အခန်း (၁)
ဆီနှင်းများက သူရှေ့ရှိ ပင်လယ်ပြင်တစ်ခုလုံးတွင် ပိတ်ဖုံးအုပ်ဆိုင်းနေသည်။ အဖြူရောင် မြင်ကွင်းကြီးမှ တစ်ပါးဘာမှမမြင် ဘာမှမကြားရပဲ ရှိနေသည်။ သူတို့၏ ငါးဖမ်းသဘောင်္သည် ကမ်း ခြေမှ သုံးမိုင်ခန့် အလွန် တွင် ရောက်နေသည်။
လိုသာဒီလာရေးသည် ငါးဖမ်းလှေကြီး၏ တက်မကိုင်အခန်းထဲမှ တက်မကိုကိုင်ရင်း ရှေ့ သို့ လှမ်းကြည့် လိုက်ရာ မျက်စိတဆုံး မြူနှင်းများ ဖုံးအုပ်နေသည်။ အရုဏ်တက်လာမည့် အချိန်ကို ဤသို့ အေးချမ်းစွာ စောင့်စား နေရသည် ကို လိုသာ အလွန်ပင် ကြည်နူးလှိုက်မောလှသည်။
လိုသာ၏စိတ်မျက်စိထဲတွင် သဲကန္တာရထဲ၌ ကျင်လည်ခဲ့ရသော အတိတ်၏အရိပ်များ တရေးရေး ပြန်လည် မြင်ယောင် လာသည်။ ယခု ပင်လယ်ထဲ၌မြင်ရသော အရုဏ်ဦးနံနက်ခင်း နေ ရာမှနေ၍ လောင်စာများ၊ လက်နက်ခဲယမ်းမီးကျောက်များ ဖြည့်တင်းပေးခဲ့ရချိန်ဖြစ်သည်။ ထိုအ ချိန်ကသူသည် ပင်လယ်ပြာကြီးမှ ထွက်ပေါ် လာမည့် ရေငုပ်သဘောင်္ များကိုစောင့်မျှော်ရင်းကပင် ဤပင်လယ်ပြာ၌ ဧရာမပင်လယ် ငါးအုပ်ကြီးများ ရှိနေမည်ကို သိရှိခဲ့သည်။
ဤ ငါးဖမ်းသဘောင်္ များကို လိုသာပေါ်တူဂီ၌ တွေ့ခဲ့ရသည်။ ငါးသေတ္တာလုပ်သော ငါးများ ကို ဖမ်းသည့် ထို သဘောင်္ များကို လိုသာတွေ့စဉ်က ပိုင်ရှင်က ပစ္စလက္ခထားပြီး ပျက်စီးစပြုနြေ့ပီ ဖြစ်သည်။ ထို ငါးဖမ်းသဘောင်္များ နှင့် ဆေးဗားတို့သည် ငါးဖမ်းရေယာဉ်ဟောင်းလေးကို ပြန်လည် ပြင်ဆင်၍ ပစ္စည်း ကရိယာသစ် များ တပ်ဆင်ကာ အာဖရိကကမ်းရိုးတန်း တစ်လျှောက်၌ တောင် ဘက်သို့ စုန်ဆင်းခဲ့သည်။
လိုသာသည် ကာလီဖိုးနီးယား၌ ငါးစည်သွတ် စက်ရုံတစ်ရုံကို တွေ့ခဲ့သည်။ ထိုစက်ရုံသည် မှန်းချက် နှင့် နှမ်းထွက် မကိုက်သဖြင့် ပိတ်ထားရချိန် ဖြစ်သည်။ ထို့ကြောင့် လိုသာက ဈေးတစ်ပေါင် ကျိုးဖြင့် ဝယ်ပြီး အာဖရိက သို့ ရွှေ့ပြောင်းခဲ့သည်။ ဇာဗစ်ပင်လယ်ကွေ့ ကမ်းစပ်တစ်နေရာတွင် စက်ရုံပြန်လည် ထူထောင် ခဲ့သည်။
ပထမ ငါးဖမ်းရာသီ သုံးရာသီတွင် လိုသာနှင့်ဒီဆေးဗားသည် ကမ်းဦးရေတိမ်ပိုင်း၌ ပင် လယ်ငါးများ အလျှံပယ်ဖမ်းမိပြီး ကြွေးများပြန်ဆပ်နိုင်ခဲ့သည်။ ထို့ကြောင့် လိုသာသည် သက်တမ်း လွန်နေသော ငါးဖမ်း ရေယာဉ် အစား ခေတ်မီငါးဖမ်းရေယာဉ်များကို မှာယူ အစားထိုးခဲ့သည်။ ထိုရေယာဉ်များအတွက် သူ့တွင် ကြွေးတနင့် တစ်ပိုး တင်လာသည်။
ထို့နောက်ပိုင်းတွင် ငါးများ ပျောက်ကွယ်သွားသည်။ ပင်လယ်ကမ်းဦးရေတိမ်ပိုင်း၌ တွေ့ရ သော ငါးသေတ္တာငါး များကို အစုအပြုံလိုက် မတွေ့ရတော့ပဲ ဟိုတစ်ကွက် သည်တစ်ကွက် ကျိုးတိုး ကျဲတဲသာ တွေ့ရ တော့သည်။ ထို့ကြောင့် ငါးဖမ်းစရိတ်နှင့် စက်ရုံလည်ပတ်စရိတ်များက နေ့စဉ်နှင့်အမျှ တက် လာနေပြီး လိုသာအဖို့ နောက်ထပ်ကြွေးများထပ်ယူကာ ကြွေးလည် ပင်းခိုက်ခဲ့ရသည်။
ထို့နောက် နှစ်နှစ်လုံးလုံး ငါးများဟုတ်တိပတ်တိ ဖမ်းမရခဲ့ပေ။ သို့သော်ယခုအခါတွင်မူ ပင်လယ် ရေစီးကြောင်း ပြောင်းလဲလာမှုကြောင့် ငါးအုပ်များပြန်လည် တွေ့မြင်လာခဲ့ရသည်။
''ဘုရားသခင် မတော်မူပါ..... နောက်ဆုံးအခွင်အရေးအဖြစ် ဘုရားသခင် မတော်မူပါ''
လိုသာသည် တက်မကိုကိုင်ရင်း တတွတ်တွတ်ရေရွတ် ဆုတောင်းနေမိသည်။ နောက်သုံးလအတွင်း ငါးများ မဖမ်းမိပါက သူ့ဘဝသည် ကြွေးပင်လယ်ညွန်ထဲ၌နစ်ကာ ပျက်စီးရချေတော့မည်။
''ရောင်နီ လာပြီ ဖေဖေ''
သားကလေး၏ စကားသံကြောင့် လိုသာအတွေးသည် အတိတ်မှပစ္စုပ္ပုန်သို့ ပြန် ရောက်လာသည်။ ဇာတ်ခုံ မှ ကန့်လန့်ကာဖွင့်လိုက်သလို နှင်းများကွဲသွားပြီး ပင်လယ်ပြင်ပေါ်သို့ နံနက်ဦးလင်းအရုဏ် ရောင်နီဖြာ လာသည်။
''ဟိုမှာ ရေပေါ်ခုန်တက်သွားလာ တွေ့ရတယ်ဟေ့ ''
သဘောင်္ရှေ့ပိုင်းကုန်းပတ်ပေါ်မှ ဒီဆေးဗားက လက်ညှိုးထိုးပြကာ အားရပါးရ လှမ်းအော်လိုက်သည်။ သူပြသော နေရာမှ မြင်ကွင်းကို လိုသာလည်းမြင်နေရသည်။ ရေပြင်ပေါ်တွင် ငါးတစ်ကောင် ခုန်ပျံ တက် လာသွားပြီး ရေထဲပြန်ကျသွားသော မြင်ကွင်းဖြစ်သည်။
'' စက်နှိုးတော့ဟေ့''
လိုသာက စိတ်လှုပ်ရှားနေသောအသံကြောင့် အလောတကြီးပြောလိုက်သည်။ ကောင်ကလေးက သူ့ လက်ထဲ မှ ကော်ဖီခွက်ုကိုမြေပုံစားပွဲပေါ်သို့ ကမန်းကတမ်းလှမ်းတင်လိုက်ပြီး လှေကားဝမှတစ်ဆင့် အောက်ဘက် စက်ခန်း ထဲသို့ ခုန်ဆင်းသွားသည်။ ကောင်လေးက ရေယာဉ်စက်ကို ချက်ချင်း နှိုး လိုက်သည်။ စက်နိုးလာသောအခါ လိုသာက မာလိန်ခန်းထဲမှနေ၍ စက်ရှိန်မည်မျှတင်ထားရမည်ကို အချက် ပေးသည်။ သူတို့ ငါးဖမ်းရေယာဉ်သည် လိုသာ၏ ပဲ့ကိုင်မောင်းနှင်မှုအောက်တွင် စတင်လှုပ်ရှား ခုတ်မောင်း သွားတော့သည်။
ကောင်ကလေး အင်ဂျင်စက်ခန်းထဲနေ၍ လှေကားထိပ်သို့ပြန်ပြေးတက် လာပြီး သဘောင်္ဦးပိုင်း ကုန်းပတ် ပေါ်ရှိ ဒီဆေးဗားဆီသို့ ပြေးသွားသည်။ လိုသာသည် သဘောင်္ကို ရေစီးကြောင်းနှင့်ယှဉ်ပြီး လှည့်ကာ မောင်း နေသည်။ ပင်လယ်ပြင်တွင် အုပ်ဆိုင်းနေသော ဆီးနှင်းထုလည်း လွင့်စဉ်ပျောက်ကွယ်သွားရာ အခြား ငါးဖမ်းသဘောင်္များ ကို သူတို့ လှမ်းမြင်ရသည်။ ထိုသဘောင်္များသည် သူ့တို့သဘောင်္များပင် ဖြစ်သည်။ ကမ်းခြေများရှိ ငါးသေတ္တာစည်သွတ်စက်ရုံမှ အတူထွက်လာခဲ့ပြီး အမှောင်ထုနှင့် နှင်းကဗ္ဗလာ အောက် တွင် ပင်လယ်ပြင်၌ ရပ်စောင့်နေခဲ့ကြသည်။ ယခု နေလည်းရောင်နီဖြာလာပြီး နှင်းလည်း ကွဲလာပြီ။ ထို့ကြောင့် ဦးစီးခေါင်းဆောင်ဖြစ်သော လိုသာသဘောင်္နည်းတူ သူတို့လည်း လိုက်ပါ လှုပ်ရှား လာကြသည်။
