(၄၂)
ပျားအုံများရှိသည့် ဥမင်လိုဏ်ခေါင်းဆီသို့ ကျဉ်းမြောင်းသော တောင်ကြားလမ်းအတိုင်း စင်တိန်က ဦးဆောင် သွားရာတွင် လမင်း က ထိန်ထိန်သာပြီး လမ်းပြနေသည်။
မှောင်မိုက်သော လိုဏ်ခေါင်းအ၀င်ဝသို့ ရောက်သောအခါ စင်တိန်က သူ့လူများအား မည်သည့်နေရာသို့ ခေါ်သွားမည် ကို ရှင်းပြသည်။ ဟင်းဒရစ်က စင်တိန် ပြောပြသည်ကို သူ့လူများအား ဘာသာပြန်ပြသည်။
"ရှင်တို့ မပြေးမလွှားဘဲ အေးအေးဆေးဆေးသွားယင် ဘာမှ အန္တရာယ် မရှိဘူး" စင်တိန်က ပြောပြသည်။
သို့သော် လိုဏ်ခေါင်းထဲမှ ပျားများ၏ အသံကိုကြားရသောအခါ လူမည်း အလုပ်သမားများသည် ပစ္စည်း များ လွှတ်ချပြီး နောက်သို့ ဆုတ်သွားကြသည်။ မလိုက်တော့ဘဲ ဆန့်ကျင် တော်လှန်မည့်အသွင်များ ပေါ်လာ သည်။
"ဟင်းဒရစ်၊ သူတို့ကို ပြောလိုက်စမ်း၊ ငါခေါ်တဲ့နောက် လိုက်မလား ဒါမှမဟုတ် သေနတ်နဲ့ပစ်အသတ်ခံ မလား ကြိုက်ရာ ရွေးလို့ ပြောလိုက်"
စင်တိန် အမိန့်ပေးသည့်အတိုင်း ဟင်းဒရစ်က ပြောလိုက်သည်။
ထို့နောက် သူ့ပခုံးထက်၌ လွယ်ထားသော မော်ဇာရိုင်ဖယ်ကို ဖြုတ်ယူပြီး ဖြောင်းခနဲ ကျည်ထိုးအသင့်ပြင် လိုက်သည်။ ထိုအခါကျမှ အလုပ်သမားများက ပစ္စည်းပစ္စယများအား ပြန်လည် ကောက်ယူ သယ်ပိုးပြီး စင်တိန် နောက်သို့ ရောက်လာသည်။
ပျားများရှီသော လိုဏ်ခေါင်းကို ဖြတ်ရသည်မှာ သည်းထိတ်ရင်ဖိုစရာ ကောင်းလှသည်။ သို့သော် အေးဆေး ငြိမ်သက်စွာနှင့် ခပ်မြန်မြန်ပင် ဖြတ်သန်းနိုင်ကြသည်။ လိုဏ်ခေါင်းထဲမှာ ထွက်လိုက် သည်နှင့် တစ်ပြိုင်နက် စင်တိန်သည် သစ်ပင်တောအုပ်များပေါ်၌ လရောင်ဆမ်း၍ ငွေရောင်ဖြာနေသော ရှုခင်းနင့် ဘေးပတ်ပတ် လည် ကျောက်တောင်နံရံအမြင့်ကြီးများ၌ တောက်ပနေသော ရှုမောဖွယ် မြင်ကွင်းကို ပြန်မြင် လိုက်ရသည်။
"တို့မှာ လုပ်စရာအလုပ်တွေ အများကြီး ရှိတယ်၊ ဒီတောင်ကြားချိုင့်ဝှမ်းထဲမှာ အလုပ်တွေပြီးတဲ့အထိ တို့ နေရမယ်၊ တို့ဒီက ပြန်ယင် ပျားလိုဏ်ခေါင်းကို နောက်တစ်ကြိမ် ထပ်ဖြတ်ရဦးမယ်" စင်တိန်က ဟင်းဒရစ် အား ပြောပြလိုက်သည်။
ဝင်းဟုပ်မြို့မှ ရှေ့နေအေဘရာဟင်က စင်တိန်အား စိန်တွင်း တူးဖော်ခွင့်ရရေးအတွက် တင်ပြတောင်းဆို ရာ တွင် လိုအပ်မည့် အချက်များကို အသေးစိတ်ညွှန်ကြား ပြောဆိုလိုက်သည်။ နမူနာပုံစံများ ပေးလိုက်ပြီး မည်သည့် အချက်များ မည်သို့ ရေးသွင်းရမည်ကို သင်ကြားလိုက်သည်။ နေရာဒေသများကို မည်သို့ တိုင်းထွာ မှတ်သားပြီး မည်သို့ပုံစံသွင်း ရေးသားလျှောက်ထားရမည်ကိုလည်း ပြသလိုက်သည်။
စင်တိန်သည် ဟင်းဒရစ်နှင့် အလုပ်သမားလေးယောက်တို့၏ အကူအညီဖြင့် သူကိုယ်တိုင် လိုက်လံ မှတ်သား ကာ ပုံစံ၌ ရေးသွင်းသည်။ သစ်ပင်များတွင်လည်း နေရာအမှတ်အသား စာရွက်များကို သံနှင့် ရိုက်ကပ် ရသည်။ နေကပူပြင်းသဖြင့် အလွန်ပင်ပန်းလှသည်။
ညနေ နေ၀င်ချိန်တိုင်းတွင် စင်တိန်သည် ရေပူစမ်းကလေးအတွင်း ဆင်းပြီး ရေစိမ်ချိုးကာ တစ်နေ့တာ နွမ်းသမျှ ကို အပန်းဖြေရတော့သည်။ တစ်ကိုယ်လုံး ကိုက်ခဲ နာကျင်မှုများနှင့် ချွေးစေးများကို ပူနွေးသော ရေ တွင် စိမ်ပြီး ကုစားသန့်စင်ရသည်။
"နောက်တစ်ရက်ပဲ ကျန်ပါတော့တယ်၊ ဒီတစ်ရက်ပြီးယင် ငါနားရတော့မှာပဲ" စင်တိန်က ရေစိမ်ရင်း ကိုယ့် ကိုယ် ကိုယ် အားပေးဖြေသိမ့်လိုက်သည်။
ဆယ်ရက်မြောက်ညနေတွင် သူ့လုပ်ငန်းအားလုံး ပြီးစီးသွားသည်။ တောင်ကြားချိုင့်ဝှမ်း အောက်ခြေ မြေပြင် ၌ နေရာလပ်မကျန်အောင် တိုင်းထွာ သတ်မှတ်ပြီးသွားပြီ ဖြစ်သည်။
"ကဲ ထုပ်ပိုး ပြင်ဆင်ပေတော့ ဟင်းဒရစ်၊ ဒီညပဲ ကျွန်မတို့ ဒီက ပြန်ထွက်မယ်၊ ဟင်းဒရစ် ရှင် တာဝန် ကျေပါ တယ်၊ ခြင်္သေ့တစ်ကောင်လိုပဲ ရဲဝံ့ပါပေတယ်၊ ကျွန်မ ရှင့်ကို လုပ်အားခတွေ ရှင်းပေးတဲ့နေ့ကျယင် ဘောက်ဆူး ချဖို့ မမေ့ပါဘူးရှင်"
ပင်ပင် ပန်းပန်း လက်တွဲ လုပ်ကိုင်ရခြင်းက သူတို့နှစ်ဦးကို ရင်းနှီးခင်မင်သွားစေသည်။
ဟင်းဒရစ်ကလည်း သွားကြီးဖြဲပြီး ပြုံးကာ စင်တိန်ကို ပြန်ပြောလိုက်သည်။
"ခင်ဗျားလို သန်မာကြံ့ခိုင်ပြီး ခင်ဗျားလို အလုပ်လုပ်တဲ့ မိန်းမမျိုးဆယ်ယောက်သာ ကျွန်တော် ရထား လိုက် ယင် ဘာမှ အလုပ်မလုပ်ဘဲ တစ်နေကုန် အရိပ်ထဲမှာ ထိုင်ပြီး ဘီယာ သောက်နေနိုင်မှာဗျ"
"ကျွန်မ ကို ချီးကျူးကြတဲ့အထဲမှာ အခု ရှင်ချီးကျူးတာ အကောင်းဆုံးပဲ"
ခြင်္သေ့သစ်ပင်စခန်းသို့ ပြန်ရောက်သောအခါ စင်တိန် တစ်နေ့ကုန် နားလိုက်သည်။ နောက်တစ်နေ့တွင် သစ်ပင် ရိပ် ၌ စားပွဲတစ်လုံးချကာ စိန်တွင်းတူးဖော်ခွင့် လိုင်စင် လျှောက်ရန် ပုံစံများကို ရေးသွင်းဖြည့်စွက် တော့သည်။ အချက်ပေါင်း ၄၁၆ချက် ဖြည့်ရသည်။ မှတ်စုစာအုပ်နှင့် မြေပုံကြမ်းများထဲမှာ အသေအချာ ကူးယူ ဖော်ပြရသည်။ တောင်ကြားချိုင့်ဝှမ်း မြေပုံအကြမ်းကိုပါ ရေးဆွဲထည့်ပေးလိုက်သည်။
ထိုလုပ်ငန်းများ လုပ်ရသည်မှာ ငါးရက်ကြာသည်။ အားလုံး ပြီးသွားသောအခါ ပုံစံစာရွက်များကို စက္ကူ အညို တစ်ရွက်ဖြင့် ထုပ်လိုက်ပြီး ချိတ်ပိတ်လိုက်သ်ည။ ထို့နောက် ရှေ့နေ အင်ဘရာဟင်ထံ စာတစ်စောင် ရေး လိုက်သည်။
