Tuesday, October 11, 2011

စာရေးဆရာ ကိုအောင်ဆန်း အပိုင်း (၂၇)

အနုပညာနှင့်ဗိုလ်ချုပ်

ဗိုလ်ချုပ်အောင်ဆန်း ကို နာမည်သာကြားဖူးကြသူများသည်လည်းကောင်း၊ လူကိုယ်တိုင် သိကျွမ်းခဲ့သူ များသည်လည်းကောင်း၊ သူလို စိတ်မြန်ကိုယ်မြန် ဒေါသကြီးတတ်သူအဖြစ်၊ လောကကြီးအား တိတိကျ ကျ မာကျောသော အကောင်အထည်ရုပ်ဝါဒမျက်စိဖြင့် ကြည့်တတ်သူတစ်ယောက်အဖြစ်သာ ထင်မြင် ကြ၊ သိကြပေသည်။ သို့ရာတွင် စာပေကဗျာ၊ ဂီတ၊ တူရိယာစသော ယဉ်ကျေးမှုအနုပညာနှင့်ပတ်သက် ၍ သူ၏ အယူအဆသဘောတရားများကိုသာ သိသူအတော်ရှားပေလိမ့်မည်။

တက္ကသိုလ်ကျောင်းသား ဘဝက ခေါင်းစုတ်ဖွားနှင့် အဝတ်အစား ဘယ်ခါမှ သပ်သပ်ရပ်ရပ် ဝတ်လေ့ မရှိသည့်အပြင်၊ “ဒီအောင် ဆန်းဆိုတဲ့ ငတိဟာနည်းနည်းမှ (ဆိုရှယ်)ဖြစ်တာ မဟုတ်ဘူးကွ”ဟူ၍ ကောလိပ်ကျောင်းသူ နှင့် ကျောင်းသားများ အပြင်းအထန်ပွက်ကြ ဂေါ်ကြသည်ကို “ဆိုရှယ်” ဖြစ်သည် ဆိုကာ ခေတ်စားနေချိန် က တက္ကသိုလ်ဗဟိုထမင်းစားခန်းမကြီး၌ သူထိုင်စားနေသော စားပွဲခုံသို့ အခြား ကျောင်းသားပင် ဝင်မထိုင် ဘဲ ရှောင်သွားခြင်းခံရသော ကိုအောင်ဆန်းသည် ကျောင်းသားဘဝကပင် နိုင်ငံရေးနယ် သို့ စိတ်ရော ကိုယ်ပါ ရောက်နေခဲ့လျှက်၊ သူ၏ရှိသမျှအချိန်၌ တက္ကသိုလ် သမဂ္ဂမျှော်စင် မှနေ၍ မျက်စိတစ်ဆုံး မိုး ကတ်ုစက်ဝိုင်းတွင် ဗမာ့လွတ်လပ်ရေးအလင်းရောင်ကို မြင်လိုဇောဖြင့် တစ်ပင် တစ်ပမ်း မျှော်ကြည့်နေခဲ့ ရှာသည်သာမက ဂျပန်တစ်ခေတ်လုံး တွင် လည်း ကျွန်ုပ်တို့၏ ကျွန်ခေတ် သမိုင်း တွင် ပထမအကြိမ် ဗမာ့ လက်နက်ကိုင်တပ်မတော်ကြီးကို တည်ဆောက်ခဲ့ပြီးနောက် ဖက်ဆစ် တော်လှန်ရေး စစ်ဆင်မှုများ၌သာ အလုပ်များခဲ့ရှာလေသည်။

ထို့နောက် ကမ္ဘာစစ်ကြီးအပြီးတွင်ကား ဖဆပလတပ်ဦးကြီးကို တစ်ဖန် ပဲ့ကိုင်ခေါင်းဆောင်ရပြန်ကာ နောက်ဆုံး လူမသမာတို့၏လက်ချက်ဖြင့် အနိစ္စရောက်သွားရသည့်တိုင် အောင် တိုင်းပြည်တာဝန်ကို အချိန်ပြည့် ရွတ်ချွန်စွာ အမှုထမ်းခဲ့ရသူကား သူလိုလူထုခေါင်းဆောင်ကြီး တစ်ဦးသည် လူထုထဲမှ ပုဂ္ဂိုလ်တယောက် ကဲ့သို့ ကဗျာနှင့်စာပေအကြောင်း၊ သီချင်းဂီတအကြောင်း ရုပ် ရှင်နှင့်ပြဇာတ် အကြောင်း များကို လေ့လာသုံးသပ်ခြင်း၊ ဆွေးနွေးဝေဖန်ခြင်းများပြုနိုင်ရန် ခဲယဉ်းလှသ လောက်၊ ဗိုလ်ချုပ် ကိုယ်တိုင်ကလည်း အလျဉ်းဝါသနာပါမည်မဟုတ်ဟု အားလုံးက ထင်မြင်ခဲ့ခြင်းပင် ဖြစ်ပေသည်။
သို့သော် သည်လောက်လည်း မဟုတ်သေးပါ။

