာတွင် ရပ်လိုက်သည်။ သူကလှမ်းဆွဲလိုက်သောအခါ ကောင်မေ လးက တိမ်းရှောင်လိုက်ပြီး လှောင်ရယ် ကလေးရယ်လိုက်သည်။

" ငါးပေါင်လေ "
ကောင်မလေးက သတိပေးလိုက်သည်။ ဖိုရီက ဘောင်းဘီနောက်အိတ်ထဲမှ ငွေစက္ကူများနှိုက်ထုတ်လိုက်မှ အနာလီဆာ က ရှေ့တိုးလာသည်။ သူမက ငွေစက္ကူများလှမ်းယူပြီး လရောင်၌ ထောင်ကြည့်လိုက်သည်။ ကျေနပ် သွားမှ အင်္ကျီအိတ်ထဲထိုးထည့်လိုက်သည်။
ဖိုရီက ရှေ့တိုးလာသည်။ ကောင်မလေးကို ခါးမှနေ၍ သိုင်းဖက်ကာ  နှုတ်ခမ်းဂဟေဆက်လိုက်သည်။  လောကကြီးကို မေ့စပြုလာကြသည်။
ထိုစဉ် တွင် မာကျောသောအရာဝတ္ထုတစ်ခုက ဖိုရီနံရိုးပြားသို့ သူ့နောက်ကျောဘက်မှနေ၍လာထောက် သည်။  သူ့နောက်ဘက်မှနေပြီး နားရွက်နားကပ်၍ တိုးတိုးပြောလိုက်သော အသံတစ်သံလည်း ပေါ်လာ သည်။

" ကောင်မလေးကို မောင်းထုတ်လိုက်စမ်း "
အသံမှာ ဖိုရီနားယဉ်နေသော အသံဖြစ်ပြီး ကြောက်စရာကောင်းသော အသံမျိုးလည်းဖြစ်သည်။ ဖိုရီနောက်မှ လူကို ကောင်မလေးလည်း မြင်သွားပြီး စခန်းဆီသို့ တစ်ချိုးတည်းထွက်ပြေးတော့သည်။
ဖိုရီ သည် သူ့ဝမ်းဗိုက်အား မော်ဇာရိုင်ဖယ်ဖြင့် ချိန်ထားသော သူ့ဘက်သို့ လှည့်ကြည့်လိုက်သည်။
" လိုသာဒီလာရေး "
ဖိုရီက အလန့်တကြားပြောလိုက်သည်။
" ခင်ဗျားက တခြားတစ်ယောက်များတွေ့ဖို့မျှော်နေသေးလို့လားဗျ "
" မ ... မဟုတ်ပါဘူး၊ ခင်ဗျားနဲ့ပြန်တွေ့ရတာ မြန်နေလို့ပါ "

ဖိုရီသည် လိုသာဒီလာရေးနှင့် နောက်ဆုံးအကြိမ်တွေ့ဆုံပြီးနောက် လိုသာ၏ အကြံအစည်နှင့် ရရှမည့် အကျိုးစီးပွားကို အထပ်ထပ်အခါခါ စဉ်းစားကြည့်သည်။ သို့သော်လည်း အကြိတ်အနယ်အပြန်ပြန်အလှန် လှန်စဉ်းစားပြီးသည့်နောက်တွင် လောဘကိုကြောက်စိတ်နှင့်သရဲဘောကြောင်မှုက အနိုင်ရသွားသည်။
ဖိုရီသည် လိုသာအားမေ့မေ့ပျောက်ပျောက်ထားလိုက်သည်။ လိုသာအသံကိုလည်း ဒီတစ်သက်ပြန်ကြားရ တော့မည် ဟုမထင်ခဲ့ပေ။ ယခုတော့ လိုသာကမိမိရှေ့တွင် မားမားကြီးရပ်နေချေပြီ။ သူ့နဖူးက လရောင် တွင် ပြောင်လတ်နေပြီး ကျားသစ်မျက်လုံးနှင့်တူသော သူ့မျက်ဝန်းအစုံကလည်း အရောင် တဖျပ်ဖျပ် တောက်နေ သည်။

" မြန်တယ် ... ဟုတ်လား၊ ပြန်တွေ့ရတာမြန်တယ်လား၊ ခင်ဗျားနဲ့ကျွန်တော် နောက်ဆုံးတွေ့ခဲ့တာ အခုဆို ရင်ရက်သတ္တပတ်အတော်ကြာနေပြီဗျ၊ ကျွန်တော့်အကြံအစည် အကောင်အထည်ဖော်ဖို့ ခင်ဗျား စီစဉ် စိုင်း ပြင်းနေရတာ ကျွန်တော်ထင်တာထက်ပိုကြာနေပါလား၊ ကဲ ... အခု ခင်ဗျားနဲ့အတူတူ မြို့ကို ပို့ဖို့ စိန်တွေပါ သလား "
" ဟင့်အင်း ... မပါဘူး၊ အခုက လူတွသွားပို့မှာ "
" ဒါဖြင့် စိန်တွေဘယ်တော့ ပို့မလဲ "

လိုသာက မော်ဇာရိုင်ဖယ်ပြောင်းကို ဖိုရီမေးအောက်မှထောက်ကာ ဖိုရီမျက်နှာကို လရောင်တွင် ပေါ်လာ အောင်ပင့်တင်လိုက်ရင်း မေးလိုက်သည်။
" သူတို့ စိန်တွေပို့ဖို့ အချိန်ဆွဲနေသေးတယ်၊ ဘယ်လောက်ကြာဦးမယ်တော့ ကျွန်တော်လဲ မသိဘူး၊ ကျွန်တော် ကောလာဟလတစ်ခုတော့ ကြားထားတယ်၊ ဒီတစ်ခါ စိန်တွေပို့ရင် အများကြီးအစုလိုက်အပုံ လိုက်ပို့မယ်လို့ ကြားထားရတယ် ဖိုရီက ဖြေသည်။
" ဘာဖြစ်လို့လဲ "
လိုသာ က ဖိုရီအား မယုံသဖြင့် ထပ်မေးလိုက်သည်။

" အများကြီးပို့မယ်လို့သာသိရတယ် ဘာကြောင့်ဆိုတာတော့ မသိရဘူး "
" ခင်ဗျားကို ကျွန်တော် အစောကြီးကတည်းက ကြိုသတိပေးထားသလိုပေါ့၊ သူတို့က သတ္တုတွင်းကို ပိတ်ဖို့ စီစဉ်နေတာဗျ၊ ခင်ဗျားပြောတဲ့အခေါက်ဟာ နောက်ဆုံးပိတ်ပို့မယ့် အခေါက်ဖြစ်ရမယ်၊ အဲ ဒီတစ်ခေါက် ပို့ပြီး ရင် ခင်ဗျားလဲ အလုပ်ပြုတ်လိမ့်မယ်၊ အခု ခင်ဗျားကားတွေနဲ့ တင်ခေါ်လာတဲ့ သနားစရာ သတ္တ၀ါတွေလိုပဲ ပေါ့ဗျာ "
" ဟုတ်ပါတယ်၊ အခု ကျွန်တော် ခေါ်လာတဲ့လူတွေဟာ အလုပ်ထုတ်ခံရတဲ့လူတွေပါ "

" နောက်တစ်လှည့် ခင်ဗျားအလှည့်ပေါ့ မိတ်ဆွေ၊ ခင်ဗျားမှာ မိသားစုအများကြီးရှိတယ်လို့ ပြောခဲ့ဖူးတယ် မဟုတ်လား၊ ပြီးတော့ ခင်ဗျားဇနီးနဲ့ သားသမီးတွေကိုလဲ ခင်ဗျားသိပ်ချစ်တယ်ဆို "
" ဟုတ်ပါတယ် ... လိုသာ "
" ဒါဆိုရင် ရှေ့အဖို့ ခင်ဗျားကလေးတွေကို ကျွေးမွှေးစရာ၊ အ၀တ်ဆင်ရင်စရာပိုက်ဆံရဖို့ လမ်းမရှိတော့ပါ ဘူး၊ ခင်ဗျားခုနက ကြည့်နေတဲ့ ကောင်ကလေးတွေမျိုးလဲ နာက်ထပ်ရဖို့ ငွေရှိတော့မှာမဟုတ်ဘူး "
" ဒီလို မပြောပါနဲ့ဗျာ ... မကောင်းဘူး "

" ဒီမှာ ခင်ဗျားနဲ့ကျွန်တော် သဘောတူထားတဲ့အတိုင်း လုပ်ရင် ခင်ဗျားပိုက်ဆံတွေ အများကြီးရမယ်၊ ခုနက ကောင်မလေးမျိုး တစ်ဒါဇင်မကရနိုင်တယ် "
" ဒီအကြောင်းမပြောနဲ့ဗျာ၊ ကျုပ်ရှက်တယ် "
" ခင်ဗျားနဲ့ကျွန်တော် စီစသ်ထားတဲ့အစီအစဉ်ကို ခင်ဗျားကောင်းကောင်းသိပါတယ်၊ စိန်တွေဘယ်တော့ ပို့မယ် ဆိုတာ သူတို့က ခင်ဗျားကို ပြောတာနဲ့ ဘာ လုပ်ရမယ်ဆိုတာ ခင်ဗှားသိပြီးသားပါ "
ဖိုရီက ခေါင်းညိတ်ပြလိုက်သည်။
သို့သော် လိုသာက ပိုသေချာအောင် ထပ်မံ စစ်ဆေးလိုက်သည်။
" ကဲ ... အစီအစဉ်ကို ထပ်ရွတ်ပြပါဦး "
ဖိုရီက လုပ်ရိုင်ရမည့် အစီအစဉ်ကို အသေးစိတ်ရေရွတ်ပြသည်။ လိုအပ်သည့်နေရာတွင် လိုသာက ဖြည့်စွက် ပေးသည်။ နောက်ဆုံး ကျေနပ်အားရစွာဖြင့် လိုသာပြုံးပြလိုက်သည်။

ဆက်ရန်
.

No comments: