ဗိုလ်ချုပ်အောင်ဆန်းနှင့် ဂီတအနုပညာ
တက္ကသိုလ်နေဝင်း ကား ဗိုလ်ချုပ်အောင်ဆန်း၏အပါးတော်မြဲများအနက် ဂျပန်တော်လှန်ရေးအပြီးမှစ၍ ဖဆပလဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်နေစဉ် ကျဆုံးသည်အထိ ဗိုလ်ချုပ်နှင့်အမြဲမကွာလိုက်ပါခဲ့သော အပါး တော်မြဲ ဗိုလ်ထွန်းလှ ပင်ဖြစ်သည်။ ၎င်း၏ဗိုလ်ချုပ်အပေါ်တွင် တွေ့မြင် ဝေဖန်ပုံကလေးများကို ရှုမဝ တွင် ရေးသား ခဲ့ရာ တစ်ဖန်ပြည်လည်၍ ဖော်ပြလိုက်ပါကြောင်း။
ထုတ်ဝေသူ
ကျွန်ုပ်သိသော ဗိုလ်ချုပ်
"ရွှေသားရုပ်သွင် ခင်မင်စရာငယ် မျက်နှာငယ် ဝါဝါဝင်း ရွှေလမင်းကြီးပုံနှယ် ပတ္တမြားအသွေးနဲ့တူညီပါ တယ် အပါးက မြင်ရသူလည်း အသည်းစွဲတယ်"
ဝတ္ထုထဲက ဇာတ်လိုက်မင်းသား မယ်ဘွဲ့သီချင်းဖြင့် မြာကြူနေခြင်းနေခြင်းမဟုတ်၊ ဖဆပလအဖွဲ့ချုပ် ဥက္ကဋ္ဌ ဟောင်း ဗမာပြည်အစိုးရဝန်ကြီးအဖွဲ့ခေါင်းဆောင်နှင့် စစ်ဝန်ကြီးလောင်း ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ကဉ္စနသီချင်း ကို သံနေသံထားဖြင့် ဆိုနေခြင်းဖြစ်သည်။
၁၉၄၂ ခု၊ ဧပြီလ ၅ ရက်နေ့ည ဖြစ် လေသည်။ ဗမာပြည်၏ကံကြမ္မာရှေ့ကို ဘယ်လိုဖန်တီးလာဦးမည်ကို မသိရ သေးဘဲ၊ ကျွန်ုပ်တို့တစ် တွေ စိတ်တထင့်ထင့်နှင့် ဗိုလ်တွေကို ကြည့်နေရသောအချိန်၊ အထက် ဗမာပြည် က အင်္ဂလိပ်ဆုတ် မပြေးသေးသော အခါသမယတွင် ကျွန်ုပ်တို့ထဲမှ မိတ္ထီလာကိုလှမောင် (ယခု ယိုးဒယား ပြည်သွား သံအမတ်) က အရေးတကြီး မိန်းမယူလိုက်သဖြင့် ဘီအိုင်အေခေတ် ပထမဆုံး ပွဲဦးထွက် မင်္ဂလာဆောင် အခမ်းအနား (ဒုတိယမင်္ဂလာဆောင်ကား သခင်ချစ်တို့စုံတွဲဖြစ်သည်) ကို ရွှေတောင်ကြား အမှတ် ၅၆ တွင် ဆရာကြီးကိုယ်တောင်မှိုင်း က ကြီးမှူးလျက် ကျင်းပနေကြလေသည်။
မင်္ဂလာပွဲသို့လာသော ပရိသတ်မှာ လူ ၃၀ ကျော်မျှရှိသော်လည်း တို့ဗမာအစည်းအရုံး သခင်ခေါင်း ဆောင်များ၊ တက္ကသိုလ်သမဂ္ဂခေါင်းဆောင်များ၊ ဘီအိုင်အေစစ်ဗိုလ်များဖြင့် အတော်ကလေးမြိုင်ဆိုင် လျက် ရှိရာ၊ ဗမာ့လွတ်လပ်ရေးတပ်မတော်၏ စစ်သေနာပတိ ဗိုလ်ချုပ်(ဗိုလ်တေဇ)သခင်အောင်ဆန်း သည် လည်း သတို့သား နှင့် ရင်းနှီးသော မိတ်ဆွေတစ်ဦးအဖြစ် ရောက်နေလေသည်။ ထိုညက ပရိသတ် မှာ အတော်ပျော်ကြဟန်ရှိလေသည်။