လိုသာသည် မာလိန်မှူးအခန်းထဲမှနေ၍ သဘောင်္မောင်းရင်းသူ့အောက်ဘက်ရှိ သဘောင်္ ကုန်းပတ်ပေါ်သို့ လှမ်းကြည့် လိုက်သည်။ ၄၅ ပေရှည်သော ငါးဖမ်းသဘောင်္၏ ဦးပိုင်းလုပ်ငန်း ခွင်နေရာသည် အတော်ပင် ကျယ်ဝန်းလှသည်။ ငါးဖမ်းပိုက်ရှည်ကြီးများကို ဦးပိုင်းညာဘက်တွင် အဆင်သင့်ထားသည်။ ငါးဖမ်းပိုက် များ၏ ရေမစိုသေးခင် အလေးချိန်သည် ခုနှစိတန်ခွဲရှိပြီး ရေစို သွားပါက ထိုထက်အဆများစွာ လေးလာ သည်။
ထိုပိုက်များကိုရေထဲချပြီး ဆွဲသွားပါက အရှည်ပေ ၅၀၀ရှိပြီး ရေအောက်အနက်ပေ၇၀ အထိရှိသည်။ ဤ သည်မှာ ပိုက်ချပြီး ငါးဖမ်း ချိန်အနေ အထားဖြစ်သည်။
ထိုပိုက်များကို ပေါင်စတာလင်ငွေ ၅၀၀၀ ကျော်ပေးပြီး လိုသာဝယ်ယူခဲ့သည်။ ထိုငွေသည် သာမန် ရေလုပ်ငန်းရှင် တစ်ယောက် အဖို့ အနှစ် ၂၀စာ ဝင်ငွေနှင့်ညီမျှသည်။ လိုသာ၏ ငါးဖမ်းသဘောင်္ လေးစီးစလုံး တွင် ထိုပိုက်မျိုးများအသီးသီး တပ်ဆင်ထားသည်။ လိုသာမျက်စိတစ်ချက် ဝေ့ကြည့် လိုက်ရာ သဘောင်္လေးစီးစလုံး ပိုက်ချရန်အသင့်ဖြစ်နေသည်ကို တွေ့ရသဖြင့် လိုသာ ကျေနပ် သွားသည်။ ရှေ့တည့်တည့်ကြည့်လိုက်ပြန်ရာ ငါးတစ်ကောင်ရေပေါ်ခုန်တက်လာပြီး ပြန်ကျသွားသည် ကို လည်း မြင်လိုက်ရသည်။
ဤသည်မှာ အချက်ပေးလိုက်သလိုရှိပြီး ပင်လယ်ပြင်တစ်ခုလုံး အသက်ဝင်လာသည်။ ရေမျက်နှာပြင် အောက် ၌ ငါးများအုပ်လိုက် ရွေ့လျားလှုပ်ရှားနေကြသည်။
''ငါးအုပ်ကြီးဟေ့''
ဒီဆေးဗား က လိုသာဘက်သို့ တမင်လည်ပြန် စောင်းလှည့်ပြီး တအံ့တသြ အော်ပြောလာသည်။ ဟုတ်ပါသည်။ ငါးအုပ်ကြီး၊ ဧရာမငါးအုပ်ကြီး။ ငါးအုပ်ကြီး၏ပမာဏမှာ တစ်မိုင်ခန့်ကျယ်၍ အောက်ဘက် ရေထဲ တွင် အတော်နက်အောင် ငါးထုကြီးက ရှိနေမည်မှာ သေချာသည်။လိုသာ ငါးဖမ်း လုပ်ငန်း လုပ်လာခဲ့သော နှစ်ကာလများအတွင်း ဤမျှ များပြား ကြီးမားသော ငါးအုပ်ကြီးကို မမြင်ဖူးပါချေ။ သဘောင်္လေးစီး စလုံး ပေါ်မှ ရေလုပ်ငန်းများလည်း ငါးအုပ်ကြီးကို အံ့အားသင့်ပြီး ငေးကြည့်နေကြသည်။
ဒီဆေးဗား ပထမဆုံး အသက်ဝင် လှုပ်ရှားလာသည်။ လိုသာ၏ မာလိန်ခန်း အဝဆီသို့ပြန်ပြေးလာပြီး လိုသာ ကို အော်ပြောသည်။
''ဧရာမ ငါးအုပ်ကြီးဟေ့ ဖမ်းလို့ကုန်နိုင်မယ် မထင်ဘူး''
ဒီဆေးဗား သည် ဦးပိုင်းသို့ပြန်ပြေးသွားပြီး ပိုက်ချနိုင်ရန်ပြင်ဆင်တော့သည်။ ကျန်အလုပ် သမား များလည်းသတိဝင်လာပြီး အသီးသီးနေရာယူကာ လုပ်ငန်း စတင်ရန်တာစူ ကြတော့သည်။
''မင်းဖရက်''
လိုသာ က သူသားကို လှမ်းခေါ်လိုက်သည်။ သဘောင်္ဦးပိုင်းတွင် ငါးအုပ်ကြီးအား ငေးမော ကြည့်နေသော မင်းဖရက် သည် ဖခင်ခေါ်သံကြားသည်နှင့် ချက်ချင်းပြေးလာသည်။
''မင်း တက်မ ကိုင်စမ်း''
သူ့လိုလူငယ်လေး တစ်ယောက်အဖို့ တက်မ ကိုင်ရသည်မှာ အလွန်ကြီးလေးသော တာဝန် ဖြစ်သည်။ သို့သော် မင်းဖရက်သည် ထိုတာဝန်ကို ယခင်ကပင် အကြိမ်ကြိမ်ထမ်းခဲ့ပြီး လက်တွေ့ ပြသခဲ့ပြီးဖြစ်၍ လိုသာ က ယုံကြည်စိတ်ချစွာ တာဝန်ပေးခြင်းဖြစ်သည်။ လိုသာက သင်္ဘောဦးပိုင်း သို့သွားပြီး လက်ဖြင့် အချက် ပြသည်။ သူ အချက်ပြသည့်အတိုင်း သူလိုချင်သည့်အတိုင်း မင်းဖရက် က သင်္ဘောကိုပဲ့ကိုင် မောင်းနှင် ပေးသည်။ ရှေ့မီ လာနေသော ငါးအုပ်ကြီးအား ထိပ်တိုက်မတိုးဘဲ ဘေးဘက်သို့ကွေ့ဝိုက်ပြီး ပက်မောင်း လိုက်သည်။
''အားပါး များလိုက်တဲ့ ငါးတွေ''
လိုသာက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ လိုသာသည် ငါးအုပ်ကြီးကို လှမ်းကြည့်ပြီး စိတ် ထဲမှ တွက်ချက် ခန့်မှန်း နေသည်။ မိမိ၏ သင်္ဘောမှ ငါးဖမ်းပိုက်သည် အများဆုံး တန် ၁၅၀ မှ တန် ၂၀၀ အထိသာ ဖမ်း နိုင်သည်။ မိမိရှေ့ မျက်စိတစ်ဆုံးမြင်နေရသော ငါးအုပ်ကြီးမှာ တန်သန်းချီပြီး ရှိနိုင်သည်။
အကယ်၍ မစဉ်းစားမဆင်ခြင်ဘဲ ပိုက်ချလိုက်ပါက ပိုက်ထဲသို့ ငါးတန်ချိန်တစ်သောင်းမှ နှစ်သောင်း အထိ ၀င်သွားနိုင်သည်။ ထိုသို့ဝင်သွားလျှင် ပိုက်များ စုတ်ပြတ်ပျက်စီးသွားနိုင်သည်။ ထို့ အပြင် ပိုက်အပြည့် ငါးအုပ်ကြီးက ရုန်းထွက် ပြေးပါက ရေယာဉ်ပေါ်ရှိ ငါးဖမ်းစင်နှင့် ကိရိယာများပါ ရေထဲ ပြုတ်ထွက်ပါ ကုန် နိုင်သည်။ အဆိုးဆုံး အခြေအနေ အဖြစ်သင်္ဘောပါ ငါးအုပ်နောက်သို့ ဒယဥ့်တိုက် ပါသွားနိုင်ပြီး နောက်ဆုံး မှောက်သွားနိုင်သည်။ လိုသာ အဖို့ တန်ဖိုးကြီးသော ငါးဖမ်း ပိုက်များ၊ သင်္ဘောနှင့် သင်္ဘောသား များ အပြင် မိမိတို့သားအဖပါ အသက်ဆုံးရမည့်အဖြစ်သို့ မည် သို့မျှ အရောက်မခံနိုင်ပေ။
လိုသာက မာလိန်မှူးအခန်းဆီိသို့ နောက်ပြန် လှည့်ကြည့်လိုက်သည်။ မင်းဖရက်က သူ့ကို လှမ်းပြုံးပြသည်။ စိတ် လှုပ်ရှားတက်ကြွနေသော အရိပ်အယောင်များ မင်းဖရက်မျက်နှာပေါ် ယှက် သန်း နေသည်။ မင်းဖရက်၏ ပယင်းရောင်မျက်လုံးအစုံက တောက်ပနေသည်။ ဖြူဖွေးညီညာသော သွားများက စီတန်း လှပ နေသည်။ လိုသာအဖို့ မင်းဖရက်သည် သူ့အမေ၏ ပံရိပ်ဖြစ်သည်။ လိုသာရင်ထဲ၌ ခါးသီး နာကျင် သော ဝေဒနာ တစ်ရပ်ပြန်ပေါ်လာသည်။ လိုသာ အရှေ့ဘက်သို့ ခေါင်းကို ချာခနဲ ပြန်လှည့် လိုက်သည်။
လိုသာ သင်္ဘော ကို ငါးအုပ်နှင့် ပေ ၅၀ ခန့်အကွာဆီသို့ မောင်းရန် အချက်ပေးလိုက်သည်။ မင်းဖရက်က ထိုအတိုင်း မောင်းပေးသည်။ ငါးအုပ်ကြီး လန့်ပြီး ရေအောက်ငုပ်မသွားစေရန် မလှမ်းမကမ်းမှနေ၍ အခွင့်ကောင်း ကို အကဲခတ်နေသည်။ ငါးအုပ်ကြီးကို ၀ိုင်းထားသော အခြားသင်္ဘော သုံးစင်းကလည်း အလားတူ ပင် နောက်သို့ အနည်းငယ်ပြန်ဆုတ်ကြသည်။