တိုင်းပြည်ခေါင်းဆောင် ဗမာ့တပ်မတော်၏သေနာပတိဟောင်း ဗိုလ်ချုပ်အောင်ဆန်းသည် ကျွန်ုပ်၏ ယခင်ဆောင်းပါးများတွင် ဖော်ပြထားသည့်အတိုင်း လူသာမန်တို့၏နူးညံ့သိမ်မွေ့သော စိတ်ထားများ ယဉ်ကျေးမှု အနုပညာကို သုံးသပ်လိုစိတ်များ ချို့တဲ့ကင်းမဲ့ခြင်းမရှိသော “လူ-အောင်ဆန်း”လည်း ဖြစ်ပါ သည်။
၁၉၄ ခု၊ ဒီဇင်ဘာလ တစိမ့်စိမ့်အေးလှသော အခါသမယဖြစ်သည်။ မိတ္ထီလာမှ တောင်ကြီးသွား မော် တော်ကား လမ်း ပေါ်တွင် တောင်ကမ်းပါးယံများကို ဝင်္ကဘာလှည့်သကဲ့သို့ ကွေ့ကောက်လျက်ရှိသော “စတေရှင်ဝက်ဂွန်း” ကားစိမ်းတစ်စီးတွင် ကျက်သရေရှိလှသော ကြယ်ဖြူနှင့် အနီရင့်ရောင် ဖဆပလ အလံတစ်ခု လွှင့်ထားသည်ကို အခြားခရီးသွားမော်တော်ကားများက သတိပြုမိကြလေသည်။ ထိုအချိန် က ဖဆပလ အလံတော်ကို မော်တော်ကား၌ လွှင့်ထူလေ့ရှိသူ တစ်ဦးသာရှိသည်။ ထိုသူကား ဖဆပလ အဖွဲ့ချုပ် ဥက္ကဌ ဗိုလ်ချုပ်အောင်ဆန်းပင်တည်း။

ဒီဇင်ဘာက ၂၃ ရက်နေ့က သံဖြူဇရပ်တွင် ကျင်းပခဲ့သည့် ကျဆုံးခဲ့ရသော စစ်သည်တော်များ အလေး ပြုပွဲ အခမ်းအနား သို့ တက်ရောက်ရင်း တနင်္သာရီတိုင်း ကရင်အမျိုးသားများ နှစ်ပတ်လည်ပွဲကျင်းပရာ ကပ္ပလီရွာ သို့ ပင်ပန်းစွာသွားခဲ့ပြီးနောက် ကရင်နှစ်သစ်ကူးပွဲအမီ ကရင်နီနယ် လွိုင်ကော်မြို့သို့ ခရီး ပြင်းနှင်ရန် အတွက် ရန်ကုန်မြို့မှ မိတ္ထီလာသို့ ဝေဟင်ခရီးဖြင့်လာခဲ့ပြီး မိတ္ထီလာမှတစ်ဆင့် ရှမ်းပြည်သို့ ကား နှင့် တက်နေခြင်းဖြစ်လေသည်။

တနင်္သာရီတိုင်းတွင် ဆင်းရဲပင်ပန်းစွာ ခရီးကြမ်းများသွားခဲ့ရသော ဗိုလ်ချုပ်မှာ သင်းပြန့်သော ထင်းရူး ပင်နံ့များ လှိုင်နေသည့် ရှမ်းကုန်းမြင့်ဒေသမှ လေကောင်းလေသန့်များကို ရှုရှိုက်ရသောအခါ တိုင်းပြည် ရေးရာ ကိစ္စများဖြင့် အလုပ်အလွန်များခဲ့သော သူ၏ဦးနှောက်တွင် အနည်းငယ် ကြည်လင်၍လာဟန်ရှိ လေသည်။ သူ၏စိတ်ထဲဝယ် သည်တစ်ခါ ရှမ်းပြည်တက်ရသည်မှာ ပို၍ပျော်စရာကောင်းလျက် ကား လမ်းဘေး တစ်ဖက် တစ်ချက် တွင် ရံလျက်ရှိသော တောင်တန်းကြီးများ၊ သစ်ပင်ဝါးပင်များ၏ရှုမျှော်ခင်း များသည် ပို၍သာယာသည်ဟု ထင်မြင်မိလေသည်။ အကြောင်းမူကား အခု တစ်ကြိမ်ခရီးထွက်ရာ၌ သူ၏ နံဘေးတွင်ကပ်လျက် ချစ်ဇနီး ဒေါ်ခင်ကြည်သည် လိုက်ပါလာသောကြောင့်ပေတည်း။

ဥပမာ လမ်းခရီး ၌ နှာစေးချောင်းဆိုးမှစ၍ နေထိုင်မကောင်းဖြစ်ပါခဲ့လျှင် သူနာပြုအတတ်၌ ဝါရင့်ပြီးဖြစ် သော ဆရာမဒေါ်ခင်ကြည်က သူ့အား ပြုစုယုယလိမ့်မည်ဖြစ်သတည်း။
“ဂန္ဓမာတောင်၊ လှိုင်ချောင်းမုတ်နန်းဆီ ဂုမ္ဘာန်တစ်ထောင် စောင့်ကြပ်ကာဆီးသည် နတ်ပန်းလေးနဲ့... နတ်ပန်း ကလေးနဲ့ သဏ္ဌာန်တူသည်... လေယူရာသင်း မွှေးလို့လှိုင်ကြည်... ဘုန်းသမ္ဘာရှင် မျှော်ကိုး ကာ စောင့်ခဲ့ပြီ”
လား... လား... မော်တော်ကားသည် ကလောမြို့သို့ နီးလာလျက် ပတ်ဝန်းကျင် ရှုမျှော်ခင်းမှာလည်း ပိုမိုစိမ်းစို သာယာလေရာ၊ ဗိုလ်ချုပ်မှာ သူ၏လက်ဝဲဘက်ရှိ ချစ်ဇနီး၏ပေါင်ကို လက်ဝါးဖြင့်ပုတ်ခါ၊ စည်း ချက်လိုက်ရင်း... အထက်ပါ မသန်းအေး၏မြပန်းခွေသီချင်းကို တူရိယာမဆန်သော သူ၏အသံသြကြီး ဖြင့် သီဆို နေခြင်းဖြစ်လေသည်။

ကျွန်ုပ်သည် မော်တော်ကားရှေ့ဆုံးတန်းမှစ၍ ဗိုလ်ချုပ်နောက်တည့်တည့်တွင်ထိုင်ကာ ခတ်ကုပ်ကုပ် လိုက်ပါ လာသော သတင်းထောက်ကြီး ဦးပုကလေးအား လှမ်းကြည့်လိုက်ရာ၊ အဘိုးကြီးက ပြုံးစိစိနှင့် သူ၏ ကော်ကိုင်း မျက်မှန်ကြီးထဲမှ မျက်စိတစ်ဖက်မှိတ်၍ ပြလိုက်လေသည်။

ဗိုလ်ချုပ်သည်လို သီချင်းဆိုသည်ကို ဘယ်သူကယုံမည်နည်း။ တက္ကသိုလ် အင်းဝဆောင်တုန်းက ကျွန်ုပ်မိတ်ဆွေတစ်ဦးသည် ကျွန်ုပ်တို့တတွေ တူရိယာဂီတ တီးမှုတ်သီဆိုသမျှ အနားမှလာ၍ နား ထောင် လေ့ ရှိ၏။ သူကိုယ်တိုင်ကား ဘယ်တော့မှ သီချင်းဆိုလေ့မရှိ၊ သူများက ဆိုခိုင်း၍လည်းမရ၊ ရေ ချိုးခန်းတွင် လူတကာ နင်းအော်လေ့ရှိသလောက် ထိုသူမှာ ရေချိုးရာတွင် သီချင်းတစ်ပုဒ်မှ ငြီးလေ့ရှိသူ မဟုတ်ပေ။ အကြောင်းကိုမေးသောအခါ “ကျွန်ုပ်အသံက သီချင်းဆိုလို့ကို မဖြစ်လို့ပါ”ဟု အဖြေပေး လေသည်။ ၎င်းမိတ်ဆွေကဲ့သို့ လူမျိုးအများပင်ရှိလေသည်။ ထိုသူများနှင့်စာလျှင် ဗိုလ်ချုပ်ခမျာ သူစိတ် ကူးရသည့် အခါ သီချင်းဆိုဖော်ရ၍ တော်လှပြီမဟုတ်ပါလော။

“ဒိုရာသန်းအေး အသံကလေးကတော့ အတော်ကောင်းတယ်ကွ၊ ငါတော့ သူ့အသံရယ် မေရှင်အသံ ရယ် အကြိုက်ဆုံးပဲ”ဟု ကလောမြို့အဝင်တွင် ဗိုလ်ချုပ်က လုပ်လိုက်သေးသည်။
ကိုင်း ကဗျာမဆန်၊ တူရိယာမဆန် အနုပညာနှင့် ဘယ်လိုမှဆက်စပ်၍မရသော ဗိုလ်ချုပ်အောင်ဆန်း သည် ယခု သူ့စိတ်ထဲတွင် ထင်မြင်သည့်အတိုင်း။ ဗမာတူရိယာ တေးသံရှင်များကို ထုတ်ဖော်ဝေဖန် လိုက် လေပြီ။ “ဘိလပ်ပြန်သန်း”နှင့် “မေရှင်”တို့၏ ညုတုတု တေးသီသံသည် စိတ်ကူးယဉ်ကာ ရူးနေ သော လူပျိုပေါက် ကောင်ကလေး များကဲ့သို့ပင် ဗိုလ်ချုပ်ကြီးအား နားဝင်ပီယံဖြစ်ကာ၊ ဘဝင်နှလုံးရွှင်ပြုံး စွဲမက် စေခဲ့ပေသည်။

၎င်းအကြိမ်တွင်သာမဟုတ် သူခရီးထွက်တိုင်းလိုပင် စိတ်ကူးပေါက်သည့်အခါ သူရသလောက် တစ်ပိုင်း တစ်စ ကာလပေါ်တေးချင်းများကို သူ၏အသံသြကြီးများဖြင့် ညည်းလေ့ရှိကြောင်း သူနှင့်အမြဲလိုလိုပါ သော ရဲဘော်ဗိုလ်မင်းလွင်၊ ဒရိုင်ဘာနှင့် သတင်းထောက်ကြီး ဦးပုကလေးတို့သည် ကောင်းစွာသတိ ထားမိကြ လေကြသည်။
၁၉၄၇ ခုနှစ် နွေဦးတွင် ရွေးကောက်ပွဲများမတိုင်မီ ဖဆပလအမတ်လောင်းတွေ မဲရဖို့အတွက် ဗိုလ်ချုပ် သည် မြိတ်မှ မြစ်ကြီးနားထိအောင် ခရီးပြင်းများ ဒရကြမ်းသွားကာ ပင်ပန်းဆင်းရဲစွာ မဲဆွယ်ခဲ့ရသည် ကို စာဖတ်သူ များ မှတ်မိပေလိမ့်မည်။ ဗန်းမော်မှ ကသာသို့ ဧရာဝတီမြစ်ကြောင်းမှ စုန်ဆင်း၍လာစဉ်၊ သာယာ စိမ်းစိုသော အထက်အညာမှ ဧရာဝတီပတ်ဝန်းကျင်ရှိ ကြည်နူးဖွယ်ရှုမျှော်ခင်းများကို ကြည့်ရင်း လက်ဝဲ သုန္ဒရ ရေး မဲဇာတောင်ခြေရတုကြီးကို ဗိုလ်ချုပ်သည် တစ်ပိုင်းတစ်စ ညည်းခဲ့သေးသည်။