သမဂ္ဂဥက္ကဋ္ဌဟောင်း ကိုလှမောင်(ဗိုလ်ဇေယျ)၏ ဇာတ်မင်းသား ဟန် အာဝဇ္ဇန်းရွှင်ရွှင်နှင့် နိုင်ငံရေး တရားဟောသံ၊ ဒဂုန်တာရာ က စန္ဒရားတီး၊ ကျွန်ုပ်က တယောထိုး လျက် ဗိုလ်ဇေယျ၏သံနေသံထားဖြင့် သီချင်း ဆိုသံ တို့ကို ကြားရပြီးနောက် "ဟေ ဘိုးတာရာ ကဉ္စနသီ ချင်းဆိုစမ်းပါ"ဟု ထောင့်တစ်ထောင့်က အော်သံ ကြားသဖြင့် ကျွန်ုပ်တို့လည်း ချက်ခြင်းပင် ခြောက် ပေါက်သံပြောင်း၍စမ်းကာ ကဉ္စနသီချင်း ကို စ အတီးတွင် "ရွှေသားရုပ်သွင်ချီ" ပြည်လှဖေ၏ကဉ္စနသီချင်း ကို ခြောက်ပေါက်လည်း မဟုတ်၊ ခုနှစ်သံ လဲ မဟုတ်၊ ဘယ်လိုမှ တူရိယာမဆန်သော အသံသြကြီးဖြင့် ဆိုသံကြား၍ လှည့်ကြည့်လိုက်ရာ လား လား ဘီအိုင်အေဗိုလ်ချုပ်ကြီး ဗိုလ်တေဇ ခေါ် သခင်အောင်ဆန်း က အားရပါးရသီဆိုနေသည်ကို တွေ့ရလေ တော့သည်။
ကောလိပ်ကျောင်းသားဘဝ၌လည်းကောင်း၊ သခင်ဘဝ၌လည်းကောင်း၊ ဂီတတူရိယာအနုပညာ ၌ လုံးဝ ဝါသနာ မပါခဲ့သော ကိုအောင်ဆန်းသည်၊ တက်ဘုန်းကြီးကိုသိန်းဖေ က သူ၏(သပိတ်မှောက်ကျောင်း သားဝတ္ထု) တွင် အနုပညာသမားတွေကို ဆော်ထည့်ထားသည်ကို သဘောကျခဲ့သော ကိုအောင်ဆန်း သည် သူ၏ သူငယ်ချင်း ကိုလှမောင် ဖျာပုံသူ အပျိုချော မသန်းရင်နှင့် ချစ်ပွဲဝင်တော့မည့်ညတွင် အလို လို အားကျ သလို ဝမ်းနည်း သလိုလိုဖြစ်ရက စိတ်ထဲတွင် ကြည်နူးကာ၊ သူ့ဝါသနာမဟုတ်သော သီချင်း ကို စိတ်ပါလက်ပါ ဆိုလိုက်ခြင်း ဖြစ်လေသည်။ ပရိသတ်အားလုံးမှာလည်း အလွန်သဘောကျသွားကာ လက်ခုပ် လက်ဝါး တီး သြဘာပေးကြလေသည်။
သို့သော် တူရိယာမဆန်သော ဗိုလ်တေဇ၏ အသံကို ဝိုင်းကူသောသဘောဖြင့်၊ ကိုထွန်းအုံ(ယခု မြူနီစပါမင်းကြီး)၊ နယူးဘားမားကိုတင်မောင် (ယခု အမေရိ ကန်ပြည် မြန်မာသံရုံးအတွင်းဝန်)၊ ဗိုလ်ဇေယျ၊ သခင်ချစ် တို့ လူစုကပါ သီချင်းကို သံပြိုင်လိုက်၍ ဆိုပေး ကြလေသည်။ ဗိုလ်တေဇ ကဉ္စနသီချင်း ဆိုသည့်အတွက် သဘောအကျဆုံးလူကား ကျွန်ုပ်ပင်ဖြစ်သည်။ တက္ကသိုလ်သမဂ္ဂတုန်းက ကျွန်ုပ်တို့ လူစုက တူရိယာပြိုင်ပွဲ သမဂ္ဂမှ ကြီးမှူးပြုလုပ်သည်ကိုပင် သူ သိပ် သဘောမကျခဲ့၊ လွန်ခဲ့သော တစ်နေ့ က (ဧပြီ ၃ ရက်ညပင်) သခင်မြအိမ်၌ ကျွန်ုပ်တို့တစ်တွေ တီးမှုတ် သီဆိုနေစဉ် (တာရာ ရေး- "အောင်ဆန်း သို့မဟုတ် အရိုင်း"တွင်ပါသည့် အဖြစ်အပျက်) ကျွန်ုပ်တို့ ဆူ ဆူညံညံနှင့် လူများများ ကြားတွင် တီးကောင်းသည် (ဇွတ်ချစ်မယ်) သီချင်းကို ဆိုသည်ကို ဗိုလ်တေဇက "ကိုယ့်လူတွေကလည်း အချစ် သီချင်း၊ မယ်ဘွဲ့မောင်ဘွဲ့တွေ လုံးလုံးတီးဖို့ မကောင်းဘူး၊ စစ်ချီစစ်တက် သီချင်းလိုဟာမျိုးပဲ တီးဖို့ ကောင်းတယ်"ဟု ပြောခဲ့သေး၏။
ဟော အခုတော့ ၎င်းဗိုလ်တေဇကိုယ်တိုင် ပြည်လှဖေဆိုသော ကဉ္စနမယ်ဘွဲ့သီချင်းကို ကြူနေလေပြီ၊ အဘယ့်ကြောင့်နည်း ဘယ်လောက်ပင် ကြမ်းတမ်းသော စစ်ဗိုလ်ချုပ်ကြီးဖြစ်စေကာမူ၊ ဗိုလ်တေဇ သည် သာမည လူတစ်ယောက် (ဝါ) ကိုအောင်ဆန်း မဟုတ်ပါလော၊ ထို့ကြောင့် တစ်ခါတစ်ခါ ပုထုဇဉ်သားတို့ ၏ ပင်ကိုယ် စိတ်ဓါတ် (Instinct)သည် တိုင်းပြည်နိုင်ငံရေးလုပ်ငန်း အစီအစဉ်တို့နှင့် အလွန်အလုပ်များ လျက် ရှိသောသူ၏ ဦးနှောက်ကို လွှမ်းမိုးပြီး တစ်ကိုယ်တည်း လူပျိုကြီးဘဝနေရသည်ကို ပျင်းရိငြီးငွေ့ ကာ ယုယမည့် ချစ်သူရှာတေးသွား(ကဉ္စန)ကို သူပစ်၍ ဟစ်လိုက်ခြင်းဖြစ်ပေသည်။
ထိုညကပင် သူ၏ နောက်သလို ပြောင်သလိုနှင့် "ဘိုးလှမောင်တစ်ယောက် မကောင်းဘူးဆရာကြီးရဲ့၊ ကျွန်တော် တို့ လုပ်ငန်း မပြီးခင် မိန်းမယူတယ်"ဟု သခင်ကိုယ်တော်မှိုင်းအား တိုင်တန်းသေးသည်။ အဓိပ္ပါယ် ကတော့ ကျွန်ုပ်တို့တက္ကသိုလ် သမဂ္ဂထွက် နိုင်ငံရေးသမားတစ်စုသည် လူငယ်ဘဝ အိမ်ထောင် ပြုကြရမည်။ သို့ သော် ဗမာ့လွတ်လပ်ရေး တိုက်ပွဲကြီး ဆုံးခန်းတိုင်မရောက်သေး၊ အိမ်ထောင် မပြုသင့်သေးဟု သူယူဆ သည်။ အမှန်ကတော့ သူလည်း မိန်းမလိုချင်လှပြီ၊ အချိန်အခါ မသင့် သေးသော ကြောင့်သာ ထို့ကြောင့် အောင့်နေရသည်။ ကိုလှမောင် မိန်းမယူတာကို သူအပြစ်မတင် မိန်းမစော ယူတာကိုဘဲသူဆိုလေသည်။