ဆ၀ပ်ဟင်းဒရစ်က မိမိအားကြည့်နေသည်ကို လိုသာ မြင်ရသည်။ ကြီးထွား ကြံ့ခိုင်လှ သော လူမည်း အမျိုးသားကြီး ဟင်းဒရစ်၏ ခေါင်းပြောင်ကြီးမှာ နေရောင်တွင် အရောင်တောက်နေ သည်။ ဟင်းဒရစ် သည် လိုသာနှင့် တစ်လျှောက်လုံး လက်တွဲတိုက်ခိုက်လာခဲ့သူ ဖြစ်သည်။ လိုသာ ကုန်းပေါ်မှ ရေထဲသို့ လုပ်ငန်း ပြောင်းသော အခါ ဟင်းဒရစ်လည်း အတူပါလာသည်။ ဟင်းဒရစ် သည် တစ်ချိန်က ဆင်စွယ် ရှာသော တောကျွမ်းမုဆိုးဖြစ်ခဲသလို ယခုလည်း ငါးဖမ်းကျွမ်းသော ရေတံငါဖြစ်နေသည်။
လိုသာက ဟင်းဒရစ်အား 'သတိထား' နှင့် ' အန္တရယ်ရှိတယ်' ဟူသော သင်္ကေတများဖြင့် အချက်ပြ လိုက်သည်။ ဟင်းဒရစ်က သိရှိနားလည်ကြောင်း ပြန်အချက်ပြသည်။ လေပြည်လေညင်း တစ်ချက် တိုက်လိုက် သောအခါ ရေပြသ်ပေါ်မှ နှင်းကြွင်းနှင်းကျန်များ အားလုံးလွင့်စဉ် ပျောက် ကွယ်သွားသည်။ ငါးအုပ်ကြီးကို သင်္ဘောအားလုံးက ထင်ထင်ရှားရှားတွေ့ လာရသည်။ လိုသာ အချက်ပေး လိုက်သည့် အတိုင်း သင်္ဘောအားလုံးက ၀ိုင်းပတ်လိုက်ကြသည်။
ငါးအုပ်ကြီးသည် ရေပေါ်တွင် တစ်စုတစ်စည်းတည်းပေါ်နေသည်မှာ အတော်ကြာပြီဖြစ်ရာ အချိန်မရွေး ရေအောက် သို့ငုတ်လျှိုး သွားနိုင်သည်။ မိမိသင်္ဘောများက ပိုက်တစ်ချက် မချရသေး ခင်မှာပင် ငါးအုပ်ကြီး ပျောက်သွား နိုင်ကြောင်း လိုသာ တွေးမိသည်။ ထို့ကြောင့် လုပ်ငန်းစမှ ဖြစ်တော့မည်။
ထို့ကြောင့် လိုသာက မင်းဖရက်အား သင်္ဘောကို ငါးအုပ်အနီးသို့ ညင်သာစွာ ချဉ်းကပ်ရန် အချက်ပြ လိုက်သည်။ ပေါ်တူဂီကြီး ဒီဆေးဗာက ရေပြင်ဆင်းပြီး ပိုက်ဆွဲပိုက်ချမည့် လှေအနားတွင် အသင့် ရောက်နေသည်။ ဧရာမငါးအုပ်၏ ရှေ့ပိုင်းသည် လူဦးခေါင်းနှင့် လည်ပင်းသဖွယ်ဖြစ်ကာ ပင်မငါးအုပ်ကြီး ခွဲ၍ သွားသည်။ ဤသည်မှာ သူတို့စောင့်မျှော်နေသော အခြေအနေပင် ဖြစ်သည်။
'မင်းဖရက်'
လိုသာက လှမ်းအော်လိုက်ပြီး လက်ဝှေ့ယမ်းကာ အချက်ပြလိုက်သည်။ သင်္ဘောသည် ငါးအုပ်ကြီး၏ ဦးခေါင်းပိုင်း နှင့် ကိုယ်ထည်ကြားရှိ လည်ပင်းနေရာ သိမ်နေသော အပိုင်းသို့ ဦးတည် ရွေ့လျားသွားသည်။
'ဖြေးဖြေး'
လိုသာက လက်ဖြင့် အချက်ပြလိုက်ပြန်သည်။ သင်္ဘောက ပိုပြီးညင်သာဖြေးညင်းစွာ ရှေ့တိုး ခုတ်မောင်း သွားသည်။ ရေက ကြည်လင်နေရာ ငါးတစ်ကောင်းချင်းကိုပင် လိုသာ ထင်ရှား စွာ မြင်နေရသည်။ ငါးအုပ် ဦးခေါင်းပိုင်း အောက်တွင် ငါးများအတော်ပင် ထူထပ်စွာရှိကြောင်း တွေ့ရ သည်။ စက်သံနှင့် ပန်ကာခုတ်သံ မကြားရအောင် အညင်သာ အဖြေးညင်းဆုံး ခုတ်မောင်းဖြတ်ခွဲ သွားရာ ဦးခေါင်းပိုင်း ငါးအုပ် သည် ကိုယ်ထည်ပိုင်းနှင့် တစ်ပိုင်းစီ ဖြစ်သွားသည်။
ဦးခေါင်းပိုင်း ငါးအုပ်နောက်သို့ လိုသာတို့ သင်္ဘောက လိုက်သွားသည်။ ထိုအပိုင်းသည်ပင် လျှင် သူတို့ ဖမ်းနိုင်သော ပိုက်အားနှင့် ဆိုလျှင်လည်း ကြီးမားများပြားလွန်းနေသေးကြောင်း တွေ့ ရသည်။ ခန့်မှန်းခြေ အားဖြင့် ငါးတန်တစ်ထောင်ကျော် ရှိနိုင်သည်။ အလွန်စွန့်စားရမည့် အန္တရာယ် ရှိသော လုပ်ငန်းပင် ဖြစ်သည်။ လိုသာက ဒီဆေးဗားကို လှမ်းကြည့်ပြီး အချက်ပေးလိုက်သည်။ ဆေးဗားနှင့် လူမည်း သင်္ဘောသား တစ်ဦးက ဒင်ဂီလှေကို သင်္ဘောပေါ်မှ ရေပေါ်သို့ ချလိုက်သည်။ ထို့နောက် ပိုက်ကိုချပြီး ဆွဲထားကြသည်။ လိုသာက အချက်ပြလိုက်ရာ မင်းဖရက်က သင်္ဘောကို ငါးအုပ်အား တစ်ပတ်လှည့်ပြီး ပိုက်ဖြင့် ၀ိုင်းပတ်လိုက်သည်။ သင်္ဘောနှင့် လှေကို ပြန်ဆုံမိပြီး ပိုက်ကို ဆက်လိုက်သည်။ ပိုက်ကို ရေအောက်ဘက် မှ ပါ ပိတ်လိုက်ရာ ငါးအုပ်ကြီး ပိုက်ထဲရောက် သွားတော့သည်။
လိုသာ စွန့်စွန့်စားစား မိုက်မိုက်မဲမဲ လုပ်လိုက်ရသည်ကို ဒီဆေးဗား က အော်ဟစ် ဆူပူသေး သည်။ သို့သော် လိုသာ က ဆက်လက်လှုတ်ရှားတော့သည်။ သူအချက်ပေးသည့်အတိုင်း မင်းဖရက် ကလည်း လိုက်လုပ်သည်။ သူတို့သားအဖ နှစ်ယောက်စလုံး ချွေးပြိုက်ပြိုက်ကျလာသည်။ ပိုက်ကို အောက်ဘက်မှ ပိတ်လိုက်နိုင်ပြီး ငါးများပိုက်အိတ်ကြီးထဲ ရောက်သွားသည်။ ပိုက်ထဲမှ ငါးများမှာ သူတို့ထင်သည်ထက်ပင် များ နေသည်။ ငါးများကူခတ်လှုရှားမှုကြောင့် ဒင်ဂီ လှေကလေးသည် ရေ ပေါ်တွင် လှုပ်ယမ်းနေသည်။
ငါးအုပ်ကြီး က ဆွဲသွားရာ သင်္ဘောပါသွားသည်။ လိုသာက အခြားသင်္ဘောသုံးစင်းကို ကမန်းမတန်း လှမ်းခေါ် အကူအညီ တောင်းသည်။ အခြားသင်္ဘောများက ငါးအုပ်နောက်ပါသွား သော သူတို့ သင်္ဘောဆီ သို့ အမြန် မောင်းလာပြီး သင်္ဘောလေးစင်း ဘေးချင်းကပ်၍ တုပ်နောင်ကာ ငါးအုပ်ဆွဲအားကို ထိန်းထား လိုက်သည်။ ထိ့နောက် သင်္ဘောလေးစင်း ခွဲ၍ ပိုက်ကို ၀ိုင်းကာ ထိန်းချုပ်လိုက်သည်။ သင်္ဘောသားများ ပိုက်ဆွဲရ သဖြင့် အတော်ပင်ပန်းလှသည်။ အချို့လက်များ ပင် ပေါက်ပြဲ သွေးထွက်ကုန်သည်။
အခြေအနေတည်ငြိမ်သွားသောအခါ လိုသုာက ငါးများကို ဆယ်တင်ယူရန် အမိန့်ပေး လိုက်သည်။ သင်္ဘောလေးစင်း ပေါ်ရှိ ဆယ်တင်သော ပိုက်အသီးသီဖြင့် ပိုက်မကြီးထဲမှ ငါးများကို မိမိတို့သင်္ဘော အသီးသီးပေါ် သို့ ဆယ်တင်ကြသည်။ ထိုဆွဲတင်ပိုက်များမှာ တစ်ပိုက်လျှင် အရှည် ပေ ၃၀ ရှိပြီး တစ်ကြိမ် လျှင် ငါးတစ်တန်ခန့် ပါသည်။ လိုသာနှင့် မင်းဖရက်တို့က ငါးသိုလှောင်ခန်း အဖုံးးများကို ကမန်းကတန်း ဖွင့်ပေးပြီး ကိုယ့်နေရာ ကိုယ်ပြန်ကြသည်။
အခေါက်ခေါက်အခါခါ၊ အပင်ပင် အပမ်းပမ်း ဆွဲတင်လောင်းလျပြီးသောအခါ ငါးသိုလှောင် ခန်း အားလုံး တွင် ငါးများပြည့်သွားသည်။ သင်္ဘောတစ်စင်းလျှင် ငါးတန် ၁၅ စကျော် တင်ပြီးဖြစ် သည်။ လိုသာသည် သင်္ဘောကုန်းပတ် များတွင်ပေါ်ပါ ငါးများထပ်တင်ရန် အမိန့်ပေးလိုက်သည်။ ပထမအကြိမ် စွန့်စား၍ အောင်မြင် လာသောအခါ ထပ်မံ စွန့်စားရန် ၀န်မလေးတော့။
ကုသိုလ်ကံ အလှည့်ပြောင်းက မိမိဘက်သို့ ရောက်လာပြီဟု လိုသာ ခံယူလိုက်သည်။ အားလုံး တင်ပြီးသော အခါ တန်ချိန် တစ်ထောင်ကျော်ရသည်။ တစ်တန်လျှင် အသားတင် ပေါင်ငွေ ၅၀ မြတ်မည် ဖြစ်ရာ တန်တစ်ထောင်အတွက် ငွေပေါင် ငါးသောင်းကျော်မြတ်မည်။ မိမိဘဝတွင် အကြီးမားဆုံး ကံလိုက်မှု ပင် ဖြစ်သည်။သည်တစ်ချက်တည်းနှင့် ကြွေးအားလုံးဆပ်နိုင်ပြီး ဘဝအခြေ ခိုင်လာသည်။
''ငါ့ဘဝမှာ ရှေ့ အဖို့ အဆင်ပြေပြီး ကြွေးကင်းဝေးမယ် လွတ်လပ်ပြီ၊ ဘဝအခြေခိုင်ပြီး ကြွေးကင်း တော့မယ် လွတ်လပ်ပြီ၊ ဘဝအခြေခိုင်ပြီ၊'' လိုသာ စိတ်ထဲက ကြုံးဝါးလိုက်သည်။
ငါးဖမ်းသဘောင်္လေးစီး လာလမ်းအတိုင်း ပြန်လှည့်လာခဲ့ကြသည်။ သဘောင်္သားအားလုံး ခြေကုန် လက်ပန်းကျ နေကြသည်။လိုသာသည်သဘောင်္မာလိန်မှူးအခန်းထဲသို့ ပြန်တက်လာပြီး အပြန်ခရီးကို ကိုယ်တိုင် မောင်းလာသည်။ ကော်ဖီကို မတ်ခွက်အပြည့်နှစ်ခွက်ဖြင့် အားရပါးရသောက်ပြီး သဘောင်္ဒိုင်ခွက် များကိုကြည့်ကာ သားဖြစ်သူ မင်းဖရက်အားပြော လိုက်သည်။
''စက်ရုံ ကိုပြန်ရောက်ဖို့ လေးနာရီမောင်းရဦးမယ် ကဲ.....စာသင်ဖို့လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မီပဲ''
''အို..... ဖေဖေ၊ ဒီနေ့မသင်ပါနဲ့တော့ ဖေဖေရယ်၊ ဒီနေ့က ကျွန်တော်တို့အတွက် ထူးခြားတဲ့နေ့လေ၊ ဒီနေ့ ကျွန်တော် ကို စာသင်ဦး မလို့လား''
သူတို့နေသော ဝေါဗစ်ပင်လယ်ကွေ့၌ စာသင်ကျောင်းမရှိပေ။ အနီးဆုံး ဂျာမန်စာ သင် ကျောင်းမှာ ဆွာကွန်မန်းမြို့၌ရှိရာ ကီလိုမီတာ ၃၀ ဝေးသည်။ ဤကလေးမွေးသည့်နေ့မှစ၍ လိုသာသည်ပင်အဖေ လိုသာ သည်ပင် အမေဖြစ်ခဲ့ရပေသည်။ဤကလေးကို အမိဝမ်းမှ ကျွတ်ကျွတ်ချင်း အညစ်အကြေး အလိမ်းလိမ်းဖြင့် သူယူခဲ့လာခဲ့သည်။ သူ့အမေသည်ဤကလေးကို တစ်ချက်မျှပင် ငဲ့စောင်း မကြည့်ခဲ့ပါချေ။ ဤသည်မှာလိုသာ နှင့် ကလေးအမေတို့ထားရှိခဲ့သော သဘာဝမကျသည့် အပေးအယူ တစ်စိတ် တစ်ပိုင်း ပင် ဖြစ်သည်။
နို့ထိန်းသည်မှ တပါး မည်သူအကူအညီမှမပါဘဲ ဤကလေးကို လိုသာ တစ်ယောက်တည်း ကြီးပြင်းအောင် မွေးလာ ခဲ့သည်။ လိုသာသည် မင်းဖရက်အား တစ်နေ့တစ်ညပင် ခွဲခွာခဲ့သည်မရှိ။ ရင်အုပ်မကွာထားပြီး စာ ကိုလည်း သူကိုယ်တိုင်သင်ပေးသည်။
''ထူးခြားတဲ့နေ့ဆိုတာ မရှိပါဘူးကွာ၊ နေ့တိုင်းပညာသင် ဆည်းပူးရမယ်။ ပညာတတ်မှ လူရာဝင်မယ် ၊ခွန်အား ထက် ဥာဏ်အားကောင်း မှ တကယ့် ခိုင်မာကြံ့ခိုင်တဲ့လူဖြစ်မယ်''
မင်းဖရက် က ဒီဆေးဗား အား အသနားခံ အကူအညီတောင်းသည့် အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။ သို့သော် အကြောင်း မထူးပါချေ။
''တက်မ ကိုင်ပါဦးဗျာ''
လိုသာက ပေါ်တူဂီကြီး ဒီဆေးဗားအား သဘောင်္တက်မကိုင်ခိုင်းလိုက်ပြီး သဘောင်္မြေ ပုံကားချပ်ခုံတွင် သူ့သား နှင့် အတူ သွားထိုင်လိုက်သည်။
''သချာင်္ မဟုတ်ဘူးလေ ၊ ဒီနေ့အင်္ဂလိပ်စာသင်ရမယ်နေ့''
လိုသာ က မင်းဖရက် ထုတ်ထားသောစာအုပ်ကို ကြည့်ပြီးပြောလိုက်သည်။
''ကျွန်တော် အင်္ဂလိပ်စာကိုမုန်းတယ်၊ အင်္ဂလိပ်စာကိုမုန်းသလို အင်္ဂလိပ်တွေကိုလဲ မုန်းတယ်''
မင်းဖရက် က ခပ်ပြတ်ပြတ် ပြန်ပြောလိုက်သည်။
''ဟုတ်တယ်၊ အင်္ဂလိပ်တွေဟာတို့ရဲ့ရန်သူပဲ၊ တစ်လျှောက်လုံးတို့ရဲ့ ရန်သူ တွေဖြစ်လာသလို'' နောက်လဲ တို့ ရဲ ရန်သူတွေအမြဲဆက် ဖြစ်နေဦးမှာပဲ၊ ဒါကြောင့် သူတို့ရဲ့ လက်နက်တွေကို တို့ဆီမှာ တပ်ဆင်ထားရမယ်၊ ဒါကြောင့်သူတို့ရဲ့စာနဲ့ စကားကို တတ်အောင်သင်ထားရမယ်။ အချိန်ကျလာလို့ သူတို့နဲ့ စကားကို တတ်အောင်သင်ထားရမယ်၊ အချိန်ကျလာလို့ သူတို့နဲ့တိုက်ခိုက်ရတဲ့အခါကျရင် အဲဒါတွေဟာတို့အတွက် အသုံးဝင်လာ လိမ့်မယ်''
လိုသာက မင်းဖရက်အား အင်္ဂလိပ်စကားဖြင့် ရှင်းပြသည်။ ယနေ့အဖို့ လိုသာ ပထမဆုံးအကြိမ် အင်္ဂလိပ်စကားပြောခြင်း ဖြစ်သည်။ မင်းဖရက်က မျက်နှာဖြူများမှ ပေါက်ဖွား လာသော အာဖရိက တိုင်းရင်းများစကား (အာဖရိကန်းဒါး) ဖြင့် ပြန်ပြောရန်ပြင်လိုက်သည်။ လိုသာ တားလိုက်ပြီး ပြော လိုက်သည်။
အင်္ဂလိပ်လိုပြော၊ အင်္ဂလိပ်စာ သင်ချိန်မှာ အင်္ဂလိပ်လိုပဲ ပြောရမယ်။
တစ်နာရီ ခန့် သားအဖနှစ်ယောက် အင်္ဂလိပ်စာသင်ကြသည်။ သမ္မာစာနှင့် နှစ်လခန့် ဟောင်း နေပြီဖြစ်သော ကိပ်တိုင်းဖိသတင်းစာအဟောင်းတို့ကို အသံထွက်အောင် စာမျက်နှာတစ်မျက်နှာခန့် အင်္ဂလိပ် စာသတ်ပုံခေါ်သည်။ မင်းဖရက်သည် စိတ်မပါဘဲနှင့် မှိတ်ကြိတ်လုပ်နေရသည်။ နောက်ဆုံး သည်းမခံ နိုင်တော့သဖြင့် ပြောလိုက်သည်။
''အဖေကြီးရဲ့အကြောင်းနဲ့ သူတောင်းဆိုခဲ့တဲ့ ကတိသစ္စာအကြောင်း ပြောပြပါဖေဖေ''
''မင်းလူဆိုးပဲ၊ စာမသင်ချင်လို့မဟုတ်လား''
''ပြောပါဖေဖေရယ်၊ တောင်းပန်ပါတယ်''
''မင်းကို ပြောပြခဲ့တာ အခါတစ်ရာလောက် ရှိနေပြီပဲကွာ''
''ထပ်ပြောပါဦးဖေဖေ၊ ဒီနေ့ထူးခြားတဲ့နေ့ မို့လို့ပါ''
လိုသာသည် ရှေ့ရှိမှန်ထဲနေ၍ ကုန်းပတ်ပေါ်မှ ငွေရောင်တောက်နေသောငါးများကို လှမ်းကြည့် လိုက်သည်။သူ့သားပြောသည်မှာမှန်သည်။ ယနေ့ထူးခြားသောနေ့ဖြစ်သည်။ မိမိငါးနှစ်လုံးလုံး ပင်ပင် ပန်းပန်း ရုန်းကန် ခဲ့ရပြီးနောက် ယနေ့ကြွေးကင်းရှင်းပေတော့မည်။
ထို့ကြောင့် လိုသာသဘောတူခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
''ကောင်းပြီလေ၊ ထပ်ပြောပြမယ်၊ ဒါပေမယ့် အင်္ဂလိပ်လို ပြောပြမယ်''
မင်းဖရက်က လေ့ကျင့်ခန်းစာအုပ်ကိုပိတ်ကာ စားပွဲပေါ်သို့ ကိုယ်ကိုကိုင်းကာ စိတ်ဝင်စားစွာ နားထောင် လာသည်။ ပယင်းရောင် မျက်လုံးအစုံက တဖျက်ဖျက်တောက်လာသည်။ အာဖရိကတွင် ဂျာမန်တို့၏ မဟာ ပုန်ကန်မှုကြီးအကြောင်းကို လိုသာက အထပ်ထပ်အခါခါ ပြောခဲ့ပြီးဖြစ်ရာ မင်းဖရက်အဖို့ အလွတ်လောက်ပင် ရနေသည်။ ကြားရတိုင်းလည်း သူအဖို့မငြီးတွေ့နိုင်အောင် ရှိနေသည်။
''၁၉၁၄ ခုနှစ်မှာ ဂျာမနီပြည်က ကိုင်ဇာဝေဟမ်ကို သစ္စာဖောက် အင်္ဂလိပ်ဘုရင် ပဉ္ဓမမြောက်ဂျော့က စစ်ကြေညာ တဲ့ အခါ မင်းအဖေကြီးနဲ့ ငါဟာ တို့ထမ်းရတာဝန်ကို တို့သိလာကြတယ်၊ မင်းအမေကြီးကို တို့အနမ်း နဲ့ နှုတ်ဆက်ကြတယ်။
''ကျွန်တော် အမေကြီးရဲ့ ဆံပင်အရောင်က ဘာရောင်လဲဖေဖေ''
''မင်းအမေကြီး က မြင့်မြတ်ချောမောတဲ့ ဂျာမန်အမျိုးသမီးကြီး၊သူ့ဆံပင်က နေရောင်မှာ ရွှေရောင် တောက် နေတဲ့ ဂျုံခင်းအတိုင်း''
''ကျွန်တော့် ဆံပင်လိုပဲပေါ့''
''ဟုတ်တယ်၊ မင်းဆံပင်အတိုင်းပဲ၊ မင်းအဖေကြီးနဲ့ ငါဟာ တို့ရဲ့စစ်မြင်းကြီးတွေစီးပြီး ဗိုလ်ချုပ်ကြီးမာရစ်နဲ့ ပူးပေါင်းကြတယ်၊ သူရဲကောင်းမြင်းတပ်သား ၆၀၀ ပါတဲ့တို့တပ်ဟာ'' လိမ္မော်မြစ်ကမ်းမှာ သစ္စာဖောက် ဂျန်စမတ်တို့နဲ့ ရင်ဆိုင်ကြတယ်။
''ဆက်ပြောပါဖေဖေ''
ဂျန်စမတ်တို့က စက်သေနတ်များ၊ အမြောက်များနှင့်လက်နက်အင်အားအသာဖြင့် မိမိတို့အား တိုက်ခိုက် ခြေမှုန်း ခဲ့သော ပထမဆုံးတိုက်ပွဲကိုပုံ ပေါ်အောင် လိုသာက ပြောပြသည်။
''ဒါပေမယ့် ဖေဖေတို့က သူရဲကောင်းပီပီ ရွပ်ရွပ်ချွံချွံ ခံတိုက်တယ်မဟုတ်လား ''
''တို့ပြန်တိုက်တာ ပရမ်းပတာပါကွာ၊ သူတို့ကလူအင်အားလဲ တို့ထက်ပိုများတယ်၊ ပြီးတော့၊ အမြောက် တွေ၊ စက်သေနတ်တွေနဲ့ဆိုတော့ လက်နက်ကသိပ်သာတယ်၊ အဲဒီတိုက်ပွဲမှာ မင်းအဖေကြီးကို ငါ့မြင်းပေါ် တင်ပြီး တိုက်ပွဲကနေ ထွက်လာခဲ့တယ်။
လိုသာစကားကိုနားထောင်ရင်း မင်းဖရက်မျက်လုံး၌ မျက်ရည်ဝိုင်းလာသည်။ လိုသာက ဆက်ပြောသည်။
''နောက်ဆုံး မင်းအဖေကြီးသေခါနီးကျတော့ သူခေါင်းအုံးထားတဲ့ အိတ်ထဲကနေ သမ္မာကျမ်းစာ အုပ်ဟောင်း အမည်းဖုံးကို ထုတ်ယူခိုင်းတယ် ၊ ငါ့ကိုအဲဒီစာအုပ်ကိုင်ပြီး ကတိသစ္စာ ဆိုစေတယ်လေ''
''အဲဒီ ကတိသစ္စာ ကို ကျွန်တော်သိတယ်၊ ကျွန်တော်ဆိုပြမယ်ဖေဖေ''
''ကဲ..... ဒါဖြင့်ဆိုပြစမ်းကွာ''
''အဖေကြီးကပြောတယ်၊ မင်းလက်ကို စာအုပ်ပေါ်တင်ပြီး သစ္စာဆိုစမ်းငါ့သား၊ အင်္ဂလိပ်တို့ နဲ့ဖြစ်တဲ့ စစ်ပွဲ ဟာ ဘယ်တော့မှ မပြီးဆုံးပါဘူးလို့ ကတိသစ္စာပြုစမ်းပါ'' ဟုတ်တယ်မဟုတ်လား။
''အေး...ဟုတ်တယ် ၊ငါ့အဖေသေခါနီးမှာ ငါကတိသစ္စာပြုခဲ့တာ အဲဒီအတိုင်းပဲ''
လိုသာ က သူ့သားလက်မောင်းကို လှမ်းကိုင်းပြီး ဖျစ်ညှစ်လိုက်သည်။
ဒီဆေးဗားက ချောင်းတစ်ချက်ဆိုးလိုက်ပြီး ပြတင်းပေါက်မှ အပြင်ဘက်သို့ ပြစ်ခနဲတံတွေး တစ်ချက် ထွေး ထုတ် လိုက်သည်။
''မင်းဥစ္စာက ကလေးခေါင်းထဲကို အမုန်းတရားနဲ့သေခြင်း တရားတွေ သွတ်သွင်းပေးနေတာပဲ ရှက်စရာ မကောင်း ဘူးလား''
''ဒီဆေးဗား က ပိတ်ထားစမ်း အဘိုးကြီး၊ ဒါခင်ဗျားအလုပ် မဟုတ်ဘူး''
''မင်းသဘော အတိုင်း ဖြစ်ရပါစေ့ မယ်မောင်ရာ၊'' ငါ့အလုပ်မဟုတ်လို့ ဝင်မပြောတော့ပါဘူး၊ ဒါပေမယ့် မင်းလုပ် နေပုံက လမ်းလွဲနေလို့ပါ။
လိုသာက ပေါ်တူဂီကြီးအား ဘာမျှ ဆက်မပြောတော့ဘဲ သူ့သားဘက်သို့သာ လှည့်ပြောလိုက် သည်။
''မင်းဖရက် ဒီနေ့အဖို့တော်လောက်ပြီ ၊စာအုပ်သိမ်းတော့''
လိုသာသည် မာလိန်ခန်းထဲမှထွက်ပြီး အမိုးပြားပေါ်သို့တက်သွားကာ ခေါင်းတိုင်ကိုမှီပြီး ထိုင်လိုက် သည်။ အင်္ကျီအိတ် ထဲမှ ရှည်လျားမည်းနက်သော ဆေးပြင်းလိပ်ကို ထုတ်ယူကာထိပ်ဖျားကို ပါးစပ်နှင့် ကိုက်လိုက်သည်။ မင်းဖရက်က ခေါင်းပြူလာသည်။ သူ့အဖေက နှင်မထုတ်သဖြင့် အပေါ်တက်လာပြီး ဖခင် ဘေးတွင် ဝင်ထိုင်သည်။
လိုသာက ဆေးပြင်းလိပ်ကို မီးညှိပြီး သောက်လိုက်သည်။ မီးကိုငြိမ်းလိုက်ပြီးနောက် လိုသာ လက်တစ်ဖက် က မင်းဖရက်ပခုံးကို လှမ်းဖက်လိုက်သည်။ မင်းဖရက်ဝမ်းသာ ကြည်နူး သွားသည် သူ့ဖခင်က သူ့အား ဤသို့ ချစ်ခင်သောအမူအရာပြခဲ့သည်။ သူ့တို့သဘောင်္ လေးစင်း သည် ကုန်းမြေသို့ ဦးတည် ခုတ်မောင်း နေသည်။ ပင်လယ်ကွေ့ရှိ အဆောက်အအုံများနောက်မှ သဲသောင်ကြီးများကို တဖြည်ဖြည်းပိုမိုကြီးမားစွာ မြင်လာရသည်။
''ဝီလီယံဟာ စက်ရုံက ဗွိုင်လာအိုးတွေကို မီးထိုးထားလိမ့်မယ်လို့ ငါမျှော်လင့်ထား တယ်၊တို့စက်ရုံ ဒီနေ့ တစ်နေ့ တစ်ညလုံးနဲ့ နက်ဖြန်တစ်နေ့လုံး လည်ပတ်ဖို့ အလုပ်ရှိနေပြီလေ''
လိုသာ က ခပ်တိုးတိုးညည်းတွားလိုက်သည်။
''ဒီငါးတွေအားလုံးကို ကျွန်တော် တို့ စည်သွတ်ပြီး ငါးသေတ္တာလုပ်လို့ ရနိုင်မယ် မထင်ဘူး''
မင်ဖရက် က ပြောလိုက်သည်။
''အများစုကို ငါးကြီးဆီလုပ်ပြီး တချို့ကို ငါးစည်သွတ်...''