“လှေကလေးကို လှော်မည်၊ ဘေးမသန်းဘဲ အေးချမ်းတော့သည်”ဟူသော မသန်းအေး၏သီချင်းသည် လည်းကောင်း၊ “လှိုင်းကလေးတွေ ဖွေးလို့ရယ် မြစ်ဧရာပြင်ဝယ်”ဟူသော မေရှင်၏တေးသွားသည် လည်းကောင်း၊ ဗိုလ်ချုပ် ခဏခဏ ငြီးလေ့ရှိသော သီချင်းတစ်ပိုင်းတစ် အချို့ပင်တည်း။

“သစ္စမဏ္ဍိုင် မြဲခိုင်ခဲ့ပေ၊ မေတ္တာမိုးတွေ သွန်းဖြိုးရွာစေ” ချီပြည်လှဖေနှင့် မေရှင်တို့စုံတွဲညုသော (သက် ဝေ)သီချင်းကား ဗိုလ်ချုပ်သဘောအကျဆုံး ကာလပေါ်သီချင်းတစ်ပုဒ်ဖြစ်ပေသည်။ သက်ဝေသီချင်း ရေဒီယိုမှ လာခိုက် တွင် သူအိမ်မှာရှိသည့်အခါများ၌ အိပ်ရာပေါ်တွင် မှိန်း၍ ဇိမ်နှင့်နားထောင်လေ့ရှိ သည်။ တော်လှန်ရေးတုန်းက ဧရာဝတီမြစ် အနောက်ဘက်ကမ်း သရက်ချောင်းရွာကလေးတွင် ရှေ့ တန်း စစ်ဌာနချုပ် ခေတ္တရုံးစိုက်ထားစဉ် မိုးမှာဖြောက်ဖြောက်ရွာနေသော ပျင်းရိငြီးငွေ့ဖွယ် တစ်ညနေ၌ ဗိုလ်ချုပ် က ကျွန်ုပ်အား (သက်ဝေ)သီချင်း သီဆိုခိုင်းခဲ့သည်ကို ကျွန်ုပ်မှတ်မိပါသေးသည်။

၁၃၀၉ ခုနှစ် မိုးဦးကျတစ်ညသ၌ ဗိုလ်ချုပ်သည် အိပ်ရာပေါ်တွင် လဲလျောင်းကာ အပန်းဖြေရင်း ရေဒီယို ကို သူ၏ဇနီးက ဖွင့်လိုက်ရာ “ဓူဝံကြယ်မြေမှခကြွေ ကောင်းကင်မှာ နေလတွေကွယ်စေ”အစချီသော သက်ဝေ သီချင်း ၏(Chorus) အပိုဒ်ကလေးကို စတင်ကြားရသဖြင့် ဗိုလ်ချုပ်မှာ သူ့အကြိုက်သီချင်းဖြစ် ၍ အထူးဂရုစိုက်ကာ နားထောင်လေသည်။ “ခိုင်းတော့သက်ဝေ အချစ်စမ်းချင်စမ်း မစမ်းချင်နေ ထူးတဲ့ ခင်မင်တာတွေ အသက်ကိုစွန့်ရတာတောင် မငြိုငြင်ဘူးရှင့် အသင့်လိုရာစေ” ဟူသော မေရှင်၏သစ္စာ တိုင်ချက် ကလေး များကို သူ့စိတ်ထဲမှာ ယုံချင်သလိုလို၊ သဘောကျချင်သလိုလိုဖြစ်နေလေသည်။ တူရိ ယာသံ ဆုံးသွားပြီးနောက် တက္ကသိုလ်နေဝင်း အပျော်တမ်းအဖွဲ့မှ ကာလပေါ်သီချင်းများဖြင့် ဖျော်ဖြေ၍ ပြီးဆုံးကြောင်း ကျေညာချက်ကိုကြားရသောအခါတွင်ကား ဗိုလ်ချုပ်မှာ အံ့အားသင့်သွားလေသည်။

နောက်တစ်နေ့မနက် ထမင်းစားပွဲတွင် ကျွန်ုပ်နှင့်ဆုံရာ သူက-
“ဟေ့ကောင် ညက မင်းတို့ တူရိယာဝိုင်း အတော်ဟုတ်သားပါကလား၊ သက်ဝေသီချင်းဆိုတာ ဘယ်သူ လဲ၊ ငါဖြင့်တကဲ့ မေရှင်ဓါတ်ပြားမှတ်လို့”ဟု မေးလိုက်သည်။
“ဆိုတာကတော့ ကျွန်တော့်မိန်းမ ပဲ ဗိုလ်ချုပ်၊ စန္ဒယားက ဒဂုန်တာရာ၊ တယော က ကျွန်တော်ပဲ”
“ဟေ ဟုတ်လား၊ ဒီလိုဆိုတော့ အနိပ်သားပဲကွ၊ အေး လကွာ ငါ့မိန်းမကိုလည်း သီချင်းဆိုသင်ခိုင်းဦးမှ ပဲ”ဟု ရယ်သွမ်းသွေးရငး အနီးရှိ ဒေါ်ခင်ကြည်ဘက်သို့လှည့်၍ ပြောလိုက်ရာ ဇနီးဖြစ်သူက-
“အမလေး မလုပ်ပါနဲ့တော်၊ မေရှင်တို့ ဒိုရာသန်းတို့ ဓါတ်ပြားတွေနားထောင်ပြီး သဘောကျနေတော် ရောပေါ့”ဟု ပြန်ပြောလိုက်လေသည်။