၎င်းနောက် သခင်ချစ်၊ ဗိုလ်ဇေယျ၊ သခင်လူအေးတို့၏လက်ထပ်မင်္ဂလာပွဲတို့သည် တစ်ခုပြီးတစ်ခု ဆက်တိုက် ဖြစ်ပေါ်လာကြသည်။ ကိုသိန်းအောင် (ကွယ်လွန်သူ ကျောင်းသားခေါင်းဆောင်) ဗိုလ် လက်ျာ တို့သည်လည်း စွံလှဆဲဖြစ်နေလေသည်။ အင်္ဂလိပ်တို့သည် ဗမာပြည်မှ လုံးလုံးလျားလျား ဆုတ် ခွာ သွားခဲ့လေပြီ၊ အထက်မြန်မာပြည်စစ်မျက်နှာ၌ မကြခဏ ဘီအိုင်အေနှင့် ဂျပန်တို့သည် ဘုကျကာ အချင်း များသည့် ကိစ္စတွေ ပေါ်ပေါက်ခဲ့လေသည်။
အထူးသဖြင့် အညာမှာ ဗိုလ်ဇေယျကို ဂျပန်ကင်ပေ တိုင်က ဖမ်းသည့်ကိစ္စက တပ်မတော်သား ရဲဘော် များ ၏ စိတ်ကို အထူးထိခိုက်စေခဲ့လေသည်။ ယင်း သို့လျှင် ဗမာပြည်၏နောင်ရေးနှင့် "ဗမာ့လွတ်လပ်ရေး ကို ဒို့သွေးခဲနဲ့ တည်ဆောက်အံ့"ဟု ကြွေးကြော် ကာ လက်နက်စွဲကိုင်လာခဲ့သော ဘီအိုင်အေ တပ်ကြီး ၏ ကံကြမ္မာတို့ ဘယ်လိုဖြစ်အုံးမည်မသိသေးသော အလွန်စိတ်ညစ်ဖွယ်ကောင်းနေသည့်အချိန်၊ အနောက်တောင် မုတ်သုန်လေ စတင်တိုက်ခတ်လျက် အေးချမ်းသည့် မိုးပေါက်တွေ တဖြောက်ဖြောက် ရွာစ ပြုသော မိုးဦးကျအချိန်သမယတွင် ရန်ကုန်မြို့ အလံပြဘုရားလမ်း၊ ပြည်သူ့ဆေးရုံကြီးတွင် စိတ်ရော ကိုယ်ပါ ပင်ပန်းနွမ်းနယ်လှသဖြင့် အနားယူနေရ သော လူငယ်တစ်ဦးသည် အကြောင်း တစ်စုံ တစ်ရာ ကြောင့် ဦးနှောက်ရှုပ်နေလေသည်။ ထိုသူကား ဗိုလ် တေဇခေါ် သခင်အောင်ဆန်းပင်တည်း။ သူ၏ ဦးနှောက်တွင် ရှုပ်နေသော ပြဿနာကား မကြာသေးမီက ကိုလှမောင်မင်္ဂလာဆောင်စဉ် သူ့ခေါင်းထဲတွင် စတင်ပေါ်ပေါက်ခဲ့သော အိမ်ထောင်ပြုရေးပြဿနာပင် ဖြစ်သည်။
အမှန်တော့ ကိုလှမောင်ကစပြီး လုပ်ဖော်ကိုင်ဖက် လူငယ်နိုင်ငံရေးသမားတွေ တစ်ယောက်ပြီးတစ် ယောက် မိန်းမယူသွားကြကတည်းက သူ၏စိတ်ထဲတွင် အတော်အားကျနေမိလေပြီ။ "ငါတို့တတွေ ဗမာ့ လွတ်လပ်ရေး အောင်ပန်း အဆုံးသတ်ဆွတ်လှမ်းပြီးမှသာ အိမ်ထောင်ပြုအခြေစိုက်ရမည်"ဟူသော သူ၏ ယူဆချက် အစွဲ သည် မှန်ပါ၏လော၊ သဘာဝကျပါ၏လောဟု သူ့စိတ်ထဲတွင် ဝေခွဲ၍မရအောင် ဇဝေဇဝါ ဖြစ်နေလေသည်။