လိုသာစကားကို တစ်ဝက်တစ်ပျက်နှင့် ပြတ်လိုက်ပြီး စက်ရုံရှိရာ ပင်လယ်ကွေ့ဆီသို့ လှမ်းကြည့် လိုက်သည်။
''သောက်သုံးမကျတဲ့အကောင်ပဲ၊ ဘာတွေလုပ်နေမှန်းမသိဘူး''
လိုသာက ဒေါသဖြင့် ပြောလိုက်သည်။ သူ၏ မုဆိုးမျက်စိက ဟိုအဝေးရှိ စက်ရုံဘွိုင်လာနှင့် ခေါင်း တိုင်ကို လှမ်းမြင်ရသည်။ စက်ရုံခေါင်းတိုင်မှ မီးခိုးလုံးဝမထွက်ဘဲ ဖြစ်နေသည်။
''ဟိုအကောင် ဘွိုင်လာမှာ မီးလဲမထိုးပါလား၊ မီးပြန်ထိုးမယ်ဆိုယင် ငါးနာရီ ခြောက်နာရီကြာမယ်၊ ဒါဆိုယင် တို့ငါးတွေ ပျက်စီးစပြုတော့မယ်၊ သောက်သုံးမကျတဲ့ကောင်... အလကားကောင်''
လိုသာ ဒေါပွလျက်နှင့်ပင် မာလိန်ခန်းထဲသို့ ပြန်ဆင်းလာသည်။ ဥသြဆွဲပြီး စက်ရုံသို့ လှမ်းအချက် ပေးလိုက်သည်။
''ဒီငါးတွေရောင်းပြီးလို့ ပိုက်ဆံရယင် လှိုင်းကို ရေဒီယို ဆက်သွယ်ရေးစက် တစ်လုံးဝယ်မယ်၊ ပင်လယ်ထဲ ငါးဖမ်းတဲ့ နေရာကနေပြီး စက်ရုံကို အချိန်ပြည့် ဆက်သွယ်လို့ ရစေရမယ်၊ နောင် ဒီအ ဖြစ်မျိုး ဘယ်တော့ မှ မဖြစ်စေရဘူး''
လိုသာ ဥသြဆွဲလိုက်ပြီး စက်ရုံဆီသို့ စိုက်ကြည့်နေသည်။
''ဘာတွေများဖြစ်နေကြပါလိမ့်''
စက်ရုံတံခါးဝ၌ လူအများစုရုံးဖြစ်နေသည်ကို လှမ်းမြင်ရသည်အထိ သူတို့သဘောင်္က ကမ်းနှင့် နီးလာသည်။ စက်ရုံထဲ၌ အလုပ်လုပ်ရမည့် လုပ်ငန်းဝတ်စုံနှင့် အလုပ်သမားများကို အ၀င်အ၀၌ တွေ့ ရသည်။
"ဟိုမှာ ၀ီလီယံပါလား"
စက်ရုံမန်နေဂျာသည် ဆိပ်ခံ တံတားဝ၌ ရပ်နေသည်ကို သူတို့တွေ့ရသည်
''ဒီကောင်က အဲဒီမှာဘာလုပ်နေရတာလဲ ဘွိုင်လာလဲမီးမထိုး၊ အလုပ်သမားတွေလဲ စက်ရုံ အပြင်မှာ စုစုရုံးရုံး နဲ့ အလကားကောင်''
လိုသာက မြည်တမ်းလိုက်သည်။
သို့သော် ဝီလီယံ၏တစ်ဘက်တစ်ချက်၌ လူစိမ်းနှစ်ယောက်ရပ်နေသည်ကိုပါ မြင်လိုက်ရသည်။ ထိုနှစ်ယောက် သည် အနက်ရောင်ဝတ်စုံများကို ဝတ်ထားပြီး အရေးပါသောအစိုးရအရာ ရှိများနှင့် တူ သဖြင့် လိုသာစိုးရိမ်ထိတ်လန့်သွားသည်။
''အခွန်ကောက်တဲ့သူတွေလား ၊ ဒါမှမဟုတ် တခြားအစိုးရအရာရှိ တွေလားမသိဘူး''
လိုသာ ခပ်တိုးတိုးရေရွတ်လိုက်သည်။ စောစောက ဒေါသစိတ် ပျောက်သွားပြီးစိုးရိမ်ကဲလာသည်။ အစိုးရ လူများက မိမိအတွက် သတင်းကောင်း ယူလာခဲ့သည်ဟု မရှိခဲ့ဖူးပါချေ။
''အင်း...ဒုက္ခပဲ၊ ငါ့မှာလဲ ငါးတန်ျတစ်ထောင်လောက်ကို ချက်ပြုတ်ဖို့ စည်သွတ်ဖို့...'' သူ့အတွေး မဆုံးခင်မှာပင် ရပ်ထားသောမော်တော်ကားများကို တွေ့လိုက်ရသည်။
သူ့အတွေး မဆုံးခင်မှာပင် ရပ်ထားသောမော်တော်ကားများကို တွေ့လိုက်ရသည်။ ကားကနှစ်စီး၊ တစ် စီးက တီပုံစံ ပို့ဒ်ကားဟောင်းကြီး၊ သို့သော် နောက်တစ်စီးကမူ ဖုန်များပေနေသော်လည်း ကားကြီး ကားကောင်း တစ်စီးမှန်း သိသာသည်။ ထိုကား ကိုမြင်လိုက်သည်နှင့် လိုသာ ရင်ထဲ၌ ထိတ်ခနဲဖြစ်သွားပြီး အသက်ရှူမှား လုမတတ် ဖြစ်သွားသည်။
အာဖရိကတိုက် တွင် ဤလိုပုံစံတူကားမျိုး နှစ်စီးမရှိနိုင်ပါချေ။ နှင်းပန်းအဝါရောင် သုတ်ထားသော ကြီး မား သည့် ဒိန်မလာကားကြီးဖြစ်သည်။ နောက်ဆုံးတစ်ကြိမ် ထိုကားကြီးကို သူတွေ့ခဲ့စဉ်က ဝင်းဟုပ်မြို့် ပင်မ လမ်းမကြီး ရှိ “ကုတ်တနေသတ္တုတွင်းနှင့် ဘဏ္ဍာရေးကုမ္ပဏီ”ရုံးရှေ့၌ ရပ်ထားစဉ်ဖြစ်သည်။
ထိုစဉ်က လိုသာသည် ကုမ္ပဏီမှ သူ ချေးယူထားသော ကြွေးငွေကို ပြန်ဆပ်ရန် ရက်တိုးပေးရန် ဆွေး နွေးဖို့ အသွားတွင်ဖြစ်သည်။ လမ်းတစ်ဘက်မှ သူရပ်ကြည့်နေစဉ် ရုံးပေါ်ကျောက်လှေကားမှ သူမ ဆင်း လာသည်။ အနက်ရောင်ဝတ်စုံဝတ် ကုမ္ပဏီဝန်ထမ်းနှစ်ဦးက ဘေးမှခြံရံလိုက်ပါလာသည်။ တစ်ဦးက တံခါးဖွင့်ပေးပြီး ယဉ်မောင်းနေရာ၌ သူမ ဝင်ထိုင်သောအခါ တံခါးပြန်ပိတ်ပြီး ဦးညွတ်အရိုအသေပေး သည်။ အခြားတစ်ဦး က မော်တော်ကားရှေ့သို့ သွားပြီး ဂေါက်ဖြင့် လှည့်ကာစက်နှိုးပေးသည်။
သူမက ကားမောင်းထွက်သွားရာ လိုသာဘက်သို့ ငဲ့စောင်း၍ပင် ကြည့်မသွားပေ။ လိုသာတွင်သာ စိတ် လှုပ်ရှားပြီး တုန်လှုပ်ချောက်ချားကျန်ခဲ့ရသည်။ သူမကို မြင်ရရုံနှင့်ပင် လိုသာ စိတ်ချောက်ချားခဲ့ရသည်။ ဤသည်မှာ တစ်နှစ်ခန့်ရှိခဲ့ပြီ။