သူ့တပည့် ရဲဘော်တစ်ယောက်၏ဇနီးက ရေဒီယိုမှ အသံလွှင့်သီချင်းဆိုကြောင်း သိရသောအခါ၊ သူ၏ ဇနီးကိုလည်း သီချင်းဆိုတတ်စေချင်သည့် အားကျစိတ်များရှိကြောင်း ရယ်သလို မောသလိုနှင့် သူ ထုတ်ဖော်ပြောလိုက်ခြင်း ဖြစ်လေသည်။

သည်ဟာကော သဘာဝကျသော လူစိတ်၊ အနုပညာ၌ ဝါသနာထုံသော စိတ်များမဟုတ်ပါလော။
(သက်ဝေ)သီချင်းကို ဗိုလ်ချုပ် ဘယ်လောက်ထိအောင်စွဲခဲ့သနည်းဆိုသော် ၁၉၄၇ ခုနှစ်ဆန်းက သူ ဘိလပ်သို့ရောက်သွားစဉ်၊ သူ့အသည်းစွဲအဆိုတော်တစ်ဦးဖြစ်သူ “ဒိုရာသန်းအေး”ကို လန်ဒန်မြို့၌သွား တိုးလေရာ ဗမာကိုယ်စားလှယ်အဖွဲ့ဝင်များ ဆွေးနွေးပွဲအပြီး ဗမာပြည်မပြန်မီညက (ဒေါ်ချက်စတာ) ဟော်တယ်၌ ညစာစားပွဲကျင်းပရာ၊ ထိုညက “ဘိလပ်ပြန်သန်း”သည်လည်း ဗိုလ်ချုပ်၏ဘေးတွင် ကပ် လျက်ထိုင်နေသည်ကို တွေ့ရလေသည်။

ထမင်းစားပွဲအပြီးတွင် ထုံးစံအတိုင်း အဆိုကျော် ဒေါ်သန်း အေးအား သူ၏ချိုတေးသံသာဖြင့် ဖြေဖျော်ရန် ဝိုင်း၍ပွဲတောင်းကြလေသည်။ မသန်းအေးမှာ သူ၏ဖေး ဖရိတ် သီချင်းများဖြစ်ကြသော မြပန်းခွေ၊ မိဖုရားစော၊ ဟေဝန်နန်း၊ မိန်းမမြတ်တို့ကို တစ်ပုဒ်ပြီးတစ်ပုဒ် ဆိုပြပြီးနောက် အနီးဆုံးလူဖြစ်သော ဗိုလ်ချုပ်က-
“ဒိုရာ ဟိုသီချင်းဟာလေ ဓူဝံကြယ်မြေမှာခကြွေ အဲ အဲ သက်ဝေသီချင်းဆိုစမ်းပါ”ဟုဝင်၍ အော်ဒါပေး လိုက်သဖြင့် မသန်းအေးခမျာမှာ မနေသာဘဲ သူ့သီချင်းလည်းမဟုတ်၊ သူဆိုနေကျလည်းမဟုတ်၊ ဗမာ သံသက်သက်ဖြစ်သော မန္တလေးမြို့မငြိမ်း ရေး သက်ဝေသီချင်းကို ဆိုပြရလေတော့သည်။

သံပြိုင်ဆိုရမည့် “ဓူဝံကြယ် မြေမှာ ခကြွေ” အပုဒ်သို့ ရောက်လေလျှင် မသန်းအေးသာမဟုတ်၊ ဗိုလ်ချုပ် ကိုယ်တိုင်ကို ပါဝင်၍ သံပြိုင်ဆိုနေကြောင်း တွေ့ရသဖြင့် ကျွန်ုပ်တို့တတွေမှာ သဘောမကျဘဲ မနေနိုင် တော့ချေ။

အခြားနိုင်ငံရေးခေါင်းဆောင်များနှင့်မတူသော နောက်တစ်ချက် ဗိုလ်ချုပ်မှာရှိသေးသည်။ ယခုခေတ် တွင် လူငယ်နိုင်ငံရေးသမားများပင် ပျော်ရွှင်မှုတစ်ခုဖြစ်သော ရုပ်ရှင်ပြဇာတ်နှင့် ပွဲလမ်းသခင်များသို့ မှန် မှန်သွားလေ့မရှိကြချေ။ အချို့က ဝါသနာမပါ၊ အချို့က အချိန်ဖြုန်းသည်ထင်၍ မသွားကြခြင်းဖြစ်လေ သည်။ ဗိုလ်ချုပ်ကတော့ ရုပ်ရှင်ပြဇာတ်များကို မှန်မှန်ကြီးကြည့်လေ့ရှိသည်။
ရုပ်ရှင်ဆိုလျှင် စစ်မဖြစ်မီ လူမွဲနိုင်ငံရေးသမား သခင်အောင်ဆန်းဘဝက တစ်မတ်တန်းတိုး၍ ကြည့်ခဲ့ သည်မှအစ၊ နောက်ဆုံး သူမသေမီအထိ ရုပ်ရှင်ကားကောင်းများကို သူမလွတ်တန်းကြည့်ခဲ့၏။ နက်နဲ သိမ်မွေ့သော စိတ္တဗေဒနှင့်ယှဉ်သည့် ဇာတ်ကားများ (Character Story) သရုပ်ပြဇာတ်လမ်းများ၊ ရာဇ ဝင်သမိုင်းကို နောက်ခံကားပြုသည့်ရုပ်ရှင်များကို သူ အထူးသဘောကျလေသည်။
စစ်မဖြစ်မီက ရန်ကုန်တွင် ပြသွားသော Wuthering Heights.Rebecca.Gone With the Wind. Lady Hamilton. Waterloo Bridge. The Good Earth Suez စသည်တို့မှာ ဗိုလ်ချုပ်နှစ်သက်သော ရုပ်ရှင် အချို့ပင်တည်း။