ခင်မင်ရသော မစ္စတာအေဘရာဟင်
ပူးတွဲပေးပို့လိုက်သော စာရွက်စာတမ်းများနှင့် သတ္တုတွင်းရုံးမှာ ကျွန်မနာမည်နဲ့ စိန်သွင်းတူးဖော်ခွင့် လိုင်စင် လျှောက်ပါ။ ၀င်းဟုပ်က စတင်းဒတ်ဘဏ်မှာ ကျွန်မ ငွေစာရင်းကို ရှင် ကိုယ်စားလှယ်အဖြစ် ဆောင်ရွက် နေတာ နဲ့ ပေါင်းစပ်ပြီး လိုတာထုတ်သုံးပါ။
မည်သည့် ကုမ္ပဏီမှ မလုပ်တဲ့ သတ္တုတွင်း အတိုင်ပင်ခံ တစ်ယောက်လောက်လည်း စုံစမ်းရှာဖွေပေးပါဦး။ ကျွန်မ အစိုးရဆီက လိုင်စင်တောင်းထားတဲ့ အဲဒီနေရာတွေမှာ တူးဖော်တိုင်းတာလေ့လာဖို့ရယ်၊ အလား အလာ တွက်ချက်ပေးဖို့ရယ်အတွက် အငှားကန်ထရိုက် စာချုပ်ပါ လုပ်ပေးပါ၊ အလုပ်လက်ခံယင် အခု ရှင့်ဆီသို့ အထုပ်ပို့ခိုင်းလိုက်တဲ့ကားနဲ့ အဲဒီအတိုင်ပင်ခံ ပညာရှင်ကို တစ်ပါးတည်း ထည့်လိုက်ပါ။
ကား ကျွန်မဆီပြန်လာယင် အောက်မှာ ကျွန်မရေးပေးလိုက်တဲ့ ပစ္စည်းတွေ ပြည့်ပြည့်စုံစုံ ပါမပါလည်း စစ်ဆေး ပေးပါ။ ပြီးတော့ ကုန်ကျစရိတ်ကိုလည်း ကျွန်မငွေစာရင်းက ထုတ်ပြီး ရှင်းပေးလိုက်ပါ။
ကျွန်မ ကို နောက်ထပ်တစ်ခု ကူညီပါဦး။ ဗိုလ်မှူးကြီး ဂါရီကုတ်နေဆီ သံကြိုးရိုက်ပြီး ကျွန်မသားလေးနဲ့ အန်စတော့ နဲ့ နေထိုင် ကောင်းမကောင်း စုံစမ်းပေးပါ။ ကျွန်မ ဘယ်နေရာ ဘယ်အရပ်မှာ ရောက်နေတယ် ဆိုတာတော့ လုံးဝ မပြောလိုက်ပါနဲ့။ ကျွန်မ နေထိုင်ကောင်းကြောင်း၊ သူတို့အားလုံးကို သတိရတမ်းတ ကြောင်း ပြောပေးပါ။
ကျေးဇူးအထူးတင်စွာဖြင့်
စင်တိန်ဒဒီသရီကုတ်နေ
စင်တိန်သည် အထုပ်နှင့်စာကို လော်ရီကား ဒရိုင်ဘာအား ပေးအပ်ပြီး ၀င်းဟုပ်မြို့ရှိ ရှေ့နေ အေဘရာဟင် ထံ စေလွှတ်လိုက်သည်။ သူတို့ ဤနေရာသို့ အလာတွင် လမ်းထွင်ခဲ့ပြီးဖြစ်၍ ယခု လော်ရီ ကား အသွား အပြန်မှာ ရှစ်ရက်သာ ကြာတော့သည်။ ကား ပြန်ရောက်လာသောအခါ ဒရိုင်ဘာဘေးခုံတွင် အရပ်ရှည်ရှည် အသက်ကြီးကြီး အင်္ဂါရုပ်ကောင်းကောင်း လူတစ်ယောက် ပါလာသည်။
"ကျွန်တော့်ကိုယ်ကျွန်တော် မိတ်ဆက်ပေးပါရစေ မစ္စက်ကုတ်နေ၊ ကျွန်တော့်နာမည်က ရုပက် ကွမ်တီးမင်းဂျုန်း ပါ"
ထိုသူ့ပုံမှာ သတ္တုတွင်း အင်ဂျင်နီယာပုံထက် အသုဘတွင် ကြီးကြပ်သင်္ဂြိုဟ်ပေးသော သုဘရာဇာခေါင်းနှင့် ပိုတူ နေသည်ဟု စင်တိန် ထင်မိသည်။ အနက်ရောင်အယ်ပါကား ဂျာကင်ဝတ်ထားပြီး အနက်စင်း လည်စည်း စည်းထားသည်။ ဆံပင်က နက်မှောင်နေသော်လည်း မုတ်ဆိတ်နှင့် ပါးမြိုင်မွေးများက ဖြူဆွတ် နေသည်။
"ကျန်းမာပါစေ မစ္စတာဂျုန်း" စင်တိန်က နှုတ်ဆက်လိုက်သည်။
"ဒေါက်တာကွမ်တီးမင်းဂျုန်းပါ ခင်ဗျာ၊ မစ္စတာအေဘရာဟင်က ခင်ဗျားအတွက် ပေးလိုက်တဲ့ စာ တစ်စောင် ကျွန်တော် ယူလာပါတယ်"
"ကျေးဇူးပါပဲ ဒေါက်တာကွမ်တီးမင်းဂျုန်း၊ ကျွန်မ စာဖတ်တုန်း လက်ဖက်ရည်တစ်ခွက်လောက် သောက် လိုက် ပါဦးရှင်"
စင်တိန်က စာကို ဖောက်ဖတ်လိုက်သည်။
"ကျွန်တော်လွှတ်လိုက်တဲ့ အင်ဂျင်နီယာ ပုံပန်းကို ကြည့်ပြီးတော့ စိတ်မပျက်သွားပါနဲ့ မဒမ်၊ သူဟာ စပိုင်သာ ဂီတစ် စိန်တွင်းကို ရှာတွေ့ခဲ့တဲ့ ဒေါက်တာ မီရင်းစကီးရဲ့ လက်ထောက်ပါ၊ ပြီးတော့ ကမ္ဘာကျော် ဒီတီးယား စိန်တွင်း ကုမ္ပဏီကြီးရဲ့ လက်ရှိအတိုင်ပင်ခံ ကျွမ်းကျင်သူပါ၊ သူ့ရဲ့အဆင့်အတန်းကို ထပ်ပြီး ပြညွှန်း ရဦးမယ်ဆိုယင် အခုသူ့ကိုငှားခ ရွှေဒင်္ဂါးအပြား ၁၂၀၀ ပေးထားရပါပြီ။
ခင်ဗျားသားလေး နဲ့ အန်စတော့တို့ နေထိုင်ကောင်းကြတယ်၊ သူတို့က ခင်ဗျားကို အမြန်ဆုံး ပြန်လာဖို့ မျှော်လင့် နေကြတယ်ဆိုတာ ဗိုလ်မှူးကြီးကုတ်နေဆီက တစ်ဆင့်သိရလို့ သတင်းကောင်းပါးလိုက်ပါတယ်။
ခင်ဗျားမှာလိုက်တဲ့ ပစ္စည်းတွေအားလုံးလဲ စုံစုံစေ့စေ့ ထည့်ပေးလိုက်ပါတယ်။ အဲဒီပစ္စည်းတန်ဖိုးတွေရယ်၊ ဒေါက်တာ ကွမ်တီးမင်းဂျုန်းရဲ့လုပ်အားခရယ် ရှင်းပေးလိုက်တော့ ဘဏ်ကခင်ဗျား ငွေစာရင်းမှာ ငွေသား လက်ကျန် ၆ပေါင် ၁၁သျှီလင်နဲ့ ၆ပဲနိပဲ ရှိပါတော့တယ်။ ခင်ဗျား စိန်တွင်းတူဖော်ခွင့် စာချုပ်စာတမ်း တွေ ကိုလည်း ဘဏ်က အာမခံသေတ္တာထဲမှာ လုံခြုံစွာ ထိန်းသိမ်းထားပြီးပါပြီ
စင်တိန်သည် စာကို ဂရုတစိုက် ပြန်ခေါက်လုက်သည်။ မိမိအမွေရထားသည့်ပိုက်ဆံနှင့် ဟာနီ့စိန်တုံးရောင်း ရသော ပိုက်ဆ်ံအားလုံးပေါင်းမှာ ယခုအခါ ခြောက်ပေါင်ကျော်သာ ကျန်တော့သည်။ မော်တော်ကား များကို ပြန်မရောင်းလျှင် အိမ်ပြန်စရာလမ်းစရိတ်ပင် မလုံလောက်ပါတော့ချေ။
သို့သော် ဒေါက်တာ ကွမ်းတီးမင်းဂျုန်းအတွက် အဖိုးအခပေးပြီးဖြစ်၍ မိမိဝယ်ထားသော စားနပ်ရိက္ခာများ နှင့် ဆိုလျှင် ဤစခန်း၌ နောက်ထပ်သုံးလတော့ ကောင်းကောင်းနေနိုင်သေးသည်။ ကုလားထိုင်၌ ထိုင်ပြီး လက်ဖက်ရည် သောက်နေသော ဒေါက်တာအားမော့ကြည့်ပြီး ပြောလိုက်သည်။
"ရွှေဒင်္ဂါအပြား ၁၂၀၀ ဆိုတော့ လူတော်တစ်ယောက် ဖြစ်မှာပေါ့နော်"
"ကျွန်တော် က သာမန်လူတော် မဟုတ်ပါဘူး၊ အတော်ဆုံး လူပါ"
စင်တိန်သည် ကွမ်တီးမင်းဂျုန်းအား ညဘကတွင် ပျားလိုဏ်ခေါင်းကို ဖြတ်ကာ တောင်ကြားချိုင့်ဝှမ်းထဲသို့ ခေါ်သွားသည်။ လျှို့ဝှက်တောင်ကြားထဲသို့ သူတို့ရောက်သွားသောအခါ ဂျုန်းက ကျောက်တုံးတစ်တုံးပေါ် တွင် ထိုင်ချလိုက်ပြီး မျက်နှာကို လက်ကိုင်ပ၀ါနှင့် သုတ်လိုက်သည်။
"လာရတဲ့လမ်းက တကယ်မကောင်းဘူး မဒမ်၊ ဒီပျားကောင်တွေကိုတော့ ရှင်းပစ်မှ ဖြစ်မယ်"
"ဟင့်အင်း ... တတ်နိုင်သမျှ မလိုအပ်သေးယင် ဒီနေရာကို သူ့ပကတိအတိုင်းပဲ ရှိနေစေချင်သေးတယ်၊ မရှင်း ချင်ဘူး"
"ကျွန်တော် ပျားတွေကို မကြိုက်ဘူး၊ ဒီတော့ ခင်ဗျား ပိုက်ဆံ ကျွန်တော် ပြန်အမ်းမယ်၊ ခင်ဗျား အခြား လူတစ်ယောက် ရှာလိုက်ပါ"
ဒေါက်တာဂျုန်းက ထိုင်နေရာမှ ထလိုက်သည်။
"နေ ... နေပါဦး၊ ကျွန်မတို့မှာ တောင်စောင်းချောက်ကမ်းပါးတစ်ခု တွေ့ထားတယ်၊ အဲဒီပေါ်ကနေပြီး စက်သီးဆင် ပုခက်နဲ့ဆင်းယင် ဒီပျားလိုဏ်ခေါင်းက ဖြတ်သွားစရာ မလိုတော့ပါဘူး"
"အဲဒီလိုသာ သွားလာနေရယင် ကျွန်တော့်ရဲ့ လုပ်ငန်းတွေ အနှောင့်အယှက်တွေ ဖြစ်လာတော့မှာပေါ့ဗျာ"
"ကျွန်မ တောင်းပန်ပါတယ် ဒေါက်တာရယ်၊ ရှင့်အကူအညီမရယင် ကျွန်မအတွက် ဘယ်လိုမှ မဖြစ်ပါလို့ပါ ရှင်"
နောက်တစ်နေ့နံနက် အလင်းရောင်လာသည်နှင့် ဒေါက်တာဂျုန်းက သ၏ ပဏာမစူးစမ်းလေ့လာမှုကို စတင် တော့သည်။ စင်တိန်သည် တစ်နေ့လုံး သစ်ပင်ရိပ်၌ထိုင်ကာ စောင့်ကြည့်နေသည်။
ဒေါက်တာဂျုန်းက သူ၏ ကလန်ကလား အရပ်ကြီးဖြင့် ခေါင်းငုံ့ပြီး ဟိုနေရာသွားကြည့်နေလိုက်သည် နေရာ သွားကြည့်လိုက် လုပ်နေသည်။ မကြာခဏ ဟိုနေရာရပ်လိုက် သည်နေရာရပ်လိုက် ရပ်ပြီး ကျောက်ခဲများ မြေကြီးများကို ကောက်ယူကြည့်ရှုသည်။ ထို့နောက် တစ်ဖန် သစ်ပင်များ ကျောက်ဆောင် များထဲသို့ ၀င်ရောက် ပျောက်ကွယ်သွားပြန်သည်။
မွန်းလွဲပိုင်း တွင် စင်တိန်ထိုင်နေရာသို့ သူပြန်ရောက်လာသည်။
"ဘာထူးသလဲ"
စင်တိန်က မေးသည်။
"ခင်ဗျား အကြံဥာဏ်နဲ့ ထင်မြင်ချက်ကို တောင်းတယ်ဆိုယင်တော့ အချိန်မတန်သေးပါဘူး၊ စောလွန်းပါ သေး တယ်၊ နောက်ထပ် လနဲ့ချီပြီး"
"ရှင် ... လချီကြာဦးမယ် ဟုတ်လား"
စင်တိန် အလန့်တကြား အော်လိုက်မိသည်။
"ဟုတ်တယ်၊ သာမန်မျက်ရမ်းမှန်းဆကြည့်ရုံအတွက်နဲ့တော့ ခင်ဗျား ကျွန်တော့်ကို ရွှေဒင်္ဂါး ၁၂၀၀ ပေးနိုင်မလား မြေကြီးအောက်မှာ ဘာတွေရှိမယ်ဆိုတာ ကျွန်တော်လက်တွေက ဖော်စမ်းသပ်ကြည့်ရမယ်၊ အချိန် ယူရမယ်၊ ပင်ပင်ပန်းပန်းလုပ်ရမယ်၊ ခင်ဗျားအလုပ်သမားတွေရော ကျွန်တော်နဲ့ပါလာတဲ့ အလုပ် သမား တွေရော လိုမယ်"
"ကျွန်မ အဲဒါမတွေးမိဘူး"
"ဒါဖြင့် ဒီမှာဘာတွေ့မယ်လို့ ခင်ဗျားထင်ထားလိုလဲ၊ ပြောစမ်းပါဦး"
"စိန်... "
စင်တိန့် အသံက မထင်မှတ်ဘဲ အတော်ကျယ်သွားသည်။
"စိန်...ဟုတ်လား၊ ကျွန်တော် စမ်းကြည့်မယ်လေ"
"ကျွန်မတို့ ဘယ်တော့ စစမ်းကြမလဲ"
"ကျွန်မတို့ဟုတ်လား မစ္စကုတ်နေ၊ ခင်ဗျား ဒီနေရာလာစရာမလိုဘူး၊ ကျွန်တော် အလုပ်လုပ် နေတဲ့ နေရာမှာ ဘယ်သူမှမရှိရဘူး"
"ကြည့်ရုံလေးတောင် ကြည့်ခွင့်မရဘူးလားရှင်"
"ဟင့်အင်း မရဘူး၊ ဒါက ကျွန်တော်ရဲ့ အလုပ်စည်းကမ်းပဲ၊ ခင်ဗျားစခန်းမှာသာ ခင်ဗျားအေးအေးနေပါ၊ အချိန် တန်တော့ အဖြေမှန်ကို သိလာရမှာပေါ့ဗျာ" သို့ဖြင့် စင်တိန်သည် သူနေခဲ့သော တောင်ကြား ချိုင့်ဝှမ်း သို့ မသွားတော့ဘဲ ခြသေသစ်ပင်စခန်း၌ပင် အချိန်ဖြုန်းနေရသည်။ ဒေါက်တာဂျုန်းနှင့် အလုပ်သမား များသည် ပစ္စည်းကိရိယာများကိုယူကာ ကျောက်ဆောင်ထိပ်ဖျားသို့ တက်သွားကြပြီး တစ်ဖက် ချိုင့်ဝှမ်းထဲသို့ စက်သီးဖြင့်ဆင်းပြီး ပျောက်ကွယ်သွားကြသည်ကို စင်တိန်သည် သူမ၏ တပ်စခန်း မှ လှမ်းမြင်နေရသည်။
တစ်လနီးပါးစောင့်နေပြီးသောအခါ စင်တိန်သည်ကျောက်ဆောင်ထိပ်ဖျားသို့ ကိုယ်တိုက်တက် သွားပြီး ကြည့်သည်။ မတ်စောက်သော တောင်စောင်းလမ်းကို တက်ရခြင်းဖြစ်ရာ သူမကိုယ်ဝန်ကြီးကို မနည်းရုန်း တက်ရသည်။ သို့ရာတွင် တောင်စောင်းထိပ်ရောက်သောအခါ တစ်ဘက်ချိုင့်ဝှမ်းထဲမှ မြင်ကွင်းကို အပေါ်မှ စီးမိုးပြီး မြင်လိုက်ရသည်။
အောက်ဘက်တွင် အလုပ်လုပ်နေကြသော လူများကို ပုရွက်ဆိတ်ကလေးများသဖွယ် မြင်ရသည်။ သူတို့ တူးထားသော စမ်းသပ်တွင်းများနှင့် တူးဖော်ထုတ်ထားသော မြေသား အပုံအပုံများကိုလည်း တွေ့ရသည်။ တစ်တွင်းမှတစ်တွင်းသို့သွားနေသော အရပ်ရှည်ရှည် ဒေါက်တာဂျူန်းကိုလည်း လှမ်းမြင် နေရသည်။
စက်သီးတွင်တပ်ထားသော ခြင်းတောင်းတစ်၌ စာရွက်တစ်ရွက်ရေးထည့်ပြီး အောက်သို့ချပေး လိုက် သည်။
ထိုစာမှာ
"တစ်ခုခုများ ထူးခြားတာတွေ့ပြီလားဆရာ" ဟု ရေးသားထားသော စာရွက်ပင်ဖြစ်သည်။ တစ်နာရီခန့် အကြာတွင် ပြန်စာရောက်လာသည်။
"သည့်ခံခြင်းသည် မြင့်မြတ်သော ကြီးမားသော အောင်မြင်မှုအတွက် လိုအပ်ချက်ပါ မဒမ်"
ဒေါက်တာဂျုန်းစာမှာ ထိုမျှသာဖြစ်သည်။
တောင်စောင်းကမ်းပါးပေါ်သို့ ထိုအခေါက်သွားခြင်းသည် စင်တိန်အဖို့ နောက်ဆုံးအခေါက်ပင်ဖြစ် သည်။ ကိုယ်ဝန်ကရင့်သထက်ရင့်ပြီး ဗိုက်ကြီးတစ်ကားကားဖြစ်လာ၍ အပေါ်သို့ ထပ်မသွားနိုင်တော့ပေ။ ဗိုက်ထဲမှ သန္ဓေသားမှာ အတော်ပင်ထွားပြီး အတော်ပင် လှုပ်ရှားလာနေသည်။ စင်တိန်အဖို့ ရှာဆာ ကိုယ်ဝန် ရှိစဉ်က ကဲ့သို့ သံယောဇဉ်ဖြစ်မလာဘဲ မြန်မြန်ဆန်ဆန်ပင် မွေးဖွားပစ်ချင်နေသည်။
နိုဝင်ဘာလနောက်ပိုင်းရောက်သော် အပူရှိန်က ပိုပြင်းထန်လာသည်။ အိပ်လို့မရနိုင်လောက်အောင်ပင် ဖြစ် လာသည်။
တစ်နေ့ခင်းတွင် စင်တိန်စိတ်ပျက် အားလျော့နေစဉ် ဒေါက်တာဂျုန်းသည် တောင်ခါးပန်းပေါ်မှ ဆင်းလာ တော့သည်။ သူဆင်းလာသည်ကို ဟင်းဒရစ်က ဦးစွာမြင်သဖြင့် စင်တိန်အား လာပြီး သတင်းပို့သည်။ ထို့ကြောင့် စင်တိန်သည် အိပ်စင်ပေါ်မှထလာကာ မျက်နှာသစ်သည်။ ချွေးရွဲနေသော အ၀တ်အစားကို လဲသည်။
ဒေါက်တာဂျုန်း သစ်တပ်ထဲသို့ ခြေလှမ်ကျဲကြီးဖြင့် ၀င်လာသောအခါ စင်တိန်သည် တဲရှေ့စားပွဲ၌ အသင့် ထိုင် စောင့်နေသည်။
"ဒီမှာ မဒမ် ခင်ဗျားအတွက် အစီရင်ခံစာ"
ဒေါက်တာဂျုန်းက ဖိုင်အထူကြီးတစ်ခုကို သူမရှေ့ရှိ စားပွဲပေါ်သို့ တင်ပေလိုက်သည်။
စင်တိန်က ချီထားသော ကြိုးကို ဖြေပြီး ဖိုင်ကို ဖွင့်လိုက်သည်။ လှပသေသပ်သော လက်ရေးများ၊ ကိန်းဂဏန်း များ၊ ပုံစံများကို တစ်ရွက်ပြီးတစ်ရွက် ဖြည်းဖြည်းချင်းလှန်နေရာ ဒေါက်တာဂျုန်းက စိတ်ပျက် သည့် အသွင်ဖြင့် ကြည့်နေသည်။ တစ်ကြိမ်တွင် ခေါင်းတွင်တွင်ခါလိုက်ပြီး ၀င်ပြောတော့မလိုပင် ဖြစ်သွား သည်။ သို့သော် ဘာမှမပြောတော့ဘဲ အိတ်ထဲမှ လက်ကိုင်ပ၀ါကို ဆွဲထုတ်ပြီး အသံမြည်အောင် နှပ်ညှစ် ပစ် လိုက်သည်။
နောက်ဆုံး စင်တိန်က သူ့ကိုမော့ကြည့်လိုက်သည်။
"ကျွန်မ ၀မ်းနည်းပါတယ်၊ ကျွန်မ ဘာမှနားမလည်ပါဘး၊ ကျွန်မကို ရှင်းပြပါဦး"
"ကျွန်တော် အကျဉ်းချုပ် ရှင်းပြပါမယ်၊ ကျွန်တော် အစပ်တွင်း ၄၆တွင်းတူးခဲ့တယ်၊ တစ်တွင်းကို ပေ ၅၀ နက်တယ်"
"ဟုတ်ကဲ့ ... ဒါဖြင့် ဘာတွေ့ပါသလဲ"
"ပျှမ်းမျှ ၃၅ ပေစီ အနက်လောက်မှာ အ၀ါရောင်မြေသားအလွှာကို တွေ့ရတယ်"
"အ၀ါရောင်မြေသား ... ဟုတ်လား ဆက်ပြောပါဦး"
စင်တိန်အဖို့ အားပျက်သွားသလို ဒေါက်တာဂျုန်းလည်း စိတ်ပျက်သွားပြီး နှပ်ညှစ်လိုက်ပြန်သည်။
"အဲဒီအလွှာအောက်မှာ နောက်ထပ် အပြာရောင်မြေသားအလွှာကို တွေ့ရတယ်"
စင်တိန်လက်က သူမပါးစပ်ကို ရောက်သွားသည်။
"အပြာရောင်" မြေလွှာ ဟုတ်လား"
စင်တိန့် အသံက ပိုပြီးအားပျက်သံပါလာသည်။ ဘာမှ မရှိဘူးပေါ့၊ သွားပါပြီ ကုန်ပါပြီဟု စိတ်ထဲက ထင်လိုက်သည်။
"ဒါဖြင့် စိန်လုံးဝ မရှိဘူးပေါ့ ဟုတ်လား"
စင်တိန်က လေသံသဲ့သဲ့ဖြင့် မေးလိုက်သည်။ ဒေါက်တာဂျုန်းက သူမအားစိုက်ကြည့်ပြီး ပြောလိုက်သည်။
"စိန် ... ဟုတ်လား မဒမ်၊ ဒီမှာ ကျွန်တော် လုဒ် ၁၀၀ကို ၂၆ကာရက်နဲ့ တွက်ထားတယ်"
"ကျွန်မ တော့ ဘာမှကို နားမလည်သေးဘူး၊ ရှင်ဘာဆိုလိုတာလဲ၊ လုဒ် ၁၀၀ ဆိုတာဘာလဲ" စင်တိန်က ခေါင်းယမ်းပြီး ပြောလိုက်သည်။
"လုဒ် ၁၀၀ဆိုတာ ခန့်မှန်းခြေအားဖြင့် မြေသားရှစ်တန်ခန့် ရှိတယ်ဗျ"
"၂၆ ကာရက်ဆိုတာကရော ဘာလဲဟင်"
"ဒီမှာ မဒမ် ဂျက်ဂါဖောင်တိန် စိန်တွင်းဟာ မှတ်ကျောက်တင်ကြည့်တော့ လုဒ် ၁၀၀မှာ ၁၁ ကာရက် ရှိတယ်၊ ၀က်ဝယ်တန် စိန်တွင်း ကတော့ လုဒ် ၁၀၀ မှာ ၁၆ ကာရက် ရှိတယ်၊ ဒါတောင် သူတို့စိန်တွင်း နှစ်တွင်း ဟာ ကမ္ဘာမှာ အချမ်းသာဆုံး စိန်တွင်းတွေ ဖြစ်နေတယ်၊ အခု ကျွန်တော် ရှာတွေ့ထားတာက အဲဒီ နှစ်ဆလောက်ချမ်းသာမယ်"
"ဒါဖြင့် စိန်ရှိတာ သေချာပြီပေါ့"
စင်တိန်က ဒေါက်တာဂျုန်းအား စိုက်ကြည့်လိုက်သည်။ ဒေါက်တာဂျုန်းက သူ၏ အယ်ပတ်ကား ဂျာကင် ညာဘက် အိတ်ထဲမှနေ၍ ကြိုးဖြင့် စည်းထားသော စာအိတ်အထုပ်ကလေးများကို နှိုက်ယူလိုက်ပြီး ဖိုင်တွဲ ပေါ် တင်ပေးလိုက်သည်။
"စာအိတ်ထဲက နမူနာစိန်တုံးကလေးတွေကိုရော မပစ်လိုက်နဲ့နော် အစမ်းတွင်းတစ်တွင်းစီက နမူနာစိန် လေးတွေကို သီးခြားစီခွဲပြီးမှ မှတ်တမ်းတင်ထားတာ"
စင်တိန်သည် ကြိုးကို ဖြေလိုက်ပြီး အပေါ်ဆုံးမှ စာအိတ်လေးကို ဆွဲယူလိုက်သည်။ အိတ်ဖွင့်လိုက်ပြီး သူမ လက်ဖ၀ါးထဲသို့ လောင်းချလိုက်သည်။ စိန်ပွင့်လေးအများစုမှာ သကြားပွင့်ထက် သိပ်မကြီးလှပေ။ တစ်ဆင့် ကမူ ပဲစေ့ကြီးကြီးတစ်စေ့ခန့် ရှိသည်။
"ဒါ စိန်တွေ မဟုတ်လား"
စင်တိန်က ပိုသေချာအောင် ထပ်မေးလိုက်သည်။
"ဟုတ်ပါတယ် မဒမ်၊ သာမန်အားဖြင့် ရှားပါးတဲ့ အရည်အသွေးကောင်း စိန်တွေပါ"
စင်တိန်က သူမလက်ထဲမှ စိန်ပွင့်လေးများကို စိုက်ကြည့်နေမိသည်။
"ခင်ဗျားခွင့်ပြုမယ်ဆိုယင် ကျွန်တော် မေးခွန်းတစ်ခုမေးချင်ပါတယ်၊ မဖြေယင်လဲ ဖြစ်ပါတယ်"
စင်တိန် က ခေါင်းညိတ်ပြလိုက်သည်။]
"ခင်ဗျားက ကုမ္ပဏီတစ်ခုရဲ့ အဖွဲ့ဝင်လား၊ ဒီလုပ်ငန်းမှာ ခင်ဗျားရဲ့ တခြားအစုစပ် ပါတနာတွေ ရှိ သေးလား"
စင်တိန်က ခေါင်းခါလိုက်သည်။
"ဒါဖြင့် ဒီလုပ်ငန်းကို ခင်ဗျားတစ်ဦးတည်းပိုင်လို့ ဆိုလိုတာလား"
စင်တိန် က ထပ်မံ ခေါင်းညိတ်ပြလိုက်သည်။
"ဒီလိုဆိုယင်တော့ မစ္စတ်ကုတ်နေ၊ အခုလောလောဆယ်မှာ ခင်ဗျားဟာ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး အမျိုးသမီး ဖြစ်ကောင်း ဖြစ်နေပြီဗျ"
ဆက်ရန်
.
No comments:
Post a Comment