ဗမာပြည်၏ နိုင်ငံရေးနှင့်တကွ သူမျိုးစေ့ကြဲကာ ပျိုးထောင်ခဲ့ရသော ဘီအိုင် အေ တပ်မတော်ကြီး ၏ နောင်နေရေး တို့ အတွက် စဉ်းစားရင်း၊ စိတ်ရောကိုယ်ပါ နွမ်းနယ်လျက်ရှိသော သခင်အောင်ဆန်းသည် သူ၏ နွမ်းနယ်မှု ကို သက်သာရာရစေမည့် အပြုအစုယုယမှုကို တောင့်တမိလာ လေပြီ။ ထိုအချိန်၌ သူ့အခန်း သို့ နေ့စဉ်လာ၍ ကိစ္စကြီးငယ်ဆောင်ရွက်ပေးခြင်း၊ ယုယပြုစုသောလုံးကြီး ပေါက်လှ သူနာပြု ဆရာမလေး တစ်ဦးကို သူ သတိပြုမိလေသည်။ ယုယစွာပြုစုစဉ် ဆရာမကလေးက ပြူးကျယ်သော မျက်လုံးကြီး များဖြင့် သူ့အားစိုက်ကြည့်သည့်အခါ အလွန်နှစ်သမ့်ဖွယ်ကောင်းသည်ဟု သခင်အောင်ဆန်း ၏ စိတ်ဝယ် ထင်မြင်မိလေသည်။
အခုလို နှစ်သိမ့်ဖွယ် အပြုအမူယုယမှုသည် မကြာ ခင် ဆေးရုံးကဆင်းသည့်အခါ ပျောက်ကွယ်မသွားဘဲ ရာသက်ပန် ဖြစ်နေလျှင် အင်မတန်ကောင်းမှာပဲ ဟူ၍လည်း တွေးစပြုရင်း "အိမ်ထောင်ပြု သင့်သော အချိန်ကာလ" ပြဿနာကြီးကို သူ အကြီးအကျယ် ဖြေရှင်းနေရှာလေသတည်း။ ၎င်း ဆရာမကလေး အမည် မှာ မခင်ကြည်ဟု ခေါ်လေသည်။
"ဗိုလ်တေဇ နဲ့ ဖူးစာဖက်က မခင်ကြည်မှာ အပျိုစင်ကညာ"ရက်များမကြာမီ ဗိုလ်တေဇခေါ် ဗိုလ်အောင် ဆန်း နှင့် ပြည်သူ့ဆေးရုံမှ ဆရာမမခင်ကြည်တို့ လျှပ်တစ်ပြက်လျင်မြန်စွာ လက်ထပ်သည့် အရေးကိစ္စ ပေါ်လာခဲ့ပြီ။ ၎င်းဆေးရုံခန်းမကြီးမှာပင် ကျင်းပသည့် မင်္ဂလာဆောင်ဧည့်ခံပွဲတွင် (ရွှေပြည်အေး)ရေးစပ် သော မင်္ဂလာစုံတွဲသီချင်းကို ကျွန်ုပ်တို့က ဝိုင်းဆိုနေကြခြင်းဖြစ်လေသည်။ သခင်အောင်ဆန်းသည် သူ အတော်စဉ်းစားယူရသော ပြဿနာ၏အဖြေမှန်ကို ရသွားလေသည်။
"ဗိုလ်ချုပ်တစ်ယောက် မိန်းမရသွားပြီ။ သူတို့ချစ်ခင်ယုယသောဇနီးသည် နောင်လာမည့်သားသမီးများ) အပေါ် သူ၏သံယောဇဉ်တို့သည် တပ်မတော်ရဲဘော်တွေအပေါ်ရှိသည့် သံယောဇဉ်ထက် ကြီးမားပေ လိမ့်မည်။ အိမ်ထောင်ပြုခြင်းကြောင့် သူ၏နိုင်ငံရေးလုပ်ငန်း အဓိဋ္ဌာန်ပျက်သွားတော့မှာပဲ"စသည်ဖြင့် တွေးတော