၁၉၄၇ ခုနှစ်ဦးက ရန်ကုန်တွင်ပြသော စပိန်ပြည်တွင်းရေးစစ်ကို နောက်ခံကားပြုသည့် (For Whom The bell tolls) ဇာတ်ကားကိုကား ဗိုလ်ချုပ် အထူးသဘောကျလေသည်။
ဟာသနှင့်ယှဉ်သော ဇာတ်ကားများကိုလည်း သူကြည့်လေ့ရှိ၏။ ခေတ်သစ်လူရွှင်တော်များဖြစ်သော Bod Abbot နှင့် Lot Costello Red Skelton တို့ပါဝင်သော ဇာတ်ကားများကို သူ အတော်ကြိုက်လေ သည်။
စစ်အတွင်းက စတင်ခေတ်စားလာသော ဗမာပြဇာတ်များကိုလည်း ဗိုလ်ချုပ်သည် စိတ်ဝင်စားခဲ့လေ သည်။ မြိုင်အဖွဲ့၏ (ဤစစ်ကြီးမှာ) (ဗမာသွေးခဲ)ပြဇာတ်များမှအစပြု၍ ရန်ကုန်တွင်ကသော ပြဇာတ် ဟူသရွေ့ကို မလွတ်တမ်းကြည့်ခဲ့လေသည်။

ရုပ်ရှင်ပြဇာတ်သည် တိုင်းပြည်ရေးရာနှင့် နိုင်ငံရေးဗဟုသုတကို လူထုသို့ဖြန့်ချိရာ၌ အကောင်းဆုံး ယန္တရားလက်နက်တစ်ခုဖြစ်ကြောင်းကို တက္ကသိုလ်သမဂ္ဂဘဝထဲက ယူဆခဲ့သာ ဗိုလ်ချုပ်သည် ဘဆွေ လေး၏(စစ်ပြန်) ပြဇာတ်ကို ကြည့်ရသောအခါ၌ကား ၎င်းသူ၏ယူဆချက်ကို တစ်ထစ်ချ ယုံကြည်မိ လေတော့၏။
ဗမာ့ရုပ်ရှင်နှင့် ပြဇာတ်လုပ်ငန်း၌ ဗိုလ်ချုပ်မည်မျှစိတ်ဝင်စားခဲ့ကြောင်းကိုကား ရုပ်ရှင်နှင့်ပြဇာတ်အစည်း အရုံးကြီး၏အမှုဆောင်အဖွဲ့ဝင်များ အသိဆုံးဖြစ်ပေသည်။

တစ်ခါသော် ဗိုလ်ချုပ်သည် ရယ်စရာဇာတ်ကားကြည့်ချင်သည်ဆိုပြီး လော်ရယ်နှင့် ဟာဒီတို့ပါဝင်သော (Beau Aunks)ရုပ်ရှင်သွားကြည့်၍အပြန်တွင် ကျွန်ုပ်က-
“ဘယ့်နှယ့် ဗိုလ်ချုပ် ကောင်းရဲ့လား”ဟု မေးရာ-
“ဟာ မနိပ်ပါဘူးကွာ ဒီကောင်တွေ ရယ်စရာလုပ်တာကလည်း သဘာဝမကျတဲ့ (Very silly jokes)ဟာ တွေချည်းပဲ ငါဖြင့် ဒို့ဗမာ လူရွှင်တော်ဖိုးပါကြီး လောက်ကို ကောင်းတယ်မထင်ဘူး”ဟု ဝေဖန်လိုက်လေ သည်။ ဟုတ်ပါသည် မြိုင်ပြဇာတ် အဖွဲ့ မှ မျက်မှန်ဝိုင်းကြီးနှင့် ဖိုးပါကြီးသည် နိုင်ငံရေးကိစ္စတွေကြောင့် အလုပ်များသော ဗိုလ်ချုပ်၏ဦးနှောက်အား ကြည်လင်ရွှင်ပြစေသည့် ပျော်တော်ဆက်တစ်ဦးဖြစ်ပေ သည်။ ဖိုးပါကြီးပါဝင်သည့် ပြဇာတ်များတွင် ဗိုလ်ချုပ်သည် (မြိုင်ရုံ)ရှေ့ဆုံးတန်းမှ ထိုင်ကြည့်လျက် ဖိုး ပါကြီး အမူအရာပြက်လုံးများကို အားရပါးရ ဘေးလူတွေအားလုံးထက်ကျယ်အောင် ရယ်မောသဘော ကျလေ့ရှိကြောင်းကို မြိုင်ရုံပရိသတ်နှင့်တကွ ဗိုလ်ချုပ်ရှေ့တွင် ကပ်လျက်ရှိသော (ရွှေပြည်ဧ)တို့ တီး ဝိုင်း မှ လူများ ကောင်းကောင်းကြီး မှတ်မိကြပေလိမ့်မည်။