ဒီဆေးဗားက ငါးဖမ်းသင်္ဘောကို ဆိပ်ကမ်းသို့ ညင်သာစွာကပ်လိုက်သည်။ မင်းဖရက်က သဘောင်္ဦးမှ နေပြီး ကြိုးတစ်ချောင်း ကို ဆိပ်ခံပေါ်မှ လူတစ်ယောက် ထံ လှမ်းပစ်ပေးလိုက်သည်။
“လိုသာ... ဒီလူတွေက ခင်ဗျားနဲ့စကားပြောချင်လို့တဲ့”
ဝီလီယံ က အောက်မှ လှမ်းအော်ပြောသည်။ ဝီလီယံတွင် ချွေးစေးများပြန်နေသည်။
“ခင်ဗျား မစ္စတာလိုသာ ဒီလာရေးလား”
နှစ်ယောက်အနက် ငယ်သူတစ်ယောက်က မေးလာသည်။ သူဆောင်းထားသော ဦးထုပ်ကိုလည်း အပေါ်သို့ လှန်တင်ပြီး မော့ကြည့်သည်။
“ဟုတ်တယ်၊ ခင်ဗျားတို့က ဘယ်သူတွေလဲ”
လိုသာ က ကျစ်ကျစ်ပါအောင် ဆုပ်ထားသော လက်သီးနှစ်ဖက်ကို ခါးတွင်ထောက်ပြီး ပြန်မေးလိုက် သည်။
“အနောက်အာဖရိက စည်သွတ်နှင့် ငါးဖမ်းကုမ္ပဏီပိုင်ရှင်က ခင်ဗျားလား”
“ဟုတ်တယ်၊ ကျွန်တော် ပိုင်ရှင်ပဲ၊ ဘာကိစ္စရှိလို့လဲ”
“ကျွန်တော် က ဝင်းဟုပ်မြို့ တရားရုံးက တရားသူကြီးပဲ၊ ခင်ဗျားရဲ့ကုမ္ပဏီပိုင်ပစ္စည်းတွေကို သိမ်းဖို့ တရားရုံး က အမိန့် ဟောဒီမှာပါလာတယ်”
ထိုသူက လက်ထဲမှ စာရွက်တစ်ရွက်ကို ဝှေ့ယမ်းပြပြီး ပြောလိုက်သည်။
“သူတို့က စက်ရုံကိုပိတ်လိုက်ကြပြီ၊ ကျွန်တော် ဘွိုင်လာမီးထိုးနေတာလဲ မထိုးရတော့ဘူး”
ဝီလီယံ က လိုသာအားလှမ်းပြောပြီး အောက်သို့ခေါ်သည်။
“ခင်ဗျား တို့ ဒီလိုလုပ်လို့ ဘယ်ရမလဲ၊ ကျွန်တော့်မှာ လုပ်ဖို့ကိုင်ဖို့ ငါး တန်တစ်ထောင်လောက် ပါလာတာ ဗျ”
လိုသာ က ပြန်ပြောသည်။ သူ့မျက်လုံးအစုံ က ဝါထိန်ပြီး ဒေါသထွက်နေသော ကျားသစ်တစ်ကောင်လို ကြောက်စရာကောင်းနေသည်။
“ဒီသင်္ဘောလေးစင်း ကလဲ ကုမ္ပဏီနံမည်နဲ့ပဲ မှတ်ပုံတင်ထားတာ မဟုတ်လား”
တရားသူကြီး က ဆက်ပြောသည်။ ကုတ်အင်္ကျီကြယ်သီးကို ဖြုတ်ပြီး ရင်ဖုံးနှစ်ဘက်ကို ဘေးသို့ဖယ်ကာ ခါးထောက် လိုက်သည်။ သူ့ခါးတွင် သားရေအိတ်ဖြင့် ချိတ်ထားသော ဝန်ဘလေ ခြောက်လုံးပြူးကြီးကို လိုသာ လှမ်းမြင်ရသည်။ ထိုသူက ဆိပ်ခံဘော၌ ဆိုက်ကပ်နေသော အခြားသင်္ဘောများကို လှမ်းကြည့် ပြီး ဆက်ပြောသည်။
“ဒီသင်္ဘောတွေ နဲ့ ကုန်ပစ္စည်းတွေပေါ်မှာ ကျွန်တော့်လက်ထက်က တရားရုံးတံဆိပ်ခပ်နှိပ်လိမ့်မယ်၊ သင်္ဘော တွေ ကိုဖြစ်စေ၊ ငါးတွေကိုဖြစ်စေ ခင်ဗျားရွှေ့ပြောင်းသယ်ယူယင်တော့ ရာဇဝတ်မှုပဲဆိုတာ သတိပေး ထားပါရစေ”
“ခင်ဗျား ကျွန်တော့် ကို ဒီလိုလုပ်လို့ ဘယ်ရမလဲ”
လိုသာ သင်္ဘောပေါ်မှာ ဆိပ်ခံပေါ်သို့တက်လာသည်။ သူ့အသံတွင် ဒေါသသံလွှမ်းနေသည်။
“ဒီ ငါး တွေကို ကျွန်တော် ချက်ပြုတ်စည်သွတ်ရမယ်ဗျာ၊ ခင်ဗျားတို့ နားမလည်ဘူးလား၊ နက်ဖြန်ဆို အားလုံး ပုပ်ပြီး လွှင့်ပစ်...”
“ဒါတွေဟာ ခင်ဗျားငါးတွေ မဟုတ်တော့ဘူး၊ ဒီငါးတွေအားလုံကို ကုတ်ကနေသတ္တုတွင်းနဲ့ ဘဏ္ဍာရေး ကုမ္ပဏီ က ပိုင်သွားပြီဗျ၊ ကဲ လုပ်စရာရှိတာ ဆက်လုပ်တော့”
တရားသူကြီး က သူ့လက်ထောက်ကိုပါ တစ်ဆက်တည်း အမိန့်ပေးလိုက်သည်။ ထို့နောက် ချာခနဲ လှည့် ထွက် သွားသည်။
“အမျိုးသမီး ဒီကိုပါလာသလား”
လိုသာက နောက်မှလှမ်းမေးလိုက်သည်။ တရားသူကြီးက သူ့ဘက်သို့ ပြန်လှည့်ကြည့်သည်။
“အမျိုးသမီး ပါလာတယ် မဟုတ်လား၊ ဟိုကားက သူ့ကားပဲ၊ သူကိုယ်တိုင်လိုက်လာတယ် မဟုတ်လား”
တရားသူကြီး က ပခုံးနှစ်ဘက်တွန့်ပြလိုက်သည်။ ဝီလီယံက ဝင်ပြောသည်။
“ဟုတ်တယ်၊ ပါလာတယ်၊ ကျွန်တော့်ရုံးခန်းထဲကနေ စောင့်နေတယ်”
လိုသာသည် ဆိပ်ခံတံတားပေါ်သို့ တက်သွားသည်။ သူ့လက်သီးအစုံက တိုက်ပွဲဝင်တော့မည့် လူနှယ် ကျစ်ကျစ်ပါအောင် ဆုပ်ထားဆဲရှိသည်။ စက်ရုံလုပ်သားများက တံတားထိပ်မှ သူ့ကိုစောင့်နေကြသည်။
“ဘာဖြစ်နေတာလဲ ဆရာ၊ သူတို့က ကျွန်တော်တို့ကို အလုပ်မလုပ်ရဘူးတဲ့လား၊ ဒါဖြင့် ကျွန်တော်တို့ ဘာလုပ် ရမှာလဲဆရာ”
အလုပ်သမားများက တစ်ယောက်တစ်ပေါက် မေးလာသည်။
“နေကြပါဦး၊ ဒီပြဿနာ ငါရှင်းပါ့မယ်”
“ကျွန်တော်တို့ လုပ်ခ ရမှာလား ဆရာ၊ အိမ်မှာ ကလေးတွေ...”
“မင်းတို့လုပ်ခ ရရစေမယ်၊ ငါ ကတိပေးတယ်”
ကတိပေးလိုက်ရသော်လည်း ဤငါးများ မရောင်းရလျှင် သူ့အဖို့ ပေးစရာမရှိပေ။ လိုသာသည် လူအုပ် ထဲမှ တိုးထွက်ပြီး စက်ရုံထောင့်ချိုးကို ကွေ့ပတ်ကာ မန်နေဂျာရုံးခန်းသို့ ခြေလှမ်းကျဲကြီးဖြင့် လျှောက် သွား သည်။
မန်နေဂျာ အခန်းတံခါး ရှေ့တွင် ဒိန်မလာကားကြီးရပ်ထားသည်။ ကားကြီးရှေ့တွင် ကောင်ကလေးတစ် ယောက် မှီပြီးရပ်နေသည်။ ပြင်းရိငြီးငွေ့နေပုံရသည်။ သူသည် မင်းဖရက်ထက် တစ်နှစ်ခန့်ကြီးနိုင် သည်။ သို့သော် မင်းဖရက်ထက် အရပ်တစ်လက်မခန့်နိမ့်ပြီး ပိန်ပိန်ပါးပါး သပ်သပ်ရပ်ရပ်ရှိသည်။ အဖြူ ရောင် ရှပ်အင်္ကျီ ကို ဝတ်ထားသည်။ အပြာရောင်မျက်လုံး၊ ချောမွေ့သော အသားအရည်တို့ဖြင့် မိန်းမ ချော ချောသည်။
လိုသာ သည် သူ့ကိုမြင်လိုက်သည်နှင့် ခြေလှမ်းတုံ့ခနဲ ရပ်သွားသည်။ သူ့ပါးစပ်မှလည်း အလိုအ လျောက် ထွက်သွားသည်။
“ရှာဆာ”
ကောင်ကလေး က ချက်ချင်းတောင့်ခနဲရပ်လိုက်သည်။ နဖူးပေါ်က မဟူရာကေသာ ပျော့ပျော့ပျောင်း ပျောင်းများ ကို သပ်ထပ်လိုက်သည်။
“ခင်ဗျား ကျွန်တော့်နာမည် ကို ဘယ်လိုလုပ်သိသလဲ”
သူက မေးလာသည်။ သူ၏အပြာရောင် မျက်လုံးအစုံနှင့် အသံတို့က စိတ်ဝင်စားပုံပြနေသော်လည်း သူ့ ကိုယ်သူ ယုံကြည်မှုအပြည့်ဖြင့် လိုသာအား အကဲခတ်လေ့လာနေသည်။
လိုသာ အဖို့ သူ့အမေးကို အဖြေပေါင်းတစ်ရာမက ပေးနိုင်သည်။ စကားလုံးများက သူ့နှုတ်ခမ်းဖျားတွင် စုပြုံ တိုးဝှေ့နေကြသည်။
“ဟိုလွန်ခဲ့တဲ့တစ်ချိန် နှစ်အတော်ကြာတုန်းက မင်းနဲ့ မင်းအမေကို သဲကန္တာရသေတွင်းထဲက ငါ ကယ် တင်ခဲ့ တယ်လေ၊ မင်းကို ငါပဲ တခြားနို့ပြောင်းတိုက်ပြီး နို့ဖြတ်ပေးခဲ့တာ၊ မင်းမွေးခါစက ငါပဲထိန်းခဲ့ရတာ ငါ မြင်းနဲ့ တင်ခေါ်ခဲ့ရတာ၊ တစ်ချိန်တုန်းက မင်းအမေကို ချစ်သလောက်နီးပါး မင်းကို ငါချစ်ခဲ့ရတာ၊ မင်း ဟာ မင်းဖရက်ရဲ့ အစ်ကို၊ ငါ့သားမင်းဖရက် နဲ့ မင်းဟာ အမေတူ အဖေကွဲ ညီအစ်ကို၊ အချိန်တွေကြာခဲ့ ပေမယ့် မင်းကို ဘယ်မှာတွေ့တွေ့ ငါ မှတ်မိပါတယ်ကွာ”
လိုသာ့နှုတ်ဖျားတွင် ထိုစကားလုံးများက တရွရွဖြစ်လာသော်လည်း ထိုသို့မပြောလိုက်ပါချေ။ ထိုစကား များ အစား တစ်မျိုးပြောင်းပြောလိုက်သည်။
“ရှာဆာ ဆိုတာ အာဖရိက လူပုလေးတွေရဲ့စကား၊ ရေကောင်းရေသန့်လို့ အဓိပ္ပါယ်ရတယ်၊ သူတို့ကမ္ဘာ မှာ အဲဒီရေဟာ တန်းဖိုးအရှိဆုံးပစ္စည်းပဲ”
“ဟုတ်ပါတယ်၊ ခင်ဗျားပြောတာမှန်တယ်၊ ဒါပေမယ့် ကျွန်တော်ရဲ့ခရစ်ယန်နာမည်က မိုက်ကယ်၊ ပြင်သစ်နာမည်၊ ကျွန်တော့်အမေက ပြင်သစ်”
ရှာဆာက ခေါင်းညိတ်ပြပြီး ပြန်ဖြေသည်။ ရှာဆာသည် လိုသာကိုကြည့်ပြီး အကဲခတ်နေသည်။ ဒေါသ ကို ချုပ်တည်း ထားရပုံရသည်။ ရက်စက်မည့်ပုံလည်း ပေါ်တယ်။ ခွန်အားရှိမည့် အသွင်လည်းမြင်ရ သည်။ မျက်လုံးရောင် က ကြောင်မျက်လုံးလို အဝါနုရောင်ဖြစ်သည်ကို သတိထားမိသည်။
“မင်းအမေ ဘယ်မှာလဲ”
လိုသာက မေးလိုက်သည်။ ရှာဆာက ရုံးခန်းတံခါးကို တစ်ချက်ဝေ့လိုက်သည်။
“သူ့ကို နှောက်ယှက်တာ ကြိုက်မှာမဟုတ်ဘူး”
ရှာဆာက ပြောလိုက်သည်။ လိုသာက ရှာဆာဘေးမှဖြတ်ပြီး ရုံးခန်းတံခါးဝဆီသို့ လျှောက်သွားသည်။ လိုသာ ကိုယ်မှ ငါးညှီအနံ့များကို ရှာဆာရလိုက်ပြီး ငါးကြေးခွံတချို့ကို လိုသာ့အင်္ကျီပေါ်တွင် တွေ့လိုက် ရသည်။
“တံခါးအလျင် ခေါက်လိုက်ပါဦး”
ရှာဆာစကားကို လိုသာအရေးမထားဘဲ ရုံးခန်းတံခါးကို ဆွဲဖွင့်လိုက်သည်။ ပွင့်သွားသော တံခါးဝတွင် လိုသာ မားမားကြီးရပ်နေသည်။ ရှာဆာက လိုသာကိုကျော်ပြီး အထဲကိုလှမ်းမြင်လိုက်ရသည်။ သူ့အမေ သည် ပြတင်းပေါက်ဘေးကုလားထိုင်တွင် ထိုင်နေရာမှ ရုတ်ခနဲထလိုက်ပြီး တံခါးဘက်သို့ မျက်နှာမူ လိုက်သည်။
သူမသည် မိန်းမပျိုလေးတစ်ယောာက်အလား သွယ်သွယ်လျလျရှိသည်။ အဖုအထစ် အလုံအကြွများ မရှိဘဲ သွယ်လျပြေစင်းနေသော ခန္ဓာကိုယ်ပေါ်တွင် အဝါနုရောင်ဝတ်စုံ ဆင်မြန်းထားသည်။ မဟူရာ ဆံပင်များ ပေါ်တွင် ဦးထုပ်ဆောင်းထားသည်။ မျက်ဝန်းအစုံက ကြီးမားဝိုင်းစက်ပြီး နက်မှောင်နေသည်။
သူမအသွင်နှင့် အဆင်အပြင်က သားထက် သိပ်ကြီးပုံမရလောက်အောင် ငယ်ရုပ်ဆင်နေသည်။ သို့ သော် ခေါင်းမော့ လိုက်သောအခါ သူမမျက်နှာက အသက်မငယ်တော့ပုံကို ပေါ်လွင်လာစေသည်။ လိုသာအဖို့ သူမ သည် တွေ့ဖူးသမျှ လူတွေထဲ၌ ကြောက်စရာအကောင်းဆုံးသူဖြစ်နေသည်။
သူတို့တစ်ယောက် ကို တစ်ယောက် စိုက်ကြည့်နေကြသည်။ နှစ်ဦးသားကွဲကွာသွားပြီးနောက်ပိုင်း နှစ် ကာလများ အတွင်း ပြောင်းလဲသွားပုံများကို အကဲခတ်နေကြသည်။
လိုသာ စိတ်ထဲက ပြောနေမိသည်။
“သူ့အသက် ဘယ်လောက်ရှိပါလိမ့်၊ သြော်... သိပြီ၊ ဒီရာစုနှစ်ရဲ့ ပထမဆုံးတစ်နာရီမှာ မွေးတာဆို တော့၊ အခုရာစုနှစ် သက်တမ်းရောက်သလောက် ရှိပြီပေါ့၊ ဒါကြောင့် သူ့ကို ရာစုမယ် စင်တိန်လို့ နာ မည် ပေးထားတာပဲ၊ ဒီလိုဆိုယင် သူ့အသက် ၃၁ နှစ်ရှိပြီ၊ ဒါပေမယ့် သူ့ကြည့်ရတာ ၁၉ နှစ်သမီးကလေး လိုပါပဲလား၊ သဲကန္တာရမှာ ခြင်္သေ့ကုတ်ခြစ်ရာတွေနဲ့ သွေးအလိမ်းလိမ်း မေ့မြောနေတုန်းက ငါစတွေ့ခဲ့ စဉ် က အတိုင်းပါပဲလား”
တစ်ချိန်တည်းမှာပင် စင်တိန်ကလည်း စိတ်ထဲမှာတွေးနေမိသည်။
“သြော်... သူ အတော်တောင် အသက်ကြီးသွားပြီပဲ၊ သူ့ရွှေရောင်ဆံပင်လှိုင်းတွန့်တွေမှာ ငွေရောင်သန်း လာပြီကော၊ မျက်လုံးနဲ့ ပါးစပ်မှာလဲ အရေးအကြောင်းတွေ ပေါ်နေပြီ၊ အခုဆို သူ့အသက် ၄၀ ကျော် ရောပေါ့၊ အင်း... သူ အလူးအလဲခံခဲ့ရတာကိုး။ ဒါပေမယ့် မလုံလောက်သေးပါဘူးလေ၊ သူ့ကို ငါ မသတ်ဖြစ်ခဲ့တဲ့အတွက်၊ ငါ့ကျည်ဆန်က သူ့နှလုံးသားကို ဖောက်မသွားခဲ့တာပဲ ဝမ်းသာရဦးမယ်၊ အခု သူ ငါ့လက်ခုပ်ထဲ ရောက်လာပြီ၊ ငါပေးမယ့် သင်ခန်းစာကို သူစတင်လေ့လာရတော့မှာ”
စင်တိန်၏စိတ်ထဲမှ တုံ့ပြန်လက်စားချေလိုသော ဆန္ဒကို ဟိုယခင်က ချစ်ခင်ပေါင်းသင်ခဲ့သော ခံစား ချက် နှင့် ရမ္မက်တို့က ရုတ်တရက်လွှမ်းမိုးလာသည်။ စင်တိန်သည် တံခါးဝမှကျော်ပြီး အပြင်ဘက်နေပူ ထဲ၌ရပ်နေသော ရှာဆာကိုမြင်ရသည်။ ရှာဆာက မိမိအား စူးစမ်းသောအကြည့်ဖြင့် ကြည့်နေသည်။ မိမိ၏ စိတ် လှုပ်ရှားပြောင်းလဲနေသော အမူအရာကို ယခုလို ရှာဆာမြင်သွားသဖြင့် စင်တိန်ရှက်သွား သည်။
“တံခါးပိတ်လိုက်.. အထဲဝင်ပြီး တံခါးပိတ်လိုက်”
စင်တိန် က လိုသာကိုအမိန့်ပေးလိုက်သည်။ ထို့နောက် တစ်ဘက်သို့လှည့်ပြီး ပြတင်းပေါက်မှနေ၍ အပြင်ဘက် သို့ စိုက်ကြည့်နေသည်။
သူ့ဘဝပျက်အောင် ဖျက်ဆီးရန် မိမိသံန္ဒိဋ္ဌာန်ချထားသည့် လူတစ်ယောက်ဘက်သို့ ပြန်မလှည့်မီ စိတ် ကိုငြိမ်အောင် ကြိုးစားထိန်းချုပ်လိုက်သည်။
ဆက်ရန်
.
No comments:
Post a Comment