ပူပန်ကာ ဝမ်းနည်းပက်လက် ယူကြုံးမရဖြစ်ရှာသူများကား ဘီအိုင်အေမှ ဘီဒီအေပြောင်းကာ စ တပ်မတော်သား ရဲဘော်များဖြစ်လေသည်။ သူတို့စိတ်ဝယ်အတိုင်းမသိ ချစ်ခင်ကြည်ညိုမြတ်နိုးသော ဖခင်ကြီး နောက်မိန်းမယူမည်ကို စိုးရိမ်ကြောင့်ကြသော မိတဆိုးသားသမီးများပမာ ဝမ်းနည်းကြလေ သည်။
တပ်မတော်က ရဲဘော်ကလေးတွေကသာ မဟုတ်၊ တပ်မတော်အရာရှိကြီးများအချို့နှင့် လုပ်ဖော် ကိုင်ဖက် လူငယ်နိုင်ငံရေးသမားတချို့ကပါ ထိုစဉ်က ဗိုလ်ချုပ်မိန်းမအယူစောသည်ကို အကြောင်း ကြောင်း တွေကြောင့် သဘောမကျခဲ့ချေ။ သို့သော် သူ့စိတ်ထဲမှမှန်သည်၊ ဆုံးဖြတ်ချက်ချပြီးလျှင် ဘယ် သူ ဘာပြောပြော တဇွတ်ထိုးလုပ်တတ်သော ဗိုလ်ချုပ်အား မည်သူမှမပြောသာ၊ မင်္ဂလာဆောင်ကိစ္စကို သာ ဖြစ်သလို ဝိုင်းဝန်းကူညီကာ စီမံပေးကြရလေတော့သည်။ သခင်အောင်ဆန်း အိမ်ထောင်ပြုသည် ကို လုံးဝ မကန့်ကွက်ခဲ့သူ တစ်ဦး ကား တို့ဗမာအစည်းအရုံး ဋ္ဌာနချုပ်မှူး သဘာဝလိင်ပြဿနာအကြောင်း ကောင်းစွာ နားလည်သူ ကို ကြီးနုပင်ဖြစ်သတည်း။
"အဲဒီတုန်းက မိန်းမယူဖို့အရေးကို ဗိုလ်ချုပ် အကြာကြီး စဉ်းစားပြီးမှ ဆုံးဖြတ်လို့ရသလား"
ဖဆပလ အဖွဲ့ချုပ် ဥက္ကဌ၊ အစိုးရအဖွဲ့ခေါင်းဆောင် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း၊ ၁၉၄၆ ခု ဒီဇင်ဘာလ က ရှမ်းပြည်သွားရင်း မိတ္ထီလာမှတောင်ကြီးသွား ကားလမ်းခရီးတွင် ချစ်ဇနီးဒေါ်ခင်ကြည် ပါ ခေါ်လာသည့် အခေါက်၊ ကျွန်ုပ် ဗိုလ်ချုပ်အား မေးခွန်းထုတ်နေခြင်းဖြစ်လေသည်။
"ဘယ်ဟုတ်မလဲကွာ... ငါက ကျောင်းနေတုန်းကတော့ ကိုယ်ယူမဲ့စံပြမိန်းမလောင်းကို အကြီးအကျယ် စိတ်ကူး ယဉ်ပြီး တွေးခဲ့သားပေါ့၊ ကျန်းမာရမယ်... သဘောထားကြီးရမယ်... ရုပ်ရည်အသင့်အတင့် ချောမော ရမယ်... မျိုးရိုးဇာတိကောင်းရမယ်... ငါ့မိဘဆွေမျိုးများနဲ့ သင့်တော်ရမယ်... ဘာညာနဲ့... စုံ လို့ပေါ့လ... ဒါပေမယ့် အဲဒီအချိန်ကတော့ ခေါင်းကလည်းရှုပ်ရှုပ်နဲ့ တစ်ခြား လူပျိုတွေလို ဟိုတယ်တွေ ဘာတွေတက်လည်း မပျော်ချင်တာကြောင့်။ (ဟယ်... တတ်နိုင်ပါဘူး၊ နောင်ခါကျမှ ကွဲခါမှကွဲရ ခုတော့ မိန်းမယူမှပဲ)ဆိုပြီး ဇွတ်ယူလိုက်တာပါကွာ၊ လူချင်းကြိုက်ပုံကလည်း မင်းတို့ကောင်တွေလို သံသရာ ရှည်ကြီး လုပ်နေတာမဟုတ်ဘူး။ တိုတိုတုတ်တုတ် လိုရင်းသဘောရောက်တဲ့ (Very business like) နည်း ဘဲကွ" ဟု သူ့လက်ဝဲဘက်ရှိ ချစ်ဇနီး ဒေါ်ခင်ကြည်အား ပြုံးကြည့်ရင်း မြိန်ရေရှက်ရေ ပြောပြလေ သည်။
တစ်ဖန်ဆက်လက်၍ "ဒါထက် နေစမ်းပါဦးကွ၊ အဲဒီတုန်းက ငါဗြုန်းကနဲ မိန်းမယူပစ်လိုက်တော့ တပ်ထဲ က ရဲဘော် တွေ စိတ်မှာ ဘယ်လိုဖြစ်ကြသလဲ"ဟု ဗိုလ်ချုပ်သည် သူ့စိတ်ထဲတွင် သချင်သလောက် မေး ခွင့်မရ ခဲ့ သော မေးခွန်းကို မေးလိုက်လေသည်။
"ဟာ... ဘာဖြစ်ရမလဲ ငါတို့ဗိုလ်ချုပ်တော့သွားပြီ၊ မိန်းမ ရတယ်ဆိုရင်ပဲ တို့ရဲဘော်တွေသိပ်ပြီး ဂရုစိုက် တော့မှာ မဟုတ်ဘူး၊ တို့တပ်မတော်ကြီးလည်း ဘယ်လိုဖြစ်မလဲမသိဘူး။ အဲသလို ရဲဘော်တိုင်းလိုလို တွေးပြီး ဝမ်းနည်းကြတာပေါ့၊ တချို့ရဲဘော်ဆိုရင် မျက်ရည်တောင်ကျတာပေါ့ ဗိုလ်ချုပ်"ဟု ကျွန်ုပ်၏ ဘေးမှ (ထိုစဉ်က ဗိုလ်ရန်နိုင်၏တပ်ရင်း-၂)မှ ဗိုလ်မင်းလွင်က ဖြေလိုက်ရာ-
"ဟေ... ဟုတ်လား"ဟုသာဆိုပြီး ဗိုလ်ချုပ်သည် ဘာမှမပြောတော့ဘဲ စတေရှင်ဝက်ဂွန်း မော်တော်ကား ပြူတင်း မှ လမ်းဘေးရှိ တောင်ကမ်းပါးယံကြီးများဆီသို့ ငေးမျှော်ကြည့်နေလေသည်။
ရဲဘော်အားလုံး (ဝါ) ဗမာလူငယ်အပေါင်းတို့သည် သူ့ကို မည်မျှချစ်ခင်ကြည်ညို၍ အားကိုးကြသည်ကို သူ ကောင်း ကောင်းကြီး သိပေသည်။
အမှန်ကတော့ ရဲဘော်တွေက သူ့ကို ကြည်ညိုအားကိုးကြသလောက် သူကလည်း ရဲဘော်တွေအပေါ် သံယောဇဉ် အတော်ကြီးလေသည်။ သားသမီးများများရှိသော ဖခင်ကဲ့သို့ သူ့တပည့်တပန်း ရဲဘော်တွေ ၏ နေထိုင် စားသောက်ရေး၊ ရဲဘော်တွေ၏နောင်ရေးကိစ္စများကို သူ့စိတ်ထဲဝယ် တွေးတောပူပန်နေခဲ့ရှာ လေ တော့သည်။
တော်လှန်ရေးတုန်းက ဗိုလ်ချုပ်တို့၏ရှေ့တန်းစစ်ဌာနချုပ်မှာ ကျွန်ုပ်အမှုထမ်းလျက်ရှိသော တိုင်းအမှတ် ၇ နယ်ပယ်ဖြစ်သော သရက်ခရိုင်၊ ဧရာဝတီမြစ်အနောက်ဘက်ကမ်းသို့ ဆိုက်ရောက်နေခဲ့ရာ ၁၉၄၅ ခု၊ မေလဆန်းတွင် အာလံမြို့၌ စခန်းချထားသော အမှတ် ၂၆၈-ဗြိတိသျှတပ်မဟာ ဗိုလ်မှူးကြီးမှ တစ်ဆင့် ၁၄ နံပါတ် စစ်သေနာပတိဂျင်နရယ်ဆလင်းမ်က ဗိုလ်ချုပ်အောင်ဆန်းအား တွေ့ဆုံလိုကြောင်းသိရသ ဖြင့် ဗိုလ်မှူးအောင်နှင့် ကျွန်ုပ်တို့မှာ ဗိုလ်ချုပ်တို့စခန်း သရက်ချောင်းရွာနှင့် ကျွန်ုပ်တို့ လျှို့ဝှက်စွာနေရာ ဧရာဝတီမြစ်ကမ်းကြားတွင် ဂျပန် ၄၀၀၀ ကျော်ခန့် အစဉ်မပြတ် ဆုတ်ခွာလျက်ရှိခြင်းကြောင့် တပ်မ တော် တပ်စုများနှင့် ပြောက်ကျားတိုက်ပွဲများလည်း မကြာခင်ဖြစ်ပွားလျက်ရှိသဖြင့် ဗိုလ်ချုပ်ကို ၎င်း ဂျပန်စစ်တပ်ထုကြီးကို ဖြတ်ကျော်၍ အတော်ပင်ပန်းကျပ်တည်းစွာ ကြံဖန်ပြီးဆောင်ကြဉ်းခဲ့ရလေသည်။
ဗိုလ်ချုပ်လည်း ကိုယ်ရံတော် ဗိုလ်မင်းခေါင်နှင့်အတူ သရက်မှအာလံသို့ကူးကာ အာလံရှိ ဗြိတိသျှတပ် မင်းကြီးနှင့်တွေ့ဆုံပြီးနောက် လေယာဉ်ပျံနှင့်တစ်ဆင့် စစ်ဗဟိုဌာနချုပ်ရှိရာ မိတ္ထီလာသို့ထွက်ခွာသွား လေသည်။
နောက်ထပ် ဗိုလ်ချုပ်နှင့် အတော်ကြာအောင် မတွေ့ရတော့ဘဲ ကျွန်ုပ်တို့တပ်တွေမှာလည်း တဖြည်း ဖြည်း စုရုံး မိကာ ဆုတ်ပြေးနေသော ဂျပန်ကို နောက်ပိုင်းမှ ပြောက်ကျားစစ်ဆင်လျက် တိုက်ခိုက်လာခဲ့ ရာ ဇွန်လဆန်း သောအခါ ဗြိတိသျှတပ်မဟာ အမှတ် ၂၂ နှင့်အတူ တွဲဖက်တိုက်ခိုက်ရန် တိုင်းအမှတ် ၇ စစ်ဌာနချုပ် မှ နတ္တလင်းမြို့သို့ ရောက်လာခဲ့လေသည်။
နောက် မကြာမီ ဗြိတိသျှစစ်တပ်နှင့် ဗမာ့တပ်မတော်ဆက်ဆံရေးနှင့်ပတ်သက်၍ တပ်အသီးသီးကို ရှင်း လင်း ပြောပြရန် ဗိုလ်ချုပ်သည် ဗိုလ်မှူးလှအောင်နှင့်အတူ ပြည်မှတစ်ဆင့် နတ္တလင်းသို့ ရောက်လာပြန် လေသည်။ ဗိုလ်ချုပ်ရောက်သောနေ့ နံနက်တွင်ပင် ဗိုလ်မှူးမြင့်သည် သူ့ကိုယ်သူ အဆုံးစီရင်လိုက်ရှာ လေသည်။
ဆက်ရန်
.
1 comment:
ဖတ်လို့ကောင်းလိုက်တာ မမရယ်
မြန်မြန်ဆက်တင်ပါနော်
ကော်ဖီလေးသောက်ရင်းအဲလိုစာလေးတွေဖတ်ရတာ အင်မတန်ဇိမ်ပဲ ကောင်းမှကောင်းရယ်
ချစ်တဲ့
မဒိုးကန်
Post a Comment