ဒုတိယကမ္ဘာစစ်ကြီးအပြီး စာပေငတ်လျှင် ရှိသောခေတ်တွင်ပေါ်ထွက်လာသည့် ဇဝနဂျာနယ် ပထမစာ စောင်တွင် ဗိုလ်ချုပ်၏တစ်ကြောင်းဆွဲပုံတစ်ခုပါလေသည်။ ၎င်းပုံကို ဆွဲသူ၏အမှတ်အသားကား ပုံ အောက်နားတွင် (Z)အင်္ဂလိပ် အက္ခရာတစ်ခုပင်ဖြစ်လေရာ ၎င်းပုံဆွဲသူမှာ အခြားမဟုတ် ဟာသဝိဇ္ဇာဇ ဝန ကိုယ်တိုင်ပင်ဖြစ်ကြောင်း သိရသောအခါ ဗိုလ်ချုပ်မှာ အလွန်သဘောကျခဲ့လေသည်။
“ဒီဇဝနဆိုတဲ့ငတိဟာ စာအရေးသားမှမဟုတ်ဘူး၊ ကာတွန်းဆွဲလည်း မခေဘူးကွ၊ ပန်းချီပညာမြောက် တဲ့ အစွမ်းအစသူ့မှာရှိတယ်၊ ဒါပေမဲ့ ဒီလူ့နှယ် ကောင်းကောင်းမနေဘဲ တေတာက ခက်တယ်”ဟု ဂရုဏာ ဒေါသဖြင့် သူ မှတ်ချက်ချခဲ့ဘူးလေသည်။

ဗိုလ်ချုပ်က ပန်းချီဘက်၌လည်း လုံးဝဝါသနာမပါသူ မဟုတ်ချေ။ ဗမာဝတ္ထုမဂ္ဂဇင်းတွင်ပါသော ပန်းချီ ရုပ်များကို သူ သေသေချာချာကြည့်ကာ ဝေဖန်လေ့ရှိသည်။
“ဒီပုံက အင်္ဂလိပ်မမျက်နှာကိုကူးဆွဲပြီး ဗမာဆံထုံးတပ်ထားတာပဲကွ”ဟူ၍ တစ်ခါက(ကောလိပ်ကျောင်း သား)ဝတ္ထုစာအုပ်မျက်နှာဖုံးမှ မိန်းမရုပ်တစ်ခုကြည့်ရင်း ဝေဖန်ခဲ့ဖူးလေသည်။
မင်းသုဝဏ်ရေးပြီး ဆရာဦးခင်ဇော် တူရိယာသံသွင်းသော (မောင်ခွေးဘို့) ကလေးချော့စာအုပ်မှ ဆရာ ဦးဘဉာဏ်၏ပုံများသည် တကယ့်အဆင့်အတန်းမြင့်သော ပန်းချီဂုဏ်မြောက်ပုံများဖြစ်ကြောင်းကို ဗိုလ် ချုပ်သည် ကောင်းစွာသိခဲ့သည်။ ထို့ကြောင့် ပန်းချီလက်ရာကောင်းများ၏အရသာကို သုံးသပ်ခံစား တတ်သည့် (Sense of Appreciation) အရည်အချင်း သူ့မှာရှိကြောင်း ကျွန်ုပ်တို့ ဆိုဝံ့ပေသည်။
ဆရာဦးငွေကိုင်၊ ဦးဗကြည်တို့၏လက်များကိုလည်း ဗိုလ်ချုပ် မကြခဏ ချီးမွမ်းလေ့ရှိသည်။

စစ်အတွင်းက ဗမာ့တပ်မတော်တွင် စစ်ပန်းချီဌာနဟူ၍ ဆရာဦးငွေကိုင်ကို ဦးစီးစေကာ တခမ်းတနား ဌာနကြီးတစ်ခုဖွင့်ထားခဲ့ခြင်းကို ထောက်၍လည်း ဗိုလ်ချုပ်သည် ပန်းချီပညာကို မည်မျှအားပေးလို ကြောင်း သိနိုင်ပေသည်။ ၎င်းစစ်ပန်းချီဌာနမှ ဆရာဦးငွေကိုင် အသက်သွင်းကာ သရုပ်ဖော်လိုက်သော နာမည်ကျော် (ရွှေတောင်တိုက်ပွဲ)၏ပန်းချီကားကို ဗိုလ်ချုပ် အထူးသဘောကျခဲ့လေသည်။ သည်လို ပန်းချီလက်ရာကောင်းများသည် လူငယ်များ၏စွန့်စားမှုနှင့် ဗမာ့လွတ်လပ်ရေးသမိုင်းကို စာပေ၊ ရာဇဝင် စာအုပ်များကဲ့သို့ပင် နောင်လာနောင်သားများအတွက် မှတ်တမ်းတင်လိမ့်မည်ဟူသော အချက်ကို ဗိုလ် ချုပ် ကောင်းကောင်းကြီး သိခဲ့ပေသည်။

တက္ကသိုလ်သမဂ္ဂ အိုးဝေမဂ္ဂဇင်း ဒဂုန်မဂ္ဂဇင်းတို့တွင် ဗိုလ်ချုပ်၏ဆောင်းပါးများကို ဖတ်ဖူးသူများသည် လည်းကောင်း၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂနှစ်ပတ်လည် ညီလာခံသတင်းများ၌ ဗိုလ် ချုပ်၏သဘာပတိမိန့်ခွန်း (အင်္ဂလိပ်လို) များကို ကြားဖူးသူများသည်လည်းကောင်း၊ ဗိုလ်ချုပ်တွင် စာပေ ရေးသားရာ၌ ထူးချွန်သော အစွမ်းရှိကြောင်းသိနိုင်ကြပေသည်။ ဗမာလိုရော အင်္ဂလိပ်လိုပါ စွယ်စုံ မြောက်ကလောင်ရှင်တစ်ဦးပင်တည်း။

ဥပမာ ၁၉၄၆ ခုနှစ်ဦးက ရွှေတိဂုံ ဖဆပလညီလာခံကြီးတွင် သူ၏သဘာပတိမိန့်ခွန်းမှာ တိုင်းပြည်သို့ ဖြန့်ချိသော ဗမာဘာသာပြန်ထက် သူကိုယ်တိုင်ရေးသော အင်္ဂလိပ်လိုမူက သာလွန်ထူးကဲစွာ နက်နဲ ကောင်းမွန်ပြီး အဆီအသား ပါလှပေသည်။
၎င်းပြင် ဗမာလိုရေးသားရာ၌လည်း ဗမာစကားပြေတွင် ပါဠိစကားလုံးများကို အထူးကျွမ်းကျင် သပ်ရပ် စွာ သုံးသပ်သူ အလွန်ရှားသူများအနက် ဗိုလ်ချုပ်သည် တစ်ဦးဖြစ်ပေသည်။ (ဥပမာ ဒဂုန်မဂ္ဂဇင်းမှာ သူ ရေးခဲ့သော နိုင်ငံရေးအမျိုးမျိုးဆောင်ပါး) ဆန်းသစ်စဗမာစာပေခေတ်ကို ရည်မျှော်သော(တာရာမဂ္ဂဇင်း) သူ အထူးဂရုစိုက်ကာ ဖတ်လေ့ရှိသည်။

တစ်ခါက ဒဂုန်တာရာသည် (ဘဟိန်း သို့မဟုတ် ကဗျာ) ဟူသော “လူကိုလေ့လာခြင်း”ဆောင်းပါးတစ် ပုဒ် ရေးလိုက်၏။ ဗိုလ်ချုပ်သည် ၎င်းဆောင်းပါးကိုဖတ်ပြီးနောက်-
“ဆောင်းပါးကတော့ ကောင်းပါတယ်၊ ဒါပေမဲ့ ခေါင်းစဉ်ကိုတော့ ငါနည်းနည်းပြောချင်တယ်၊ (ဘဟိန်း သို့မဟုတ် ကဗျာ)ဆိုတာက သိပ်ပြီး တိတိကျကျမရှိသေးဘူး။ (ဘဟိန်း သို့မဟုတ် Romance)ဆိုတာ မှ မှန်တယ်ကွ၊ ကဗျာက အင်္ဂလိပ်လို (Poetry)လို့ အဓိပ္ပါယ်ရတယ်။ အဲဒီစကားက သိပ်မဆီလျှော်လှ ဘူး။ (Romance) ဆိုတဲ့စကား မှ ဘဟိန်းနဲ့ အတိအကျဆက်စပ်လို့ရတယ်” ဟု ခေတ်ဆန်း စာပေ ကလောင်မှူးကြီး ဒဂုန်တာရာအား ဝေဖန်လိုက်ရာ၊ ကျွန်ုပ်မှာ အတော်အံ့သြသွားမိလေသည်။ အကြောင်းမူကား ကျွန်ုပ်ကိုယ်တိုင်ပင် ၎င်း၏ဆောင်းပါးကိုဖတ်ပြီး၊ ကဗျာဟူသော စကားလုံးကို သိပ် မကြိုက်ချင်လှ၊ သို့သော် သူ့ထက်ပို၍ ဆီလျှော်မည့် စာလုံးကိုတော့ တွေး၍မရသောကြောင့်ပင်တည်း။

တစ်ညနေ၌ စာပေအကြောင်းပြောရင်း တာရာမဂ္ဂဇင်းမှ (အောင်ဆန်း သို့မဟုတ် အရိုင်း) ဆောင်းပါး အကြောင်းရောက်သွားပြီး၊ သူက “ဌေးမြိုင်ကတော့ ငါ့ကို (အရိုင်း)တဲ့ကွာ၊ ဒါကတော့ ကြမ်းလွန်းတယ် ထင်တာဘဲ၊ ငါဟာ စင်စစ် ရိုင်းသလောက်တော့ ရိုင်းပါတယ်။ ဒါပေမဲ့ မရိုင်းတဲ့အချက်အလက်တွေ လည်း အများကြီးရှိသေးပါတယ်ကွာ၊ မဟုတ်ဘူးလား (What do you say)”ဟူ၍ အနီးတွင်ရှိသော ဒေါ်ခင်ကြည် ဘက်သို့ လှည့်ပြီး ပြုံးဖြီးဖြီး နှင့် မေးလိုက်လေသည်။

တက္ကသိုလ်နေဝင်း
.

No comments: